အခန်း (၂၈၃-၂၈၅)
Vol. 19 Ch. 283-285
အပိုင်း (၂၈၃) ဂါရဝပြုခြင်း (၂)
ကံကောင်းထောက်မစွာ ရွှမ်းအာသည် ငယ်ရွယ်သေးသဖြင့် ဘာမှနားမလည်ပေ။ မဟုတ်လျှင် ထိုစကားများကို ကြားပါက မည်မျှ စိတ်ဆိုးမည်ကို မပြောနိုင်ပေ။
မောင်နှမနှစ်ယောက် အတူရှိနေလျှင် လူတိုင်းက ရွှီအာကိုသာ မြင်ကြသည်။ ရွှမ်းအာကို အလိုအလျောက် လစ်လျူရှုလိုက်ကြသည်။
လုမင်ယွိသည် စိတ်ထဲမှ မကျေနပ်ချက်များကို မျိုသိပ်လိုက်ပြီး ရွှမ်းအာကို ရင်ခွင်ထဲသို့ ထပ်မံထည့်လိုက်လေသည်။ ရွှမ်းအာသည် မိခင်၏ အနံ့ကို ရရှိသည်နှင့် ဝမ်းသာအားရ ခေါင်းကို ပွတ်သပ်ကာ လုမင်ယွိ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်လေသည်။
လုမင်ယွိ၏ စိတ်နှလုံးသည် နွေဦးရေကန်ကဲ့သို့ ပျော့ပျောင်းသွားပြီး ခေါင်းငုံ့ကာ ရွှမ်းအာ၏ ပါးပြင်လေးကို နမ်းရှိုက်လိုက်လေသည်။
ယုံးကျားဧကရာဇ်နှင့်အတူ ရောက်ရှိလာသော လီကျင့်ကလည်း ပြုံးရွှင်စွာ ရှေ့တိုးလာပြီး သမီးလေး၏ နူးညံ့သော ပါးပြင်လေးကို နမ်းလိုက်လေသည်။ "သမီးလေး ရွှမ်းအာက ကြီးလာလေ ပိုချစ်စရာကောင်းလာလေပါပဲ"
လုမင်ယွိက ပြုံးကာ အင်းဟု အသံပြုလိုက်သည်။
လီကျင့်သည် အလွန်အကဲခတ်တတ်သူ ဖြစ်သဖြင့် တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သိလိုက်ပြီး မျက်လုံးဖြင့် မေးမြန်းလိုက်လေသည်။
လုမင်ယွိက ယုံးကျားဧကရာဇ်နှင့် ချောင်မိဖုရားခေါင်တို့ ရှိရာဘက်သို့ နှုတ်ခမ်းမဲ့ပြလိုက်လေသည်။
လီကျင့်သည် ချက်ချင်း သဘောပေါက်သွားသည်။ သူက လုမင်ယွိကို နှစ်သိမ့်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကိုယ့်မျက်လုံးထဲမှာတော့ သူတို့မောင်နှမနှစ်ယောက်လုံးက အတူတူပါပဲ"
လောကဓမ္မတာအရ သားသမီး၊ မြေး၊ မြစ်များကို အလေးထားသော လူကြီးများကို လစ်လျူရှုထားလိုက်ရုံသာ ရှိသည်။ သူတို့ ဇနီးမောင်နှံနှစ်ဦး အနေဖြင့် သမီးလေးကို ပိုပြီး ချစ်ပေးလိုက်ရုံသာ။
လုမင်ယွိက ခေါင်းအနည်းငယ် ညိတ်လိုက်လေသည်။
တစ်ဖက်တွင် ယုံးကျားဧကရာဇ်သည် ရွှီအာကို ကိုယ်တိုင်ပွေ့ချီထားပြီး ကောင်းမွန်ကြောင်း အကြိမ်ကြိမ် ချီးကျူးနေလေသည်။
ချောင်မိဖုရားခေါင်သည် စိတ်ထဲမှ အကြောင်းအရာများကို ဖိနှိပ်ထားပြီး ပြုံးကာ ထောက်ခံလိုက်လေသည်။ "ရွှီအာက တကယ်ပဲ မွေးရာပါ ရုပ်ရည်ကောင်းမွန်ပြီး ကြည့်ရတာ ဉာဏ်ကောင်းမယ့်ပုံပါပဲ။ ကြီးလာရင် အားကျင့် ငယ်ငယ်တုန်းကလို စာတစ်ခေါက်ဖတ်ရုံနဲ့ မှတ်မိနိုင်တဲ့သူ ဖြစ်လာမှာ သေချာတယ်။ လုရှီလို မွေးရာပါ ခွန်အားကြီးပြီး သိုင်းပညာ ထူးချွန်တဲ့သူလည်း ဖြစ်လာမှာပါ"
ဤစကားများသည် ယုံးကျားဧကရာဇ်၏ စိတ်နှလုံထဲသို့ ဝင်ရောက်သွားသည်ဟု ဆိုရမည်။
ချွေးမဖြစ်သူ၏ သိုင်းပညာ စွမ်းရည် မြင့်မားလွန်းခြင်းက အနည်းငယ် စိတ်မသက်မသာ ဖြစ်ရစေသည်။ သို့သော် ထိုစွမ်းရည်များ ကလေးထံသို့ လက်ဆင့်ကမ်းနိုင်ပါက ဝမ်းသာစရာ ကိစ္စကြီးတစ်ခု ဖြစ်လာပေမည်။
ယုံးကျားဧကရာဇ်သည် လက်ထဲမှ အလေးချိန်ကို ချိန်ဆကြည့်ပြီး ကျေနပ်စွာ ပြောလိုက်လေသည်။ "အမြွှာလေးတွေ ဆိုတော့ ပုံမှန်ကလေးတွေထက် ကိုယ်လုံးသေးပေမယ့် ရွှီအာကတော့ ကြီးထွားတာ မြန်သားပဲ"
ချောင်မိဖုရားခေါင်က ချက်ချင်း ပြုံးကာ ပြောလိုက်လေသည်။ "ကလေးက တစ်လပဲ ရှိပါသေးတယ်။ လအနည်းငယ် ကြာရင် ပိုပြီးဝဖြိုးသန်စွမ်းလာမှာ သေချာပါတယ်"
ယုံးကျားဧကရာဇ်သည် ရွှီအာကို ကြည့်ပြီးမှ မြေးမလေး တစ်ယောက် ကျန်နေသေးကြောင်း သတိရသွားတော့သည်။ လီကျင့်နှင့် လုမင်ယွိတို့ကို ပြုံးကာ ပြောလိုက်လေသည်။ "ရွှမ်းအာကို ခေါ်လာခဲ့၊ ကျန်း ကြည့်ချင်လို့"
လီကျင့်သည် ရွှမ်းအာကို ပွေ့ချီပြီး ယုံးကျားဧကရာဇ်၏ ရှေ့မှောက်သို့ ပို့ဆောင်ပေးလိုက်လေသည်။
ယုံးကျားဧကရာဇ်သည် မြေးမလေးကို လက်မှ မချဘဲ ပြုံးရွှင်စွာဖြင့် အကဲခတ်ကြည့်လိုက်လေသည်။ "မောင်နှမ နှစ်ယောက်က တကယ်ပဲ တစ်ပုံစံတည်း တူတာပဲ"
သို့သော် ရွှီအာက ပိုပြီး ဖြတ်လတ်မည့်ပုံ ပေါက်နေသည်။
ယုံးကျားဧကရာဇ်သည် စိတ်ထဲတွင် မြေးလေးကို ထပ်မံချီးကျူးလိုက်လေသည်။ နှုတ်မှ ထုတ်မပြောသော်လည်း မျက်နှာထားက မျက်နှာလိုက်ကြောင်း သိသာနေလေသည်။
လုမင်ယွိသာမက လီကျင့်၏ စိတ်ထဲတွင်လည်း အနည်းငယ် မကျေမနပ် ဖြစ်မိတော့သည်။ သူသည် မျက်နှာထား မပျက်ဘဲ လက်နှစ်ဖက်ကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ဖျော့တော့စွာ ပြုံးလိုက်လေသည်။ "ဟုတ်ပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံ စိတ်ထဲမှာတော့ မောင်နှမနှစ်ယောက်စလုံးက အတူတူပါပဲ"
ယုံးကျားဧကရာဇ်သည် သားဖြစ်သူ၏ မကျေနပ်မှုကို သတိမထားမိဘဲ ပေါ့ပေါ့ပါးပါးပင် ပြုံးကာ ပြောလိုက်လေသည်။ "ကလေးနှစ်ယောက်က ငယ်သေးတော့ အခုအချိန်မှာ ရုပ်ချင်းတူနေတာ။ နည်းနည်း ကြီးလာရင် ရုပ်ချင်းကွဲသွားမှာပါ"
ခဏရပ်ပြီး ထပ်ပြောလိုက်လေသည်။ "အိမ်ရှေ့စံနန်းဆောင်ကို ပြင်ဆင်ပြီးသွားပြီ။ အိမ်ရှေ့စံခန့်အပ်ပွဲက နောက်ထပ် လဝက်ကြာရင် ကျင်းပမှာ။ အိမ်ရှေ့စံခန့်အပ်ပွဲ ပြီးရင် မင်းတို့ ကလေးတွေကို ခေါ်ပြီး အိမ်ရှေ့စံနန်းဆောင်မှာ နေလို့ရပြီ"
ချောင်မိဖုရားခေါင်၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ထင်ဟပ်လာလေသည်။ "မင်းတို့ အိမ်ရှေ့စံနန်းဆောင်မှာ နေရင် ကျောင်းဖန်နန်းဆောင်ကို လာပြီး ဂါရဝပြုရတာ အဆင်ပြေတာပေါ့။ ပန်ကုံးလည်း မြေးလေး၊ မြေးမလေးတွေကို နေ့တိုင်း တွေ့ရတော့မယ်"
အိမ်ရှေ့စံမင်းသား ဖြစ်လာလျှင် အိမ်ရှေ့စံနန်းဆောင်တွင် နေထိုင်ရသည်မှာ ထုံးစံပင်။
လီကျင့်နှင့် လုမင်ယွိတို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး သဘောတူလိုက်ကြသည်။
...
နေ့လယ်စာ စားပြီးနောက် ယုံးကျားဧကရာဇ်နှင့် လီကျင့် သားအဖနှစ်ယောက်သည် နိုင်ငံရေးကိစ္စများကို ဆွေးနွေးရန် ဝမ်ဟွားနန်းဆောင်သို့ ထွက်ခွာသွားကြလေသည်။
ချောင်မိဖုရားခေါင်သည် ပုံမှန်အားဖြင့် နေ့လယ်ဘက်တွင် အိပ်စက်လေ့ရှိသော်လည်း ယနေ့တွင်တော့ မအိပ်စက်တော့ဘဲ ကလေးနှစ်ယောက်၏ ဘေးတွင် ပြုံးရွှင်စွာဖြင့် အဖော်ပြုနေလေသည်။
တစ်လသားအရွယ် ကလေးနှစ်ယောက်သည် စားလိုက်၊ အိပ်လိုက်သာ လုပ်တတ်ကြသည်။ မောင်နှမနှစ်ယောက် ဘေးချင်းယှဉ်ကာ တခူးခူး အိပ်ပျော်နေကြလေသည်။ တစ်ခါတစ်ရံ အကြောဆန့်လိုက်၊ လက်သီးလေးများ ဝှေ့ယမ်းလိုက်၊ ခြေထောက်လေးများ ကန်ကျောက်လိုက်ဖြင့် အသည်းယားစရာ ကောင်းလှသည်။
ချောင်မိဖုရားခေါင်သည် ကြည့်လေ ချစ်လေ ဖြစ်လာပြီး လေသံတိုးတိုးဖြင့် ရယ်မောကာ ပြောလိုက်လေသည်။ "နန်းတော်ထဲမှာ တန်းနေလိုက်ပါတော့လား။ နောက်ထပ် လဝက်ပဲ လိုတော့တာကို။ ဟိုပြေးဒီပြေး လုပ်မနေပါနဲ့တော့။ ကျောင်းဖန်နန်းဆောင်မှာ နေရာလွတ်တွေ အများကြီး ရှိပါတယ်"
လုမင်ယွိသည် ကလေးများ နိုးသွားမည်ကို စိုးရိမ်သဖြင့် လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။ "တရားဝင် မဟုတ်သေးဘဲ အခုကတည်းက နန်းတော်ထဲမှာ နေလိုက်ရင် အမတ်တွေ ပြောစရာ ဖြစ်သွားပါလိမ့်မယ်။ မူဟုပ် နောက်ထပ် လဝက်လောက် စောင့်လိုက်ပါ။ နောက်ကျရင် ကလေးတွေကို နေ့တိုင်း တွေ့ရမှာပါ"
စာပေပညာရှင် အမတ်များက စည်းမျဉ်းစည်းကမ်းများကို အလွန်အလေးထားကြသည်။
ချောင်မိဖုရားခေါင်က မတတ်နိုင်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။ "ထားလိုက်ပါတော့၊ နောက်ထပ် လဝက်လောက် စောင့်လိုက်ရုံပေါ့"
လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ "မူဟုပ် မပင်ပန်းဘူး ဆိုရင် နောက်ကျရင် ချွေးမနဲ့အတူ ကလေးထိန်းပေးပါ။ မူဟုပ်ကို အမှန်အတိုင်း ပြောရရင် ကျွန်မက စိတ်မြန်လက်မြန် ရှိပြီး စိတ်ရှည်သည်းခံမှု သိပ်မရှိပါဘူး။ ကလေးနှစ်ယောက် ငိုရင် ကျွန်မတစ်ယောက်တည်းနဲ့ ခေါင်းကိုက်ရပါတယ်"
ချောင်မိဖုရားခေါင်သည် စိတ်သက်သာရာ ရသွားပြီး ပြုံးကာ ပြောလိုက်လေသည်။ "ကလေးက ငယ်သေးတော့ ငိုတာ သဘာဝပါပဲ။ စိတ်ရှည်ရှည်ထားပြီး ချော့မြူလိုက်ပေါ့" ထို့နောက် ဟွေ့အန်းကုန်းကျူနှင့် လီကျင့်တို့၏ ငယ်ဘဝ အကြောင်းများကို ပြောပြလေတော့သည်။
"ဟွေ့အန်းက ပန်ကုံးရဲ့ သမီးအကြီးဆုံးလေ။ ငယ်ငယ်ကတည်းက ငိုတတ်၊ ဆိုးတတ်တယ်။ မကြာခဏဆိုသလို ပန်ကုံးကို ညသန်းခေါင် အိပ်မရအောင် လုပ်တတ်တယ်။ အားကျင့် အလှည့်ကျတော့ ပိုပြီး လိမ္မာတယ်..."
ကလေးများ နိုးသွားမည်ကို စိုးရိမ်သဖြင့် ချောင်မိဖုရားခေါင်သည် အသံကို တိုးတိုးညှင်းညှင်း ပြောဆိုပြီး မျက်ဝန်းထဲတွင် ကြင်နာမှုများ ပြည့်နှက်နေလေသည်။
လုမင်ယွိသည် ချောင်မိဖုရားခေါင်၏ ဤကဲ့သို့သော ပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် စိတ်ထဲတွင် တိတ်တိတ်လေး အံ့ဩနေမိသည်။
မိခင်ဖြစ်လာပြီးနောက် သားသမီးများသည် မိခင်၏ အသက်သွေးကြော ဖြစ်လာကြသည်။
"ဟွေ့အန်းက စိတ်ဆတ်တယ်။ ပြီးတော့ အနိုင်ယူချင်စိတ် ရှိတယ်။ စိတ်သဘောထား မပြည့်ဝဘူး" ချောင်မိဖုရားခေါင်သည် စကားလမ်းကြောင်းကို သဘာဝကျကျ လွှဲပြောင်းလိုက်လေသည်။ "ပန်ကုံးနဲ့ အားကျင့်ရဲ့ မျက်နှာကို ထောက်ထားပြီး သူ တစ်ခါတလေ စကားပြော မတတ်ရင် မင်း စိတ်ထဲ မထားပါနဲ့"
ချောင်မိဖုရားခေါင်က လေသံလျှော့ကာ ပြောဆိုလာသဖြင့် လုမင်ယွိသည်လည်း မောက်မာစွာ မနေတော့ဘဲ ပြုံးလျက် ပြန်ဖြေလိုက်လေသည်။ "မူဟုပ် စိတ်ချပါ။ ကျွန်မနဲ့ ဟွမ်ကျဲ အဆင်ပြေပါတယ်။ တစ်ခါတလေ စကားများပေမယ့် ခဏနေရင် ပြန်တည့်သွားတာပါပဲ။ ဟွမ်ကျဲက အရှင်မင်းသားကို ချစ်သလို ကျွန်မလည်း အရှင်မင်းသားကို ချစ်ပါတယ်။ အရှင်မင်းသားကို ဘယ်လိုလုပ် စိတ်ညစ်အောင် လုပ်ရက်မှာလဲ"
ချောင်မိဖုရားခေါင်သည် မျက်ခုံးများ ပွင့်လန်းလာပြီး ရယ်မောလိုက်လေသည်။ "ဒါဆိုရင် ကောင်းတာပေါ့။ ပန်ကုံးက သူတို့မောင်နှမ နှစ်ယောက်တည်း မွေးထားတာ။ သူတို့မောင်နှမ သင့်မြတ်ဖို့ပဲ မျှော်လင့်ပါတယ်"
ပြောရလျှင် လီကျင့်သည် အလွန်ကံကောင်းသူပင်။
သူနှင့် အရင်းနှီးဆုံး အမျိုးသမီး ၃ ဦးသည် စိတ်သဘောထား ကွဲပြားကြသော်လည်း သူတို့အားလုံး လီကျင့်ကို ဂရုစိုက်ကြသည်။
...
ကျောင်းဖန်နန်းဆောင်တွင် ညနေစောင်းသည်အထိ အချိန်ကုန်ဆုံးပြီးမှ လုမင်ယွိသည် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ အိမ်တော်သို့ ပြန်လာခဲ့လေသည်။
ကလေးနှစ်ယောက်သည် နေ့လယ်ဘက် အိပ်ရေးဝခဲ့သဖြင့် ယခုအချိန်တွင် အလွန် လန်းဆန်းတက်ကြွနေကြသည်။
အခန်းထဲတွင် မီးဖိုကြောင့် အလွန်နွေးထွေးနေလေသည်။ လုမင်ယွိသည် ကလေးနှစ်ယောက်ကို ကုတင်ပေါ်တွင် ထားလိုက်ပြီး ပြုံးလျက် ကလေးများကို မော့ကြည့်စေလိုက်သည်။ "ရွှီအာ၊ ရွှမ်းအာ၊ အမေ ဒီမှာ"
ကလေးနှစ်ယောက်သည် လည်ပင်းကို ကြိုးစားမော့ကာ မိခင်၏ မျက်နှာကို ရှာဖွေလိုက်ကြလေသည်။
မောင်နှမနှစ်ယောက် ခေါင်းချင်း နီးကပ်နေသဖြင့် မတော်တဆ ထိမိသွားကြသည်။ တစ်ယောက်နှင့်တစ်ယောက် အလျှော့မပေးဘဲ နွားပေါက်စလေးနှစ်ကောင်လို ခေါင်းချင်းတိုက်နေကြလေသည်။
လုမင်ယွိမှာ သဘောကျပြီး ရယ်မောလိုက်မိတော့သည်။
နို့ထိန်းများသည်လည်း ရယ်မောလိုက်ကြ၏။ ကလေးနှစ်ယောက်ကို မခွဲဘဲ ဆော့ကစားခွင့် ပြုထားလိုက်ကြသည်။
ချီယွင်သည် ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လာပြီး လေသံတိုးတိုးဖြင့် အလျင်အမြန် ပြောလိုက်လေသည်။ "ထိုက်ဇီဖေး၊ လုအိမ်တော်က သတင်းပို့လာတယ်။ အာ့စောင် ဗိုက်နာနေပြီး မွေးတော့မယ်တဲ့"
ရှန်းလန်သည် ကိုယ်ဝန်လစေ့နေပြီ ဖြစ်သော်လည်း ဗိုက်က လှုပ်ရှားမှု မရှိသဖြင့် ခန့်မှန်းရက်ထက် ၇ ရက်၊ ၈ ရက်ခန့် နောက်ကျနေခဲ့သည်။
နောက်ဆုံးတော့ မွေးတော့မည်တဲ့။
လုမင်ယွိသည် ဝမ်းသာသွားပြီး ချက်ချင်း ထရပ်လိုက်လေတော့သည်။ "ငါ အခုပဲ လုအိမ်တော်ကို ပြန်မယ်"
...
အပိုင်း (၂၈၄) မီးဖွားခြင်း
လုမင်ယွိသည် ကလေးများကို နို့ထိန်းများက ကြည့်ရှုစောင့်ရှောက်ရန် မှာကြားပြီးနောက် လုအိမ်တော်သို့ မြင်းစီးကာ သွားလိုက်လေသည်။
လအနည်းငယ်ကြာမှ မြင်းပြန်စီးရခြင်း ဖြစ်ပြီး လေအေးများကြားတွင် မြင်းကို ဒုန်းစိုင်းမောင်းနှင်လိုက်ရခြင်း၏ ပျော်ရွှင်မှုသည် ပြောမပြနိုင်လောက်အောင်ပင်။
လုယိသည်လည်း ကိုယ်ရံတော် အယောက် ၂၀ ကျော်ကို ခေါ်ဆောင်ကာ လိုက်ပါသွားသည်။ တချို့က ရှေ့မှ လမ်းရှင်းပေးပြီး တချို့က နောက်မှ လိုက်ပါလာကြသည်။ ဘယ်ညာတွင်လည်း လူအင်အား အပြည့်ရှိသည်။ လုပ်ကြံခံရပြီးနောက် ကိုယ်ရံတော်များသည် အာရုံစိုက်ကာ မြင်းစီးရင်း ပတ်ဝန်းကျင်ကို သတိထားနေကြသည်။
တစ်နာရီမပြည့်ခင်မှာပင် လုအိမ်တော်သို့ ရောက်ရှိသွားခဲ့သည်။
လုအိမ်တော်မှ တံခါးစောင့်များသည် မြင်းခွာသံကို အဝေးကတည်းက ကြားလိုက်ရသဖြင့် တံခါးမကြီးကို ကြိုတင်ဖွင့်ထားကြသည်။ "ကျွန်တော်မျိုး ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်"
လုမင်ယွိသည် စကားပြောရန် အချိန်မရှိသဖြင့် ခေါင်းအနည်းငယ် ညိတ်ပြကာ အိမ်တော်ထဲသို့ ခြေလှမ်းသွက်သွက်ဖြင့် ဝင်ရောက်သွားလေသည်။ နောက်မှလိုက်လာသော ချီယွင်သည်လည်း လုမင်ယွိနောက်သို့ မီအောင် လိုက်ရန် အပြေးလိုက်ပါနေရသည်။
မီးဖွားခန်း အပြင်ဘက်သို့ ရောက်သောအခါ လုရွှမ်းနှင့် လုမင်ယွဲ့တို့က ဆီးကြိုလေသည်။ "စစ်ကျဲ"
လုရွှမ်းသည် ယောက်ျားလေး ဖြစ်သဖြင့် မီးဖွားခန်းထဲသို့ ဝင်ခွင့်မရှိပေ။ လုမင်ယွဲ့သည်လည်း ငယ်ရွယ်ပြီး အပျိုစင် ဖြစ်သဖြင့် မဝင်သင့်ပေ။ လုဖေးသည် စစ်တပ်တွင် ရှိနေပြီး သတင်းရပြီးနောက် ပြန်လာလျှင်ပင် မနက်ဖြန်မှ ရောက်လိမ့်မည်။
လုမင်ယွိ ပြန်ရောက်လာသည်နှင့် မောင်နှမနှစ်ယောက်သည် စိတ်အေးသွားပြီး စိတ်သက်သာရာ ရသွားကြတော့သည်။
"နင်တို့ အပြင်မှာ စောင့်နေကြ" လုမင်ယွိက အမိန့်ပေးလိုက်လေသည်။ "ငါ အထဲဝင်ပြီး အာ့စောင်ကို အဖော်ပြုပေးလိုက်မယ်။ ရှန်းအိမ်တော်ကို သတင်းပို့ပြီးပြီလား"
လုရွှမ်းက အလျင်အမြန် ဖြေလိုက်လေသည်။ "ပို့ပြီးပါပြီ။ ရှန်းအိမ်တော်တင် မဟုတ်ပါဘူး။ သာ့ကျဲနဲ့ စန်းကျဲဆီကိုလည်း သတင်းပို့ထားပါတယ်"
သို့သော် အကွာအဝေး ကွာခြားမှုကြောင့် ဒုတိယမင်းသား အိမ်တော်သည် အနီးဆုံး မဟုတ်သော်လည်း လုမင်ယွိသည် အမြန်ဆုံး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လုမင်ယွိသည် မှာစရာရှိသည်များကို အနည်းငယ် မှာကြားပြီးနောက် မီးဖွားခန်းထဲသို့ ဝင်ရောက်သွားလေသည်။
ရှန်းလန်သည် ဗိုက်နာလွန်းသဖြင့် သေလုမတတ် ဖြစ်နေပြီး မျက်ရည်များ ဝေဝါးနေချိန်တွင် ရင်းနှီးသော အသံတစ်ခုကို နားထဲတွင် ကြားလိုက်ရလေသည်။ "အာ့စောင်"
ရှောင်ယွိ ရောက်လာပြီ။
ရှန်းလန်သည် မျက်လုံးကို အားယူဖွင့်ကြည့်ပြီး ပြုံးပြချင်သော်လည်း ပြုံးမရဘဲ ငိုသံပါသော အသံဖြင့် ပြောလိုက်လေသည်။ "ရှောင်ယွိ၊ ငါ အရမ်း နာတယ်"
လုမင်ယွိသည် ရှန်းလန်၏ ဘေးတွင် ထိုင်လိုက်ပြီး ချွေးများကို သုတ်ပေးကာ လေသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်လေသည်။ "ကလေးမွေးတာ ဘယ်မနာဘဲ ရှိမလဲ။ သည်းခံလိုက်၊ အားမွေးထား၊ ကလေးမွေးဖို့ အားလိုတယ်"
ရှန်းလန်သည် နှာခေါင်းရှုံ့လိုက်ပြီး အင်းဟု ပြန်ဖြေလိုက်လေသည်။
မီးဖွားခန်းထဲတွင် တစ်ယောက်တည်း ရှိနေပြီး လက်သည်များ ရှိနေသော်လည်း စိတ်ထဲတွင် ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။ လုမင်ယွိ ရောက်လာသည်နှင့် ရှန်းလန်၏ စိတ်ထဲတွင် အားကိုးရာ ရရှိသွားပြီး စိတ်တည်ငြိမ်သွားလေသည်။
လုမင်ယွိက ကြက်ဥပြုတ်ရန် အမိန့်ပေးလိုက်သည်။ ရှန်းလန်ကို ကြက်ဥ နှစ်လုံး ခွံ့ကျွေးပြီး ရေနွေးအနည်းငယ် တိုက်လိုက်လေသည်။
ရှန်းလန်သည် အစားအသောက် အနည်းငယ် စားလိုက်ရသဖြင့် အားအင်ပြန်ပြည့်လာပြီး လက်သည်များ၏ ညွှန်ကြားချက်အတိုင်း အသက်ပြင်းပြင်းရှူကာ ညှစ်ထုတ်လေတော့သည်။
မကြာမီ ရှန်းကတော်လည်း (ရှန်းလန်၏ မိခင်) ရောက်ရှိလာလေသည်။
မိခင်ဖြစ်သူသည် မီးဖွားခန်းထဲသို့ ဝင်ရောက်လာပြီး သမီးဖြစ်သူ ချွေးများရွှဲကာ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေသည်ကို တွေ့သောအခါ သည်းမခံနိုင်တော့ဘဲ မျက်ရည်ကျလာတော့သည်။
လုမင်ယွိသည် ရှန်းသခင်မကို နှစ်သိမ့်ရန် အချိန်မရှိသဖြင့် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒီမှာ ကျွန်မ ရှိပါတယ်။ အဒေါ် အပြင်မှာပဲ အရင်စောင့်နေပါ"
သို့သော် ရှန်းသခင်မသည် မထွက်သွားလိုဘဲ မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ကာ ရှန်းလန်၏ တစ်ဖက်တွင် ဝင်ထိုင်လိုက်လေသည်။ "ကျွန်မ လန်အာရဲ့ ဘေးမှာပဲ နေမယ်"
လုမင်ယွိက သွယ်ဝိုက်သောနည်းဖြင့် သတိပေးလိုက်လေသည်။ "အာ့စောင်က ကလေးမွေးဖို့ အားလိုပါတယ်။ ငိုပြီး အားအင်ကုန်ခမ်းအောင် မလုပ်ပါနဲ့"
မိခင်ဖြစ်သူ အနေဖြင့်လည်း သည်းခံပြီး မငိုပါနှင့်ဟု ဆိုလိုခြင်း ဖြစ်သည်။
တချို့သော လူများသည် မွေးရာပါ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ကြသည်။ လုမင်ယွိ၏ တည်ငြိမ်မှုသည် ရှန်းသခင်မကိုလည်း လျင်မြန်စွာ တည်ငြိမ်သွားစေပြီး ခေါင်းညိတ်ကာ "ထိုက်ဇီဖေး ပြောတာ မှန်ပါတယ်" ဟု ပြောလိုက်လေသည်။
ထို့နောက် ရှန်းလန် နာကျင်ကြောင်း အော်ဟစ်သော်လည်း ရှန်းသခင်မသည် မျက်ရည်မကျတော့ဘဲ သမီး၏ လက်ကို တိတ်တဆိတ် ဆုပ်ကိုင်ထားလေသည်။
လုမင်ယွိသည် ရှန်းလန်ကို မကြာခဏ နှစ်သိမ့်စကား ပြောဆိုပြီး လက်သည်များကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေလေသည်။ လက်သည်များသည် လုမင်ယွိ၏ အကြည့်ကြောင့် ကျောချမ်းနေကြပြီး စိတ်ထဲတွင် တိတ်တဆိတ် ဆုတောင်းနေကြသည်။
ဘုရားသခင် ကယ်မပါ။ ဒီကလေးကို ချောချောမွေ့မွေ့ မွေးဖွားနိုင်ပါစေ။
မဟုတ်လျှင် ထိုက်ဇီဖေး၏ ဒေါသကို သူတို့ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
...
ရှန်းလန်သည် သည်ကလေးကို မွေးဖွားရာတွင် အတော်လေး ပင်ပန်းနေလေသည်။
ကလေးအနေအထား မှန်ကန်သော်လည်း ရှန်းလန်သည် ကိုယ်ဝန်ဆောင်နှောင်းပိုင်းတွင် အစားစားချင်စိတ် ကောင်းမွန်သဖြင့် ကလေး၏ ကိုယ်လုံး အနည်းငယ် ကြီးထွားနေသည်။ ထို့ကြောင့် မွေးဖွားရာတွင် အခက်အခဲ တွေ့နေရခြင်း ဖြစ်သည်။
သန်းခေါင်ယံ အချိန်အထိ နာကျင်မှုကို ခံစားပြီးနောက် နောက်ဆုံးတွင် ကလေး မွေးဖွားလာခဲ့သည်။
ကလေးငိုသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး လက်သည်သည် ကလေးကို ကျွမ်းကျင်စွာ သန့်စင်ပေးကာ ထုပ်ပိုးလိုက်ပြီး ပြုံးရွှင်စွာဖြင့် ဂုဏ်ပြုလိုက်လေသည်။ "ဂုဏ်ယူပါတယ် ဒုတိယသခင်မ၊ သားယောက်ျားလေး မွေးပါတယ်"
လုမင်ယွိသည် ပြုံးလျက် ကလေးကို လှမ်းယူလိုက်သည်။ သူမ၏ ရင်ထဲတွင် ဖြစ်ပေါ်လာသော ပျော်ရွှင်မှုသည် မိမိ၏ သားသမီးများကို ပထမဆုံး မြင်တွေ့ရသည့် အချိန်နှင့် မလျော့နည်းပေ။
မွေးကင်းစ ကလေးများသည် ကြည့်ကောင်းလှသည် မဟုတ်ပေ။ လက်ထဲမှ ကလေးလေးသည် လေးလံနေပြီး ရွှီအာ မွေးဖွားစဉ်ကထက် ပိုပြီး လေးလံသည်။ မျက်လုံးလေးများကို မှိတ်ထားပြီး ပါးစပ်ကို ဟကာ မရပ်မနား ငိုကြွေးနေလေသည်။
ဒါက လုဖေးနဲ့ ရှန်းလန်တို့ရဲ့ သား။ လုမိသားစုရဲ့ ပထမဆုံး မြေး။
သူမလည်း အဒေါ် ဖြစ်သွားပြီ။
လုမင်ယွိ၏ ရင်ထဲတွင် နူးညံ့မှုနှင့် ဝမ်းမြောက်မှုများ ပြည့်နှက်နေလေသည်။ "အပြင်ကို သတင်းသွားပို့လိုက်။ အားလုံး စိတ်ချသွားအောင် သားအမိနှစ်ယောက်လုံး ဘေးကင်းတယ်လို့ ပြောလိုက်။ ပြီးတော့ နို့ထိန်းကို ခေါ်လိုက်ဦး"
ရှန်းလန်သည် သတိမေ့သွားပြီ ဖြစ်သည်။
ရှန်းသခင်မသည် နာရီပေါင်းများစွာ စိတ်လှုပ်ရှားနေခဲ့ပြီး ယခုအခါ စိတ်လျော့လိုက်သည်နှင့် သတိမေ့သွားလေသည်။
လုမင်ယွိသည် ရှန်းသခင်မကို အနားယူရန် တွဲပို့ခိုင်းလိုက်၏။ ကလေးကို နို့ထိန်းလက်ထဲသို့ ထည့်ပေးလိုက်ပြီး သူမကိုယ်တိုင် ရှန်းလန်၏ ဘေးတွင် ဆက်လက်စောင့်ရှောက်နေလိုက်သည်။
မိုးလင်းသည်အထိ စောင့်ပြီးမှ ရှန်းလန် သတိရလာပြီး မျက်လုံးဖွင့်ဖွင့်ချင်း မေးလိုက်လေသည်။ "ကလေးရော"
လုမင်ယွိသည် တစ်ညလုံး မအိပ်ရသော်လည်း လန်းဆန်းနေဆဲပင်။ ပြုံးလျက် ပြောလိုက်လေသည်။ "နို့ထိန်းက နှစ်ကြိမ် တိုက်ပြီးပါပြီ။ ကလေးက အစားကောင်းတယ်။ ဗိုက်ဝတာနဲ့ အိပ်ပျော်သွားပြီ"
"သားလား၊ သမီးလား" ရှန်းလန်၏ အသံသည် အလွန် အားနည်းနေလေသည်။
လုမင်ယွိက ပြုံးကာ ဖြေလိုက်သည်။ "သားယောက်ျားလေးပါ"
ရှန်းလန်၏ မျက်ဝန်းထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားလေသည်။
မိခင်တစ်ယောက် အနေဖြင့် သားမွေးမွေး၊ သမီးမွေးမွေး ဝမ်းသာသည်သာ။ သို့သော် သားယောက်ျားလေး မွေးဖွားခြင်းသည် လူအများ၏ မျှော်လင့်ချက်နှင့် ကိုက်ညီသဖြင့် ပျော်ရွှင်မှု ပိုမိုတိုးပွားလာရသည်။
လုမင်ယွိသည် နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်ပြီး ကလေးကို ခေါ်လာရန် နို့ထိန်းကို ပြောလိုက်လေသည်။
ရှန်းလန်သည် သားဖြစ်သူကို မြင်လိုက်သည်နှင့် သူမကို ဒုက္ခပေးခဲ့သော ကလေးငယ်လေးကို နှစ်နှစ်ကာကာ ချစ်သွားတော့သည်။ "လူဆိုးလေး၊ ကိုယ်လုံးက အကြီးကြီးပဲ။ အမေ့ကို ဒုက္ခပေးတယ်"
လုမင်ယွိက ပြုံးကာ စနောက်လိုက်လေသည်။ "ကလေး ကိုယ်လုံးကြီးတာက နင် အစားပုတ်လို့လေ"
ရှန်းလန်သည် ကိုယ်ဝန်ဆောင်စတွင် အော့အန်သော်လည်း နောက်ပိုင်းတွင် အစားစားချင်စိတ် ကောင်းမွန်လာပြီး အလွန်အမင်း စားသောက်ခဲ့သည်။ လုမင်ယွိက အစားလျှော့စားရန် အကြိမ်ကြိမ် သတိပေးသော်လည်း ရှန်းလန်သည် ရှေ့တွင် ခေါင်းညိတ်ပြီး ကွယ်ရာတွင် ပါးစပ်မထိန်းနိုင်ခဲ့ပေ။
ရှန်းလန်သည် ကျန်းမာရေး မကောင်းသေးသဖြင့် စကားများများ မပြောနိုင်ပေ။
ဟင်းရည်ကျဲ အနည်းငယ် သောက်ပြီးနောက် ရှန်းလန်သည် ထပ်မံ အိပ်ပျော်သွားပြန်သည်။
နောက်ထပ် နှစ်နာရီခန့် ကြာသောအခါ လုဖေးသည်လည်း မြင်းစီးကာ ပြန်ရောက်လာခဲ့သည်။
သတင်းပို့သူသည် စစ်တပ်သို့ ရောက်ရှိပြီး လုဖေး သတင်းရရှိသည်နှင့် တောက်လျှောက် မြင်းစီးပြီး ပြန်လာခဲ့ရာ တစ်ခဏမျှပင် မနားခဲ့ပေ။ အိမ်တော်သို့ ရောက်သည်နှင့် အခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာခဲ့သည်။
အတူတူ အိပ်ပျော်နေသော ရှန်းလန်နှင့် သားဖြစ်သူကို မြင်လိုက်ရလေသည်။
လုဖေး၏ မျက်လုံးများ ပူနွေးလာပြီး မျက်ရည်ကျလုနီးပါး ဖြစ်သွားသည်။
သူ့တွင် သူ့ကို အလေးထားသော မွေးစားဖခင် ရှိသည်။ ချစ်ခင်ရင်းနှီးသော မောင်နှမများ ရှိသည်။ လှပပြီး ထက်မြက်သော ဇနီးသည် ရှိသည်။ ယခုအခါ သွေးသားရင်းချာ ကလေးတစ်ယောက်ပါ ရှိလာပြီ။
ဘုရားရှင်က သူ့အပေါ် တကယ်ပဲ ကောင်းလွန်းပါတယ်။
လုမင်ယွိသည် မျက်ရည်ဝဲနေသော မွေးစားအစ်ကိုကို ကြည့်ပြီး ရင်ထဲတွင် ဝမ်းနည်းဝမ်းသာ ဖြစ်မိလေသည်။ သူမက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "အာ့ကော၊ အာ့စောင်က သားယောက်ျားလေး မွေးပါတယ်"
လုဖေးက "အင်း" ဟု တုံ့ပြန်လိုက်ပြီး ပြောလိုက်လေသည်။ "စစ်မေ့၊ ကျေးဇူးတင်ပါတယ်"
လုမင်ယွိက ပြုံးကာ ပြန်ပြောလိုက်၏။ "ငါတို့ မောင်နှမတွေကြားထဲမှာ ဘာလို့ အားနာစကားတွေ ပြောနေရတာလဲ။ အာ့ကောက အာ့စောင်နဲ့ ကလေးကို ကောင်းကောင်း ပြုစုပေးလိုက်ပါ။ ငါ ပြန်လိုက်ဦးမယ်။ မနက်ဖြန် ကလေးရေချိုးပွဲကျမှ ပြန်လာခဲ့မယ်နော်"
...
အပိုင်း (၂၈၅) မျိုးဆက်သစ်
မျိုးဆက်သစ် တစ်ယောက် တိုးလာခြင်းသည် ဝမ်းသာစရာကိစ္စကြီး တစ်ခုပင်။
လုဖေး ပြန်ရောက်ပြီး တစ်နာရီအကြာတွင် လုလင်းသည် စစ်တပ်မှ ပြန်ရောက်လာပြီး အိမ်သို့ ရောက်ရှိလာသည်။
ချွေးမဖြစ်သူ ရှန်းလန်က သားယောက်ျားလေး မွေးဖွားကြောင်း ကြားသိရသောအခါ လုလင်းသည် ဝမ်းသာအားရ ပြုံးရယ်လိုက်ပြီး "ကောင်းတယ်" ဟူသော စကားကို တရစပ် ပြောဆိုလေတော့သည်။
လုရွှမ်းက ရယ်မောကာ ပြောလိုက်လေသည်။ "မနေ့ညက စစ်ကျဲ အချိန်မီ ပြန်ရောက်လာလို့ တော်ပါသေးတယ်။ မဟုတ်ရင် ကျွန်တော်နဲ့ ဝူကျဲ ဘာလုပ်ရမှန်းမသိဘဲ ပြာယာခတ်နေတော့မှာ"
လုမင်ယွဲ့ကလည်း ပြုံးရွှင်စွာဖြင့် ထပ်ပြောလိုက်လေသည်။ "ဟုတ်တယ်၊ စစ်ကျဲက အာ့စောင်ရဲ့ ဘေးမှာ တစ်ညလုံး စောင့်နေပေးခဲ့တာ။ အာ့ကော ပြန်ရောက်လာမှ စစ်ကျဲ ပြန်သွားတာ။ စစ်ကျဲက ရွှီအာနဲ့ ရွှမ်းအာတို့ကို စိတ်ပူနေလို့ပါ။ မဟုတ်ရင် မွေးစားဖခင် ပြန်လာတဲ့အထိ စောင့်နေမှာ သေချာတယ်"
လုလင်းသည် သမီးကို သနားသဖြင့် ချက်ချင်း ပြောလိုက်လေသည်။ "သမီး တစ်ညလုံး မအိပ်ရသေးဘူး။ ပြန်ပြီး ကောင်းကောင်း အနားယူလိုက်ဦး။ မနက်ဖြန် ၃ရက်မြောက်ရေချိုးပွဲကျမှ ပြန်လာခဲ့"
စကားပြောနေစဉ် လုဖေးသည် ကလေးကို ပွေ့ချီကာ ထွက်လာလေသည်။
လုရွှမ်းနှင့် လုမင်ယွဲ့တို့သည် မနေ့ညကတည်းက ကလေးကို မြင်ဖူးကြသည်။ လုလင်းသည် မြေးလေးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် အလွန်ပျော်ရွှင်သွားပြီး ပြောလိုက်လေသည်။ "ကလေးက ကျန်းမာသန်စွမ်းလိုက်တာ၊ ကောင်းတယ်"
ကလေးငယ်သည် လှုပ်ရှားလာပြီး ကျယ်လောင်စွာ ငိုကြွေးလိုက်ရာ နားကွဲမတတ်ပင်။
လုလင်းက ချီးကျူးလိုက်လေသည်။ "ငိုသံ ကျယ်လောင်လိုက်တာ၊ နောက်ကျရင် သေချာပေါက် အားကြီးမယ့်သူ ဖြစ်လာမှာပဲ၊ ကောင်းတယ်"
ကလေးငယ်သည် ရင်ခွင်ထဲတွင် လူးလွန့်ရင်း လုလင်း၏ ကိုယ်ပေါ်သို့ ရှူးပေါက်ချလိုက်လေသည်။
လုလင်းသည် နည်းနည်းလေးမှ ရွံရှာခြင်း မရှိဘဲ ဆက်လက် ချီးကျူးလိုက်လေသည်။ "စားနိုင် ရှူးပေါက်နိုင်မှ ကောင်းတာ"
အတိုချုပ် ပြောရလျှင် အဘိုးဖြစ်သူသည် မြေးဖြစ်သူကို ဘယ်လိုကြည့်ကြည့် အကောင်းချည်းပင် မြင်နေတော့သည်။
လူအများကလည်း ရယ်မောလိုက်ကြ၏။
...
လုမင်ယွိ အိမ်တော်သို့ ပြန်ရောက်သောအခါ ရေမချိုးရသေးမီ ရွှီအာနှင့် ရွှမ်းအာတို့ ဆီသို့ အရင်ဆုံး သွားကြည့်လိုက်လေသည်။ "ညက ကလေးတွေ ငိုကြသေးလား"
နို့ထိန်းက ပြုံးကာ ပြောလိုက်သည်။ "ထိုက်ဇီဖေး စိတ်ချပါ။ ရွှီအာနဲ့ ရွှမ်းအာတို့က အရမ်း လိမ္မာပါတယ်။ ညဘက်လည်း မငိုပါဘူး။ မနက်ကျတော့ နို့သောက်ပြီး ဆော့ကစားနေကြပါတယ်"
ညဘက်တွင် ကလေးများကို နို့ထိန်းများကသာ သိပ်လေ့ရှိသဖြင့် လုမင်ယွိ တစ်ညတာ မရှိခြင်းက ထူးခြားမှု မရှိပေ။
လုမင်ယွိ စိတ်အေးသွားသော်လည်း သားသမီးနှစ်ယောက်၏ ပါးပြင်လေးများကို မပွတ်သပ်ဘဲ မနေနိုင်ပေ။ "သစ္စာမရှိတဲ့ ကလေးလေးတွေ၊ အမေကတော့ သားတို့ကိုပဲ လွမ်းနေရတာ"
ပြောပြီးသည်နှင့် မိမိကိုယ်ကို သဘောကျကာ ပြုံးလိုက်မိသည်။
ကလေးနှစ်ယောက်သည် ခြေထောက်လေးများ ကန်ကျောက်ကာ မိခင်ကို မျက်လုံးဝိုင်းလေးများဖြင့် ကြည့်နေကြသည်။
လုမင်ယွိသည် ထပ်မံပြုံးလိုက်ပြီး ခေါင်းငုံ့ကာ ဝါဂွမ်းအင်္ကျီ ဝတ်ထားသော ကလေးနှစ်ယောက်ကို တစ်ယောက်တစ်ဖက် ပွေ့ချီလိုက်လေသည်။ ခဏကြာ နမ်းရှိုက်ပြီးမှ ရေချိုး အဝတ်အစား လဲလှယ်ကာ ဗိုက်ဝအောင် စားသောက်ပြီး ကလေးနှစ်ယောက်နှင့်အတူ ညနေစောင်းသည်အထိ တစ်ရေးအိပ်လိုက်လေသည်။
ညနေစောင်းတွင်တော့ လီကျင့်လည်း ပြန်ရောက်လာသည်။
လုမင်ယွိက ပြုံးကာ မေးလိုက်၏။ "ဒီနေ့ ဘာလို့ ဒီလောက် စောစော ပြန်ရောက်တာလဲ"
လီကျင့်က မျက်ခုံးပင့်ကာ ပြုံးလိုက်လေသည်။ "မင်း မနေ့ညက အိမ်ပြန်မလာတော့ ကိုယ့်စိတ်ထဲမှာ လွမ်းနေတာလေ။ ဒီည နန်းတော်ထဲမှာ စားပွဲသောက်ပွဲ ရှိပေမယ့် ဖုဟွမ်ကို ပြောပြီး စောစောပြန်လာခဲ့တာ"
စကားပြောရင်း ရှေ့တိုးလာကာ ပြောလိုက်၏။ "ကိုယ့်ရဲ့ သမီးလိမ္မာလေးကို အရင်ဆုံး ချီလိုက်ဦးမယ်"
လုမင်ယွိက ရယ်မောကာ မေးလိုက်လေသည်။ "ရှင်က ဘယ်သူက ရှင့်သမီးဆိုတာ မှတ်မိလို့လား"
လီကျင့်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး ကလေး၏ နားရွက်နောက်ကို အမြန်ကြည့်လိုက်ကာ အခြားကလေးတစ်ယောက်ကို ပြောင်းချီလိုက်လေသည်။
လုမင်ယွိက ရယ်မောမိလိုက်တော့သည်။
ရွှီအာကလည်း ချီစေချင်သဖြင့် အသံပြုနေသည်။ လုမင်ယွိက ကိုယ်ကိုကိုင်းကာ သားဖြစ်သူကို ပွေ့ချီလိုက်၏။ ဇနီးမောင်နှံနှစ်ဦးသည် ကလေးတစ်ယောက်စီ ပွေ့ချီကာ ခဏကြာ စနောက်ပြီးမှ စကားစမြည် ပြောဖြစ်ကြသည်။
"လူ့စိတ်ဆိုတာ တကယ် ထူးဆန်းတယ်" လုမင်ယွိက လေသံတိုးတိုးဖြင့် ရယ်မောကာ ပြောလိုက်လေသည်။ "မနေ့မနက်က နန်းတော်ထဲ ဝင်ပြီး ဂါရဝပြုတုန်းက မယ်တော်ကြီး၊ ဖုဟွမ်နဲ့ မူဟုပ်တို့က ရွှီအာကိုပဲ အလေးထားတော့ ကျွန်မ စိတ်ထဲ မကျေနပ်ဖြစ်မိတယ်။ အာ့စောင်က သားယောက်ျားလေး မွေးတော့ကျ ကျွန်မ အရမ်း ဝမ်းသာမိပြန်ရော"
လီကျင့်က ရယ်မောလိုက်လေသည်။ "မျိုးဆက်သစ်က အရေးကြီးတယ်လေ။ လုမိသားစုမှာ မျိုးဆက်သစ် ရှိလာတော့ မင်း ဝမ်းသာတာက ဖြစ်သင့်တဲ့ကိစ္စပါပဲ"
လုမင်ယွိ၏ ခံစားချက်ကို လီကျင့် တစ်ဦးတည်းသာ နားလည်ပေးနိုင်လေသည်။
လုမင်ယွိက သက်ပြင်းချလိုက်လေသည်။ "ဟုတ်ပါတယ်။ အာ့ကော အိမ်ထောင်ကျပြီး သားရလာတော့ ကျွန်မ တကယ် ဝမ်းသာမိတယ်"
အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။
လီကျင့်က လက်ဆန့်ကာ လုမင်ယွိ၏ ပခုံးကို ဖက်လိုက်လေသည်။ "ကိုယ် မင်းနဲ့ လက်ထပ်ရပြီး သားသမီးနှစ်ယောက် ရလာတော့ ရင်ထဲမှာ အတိုင်းအဆမရှိ ပျော်ရွှင်မိတယ်။ နောင်တရစရာ ဘာမှမရှိတော့ဘူး"
ဇနီးမောင်နှံနှစ်ဦးသည် ခေါင်းချင်းမှီကာ ငြိမ်သက်စွာ နေလိုက်ကြသည်။
သို့သော် ရင်ခွင်ထဲမှ ကလေးနှစ်ယောက်သည် မိဘ၏ ရင်ခွင်ထဲတွင် ငြိမ်ငြိမ်လေး နေရသည်ကို မကျေနပ်တော့ဘဲ လက်လေးများ ဝှေ့ယမ်းကာ အသံပြုလာကြသည်။
"ဒါက ပွေ့ချီပြီး လမ်းလျှောက်ခိုင်းနေတာ" လုမင်ယွိက ပြုံးကာ ထရပ်လိုက်ပြီး လမ်းလျှောက်ရင်း ကျောကုန်းလေးကို ပုတ်ပေးလိုက်လေသည်။ ရွှီအာသည် မိခင်၏ ရင်ခွင်ထဲသို့ သက်တောင့်သက်သာ တိုးဝင်လိုက်လေသည်။
လီကျင့်သည်လည်း အလားတူ ပုံစံဖြင့် သမီးဖြစ်သူကို ပြုစုပေးလိုက်ပြီး သမီးလေး၏ ပါးပြင်ကို ဆွဲကာ ပြောလိုက်လေသည်။ "ဒီလောက် သေးသေးလေးနဲ့ ပွေ့ချီပြီး လမ်းလျှောက်ခိုင်းနေပြီ။ ကြီးလာရင် သေချာပေါက် အမေနဲ့ တူမှာပဲ"
လုမင်ယွိက ပြုံးကာ လီကျင့်ကို မျက်စောင်းထိုးလိုက်လေသည်။ "ကျွန်မနဲ့ တူတော့ ဘာဖြစ်လို့လဲ"
လီကျင့်သည် အသက်ရှင်ရပ်တည်လိုစိတ် ပြင်းထန်သူ ဖြစ်သဖြင့် ချက်ချင်း ပြန်ဖြေလိုက်လေသည်။ "မင်းနဲ့ တူရင် အကောင်းဆုံးပေါ့။ ထက်မြက်ပြီး တော်တဲ့သူ ဖြစ်လာမှာလေ"
လုမင်ယွိက ရယ်မောကာ တံတွေးထွေးလိုက်လေသည်။
...
နောက်တစ်နေ့ မနက်စောစောတွင် လုမင်ယွိသည် အိပ်ရာ စောစောထကာ သိုင်းလေ့ကျင့်ရေးကွင်းသို့ သွားရောက်ပြီး သိုင်းကစားလေသည်။
လအနည်းငယ်ကြာ မကစားခဲ့ရသဖြင့် အနည်းငယ် စိမ်းနေသော်လည်း မကြာမီ အသားကျသွားတော့သည်။
လုမင်ယွိသည် တပ်မှူးကျော်နှင့် တခြားသူများကို ခေါ်ယူကာ တစ်ယောက်ချင်းစီ ယှဉ်ပြိုင်တိုက်ခိုက်လိုက်သည်။ အိမ်ရှေ့စံမင်းသား၏ ကိုယ်ရံတော်တပ်မှူးများကို တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူလိုက်ပြီး ချွေးထွက်သွားသဖြင့် လန်းဆန်းတက်ကြွသွားလေသည်။ "မင်းတို့ရဲ့ အရည်အချင်းက အရင်ကထက် ပိုကောင်းလာတယ်။ ဒီရက်ပိုင်းတွေမှာ ကြိုးစားလေ့ကျင့်ထားပုံ ရတယ်"
ယခင်က သူမ၏ လက်ချက်ဖြင့် အကွက် ၂၀ ပင် မခံနိုင်သော်လည်း ယခုအခါ အကွက် ၄၀ အထိ တောင့်ခံနိုင်ကြပြီ။
တပ်မှူးကျော်က လက်အုပ်ချီကာ ဂါရဝပြုလိုက်လေသည်။ "ထိုက်ဇီဖေးနဲ့ ယှဉ်ရင် အများကြီး လိုပါသေးတယ်။ ကျွန်တော်မျိုး သူတို့ကို ပိုကြိုးစားဖို့ တိုက်တွန်းပါ့မယ်"
လုမင်ယွိက ပြုံးလိုက်ပြီး ရေချိုး အဝတ်အစားလဲကာ လုအိမ်တော်သို့ မြင်းစီး၍ ပြန်လာခဲ့လေသည်။
ကိုယ်ဝန်ရှိစဉ်က ဘေးကင်းစေရန်အတွက် မြင်းလှည်း စီးခဲ့ရသည်။ ယခုအခါ ကလေးများ တစ်လပြည့်ပြီ ဖြစ်သဖြင့် မြင်းလှည်း မစီးချင်တော့ပေ။
ကလေး၏ ၃ရက်မြောက်ရေချိုးပွဲသို့ ဆွေမျိုးမိတ်ဆွေများက လာရောက် ဂုဏ်ပြုကြသည်။
လုမင်ယွိ ရောက်လာသည်နှင့် လူအများက ဝိုင်းဝန်း နှုတ်ဆက်ကြလေသည်။
"အားလုံးပဲ မတ်တပ်ရပ်ကြပါ" လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ "ဒီနေ့ ကျွန်မက လုသခင်လေးရဲ့ အဒေါ်အနေနဲ့ လာတာပါ။ ထိုက်ဇီဖေး လို့ မခေါ်ကြပါနဲ့တော့"
လုမင်ယွိသည် ဖော်ရွေစွာ ဆက်ဆံသဖြင့် လူအများလည်း သက်တောင့်သက်သာ ဖြစ်သွားပြီး ကလေးအကြောင်း ပြောဆို ရယ်မောကြလေသည်။
ကလေး၏ ၃ရက်မြောက်ရေချိုးပွဲအတွက် လုမင်ယွိက လည်ဆွဲ၊ သော့ခလောက်၊ လက်ကောက်၊ ခြေကျင်း စသည့် အကောင်းစား ရွှေထည်ပစ္စည်း တစ်စုံကို လက်ဆောင်ပေးလိုက်လေသည်။
ကလေးကို ကြည့်ရှုပြီးနောက် လုမင်ယွိသည် ရှန်းလန်၏ အခန်းသို့ သွားရောက်ခဲ့သည်။
ရှန်းလန်သည် ၂ ရက်ဆက်တိုက် အိပ်စက်ခဲ့သဖြင့် ယနေ့တွင် အားအင်ပြန်ပြည့်လာပြီး စကားပြောရန် အားရှိလာပြီ ဖြစ်သည်။ "ရှောင်ယွိ၊ ဒီတစ်ခါအတွက် ကျေးဇူးတင်ပါတယ်"
လုမင်ယွိက ပြုံးကာ မျက်စောင်းထိုးလိုက်ပြီး "နောက်တစ်ခါ အဲဒီလို အားနာစကားတွေ ပြောရင် ငါ ပြန်တော့မယ်"
ရှန်းလန်က ပြုံးလိုက်ကာ "ကောင်းပါပြီ၊ ကောင်းပါပြီ၊ ငါ မပြောတော့ပါဘူး" ထို့နောက် မနေ့က လုလင်း၏ "ကောင်းတယ်၊ ကောင်းတယ်" ဟု ပြောခဲ့သည့် ရယ်စရာ အဖြစ်အပျက်ကို လုမင်ယွိအား ပြောပြလိုက်လေသည်။
လုမင်ယွိကလည်း ရယ်မောလိုက်ကာ "အဖေကတော့ သေချာပေါက် ပျော်နေမှာပဲ"
လုလင်းသည် သမီးဖြစ်သူကို အသက်ထက် ချစ်ခင်ကြောင်း လူတိုင်းသိကြသည်။ သို့သော် လုလင်းသည် မွေးစားသားသမီးများကိုလည်း အလွန်ကောင်းမွန်စွာ ဆက်ဆံသည်။ အထူးသဖြင့် လုဖေးကို သားရင်းကဲ့သို့ သဘောထားပြီး သိုင်းပညာနှင့် စစ်ရေးပညာများကို ကိုယ်တိုင် သင်ကြားပေးခဲ့သည်။
လုဖေးတွင် သားတစ်ယောက် ရရှိလာပြီး လုမိသားစု၏ မျိုးဆက်ကို ဆက်ခံနိုင်ခြင်းသည် လုလင်းအတွက် အလွန် ဝမ်းသာစရာ ကိစ္စပင်။
ရှန်းလန်က လေသံတိုးတိုးဖြင့် ရယ်မောကာ ပြောလိုက်လေသည်။ "နင့်အာ့ကောက ကလေး နာမည် ပေးပြီးသွားပြီ"
လုမင်ယွိလည်း စိတ်ဝင်စားသွား၏။ "ဘာနာမည်တဲ့လဲ"
ရှန်းလန်က ဖြေလိုက်လေသည်။ "ကလေးက သန်မာတော့ ငယ်နာမည်ကို ကျွမ်းကောအာ (သန်မာသောကောင်လေး) လို့ ပေးထားတယ်။ နာမည်အရင်းက လုစစ်ယွမ်တဲ့ (ရေသောက်လျှင် ရေအရင်းအမြစ်ကို သတိရပါ)"
ရေသောက်လျှင် ရေအရင်းအမြစ်ကို သတိရပါ။
လုမိသားစု ရှိမှသာ လုဖေး၏ ယနေ့ခေတ် ဘဝကို ရရှိခဲ့ခြင်း ဖြစ်သည်။ မည်သည့်အချိန်ကာလ ရောက်ရောက် ကျေးဇူးတရားကို မမေ့သင့် ဟူသည့်အဓိပ္ပါယ်ပင်။
...
...