အခန်း (၂၈၆-၂၈၈)
Vol. 20 Ch. 286-288
အပိုင်း (၂၈၆) တိုးခြင်း ဆုတ်ခြင်း
နှစ်ရက်အကြာတွင် စတုတ္ထမင်းသားသည် ကျောက်ယွီကို လက်ထပ်ထိမ်းမြားလိုက်လေသည်။
လီကျင့်နှင့် ညီအစ်ကိုများသည် စတုတ္ထမင်းသားကို အဖော်ပြုကာ သတို့သမီးကို သွားရောက်ကြိုဆိုပေးကြသည်။
လုမင်ယွိတို့ သမီးယောက်မများသည်လည်း စတုတ္ထမင်းသား၏ အိမ်တော်သို့ သွားရောက်ကြသည်။
ထုံးစံအရ လုမင်ယွိသည် ထိုက်ဇီဖေးဖြစ်သဖြင့် ဦးဆောင်သူ ဖြစ်သင့်လေသည်။ သို့သော် ဟွေ့အန်းကုန်းကျူသည် အာဏာပြကာ သည်တာဝန်ကို လုယူလိုက်ပြန်သည်။
ဟွေ့အန်းကုန်းကျူသည် အခြားရည်ရွယ်ချက် မရှိဘဲ သူမသည် အကြီးဆုံးအစ်မ ဖြစ်သဖြင့် ဤကဲ့သို့သော အခမ်းအနားတွင် သူမ ဦးဆောင်သင့်သည်ဟု သဘာဝကျကျ ယူဆလိုက်ခြင်းပင်။
ပထမမင်းသားကြင်ရာတော်သည် စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး နူးညံ့စွာ ပြောလိုက်လေသည်။ "ဟွမ်ကျဲ ဒီနေ့ ပင်ပန်းသွားပါပြီ"
မုန့်ယွင်လော်ကတော့ သွေးထိုးလှုံဆော်ရန် ကြံစည်ထားပြီးသား ဖြစ်သဖြင့် မဲ့ပြုံးပြုံးကာ ပြောလိုက်လေသည်။ "ဟွမ်ကျဲရဲ့ အဆင့်အတန်းက သာမန်မဟုတ်ပါဘူး။ ခင်ပွန်းသည် ရှိပေမယ့် လီမိသားစုဝင် ဖြစ်နေတုန်းပါပဲ။ သာမန်မိသားစုမှာ ဆိုရင်တော့ ဒီနေ့ ဦးဆောင်ရမယ့်သူက အာ့စောင် ဖြစ်သင့်တာ"
ဟွေ့အန်းကုန်းကျူ "..."
ဟွေ့အန်းကုန်းကျူသည် မုန့်ယွင်လော်၏ စကားထဲမှ မလိုတမာစိတ်ကို ရိပ်မိသဖြင့် ဒေါသထွက်သွားပြီး ပြန်လည်ချေပလိုက်လေသည်။ "နင် ပြောတာ မှန်ပါတယ်။ ငါက သာ့ဝေတိုင်းပြည်ရဲ့ မင်းသမီးပါ။ လက်ထပ်ပြီးပေမယ့် ဝူမိသားစုရဲ့ ချွေးမ မဟုတ်ဘဲ လီမိသားစုရဲ့ သမီးပါပဲ။ အကြီးအငယ် အစဉ်လိုက် ရှိပါတယ်။ စစ်တိ မင်္ဂလာဆောင်တာ ဖုဟွမ်နဲ့ မူဟုပ်က နန်းတော်ထဲက ထွက်မလာနိုင်တော့ ငါက အကြီးဆုံးအစ်မ အနေနဲ့ လက်ပိုက်ကြည့်နေရမှာလား"
မုန့်ယွင်လော်သည်လည်း အလျှော့မပေးဘဲ ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်လေသည်။ "ကျွန်မက စနောက်လိုက်တာပါ။ ဟွမ်ကျဲက ဘာလို့ စိတ်ဆိုးနေတာလဲ။ ဒေါသကြီးလိုက်တာ"
ထို့နောက် လုမင်ယွိကို လှည့်ပြောလိုက်လေသည်။ "အာ့စောင်က ဘာလို့ ဘာမှမပြောတာလဲ။ ကျွန်မ ပြောတာ မှန်နေလို့လား။ အာ့စောင်က ထိုက်ဇီဖေး ဖြစ်နေပြီ။ အဆင့်အတန်း မြင့်မားတယ်။ ကျွန်မတို့ရဲ့ ခေါင်းဆောင် ဖြစ်သင့်တယ်။ ဒီနေ့လည်း အာ့စောင်က ဦးဆောင်သင့်တာ။ ဒါပေမဲ့ အာ့စောင်တို့က သမီးယောက်မ အရင်းတွေဆိုတော့ စိတ်ဆိုးမှာ မဟုတ်ပါဘူးနော်။ ဟင်း ဟင်း"
ဆက်တိုက် ရယ်မောသံများသည် နားထောင်ရ ရွံရှာဖွယ် ကောင်းလှသည်။
ဟွေ့အန်းကုန်းကျူသည် မည်မျှပင် အာဏာပြတတ်ပါစေ ရင်ထဲတွင် ထိတ်လန့်သွားပြီး လုမင်ယွိကို အမြန်လှည့်ကြည့်လိုက်သည်။
သူမနှင့် လုမင်ယွိသည် လူအများရှေ့တွင် ရန်ဖြစ်ဖူးကြသည်။ လုမင်ယွိ ကိုယ်ဝန်ရှိပြီးနောက် သူတို့နှစ်ယောက်၏ ဆက်ဆံရေး တိုးတက်လာခဲ့ပြီး သူငယ်ချင်း ဖြစ်လုနီးပါး ဖြစ်နေပြီ။
သို့သော် လုမင်ယွိသည် စိတ်သဘောထား နူးညံ့သူ မဟုတ်ပေ။ မုန့်ယွင်လော် ပြောသည့် စကားတွင်လည်း အမှန်တရား အနည်းငယ် ပါဝင်နေသည်။ လုမင်ယွိသည် ထိုက်ဇီဖေး ဖြစ်နေပြီ။ သူမသည် ကုန်းကျူ ဖြစ်သော်လည်း ထိုက်ဇီဖေးကို ကျော်လွန်၍ မရနိုင်ပေ။
ဒီနေ့ သူမသည် အမှန်တကယ်ပင် နေရာလုမိသွားသည်။
လုမင်ယွိက ဟွေ့အန်းကုန်းကျူကို ပြုံးပြလိုက်လေသည်။ "စန်းတိမေ့) ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ သမီးယောက်မကြားမှာ ဒီလောက်ကြီး စာဖွဲ့နေစရာ မလိုပါဘူး။ ပြီးတော့ တရားဝင် ခန့်အပ်ပွဲ မလုပ်ရသေးတော့ ကျွန်မက ထိုက်ဇီဖေး အစစ် မဟုတ်သေးပါဘူး။ ဟွမ်ကျဲပဲ စိတ်ချလက်ချ ဦးဆောင်လိုက်ပါ"
ဟွေ့အန်းကုန်းကျူသည် စိတ်အေးသွားပြီး မျက်နှာပျက်နေသော မုန့်ယွင်လော်ကို စောင်းကြည့်ကာ ပြောလိုက်လေသည်။ "တစ်ချို့လူတွေက မဆိုင်တာ ဝင်ပါနေတာ။ အခုတော့ ပါးစပ်ပိတ်ထားသင့်ပြီ ထင်တယ်"
မုန့်ယွင်လော်သည် မကျေမနပ်ဖြင့် ပါးစပ်ပိတ်လိုက်ရတော့သည်။
ဤဖြစ်ရပ်သည် ရေကန်ထဲသို့ ကျောက်ခဲ ပစ်ချလိုက်သလို ဂယက်ထသွားပြီးနောက် ရေအောက်သို့ နစ်မြုပ်ပျောက်ကွယ်သွားလေသည်။
သို့သော် ရေအောက်တွင်တော့ ရေစီးကြောင်းများ ဖြစ်ပေါ်နေဆဲပင်။
...
စတုတ္ထမင်းသားသည် မင်္ဂလာဝတ်စုံဖြင့် ပျော်ရွှင်စွာ မင်္ဂလာအခမ်းအနား ကျင်းပလိုက်လေသည်။ ပုဝါခြုံထားသော ကျောက်ယွီသည် ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီး ရှက်သွေးဖြာလျက် မင်္ဂလာခန်းထဲသို့ ဝင်ရောက်သွားကာ ကုတင်ပေါ်တွင် ထိုင်လိုက်လေသည်။
ဒါသည် ကျောက်ယွီ၏ ဘဝတစ်လျှောက်လုံးတွင် အငြိမ်သက်ဆုံးနှင့် ဣန္ဒြေအရှိဆုံး အချိန် ဖြစ်ပေလိမ့်မည်။
စတုတ္ထမင်းသားသည် လူအများ၏ ဆူညံသံများကြားတွင် ခေါင်းဆောင်းပုဝါကို ဖယ်ရှားလိုက်လေသည်။
ကျောက်ယွီသည် စတုတ္ထမင်းသားကို ရဲရဲတင်းတင်း ကြည့်လိုက်ပြီးမှ ရှက်သွေးဖြာလျက် မျက်လွှာချလိုက်လေသည်။ လူအများက စနောက်လိုက်ကြသည်။
"စတုတ္ထမင်းသားကြင်ရာတော်က လှပပြီး ကျက်သရေ ရှိလိုက်တာ။ စတုတ္ထမင်းသားနဲ့ တကယ်ပဲ လိုက်ဖက်ညီတာပဲ"
"ဟုတ်တယ်၊ စတုတ္ထမင်းသား ဒီနေ့ ပါးစပ်စေ့မရအောင် ပြုံးနေတာ ကြည့်ပါဦး။ ကြင်ရာတော်ကို ဘယ်လောက် သဘောကျနေလဲ ဆိုတာ သိသာတယ်"
ကျောက်ယွီ၏ မျက်နှာလေး နီရဲနေပြီး ပိုမိုလှပနေလေသည်။ မျက်ဝန်းထဲတွင်တော့ တောက်ပသော အရောင်များ လင်းလက်နေလေသည်။
ကျောက်ယွီ မည်မျှ ပျော်ရွှင်နေသည်ကို မျက်လုံးပါသူတိုင်း မြင်တွေ့နိုင်သည်။ စတုတ္ထမင်းသားသည်လည်း အရူးတစ်ယောက်လို ပါးစပ်ဖြဲကာ ရယ်မောနေလေသည်။ တကယ်ပဲ လိုက်ဖက်ညီသော စုံတွဲပါပေ။
လုမင်ယွိက ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်မိ၏။
တစ်နေ့လုံး အလုပ်ရှုပ်ပြီးနောက် မင်္ဂလာပွဲ ပြီးဆုံးမှ ဟွေ့အန်းကုန်းကျူနှင့် ဝူဖုမာတို့သည် ကုန်းကျူအိမ်တော်သို့ ပြန်လာခဲ့ကြလေသည်။
ကုန်းကျူအိမ်တော်နှင့် မင်းသားအိမ်တော်များသည် တစ်နေရာတည်းတွင် ရှိသဖြင့် မြင်းလှည်းစီးလျှင် လက်ဖက်ရည်တစ်အိုး သောက်ချိန်အတွင်း ရောက်ရှိနိုင်သည်။
ချောမောခန့်ညားသော ဝူဖုမာသည် မြင်းလှည်းပေါ်မှ ဆင်းပြီး ဟွေ့အန်းကုန်းကျူကို တွဲဆင်းပေးလိုက်လေသည်။ ထို့နောက် ဇနီးမောင်နှံနှစ်ဦး လက်ချင်းချိတ်ကာ အိပ်ခန်းထဲသို့ ဝင်ရောက်သွားကြသည်။
အပြင်လူများ အမြင်တွင် ဟွေ့အန်းကုန်းကျူသည် အာဏာပြပြီး ဆိုးသွမ်းသူ ဖြစ်ကာ ဝူဖုမာသည် နှိပ်စက်ခံနေရသူဟု ထင်ကြသည်။
အမှန်တကယ်တွင်တော့ ဝူဖုမာနှင့် ဟွေ့အန်းကုန်းကျူတို့တွင် ကိုယ်ပိုင် ဆက်ဆံရေး ပုံစံရှိကြသည်။ ဝူဖုမာသည် ဟွေ့အန်းကုန်းကျူကို နားချနိုင်သူ ဖြစ်လေသည်။
ဟွေ့အန်းကုန်းကျူသည် စိတ်ထဲတွင် ဘာမှမထားတတ်သူ ဖြစ်သဖြင့် အိပ်ခန်းထဲ ရောက်သည်နှင့် နေ့လယ်က ဖြစ်ပျက်ခဲ့သည်များကို ဝူဖုမာအား ပြောပြလိုက်လေသည်။ "... ဒီမုန့်ယွင်လော်က မကောင်းတဲ့စိတ်နဲ့ တမင် သွေးထိုးတာ။ တော်သေးတာက အာ့တိမေ့က သူ့ကို ဂရုမစိုက်ဘဲ တရားဝင် ခန့်အပ်ပွဲ မလုပ်ရသေးလို့ ကျွန်မကို စိတ်ချလက်ချ ဦးဆောင်ခိုင်းလိုက်တာ"
ဝူဖုမာသည် ဟွေ့အန်းကုန်းကျူကို နက်နဲစွာ ကြည့်လိုက်လေပြီး "ကျွန်တော်လည်း ကုန်းကျူကို ပြောချင်နေတာ။ နောက်ဆိုရင် ဒီလိုကိစ္စမျိုး တွေ့ရင် ရှေ့ထွက်မဦးဆောင်ဘဲ ထိုက်ဇီဖေးကို ဦးစားပေးလိုက်ပါ"
ဘာဖြစ်လို့လဲ။
ဟွေ့အန်းကုန်းကျူသည် ဒေါသထွက်သွားပြီး ပြန်ပြောရန် ပြင်လိုက်သော်လည်း စကားလုံးများကို ပြန်မြိုချလိုက်ပြီး မျက်နှာထားက တည်သွားလေသည်။
ဝူဖုမာက သက်ပြင်းချလိုက်ပြီး လေသံကို ပိုမိုပျော့ပျောင်းအောင် ပြုလုပ်လိုက်လေသည်။ "ကုန်းကျူ စိတ်မဆိုးပါနဲ့။ တကယ်တော့ ဒီသဘောတရားကို ကုန်းကျူ နားမလည်တာ မဟုတ်ပါဘူး။ ကုန်းကျူက အကြီးဆုံး ဖြစ်လို့ မင်းသားကြင်ရာတော်တွေက လေးစားရမှာ အမှန်ပါပဲ။ ဒါပေမဲ့ အကြီးအငယ် ဆိုတာထက် သခင်နဲ့ လက်အောက်ခံ ဆိုတာ ရှိပါသေးတယ်"
"နောက်ရက်နည်းနည်း ကြာရင် အိမ်ရှေ့စံ ခန့်အပ်ပွဲ လုပ်တော့မယ်။ ပြီးရင် ထိုက်ဇီဖေး ခန့်အပ်ပွဲ ဆက်လုပ်မယ်။ အိမ်ရှေ့စံ ဆိုတာ တစ်ယောက်အောက် ရောက်ပြီး လူတစ်သောင်းအထက် ရောက်နေတာ။ ထိုက်ဇီဖေးလည်း အဲဒီလိုပါပဲ"
"ကုန်းကျူက ဘယ်လောက်ပဲ အဆင့်မြင့်မြင့် ထိုက်ဇီဖေးကို ကျော်လွန်လို့ မရပါဘူး"
"နောက်ဆိုရင် ကုန်းကျူ အနေနဲ့ အပြောအဆို အနေအထိုင် ဆင်ခြင်သင့်ပါတယ်"
ဟွေ့အန်းကုန်းကျူသည် မျက်နှာထား တင်းမာနေပြီး နှာခေါင်းရှုံ့လိုက်လေသည်။
ဝူဖုမာက လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်လေသည်။ "ဒီနေ့ ထိုက်ဇီဖေးက ကုန်းကျူအတွက် မျက်နှာသာ ပေးလိုက်တာပါ။ ဒါပေမဲ့ စကားသံလည်း ပစ်လိုက်ပါတယ်။ ခန့်အပ်ပွဲ ပြီးလို့ ထိုက်ဇီဖေး နန်းတော်ထဲ ဝင်လာရင် ကုန်းကျူ အနေနဲ့ ဒီလောက် စိတ်လွတ်ကိုယ်လွတ် နေလို့ မရတော့ပါဘူး"
လူဆိုတာ အတက်အကျ သိရမယ်။
လုမင်ယွိသည် ပျော့ညံ့သူ မဟုတ်ပေ။ ယခု သည်းခံနေခြင်းမှာ လီကျင့်၏ မျက်နှာကြောင့်ပင်။ ဟွေ့အန်းကုန်းကျူ အနေဖြင့် ဆက်လက်ပြီး အနေအထိုင် မဆင်ခြင်ပါက ပြဿနာ ဖြစ်လာနိုင်သည်။
ဟွေ့အန်းကုန်းကျူသည် ထပ်မံ နှာခေါင်းရှုံ့လိုက်သော်လည်း ပြန်လည်မချေပတော့ပေ။
အမှန်တရားသည် နားခါးသော်လည်း သူမ လက်ခံလိုက်ရသည်။
ဝူဖုမာသည် စိတ်အေးသွားပြီး ဟွေ့အန်းကုန်းကျူ၏ ပခုံးကို ဖက်လိုက်သည်တွင် ဟွေ့အန်းကုန်းကျူက နှာခေါင်းရှုံ့လိုက်ကာ "တစ်ကိုယ်လုံး အရက်နံ့တွေ နံနေတာပဲ။ မြန်မြန် ရေသွားချိုး"
ဝူဖုမာက ပြုံးလျက် လက်ခံလိုက်ပြီး ရေချိုး အဝတ်အစား လဲလှယ်ရန် ထွက်သွားလေသည်။
ပြန်ရောက်လာသောအခါ ဟွေ့အန်းကုန်းကျူသည် သူ့ကို အခန်းထဲ ဝင်ခွင့်မပေးဘဲ စာကြည့်ဆောင်တွင် သွားအိပ်ခိုင်းလေသည်။
ကြည့်ရတာ ဟွေ့အန်းကုန်းကျူသည် သူ၏ "အမှန်တရား" ကြောင့် စိတ်ဆိုးနေပုံ ရ၏။
ဝူဖုမာသည် မတတ်နိုင်သည့်ဟန်ဖြင့် ပြုံးလိုက်ပြီး တံခါးအပြင်ဘက်မှ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "စိတ်မဆိုးပါနဲ့။ ကျွန်တော် စာကြည့်ဆောင်မှာ သွားအိပ်ပါ့မယ်။ မနက်ဖြန်ကျရင် နန်းတော်ထဲဝင်ပြီး စတုတ္ထမင်းသားကြင်ရာတော်ကို သွားတွေ့ရဦးမှာ ဆိုတော့ ကုန်းကျူလည်း စောစောအိပ်ပါ"
ဟွေ့အန်းကုန်းကျူက စိတ်မရှည်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ "လေကြောရှည်လိုက်တာ၊ စာကြည့်ဆောင်ကို မြန်မြန်သွားတော့"
ဝူဖုမာက သဘောကောင်းစွာ ပြုံးလိုက်လေသည်။ "ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကုန်းကျူ စိတ်မဆိုးပါနဲ့။ ကျွန်တော် သွားပါပြီ"
အိပ်ခန်းထဲတွင် ဟွေ့အန်းကုန်းကျူသည် ကုတင်စွန်းတွင် ထိုင်နေပြီး ခြေသံများ ဝေးကွာသွားသည်ကို နားထောင်ရင်း ငေးငိုင်နေမိသည်။ ဘာကို တွေးမိလိုက်သည် မသိ၊ သူမ၏ မျက်ဝန်းများ နီရဲလာပြီး ခေါင်းအုံးပေါ်တွင် မှောက်ကာ အသံတိတ် ငိုကြွေးလိုက်တော့သည်။
...
အပိုင်း (၂၈၇) ချစ်ခြင်းမေတ္တာ
ဟွေ့အန်းကုန်းကျူသည် ကြာကြာမငိုလိုက်ရခင်မှာပင် တံခါးသည် အားပြင်းပြင်းဖြင့် တွန်းဖွင့်ခံလိုက်ရလေသည်။
ဟွေ့အန်းကုန်းကျူသည် ထိတ်လန့်သွားပြီး ကိုယ်ကို ချက်ချင်းမတ်မတ်ပြင်ကာ ထိုင်လိုက်၏။ မျက်ရည်စများသည် မျက်ဝန်းထောင့်တွင် တွဲခိုနေဆဲဖြစ်ပြီး မျက်ရည်စီးကြောင်းများက မခြောက်သွေ့သေးသော်ငြား မင်းသမီးတစ်ပါး၏ ဂုဏ်သိက္ခာနှင့် မာနတရားကို အတင်းအကြပ် ထိန်းသိမ်းထားရစ်မိလိုက်လေသည်။
"ရှင်စာကြည့်ဆောင်မှာ မအိပ်ဘဲ ဒီကိုဘာလာလုပ်တာလဲ"
အမြဲတမ်း ခေါင်းငုံ့ခံပြီး ဒေါသထွက်လေ့မရှိသော ဝူဖုမာသည် ယခုတစ်ကြိမ်တွင်တော့ ရှားရှားပါးပါးပင် သူ၏ ချောမောလှသည့် မျက်နှာအမူအယာမှာ တင်းမာနေပြီး မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်နေကာ ဟွေ့အန်းကုန်းကျူကို စိုက်ကြည့်ရင်း မေးလိုက်တော့သည်။
"ကျွန်တော့်ရဲ့ စာကြည့်ဆောင်မှာ ဘာဖြစ်လို့ နန်းတွင်းအပျိုတော်နှစ်ယောက် ပို့လာရတာလဲ။ ကုန်းကျူက ဘာသဘောလဲ"
ဝူဖုမာ၏ ဒီလိုမေးခွန်းထုတ်ခံလိုက်ရသည်တွင် ဟွေ့အန်းကုန်းကျူး၏ ရင်ထဲသို့ ဓားနှစ်ချောင်းဖြင့် ထိုးစိုက်လိုက်သလို ခံစားလိုက်ရပြီး သွေးများ ဖြာကျလာသယောင်ပင်။ သူမသည် ပိုပြီး ဝမ်းနည်းဒေါသထွက်ကာ ပြန်ပြောလိုက်လေသည်။ "ရှင့်ကို သွားအိပ်ခိုင်းတာလေ။ ရှင်က သွားအိပ်လိုက်ပေါ့ ဘာလို့ လာမေးနေတာလဲ!"
ဒါက မေးနေစရာလိုသေးလို့လား။
သူမနှင့် ဝူဖုမာတို့ လက်ထပ်ပေါင်းသင်းခဲ့သည်မှာ ၅နှစ်နီးပါး ရှိလာခဲ့ချေပြီ။
ပထမမင်းသားကြင်ရာတော်သည် ကံမကောင်းစွာဖြင့် ကိုယ်ဝန်ပျက်ကျခဲ့သော်ငြား အနည်းဆုံးတော့ ဗိုက်ထဲတွင် လှုပ်ရှားမှု ရှိခဲ့ဖူးသည်။ လုမင်ယွိဆိုလျှင် အိမ်ထောင်ကျပြီး တစ်နှစ်အတွင်းမျာပင် အမွှာပူးလေး မွှေးဖွားခဲ့လေသည်။ တတိယမင်းသားကြင်ရာတော် မုန့်ယွင်လော်သည်လဲ လွန်ခဲ့သည့် လဝက်က ကိုယ်ဝန်ရှိကြောင်း သတင်းကောင်း ကြားခဲ့ရသည်။
သူမ တစ်ယောက်တည်းသာလျှင် ဗိုက်က ခြောက်သွေ့နေသည့် မြေကွက်လပ်တစ်ခုလို မည်သို့ သောအပင်ကို စိုက်ပျိုးပါစေ သီးနှံထွက်မလာခဲ့ချေ။ သူမသည် နောက်ကွယ်တွင်လည်း နာမည်ကြီးသမားတော် အများအပြားကို ပင့်ဖိတ်ကာကုသခဲ့ပြီး ဆေးနည်းပေါင်းများစွာကို သောက်သုံးခဲ့သော်ငြားလည်း အရာမထင်ခဲ့ချေ။
ဝူမိသားစုက တိုက်တွန်းရန်မဝံ့ရဲသဖြင့် ဝူဖုမာကလဲ ကလေးကိစ္စကို ဘယ်သောအခါမှ မဟခဲ့ချေ။ သူမက အပေါ်ယံတွင် ဂရုမစိုက်သလို နေခဲ့သော်ငြား စိတ်ထဲတွင်တော့ မည်သူထက်မဆို ပူပန်ခဲ့ရလေသည်။ ယခုတွင်တော့ သူမသည် နောက်ဆုံး ခေါင်းငုံ့အရှုံးပေးလိုက်ပြီ ဖြစ်၏။. ဝူဖုမာအတွက် သူမကိုယ်တိုင် နန်းတွင်းအပျိုတော် လှလှလေးနှစ်ယောက်ကို ရွေးချယ်ပေးခဲ့ခြင်း ဖြစ်လေသည်။
သူမ၏ ရင်ထဲတွင် သွေးထွက်မတတ် နာကျင်ဝမ်းနည်းနေရချိန်တွင် သူက မည်သို့သော မျက်နှာမျိုးနှင့် ဒေါသလာထွက် နေရပါသနည်း။
ဟွေ့အန်းကုန်းကျူး၏ မျက်ဝန်းအိမ်များမှာ နီရဲလာပြီး မျက်ရည်များကလဲ ထိန်းချုပ်မရဘဲ စီးကျလာတော့သည်။
ဝူဖုမာသည် နေ့စဥ်ရက်ဆက် ပြုမူနေကြအတိုင်း ပြေးလာပြီး ချော့မြူခြင်းမပြုဘဲ မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်လေသည်။ "ကုန်းကျူက ကျွန်တော့်ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။ ကုန်းကျူမှာ ကိုယ်ဝန်မရှိတာနဲ့ ကျွန်တော်က နန်းတွင်းအပျိုတော် နှစ်ယောက်ကို သွားအိပ်ပြီး သူတို့က အပျိုတော်ယန်လိုမျိုး ကလေးမွေးလာမှ အဲဒီ့ကလေးကို မွေးစားပြီး တရားဝင်သားအဖြစ် သတ်မှတ်ရမှာလား"
ဝူဖုမာ၏ နှုတ်မှ ဒီလိုထက်ရှပြတ်သားပြီး နာကျင်စေမည့် စကားမျိုး ထွက်လာလိမ့်မည်ဟု ဟွေ့အန်းကုန်းကျူသည် တခါမှ မတွေးခဲ့ဖူးချေ။
သူမသည် ဝမ်းနည်းဒေါသထွက်ခြင်း မနာလိုဝန်တိုခြင်းများ ရောထွေးကာ ဒေါသမီးများ တောက်လောင်လာလေတော့သည်။
"ဒါဆို ဘယ်လိုလုပ်ရမှာလဲ။ ကျွန်မက ကလေးမှ မမွေးပေးနိုင်တာ။ ရှင့်ကို မျိုးဆက်ပြတ်သွားစေရမှာလား"
"ဝူမိသားစုမှာ သားသမီးမြေးမြစ်တွေ မရှားပါဘူး။ ဒါပေမဲ့ ရှင်က ဝူမိသားစုရဲ့ တရားဝင်သားကြီးလေ"
"ကျွန်မ ဗိုက်က ဘာလှုပ်ရှားမှုမှမရှိဘဲ ညီဝမ်းကွဲတွေက တစ်ယောက်ပြီးတစ်ယောက် ကလေးမွေးနေကြတယ်။ သူတို့က ပါးစပ်ကသာ ထုတ်မပြောကြတာ ကွယ်ရာမှာ ကျွန်မကို ဘယ်လိုတွေ လှောင်ပြောင်နေကြမလဲ မသိဘူး။ ယောက္ခမတွေကလဲ ကျွန်မလို ကုန်းကျူတစ်ယောက်ကို စိတ်ထဲမှာ အပြစ်တင်နေကြမှာ သေချာတယ်။ သိပ်ပြီးတော့ ဗိုလ်ကျလွန်းတယ်။ ကိုယ်တိုင်လဲ ကလေးမမွေးနိုင်ဘဲနဲ့ တခြားမိန်းမတွေနဲ့လည်း ပေးမနေဘူးဆိုပြီး တွေးနေကြမှာပဲ"
"အခု ကျွန်မက အဲဒီ့အကျင့်ဆိုးကို ပြင်လိုက်ပါပြီ။ ရှင့်အတွက် ငယ်ငယ်ရွယ်ရွယ် ချောချောမောမောနဲ့ လိမ်မာတဲ့ မိန်းကလေးတွေကို ကိုယ်တိုင်ရွေးပေးထားတာလေ။ ရှင် စိတ်ချလက်ချသာ သွားအိပ်လိုက်တော့။ ဒီလိုကောင်းတဲ့ကိစ္စကို ရှင်က ကြည့်ပြီး ပျော်နေရမှာပေါ့။ ကျွန်မရှေ့မှာ ဘာတွေလာဟန်ဆောင်နေတာလဲ"
စကားပြောရင်း သူမသည် ငိုကြွေးနေလေသည်။ မျက်ရည်များသည် ကြိုးပျက်သွားသည့် ပုလဲလုံးများကဲ့သို့ပင်။
မာနကြီးလှသည့် ဟွေ့အန်းကုန်းကျူသည် မည်သည့်အချိန်က ဒီလောက်ပျော့ညံ့ပြီး နာကျင်ခံစားရခဲ့ဖူးပါသနည်း။
ဝူဖုမာ၏ ရင်ထဲက ဒေါသမီးများသည် ဟွေ့အန်းကုန်းကျူ၏ မျက်ရည်များကြား ငြိမ်းအေးသွားခဲ့ရတော့သည်။
သူသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ရှေ့သို့တိုးလာကာ ဟွေ့အန်းကုန်းကျူကို ပွေ့ဖက်လိုက်လေ၏။ "မငိုပါနဲ့တော့"
ဟွေ့အန်းကုန်းကျူသည် အားကုန်သုံးကာ ရုန်းကန်လိုက်ပြီး ဝူဖုမာကို တွန်းထုတ်လိုက်လေ၏။ "ရှင် ထွက်သွား။ စာကြည့်ဆောင်ကို သွားတော့။ ဘယ်သူပဲ ကိုယ်ဝန်ရရ ကျွန်မ လက်ခံပေးမယ်"
"ရှင် စိတ်မပူပါနဲ့။ ကျွန်မက လျန်ရှီလိုမျိုး အပေါ်ယံနူးညံ့ပြီး အတွင်းစိတ်ယုတ်မာနေတဲ့သူ မဟုတ်ပါဘူး။ အပျိုတော်ယန် ဘယ်လို သေသွားတယ်ဆိုတာ လူတိုင်း သိပါတယ်။ ကျွန်မ ပြောတဲ့စကား တည်ပါတယ်။ နောက်ကျရင် သူတို့နှစ်ယောက်ကို နေရာပေးပြီး နှိမ်ထားမှာ မဟုတ်ပါဘူး"
ဝူဖုမာသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသော်ငြားလည်း အလျှော့မပေးဘဲ နောက်တကြိမ် ရှေ့သို့တိုးလာကာ ဟွေ့အန်းကုန်းကျူကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ပြန်သည်။ "အရင်ဆုံး စိတ်မလှုပ်ရှားပါနဲ့အုံး။ ကျွန်တော် ပြောတာကို အရင်နားထောင်ပါအုံး"
ဟွေ့အန်းကုန်းကျူသည် မည်မျှပင် အားစိုက်သော်ငြားလည်း ဝူဖုမာကို တွန်းထုတ်လို့ မရတော့သဖြင့် ဝူဖုမာ၏ ရင်ထဲတွင်မှီကာ ငိုကြွေးလိုက်လေတော့သည်။
ဝူဖုမာသည် ဟွေ့အန်းကုန်းကျူကို တင်းကြပ်စွာ ပွေ့ဖက်ထားပြီး သူမ၏ နားနားသို့ကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကုန်းကျူ ... ကျွန်တော်က တခြားမိန်းမတွေကို ဘယ်တုန်းကမှ မလိုချင်ခဲ့ပါဘူး။ ကျွန်တော်တို့တွေ ငယ်ပါသေးတယ်။ နောက်ထပ် ၃နှစ်၄နှစ်နေရင် ကလေးရနိုင်တာပဲလေ။ တကယ်လို့ တသက်လုံး ကလေးမရရင်တောင် ကျွန်တော်က တခြားမိန်းကလေးတွေကို လုံးဝထိမှာ မဟုတ်ဘူး"
"ဒီနေ့ စာကြည့်ဆောင်ထဲမှာ နန်းတွင်းအပျိုတော်နှစ်ယောက်ကို တွေ့လိုက်ရတော့ ကျွန်တော့်စိတ်ထဲမှာ တကယ်ပဲ ဒေါသထွက်သွားခဲ့တယ်"
"ကုန်းကျူက ကျွန်တော့်ရဲ့စိတ်ကို နားလည်တယ်လို့ ထင်ထားခဲ့တာ။ အခုမှပဲ မင်းရဲ့ စိတ်ခံစားချက်တွေက ဒီလောက်များနေမှန်း သိရတော့တယ်။ တကယ့်ကို အရူးမလေးပဲ"
"မင်းက လျန်ရှီ မဟုတ်သလို ကျွန်တော်ကလဲ ပထမမင်းသားလို သစ္စာမရှိ ရက်စက်တတ်တဲ့သူ မဟုတ်ပါဘူး။ အဲဒီ့ နန်းတွင်းအပျိုတော် နှစ်ယောက်ကို မနက်ဖြန် ပြန်လွှတ်လိုက်ပါ"
ဟွေ့အန်းကုန်းကျူသည် ပိုလို့ပင် အသည်းအသန် ငိုကြွေးလေတော့သည်။ "ကျွန်မက ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချထားရတာကို။ ရှင် ဒီတစ်ခါ ငြင်းလိုက်ရင် နောက်ဆို လိုချင်ရင်တောင် ရမှာမဟုတ်တော့ဘူးနော်"
ဝူဖုမာသည် လက်နှစ်ဘက်ကို ဆန့်ထုတ်လိုက်ပြီး ဟွေ့အန်းကုန်းကျူလေး၏ မျက်နှာလေးကိုကိုင်ကာ မျက်ရည်များကို သေသေချာချာ သုတ်ပေးလိုက်လေသည်။ ထို့နောက် မျက်လုံးများ နီရဲနေသည့် ဟွေ့အန်းကုန်းကျူကို လေးနက်စွာ ပြောလိုက်လေ၏။ "ကျွန်တော်က ဘယ်သူ့ကိုမှ မလိုချင်ပါဘူး။ မင်းကိုပဲ လိုချင်တာပါ"
ဟွေ့အန်းကုန်းကျူ၏ မျက်ရည်များမှာ နောက်တစ်ကြိမ် စီးကျလာပြန်သည်။
ဒီတစ်ကြိမ်တွင်တော့ ပျော်ရွှင်ရသည့်မျက်ရည်များပင်။
...
ဟွေ့အန်းကုန်းကျူ စိတ်တည်ငြိမ်သွားသောအခါ ဝူဖုမာက လေသံတိုးတိုးဖြင့် ပြောလိုက်ပြန်သည်။ "အဖေနဲ့အမေက ကလေးကိစ္စကို ဘယ်တုန်းကမှ မတိုက်တွန်းဘူး။ မင်းရှေ့မှာလည်း တစ်ခွန်းမှမဟဘူး။ မင်း မထူးဆန်းဘူးလား"
ဟွေ့အန်းကုန်းကျူက အမှတ်တမဲ့ မော့ကြည့်လိုက်ကာ ဝူဖုမာနှင့် အကြည့်ချင်း ဆုံသွားတော့သည်။ "သူတို့တွေက ကျွန်မရဲ့ ကုန်းကျူဆိုတဲ့ ဂုဏ်ပုဒ်ကိုကြောက်ပြီး ကလေးကိစ္စ မပြောရဲကြတာ ပုံမှန်ပဲ မဟုတ်ဘူးလား"
ဝူဖုမာက သဘောကျစွာ ရယ်မောလိုက်ကာ "တကယ်တော့ ကျွန်တော်တို့ လက်ထပ်ပြီး သုံးနှစ်လောက်ရှိတုန်းက သူတို့တွေ စိတ်မရှည်ဖြစ်လာကြတယ်။ မင်းရှေ့မှာ မပြောရဲပေမဲ့လည်း ကျွန်တော် အိမ်ပြန်ရောက်တိုင်း ပွစိပွစိပြောကြတယ်"
"ကျွန်တော်က မင်းကို ဒီကိစ္စတွေနဲ့ စိတ်မညစ်စေချင်လို့ သူတို့ကို လိမ်ပြောလိုက်တယ်။ ကိုယ့်ဘာသာကို နာမည်ကြီးသမားတော်နဲ့ တိတ်တိတ်ကလေး ပြကြည့်တယ်။ သမားတော်က ပြောတယ်။ ကိုယ့်ခန္ဓာကိုယ်က ရောဂါခံရှိလို့ ကလေးရဖို့ ခက်ခဲတယ်တဲ့။ ဒါကြောင့် ပြဿနာက ကျွန်တော့်ဆီမှာ ရှိနေတာပါလို့ ပြောလိုက်တယ်"
"အဖေနဲ့အမေက လန့်သွားပြီး စိတ်ပူသွားကြတာပေါ့။ မင်းက ကျွန်တော့်ကို ရွံရှာသွားမှာစိုးလို့ မင်းရှေ့မှာ ကလေးဆိုတဲ့ စကားလုံးကိုတောင် မဟရဲကြတော့တာလေ"
ဟွေ့အန်းကုန်းကျူ "..."
ဟွေ့အန်းကုန်းကျူသည် ကိုယ့်နားကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားတော့သည်။ "ရှင် ...." အကြာကြီး ရေရွတ်နေလိုက်ပြီးမှ စကားတစ်ခွန်းကို ခက်ခက်ခဲခဲ ပြောလိုက်နိုင်တော့၏။ "ရှင် တကယ်ပဲ အဲဒီ့လိုပြောခဲ့တာလား"
ဝူဖုမာကလဲ ခေါင်းညိမ့်ပြလိုက်ကာ "ဟုတ်တယ်။ ဒီကိစ္စကို ကျွန်တော် မင်းကို မပြောပြခဲ့ဘူး။ ကလေးကိစ္စနဲ့ မင်းစိတ်ညစ်ပြီး ဒုက္ခရောက်နေမှာကို မလိုလားလို့လေ။ လူ့ဘဝက တိုတိုလေးပါ။ ကျွန်တော်တို့ လင်မယားဖြစ်ရတာက ဘဝဆက်တိုင်းပြုခဲ့တဲ့ ကုသိုလ်တွေကြောင့်ပဲလေ"
"ကလေးရှိရင်တော့ ကောင်းတာပေါ့။ မရှိဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး"
"ကျွန်တော့်ရဲ့ ဝမ်းကွဲညီအစ်ကိုတွေမှာ သားသမီးတွေ အများကြီး ရှိပါတယ်။ နောက်နှစ်အနည်းငယ်ကျရင် ကျွန်တော်တို့တွေ တစ်ယောက်လောက်ယူပြီး မွေးစားလိုက်လို့ရတာပဲလေ"
ဟွေ့အန်းကုန်းကျူသည် နှာခေါင်းထိပ်ဖျားလေးမှာ ရှုံ့မဲ့သွားပြီး ပူနွေးနွေးမျက်ရည်များက မျက်ဝန်းအိမ်ထဲမှ လျှံကျလာပြန်သည်။ "ရှင် ကျွန်မအပေါ် ဒီလောက်ကောင်းတာ ကျွန်မကတော့ ရှင့်ကို အမြဲတမ်း အနိုင်ကျင့်နေမှာ မကြောက်ဘူးလား"
ဝူဖုမာက အလွန်နူးညံ့သိမ်မွေ့စွာဖြင့် ပြုံးပြလိုက်လေသည်။ "ကျွန်တော်တို့တွေ ပျော်ပျော်ရွှင်ရွှင် နေသွားကြမယ်။ အတူတူ.အသက်တစ်ရာထိ နေသွားကြမယ်လေ။ မင်းက ကျွန်တော့်ကို ဖြည်းဖြည်းချင်း အနိုင်ကျင့်လို့ ရပါတယ်"
ဟွေ့အန်းကုန်းကျူသည် ဝူဖုမာကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ပြီး ငိုကြွေးကာ ပြောလိုက်လေသည်။ "ဒီနေ့မှပဲ ရှင် ကျွန်မအပေါ် ဒီလောက်ကောင်းမှန်း သိရတော့တယ်။ တကယ်လို့ ကျွန်မသာ ကုန်းကျူမဟုတ်ရင်ရော ရှင် ကျွန်မကို ဒီလိုဆက်ဆံပါ့မလား"
ဝူဖုမာက တလေးတနက် စဥ်းစားချင်ဟန်ဆောင်လိုက်ကာ "အင်း ... ကျွန်တော် သေသေချာချာလေး စဥ်းစားကြည့်လိုက်အုံးမယ်"
ဟွေ့အန်းကုန်းကျူက မကျေမနပ်ဖြစ်သွားပြီး လက်ကိုဆန့်ကာ ဝူဖုမာ၏ ရင်ဘတ်ကို ထုလိုက်လေသည်။
ဝူဖုမာသည် အထုခံလိုက်ရသဖြင့် အနည်းငယ် ချောင်းဆိုးမိတော့၏။
ဟွေ့အန်းကုန်းကျူမှာ ချက်ချင်းဆိုသလို စိတ်မကောင်းဖြစ်သွားပြီး ဝူဖုမာ၏ ရင်ဘတ်ကို အလျင်အမြန် ပွတ်သပ်ပေးလိုက်ကာ စိတ်မကောင်းစွာဖြင့် ပြောလိုက်တော့သည်။ "ကျွန်မ လက်လွန်သွားတယ်။ ရှင်ကလဲ ဘာလို့မရှောင်တာလဲ"
ဝူဖုမာက ဟွေ့အန်းကုန်းကျူ၏ လက်ကိုဆုပ်ကိုင်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေသည်။ "မင်း ကုန်းကျူ မဖြစ်ခင်ကတည်းက ကျွန်တော်တို့တွေ သိခဲ့ကြတာလေ။ ကျွန်တော် အချစ်ကို စတင်နားလည်တဲ့ အရွယ်ကတည်းက မင်းကို ဇနီးမယားအဖြစ် ပေါင်းသင်းဖို့ မျှော်လင့်ခဲ့တာပါ"
ဟွေ့အန်းကုန်းကျူ၏ မျက်ဝန်းထဲတွင် မျက်ရည်စများ လက်ခနဲ ဖြစ်သွားပြီး ရှိုက်သံပါစွာဖြင့် ဝူဖုမာ၏ ရင်ခွင်ထဲသို့တိုးဝင်ကာ မှီခိုလိုက်လေတော့သည်။
...
အပိုင်း (၂၈၈) သတို့သမီးအသစ်
ဒုတိယမင်းသားအိမ်တော်။
အရက်နံ့များ တစ်ကိုယ်လုံး ထွက်နေသော လီကျင့်သည် ကလေးကို ပွေ့ချီရန် ကိုယ်ကိုကိုင်းလိုက်လေသည်။
ရွှီအာနှင့်ရွှမ်းအာတို့သည် အရက်နံ့ကိုရသောအခါ မနှစ်မြို့သလို ကိုယ်ကို တွန့်လိမ်နေကြတော့၏။
လုမင်ယွိက ပြုံးရယ်ကာ လီကျင့်ကို မျက်စောင်းထိုးလိုက်တော့သည်။ "ရှင့်တကိုယ်လုံး အရက်နံ့တွေ နံနေတာ။ ကလေးတွေအနား မကပ်နဲ့အုံး။ မြန်မြန်ရေသွားချိုးပြီး အဝတ်အစားသွားလဲလိုက်။ အမူးပြေဟင်းရည် သောက်ပြီးမှ ပြန်လာခဲ့"
လီကျင့်ကတော့ မျက်နှာပြောင်တိုက်ကာ အရက်နံ့များရှိနေသော ပါးစပ်ဖြင့် လုမင်ယွိကို တစ်ချက်နမ်းလိုက်ပြီး နောက်ထပ် မျက်စောင်းတစ်ချက် အထိုးခံလိုက်ရမှသာ ရယ်မောကာ ရေချိုးခန်းထဲသို့ ဝင်သွားလေတော့သည်။
လီကျင့်က ရေချိုးအဝတ်အစားလဲပြီး အမူးပြေကာ ထွက်လာချိန်တွင်တော့ ကလေးများအားလုံး အိပ်ပျော်သွားကြပြီ ဖြစ်၏။
လီကျင့်သည် သူ၏ ချစ်ဇနီးလေးကို ပွေ့ဖက်ကာ ကုတင်ပေါ်သို့တက်ရန် ပြင်လိုက်လေသည်။
လုမင်ယွိက လီကျင့်ကို တွန်းထုတ်လိုက်၏။ "မကဲနဲ့အုံး။ ရှင့်ကို ပြောစရာရှိတယ်"
လီကျင့်ကတော့ သူမကို ဆက်ပြီးပွေ့ထားဆဲဖြစ်ကာ လက်မလွှတ်ဘဲ သူမ၏ ပါးပြင်ကို နှုတ်ခမ်ဖြင့် ပွတ်သပ်နေလေ၏။ "ဘာကိစ္စလဲ"
လုမင်ယွိက သူ၏ မငြိမ်မသက် ဖြစ်နေသောလက်ကို ဖမ်းဆုပ်လိုက်ပြီး နေ့ခင်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စကို ပြောပြလိုက်တော့သည်။
လီကျင့်သည် မျက်မှောင်အနည်းငယ် ကြုတ်သွားကာ လက်က လှုပ်ရှားမှုကို ရပ်ထားလိုက်တော့သည်။ လုမင်ယွိနှင့် ခဏကြာ အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် စကားလုံးများကို ဂရုတစိုက် ရွေးချယ်ကာ ပြောလိုက်၏။ "ကိုယ်တို့ မောင်နှမ၇ယောက်ထဲမှာ ဟွမ်ကျဲက အကြီးဆုံးလေ။ သူက စေတနာလဲ ကောင်းပါတယ်။ ဗိုလ်ကျတာလဲ အကျင့်ဖြစ်နေပြီ။ နောက်ရက်နည်းနည်းကြာရင် ကို သူနဲ့ သီးသန့်ပြောလိုက်ပါ့မယ်"
လုမင်ယွိသည် လီကျင့်၏ သတိထား ပြောဆိုနေပုံကိုကြည့်ပြီး ရယ်ချင်စိတ် ဖြစ်သွားတော့၏။ "ရှင်က ကျွန်မနဲ့ ဟွမ်ကျဲ ဒီကိစ္စကြောင့်ရန်ဖြစ်ပြီး ပြဿနာတက်မှာကို စိုးရိမ်နေတာလား"
ဒါက စိုးရိမ်စရာ လိုသေးလို့လား။
သေချာပေါက်ဖြစ်လာမဲ့ ကိစ္စပဲလေ။
တောင်တလုံးမှာ ကျားနှစ်ကောင် မရှိနိုင်ဘူး။ လုမင်ယွိရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် ဟွမ်ကျဲက ဒီလိုပြုမူလာရင် ဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါ့မလဲ။
လီကျင့်က သူ၏ သဘောထားကို ချက်ချင်းရှင်းပြလိုက်လေသည်။ "အရင်တုန်းကတော့ ထားလိုက်ပါတော့။ နောက်ရက်နည်းနည်းကျရင် မင်းနဲ့ကိုရဲ့ ရာထူးခန့်အပ်ပွဲ ကျင်းပတော့မယ်လေ။ တရားဝင်နာမည် ရပြီးတာနဲ့ စည်းကမ်းသတ်မှတ်ရတော့မယ်။ ဒါမှ လူတိုင်းကလဲ မင်းကို အနိုင်ကျင့်လို့ရတယ်လို့ မထင်ဘဲ လေးစားလာကြမှာ"
လုမင်ယွိကလဲ သူမ၏ သဘောထားကို မငြင်းဆန်ချေ။ "ကျွန်မလဲ အဲဒီ့လိုပဲ တွေးထားတာပါ။ ဒီနေ့ ကျွန်မ သဘောထားကို ပြောပြီးပြီ။ နားလည်ပြီး ဆင်ခြင်မလားဆိုတာတော့ ဟွမ်ကျဲရဲ့ သဘောထား အပေါ်မှာပဲ မူတည်တော့တယ်"
ဟွေ့အန်းကုန်းကျူ၏ ဉာဏ်ရည်နှင့်ဆိုလျှင် နားလည်ရန် မခက်ခဲသော်ငြား အလျှော့ပေး၊ မပေးဆိုသည်မှာတော့ နားလည်ရန် ခက်ခဲလေသည်။
လီကျင့်သည် ဟွေ့အန်းကုန်းကျူ၏ စိတ်ထားကို စဥ်းစားမိပြီး ခေါင်းကိုက်သွားကာ သက်ပြင်းတစ်ချက် ချလိုက်တော့သည်။ "ကို သူနဲ့ စကားပြောလိုက်ပါ့မယ်"
လုမင်ယွိက ပြုံးလိုက်ကာ "ရှင် မလောပါနဲ့အုံး။ ရာထူးခန့်အပ်ပွဲပြီးမှ ပြောရင်လည်း နောက်မကျပါဘူး"
လီကျင့်က ခေါင်းညိမ့်လိုက်ပြီး စနောက်ကျီစယ်ရန် စိတ်မပါတော့ဘဲ လင်မယားနှစ်ယောက်သည် ကုတင်ဘေးတွင်ထိုင်ကာ စကားစမြည် ပြောလိုက်ကြလေသည်။ "ဟွမ်ကျဲက ဒီလိုစိတ်ဓာတ်မျိုး ဖြစ်လာတာက ဖုဟွမ်က မုန့်မိသားစုသားအမိကို အလိုလိုက်လွန်းတာနဲ့လည်း ဆိုင်တယ်" လီကျင့်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "မူဟုပ်က တရားဝင်မယားကြီးဖြစ်ပေမဲ့ အရေးမစိုက်တာကို ခံခဲ့ရတယ်။ ကိုယ်ကလဲ နောက်ကျပြီးမှ မွေးလာတော့ ငယ်ငယ်ကတည်းက သာ့ကောရဲ့ ဖိနှိပ်တာကို ခံစားခဲ့ရတယ်။ ဟွမ်ကျဲကလဲ စိတ်မကျေနပ်လို့ နေရာတကာမှာ အနိုင်မခံ မရှုံးမပေးဖြစ်လာတာ သူများ အထင်သေးတာ မခံချင်လို့လေ"
"ဖုယွမ် နန်းတက်ပြီးတော့ သူက ကုန်းကျူဖြစ်လာတဲ့အခါ ပိုပြီးတော့ ဗိုလ်ကျလာတော့တာပဲ"
လီကျင့်သည် ဟွေ့အန်းကုန်းကျူအပေါ် မောင်နှမသံယောဇဥ် ရှိသည်မှာလည်း အမှန်ပင်။ သွေးသည် ရေထက်ပျစ်သည် မဟုတ်ပါလား။ ဒီအစ်မသည် စိတ်သဘောထား ဆိုးရွားသော်ငြားလည်း သူ့အပေါ် ဂရုစိုက်ချစ်ခင်မှုကတော့ ယုံမှားသံသယဖြစ်စရာ မလိုပေ။
လုမင်ယွိက လက်လှမ်းကာ လီကျင့်၏ မျက်ခုံးများကို ညင်သာစွာ ပွတ်သပ်ရင်း လေသံတိုးတိုးဖြင့် ရယ်မောလိုက်လေသည်။ "ရှင် ပြောတာတွေကို ကျွန်မ သိပါတယ်။ ကျွန်မလဲ မွေးကတည်းက အလိုက်လိုက်ခံထားရလို့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ စိတ်ထားမျိုး ရှိနေတာပဲလေ"
"ရှင် စိတ်ချပါ။ ဘာပဲဖြစ်ဖြစ် ဒါက မိသားစုအတွင်းရေးကိစ္စပဲလေ ကျွန်မက လူတွေရှေ့မှာ ဟွမ်ကျဲ မျက်နှာပျက်အောင် မလုပ်ပါဘူး"
လီကျင့်၏ ရင်ထဲတွင် နွေးထွေးသွားပြီး လုမင်ယွိ၏ လက်ကိုဆုပ်ကိုင်ကာ လက်ဖမိုးလေးကို အသာအယာ နမ်းလိုက်လေသည်။
...
နောက်တနေ့ မနက်စောစောတွင် လီကျင့်နှင့်လုမင်ယွိတို့ ဇနီးမောင်နှံသည် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ နန်းတော်ထဲသို့ ဝင်လာခဲ့ကြ၏။
မယ်တော်ကြီးကျောက်သည် စတုတ္ထမင်းသားကို အမြဲတမ်း မျက်နှာသာပေးလေ့ရှိလေသည်။ ယခုအခါ စတုတ္ထမင်းသားက ကျောက်ယွီကို လက်ထပ်လိုက်သဖြင့် ဆွေမျိုးတော်စပ်မှု ပိုမိုခိုင်မြဲသွားပြီဖြစ်ကာ မယ်တော်ကြီးကျောက်၏ မျက်နှာသာပေးမှုသည်လဲ ပိုလို့ပင် တိုးပွားလာလေတော့သည်။
မင်္ဂလာဦး ဇနီးမောင်နှံသည် ရှို့နဥ်နန်းဆောင်သို့ ဝင်ရောက်လာသည်နှင့် မယ်တော်ကြီးကျောက်က ပါးစပ်မစိနိုင်အောင် ပြုံးရွှင်နေလေ၏။ အပြစ်ရှာရန်မဆိုထားနှင့် မကောင်းသည့် စကားတစ်ခွန်းပင် မဆိုချေ။ ရှက်သွေးဖြာနေသော ကျောက်ယွီက အဆင်ပြေချောမွေ့စွာဖြင့် လက်ဖက်ရည် ဆက်သလိုက်လေသည်။ မယ်တော်ကြီးကျောက် ပေးသနားသော တွေ့ဆုံခြင်းလက်ဆောင်သည်လဲ ယခင်မြေးချွေးမများ ရရှိသည်ထက် များစွာ ပိုပြီးများပြားလေသည်။
ချောင်မိဖုရားခေါင်ကတော့ မယ်တော်ကြီးကျောက်၏ မျက်နှာလိုက်လွန်းသော ပုံစံကိုကြည့်ပြီး စိတ်ထဲတွင် မကျေမနပ် ဖြစ်မိသဖြင့် မကြည့်ဘဲ နေလိုက်တော့၏။ ကျောက်ယွီက သူမကို လက်ဖက်ရည် ဆက်သလာသောအခါ ချောင်မိဖုရားခေါင်ကလဲ အခက်တွေ့အောင် လုပ်မနေဘဲ ပြုံးရွှင်စွာ လက်ခံလိုက်ပြီး တွေ့ဆုံခြင်းလက်ဆောင်ကို ပေးလိုက်လေသည်။
မုန့်ကွေ့ဖေးသည် အိပ်ဆောင်ထဲတွင် ဒဏ်ရာကုသနေဆဲဖြစ်သဖြင့် ထွက်မလာခဲ့ချေ။
ချင်ဖေးကတော့ အိမ်ထောင်ကျခါစ ချွေးမအသစ်အပေါ် အလွန် ရင်းနှီးဖော်ရွေနေလေ၏။ စူးဖေးကတော့ ဒီလို အခမ်းအနားမျိုးတွင် စကားများများပြောရဲခြင်း မရှိချေ။
သို့သော်ငြား ရွယ်တူအချင်းချင်း နှုတ်ဆက်ကြသည့်အခါတွင်တော့ အတော်လေး စည်းကားသွားလေသည်။
ကျောက်ယွီက အရင်ဆုံး ဟွေ့အန်းကုန်းကျူကို နှုတ်ဆက်လိုက်လေသည်။
ဟွေ့အန်းကုန်းကျူ၏ မျက်လုံးများမှာ အနည်းငယ် နီရဲနေသော်ငြားလည်း မျက်နှာသွင်ပြင်ကတော့ အထူးတလည် ကြည်လင်လို့နေသည်။ ကျောက်ယွီက ပြုံးကာ မြှောက်ပင့်စကား ပြောလိုက်၏။ "ဟွမ်ကျဲက ဘာမျက်နှာချေ သုံးတာလဲ။ မျက်နှာလေးက ကြည်လင်နေတာပဲ"
ကျောက်ယွီသည် မယ်တော်ကြီးကျောက်၏ တူမတော်စပ်သူ ဖြစ်သဖြင့် ငယ်စဥ်ကတည်းက လီအိမ်တော်သို့ ဝင်ထွက်သွားလာနေကြဖြစ်ကာ ဟွေ့အန်းကုန်းကျူနှင့်လည်း အလွန်ရင်းနှီးလေသည်။ ဟွေ့အန်းကုန်းကျူက ပြုံးကာ စနောက်ပြောလိုက်၏။ "မျက်နှာအသွင်အပြင် ကြည်လင်တယ်ဆိုတာကတော့ ငါက ဘယ်လိုလုပ်ပြီး သတို့သမီးအသစ်လေးနဲ့ ယှဥ်နိုင်မှာလဲ"
ကျောက်ယွီသည် စနောက်ခံလိုက်ရသဖြင့် မျက်နှာလှလှလေးက နီမြန်းသွားကာ ခင်ပွန်းသည် အသစ်စက်စက်လေးကို ချက်ချင်းလှမ်းကြည့်လိုက်တော့သည်။
စတုတ္ထမင်းသားကလဲ ကျောက်ယွီကို ပြုံးကာ မျက်စိတစ်ဖက် မှိတ်ပြလေသည်။
ဇနီးမောင်နှံအသစ်လေး၏ မျက်လုံးချင်း စကားပြောနေပုံသည် လူတိုင်း၏ မြင်ကွင်းထဲသို့ ရောက်ရှိသွားပြီး အားလုံးကလဲ မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားကြတော့သည်။
ပထမမင်းသားကြင်ရာတော်ကတော့ တည်ငြိမ်ရင့်ကျက်စွာဖြင့် ယဥ်ကျေးသိမ်မွေ့စွာ ပြောလိုက်၏။ "တို့တတွေက အိမ််နီးချင်းတွေဆိုတော့ သွားရလာရ လွယ်ကူပါတယ်။ နောက်ဆိုရင် အားတဲ့အချိန် လာလည်အုံးနော်။ တို့ညီမတတွေ စကားပြောကြတာပေါ့"
ကျောက်ယွီသည် ရိုးသားသူတစ်ဦးဖြစ်သဖြင့် ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "ကြားတာတော့ ထန်အာက ကျန်းမာရေး သိပ်မကောင်းဘူးဆို သာ့စောင်က ထန်အာကို ပြုစုဖို့ အလုပ်ရှုပ်နေမှာပေါ့။ ကျွန်မ ခဏခဏလာလည်ရင် သာ့စောင်ကို အနှောက်အယှက်ပေးသလို ဖြစ်မနေဘူးလား"
ပထမမင်းသားကြင်ရာတော် "..."
ပထမမင်းသားကြင်ရာတော်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရင်ထဲက မကျေနပ်မှုများကို မျိုသိပ်လိုက်ရ၏။
လုမင်ယွိသည် စိတ်ထဲတွင် ကြိတ်ပြီးရယ်မောမိတော့၏။ ကျောက်ယွီနှင့် နှုတ်ဆက်ပြီးနောက်တွင် ပေါ့ပေါ့ပါးပါး စနောက်ကာ ကျီစယ်လိုက်လေသည်။ "တို့ဆီမှာတော့ ဆိုးသွမ်းတဲ့ ကလေးနှစ်ယောက် ရှိတယ်။ တနေ့လုံး ဆူညံနေတာပဲ။ စစ်တိမေ့က ဆူညံတာကို မမုန်းဘူးဆိုရင် ကြိုက်တဲ့အချိန် လာလည်လို့ရတယ်နော်"
ကျောက်ယွီက ချက်ချင်းပြုံးကာ ပြောလိုက်လေသည်။ "အာ့စောင်က အိမ်ထောင်ကျတာနဲ့ ကိုယ်ဝန်ရပြီး ကလေးနှစ်ယောက်တောင် မွေးထားတာ ဒီလိုကံကောင်းမှုမျိုးကို ကျွန်မလဲ ရအောင်ယူရမယ်”
အိမ်း!
ကျောက်ယွီက စကားမပြောတတ်ဘူးလို့ ဘယ်သူ ပြောတာလဲ။ စကားက နားထောင်လို့ ကောင်းလိုက်တာ!
ဟုတ်ပါသည်။ နားထောင်လို့ ကောင်းနေသည်က လုမင်ယွိအတွက်ဖြစ်ပြီး စိတ်ရှုပ်စရာကောင်းနသည်ကတော့ ပထမမင်းသားကြင်ရာတော်အတွက် ဖြစ်လေ၏။ မုန့်ယွင်လော်မှာလည်း ယခုအခါ ကိုယ်ဝန်ရှိနေပြီဖြစ်သော်ငြား အိမ်ထောင်ကျစက ကိုယ်ဝန်ရခြင်းနှင့် မယှဥ်နိုင်သော်လည်း ပထမမင်းသားကြင်ရာတော်နှင့် ယှဥ်လျှင်တော့ အများကြီး သာလွန်နေသေးသည်။
မုန့်ယွင်လော်က ပြုံးကာ ကျောက်ယွီ၏ မင်္ဂလာဆောင်အတွက် ဂုဏ်ပြုစကားပြောလိုက်ပြီး ကျောက်ယွီကလဲ မုန့်ယွင်လော်၏ ကိုယ်ဝန်အတွက် ဂုဏ်ပြုစကား ပြန်လည်ပြောဆိုလိုက်လေသည်။ အားလုံးကလဲ သဟဇာတ ဖြစ်နေကြလေ၏။
ထို့နောက်တွင်တော့ ကျင့်အန်းကုန်းကျူကို နီုတ်ဆက်ရမည့်အလှည့် ရောက်လာလေသည်။
ကျင့်အန်းကုန်းကျူသည် အတော်လေးပိန်သွားပြီး မျက်နှာပေါ်တွင်လည်း ဝမ်းနည်းရိပ်သမ်းနေလေ၏။
ကျောက်ယွီသည် ကြည့်ရင်း စိတ်မကောင်းဖြစ်သွားကာ နှုတ်ဆက်ပြီးနောက် စကားအနည်းငယ် ပိုပြောလိုက်မိတော့သည်။ "မုန့်ဖေးက နန်းတော်ထဲမှာ ဒဏ်ရာကုသနေရတယ်ဆိုပေမဲ့ အသက်အန္တရာယ်တော့ မရှိပါဘူး။ ရက်နည်းနည်းကြာရင် ညီမလေးအနေနဲ့ မုန့်ဖေးကို သွားတွေ့လို့ရမှာပါ။ ဒါက ဖုဟွမ်နဲ့ မူဟုပ်တို့ရဲ့ ကျေးဇူးပဲလေ။ ညီမလေးလဲ ကိုယ့်ဟာကို ဂရုစိုက်အုံး။ မဟုတ်ရင် လူတွေမြင်သွားတဲ့အခါ ညီမလေးက စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတယ်လို့ ထင်သွားအုံးမယ်"
ကျင့်အန်းကုန်းကျူသည် နေရခက်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "စစ်စောင် အထင်လွဲနေပါပြီ။ ကျွန်မက ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက နေမကောင်းဖြစ်သွားလို့ ပိန်ပြီးတော့ နွမ်းနယ်နေတာပါ"
ကျောက်ယွီကလဲ သက်ပြင်းချလိုက်လေသည်။ "သြော် ... ဒီလိုကိုး တို့ အထင်လွဲသွားတာပဲ"
လုမင်ယွိသည် နှုတ်ခမ်းထောင့်များ တွန့်ကွေ့သွားပြီး မျက်ဝန်းထဲတွင် အပြုံးရိပ်တစ်ခု ဖြတ်သန်းသွားတော့၏။
ကျောက်ယွီကလဲ တမင်သက်သက် ရန်လိုနေခြင်းတော့ မဟုတ်ချေ။ သူမ၏ စိတ်အခြေအနေက ဒီလိုပင် ဖြစ်လေသည်။ ဦးနှောက်ထက် ပါးစပ်က ပိုမြန်တတ်ပြီး တစ်ခါတစ်ရံ လူကို စိတ်ဆိုးအောင် လုပ်မိမှန်းပင် မသိလိုက်ပေ။ အခုလည်းကြည့်လေ။ ခုနက ဓားချက်က တည်ငြိမ်ပြီးတော့ တိကျလိုက်တာ။
နောက်ဆုံးတွင်တော့ ပဥ္စမမင်းသားလီချန် အလှည့်သို့ ရောက်ရှိလာခဲ့၏။
လီချန်က လက်နှစ်ဖက်ကိုယှက်ကာ စစ်စောင်ဟု နှုတ်ဆက်လိုက်လေသည်။
ကျောက်ယွီမှာ အံ့သြသွားလေတော့၏။ "တို့ နန်းတော်ထဲ မရောက်တာ နှစ်တဝက်လောက်ပဲ ရှိသေးတယ်။ မောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဝလာရတာလဲ"
လီချန် "..."
...