← Chapters

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အပိုင်း ၂၈၉ စည်းကမ်း

လုမင်ယွိသည် စိတ်ထဲတွင် ကြိတ်ပြီးရယ်မောမိလိုက်၏။

ကျောက်ယွီသည် လူ့လောကတွင် လျှောက်သွားနေသည့် လူသတ်လက်နက်ပမာပင်။ စကားတစ်ခွန်းဆိုလျှင် လူတစ်ယောက်ကို အသည်းနှလုံးကို ပေါက်ကွဲစေပြီး သေသွားစေလောက်သည်အထိ စွမ်းဆောင်နိုင်လေသည်။ သွေးတစ်စက်မှ မထွက်ဘဲ လူသတ်နိုင်သောစွမ်းရည် မျိုးပင်။ ပိုပြီးထူးခြားသည်မှာ ကျောက်ယွီသည် တမင်သက်သက် ရည်ရွယ်ပြီး ပြောဆိုခြင်းမဟုတ်ဘဲ စကားတစ်ခွန်းချင်းဆီတိုင်းက သူမ၏ ရင်ထဲက အမှန်တကယ် ထွက်ပေါ်လာခြင်းပင်။

ဒါက လူကို ပိုပြီးသည်းမခံနိုင်ဖြစ်ရစေ၏။

လီချန်၏ ဝဖြိုးသောမျက်နှာကြီးသည် တောင့်တင်းသွားပြီး အနေရခက်သွားကာ ရယ်မောလိုက်လေသည်။ "စစ်စောင်က နောက်နေပါပြီ"

ကျောက်ယွီသည် လီချန်၏ အစ်မဝမ်းကွဲတော်စပ်ပြီး ယခုအခါ စတုတ္ထမင်းသားကြင်ရာတော် ဖြစ်လာသဖြင့် ဆွေမျိုးတော်စပ်မှု ပိုမိုနီးကပ်သွားပြီဟု ခံစားရလေသည်။ ထို့ကြောင့် စေတနာဖြင့် သတိပေးစကား ပြောလိုက်ပြန်သည်။ "ယောက်ျားလေးဆိုတာ ဝတာက ကျက်သရေရှိတယ်ဆိုပေမဲ့ မောင်လေးက ငယ်သေးတာပဲလေ။ နောက်နှစ်အနည်းငယ်ကျရင် မိန်းမယူရအုံးမှာ။ ဒီပုံစံကြီးနဲ့ ဘယ်လိုလုပ်မှာလဲ။ နောက်ဆိုရင် အစားတွေလျှော့စား သိုင်းလေ့ကျင့်ကွင်းထဲမှာ လေ့ကျင့်ခန်းများများလုပ် ပိန်သွားရင် ကောင်းမယ်"

လီချန် "..."

လီချန်သည် အမြဲတမ်း ရိုးသားပြီး အနည်းငယ် တုံးအသောပုံစံမျိုးဖြင့် နေလေ့ရှိ၏။ မုန့်လုံးကဲ့သို့ ပျော့ပျောင်းသော စိတ်သဘောထားရှိပြီး လူအများရှေ့တွင် ဘယ်သောအခါမှ ဒေါသမထွက်ဖူးချေ။

ယခုအချိန်တွင်တော့ လီချန်သည် ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေသော်ငြား အတင်းအကြပ် ထိန်းချုပ်ကာ ပြောလိုက်ရသေးသည်။ "သတိပေးတဲ့အတွက် စစ်ဆောင်ကို ကျေးဇူးတင်ပါတယ်"

သူ၏ စစ်စောင်ကလဲ နောက်ထပ်သတိပေးစကား အနည်းငယ် ပြောချင်နေသေးသည်။

စတုတ္ထမင်းသားသည် ပြုံးကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ကျောက်ယွီ၏ လက်ကိုတွဲကာ ရင်းနှီးစွာဖြင့် တိုးတိုးလေး ပြောလိုက်၏။ "ကျွန်တော်တို့ ဖုဟွမ်နဲ့အတူ ဘိုးဘေးဘုရားကျောင်းကို သွားပြီးတော့ ကန်တော့ရအုံးမယ်။ အရေးကြီးတဲ့ကိစ္စတွေပြီးမှ နေ့လယ် နန်းတွင်းစားသောက်ပွဲကြရင် အေးအေးဆေးဆေး စကားပြောကြတာပေါ့"

ကျော်ယွီသည် မျက်နှာလေးရဲသွားကာ ပြုံးရွှင်စွာ ခေါင်းညိမ့်ပြလိုက်လေသည်။

မွန်းတည့်ချိန် နန်းတွင်းစားသောက်ပွဲသည် မိသားစုစားသောက်ပွဲ ဖြစ်သဖြင့် နေရာခွဲခြားထားခြင်း မရှိချေ။

မယ်တော်ကြီးကျောက်သည် ယနေ့တွင် စတုတ္ထမင်းသား ဇနီးမောင်နှံအတွက် အစွမ်းကုန် အားဖြည့်ပေးမည်ဟု ဆုံးဖြတ်ထားသဖြင့် မျက်နှာတွင်ဘအပြုံးပန်းများ ဝေဆာလျက်ရှိရာ ရှေ့ဆုံးနေရာတွင် ထိုင်နေလေသည်။ ယုံးကျားဧကရာဇ်နှင့် ချောင်မိဖုရားခေါင်တို့ကလဲ ဒုတိယနေရာတွင် ထိုင်နေကြ၏။

ထိုနောက်တွင်တော့ အသက်အရွယ် ကြီးစဥ်ငယ်လိုက် ထိုင်ကြရမည် ဖြစ်သည်။ ပုံမှန်အားဖြင့် ဟွေ့အန်းကုန်းကျူနှင့် ဝူဖုမာတို့က ရှေ့ဆုံးတွင်ထိုင်ပြီး ပထမမင်းသားကြင်ရာတော်တို့ လင်မယား ထို့နောက်မှ လီကျင့်နှင့်လုမင်ယွိတို့ အလှည့်ရောက်လာလေသည်။

သို့သော်ငြား ဘယ်သူမှ ထင်မှတ်မထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာခဲ့၏။ ဟွေ့အန်းကုန်းကျူက ပြုံးရွှင်စွာဖြင့် နေရာဖယ်ပေးလိုက်ခြင်းပင်။ "ဒီနေ့က မိသားစုစားသောက်ပွဲ ဆိုပေမဲ့လည်း ထုံးတမ်းအစဥ်အလာအတိုင်း.ထိုင်ကြရအောင်လေ။ ထိုက်ဇီနဲ့ထိုက်ဇီဖေးတို့က အပေါ်မှာ ထိုင်သင့်တယ်"

အားလုံး "..."

ဒီနေ့ နေက အနောက်ဘက်ကများ ထွက်လာသလား။

အားလုံးသည် တအံတသြ ဖြစ်သွားကြပြီး ဟွေ့အန်းကုန်းကျူကို ပြိုင်တူကြည့်လိုက်ကြလေသည်။

မောင်နှမ၇ယောက်တွင် ဟွေ့အန်းကုန်းကျူသည် အကြီးဆုံးဖြစ်ပြီး ဗိုလ်ကျလေ့ရှိသော စိတ်ထားကြောင့် အရာရာတွင် ဦးဆောင်ချင်သူဖြစ်သည်။ မနေ့က စတုတ္တမင်းသား မင်္ဂလာဆောင်တွင် ဦးဆောင်သူမှာလည်း ဟွေ့အန်းကုန်းကျူပင် ဖြစ်ခဲ့လေသည်။

တရက်တည်းသာ ကုန်ဆုံးသွားသော်လည်း ဟွေ့အန်းကုန်းကျူသည် အဘယ်ကြောင့်များ စိတ်ထားပြောင်းလဲရပါသနည်း။

လီကျင့်နှင့်လုမင်ယွိတို့ကလဲ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

လုမင်ယွိကတော့ ပြုံးကာ ယဥ်ကျေးစွာဖြင့် ငြင်းဆန်လိုက်တော့သည်။ "ဟွမ်ကျဲက အကြီးဆုံးလေ ထိပ်ဆုံးမှာ ထိုင်သင့်ပါတယ်"

ဟွေ့အန်းကုန်းကျူကတော့ ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ရာ ပုံစံမပျက် ပြုံးကာပြောလိုက်လေသည်။ "အရင်တုန်းကတော့ ဟုတ်တာပေါ့။ ဘယ်သူက ငါ့ကို ဖယ်ခိုင်းပါစေ ငါက လက်ခံမှာမဟုတ်ဘူး။ အခုတော့ မတူတော့ဘူးလေ။ နောက်နှစ်ရက်နေရင် ထိုက်ဇီ ရာထူးခန့်အပ်ပွဲ ကျင်းပတော့မှာဆိုတော့ ရှိသင့်ရှိထိုက်တဲ့ စည်းကမ်းတွေကို သတ်မှတ်ရတော့မယ်"

ဝူဖုမာသည် ဟွေ့အန်းကုန်းကျူ၏ ဘေးတွင်ရပ်နေပြီး ပြုံးရုံသာပြုံးကာ စကားတစ်ခွန်းမှမဆိုဘဲ အလွန်နှိမ့်ချစွာ နေနေလေသည်။

သို့သော်ငြား မျက်စိရှိသူတိုင်းကတော့ သိကြလေ၏။ ဟွေ့အန်းကုန်းကျူ၏ ရုတ်တရက် ပြောင်းလဲမှုသည် သေချာပေါက် ဝူဖုမာ၏ "စွမ်းဆောင်ချက်" ကြောင့်ပင်။

လီကျင့်သည် စိတ်လှုပ်ရှားသွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်တော့သည်။ "ဟွမ်ကျဲရဲ့ စေတနာကို ကျွန်တော် အများကြီး ကျေးဇူးတင်ပါတယ်။ ရာထူးခန့်အပ်ပွဲပြီးမှပဲ ထုံးတမ်း အစဥ်အလာအတိုင်း လုပ်ကြတာပေါ့။ ဒီနေ့တော့ ဟွမ်ကျဲကပဲ ထိပ်ဆုံးမှာ ထိုင်ပါအုံး"

ဟွေ့အန်းကုန်းကျူက ပြုံးကာ မျက်ခုံးပင့်လိုက်၏။ "ငါတို့က မောင်နှမအရင်းတွေပဲလေ။ ဒီလို ဟိုတွန်းဒီတွန်း လုပ်နေစရာ ဘာလိုလို့လဲ။ နင် ထိပ်ဆုံးမှာ ထိုင်လိုက်တာနဲ့ ငါ့ကို မလေးမစားသလို ဖြစ်သွားမှာမလို့လား"

ထို့နောက်တွင်တော့ မျက်နှာအမူအယာ ရှုပ်ထွေးနေသော ပထမမင်းသားကို လှမ်းကြည့်ကာ မေးလိုက်၏။ "နင် ပြောကြည့်လေ ဟုတ်တယ်မလား"

ပထမမင်းသား "..."

ဟွေ့အန်းကုန်းကျူက နေရာဖယ်ပေးလိုက်သဖြင့် သူသည် အစ်ကိုကြီးတစ်ယောက်အနေဖြင့် သေချာပေါက် လိုက်လျောညီထွေ နေရပေတော့မည်။

ဒါက ဟွေ့အန်းကုန်းကျူအတွက် စည်းကမ်းသတ်မှတ်နေတာ မဟုတ်ဘူး။ ဒါက သောက်ကျိုးနဲ သူ့အတွက် စည်းကမ်းသတ်မှတ်ပေးနေတာပဲ။

ပထမမင်းသားသည် စိတ်ထဲတွင် ဆဲဆိုကြိမ်းမောင်း လိုက်သော်ငြားလည်း မျက်နှာပေါ်တွင်တော့ သင့်လျော်သည့် အမူအယာကို ချက်ချင်းပြင်ဆင်ထားလိုက်ပြီး ပြုံးကာ ထောက်ခံလိုက်တော့၏။ "ဟွမ်ကျဲ ပြောတာ မှန်ပါတယ်။ တိုင်းပြည်မှာ ဥပဒေရှိသလို အိမ်မှာလည်း စည်းကမ်းရှိပါတယ်။ စည်းကမ်းမရှိရင် ဘောင်မဝင်ဘူးလေ။ ထိုက်ဇီနဲ့ထိုက်ဇီဖေးတို့ ထိပ်ဆုံးမှာ ထိုင်ကြပါ"

ချောင်မိဖုရားခေါင်သည် ဟွေ့အန်းကုန်းကျူကို ကျေနပ်အားရစွာ ကြည့်လိုက်ပြီးနောက် လုမင်ယွိနှင့်လီကျင့်တို့ကို ပြောလိုက်တော့၏။ "မင်းတို့နှစ်ယောက် ဟိုပို့ဒီပို့ လုပ်မနေနဲ့တော့ လာထိုင်ကြ"

ယုံးကျားဧကရာဇ်ကလဲ ဝင်ပြောလိုက်တော့သည်။ "ထိုက်ဇီနဲ့ထိုက်ဇီဖေး အရင်ဝင်ထိုင်လိုက်ကြပါ"

အရှင်မင်းကြီး၏ စကားသာ အတည်ဖြစ်လေသည်။

လီကျင့်နှင့်လုမင်ယွိတို့ကလဲ "မတတ်သာသည့်အဆုံး" လက်ခံလိုက်ပြီး အတူတူ ဝင်ထိုင်လိုက်ကြတော့၏။

ဟွေ့အန်းကုန်းကျူနှင့်ဝူဖုမာတို့သည် သူတို့၏အောက်တွင် ထိုင်လိုက်ကြပြီး ထို့နောက်တွင်တော့ ပထမမင်းသားကြင်ရာတော်တို့ လင်မယားဖြစ်သည်။ ကျန်သူများက အသက်အရွယ်အလိုက် ထိုင်ကြသဖြင့် ထူးထူးခြားခြား ပြောင်းလဲမှုမရှိချေ။

သို့သော်ငြား လူတိုင်း၏ စိတ်ထဲတွင်တော့ ရှင်းလင်းစွာ သိလိုက်ကြလေသည်။ ယနေ့သည် "စည်းကမ်း" သည်အပြီးတိုင် သတ်မှတ်လိုက်ခြင်းဖြစ်၏။ နောင်တွင် ကိစ္စအဝဝ၌ ထိုက်ဇီနှင့် ထိုက်ဇီဖေးကို ဦးစားပေးရပေတော့မည်။

မယ်တော်ကြီးကျောက်သည် ပြဇာတ်ကောင်းတစ်ပုဒ်ကို ကြည့်လိုက်ရသကဲ့သို့ စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသော်ငြားလည်း ယနေ့သည် ကျောက်ယွီ၏ အိမ်ထောင်ကျပြီး ပထမဦးဆုံးအကြိမ် နန်းတွင်းစားသောက်ပွဲ ဖြစ်သည်ကို သတိရကာ ငြီးငြူသံများကို မျိုသိပ်လိုက်ရလေတော့သည်။

...

အရက်သုံးခွက် လှည့်လည်သောက်ပြီး ဂီတသံများ ထွက်ပေါ်လာပြီးနောက် ချောမောလှပသည့် ကချေသည် ၈ဦးခန့်က ကပြဖျော်ဖြေကြလေသည်။

ထိုအချိန်တွင် ဇနီးမောင်နှံနှစ်ဦးသည် သူတစ်ပါးကြားမည်ကို မစိုးရိမ်ဘဲ တီးတိုးစကား ပြောနေကြလေသည်။

လီကျင့်ကတော့ စားပွဲအောက်မှ လက်လှမ်းကာ လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်ထားလိုက်ပြီး လုမင်ယွိက ပြုံးကာဖြင့် ပြန်တုံ့ပြန်လိုက်၏။ ဇနီးမောင်နှံနှစ်ဦးသည် စိတ်ချင်းဆက်နွယ်နေသဖြင့် စကားများများ ပြောစရာ မလိုချေ။

နန်းတွင်းစားသောက်ပွဲ ပြီးဆုံးသွားသောအခါ စတုတ္ထမင်းသားတို့ ဇနီးမောင်နှံနှင့် ချင်ဖေးတို့သည် ရှို့နဥ်နန်းဆောင်သို့ စကားပြောရန် သွားရောက်ကြတော့၏။

မယ်တော်ကြီးကျောက်သည် အချိန်အတော်ကြာအောင် အောင့်အီးထားလိုက်ပြီးနောက် နောက်ဆုံးတွင်တော့ မနေနိုင်ဘဲ ထုတ်ပြောလိုက်ရတော့သည်။ "ဟွေ့အန်းက ဒီနေ့ ဘာဖြစ်လို့ တခြားသူတစ်ယောက်လို ပြောင်းလဲသွားတာလဲ။ သူ ပြောတဲ့စကားကလဲ အရမ်းကို ဟန်ဆောင်လွန်းတယ်။ မစဥ်းစားကြည့်တတ်ဘူးလား။ ဒီနေ့က ကလေးမလေးယွီ လက်ဖက်ရည်ဆက်သတဲ့ နေ့ကောင်းနေ့မြတ်ပဲလေ။ သူတို့တွေက ပြဇာတ် ကပြလိုက်တော့ ဇနီးမောင်နှံအသစ်လေးရဲ့ အရှိန်အဝါကို ဖုံးလွှမ်းသွားတာပေါ့"

ချင်ဖေးသည်လဲ စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသဖြင့် တမင်သက်သက် ပြောလိုက်လေတော့သည်။ "ဟွေ့အန်းကုန်းကျူက စေတနာနဲ့ပါ။ ကိုယ်တိုင်အလျှော့ပေးပြီး ထိုက်ဇီနဲ့ထိုက်ဇီဖေးကို မျက်နှာလုပ်ပေးနေတာလေ"

မယ်တော်ကြီးကျောက်ကတော့ နှာခေါင်းရှုံ့လိုက်ကာ "ပြဇာတ်ကချင်ရင်လည်း တခြားရက် ရွေးသင့်တာပေါ့"

ချင်ဖေးကလဲ သက်ပြင်းချလိုက်ပြီး "အားရှန်းတို့ လင်မယားက ဘယ်မှာ အဲလောက်အရေးပါလို့လဲ"

စတုတ္ထမင်းသားသည် မိခင်ဖြစ်သူ၏ အပေါ်ယံတွင် နှစ်သိမ့်သလိုနှင့် အတွင်းတွင် မီးလောင်ရာလေပင့် လုပ်တတ်သောအကျင့်ကို ရင်းနှီးနေပြီ ဖြစ်လေသည်။ ကျောက်ယွီကလဲ ငယ်စဥ်ကတည်းက လီအိမ်တော်သို့ ဝင်ထွက်သွားလာကာ အဘွားဖြစ်သူကို အဖော်ပြုပေးလေ့ရိသဖြင့် ချင်ဖေး၏ သဘောထားကြီးသလိုလိုနှင့် ငေါ့တော့တော့ ပြောတတ်သည့် စကားများကိုလည်း မကြာခဏ နာကြားဖူးလေသည်။

သို့သော်ငြား ကျောက်ယွီသည် ထိုစကားများကို နားထောင်ရသည်ကိုတော့ သိပ်မကြိုက်သဖြင့် မနေနိုင်ဘဲ ဝင်ပြောတော့၏။ "ထိုက်ဇီနဲ့ထိုက်ဇီဖေးက ဂုဏ်မြင့်တဲ့သူတွေလေ။ အစကတည်းက ဒီလိုပဲ ဖြစ်သင့်တာပါ"

ချင်ဖေး "..."

ချင်ဖေးသည် နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်ချိုးသွားပြီး အလိုက်ကမ်းဆိုးမသိသော ချွေးမကို တစ်ချက်ကြည့်ကာ သည်းခံလျက် ဟက်ခနဲ ရယ်မောလိုက်တော့သည်။ "ဟုတ်တာပေါ့။ သခင်နဲ့အခြွေအရံက ကွာခြားမှုရှိတာပဲလေ။ စည်းကမ်းကို စောစောစီးစီး သတ်မှတ်လိုက်တာ ကောင်းပါတယ်"

မယ်တော်ကြီးကျောက်သည် လုမင်ယွိထက် ကျောက်ယွီအပေါ် ပိုမိုသဘောကောင်းသဖြင့် ဒီလို ပြန်ပက်ခံလိုက်ရသော်လည်း ဒေါသမထွက်ဘဲ ပြုံးကာပြောလိုက်၏။ "ထားလိုက်ပါတော့လေ။ စိတ်မဆိုးရင် ပြီးတာပါပဲ"

ကျောက်ယွီကတော့ ပြုံးကာပြောလိုက်၏။ "ဒါက ဘာစိတ်ဆိုးစရာရှိလို့လဲ။ ကျွန်မကတော့ ဒီလိုဖြစ်သွားတာ ကောင်းတယ်လို့ ထင်တယ်"

စတုတ္ထမင်းသားသည် သူ၏ တုံးအလှသည့် ဇနီးသည်ကို ကြည့်လိုက်ပြီး တုံးအခြင်းကလဲ ကောင်းကျိုးရှိပါလားဟု တွေးလိုက်မိတော့၏။ စိတ်ထားက စမ်းချောင်းရေကဲ့သို့ ကြည်လင်ပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အကုန်မြင်နေရသည် မဟုတ်ပါလား။

...

ကျောင်းဖန်နန်းဆောင်တွင် ချောင်မိဖုရားခေါင်သည် ဟွေ့အန်းကုန်းကျူနှင့် တီးတိုးစကား ပြောနေကြလေသည်။

"ဟွေ့အန်း ... မင်း ဒီနေ့ ဘယ်လိုဖြစ်ပြီး ဒီအကြံ ပေါ်လာတာလဲ" ချောင်မိဖုရားခေါင်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

ဟွေ့အန်းကုန်းကျူကလဲ မျက်နှာလုပ်ချင်ဇောဖြင့် ပြောလိုက်လေ၏။ "ဒီလိုတွေးထားတာ ကြာပါပြီ။ ဒီနေ့က မိသားစုတွေ ဆုံတဲ့နေ့ဆိုတော့ အချိန်ကောင်းပဲလေ။ ဒါကြောင့် ထုတ်ပြောလိုက်တာပါ"

ချောင်မိဖုရားခေါင်သည် ဟွေ့အန်းကုန်းကျူ၏ မိခင်အရင်း ဖြစ်သည့်အလျောက် ဟွေ့အန်းကုန်းကျူကို တစ်ချက် အကဲခတ်လိုက်ပြီး တပ်အပ်ပြောလိုက်တော့သည်။ "တစ်ခုခု ဖြစ်ခဲ့တာ သေချာတယ်"

"မနေ့က စတုတ္တမင်းသား မင်္ဂလာဆောင်တုန်းက စတုတ္တမင်းသားအိမ်တော်မှာ ဦးဆောင်တဲ့သူက မင်းပဲလေ။ တညတည်းနဲ့ ဘယ်လိုလုပ်ပြီး လေသံက ပြောင်းလဲသွားရတာလဲ"

ဟွေ့အန်းကုန်းကျူ "..."

...

အပိုင်း (၂၉၀) အိမ်ရှေ့စံအရာအပ်နှင်းခြင်း (၁)

ဟွေ့အန်းကုန်းကျူသည် ချောင်မိဖုရားခေါင်၏ တရစပ်မေးမြန်းမှုကို မခံနိုင်တော့ဘဲ နောက်ဆုံးတော့ မနေ့က ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ပြောပြလိုက်တော့၏။

ချောင်မိဖုရားခေါင်သည် ထိုအကြောင်းအရာများကို နားထောင်ပြီးနောက်တွင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်လေတော့သည်။ "ကောင်းပြီလေ။ အခုလို ဖြစ်သွားတာလဲ ကောင်းပါတယ်"

"ဟွေ့အန်း မူဟုပ်က သမီးကို မချစ်လို့ မဟုတ်ပါဘူး။ မူဟုပ်က သမီးနဲ့အားကျင့် နှစ်ယောက်တည်းကိုပဲ မွေးခဲ့တာ။ သမီးတို့နှစ်ယောက်စလုံး အိမ်ထောင်ကျသွားကြပြီ။ မူဟုပ်က သမီးတို့ မောင်နှမနှစ်ယောက် သင့်သင့်မြတ်မြတ် ချစ်ချစ်ခင်ခင် ရှိစေချင်တာပါ"

"သာမာန်အိမ်တွေမှာဆိုရင် သမီးက အိမ်ထောင်ကျပြီး အပြင်ထွက်သွားတဲ့ အစ်မကြီးလေ။ အိမ်ပြန်လာရင် ဧည့်သည်ပဲ။ သမီးရဲ့ ယောက်မတွေကလဲ သမီးကို အလျှော့ပေးတာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်"

"ဒါပေမဲ့ တော်ဝင်မိသားစုမှာတော့ အဲဒီ့လို လွယ်လွယ်ကူကူ သဘောထားသေးလို့ မရတော့ဘူး။ အားကျင့်က အိမ်ရှေ့စံ ဖြစ်သွားပြီ။ လုရှီကလဲ အိမ်ရှေ့စံကြင်ရာတော် ဖြစ်သွားပြီ။ ဥပဒေနဲ့ စည်းကမ်းအရဆိုရင် အရှင်နဲ့အခြေအရံ ခွဲခြားမှုရှိရမယ်။ ဒီနေ့ သမီး လုပ်လိုက်တာ မှန်ပါတယ်"

ချောင်မိဖုရားခေါင်သည် ပြောရင်း ခပ်တိုးတိုး သက်ပြင်းချလိုက်ကာ လက်လှမ်းပြီး ဟွေ့အန်းကုန်းကျူ၏ ဆံနွယ်လေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။ "ဟွေ့အန်း စိတ်ထဲမှာ ဝမ်းနည်းမနေပါနဲ့။ သမီး စိတ်ထဲမှာ ဝမ်းနည်းနေရင် နောက်ဆိုရင် စကားပြောတာတွေ အပြုအမူတွေမှာ မသိမသာ ပါလာလိမ့်မယ်။ လုရှီက ဉာဏ်ကောင်းပြီး စိတ်ထားကလဲ ထက်မြက်တယ်။ သူသာ ရိပ်မိသွားရင် တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲပြီး အဆင်မပြေ ဖြစ်သွားလိမ့်မယ်"

လက်ဖမိုး လက်ဖဝါး နှစ်ဖက်စလုံးက အသားချည်းပင်။ ချောင်မိဖုရားခေါင်သည် သားနှင့်ချွေးမကို အားကိုးသလို ဗိုလ်ကျလေ့ရှိသော သမီးဖြစ်သူကိုလည်း သနားချစ်ခင်လေသည်။

မထင်မှတ်ထားသည်မှာ ဟွေ့အန်းကုန်းကျူသည် အမှန်တကယ်ပင် သဘောပေါက်သွားပြီး ပြုံးကာပြောလာလေသည်။ "သမီးကိုယ်တိုင် အဲဒီ့လိုပြောခဲ့မှတော့ တကယ်ပဲ သဘောပေါက်သွားလို့ပါ။ မူဟုပ် စိတ်ချပါ"

ချောင်မိဖုရားခေါင်သည် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ မယုံကြည်နိုင်စွာဖြင့် ဟွေ့အန်းကုန်းကျူကို ကြည့်လိုက်လေသည်။ "တကယ် သဘောပေါက်သွားတာလား။ နည်းနည်းလေးမှ စိတ်ထဲမရှိဘူးလား"

ဟွေ့အန်းကုန်းကျူက ခေါင်းခါပြလိုက်ကာ "သဘောပေါက်သွားပါပြီ တကယ် စိတ်ထဲမှာ မရှိပါဘူး"

ချောင်မိဖုရားခေါင်မှာ ဆွံ့အမိလေတော့သည်။

ဟွေ့အန်းကုန်းကျူက လေသံတိုးတိုးဖြင့် ပြောလာခဲ့၏။ "မူဟုပ် သမီး တကယ်ပဲ နားလည်သွားပါပြီ။ မောင်လေးက အိမ်ရှေ့စံဖြစ်မှ မူဟုပ်ရဲ့ မိဖုရားခေါင်နေရာက ခိုင်မြဲမှာ သမီးရဲ့ ကုန်းကျူနေရာကလဲ ပိုပြီးတော့ မြင့်မြတ်လာမှာလေ"

"ဖုဟွမ်က အမြဲတမ်း မုန့်မိသားစုက သားအမိကိုပဲ မျက်နှာသာပေးနေတာ။ ဒီနှစ်တွေမှာ ပထမမင်းသားက မောင်လေးထက် အများကြီးပိုပြီး မျက်နှာပွင့်ခဲ့တယ်"

"လုမင်ယွိနဲ့ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာ ရှင်းယန်ဝမ်က မောင်လေးကို အစွမ်းကုန် ကူညီပေးခဲ့တယ်။ မုန့်မိသားစုက တိတ်တိတ်ကလေး လုပ်ကြံဖို့ကြိုးစားပေမဲ့ မအောင်မြင်ဘဲ ကိုယ်တိုင် ဒုက္ခရောက်သွားခဲ့တယ်။ ပထမမင်းသားက လုံးဝငြိမ်ကျသွားပြီး မောင်လေးကလဲ အဲဒီ့အတွက်ကြောင့်ပဲ စောစောစီးစီး အိမ်ရှေ့စံအဖြစ် ခန့်အပ်ခံလိုက်ရတယ်။ အခု လုရှီကလဲ သားတစ်ယောက် သမီးတစ်ယောက် မွေးပေးလိုက်တော့ မောင်လေးရဲ့ အိမ်ရှေ့စံနေရာကလဲ ပိုပြီးခိုင်မာသွားပြီလေ"

"သမီးက အစ်မကြီးဖြစ်ပြီးတော့ ဘာမှကူညီမပေးနိုင်ပါဘူး။ မောင်လေးရဲ့ ခြေထောက်ကိုတော့ ပြန်ဆွဲမထားသင့်ဘူးလေ"

ဒါသည် လက်တွေ့ကျပြီး ကျိုးကြောင်းသင့်သည့် အတွေးအခေါ်ပင်။

သံယောဇဥ်အရပြောရလျှင် မောင်နှမများ အိမ်ထောင်ကျသွားပြီဆိုလျှင် မိသားစုနှစ်ခု ဖြစ်သွားကြသည်။ အရင်နှီးဆုံးသူသည် မောင်နှမမဟုတ်တော့ဘဲ အိမ်ရာချင်း ကပ်သူများသာ ဖြစ်လေသည်။ သူမလဲ ကိုယ့်နေရာကိုယ် သိသင့်လေပြီ။

ချောင်မိဖုရားခေါင်သည် ကျေနပ်ဝမ်းသာသွားသလို စိတ်မကောင်းသလိုလည်း ခံစားလိုက်ရပြီး သက်ပြင်းချမိတော့၏။ "သမီးက နောက်ဆုံးတော့ လူကြီးဆန်လာပြီပဲ"

ဟွေ့အန်းကုန်းကျူသည် ချောင်မိဖုရားခေါင်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "မူဟုပ် သမီး ပြောပြစရာတစ်ခု ရှိသေးတယ်။ မနေ့ညက သမီးက ဖုမာကို စာကြည့်ဆောင်မှာ သွားအိပ်ခိုင်းပြီး ဖုမာအတွက် နန်းတွင်းအပျိုတော် နှစ်ယောက်ကို စီစဥ်ပေးခဲ့တယ် ..."

ချောင်မိဖုရားခေါင်သည် အာရုံတစိုက် နားထောင်နေပြီး ဝူဖုမာက နန်းတွင်းအပျိုတော်များကို ငြင်းပယ်ကာ သစ္စာရှိကြောင်း ပြသသည့်အကြောင်း ရောက်လာသည်တွင် မျက်ခုံးနှင့် မျက်လုံးများက ပြေလျော့သွားလေတော့၏။ "ကောင်းတယ်! ကောင်းတယ်! ဖုမာက သမီးအပေါ် တစိတ်တစ်ဝမ်းတည်းရှိတာပဲ။ သမီးက ဖုမာရဲ့ မေတ္တာကို မျက်ကွယ်မပြုနဲ့နော်"

ဟွေ့အန်းကုန်းကျူသည် နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ပြီး မျက်ဝန်းထဲတွင် နူးညံ့မှုများ ပြည့်နှက်နေလေ၏။ "မူဟုပ် စိတ်ချပါ။ သမီး ဖုမာနဲ့ ကောင်းကောင်းမွန်မွန် နေသွားပါ့မယ်"

ချောင်မိဖုရားခေါင်သည် သဘောကျစွာ ပြုံးလိုက်လေတော့၏။

ဟွေ့အန်းကုန်းကျူက ဒီလို လျင်မြန်စွာ သဘောပေါက်သွားသည်ကလဲ မဆန်းတော့ချေ။ အဓိကအကြောင်းအရင်းမှာ ရင်ထဲတွင် အချစ်များပြည့်နှက်နေသဖြင့် အပြိုင်အဆိုင် နေရာလုခြင်းများကို စိတ်မဝင်စားတော့ခြင်းသာ ဖြစ်လေသည်။

တကယ့်သူရဲကောင်းမှာ ဝူဖုမာသာပင်။

-

၂ရက်ကြာပြီးနောက် အိမ်ရှေ့စံအရာ ခန့်အပ်ပွဲအခမ်းအနားကို ကျင်းလွမ်ခန်းမတွင် တရားဝင် ကျင်းပလေသည်။

အခမ်းအနားရေးရာဌာနသည် လပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့သဖြင့် ဒီနေ့တွင်တော့ ရာထူးခန့်အပ်ပွဲ အခမ်းအနားက စနစ်တကျရှိလှပြီး ခမ်းနားထည်ဝါကာ နည်းနည်းလေးမှ ရှုပ်ထွေးခြင်း မရှိချေ။

လီကျင့်သည် ဒီနေ့မှစပြီး တခြားမင်းသားများနှင့် မတူညီသည့် တောက်ပသော အဝါရောင် အိမ်ရှေ့စံဝတ်စုံကို ဝတ်ဆင်ကာ မှူးမတ်သေနာပတိတို့၏ ဂါရဝပြုခြင်းကို ခံယူရပေမည်။ ယုံးကျားဧကရာဇ်ကိုယ်တိုင် အိမ်ရှေ့စံကို ဦးဆောင်ကာ ဘိုးဘွားဘုရားကျောင်းသို့ ဝင်ရောက်ပြီး ကောင်းကင်နှင့်မြေကြီး ဘိုးဘွားများကို ပူဇော်ကန်တော့လေသည်။

အခမ်းအနား ပြီးဆုံးသွားသည့်နောက်တွင် အရှင်မင်းကြီးသည် စားတော်ပွဲကို တည့်ခင်းကာ ရာထူးအဆင့်ရှိသည့် အရာရှိများအားလုံး နန်းတွင်းစားသောက်ပွဲသို့ တက်ရောက်ကြလေ၏။

အနောက်နန်းဆောင်တွင်လည်း နန်းတွင်းစားသောက်ပွဲကို တည့်ခင်းထားလေသည်။

မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့သည် ထိပ်ဆုံးတွင် ထိုင်နေကြပြီး လုမင်ယွိက သဘာဝကျကျ တတိယနေရာတွင် ထိုင်နေလေသည်။ လူနှစ်ဦးလျှင် တစ်ဝိုင်းစီ ထိုင်ရသဖြင့် စတုတ္ထနေရာတွင် ထိုင်နေသော ဟွေ့အန်းကုန်းကျူသည် လုမင်ယွိနှင့် တစ်ဝိုင်းတည်း ဖြစ်နေသည်။

သမီးယောက်မနှစ်ဦးသည် တစ်နေရာတည်းတွင် ထိုင်ကာ စားသောက်ရင်း စကားပြောဆိုပြီး ရယ်ရယ်မောမောနှင့် အလွန်သင့်မြတ်နေကြ၏။

လုမင်ယွိက ပြုံးရွှင်စွာဖြင့် ဟွေ့အန်းကုန်းကျူအတွက် ဟင်းထည့်ပေးလိုက်သည်။

ဟွေ့အန်းကုန်းကျူကလဲ ပြုံးကာ ပြောလိုက်လေသည်။ "နင် ငါ့အတွက် ဟင်းထည့်ပေးဖို့ မလိုပါဘူး။ ငါက လက်မလှမ်းနိုင်တာမှ မဟုတ်တာ"

လုမင်ယွိ၏ လူချော့သည့် စွမ်းရည်ကလဲ လီကျင့်ထက်တော့ မလျော့ချေ။ ပြုံးရွှင်စွာဖြင့် ပြောလိုက်လေ၏။ "ပုံမှန်ဆိုရင် မျက်နှာလုပ်ချင်ရင်တောင်မှ အခွင့်အရေး မရှိဘူးလေ။ ဒီနေ့မှ ဟွမ်ကျဲနဲ့ တစ်ဝိုင်းတည်းထိုင်ရတာဆိုတော့ ဟွမ်ကျဲက ကျွန်မကို မျက်နှာလုပ်ခွင့် ပေးပါအုံး"

ဟွေ့အန်းကုန်းကျူက အလျော့ပေးလိုက်သဖြင့် သူမအတွက် အလုပ်ရှုပ် သက်သာသွားတော့သည်။ သူမကလဲ ဟွေ့အန်းကုန်းကျူကို မျက်နှာသာပေးရသည်မှာ ပျော်ရွှင်မိလေသည်။

ဟွေ့အန်းကုန်းကျူက ရယ်မောလိုက်မိတော့၏။ "ထားလိုက်ပါတော့လေ။ ထိုက်ဇီဖေးရဲ့ ပြုစုမှုကို ခံယူရတာကလဲ သာမန်လူတွေ ခံစားနိုင်တဲ့ ကံကောင်းမှုမျိုးမှ မဟုတ်တာ"

သမီးယောက်မ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြလေတော့သည်။

ပထမမင်းသားကြင်ရာတော်နှင့် မုန့်ယွင်လော်တို့သည် တစ်ဝိုင်းတည်း ထိုင်ကြပြီး နှစ်ယောက်သား မကြာခဏ လှမ်းကြည့်လိုက်ကြကာ စိတ်ထဲတွင်တော့ မခံချိမခံသာ ဖြစ်နေမိတော့၏။

မုန့်ယွင်လော်သည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ပထမမင်းသားကြင်ရာတော် တစ်ယောက်တည်း ကြားနိုင်သည့်လေသံဖြင့် ပြောလိုက်၏။ "တကယ်ထင်မထားဘူး။ စိတ်ကြီးဝင်တတ်တဲ့ ဟွမ်ကျဲက လုရှီကို ဒီလောက်တောင် အလျှော့ပေးလိမ့်မယ်လို့လေ"

အမှန်ပဲ!

အားလုံးက သမီးယောက်မနှစ်ယောက် ရန်ဖြစ်ပြီး အကွဲကွဲအပြဲပြဲဖြစ်မည့် ပွဲကောင်းကို စောင့်ကြည့်နေကြသော်ငြားလည်း မည်သူက ထင်ထားပါမည်နည်း။ သမီးယောက်မ နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် လေးစားပြီး ရင်းနှီးချစ်ခင်ကြသည်မှာ ကြည့်ရသည်မှာ အသည်းယားစရာ ကောင်းလောက်အောင်ပင်။

ပထမမင်းသားကြင်ရာတော်သည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေ၏။ "အခု သူက ထိုက်ဇီဖေး ဖြစ်နေပြီလေ။ စန်းတိမေ့နဲ့ တို့တွေကလဲ သူ့ကို လေးစားရမှာပဲ။ စန်းတိမေ့က ပါးစပ်ဖွင့်လိုက်တာနဲ့ လုရှီ၊ လုရှီဆိုပြီး ပြောနေတာ တခြားသူတွေ ကြားသွားအုံးမယ်။ အဲဒီ့အချိန်ကြမှ ပြဿနာတက်နေအုံးမယ်"

မုန့်ယွင်လော်သည် ပါးစပ်နှင့်စိတ်မတူဘဲ ဟန်ဆောင်နေသော ပထမမင်းသားကြင်ရာတော်ကို တစ်ချက်မျက်စောင်းဖြင့် ကြည့်လိုက်ပြီး ဟန်လုပ်ပြုံးကာ ပြောလိုက်တော့၏။ "သာ့စောင်က အမြဲတမ်း သတိထားနေထိုင်တတ်တယ်။ စကားပြောရင်လည်း ရေတစ်စက်မှတောင် မစင်ဘူး။ လေးစားစရာ ကောင်းလိုက်တာ"

"သာ့စောင်လို စိတ်ထားမျိုးက တကယ်တော့ ထိုက်ဇီဖေးနေရာနဲ့ ပိုပြီးသင့်တော်တာပါ။ တကယ်နှမြောစရာပဲ"

စကားထဲတွင် လှောင်ပြောင်သရော်သည့် အဓိပ္ပါယ်များ ထင်ရှားနေလေ၏။

ပထမမင်းသားကြင်ရာတော်၏ မျက်နှာအမူအယာမှာ အနည်းငယ် ပြောင်းလဲသွားပြီး အေးစက်စက်အသံဖြင့် ပြောလိုက်တော့သည်။ "စန်းတိမေ့ တစ်ချို့စကားတွေက နောက်ပြောင်လို့ရပေမဲ့ တစ်ချို့စကားတွေကိုတော့ လျှောက်ပြောလို့ မရဘူးနော်။ တိုင်းပြည်မှာ ဥပဒေရှိတယ်။ တရားဝင်သားကို အိမ်ရှေ့မင်းသားအရာ ခန့်အပ်တာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲလေ"

"ပထမမင်းသားက ထီးနန်းကို ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးဘူး။ တို့ကလဲ ကိုယ့်နေရာကိုယ် သိပါတယ်။ ထိုက်ဇီဖေးဖြစ်ဖို့က ဘယ်တုန်းကမှ မမှန်းခဲ့ဖူးဘူး။ စန်းတိမေ့ ဒီလိုပြောတာက တို့လင်မယားကို မတရားမှုထဲ တွန်းပို့နေတာပဲ"

မုန့်ယွင်လော်သည် ခပ်တိုးတိုး ရယ်မောလိုက်၏။ "ကျွန်မက စနောက်လိုက်တာပါ။ သာ့စောင်က ဘာဖြစ်လို့ အတည်ယူပြီးတော့ ဒေါသထွက်နေရတာလဲ။ သာ့စောင် နားထောင်ရတာ မကြိုက်ရင် နောက်ဆို ကျွန်မ မပြောတော့ပါဘူး"

ပထမမင်းသားကြင်ရာတော်သည်လဲ အလွယ်တကူ အနိုင်ကျင့်ခံမည့်သူ မဟုတ်သဖြင့် ပြန်တုံ့ပြန်လိုက်လေသည်။ "စန်းတိမေ့က အခုကိုယ်ဝန်ရှိနေပြီဆိုတော့ ကိုယ်ဝန်ကို ဂရုစိုက်သင့်တာပေါ့။ အတွေးတွေများနေရင် ကိုယ်ဝန်အတွက် မကောင်းဘူးနော်။ ကျွန်မလိုမျိုး ဖြစ်သွားမှာစိုးလို့ စန်းတိမေ့ သတိထားမှဖြစ်မယ်"

ဒါသည် မိမိကိုယ်ကိုမိမိ ဥပမာပေးပြီး ကျိန်စာတိုက်လိုက်ခြင်းပင်။ အမှန်ပင် ရက်စက်ပေသည်။

မုန်ယွင်လော်၏ မျက်နှာအမူအယာမှာ ပြောင်းလဲသွားပြီး မျက်လုံးများထဲတွင် ဒေါသများ တောက်လောင်လာတော့၏။

ပထမမင်းသားကြင်ရာတော်၏ စိတ်ထဲတွင်တော့ ကျေနပ်သွားလေတော့သည်။

မုန့်ယွင်လော်သည် အရှုံးမပေးချင်သဖြင့် ပထမမင်းသားကြင်ရာတော်ကို ရည်ရွယ်ချက်ရှိရှိ ထိုးနှက်လေတော့သည်။ "ပြောရမယ်ဆိုရင်တော့ သာ့စောင်က မယားငယ်ကမွေးတဲ့ ကလေးကို ဒီလောက်ဂရုတစိုက်ပြုစုပေးတာ တကယ့်မိခင်မေတ္တာပါပဲ"

ပထမမင်းသားကြင်ရာတော်ကလဲ မျက်နှာအမူအယာမပြောင်းဘဲ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်တော့သည်။ "အရှင်မင်းသားရဲ့သားက တို့ရဲ့သားပါပဲ။ နောက်ကျရင် တတိယမင်းသားမှာ မယားငယ်ကမွေးတဲ့ သားတွေရှိလာရင် စန်းတိမေ့ သဘောပေါက်လာပါလိမ့်မယ်"

မယားငယ်ကမွေးတဲ့ သားသမီးရှိလာမှက မလွဲမသွေ ကြုံတွေ့ရမဲ့ကိစ္စပဲလေ။ ဘယ်သူကမှ ဘယ်သူ့ကို အရင် ရယ်မောနေစရာ မလိုပါဘူး။

မုန့်ယွင်လော် "..."

အပိုင်း (၂၉၁) ခန့်အပ်ခြင်း (၂)

နန်းတော်စားသောက်ပွဲ ပြီးဆုံးသွားပြီးနောက်တွင် လုမင်ယွိသည် ကျောင်းဖန်နန်းဆောင်တွင် ချောင်မိဖုရားခေါင်နှင့် အဖော်ပြုကာ စကားစမြည်ပြောဆိုရင်း လီကျင့်ကို စောင့်ဆိုင်းနေလိုက်လေသည်။

သန်းခေါင်ယံအချိန် ရောက်မှသာ အရှေ့နန်းဆောင်မှ နန်းတော်စားသောက်ပွဲသည် ပြီးဆုံးသွားခဲ့လေသည်။

လီကျင့်၏ တစ်ကိုယ်လုံးတွင် အရက်နံ့များ ရနေသော်ငြားလည်း မျက်လုံးများကတော့ ကြည်လင်နေဆဲပင်။ သူသည် ပြုံးရွှင်စွာ ရှေ့သို့တိုးလာပြီး ချောင်မိဖုရားခေါင်ကို ဦးညွှတ်အရိုအသေ ပြုလိုက်လေသည်။

"သားတော် မူဟုပ်ကို ဂါရဝပြုပါတယ်"

ချောင်မိဖုရားခေါင်သည် သားဖြစ်သူကို သနားကြင်နာမိသဖြင့် ပြုံးကာ အပြစ်တင်စကား ဆိုလိုက်တော့သည်။

"ဒီလောက်တောင် နောက်ကျနေပြီကို။ လုရှီနဲ့အတူ အိမ်တော်ကို မြန်မြန်ပြန်ကြတော့။ ဘာလို့ ဂါရဝပြုနေသေးတာလဲ"

လီကျင့်သည် ဇွတ်အတင်းပင် ဂါရဝပြုလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်လေသည်။

"ဒီနေ့ ထိုက်ဇီ ခန့်အပ်ပွဲ အခမ်းအနားပြီးသွားတော့ ကျွန်တော်က သာ့ဝေတိုင်းပြည်ရဲ့ တကယ့်တရားဝင် ထိုက်ဇီ ဖြစ်သွားပြီ။ မူဟုပ် ပျော်ရဲ့လား"

ချောင်မိဖုရားခေါင် "..."

လုမင်ယွိသည် မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။

"အရှင်မင်းသား မူးနေပြီ"

လီကျင့် မူးသွားလျှင် ထူးဆန်းသည့် အချက်တစ်ချက် ရှိလေသည်။ မျက်လုံးများက ကြည်လင်နေပြီး စကားပြောလျှင်လည်း ပုံမှန်အတိုင်းဖြစ်ကာ အရက်မူးနေသူနှင့် နည်းနည်းလေးမှ မတူချေ။ တကယ်တမ်းတွင်တော့ အချိန်မရွေး မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားနိုင်လေသည်။

ချောင်မိဖုရားခေါင်ကလဲ ထိုအကြောင်းကို ကောင်းစွာသိရှိပေသည်။ ထို့ကြောင့် ပြုံးကာ ပြောလိုက်တော့၏။

"အရင်ဆုံး ပြန်ကြတော့။ မနက်ဖြန်က မင်းရဲ့ ထိုက်ဇီဖေး ခန့်အပ်ပွဲ အခမ်းအနား ရှိသေးတယ်။ မနက်ဖြန် ကျော်သွားရင်တော့ မင်းတို့ကလေးတွေနဲ့အတူ အရှေ့နန်းဆောင်ကို ပြောင်းရွှေ့လာခဲ့ကြတော့"

နောင်ဆိုရင် သူမသည် မြေးတော်လေးနှင့် မြေးမတော်လေးတို့ကို နေ့တိုင်း တွေ့မြင်ရတော့ပေလိမ့်မည်။

လုမင်ယွိသည် ပြုံးကာ ပြန်ဖြေလိုက်ပြီး လီကျင့်ကို တွဲထူကာ နှုတ်ဆက်ထွက်ခွာ လာခဲ့လေသည်။

လေအေးတစ်ချက် တိုက်ခတ်လိုက်သည်တွင် လီကျင့်၏ မူးဝေနေသည့်ခေါင်းသည် အနည်းငယ် ကြည်လင်သွားပြီး လေသံတိုးတိုးဖြင့် ခေါ်လိုက်လေသည်။

"ရှောင်ယွိ"

လုမင်ယွိက ပြုံးကာ အင်း ဟု ထူးလိုက်၏။

လီကျင့်သည် ပါးစပ်ဖြဲကာ ရယ်မောလိုက်ပြီး "ရှောင်ယွိ" ဟု ထပ်ခေါ်ပြန်သည်။

လမ်းတလျှောက်တွင် ခေါ်ဆိုသည့် အရေအတွက်မှာ သိပ်မများလှဘဲ အကြိမ် ၂၀ ကျော်လောက်သာ ရှိပေလိမ့်မည်။ လုမင်ယွိသည် အစပိုင်းတွင် စိတ်ရှည်လက်ရှည် ထူးနေသော်ငြား အကြိမ်များလာသည့်အခါ စိတ်မရှည်နိုင်တော့ချေ။

"ကျွန်မ ဒီမှာ အမြဲတမ်းရှိနေတာပဲ။ မခေါ်နဲ့တော့"

"ကိုက မင်းကို ခေါ်ချင်လို့ပါ။ ရှောင်ယွိ... ရှောင်ယွိ... ဟေ။ မင်း ဘာလို့ မထူးတာလဲ။ ကို့ကို မကြိုက်တော့တာလား"

လုမင်ယွိသည် ရယ်ရခက်ငိုရခက်ဖြစ်ကာ မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။

"ဟုတ်တယ်။ ရှင်က အရမ်းဆူညံလွန်းလို့ မကြိုက်တာ"

လီကျင့်သည် တိုးတိုးလေး ရယ်မောလိုက်ပြီး ကလေးတစ်ယောက်လို လုမင်ယွိ၏ ပခုံးပေါ်သို့ ခေါင်းမှီချလိုက်လေသည်။ လုမင်ယွိ၏ အရပ်အမောင်းက မြင့်မားသဖြင့် လီကျင့်က ထိုသို့မှီလိုက်သည့်တိုင် ပင်ပန်းသည့်ပုံ မပေါ်ချေ။

ထိုမြင်ကွင်းသည် အလွန်ပင် လိုက်ဖက်ညီလို့နေသည်။

နန်းတွင်းကုန်းကုန်း အနည်းငယ်နှင့် လိုက်ပါလာသည့် ထိုက်ဇီ၏ ကိုယ်ရံတော်တပ်သားများက တိတ်တဆိတ် ရယ်မောလိုက်ကြလေသည်။

မြင်းလှည်းပေါ်သို့ ရောက်သည်နှင့် လီကျင့်သည် အိပ်ပျော်သွားတော့သည်။ ခန္ဓာကိုယ်တစ်ဝက်လောက်က လုမင်ယွိ၏ ကိုယ်ပေါ်သို့ မှီကျနေ၏။ လုမင်ယွိသည် စိတ်မကောင်းဖြစ်သွားကာ လက်ဆန့်ပြီး လီကျင့်ကို ဖက်ထားလိုက်လေသည်။

ဒုတိယမင်းသား အိမ်တော်သို့ မကြာခင်မှာပင် ရောက်ရှိလာခဲ့သည်။

တပ်မှူးကျော်က သခင်ကို တွဲထူပေးရန် ပြုလုပ်လိုက်သည်တွင် ထိုက်ဇီဖေး၏ တည်ငြိမ်သည့်အသံကို ကြားလိုက်ရလေသည်။

"မလိုပါဘူး။ ကျွန်မဘာသာ အရှင်မင်းသားကို တွဲပြီး အိမ်တော်ထဲ ဝင်လိုက်မယ်"

ကိုယ်ရံတော်များအားလုံးသည် ထိုက်ဇီဖေး၏ အစွမ်းအစကို သိရှိထားကြသဖြင့် စကားကြားသည်နှင့် တိတ်ဆိတ်စွာ ဖယ်ပေးလိုက်ကြသည်။

ထိုက်ဇီဖေးသည် အရပ်အမောင်းမြင့်မားသည့် ထိုက်ဇီအရှင်မင်းသားကို ပေါ့ပေါ့ပါးပါးပင် ပွေ့ချီလိုက်ကာ မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်ကို တွေ့မြင်လိုက်ရ၏။ ထို့နောက်တွင်တော့ ထိုပုံစံအတိုင်းပင် အရှင်မင်းသားကို ပွေ့ချီကာ အိမ်တော်ထဲသို့ ဝင်ရောက်သွားတော့သည်။

ကိုယ်ရံတော်များ "..."

ပြောရမည်ဆိုလျှင် ထိုမြင်ကွင်းက အလွန်ပင် လိုက်ဖက်ညီနေသေးသည်။

တပ်မှူးကျော်က ကိုယ်ရံတော်များကို မျက်စောင်းထိုးလိုက်လေသည်။ "ဘာရပ်ကြည့်နေကြတာလဲ။ အိမ်တော်ထဲ မြန်မြန်ဝင်ကြလေ"

ကိုယ်ရံတော်များသည် အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်ကြပြီး တပြိုင်တည်း ပြန်ဖြေလိုက်ကြတော့သည်။

...

လုမင်ယွိသည် လီကျင့်ကို ကုတင်ပေါ်တွင် ချထားလိုက်ပြီး ချွေ့ရုံကို အမူးပြေဟင်းရည် ပြင်ဆင်ခိုင်းလိုက်လေသည်။ မကြာခင်မှာပင် ပူနွေးသည့် အမူးပြေဟင်းရည် ရောက်ရှိလာခဲ့သည်။ လုမင်ယွိက လီကျင့်၏ ပါးပြင်ကို ခပ်ဖွဖွလေး ပုတ်လိုက်၏။

"အမူးပြေဟင်းရည် သောက်ပြီးမှ အိပ်နော်"

လီကျင့်သည် ရီဝေဝေ မျက်လုံးပွင့်လာပြီး အမူးပြေဟင်းရည် တစ်ပန်းကန်လုံးကို ကုန်စင်အောင် သောက်လိုက်ကာ နောက်တစ်ကြိမ် ပြန်အိပ်ပျော်သွားတော့သည်။

လုမင်ယွိမှာ ရယ်ရခက်ငိုရခက်ဖြစ်ကာ ရေချိုးအဝတ်အစား လဲလှယ်လိုက်လေသည်။ တစ်နေ့ကုန် ကလေးများကို မတွေ့ရသေးသဖြင့် ကလေးများ၏ အခန်းဆီသို့ သွားရောက်ကြည့်ရှုလိုက်၏။ ရွှီအာနှင့် ရွှမ်းအာတို့သည် ယှဉ်လျက် အိပ်ပျော်နေကြပြီး ကုတင်ပေါ်တွင် ဖားလေးနှစ်ကောင်လို ဖင်လေးများကုန်းကာ မှောက်လျက်အိပ်နေကြလေသည်။

လုမင်ယွိသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်ထဲတွင် ကြည်နူးမှုများ အဆုံးအစမရှိ တိုးဝင်လာတော့သည်။

သူမသည် ကိုယ်ကိုကိုင်းလိုက်ပြီး ကလေးနှစ်ယောက်၏ နူးညံ့သည့် ပါးပြင်လေးများကို နမ်းရှိုက်လိုက်လေသည်။

မိခင်အရင်း ဖြစ်လာမှသာလျှင် ကလေးများအတွက် အသည်းနှလုံးကို ပုံအပ်ပေးနိုင်သည့် ခံစားချက်မျိုးကို နားလည်နိုင်ပေလိမ့်မည်။

နောက်တနေ့ ၅ချက်တီးအချိန်တွင် လုမင်ယွိတစ်ယောက် အိပ်ရာထလိုက်လေသည်။

လုမင်ယွိ လှုပ်ရှားလိုက်သည်နှင့် လီကျင့်သည်လည်း လိုက်ပါနိုးထလာတော့သည်။

သူ့တွင် အရက်သောက်နိုင်စွမ်း မရှိသော်ငြား ကောင်းကွက်တစ်ခုရှိသည်မှာ မူးလွယ်ပြီး အမူးပြေလွယ်ခြင်းပင်။ မျက်လုံးပွင့်လိုက်သည်နှင့် အသိစိတ်က ကြည်လင်နေပြီဖြစ်သည်။

"ရှောင်ယွိ ဒီနေ့က မင်းရဲ့ ထိုက်ဇီဖေး ခန့်အပ်ပွဲ အခမ်းအနားလေ။ ကို မင်းနဲ့အတူ စောစောစီးစီး နန်းတော်ထဲ ဝင်ပေးမယ်"

လုမင်ယွိက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

လီကျင့်သည် မျက်နှာပြောင်တိုက်ကာ ထိုက်ဇီဖေး ရေချိုးသည်ကို ကူညီပေးမည်ဟု ပြောလာရာ ထိုက်ဇီဖေး၏ မျက်စောင်းထိုးခြင်းနှင့် ကန်ထုတ်ခြင်းကို ခံလိုက်ရပြီး ရေချိုးဆောင်ထဲမှ ထွက်လိုက်ရတော့သည်။

ဇနီးမောင်နှံနှစ်ဦးသည် ကိုယ်စီ ပြင်ဆင်ပြီးနောက်တွင် နန်းတော်ထဲသို့ မြင်းလှည်းအတူစီးကာ ဝင်ရောက်လာခဲ့ကြလေသည်။

...

ထိုက်ဇီ ခန့်အပ်ပွဲ၏ ခမ်းနားကြီးကျယ်မှုနှင့် ယှဉ်လျှင် ထိုက်ဇီဖေး ခန့်အပ်ပွဲ အခမ်းအနားသည် ပိုမိုရိုးရှင်းလေသည်။

အခမ်းအနားကို ကျောင်းဖန်နန်းဆောင် အတွင်းတွင် ကျင်းပခြင်းဖြစ်ပြီး လာရောက်ကြည့်ရှုကြသူများမှာ နန်းတွင်းအမျိုးသမီးများနှင့် ဆွေမျိုးတော်စပ်သူများအပြင် မြို့တော်အတွင်းရှိ ဘွဲ့ထူးဂုဏ်ထူးရ အရာရှိကတော်များ ဖြစ်ကြလေသည်။

ဒီနေ့မှစတင်ကာ လုမင်ယွိသည် သာ့ဝေတိုင်းပြည်၏ တရားဝင် ထိုက်ဇီဖေး ဖြစ်လာခဲ့ပြီဖြစ်ပြီး ထိုက်ဇီဖေး၏ ရွှေတံဆိပ်တုံးနှင့် မှတ်တမ်းစာအုပ်တို့ကို ပိုင်ဆိုင်ရပြီဖြစ်သည်။

မှတ်တမ်းစာအုပ်သည် ထိုက်ဇီဖေး၏ အဆင့်အတန်းကို ကိုယ်စားပြုပြီး ကလေးလက်သီးဆုပ်အရွယ်ခန့်ရှိသည့် ထိုက်ဇီဖေး ရွှေတံဆိပ်တုံးသည်ကား ထိုက်ဇီဖေးအနေဖြင့် နန်းတွင်းရေးရာကိစ္စများကို စီမံခန့်ခွဲအမိန့်ပေးနိုင်သည့် အာဏာရှိကြောင်းကို ဖော်ပြနေလေသည်။

တကယ်တမ်းတွင်တော့ လက်ရှိအနောက်နန်းဆောင်တွင် မယ်တော်ကြီးကျောက်သည် ကျန်းမာစွာ ရှိနေသေးပြီး ချောင်မိဖုရားခေါင်သည်လည်း အရွယ်ကောင်းတုန်းပင် ဖြစ်လေသည်။ လုမင်ယွိအနေဖြင့် ချက်ချင်း ဦးဆောင်စီမံရမည့် အလှည့်တော့ မရောက်နိုင်သေးချေ။

သို့သော်ငြား ထိုက်ဇီဖေး၏ မြင့်မြတ်သည့် အဆင့်အတန်းသည်ကား ထင်ရှားပေါ်လွင်နေပြီ ဖြစ်၏။ ဟွေ့အန်းကုန်းကျူမှ စတင်ကာ ပထမမင်းသားကြင်ရာတော်၊ တတိယမင်းသားကြင်ရာတော်၊ စတုတ္ထမင်းသားကြင်ရာတော် အားလုံးသည် ရှေ့သို့တက်ကာ ဂါရဝပြုကြရလေသည်။

ချင်ဖေးနှင့် စူးဖေးတို့ပင်လျှင် တစ်ပိုင်းတစ်စ လူကြီးမိဘပုံစံမျိုး ဖမ်းလို့မရတော့ဘဲ ထိုက်ဇီဖေး၏ ရှေ့မှောက်တွင် သုံးပုံတစ်ပုံခန့် အလျှော့ပေး ရိုသေရတော့သည်။

ဒါသည် အာဏာပင် ဖြစ်လေသည်။

လုမင်ယွိသည် လူအများ၏ ဂါရဝပြုသည်ကို ပြုံးကာလက်ခံလိုက်ပြီး နူးညံ့စွာဖြင့် စကားပြန်ပြောလိုက်လေသည်။

လူအများကို လွှမ်းမိုးထားသည့် အရှိန်အဝါကို ထုတ်ပြစရာမလိုဘဲ တော်ဝင်ဆန်နေတော့၏။

ရှေ့နန်းတော် ထုံးတမ်းစဉ်လာအရ ထိုက်ဇီဖေး ခန့်အပ်ခြင်းသည် ဘိုးဘွားပိုင်နန်းဆောင်သို့ ဝင်ရောက်ကန်တော့ရန် မလိုပေ။ မိဖုရားခေါင် ခန့်အပ်ခြင်းမျိုးမှသာ ဘိုးဘွားပိုင်နန်းဆောင်သို့ ဝင်ရောက်ကာ ဘိုးဘွားများကို ပူဇော်ရခြင်းဖြစ်လေသည်။

အခမ်းအနား ပြီးဆုံးသွားပြီးနောက်တွင် မျိုးနွယ်စု ထိန်းချုပ်ရေးအရာရှိ တုံးပင်ကျွင်းဝမ်သည် ဆွေမျိုးစာရင်းတွင် ထိုက်ဇီဖေး၏ အမည်နာမကို ပြန်လည် မှတ်တမ်းတင်လိုက်လေသည်။

ယနေ့ နန်းတွင်းသို့ လာရောက်ကြသည့် ကတော်များနှင့် ဆွေမျိုးတော်စပ်သူများသည် ၁၀၀ နီးပါးခန့် ရှိလေသည်။ ခမ်းနားသည့် နန်းတော်စားသောက်ပွဲတွင် လူတိုင်းသည် အပြုံးပန်းများ ဝေဆာနေကြ၏။ နှမြောစရာကောင်းသည်မှာ လုအိမ်တော်၏ ဒုတိယသခင်မလေးမှာ မီးဖွားပြီးကာစဖြစ်သဖြင့် နန်းတော်သို့ မလာရောက်နိုင်ခဲ့ချေ။ လုမင်ဟွား၏ ခင်ပွန်းဖြစ်သူ ကျိုးလီ၏ ရာထူးမှာ နိမ့်ပါးသဖြင့် သူမအနေဖြင့် ယနေ့တွင် နန်းတော်ထဲသို့ ဝင်ရောက်ခွင့် မရရှိခဲ့ပေ။

လုမင်ဖန်းသည် ကျန့်အိမ်တော်သို့ ရောက်ရှိသွားပြီဖြစ်ကာ ကျန့်ကျုံး၏ ရာထူးအဆင့်အတန်းအရ နန်းတော်ထဲသို့ ဝင်ရောက်လာနိုင်သော်လည်း သူမသည် ကျန့်အိမ်တော်၏ ချွေးမဖြစ်သွားပြီဖြစ်၍ လုမိသားစုကို ကိုယ်စားမပြုနိုင်တော့ချေ။

ထို့ကြောင့် ၁၃နှစ်အရွယ် လုမင်ယွဲ့သည် ထိုက်ဇီဖေး၏ မိဘဆွေမျိုးဘက်မှ ကိုယ်စားလှယ် ဖြစ်လာခဲ့လေသည်။

လုမင်ယွဲ့သည် ချောမောလှပပြီး စစ်သူကြီးမျိုးနွယ်၏ သမီးပျိုပီပီ ဖျတ်လတ်တက်ကြွကာ အနေအထိုင် ကျွမ်းကျင်လိမ္မာလေသည်။ သူမကို သတိထားမိသူ မနည်းလှပေ။

တစ်စုံတစ်ယောက်က ရှန်းဖူးရန်ကို တိတ်တဆိတ် စုံစမ်းမေးမြန်းလေသည်။ "လုသခင်မလေးက စေ့စပ်ထားတာ မရှိသေးဘူးမလား"

လုမင်ယွိက ထိုက်ဇီဖေး ဖြစ်သွားပြီဖြစ်ရာ လုမင်ယွဲ့သည် ထိုက်ဇီဖေး၏ ညီမအရင်း ဖြစ်လေသည်။ တကယ်လို့များ လုမင်ယွဲ့ကို အိမ်တော်သို့ ချွေးမအဖြစ် ခေါ်ယူနိုင်ခဲ့လျှင် ထိုက်ဇီနှင့် မယားညီအစ်ကို တော်စပ်သွားမည်ဖြစ်ပြီး နောင်တွင် ထိုက်ဇီ၏ ချီးမြှောက်မှုကို ခံရနိုင်သည် မဟုတ်ပါလား။

ရှန်းဖူးရန်၏ သမီးသည် လုအိမ်တော်သို့ ချွေးမအဖြစ် ရောက်ရှိထားသူဖြစ်ရာ ရှန်မိသားစုနှင့် လုမိသားစုသည် ခမည်းခမက်များ ဖြစ်ကြလေသည်။

ရှန်းဖူးရန်သည် လုမင်ယွဲ့ကို ရင်းနှီးသော်ငြား သူမက ထိုစကားကို လက်ခံမပြောဆိုလိုဘဲ ပေါ့ပေါ့ပါးပါးပင် ရှောင်လွှဲလိုက်တော့သည်။ "လုမိသားစုကိစ္စကို ကျွန်မက ဘယ်လိုလုပ် သိမှာလဲ။ ပြီးတော့ လုသခင်မလေးက ငယ်ပါသေးတယ်။ ကမ်းလှမ်းချင်ရင်တောင် အရွယ်ရောက်တဲ့အထိတော့ စောင့်သင့်တာပေါ့"

တခြားတစ်ယောက်က လုမင်ဖန်း၏ ရှေ့သို့ရောက်လာပြီး အကဲခတ်လေသည်။

လုမင်ဖန်းကလဲ ပြုံးကာ ပြန်ဖြေလိုက်၏။ "ကျွန်မက အိမ်ထောင်သည် အမျိုးသမီးလေ။ လုမိသားစုကိစ္စကို ကျွန်မက ဆုံးဖြတ်လို့မရပါဘူး" ထို့နောက်တွင်တော့ စကားလမ်းကြောင်းကို အမြန်လွှဲလိုက်တော့သည်။

လုမင်ယွဲ့အပေါ် စိတ်ဝင်စားသူများထဲတွင် တုံးပင်ကျွင်းဝမ်ဖေးလည်း ပါဝင်လေသည်။

တုံးပင်ကျွင်းဝမ်ဖေးသည် ဉာဏ်များသူတစ်ဦးဖြစ်ပြီး ထိုက်ဇီဖေးကို ဂုဏ်ပြုစကားဆိုရင်း လုသခင်မလေးကိုပါ တခါတည်း ချီးကျူးစကား ဆိုလိုက်တော့သည်။

...

All Chapters