အခန်း (၂၉၂-၂၉၄)
Vol. 20 Ch. 292-294
အပိုင်း (၂၉၂) အရှက်ခွဲခြင်း
လုမင်ယွိသည် စိတ်အားထက်သန်ပြီး လှိုက်လှဲစွာ ပြုမူနေသော တုံးပင်ကျွင်းဝမ်ဖေးကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားလေသည်။
"ဝူမေ့က ငယ်ပါသေးတယ်။ ကျွင်းဝမ်ဖေးရဲ့ ဒီလောက်ကြီးမားတဲ့ ချီးကျူးမှုကို မခံယူထိုက်ပါဘူး။ ဝူမေ့ကိုယ်စား ကျွင်းဝမ်ဖေးကို ကျေးဇူးတင်ပါတယ်"
တုံးပင်ကျွင်းဝမ်သည် ယုံးကျားဧကရာဇ်၏ ညီဝမ်းကွဲ တော်စပ်သူ ဖြစ်လေသည်။ ယုံးကျားဧကရာဇ် နန်းတက်ပြီးနောက်တွင် တုံးပင်ကျွင်းဝမ်ကို မျိုးနွယ်စုထိန်းချုပ်ရေးအရာရှိအဖြစ် ခန့်အပ်ခဲ့ပြီး တော်ဝင်ဆွေမျိုးများကို စီမံခန့်ခွဲစေခဲ့သည်။ တော်ဝင်ဆွေမျိုးများထဲတွင် တုံးပင်ကျွင်းဝမ်သည် အာဏာရှိသူတစ်ဦး လည်းဖြစ်သည်။
ခင်ပွန်းသည် မြင့်မြတ်လျှင် ဇနီးသည်လည်း မြင့်မြတ်သည် ဆိုသည့်အတိုင်း တုံးပင်ကျွင်းဝမ်ဖေးသည်လည်း ရေမြင့်လျှင် ကြာတင့် ဆိုသကဲ့သို့ နန်းတွင်းနှင့် နန်းပြင်တွင် အတော်အတန် မျက်နှာပန်းလှသူ ဖြစ်လေသည်။
ဆွေမျိုးတော်စပ်ပုံအရ ပြောရလျှင် လုမင်ယွိသည် လီကျင့်ဘက်မှနေ၍ တုံးပင်ကျွင်းဝမ်ဖေးကို အဒေါ်ဟု ခေါ်ဆိုရမည် ဖြစ်သည်။
သို့သော်ငြား ကျွင်းဝမ်ဖေးဟူသော အခေါ်အဝေါ် ထွက်ပေါ်လာသည်နှင့် စိမ်းကားမှု အရိပ်အယောင်များ ပေါ်လွင်သွားတော့သည်။
တုံးပင်ကျွင်းဝမ်ဖေးသည် လုမင်ယွိ၏ အေးစက်သော အမူအရာကို မမြင်ချင်ယောင်ဆောင်ကာ လှိုက်လှဲစွာ ဆက်ပြုံးနေဆဲပင်။
"လုမိသားစုရဲ့ သမီးပျိုတွေက တစ်ယောက်ဆို တစ်ယောက် ထူးချွန်ကြတယ်။ ထိုက်ဇီဖေးကို ကြည့်လိုက်တာနဲ့ သိသာပါတယ်"
လုမင်ယွိသည် အပြုံးပန်းများ ဝေဆာနေသော တုံးပင်ကျွင်းဝမ်ဖေးကို တစ်ချက်စွေကြည့်လိုက်ပြီး အေးစက်စက်ပင် ပြန်ပြောလိုက်လေသည်။
"ကျွင်းဝမ်ဖေးရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်"
တုံးပင်ကျွင်းဝမ်ဖေး "..."
ထားလိုက်ပါတော့။ သူမ ပါးစပ်ပိတ်ထားတာပဲ ကောင်းပါတယ်။
လုမင်ယွိ၏ မျက်ဝန်းများ တစ်ချက်လက်သွားပြီး စိတ်ထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်မိသည်။
ယခင်ဘဝတွင် လုမင်ယွဲ့သည် တုံးပင်ကျွင်းဝမ်၏ သားဖြစ်သူ လီယန်နှင့် လက်ထပ်ခဲ့လေသည်။
လင်မယားနှစ်ယောက်၏ သံယောဇဉ်သည် အမြဲတမ်း ကောင်းမွန်ခဲ့သည်။ သို့သော် ကံဆိုးသည်မှာ တုံးပင်ကျွင်းဝမ်သည် မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သူ ဖြစ်ပြီး ဉာဏ်များသူ ဖြစ်နေခြင်းပင်။ လုမိဖုရားခေါင် အာဏာကျဆင်းသွားသည်ကို မြင်သည်နှင့် ဧကရာဇ်အသစ်ဘက်သို့ ချက်ချင်း ပါသွားခဲ့လေသည်။
တုံးပင်ကျွင်းဝမ်ဖေးသည်လည်း နေရာတိုင်းတွင် မယ်တော်ကြီးစူးကို မြှောက်ပင့်ပေါင်းသင်းကာ ချွေးမဖြစ်သူ လုမင်ယွဲ့ နန်းတော်ထဲဝင်ပြီး မိဖုရားခေါင်ကို သွားရောက်တွေ့ဆုံသည်ကို မကျေမနပ်ဖြစ်ကာ အကြိမ်ကြိမ် ပြစ်တင်ဆူပူခဲ့သည်။
လုမင်ယွဲ့သည် ခေါင်းမာသူ ဖြစ်သဖြင့် ယောက္ခမဖြစ်သူ မည်သို့ပင် အနိုင်ကျင့်ပါစေ သည်းခံကာ နန်းတော်ထဲသို့ ပုံမှန် ဝင်ထွက်သွားလာခဲ့သည်။
ကံကောင်းသည်မှာ လီယန်သည် ဇနီးသည်ကို ချစ်ခင်သဖြင့် အကြိမ်တိုင်းတွင် ရှေ့ထွက်ကာကွယ်ပေးခဲ့ခြင်းပင်။
သို့သော် ယောက္ခမဖြစ်သူက ချွေးမကို ဒုက္ခပေးချင်လျှင် နည်းလမ်းပေါင်းစုံ ရှိလေသည်။ လီယန်သည် တာဝန်ထမ်းဆောင်ရသူဖြစ်သဖြင့် နေ့တိုင်း အိမ်တွင် နေနိုင်သည် မဟုတ်ပေ။ လုမင်ယွဲ့သည် တိတ်တဆိတ် ခံစားခဲ့ရသည်များ မနည်းလှချေ။
လုမင်ယွိသည် တုံးပင်ကျွင်းဝမ်ဖေးအပေါ် မည်သို့လုပ် မျက်နှာကောင်း ပေးနိုင်ပါမည်နည်း။
ထိုက်ဇီဖေး၏ သဘောထားသည် ဤမျှ ထင်ရှားနေသဖြင့် ရှိနေကြသော ကတော်များသည် နားမလေး မျက်စိမကန်းကြရာ အခြေအနေ မဟန်ကြောင်း ချက်ချင်း ရိပ်မိလိုက်ကြ၏။ လူအများရှေ့တွင် ဆွေးနွေးရန် မသင့်တော်သဖြင့် အချင်းချင်း မျက်ရိပ်မျက်ကဲသာ ပြလိုက်ကြတော့သည်။
ကြည့်ပါဦး။ တုံးပင်ကျွင်းဝမ်ဖေးက မြှောက်ပင့်တာ လွဲသွားပြီလေ။
...
နန်းတွင်းစားပွဲ ပြီးဆုံးသွားပြီးနောက် တုံးပင်ကျွင်းဝမ်ဖေးသည် ထိုက်ဇီဖေးကို ပြုံးရွှင်စွာ နှုတ်ဆက်ကာ အိမ်တော်သို့ ပြန်လာခဲ့လေသည်။
အိမ်တော်သို့ ရောက်သည်နှင့် တုံးပင်ကျွင်းဝမ်ဖေးသည် တစ်နေ့ဝက်လုံး ဟန်ဆောင်ထားခဲ့ရသော အပြုံးများကို ရုတ်သိမ်းလိုက်ပြီး ထိုင်ကာ ဒေါသထွက်နေတော့သည်။
တုံးပင်ကျွင်းဝမ် ပြန်ရောက်လာသောအခါ ဇနီးဖြစ်သူက ဒေါသတကြီး ပြောလေတော့သည်။
"ကျွန်မ ဒီနေ့ နန်းတော်ထဲမှာ တော်တော် အရှက်ကွဲခဲ့ရတယ်။ ရှင် နည်းနည်းလေးမှ မသိဘူးလား။ ဘယ်လိုလုပ် အရက်သောက်နိုင်ရတာလဲ"
တုံးပင်ကျွင်းဝမ်သည် အရက်အတော်များများ သောက်ထားသဖြင့် ခေါင်းမူးနေပြီး မျက်လုံးလှန်ကြည့်ကာ ပြောလိုက်သည်။ "ကောင်းကောင်းမွန်မွန် နေပါကွာ။ ဘယ်သူက မင်းကို အနိုင်ကျင့်ရဲလို့လဲ"
ဤသည်မှာ တုံးပင်ကျွင်းဝမ်က မိမိကိုယ်ကို အထင်ကြီးလွန်းခြင်း မဟုတ်ပေ။ တုံးပင်ကျွင်းဝမ်ဖေး အဆင့်အတန်းဖြင့် နန်းတော်ထဲသို့ ဝင်ရောက်လျှင် ချောင်မိဖုရားခေါင်ပင်လျှင် အတော်လေး ယဉ်ကျေးစွာ ဆက်ဆံရလေသည်။
ဘယ်သူက သူ့ကို ရန်စရဲမှာလဲ။
ဇနီးဖြစ်သူက အံကိုကြိတ်ကာ ပြောလိုက်လေသည်။ "ဘယ်သူရှိဦးမှာလဲ။ စစ်သူကြီးမျိုးနွယ်ကနေ ဆင်းသက်လာပြီး မောက်မာလွန်းတဲ့ လုရှီပေါ့"
တုံးပင်ကျွင်းဝမ် မျက်မှောင်ကြုတ်လိုက်ရာ အမူးပြေသွားသလို ဖြစ်သွားတော့သည်။
"မင်းက ဘယ်လိုလုပ်ပြီး ထိုက်ဇီဖေးနဲ့ ပြဿနာဖြစ်ရတာလဲ"
ဒါက ရန်စလို့ ကောင်းတဲ့သူ မဟုတ်ဘူးလေ။
မုန့်ဖေး သားအမိ၏ လက်ရှိအခြေအနေကို ကြည့်လျှင် လုမင်ယွိကို ရန်မစခင် ကိုယ့်ကိုယ်ကိုယ် အရင် ပြန်ချိန်ဆသင့်ကြောင်း သိသာနေသည်။
တုံးပင်ကျွင်းဝမ်ဖေးက မကျေမနပ် မျက်နှာဖြင့် ပြောလိုက်သည်။ "ကျွန်မက ဘယ်သူမလို့ သူ့ကို ရန်စရဲမှာလဲ။ ဒီနေ့ လုဝူရှောင်ကျဲ (ပဥ္စမသခင်လေးလု) နန်းတော်ထဲ ရောက်လာတာ တွေ့လိုက်တယ်။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောလှပပြီး ထက်မြက်ပုံရလို့ ကျွန်မတို့ အားယန်နဲ့ သင့်တော်တယ်ထင်ပြီး ချီးကျူးစကား နည်းနည်း ပြောလိုက်မိတာပါ"
"ဘယ်သူထင်မှာလဲ။ ထိုက်ဇီဖေးက အေးစက်စက်နဲ့ လူပုံအလယ်မှာ ကျွန်မကို ပါးစပ်ပိတ်ခိုင်းဖို့ပဲ လိုတော့တယ်"
တုံးပင်ကျွင်းဝမ်က သက်ပြင်းချလိုက်ပြီး မျက်စောင်းထိုးကာ ပြောလိုက်လေသည်။ "အားယန်က အခုမှ ၁၃နှစ်ပဲ ရှိသေးတာ။ ဟို လုဝူရှောင်ကျဲကလည်း ကလေးပဲ ရှိသေးတယ်။ မင်းက လူပုံအလယ်မှာ လုဝူရှောင်ကျဲကို ချီးကျူးနေတာက သိပ်မရိုးသားဘူးဆိုတာ ဘယ်သူက နားမလည်ဘဲ နေမှာလဲ။ ထိုက်ဇီဖေးက မင်းကို အရှက်ခွဲတာလည်း ဖြစ်သင့်ပါတယ်"
"ဆွေမျိုးတော်စပ်ချင်ရင် တိတ်တဆိတ် လုမိသားစုရဲ့ သဘောထားကို အရင်စုံစမ်းပြီးမှ အောင်သွယ်တော် လွှတ်ပြီး ကမ်းလှမ်းရမှာပေါ့။ ဒီလိုမျိုး မဆင်မခြင် ကိစ္စတွေကို နောက်ဆို လုံးဝ မလုပ်နဲ့"
တိုင်တန်းလို့ မအောင်မြင်သည့်အပြင် ပြန်ပြီး အဆူခံလိုက်ရသေးသည်။
တုံးပင်ကျွင်းဝမ်ဖေးသည် ရင်ထဲတွင် ပိုမိုဝမ်းနည်းလာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကျွန်မလည်း ရုတ်တရက် စိတ်ကူးပေါက်ပြီး ပြောလိုက်မိတာပါ။ ဘယ်နေရာမှာ မဆင်မခြင် ဖြစ်သွားလို့လဲ။ ဒါက ထိုက်ဇီဖေးက ကျွန်မကို ကြည့်မရလို့ တမင်သက်သက် အရှက်ခွဲတာပါ"
တုံးပင်ကျွင်းဝမ်က စိတ်မရှည်စွာ ပြောလိုက်သည်။ "သူက ထိုက်ဇီဖေးဆိုတာ မင်းလည်း သိသားပဲ။ သူက မင်းကို အရှက်ခွဲတော့ မင်းက ဘာတတ်နိုင်မှာလဲ။ သူက မယ်တော်ကြီးကိုတောင် မျက်နှာသာ မပေးတာ။ ကျွင်းဝမ်ဖေးလောက်ကတော့ ပြောမနေနဲ့တော့"
"မယှဉ်နိုင်ရင် နောက်ဆို သူ့နဲ့ ဝေးဝေးနေ။ တွေ့ရင် စကားနည်းနည်းပဲပြော။ ဒါဆို ရပြီမလား"
တုံးပင်ကျွင်းဝမ်ဖေး "..."
သူမသည် ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေသော်လည်း ထပ်မေးလိုက်လေသည်။ "ဒါဆို လုဝူရှောင်ကျဲကော။ ဒီလက်ထပ်ပွဲကို ဆက်လုပ်မှာလား"
တုံးပင်ကျွင်းဝမ်က ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်၏။ "ဒီကိစ္စက လောလောဆယ် မလောပါဘူး။ တစ်နှစ် နှစ်နှစ်လောက် နေပါစေဦး။ မင်း လုဝူရှောင်ကျဲကို တိတ်တဆိတ် စောင့်ကြည့်ထား။ တကယ်လို့ သဘောကျတယ်ဆိုရင် ငါကိုယ်တိုင် ရှင်းယန်ဝမ်ဆီ သွားပြီး တောင်းရမ်းပေးမယ်"
...
ကျောင်းဖန်နန်းဆောင် အတွင်းတွင်။
တော်ဝင်မိဖုရားများသည် တစ်ယောက်ပြီးတစ်ယောက် ပြန်လည် ထွက်ခွာသွားကြပြီးနောက် နန်းတွင်းကိုယ်လုပ်တော်များသည်လည်း နှုတ်ဆက်ထွက်ခွာသွားကြလေသည်။
မကြာခင်မှာပင် ချောင်မိဖုရားခေါင်၊ ဟွေ့အန်းကုန်းကျူနှင့် လုမင်ယွိတို့ သုံးဦးသာ ကျန်ရစ်တော့သည်။
ဟွေ့အန်းကုန်းကျူသည် ပွင့်လင်းသူပီပီ ပြုံးကာ ပြောလိုက်လေသည်။ "အာ့တိမေ့က ဒီနေ့ တကယ်ကို ခံ့ညားတာပဲ။ ပါးစပ်ဟလိုက်တာနဲ့ တုံးပင်ကျွင်းဝမ်ဖေးကို အရှက်ကွဲစေခဲ့တယ်"
တုံးပင်ကျွင်းဝမ်သည် မျက်နှာများပြီး ဟိုဘက်ဒီဘက် ယိမ်းတတ်သူ ဖြစ်လေသည်။
ဇနီးဖြစ်သူက ပိုဆိုးလေသည်။ နန်းတော်ထဲ ဝင်သည်နှင့် မယ်တော်ကြီးကျောက်ထံ သွားရောက်မြှောက်ပင့်ပြီး မုန့်ဖေး သားအမိထံသို့လည်း မကြာခဏ သွားရောက်တတ်သည်။ ကျောင်းဖန်နန်းဆောင်သို့ ဂါရဝပြုရန် လာရောက်သည့် အကြိမ်အရေအတွက် မနည်းသော်လည်း ချောင်မိဖုရားခေါင်တို့ သားအမိနှင့် သိပ်မရင်းနှီးလှပေ။
ဟွေ့အန်းကုန်းကျူသည် တုံးပင်ကျွင်းဝမ်ဖေးကို ကြည့်မရဖြစ်နေသည်မှာ ကြာပြီဖြစ်ရာ ယနေ့ လုမင်ယွိ၏ ပြုမူပုံကြောင့် ကျေနပ်အားရနေတော့သည်။
ချောင်မိဖုရားခေါင်သည် ဟွေ့အန်းကုန်းကျူထက် ပိုမိုစေ့စပ်သေချာပြီး အကဲခတ်ကောင်းသူ ဖြစ်သဖြင့် လုမင်ယွိကို လေးနက်စွာ ကြည့်လိုက်လေသည်။ "မင်းက လုမိသားစုနဲ့ တုံးပင်ကျွင်းဝမ် အိမ်တော် ဆွေမျိုးတော်စပ်မှာကို သဘောမတူဘူးလား"
လုမင်ယွိက မျက်ခုံးပင့်လိုက်သည်။ "ဆွေမျိုးတော်စပ်တယ် မတော်စပ်ဘူးဆိုတာ နောက်မှ ပြောရမယ့် ကိစ္စပါ။ ကျွန်မက သူ့ရဲ့ ပေါ့ပျက်ပျက်နိုင်တဲ့ အပြုအမူကို ကြည့်မရလို့ပါ။ လူအများကြီးရှေ့မှာ ဝူမေ့ကို ချီးကျူးနေတာက ဝူမေ့ကို ချွေးမအဖြစ် သဘောကျတယ်ဆိုတဲ့ စာလုံးတွေကို မျက်နှာပေါ်မှာ ရေးထားသလို ဖြစ်နေပြီ။ လုမိသားစုရဲ့ သမီးပျိုတွေက အိမ်ထောင်မကျနိုင်လို့ သူ စိတ်ကြိုက် ရွေးချယ်ခံရမယ့်သူတွေ မှတ်နေလား"
ဟွေ့အန်းကုန်းကျူက ချက်ချင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ "ပြောတာ မှန်တယ်။ ဆွေမျိုးတော်စပ်ချင်ရင် တောင်းရမ်းတဲ့ ရိုးသားမှု ရှိရမှာပေါ့။ ဒီလိုလုပ်တာက တကယ်ပဲ မဆင်မခြင်နိုင်လွန်းတယ်"
ချောင်မိဖုရားခေါင်သည် အကြောင်းအရာကို အခြေခံပြီး ပြုံးကာ ပြောလိုက်လေသည်။
"မင်း သူ့ကို သတိပေးလိုက်တာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အားယန်ကတော့ တကယ်ကို လူတော်လေးပါ။ သူက စာပေထူးချွန်သလို သိုင်းပညာမှာလည်း ပါရမီပါတယ်။ တော်ဝင်ဆွေမျိုးတွေထဲက ရွယ်တူလူငယ်တွေထဲမှာ သူက ထိပ်တန်းပဲ။ စိတ်နေစိတ်ထားလည်း ကောင်းတယ်။ မောက်မာတာလည်း မရှိဘူး။ လူကြီးတွေကို ရိုသေပြီး ပျော်ပျော်နေတတ်တယ်။ ပန်ကုံး အမြင်အရတော့ စိတ်ဆိုးဒေါသထွက်တာလေး တစ်ခုအတွက်နဲ့ ကောင်းမွန်တဲ့ လက်ထပ်ပွဲတစ်ခုကို ငြင်းပယ်စရာ မလိုပါဘူး"
လုမင်ယွိသည်လည်း စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ဟုတ်တာပေါ့။ ယောက္ခမတွေက လူကောင်းတွေ မဟုတ်ပေမယ့် မတ်ဖြစ်သူ လီယန်ကတော့ လူကောင်းတစ်ယောက်ပါ။ ညီမလေးအပေါ် အမြဲတမ်း ကောင်းမွန်ခဲ့တယ်။ လင်မယားနှစ်ယောက်က အပြန်အလှန် ချစ်ခင်ကြပြီး သာယာပျော်ရွှင်ခဲ့ကြတာပဲ။
ဒီလူကြီးနှစ်ယောက်ကြောင့် ကောင်းမွန်တဲ့ ဖူးစာရေးနတ်ကို ဖျက်ဆီးပစ်လို့ မဖြစ်သေးပါဘူး။
...
အပိုင်း (၂၉၃) အရှေ့နန်းဆောင် (၁)
ချောင်မိဖုရားခေါင်၏ စေတနာစကားကို လုမင်ယွိ နားလည်လက်ခံလိုက်ပြီး ပြုံးကာ ပြန်ပြောလိုက်လေသည်။ "မူဟုပ်ပြောတာ အမှန်ပါပဲ။ ကျွန်မ ဒီကိစ္စကို သေချာစဉ်းစားပါ့မယ်"
ချောင်မိဖုရားခေါင်က ပြုံးလျက်ပင် ပြောလိုက်၏။ "ဒီကိစ္စကို ခဏထားလိုက်ပါဦး။ အားယန်က အခုမှ ၁၃နှစ်ပဲ ရှိသေးတာ။ လုသခင်မလေးနဲ့ ရွယ်တူဆိုတော့ နောက် ၂နှစ်လောက်နေမှ ကမ်းလှမ်းလည်း နောက်မကျပါဘူး"
လုမင်ယွိသည် ပြုံးကာ အင်း ဟု ပြန်ဖြေလိုက်လေသည်။
ချောင်မိဖုရားခေါင်သည် ဤကိစ္စကို ခေါင်းထဲမှထုတ်ကာ လက်ရှိအရေးအကြီးဆုံးကိစ္စကို ပြောလေသည်။ "ခန့်အပ်ပွဲ အခမ်းအနားပြီးသွားတော့ မင်းနဲ့ အားကျင့်က အရှေ့နန်းဆောင်ကို ပြောင်းရွှေ့သင့်ပြီ။ နှစ်သစ်ကူးပွဲတော်ကို နန်းတော်ထဲမှာ ကျင်းပရမှာနဲ့ အတော်ပဲ"
လုမင်ယွိက ပြုံးကာ ပြန်ဖြေလိုက်၏။ "ကျွန်မနဲ့ အရှင်မင်းသား တိုင်ပင်ထားပြီးပါပြီ။ မနက်ဖြန် အထုတ်အပိုး ပြင်ဆင်ပြီး နောက် ၃ရက်နေရင် အရှေ့နန်းဆောင်ကို ပြောင်းရွှေ့လာခဲ့ပါ့မယ်"
ချောင်မိဖုရားခေါင်၏ မျက်နှာပေါ်မှ အရေးအကြောင်းများ ပြေလျော့သွားပြီး ရယ်မောလိုက်လေသည်။ "ကောင်းတယ်။ ပန်ကုံးက မင်းတို့အားလုံး နန်းတော်ထဲ ဝင်လာဖို့ မျှော်လင့်နေတာ။ မိသားစုတွေ အတူတူဆိုတော့ ပိုပြီး စည်ကားတာပေါ့"
ဟွေ့အန်းကုန်းကျူက ပြုံးစစဖြင့် နောက်ပြောင်လိုက်၏။ "မူဟုပ်က တကယ်တမ်း သားနဲ့ချွေးမကို လွမ်းတာလား။ ဒါမှမဟုတ် ရွှီအာနဲ့ ရွှမ်းအာကို လွမ်းတာလား"
"ဒါပေါ့။ မြေးတော်လေးတွေကို လွမ်းတာပေါ့" ချောင်မိဖုရားခေါင်သည် ချက်ချင်းပင် ပြန်ဖြေလိုက်လေသည်။
လုမင်ယွိသည် တိတ်တဆိတ် ရယ်မောနေမိ၏။
ဟွေ့အန်းကုန်းကျူက နှာခေါင်းရှုံ့ကာ စုပ်သပ်လိုက်ပြီး "မူဟုပ်က ဒီလောက်တောင် မျက်နှာလိုက်နေတာ။ သမီးအရင်းဖြစ်တဲ့ ကျွန်မတောင် ကြည့်မနေနိုင်တော့ဘူး"
လုမင်ယွိက ရောယောင်ကာ ပြောလိုက်လေသည်။ "ကျွန်မကတော့ သဘောကျပါတယ်။ မူဟုပ်က မြေးတော်လေးတွေကို ချစ်တယ်ဆိုတာ ချွေးမဖြစ်တဲ့ ကျွန်မကို ချစ်တာနဲ့ အတူတူပါပဲ"
ဒါကလည်း သူမ၏ ရင်ထဲက စကားအမှန်ပင်။
သမီးယောက္ခမကြားတွင် အပြန်အလှန် လေးစားပြီး နားလည်ပေးနိုင်ခြင်းက ကံကောင်းခြင်း တစ်မျိုးပင်။ သားအမိအရင်းလို ချစ်ခင်ကြပါသည် ဆိုခြင်းမှာ လိမ်ညာသော စကားများသာ ဖြစ်၏။
ယောက္ခမဖြစ်သူက ချွေးမကို သမီးအရင်းလို သဘောထားပါ့မလား။
ချွေးမဖြစ်သူကလည်း ယောက္ခမကို မိခင်အရင်းလို သဘောထားနိုင်ပါ့မလား။
အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားခြင်းက မဝေးလွန်း မနီးလွန်း ဖြစ်စေသည်။ သားအတွက် ခင်ပွန်းအတွက် အပြန်အလှန် သည်းခံနားလည်ပေးကြခြင်းက အကောင်းဆုံးပင် ဖြစ်၏။
ကလေးမွေးဖွားလာသည်နှင့် ယောက္ခမနှင့် ချွေးမကြားတွင် ပိုမိုရင်းနှီးလာကြလေသည်။
စကားပြောဆိုပြီးနောက် လီကျင့်သည် ကျောင်းဖန်နန်းဆောင်သို့ ရောက်ရှိလာခဲ့သည်။
ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလိုက်လေသည်။ "နောက်ကျနေပြီ။ ပန်ကုံး မင်းတို့ကို ဆွဲမထားတော့ဘူး။ စောစောပြန်နားကြတော့။ နောက်ရက်နည်းနည်းနေရင် မင်းတို့ အရှေ့နန်းဆောင်ကို ပြောင်းလာကြတော့မှာပဲ။ နောက်ဆို တွေ့ဖို့ လွယ်သွားပြီ"
လီကျင့်သည် ပြုံးကာ လုမင်ယွိ၏လက်ကို တွဲပြီး နှုတ်ဆက်ထွက်ခွာ လာခဲ့လေသည်။
မြင်းလှည်းပေါ်သို့ ရောက်သည်နှင့် လုမင်ယွိသည် နန်းတွင်းစားပွဲတွင် ဖြစ်ပျက်ခဲ့သည်များကို လီကျင့်ကို ပြောပြလိုက်လေသည်။ လီကျင့်သည် မျက်ခုံးပင့်ကာ "ကျွင်းဝမ်ဖေးကို ခဏလောက် လွှတ်ထားလိုက်ပါဦး။ သူ့ကို ကောင်းကောင်း ဆုံးမပြီး လိမ္မာသွားမှ ဆက်ပြောတာပေါ့"
လုမင်ယွိက ခေါင်းညိတ်လိုက်သည်။ "ကျွန်မလည်း ဒီလိုပဲ တွေးထားတာ"
ဒီလက်ထပ်ပွဲကိုတော့ ဆက်လုပ်ရမှာပဲ။ ဒါပေမဲ့ မလုပ်ခင်မှာ တုံးပင်ကျွင်းဝမ်ဖေးကို ကောင်းကောင်း ဆုံးမရဦးမယ်။
လီကျင့်သည် လုမင်ယွိ၏ ပခုံးကို ဖက်လိုက်ပြီး ခေါင်းချင်းထိကပ်ကာ ခဏလောက် နမ်းရှိုက်လိုက်လေသည်။ ထို့နောက်မှ ခေါင်းမော့ကာ သူမ၏ နှုတ်ခမ်းနား ကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ရှောင်ယွိ ဒီရက်ပိုင်း အရာရာ အဆင်ပြေချောမွေ့နေတာ အိပ်မက်မက်နေသလိုပဲ"
ယခင်ဘဝက အိပ်မက်ထဲမှာတောင် တောင့်တခဲ့ရပြီး မရနိုင်ခဲ့သော အရာများသည် ယခုအခါ ဆန္ဒပြည့်ဝလာခဲ့သည်။ အိပ်မက်လှလှလေး တစ်ခုထဲ ရောက်နေသလိုပင်။
လုမင်ယွိသည် နှုတ်ခမ်းကို ဖိကိုက်ကာ ပြုံးလိုက်ပြီး သူ့နဖူးကို ထိကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "ဒါက အခုမှ စတာပဲ ရှိပါသေးတယ်"
ဟုတ်တာပေါ့။ ဒါက အစပဲ ရှိပါသေးတယ်။ ရှည်လျားတဲ့ နေ့ရက်တွေနဲ့အတူ ကောင်းမွန်တဲ့ ဘဝတစ်ခုက အနောက်မှာ ရှိနေပါသေးတယ်။
လီကျင့်သည် ရယ်မောလိုက်ပြီး ကျေနပ်အားရစွာ လုမင်ယွိကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်လေသည်။
...
၃ရက်ကြာပြီးနောက် ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့သည် သားသမီးနှစ်ဦးနှင့်အတူ အရှေ့နန်းဆောင်သို့ ပြောင်းရွှေ့လာခဲ့ကြသည်။
သူတို့နှင့်အတူ နန်းတော်ထဲ လိုက်ပါလာသူများမှာ သစ္စာရှိသော အစေခံများနှင့် ထိုက်ဇီ၏ ကိုယ်ရံတော်တပ်သားများ ဖြစ်ကြလေသည်။
လုယိနှင့် ကိုယ်ရံတော်များကတော့ နန်းတော်ပြင်ပရှိ ဒုတိယမင်းသား အိမ်တော်တွင် ကျန်ရစ်ခဲ့ကြသည်။ အိမ်တော်ထိန်း အနည်းငယ်လည်း ကျန်ရစ်ခဲ့ပြီး အိမ်တော်ကို စောင့်ရှောက်ရန် တာဝန်ယူထားကြလေသည်။
ချီယွင်၏ ဒဏ်ရာများသည် သက်သာပျောက်ကင်းသွားပြီဖြစ်ကာ လုယိနှင့် လွန်ခဲ့သော ရက်ပိုင်းကမှ လက်ထပ်ခဲ့ကြသည်။
လုမင်ယွိသည် ချီယွင်ကို အိမ်တော်တွင် ထားခဲ့ချင်သဖြင့် တိတ်တဆိတ် ပြောဆိုလေသည်။ "ချီယွင် နင်နဲ့ လုယိက အခုမှ လက်ထပ်ထားတာ။ ခဏလောက်တော့ နန်းတော်ထဲကို မလိုက်နဲ့ဦး"
ချီယွင်ကတော့ ပြန်ပြောလေသည်။ "တခြားလူတွေ သခင်မလေးကို ပြုစုတာ ကျွန်မ စိတ်မချဘူး။ ကျွန်မ သခင်မလေးနဲ့အတူ နန်းတော်ထဲ လိုက်ခဲ့မယ်"
လုမင်ယွိသည် ရင်ထဲတွင် နွေးထွေးသွားပြီး ချီယွင်၏လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။ "နင်နဲ့ လုယိက အခုမှ လက်ထပ်ထားတာလေ။ သခင်ဖြစ်တဲ့ ငါက နင်တို့ကို ခွဲခွာအောင် မလုပ်ရက်ပါဘူး"
နန်းတော်ထဲ ဝင်ရောက်သွားပြီးလျှင် ပြန်ထွက်ဖို့ မလွယ်ကူတော့ပေ။ ချောင်မိဖုရားခေါင်ဆိုလျှင် ကျောင်းဖန်နန်းဆောင်သို့ ဝင်ရောက်ပြီးကတည်းက အနောက်နန်းဆောင်မှ တစ်ခါမှ မထွက်ခွာခဲ့ဖူးချေ။ သူမသည်လည်း ထိုက်ဇီဖေး ဖြစ်သွားပြီမို့ အချိန်မရွေး နန်းတော်ပြင်ပသို့ ထွက်ခွာနိုင်မည် မဟုတ်တော့ပေ။
ချီယွင်နှင့် လုယိ လက်ထပ်ထားသည်မှာ ၁၀ရက်တောင် မပြည့်သေးချေ။ ဒီလို ခွဲခွာနေရမည်ကို သူမ ဘယ်လိုလုပ် စိတ်ကောင်းနိုင်ပါမည်နည်း။
ချီယွင်သည် လေသံတိုးတိုးဖြင့် ရယ်မောလိုက်သည်။ "ဒီကိစ္စကို ကျွန်မ သူ့နဲ့ တိုင်ပင်ပြီးပါပြီ။ သူကလည်း ကျွန်မကို သခင်မလေးနဲ့အတူ နန်းတော်ထဲ လိုက်သွားဖို့ သဘောတူပါတယ်"
လုယိ၏ အဆင့်အတန်းအရ အရှေ့နန်းဆောင်သို့ ဝင်ရောက်ရန် မသင့်တော်ပေ။ သစ္စာရှိသော ချီယွင် သူမ၏ဘေးတွင် ရှိနေခြင်းက စိတ်အေးရစေသည်။
လုမင်ယွိသည် ခဏလောက် စဉ်းစားပြီးနောက် သဘောတူလိုက်လေသည်။ "ဒါဆိုရင်လည်း ပြီးတာပါပဲ။ နင် ငါနဲ့အတူ နန်းတော်ထဲ လိုက်နေလိုက်။ နောက်ဆို ၁၀ရက်တစ်ကြိမ် နန်းတော်အပြင် ထွက်ခွင့်ပေးမယ်။ တစ်ယောက်ယောက်က မေးလာရင် အိမ်တော်အခြေအနေကို စိတ်မချလို့ သွားကြည့်ခိုင်းတာလို့ ပြောလိုက်မယ်"
ဇနီးမောင်နှံနှစ်ဦး ၁၀ရက်တစ်ကြိမ် တွေ့ဆုံရခြင်းကလည်း မဆိုးလှပေ။
ချီယွင်သည် ရှက်ရွံ့ဝမ်းသာစွာဖြင့် လက်ခံလိုက်လေသည်။
အရှေ့နန်းဆောင်တွင် အစောကြီးကတည်းက ပြင်ဆင်ထားပြီး ဖြစ်လေသည်။ ကုတင်၊ စားပွဲ၊ ကုလားထိုင် အစရှိသည်တို့ အပြည့်အစုံ ရှိပြီး အဝတ်အစားနှင့် ပစ္စည်းအနည်းငယ်သာ သယ်ဆောင်လာရသည်။ နေ့ဝက်အတွင်းမှာပင် အခြေချ နေထိုင်နိုင်ပြီ ဖြစ်လေသည်။
ချောင်မိဖုရားခေါင်သည် လူလွှတ်ကာ နှစ်ကြိမ်တိုင် လာရောက်ကြည့်ရှုခိုင်းခဲ့သည်။
လုမင်ယွိသည် အခြေအနေကို နားလည်သဖြင့် အားလုံးပြီးစီးသွားသောအခါ ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ ကျောင်းဖန်နန်းဆောင်သို့ သွားရောက်ခဲ့လေသည်။
ချောင်မိဖုရားခေါင်သည် မြေးတော်လေးများကို မြင်သည်နှင့် ချက်ချင်း ပြုံးရွှင်သွားပြီး တစ်ဖက်တစ်ယောက်စီ ပွေ့ဖက်ကာ မလွှတ်တမ်း ရှိနေတော့သည်။
"မတွေ့တာ ရက်နည်းနည်းပဲ ရှိသေးတယ်။ ရွှီအာနဲ့ ရွှမ်းအာတို့က ပိုပြီးလေးလာသလိုပဲ။ ပါးဖောင်းဖောင်းလေးတွေနဲ့ တော်တော် ချစ်စရာကောင်းတာပဲ"
လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ "မူဟုပ် ပြောတာ ဟုတ်ပါတယ်။ သူတို့မောင်နှမနှစ်ယောက်က မွေးတုန်းက သာမန်ကလေးတွေထက် နည်းနည်း ပိုသေးတယ်။ ဒါပေမဲ့ သူတို့က အစားအရမ်းစားတယ်။ နို့ထိန်းတစ်ယောက်တည်းရဲ့ နို့ရည်နဲ့ မလောက်ဘူး။ ကံကောင်းလို့ နို့ထိန်းနှစ်ယောက် ပြင်ဆင်ထားလို့သာပဲ။ နှစ်လတောင် မပြည့်သေးဘူး။ အရပ်ရှည်လာပြီး ဝလာကြတယ်"
"အရပ်ရှည်ပြီး ဝလာတာတင် မဟုတ်ဘူး။ မျက်နှာသွင်ပြင်ကလည်း ပိုပြီးပေါ်လွင်လာတယ်။ ကြည့်ပါဦး။ မျက်လုံးလေးတွေက မည်းနက်ပြီး တောက်ပနေတာ စပျစ်သီးလေးတွေလိုပဲ။ နှာခေါင်းလေးတွေကလည်း စင်းနေတာပဲ။ တကယ့်ကို ချောမောလှပတဲ့ ကလေးလေးတွေပဲ"
ချောင်မိဖုရားခေါင်သည် ပါးစပ်မပိတ်နိုင်အောင် ချီးကျူးနေတော့သည်။
ချောင်မိဖုရားခေါင် ပြောသည်မှာလည်း အပိုမပါပေ။ ရွှီအာနှင့် ရွှမ်းအာတို့သည် အမှန်တကယ်ပင် ရုပ်ရည်သန့်ပြန့်ကြသည်။
မွေးစတုန်းက သိပ်မသိသာသော်လည်း ယခုအခါ အသားအရေများ ဖြူဝင်းလာပြီး မျက်လုံးများကလည်း စပျစ်သီးများကဲ့သို့ ဝိုင်းစက်တောက်ပနေသည်။ ပါးစပ်လေးများကလည်း ပန်းပွင့်လေးများကဲ့သို့ နီရဲနေ၏။ လက်သီးဆုပ်လေးများကို ဝှေ့ယမ်းကာ တခစ်ခစ် ရယ်မောနေကြသည်မှာ အသည်းယားစရာ ကောင်းလှသည်။
ချောင်မိဖုရားခေါင်သည် အချစ်ပိုကာ နာရီဝက်နီးပါးလောက် ပွေ့ဖက်ထားလေသည်။
လုမင်ယွိသည် ရယ်မောလိုက်ပြီး မေးလိုက်လေသည်။ "မူဟုပ် ပွေ့ထားတာ ကြာပြီ။ လက်မောင်းတွေ မညောင်းဘူးလား"
ချောင်မိဖုရားခေါင်သည် သက်တောင့်သက်သာ နေထိုင်လာသူဖြစ်ပြီး ပင်ပန်းသော အလုပ်များကို လုပ်ကိုင်ဖူးသူ မဟုတ်ပေ။ ကလေးနှစ်ယောက်ကို အကြာကြီး ပွေ့ထားရသဖြင့် လက်မောင်းများ ညောင်းညာနေပြီ ဖြစ်သည်။ ထို့ကြောင့် မတတ်သာဘဲ ကလေးများကို လုမင်ယွိထံ ပြန်ပေးလိုက်ရတော့သည်။
လုမင်ယွိက ကလေးပွေ့ရသည်မှာ ချောင်မိဖုရားခေါင်ထက် ပိုမိုသက်တောင့်သက်သာ ရှိလှသည်။ တစ်ဖက်တစ်ယောက်စီ ပွေ့ထားသော်လည်း ပင်ပန်းသည့်ပုံ မပေါ်ချေ။
ချောင်မိဖုရားခေါင်သည် မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။ "မင်းက သဘာဝအတိုင်း အားသန်တာပဲ။ နေ့ဝက်လောက် ပွေ့ထားရင်တောင် မောမှာမဟုတ်ဘူး"
ဟုတ်တာပေါ့။
တခြားလူတွေ ကလေးပွေ့ရင် ခါးနာ ညောင်းညာကြတယ်။ လုမင်ယွိကျတော့ နှစ်ယောက်ပွေ့ထားတာတောင် မမောဘူး။ ပုံမှန် အားလပ်ချိန်ဆိုရင် ဒီလိုပဲ ကလေးပွေ့ပြီး လျှောက်သွားနေတာ။
လုမင်ယွိက မျက်ခုံးပင့်ကာ ပြုံးလိုက်လေသည်။ "အားသန်တာကလည်း ကောင်းကျိုးရှိတာပဲ"
ချောင်မိဖုရားခေါင်သည် သဘောကျကာ ရယ်မောလိုက်လေသည်။
ကျောင်းဖန်နန်းဆောင်သည် ပုံမှန်အားဖြင့် တိတ်ဆိတ်အေးချမ်းပြီး အနည်းငယ် အထီးကျန်ဆန်သော်လည်း ယနေ့တွင်တော့ ရယ်မောသံများဖြင့် ပြည့်နှက်နေတော့သည်။
...
အပိုင်း (၂၉၄) အရှေ့နန်းဆောင် (၂)
ယုံးကျားဧကရာဇ် ရောက်ရှိလာချိန်တွင် သည်လို ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသည့် မိသားစုမြင်ကွင်းကို တွေ့မြင်လိုက်ရလေသည်။
ပင်ပန်းရှုပ်ထွေးလှသည့် တိုင်းပြည်အုပ်ချုပ်ရေး ကိစ္စများမှ ကိုယ်လွတ်ရုန်းပြီး အနောက်နန်းဆောင်သို့ ဝင်ရောက်လာရခြင်းမှာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို မျှော်လင့်၍ မဟုတ်ပါလား။
ယုံးကျားဧကရာဇ်သည် မျက်ခုံးများ ပြေလျော့သွားပြီး ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "ဘယ်သူစိမ်းမှ ရှိတာမဟုတ်ပါဘူး။ မိသားစုတွေပဲဟာ။ ဟန်ဆောင်ပန်ဆောင် အရိုအသေပြုမနေပါနဲ့တော့" ထို့နောက် လီကျင့်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။
"ရွှီအာကို ပွေ့ပြီး ငါ့ကို လာပြစမ်း"
ကလေးနှစ်ယောက်လုံး လုမင်ယွိ၏ ရင်ခွင်ထဲတွင် ရှိနေသဖြင့် ယောက္ခမ ဖြစ်သူအနေဖြင့် အနားကပ်သွားရန် မသင့်တော်ချေ။ ထို့ကြောင့် သားဖြစ်သူကိုသာ သွားရောက်ပွေ့ယူခိုင်းလိုက်ခြင်း ဖြစ်လေသည်။
မျက်နှာလိုက်လိုက်တာ။
လုမင်ယွိသည် ထိုစကားကို ကြားလိုက်ရသဖြင့် ရင်ထဲတွင် မကျေမနပ် ဖြစ်သွားတော့သည်။
လီကျင့်သည် အကြည့်ဖြင့် လုမင်ယွိကို နှစ်သိမ့်လိုက်ပြီး လက်ဆန့်ကာ ရွှမ်းအာကို အရင်ပွေ့ယူလိုက်ပြီး ယုံးကျားဧကရာဇ်၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
ယုံးကျားဧကရာဇ်သည် ဝမ်းပန်းတသာ ရွှမ်းအာကို ပွေ့ယူလိုက်သည်တွင် လီကျင့်က ရယ်မောပြောဆိုလိုက်လေသည်။ "ဖုဟွမ်က အရမ်း မျက်နှာမလိုက်ပါနဲ့။ ပါးစပ်ဟလိုက်တာနဲ့ ရွှီအာကိုပဲ လာပွေ့ခိုင်းနေတယ်။ ရွှမ်းအာကို အရင်ပွေ့လိုက်ပါဦး"
ယုံးကျားဧကရာဇ် "..."
ယုံးကျားဧကရာဇ်သည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။
"ငါက ဘယ်အချိန် မျက်နှာလိုက်လို့လဲ။ မြေးတော်လေးရော မြေးတော်မလေးရော အတူတူပဲ ချစ်တာပါပဲ။ ကြည့်ပါဦး။ ရွှမ်းအာက ရွှီအာနဲ့ တစ်ပုံစံတည်း တူတာပဲ။ ဉာဏ်ကောင်းပြီး သက်ဝင်လှုပ်ရှားနေတာပဲ"
ကလေးက တစ်လကျော်သာ ရှိသေးသဖြင့် ဘာမှနားလည်သေးသည် မဟုတ်ပေ။ သို့သော် လူတစ်ယောက်က ပွေ့ဖက်ပြီး ဖြည်းဖြည်းချင်း လှုပ်ယမ်းပေးနေခြင်းကိုတော့ ကလေးက သဘောကျနေလေသည်။
ရွှမ်းအာသည် ပါးစပ်လေးဟကာ ပျော်ရွှင်စွာ ရယ်မောနေတော့သည်။ ခဏနေလျှင် ရွှမ်းအာသည် လက်သီးဆုပ်လေးကို ပါးစပ်ထဲထည့်ကာ အရသာရှိရှိ စုပ်နေတော့သည်။
ယုံးကျားဧကရာဇ်သည် ကြည့်ရင်းဖြင့် စိတ်ဝင်စားလာကာ ချစ်ခင်ကြင်နာစိတ်များ ဖြစ်ပေါ်လာတော့သည်။ ယုံးကျားဧကရာဇ်သည် ရွှမ်းအာကို ခဏလောက် ပွေ့ထားပြီးမှ ရွှီအာနှင့် လဲလှယ်လိုက်လေသည်။
ချောင်မိဖုရားခေါင်က ပြုံးကာ မေးလိုက်လေသည်။ "နေ့လယ်စာ စားချိန်တောင် ရောက်တော့မယ်။ အရှင်မင်းကြီး ဒီမှာပဲ နေ့လယ်စာ သုံးဆောင်သွားမလား"
ယုံးကျားဧကရာဇ်သည် မူလက ယန်ရှီးနန်းဆောင်သို့ သွားရောက်ပြီး မုန့်ဖေးကို ကြည့်ရှုကာ နေ့လယ်စာ အတူစားရန် စိတ်ကူးထားခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ ထွက်သွားရန် နှမြောနေမိသဖြင့် စဉ်းစားမနေတော့ဘဲ ပြန်ဖြေလိုက်လေသည်။ "ဒါလည်း ကောင်းတာပဲ"
ချောင်မိဖုရားခေါင်၏ အပြုံးသည် မလျော့သွားသော်လည်း ရင်ထဲတွင်တော့ တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်မိလေသည်။
ဘာကို ဒါလည်း ကောင်းတာပဲလဲ။
ကြည့်ရတာ ယုံးကျားဧကရာဇ်က ရုတ်တရက် စိတ်ပြောင်းသွားတာပဲ ဖြစ်ရမယ်။ အစက ယန်ရှီးနန်းဆောင်ကို သွားဖို့ စီစဉ်ထားတာ သေချာတယ်။
မုန့်ဖေးသည် ဒဏ်ရာကို ၆လလောက် ကုသပြီးနောက် ယခုအခါ ကုတင်ပေါ်မှဆင်းပြီး လမ်းလျှောက်နိုင်ပြီ ဖြစ်သဖြင့် စတင် လှုပ်ရှားလာပြီ ဖြစ်သည်။ ရံဖန်ရံခါ ရင်ဘတ်အောင့်သည်ဟု အကြောင်းပြတတ်ပြီး ယုံးကျားဧကရာဇ်က သနားကြင်နာသဖြင့် ယန်ရှီးနန်းဆောင်သို့ သွားရောက်သည့် အကြိမ်အရေအတွက် တဖြည်းဖြည်း များပြားလာခဲ့သည်။
သို့သော်ငြား ဝမ်မေရန်သည်လည်း မျက်နှာပန်းလှနေချိန်ဖြစ်ပြီး ယုံးကျားဧကရာဇ်၏ ချစ်ခင်မှုကို အတော်အတန် ရရှိထားလေသည်။ ယခုအခါ မြေးတော်နှစ်ဦးသည် အရှေ့နန်းဆောင်သို့ ပြောင်းရွှေ့လာပြီဖြစ်ပြီး နေ့တိုင်း ကျောင်းဖန်နန်းဆောင်တွင် လာရောက်နေထိုင်ကြလေသည်။
ယုံးကျားဧကရာဇ်အနေနဲ့ နိုင်ငံရေးကိစ္စတွေကို ဖြေရှင်းပြီးနောက်မှာ အားလပ်ချိန် ဘယ်လောက်များ ကျန်ဦးမှာလဲ။
မုန့်ဖေးအတွက် အချိန်ဘယ်လောက်များ ပေးနိုင်ဦးမှာလဲ။
...
ယန်ရှီးနန်းဆောင်တွင်။
မုန့်ဖေးသည် မှန်ရှေ့တွင် ထိုင်ကာ ကြည့်လိုက်ပြီးမှ မှန်ထဲတွင် ပေါ်နေသော ဖြူဖျော့ဖျော့ ရောဂါသည်ရုပ်ကို မကျေမနပ် ဖြစ်ကာ အမိန့်ပေးလိုက်လေသည်။
"ပါးနီ ယူလာခဲ့"
နန်းတွင်းသူက သေချာစွာ မျက်နှာချေလိမ်းခြယ်ပေးပြီး ရောဂါသည်ရုပ်ကို ဖုံးကွယ်ပေးလိုက်မှ မုန့်ဖေးသည် စိတ်ကျေနပ်သွားသော်လည်း မကြာမီ မျက်မှောင်ကြုတ်လိုက်ပြန်သည်။
"မဖြစ်ဘူး။ အရှင်မင်းကြီး လာလို့ ငါ့မျက်နှာက သွေးရောင်လွှမ်းပြီး ကျန်းမာနေတာကို မြင်သွားရင် ငါက ယန်ရှီးနန်းဆောင်ထဲမှာ နေ့တိုင်း ပျော်နေတယ်လို့ ထင်သွားဦးမယ်။ ဒီလိုလုပ်လို့ မဖြစ်ဘူး။ ရေမြန်မြန်ယူလာပြီး မျက်နှာပေါ်က မျက်နှာချေတွေကို ဖျက်ပစ်လိုက်"
ဟိုပြင်သည်ပြင် လုပ်ပြီးနောက် နောက်ဆုံးတွင်တော့ ရောဂါသည်ရုပ်ဖြင့်သာ ယုံးကျားဧကရာဇ်ကို စောင့်ဆိုင်းနေလိုက်လေသည်။
သို့သော် မျှော်လင့်ထားသလို ဖြစ်မလာဘဲ စောင့်ရင်းစောင့်ရင်း ယုံးကျားဧကရာဇ်၏ အရိပ်အယောင်ကို မမြင်ရဘဲ လျိုကုန်းကုန်းသာ ရောက်ရှိလာခဲ့လေသည်။
မုန့်ဖေးသည် အခြေအနေ မဟန်မှန်း သိလိုက်ပြီး မျက်နှာထား တင်းမာသွားတော့သည်။
"အရှင်မင်းကြီး မလာဘူးလား"
လျိုကုန်းကုန်းက ရိုသေစွာ ပြန်လျှောက်တင်လေသည်။ "မုန့်ဖေးညန်ညန်ကို လျှောက်တင်ပါတယ်။ အရှင်မင်းကြီးက ကျောင်းဖန်နန်းဆောင်မှာ နေ့လယ်စာ သုံးဆောင်မှာမလို့ ကျွန်တော်မျိုးကို ညန်ညန်ဆီ စကားပါးခိုင်းလိုက်ပါတယ်။ ဆက်ပြီး မစောင့်ပါနဲ့တော့တဲ့။ နောက်မှ အားလပ်ချိန်ရရင် အရှင်မင်းကြီးက ညန်ညန်ကို လာကြည့်ပါမယ်တဲ့"
မုန့်ဖေး "..."
မုန့်ဖေးသည် နှစ်ပေါင်း ၂၀ လုံးလုံး အချစ်တော် ဖြစ်ခဲ့သဖြင့် မောက်မာပြီး စိတ်ဆန္ဒရှိတိုင်း လုပ်တတ်သည့် အကျင့် စွဲကပ်နေပြီ ဖြစ်လေသည်။ ယခုအချိန်တွင် ပြုပြင်ချင်လျှင်တောင် စူးဖေးကဲ့သို့ အရာရာ ခေါင်းငုံ့ခံတတ်သည့် ပုံစံမျိုး လုပ်လို့ရမည် မဟုတ်ပေ။
ထိုစကားကို ကြားလိုက်ရသည်နှင့် မုန့်ဖေး၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး အသံမာမာဖြင့် မေးလိုက်လေသည်။ "အရှင်မင်းကြီးက ဘာလို့ ရုတ်တရက် ကျောင်းဖန်နန်းဆောင်ကို သွားရတာလဲ။ ပြီးတော့ ကျောင်းဖန်နန်းဆောင်မှာ နေ့လယ်စာ စားတယ် ဟုတ်လား"
သူမကို လာကြည့်မယ်လို့ ကတိပေးထားပြီးသားလေ။ ဘာဖြစ်လို့ လမ်းတစ်ဝက်ကနေ ကျောင်းဖန်နန်းဆောင်ကို ရောက်သွားရတာလဲ။ ချောင်မိဖုရားခေါင်က ဘယ်လိုနည်းလမ်း သုံးပြီး ယုံးကျားဧကရာဇ်ကို ဆွဲထားလိုက်တာလဲ။
လျိုကုန်းကုန်းသည် နှုတ်လုံသူဖြစ်ပြီး ပါးစပ်ပိတ်ကာ ပြန်ဖြေလိုက်လေသည်။ "ဒီကိစ္စကို ကျွန်တော်မျိုး မသိရပါဘူး။ ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ စကားကို လာပါးတာပါ။ ပြန်ပြီး သတင်းပို့ရဦးမှာမလို့ ခွင့်ပြုပါဦး"
လျိုကုန်းကုန်း ထွက်ခွာသွားသည်နှင့် မုန့်ဖေး၏ မျက်နှာသည် လုံးဝ မည်းမှောင်သွားပြီး မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်လာတော့သည်။ ယုံကြည်ရသည့် နန်းတွင်းသူကို ခေါ်ကာ အမိန့်ပေးလိုက်လေသည်။ "ကျောင်းဖန်နန်းဆောင်မှာ မိဖုရားခေါင်အပြင် ဘယ်သူတွေ ရှိနေသေးလဲဆိုတာ သွားစုံစမ်းချည်"
ဝမ်မေရန်ဆိုတဲ့ ကောင်မစုတ်လေးများ ရှိနေတာလား။
ကျောင်းဖန်နန်းဆောင်၏ လှုပ်ရှားမှုများကို စုံစမ်းရသည်မှာ မခက်ခဲလှပေ။ အဓိကမှာ လုမင်ယွိသည် အရှေ့နန်းဆောင်သို့ ယခုမှ ပြောင်းရွှေ့လာခြင်း ဖြစ်ပြီး ယနေ့တွင် သားသမီးနှစ်ဦးကို ခေါ်ဆောင်ကာ ကျောင်းဖန်နန်းဆောင်သို့ သွားရောက်ခဲ့ခြင်း ဖြစ်လေသည်။ တစ်နေ့ဝက်လောက် ကြာမြင့်ခဲ့သည်။ မျက်မြင်တွေ့ရှိခဲ့သည့် နန်းတွင်းသူ၊ နန်းတွင်းသားများမှာ ၁၀၀ မရှိလျှင်တောင် ၈၀ လောက်တော့ ရှိပေမည်။ စုံစမ်းလိုက်သည်နှင့် မုန့်ဖေး၏ နားထဲသို့ ချက်ချင်း ရောက်ရှိလာခဲ့လေသည်။
လုမင်ယွိ...
မုန့်ဖေးသည် ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ရင်ထဲက ဒေါသမီးများ မငြိမ်းသွားသည့်အပြင် အမုန်းတရားများပါ ထပ်တိုးလာတော့သည်။
လုမင်ယွိသာ မရှိခဲ့လျှင် သူမသည် ဒီနေ့ဒီအချိန် ဒီလိုအခြေအနေမျိုး ရောက်ရှိလာမည် မဟုတ်ပေ။
အခုတော့ လုမင်ယွိက ခမ်းခမ်းနားနားနဲ့ ထိုက်ဇီဖေး ဖြစ်လာခဲ့ပြီး အရှေ့နန်းဆောင်ကို ပြောင်းရွှေ့လာခဲ့ပြီ။ အခုလည်း ကလေးနှစ်ယောက်ကို အသုံးချပြီး ချောင်မိဖုရားခေါင်အတွက် မျက်နှာရအောင် လုပ်ပေးနေပြန်ပြီ။ နောင်ဆိုရင် ဒီနန်းတော်ကြီးက သူတို့သားအမိတွေရဲ့ လက်ထဲ ရောက်သွားတော့မှာလား။
မုန့်ဖေးသည် တွေးလေ ဒေါသထွက်လေ ဖြစ်လာပြီး လူခေါ်ကာ အမိန့်ပေးလိုက်ပြန်သည်။ "ပထမမင်းသားကို သွားခေါ်ချည်"
ပထမမင်းသားသည် မူလက အိမ်တော်သို့ ပြန်ရောက်နေပြီ ဖြစ်သော်လည်း မိခင်ဖြစ်သူက လှမ်းခေါ်သဖြင့် နန်းတော်ထဲသို့ ပြန်ဝင်လာရပြန်သည်။ တစ်နေ့လုံး အလုပ်ရှုပ်ထားသဖြင့် ပင်ပန်းပြီး ဗိုက်ဆာနေသော်လည်း ဒေါသထွက်နေသော မုန့်ဖေးကို အားတင်းကာ နှစ်သိမ့်ပေးရလေသည်။
"မူဖေး စိတ်မဆိုးပါနဲ့တော့"
"ထိုက်ဇီနဲ့ ထိုက်ဇီဖေးက ကလေးနှစ်ယောက်ကို ခေါ်ပြီး ကျောင်းဖန်နန်းဆောင်မှာ ရောက်နေတာ။ ဖုဟွမ်က မြေးတော်တွေကို သွားကြည့်ရင်း နေ့လယ်စာ အတူစားတာက သဘာဝကျတဲ့ ကိစ္စပါပဲ"
"အခြေအနေက ဒီလိုဖြစ်နေပြီပဲ။ မူဖေးလည်း ဆက်ပြီး ပြဿနာရှာမနေပါနဲ့တော့။ ကျန်းမာရေး ကောင်းအောင် နေဖို့က အရေးကြီးဆုံးပါ"
မုန့်ဖေးသည် နားမထောင်နိုင်တော့ဘဲ ဒေါသတကြီး ဆဲဆိုလေတော့သည်။ "မင်းကတော့ ဟုတ်နေတာပဲ။ ဒီအတိုင်း ဆက်သွားရင် ဒီနန်းတော်ထဲမှာ ငါတို့သားအမိ ရပ်တည်စရာ နေရာတောင် ရှိတော့မှာ မဟုတ်ဘူး"
ထို့နောက်တွင် ပထမမင်းသား ကြင်ရာတော် ဗိုက်မကောင်းသဖြင့် ကလေးမမွေးနိုင်ကြောင်း ဆက်လက် ဆဲဆိုပြန်လေသည်။
ပထမမင်းသားသည်လည်း ရင်ထဲတွင် ဒေါသထွက်နေသဖြင့် ပြန်ပြောလိုက်လေသည်။ "ဒါက လျန်ရှီကိုချည်းပဲ အပြစ်တင်လို့ မရပါဘူး။ အဲဒီတုန်းက မူဖေးသာ နန်းတွင်းသူနှစ်ယောက်ကို အတင်းထည့်ပေးမလိုက်ရင် လျန်ရှီလည်း ကိုယ်ဝန်ပျက်ကျမှာ မဟုတ်ဘူး"
မုန့်ဖေးသည် မယုံကြည်နိုင်စွာဖြင့် ပထမမင်းသားကို ကြည့်လိုက်လေသည်။
"မင်းက ငါ့ကို အပြစ်တင်နေတာလား။ သူ့ဗိုက်က ၃နှစ်ကျော်လောက် ဘာမှမဖြစ်လာလို့ ငါက နန်းတွင်းသူနှစ်ယောက် ပေးလိုက်တာ ဘာဖြစ်လဲ။ သူက တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ဝန်ရှိလာပြီး ကလေးကိုတောင် မထိန်းသိမ်းနိုင်တာ ဘယ်သူ့အပြစ်လဲ။ ဒီလိုကိစ္စကိုတောင် မင်းက မင်းအမေအရင်းကို အပြစ်တင်ချင်သေးတာလား"
ပထမမင်းသားသည် စိတ်ရှုပ်ထွေးနေသဖြင့် လေသံကလည်း မာကျောလာတော့သည်။ "ကျွန်တော် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ကိုယ့်ကံကိုယ်ပဲ အပြစ်တင်ပါတယ်"
"ကျွန်တော်က မွေးကတည်းက မယားငယ်က မွေးတဲ့ သားလေ။ အခု သားရပြန်တော့လည်း မယားငယ်က မွေးတဲ့သား ဖြစ်နေပြန်ပြီ"
ထိုစကားသည် မုန့်ဖေး၏ နှလုံးသားကို ဓားဖြင့်ထိုးလိုက်သလို ဖြစ်သွားလေသည်။
မုန့်ဖေးသည် လက်ကိုမြှောက်လိုက်ပြီး ပထမမင်းသားကို ပါးရိုက်ချလိုက်တော့သည်။ "မင်း။ ဒီကောင်စုတ်။ မင်းက မင်းအမေအရင်းကိုတောင် ရွံရှာနေတာလား။ ငါကကော မယားငယ် ဖြစ်ချင်လွန်းလို့လား"
"မင်းအဖေက ငါ့အပေါ် သစ္စာဖောက်ပြီး ငါ့ကို တရားဝင်ဇနီးအဖြစ် လက်ထပ်ပါ့မယ်လို့ ကတိပေးပြီးမှ ချက်ချင်း မေ့ပစ်လိုက်တာ။ ပြီးတော့ ချောင်ရှီကို တရားဝင်ဇနီးအဖြစ် လက်ထပ်ယူလိုက်တာ"
"ငါက ဒီအငြိုးကို မဖြေနိုင်လို့ လီအိမ်တော်ထဲကို ဝင်ပြီး မယားငယ်အဖြစ် ခံယူလိုက်ရတာ"
"ငါက ချောင်ရှီကို ဒူးထောက်ပြီး လက်ဖက်ရည် ဆက်သချင်တယ် ထင်နေလား။ ငါမွေးတဲ့ သားကို မယားငယ်သား ဖြစ်စေချင်တယ် ထင်နေလား။ ဒီနှစ်တွေမှာ ငါက နေရာတကာမှာ အသာစီးရအောင် ကြိုးစားခဲ့တာ အားလုံးက မင်းအတွက်ပဲ။ လုရှီကို ဒုက္ခပေးခဲ့တာလည်း မင်းအတွက်ပဲ။ မင်းက ကျေးဇူးကန်းတဲ့ ကောင်စုတ်။ အခုကျမှ အမေအရင်းကို လာပြီး ရွံရှာနေတယ်ပေါ့လေ"
"ထွက်သွား။ မင်း အခုချက်ချင်း ထွက်သွား။ နောက်ဆို ယန်ရှီးနန်းဆောင်ကို ခြေမချနဲ့တော့"
...