အခန်း (၂၉၅-၂၉၇)
Vol. 20 Ch. 295-297
အပိုင်း (၂၉၅) အရှေ့နန်းဆောင် (၃)
အမွှေးတိုင်တစ်တိုင်စာ အချိန်ကြာမြင့်ပြီးနောက် ပထမမင်းသားသည် စိတ်ပျက်အားငယ်သည့် မျက်နှာထားဖြင့် ယန်ရှီးနန်းဆောင်မှ ပြန်လည်ထွက်ခွာလာခဲ့လေသည်။
သူ့ဘယ်ဘက်ပါးပြင်ပေါ်တွင် နီရဲနေသည့် လက်ငါးချောင်းရာကြီး ထင်ကျန်နေလေသည်။
မိုးချုပ်နေပြီဖြစ်ပြီး နန်းတွင်းမီးအိမ်များ၏ အလင်းရောင်သည် နေ့ခင်းဘက်လောက် မလင်းသဖြင့် အနီးကပ်ကြည့်မှသာ မြင်နိုင်ပေသည်။
ပထမမင်းသားသည် မျက်နှာမည်းကြီးဖြင့် အိမ်တော်သို့ ပြန်ရောက်လာခဲ့လေသည်။
ပထမမင်းသား ကြင်ရာတော် လျန်ရှီသည် လန့်ဖျပ်သွားပြီး ရေခဲရေနှင့် မျက်နှာသုတ်ပဝါကို အမြန်ယူခိုင်းကာ ပထမမင်းသား၏ မျက်နှာကို အုံပေးရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ "အရှင်မင်းသား ဘာဖြစ်တာလဲ။ မူဖေးက နန်းတော်ထဲ လာခိုင်းတာ မဟုတ်ဘူးလား။ ဘယ်သူက အရှင်မင်းသားကို လက်ပါရဲတာလဲ"
ပထမမင်းသား၏ မျက်နှာသည် ပိုမိုမည်းမှောင်သွားတော့သည်။
လျန်ရှီသည် ဘာဖြစ်သည်ကို ရိပ်မိနေပြီဖြစ်သော်လည်း တမင်သက်သက် အနာပေါ်ဆားဖြူးကာ မေးလိုက်လေသည်။ "မူဖေးက လက်ပါလိုက်တာတော့ မဟုတ်ပါဘူးနော်"
"မူဖေးက အရင်တုန်းက အရမ်းဩဇာညောင်းခဲ့ပေမယ့် ဒီနှစ်ဝက်အတွင်းမှာ နန်းဆောင်ပိတ်ပြီး ကုသနေရတာနဲ့ ဝမ်မေရန်ဆိုတဲ့လူက ပေါ်လာပြန်တော့ ရင်ထဲမှာ ဘယ်လောက်တောင် မွန်းကြပ်နေမလဲ။ မူဖေး စိတ်မကြည်လို့ ပြောဆိုတာကို အရှင်မင်းသားက နားထောင်ပေးလိုက်ရင် ပြီးတာပဲလေ။ ဘာလို့ ပြန်ပြောပြီး ဒေါသထွက်အောင် လုပ်ရတာလဲ"
ပထမမင်းသားသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး တားလိုက်လေသည်။ "တော်ပါတော့။ မပြောနဲ့တော့"
လျန်ရှီသည်လည်း ပါးစပ်ပိတ်ထားလိုက်တော့သည်။
ပထမမင်းသားသည် ဇနီးသည်ရှေ့တွင် မိခင်၏ မကောင်းကြောင်းကို မပြောလိုသဖြင့် ခဏကြာမှ ပြောလိုက်လေသည်။ "မူဖေးက ဒီရက်ပိုင်း စိတ်မကြည်ဘူး။ ရက်နည်းနည်းလောက်နေပြီး စိတ်ကြည်သွားမှ မင်း နန်းတော်ထဲဝင်ပြီး ဂါရဝပြုလိုက်တော့"
မဟုတ်ရင် မုန့်ဖေးက စိတ်မထိန်းနိုင်ဘဲ ပြဿနာရှာရင် အပြင်လူတွေသိသွားရင် ကြည့်မကောင်းဘူး။
လျန်ရှီကလည်း နူးညံ့စွာ ပြန်ဖြေလိုက်ပြီး ညစာပြင်ဆင်ခိုင်းကာ ကိုယ်တိုင် ပြုစုကျွေးမွေးလိုက်လေသည်။
တစ်ဖက်တွင် အကြောင်းမဲ့သက်သက် ပြဿနာရှာပြီး စိတ်ကြီးသော မိခင်၊ တစ်ဖက်တွင် နားလည်မှုရှိပြီး ချစ်စရာကောင်းသော ဇနီးသည်၊ ပထမမင်းသား၏ စိတ်သည် ယိမ်းယိုင်သွားရတော့သည်။
ဗိုက်ပြည့်သွားသောအခါ ပထမမင်းသားသည် လျန်ရှီ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်လေသည်။ "စောစောအိပ်ရအောင်"
လျန်ရှီ၏ မျက်နှာသည် ရှက်သွေးဖြာကာ နီရဲသွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းသား ထန်အာကို မတွေ့ရတာ တစ်ရက်ရှိပြီ။ ကျွန်မ ထန်အာကို ခေါ်ပြီး အရှင်မင်းသားကြည့်ဖို့ ပြင်ပေးရမလား"
ပထမမင်းသားသည် ထန်အာအပေါ် သိပ်ပြီး စိတ်အားထက်သန်ခြင်း မရှိဘဲ ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်လေသည်။ "ညနက်နေပြီ။ မနက်ဖြန်မှပဲ ကြည့်တော့မယ်။ မင်း ထန်အာကို ကောင်းကောင်း မွေးမြူထားလိုက်။ နောက်ဆို ငါတို့မှာ တရားဝင်သား ရှိလာရင် ညီအစ်ကိုနှစ်ယောက် အတူတူ ကြီးပြင်းလာတော့ ပိုချစ်ကြတာပေါ့"
လျန်ရှီသည် ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်သော်လည်း ရင်ထဲတွင်တော့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
ပြောတာတော့ ကောင်းလိုက်တာ။
ရှင့်မှာလည်း တရားဝင် ညီအစ်ကိုတွေ ရှိတာပဲ။ ခင်ကြတာ မတွေ့ရပါလား။
...
အရှေ့နန်းဆောင်။
အသစ်စက်စက် နန်းဆောင်ဖြစ်ပြီး မည်သူမျှ မနေထိုင်ဖူးသဖြင့် မီးဖိုများ ထွန်းညှိထားသော်လည်း တခြားနေရာများထက် ပိုမိုအေးစက်နေလေသည်။
လုမင်ယွိသည် ကလေးနှစ်ယောက်ကို စိတ်မချသဖြင့် နို့တိုက်ပြီးသောအခါ ကုတင်ပေါ်သို့ ခေါ်ဆောင်လာခဲ့လေသည်။ ကုတင်သည် ကျယ်ဝန်းသဖြင့် ကလေးနှစ်ယောက် လှိမ့်နေလျှင်တောင် ပြဿနာမရှိပေ။
လီကျင့်သည် ဖခင်ဖြစ်ကာစ ဖြစ်သဖြင့် သားသမီးနှစ်ဦးအပေါ် သည်းခံနိုင်စွမ်းနှင့် စိတ်အားထက်သန်မှု အပြည့်ရှိနေလေသည်။
သူသည် ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး ကလေးနှစ်ယောက်ကို ရင်ခွင်ပေါ် တင်ထားကာ ပြောလိုက်လေသည်။ "ရွှီအာ... ရွှမ်းအာ... အဖေ့ကို မော့ကြည့်ကြဦး"
မောင်နှမနှစ်ယောက်သည် ပြိုင်တူ ခေါင်းမော့ကြည့်လိုက်သော်လည်း ခဏကြာလျှင် ပြန်လည်မှောက်ကျသွားပြီး မျက်နှာလေးများက ရင်ခွင်ပေါ်သို့ ပြိုကျသွားလေသည်။
လီကျင့်သည် သဘောကျကာ တဟားဟား ရယ်မောနေတော့သည်။
လုမင်ယွိက ပြုံးကာ လီကျင့်ကို ရိုက်လိုက်လေသည်။ "ညနက်နေပြီ။ ကလေးတွေ အိပ်သင့်ပြီ။ ရှင်က ဒီလိုစနေရင် သူတို့က အိပ်ချင်မှာ မဟုတ်တော့ဘူး။ ဘယ်အချိန်ထိ ဆော့နေကြဦးမှာလဲ"
လီကျင့်က စိတ်အားထက်သန်စွာ ပြောလိုက်လေသည်။ "မလောပါနဲ့။ စောပါသေးတယ်။ ငါက အဖေတစ်ယောက်အနေနဲ့ တစ်နေ့လုံး အရိပ်အယောင်တောင် မပြနိုင်ဘူး။ ညဘက်ကျမှ သူတို့မောင်နှမနှစ်ယောက်နဲ့ စကားပြောရတာ"
ထို့နောက် ကိုယ်ကိုမတ်လိုက်ပြီး ကလေးများကို ပွေ့ဖက်ကာ ကဗျာရွတ်ပြနေတော့သည်။
လုမင်ယွိ "..."
လုမင်ယွိသည် ရယ်ရခက်ငိုရခက်ဖြစ်ကာ သားအဖသုံးယောက်ကို ဂရုမစိုက်တော့ဘဲ ရေချိုးရန် ထွက်သွားလိုက်လေသည်။ နာရီဝက်ခန့်ကြာသောအခါ အဝတ်အစားလဲလှယ်ပြီး ပြန်ရောက်လာသော်လည်း လီကျင့်သည် မောပန်းသည့်ပုံ မပေါ်ဘဲ ကလေးနှစ်ယောက်ကို ဆက်လက် ပြောဆိုနေလေသည်။
ရွှီအာနှင့် ရွှမ်းအာတို့သည် ဘယ်လောက် နားလည်သည် မသိသော်လည်း မျက်လုံးဝိုင်းလေးများဖြင့် ဖခင်ဖြစ်သူကို စိုက်ကြည့်နေကြလေသည်။ လီကျင့်သည် ပျော်ရွှင်လွန်းသဖြင့် ပိုမိုအားတက်သရော ပြောဆိုနေတော့သည်။
ဤနွေးထွေးပြီး ကြည်နူးဖွယ်ကောင်းသော မြင်ကွင်းသည် လုမင်ယွိ၏ နှလုံးသားကို ပျော့ပျောင်းသွားစေသည်။
သူမသည် ကုတင်ဘေးသို့ သွားကာ ပြုံးပြီး ကလေးများကို ပွေ့ယူလိုက်လေသည်။ "ကျွန်မ ကလေးထိန်းလိုက်မယ်။ ရှင် အရင်သွားရေချိုးလိုက်"
လီကျင့်သည် မခွဲခွာချင်ဘဲ ထွက်ခွာသွားရတော့သည်။
လုမင်ယွိသည် တစ်ဖက်တစ်ယောက်စီ ပွေ့ဖက်ကာ အခန်းထဲတွင် လမ်းလျှောက်ရင်း သီချင်းညည်းပြနေလေသည်။ နွေးထွေးသော ရင်ခွင်ထဲတွင် ရင်းနှီးသော အသံကို နားထောင်ရင်း ရွှီအာသည် ဦးစွာ သမ်းဝေလာပြီး ရွှမ်းအာသည်လည်း မျက်လုံးမှေးစင်းလာတော့သည်။ မောင်နှမ နှစ်ယောက်သည် တပြိုင်နက်တည်း အိပ်ပျော်သွားကြလေသည်။
လုမင်ယွိသည် ပြုံးလိုက်ပြီး ကလေးများ၏ ပါးပြင်ကို တစ်ချက်စီ နမ်းလိုက်ကာ ကုတင်ပေါ်သို့ ဖြည်းညှင်းစွာ ချပေးလိုက်လေသည်။ ကလေးနှစ်ယောက်သည် ယှဉ်လျက် အိပ်ပျော်နေကြသည်မှာ နှစ်ခြိုက်စွာပင်။
လီကျင့် ပြန်ရောက်လာသောအခါ ကလေးများ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်ပျက်သွားလေသည်။ "ဒီလောက်စောစောကြီး အိပ်သွားကြပြီလား"
လုမင်ယွိက ပြုံးကာ မျက်စောင်းထိုးလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကလေးတွေက ငယ်သေးတယ်။ တစ်နေ့ကို ၁၄ နာရီ ၁၆ နာရီလောက် အိပ်မှဖြစ်မှာ။ အိပ်ရေးဝမှ ကြီးထွားနှုန်းမြန်ပြီး ဉာဏ်ကောင်းမှာ။ ရှင်က သူတို့နဲ့ ကစားချင်ရင် နောက်ဆို အချိန်တွေ အများကြီး ရှိပါသေးတယ်။ ညဘက်ကျရင် ကလေးတွေကို အိပ်မရအောင် မလုပ်နဲ့"
လီကျင့်သည် ကလေးမွေးဖူးသူ မဟုတ်သဖြင့် ဤအကြောင်းများကို နားမလည်ပေ။ "ကောင်းပါပြီ။ မင်းပြောသလို လုပ်ပါ့မယ်"
ကုတင်ပေါ်တွင် လှဲလိုက်သော်လည်း မနေနိုင်ဘဲ ကလေးကို ငုံ့နမ်းလိုက်လေသည်။
အားနည်းနည်း ပြင်းသွားသဖြင့် ရွှမ်းအာသည် မျက်နှာရှုံ့မဲ့သွားပြီး မျက်လုံးပွင့်ကာ ငိုတော့မလို ဖြစ်သွားသည်။ လုမင်ယွိသည် ရွှမ်းအာကို အမြန်ပွေ့ယူလိုက်ပြီး ကျောကုန်းလေးကို ပုတ်ကာ ချော့မြူလိုက်မှ ပြန်အိပ်သွားတော့သည်။
လီကျင့်သည် အပြစ်ရှိစိတ်ဖြင့် နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ကလေးကို ထပ်မထိရဲတော့ချေ။
ဇနီးမောင်နှံနှစ်ဦးသည် ကလေးများကို ခြားကာ တိုးတိုးတိတ်တိတ် စကားပြောနေကြလေသည်။
"ဖုဟွမ်က အရှေ့နန်းဆောင် ဝန်ကြီးဌာန ဖွဲ့စည်းဖို့ အမိန့်ပေးလိုက်ပြီ" လီကျင့်က လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
ထိုက်ဇီ ခန့်အပ်ပွဲ ပြီးသွားပြီး လီကျင့် အရှေ့နန်းဆောင်သို့ ပြောင်းရွှေ့လာပြီးနောက် အရှေ့နန်းဆောင် အရာရှိများကို ခန့်အပ်ရန် လိုအပ်လာပြီ ဖြစ်သည်။
တိုင်းပြည်ရေးရာများကို ယုံးကျားဧကရာဇ်က ဆုံးဖြတ်ပြီး လီကျင့်သည် သင်ယူလေ့လာဆဲ အဆင့်သာ ရှိသေးသည်။ အရှေ့နန်းဆောင် အရာရှိများတွင် တိကျသော တာဝန်များ မရှိဘဲ ထိုက်ဇီကို ကူညီပံ့ပိုးရန်သာ ဖြစ်သည်။ ထို့ကြောင့် အတွေ့အကြုံရှိပြီး လေးစားထိုက်သော ဝန်ကြီးများကို ရွေးချယ်ခန့်အပ်လေ့ ရှိသည်။ ထိုက်ဇီအတွက် ယုံကြည်စိတ်ချရသော သူများကို မွေးထုတ်ပေးရန် ရည်ရွယ်ချက်လည်း ပါရှိလေသည်။
လုမင်ယွိက လီကျင့်ကို ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ထိုက်ဇီရဲ့ မင်းဆရာ ရာထူးက အရေးကြီးတယ်။ ဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်ကိုလည်း သေချာ ရွေးချယ်ရမယ်"
အရှေ့နန်းဆောင် ဝန်ကြီးဌာန ဖွဲ့စည်းပုံမှာ သတ်မှတ်ချက် ရှိသော်လည်း ပြောင်းလဲလို့ မရနိုင်သည်တော့ မဟုတ်ပေ။
ထိုက်ဇီ တစ်ယောက်အနေဖြင့် ကိုယ်ပိုင်အင်အားကို တည်ဆောက်ရသလို သတိထားပြီး ဆောင်ရွက်ရမည် ဖြစ်သည်။ ဧကရာဇ်၏ မကျေနပ်မှု သို့မဟုတ် သံသယကို မဖြစ်စေရန် ဂရုပြုရလိမ့်မည်။
နန်းပလ္လင်ပေါ်တွင် တစ်ယောက်တည်းသာ ထိုင်နိုင်ပြီး တိုင်းပြည်ကို အုပ်ချုပ်နိုင်သူမှာ ဧကရာဇ်သာလျှင် ဖြစ်သည်။ ထိုက်ဇီ၏ နေရာသည် အရေးကြီးပြီး တိုင်းပြည်၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေနိုင်သော်လည်း နန်းပလ္လင်နှင့် အလွန်နီးကပ်နေသဖြင့် အနေအထိုင် ဆင်ခြင်ရန် လိုအပ်လေသည်။
ရှေးယခင်က ထိုက်ဇီများသည် နန်းတက်သည်အထိ အေးချမ်းစွာ နေနိုင်သူများ ရှိသလို အကြောင်းအမျိုးမျိုးကြောင့် ဖယ်ရှားခံရသူများလည်း မနည်းလှပေ။
သူတို့သည် အရေးကြီးဆုံး ခြေလှမ်းကို လှမ်းခဲ့ပြီးပြီ ဖြစ်သဖြင့် ရှေ့ဆက်လျှောက်ရာတွင် တည်ငြိမ်မှုကို ဦးစားပေးရမည်။ အာဏာရရန် မဆိုထားနှင့် စွမ်းဆောင်ရည်ပြရန်လည်း အလျင်လိုဖို့မလိုချေ။
သို့သော် အရှေ့နန်းဆောင် အရာရှိ ရွေးချယ်ခြင်းကို ယုံးကျားဧကရာဇ်၏ သဘောဆန္ဒအတိုင်း လွှတ်ထားလို့တော့ မဖြစ်ပေ။ ယုံကြည်စိတ်ချရသော သူများကိုသာ ရွေးချယ်ရမည်။
လောကကြီးတွင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဆရာလုပ်တတ်သူများကြောင့် ပျက်စီးရသည့် အရာများ မနည်းလှပေ။
လီကျင့်သည် လုမင်ယွိ၏ သဘောထားကို နားလည်သဖြင့် ခေါင်းညိတ်လိုက်လေသည်။ "ကိုလဲ မင်းနဲ့ အတွေးတူတယ်။ ဝန်ကြီးဌာန ဖွဲ့စည်းတာကို အလောတကြီး မလုပ်သင့်ဘူး။ ကို လူရွေးပြီးရင် ချောင်ကောလောင်ကို အဆိုတင်သွင်းခိုင်းလိုက်မယ်"
...
အပိုင်း (၂၉၆) စီမံကိန်း
အရှင်မင်းကြီးက အရှေ့နန်းဆောင် ဝန်ကြီးဌာနကို ဖွဲ့စည်းပြီး အရှေ့နန်းဆောင် ဝန်ကြီးများကို ရွေးချယ်မည့်ကိစ္စကို နန်းတွင်းအရာရှိများအားလုံး ကြားသိထားကြလေသည်။
စိတ်ဝင်စားသူများလည်း မနည်းလှပေ။
ထိုက်ဇီလီကျင့်သည် ၁၇နှစ်သာ ရှိသေးပြီး နိုင်ငံရေးကို လေ့လာဆဲအဆင့်သာ ရှိသေးသည်။ နိုင်ငံရေးလောကထဲသို့ တရားဝင် ဝင်ရောက်လာခြင်း မရှိသေးပေ။ ယခုအချိန်တွင် ထိုက်ဇီ၏ နောက်လိုက်အဖြစ် ဝင်ရောက်ထားပါက နောင်တစ်ချိန် ထိုက်ဇီ နန်းတက်လာသည့်အခါ အရှေ့နန်းဆောင် ဝန်ကြီးများသည် ဧကရာဇ်အသစ်၏ ယုံကြည်အားထားရသော လက်ရုံးများ ဖြစ်လာပေလိမ့်မည်။ ထိုအချိန်ကျမှ ကောင်းမွန်သော အနာဂတ်မရရှိမည်ကို ပူပန်နေစရာ လိုဦးပါမည်လား။
ဤကဲ့သို့သော လမ်းကြောင်းမျိုးကို ဘယ်သူက မလျှောက်လှမ်းချင်ဘဲ နေပါမည်နည်း။
ချောင်ကောလောင်နှင့် အနည်းငယ် ရင်းနှီးသူများသည် ချောင်အိမ်တော်သို့ တိတ်တဆိတ် သွားရောက်ပြီး ချောင်ကောလောင်ကို တွေ့ဆုံရန် ကြိုးစားကြလေသည်။
ချောင်ကောလောင်သည် စာပေပညာရှင်များ၏ ခေါင်းဆောင်၊ လက်ရှိ ဝန်ကြီးချုပ် ဖြစ်ပြီး အရှင်မင်းကြီး၏ ယုံကြည်အားထားမှုကို ရရှိထားသူဖြစ်သည်။ ထို့အပြင် ထိုက်ဇီ၏ အဘိုးအရင်းလည်း ဖြစ်လေသည်။ အရှေ့နန်းဆောင် ဝန်ကြီး ရွေးချယ်ရေးကိစ္စတွင် ချောင်ကောလောင်၏ စကားသည် အလေးချိန် ရှိသည်မှာ သေချာလှသည်။
သို့သော် ချောင်ကောလောင်သည် ဝါရင့်နိုင်ငံရေးသမား ပီသစွာပင် မည်သူက လာရောက် အကူအညီတောင်းသည်ဖြစ်စေ လက်ခံခြင်း မရှိဘဲ ပြောဆိုလေ့ရှိသည်။
"အရှေ့နန်းဆောင်ကိစ္စကို အရှင်မင်းကြီး ကိုယ်တိုင် ဆုံးဖြတ်ပါလိမ့်မယ်။ ထိုက်ဇီ အရှင်မင်းသားမှာလည်း ကိုယ်ပိုင်အမြင် ရှိပြီးသားပါ။ ကျွန်တော်တို့လို အရာရှိတွေက ဝင်ရောက်စွက်ဖက်ဖို့ မသင့်တော်ပါဘူး"
လာရောက် အကူအညီတောင်းသူများသည် တစ်ယောက်ပြီးတစ်ယောက် ငြင်းပယ်ခံရသဖြင့် စိတ်ပျက်လက်ပျက် ပြန်လှည့်သွားကြရလေသည်။
ချောင်ကောလောင်၏ ရင်ထဲတွင် ကိုယ်ပိုင်အစီအစဉ် ရှိပြီးသားပင်။ သူသည် လီကျင့်ကို တိုးတိုးတိတ်တိတ် အကြံပြုလေသည်။
"အရှင်မင်းကြီးက အရွယ်ကောင်းတုန်း ရှိသေးတယ်။ နောက်နှစ်ဆို ယန်ချူကို စစ်ချီဦးမယ်။ လောလောဆယ်မှာ အရှေ့နန်းဆောင် ဝန်ကြီးဌာနကို အကြမ်းဖျင်း ဖွဲ့စည်းထားပြီး သစ္စာရှိတဲ့ အရာရှိတွေကိုပဲ ရွေးချယ်ခန့်အပ်သင့်တယ်။ လူအများကြီး မခေါ်သင့်ဘူး။ လူများရင် စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်လာနိုင်တယ်"
လှုပ်ရှားမှု ကြီးမားသွားပြီး ယုံးကျားဧကရာဇ် မနှစ်သက်တာမျိုး မဖြစ်စေချင်၍လည်း ဖြစ်သည်။
သားအဖချင်း သံသယဝင်ခြင်းသည် တော်ဝင်မိသားစုအတွက် ကောင်းသောကိစ္စ မဟုတ်ပေ။
လီကျင့်ကလည်း လေးနက်စွာ ပြန်ပြောလိုက်လေသည်။ "ဝိုက်ကုန်း (အဘိုး) ပြောတာ အလွန်မှန်ကန်ပါတယ်။ ဒီကိစ္စကို ကျွန်တော် သေချာစဉ်းစားထားပြီးပါပြီ။ ချန်ထိုက်ဖု (ထိုက်ဇီဆရာ) ရာထူးကို ကျင့်ဝတ်ဌာန ဝန်ကြီးကို ပေးအပ်ချင်ပါတယ်။ အရှေ့နန်းဆောင် ဝန်ကြီးချုပ် ရာထူးကိုတော့ ဘဏ္ဍာရေးဌာနက ဒုဝန်ကြီးရှန်းကို ပေးအပ်ချင်ပါတယ်။ ပြီးတော့ အခုနှစ် စာမေးပွဲအောင်တဲ့ သူတွေထဲက နှစ်ယောက်ကို ရွေးချယ်ချင်ပါတယ်။ ဖန်းဇီကျန်းနဲ့ ကျိုးလီတို့က ငယ်ရွယ်ပြီး ထူးချွန်ကြတယ်။ သူတို့နှစ်ယောက်ကို တစ်ယောက်က ဒုဝန်ကြီးချုပ်၊ တစ်ယောက်က အတွင်းရေးမှူး ခန့်အပ်ချင်ပါတယ်။ နောက်ထပ် ကျောက်ရွေ့နဲ့ လီယန်ကို အရှေ့နန်းဆောင် စာကြည့်တိုက်မှူးအဖြစ် ခန့်အပ်ချင်ပါတယ်"
ချောင်ကောလောင်သည် အစပိုင်းတွင် အံ့သြသွားသော်လည်း သေချာစဉ်းစားကြည့်သည့်အခါ လီကျင့် ရွေးချယ်ထားသူများသည် အလွန်သင့်တော်ကြောင်း တွေ့ရှိရလေသည်။
ကျင့်ဝတ်ဌာန ဝန်ကြီးလော်သည် ယခင်က လီကျင့်၏ ဆရာတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ကျင့်ဝတ်ဌာနသည် စာမေးပွဲများကို စီမံခန့်ခွဲရသလို ဝန်ကြီးလော်သည်လည်း နာမည်ကျော် ပညာရှင်တစ်ဦး ဖြစ်သည်။ သူ့ကို ချန်ထိုက်ဖုအဖြစ် ခန့်အပ်ခြင်းသည် အလွန်သင့်တော်လေသည်။
ဒုဝန်ကြီးရှန်း၏ သမီးသည် လုမိသားစုနှင့် လက်ထပ်ထားသဖြင့် ထိုက်ဇီနှင့် ဆွေမျိုးတော်စပ်လေသည်။ ဒုဝန်ကြီးရှန်းသည် ထက်မြက်ပြီး အရည်အချင်းရှိသူ ဖြစ်သဖြင့် နောက်တစ်ကြိမ် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာမည့်သူအဖြစ် သတ်မှတ်ခံထားရလေသည်။ လီကျင့်က သူ့ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခြင်းသည်လည်း သဘာဝကျလေသည်။
ဖန်းဇီကျန်းသည် ချောင်ကောလောင်၏ မြေးမက်ဖြစ်ပြီး ထိုက်ဇီ၏ ဝမ်းကွဲယောက်ဖ ဖြစ်သည်။
ကျိုးလီသည် လုမိသားစု၏ သမက်ဖြစ်ပြီး ထိုက်ဇီနှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်သည်။
သူတို့နှစ်ဦးသည် ယခုနှစ် စာမေးပွဲအောင်မြင်သူများ ဖြစ်ပြီး ဟန်လင်းကျောင်းတော်တွင် တစ်နှစ်ကျော်ခန့် တာဝန်ထမ်းဆောင်ဖူးသူများ ဖြစ်သည်။ ငယ်ရွယ်ပြီး အားအင်ပြည့်ဝသူများ ဖြစ်သဖြင့် အရှေ့နန်းဆောင် ဘက်တော်သားအဖြစ် စောစီးစွာ ခေါ်ယူထားခြင်း ဖြစ်လေသည်။
ကျောက်ရွေ့သည် ဖူယန်မြို့စား၏ သားဖြစ်ပြီး လီကျင့်နှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်သည်။ လီယန်သည် တုံးပင်ကျွင်းဝမ်၏ သားကြီးဖြစ်ပြီး တော်ဝင်ဆွေမျိုးများ၏ သားသမီးများထဲတွင် အငယ်ဆုံးနှင့် အထူးချွန်ဆုံး ဖြစ်လေသည်။
သူတို့နှစ်ဦးကို အရှေ့နန်းဆောင် အရာရှိအဖြစ် ရွေးချယ်လိုက်ခြင်းအားဖြင့် နောင်တွင် ဖူယန်ဟိုဖူးရန်နှင့် တုံးပင်ကျွင်းဝမ်ဖေးတို့ နန်းတော်ထဲဝင်ပြီး မယ်တော်ကြီးကျောက်နှင့် တွေ့ဆုံသည့်အခါ ထိုက်ဇီ၏ ကောင်းကြောင်းများကို ပြောဆိုပေးနိုင်မည် ဖြစ်သည်။ သို့ဆိုလျှင် အရှေ့နန်းဆောင်နှင့် ရှို့နင်နန်းဆောင်တို့၏ ဆက်ဆံရေးကိုလည်း ပြေလျော့စေနိုင်လိမ့်မည်။
လီကျင့်၏ တွက်ချက်မှုသည် အလွန်ပင် တိကျလှပေသည်။
ချောင်ကောလောင်သည် ကျေနပ်အားရစွာဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းသား ရွေးချယ်တဲ့လူတွေက အရမ်းကောင်းပါတယ်။ အဘိုးက လူတစ်ယောက် ထပ်ပြီး အကြံပြုချင်ပါတယ်"
ချောင်ကောလောင် အကြံပြုသူမှာ ဝန်ထမ်းရွေးချယ်ရေးဌာနမှ ညွန်ကြားရေးမှူးဆွန်း ဖြစ်လေသည်။
ညွန်ကြားရေးမှူးဆွန်းသည် ကျွီရန်ဘွဲ့ ရရှိထားသူဖြစ်ပြီး ယခင်မင်းဆက်ကတည်းက အရာရှိဖြစ်ခဲ့သူ ဖြစ်သည်။ မြို့ဝန်အဆင့်ထိ ရောက်ရှိခဲ့ဖူးသည်။ ယခင်မင်းဆက် ပျက်သုဉ်းသွားပြီးနောက် ညွန်ကြားရေးမှူးဆွန်းသည် ချောင်ကောလောင်ထံ ဝင်ရောက်ခိုလှုံခဲ့ပြီး အတိုင်ပင်ခံအဖြစ် နှစ်အနည်းငယ် လုပ်ကိုင်ခဲ့သည်။
လွန်ခဲ့သော ၃နှစ်က ဝန်ထမ်းရွေးချယ်ရေးဌာနတွင် နေရာလွတ်ရှိသဖြင့် ချောင်ကောလောင်က ညွန်ကြားရေးမှူးဆွန်းကို ဝန်ကြီးထံ အကြံပြုခဲ့ခြင်း ဖြစ်သည်။
"ညွန်ကြားရေးမှူးဆွန်းက အခုနှစ်ဆို အသက် ၅၀ ရှိပါပြီ။ အသက်နည်းနည်းကြီးပေမယ့် လူက စေ့စပ်သေချာပြီး တာဝန်ကျေပွန်ပါတယ်။ သူက အောက်ခြေအရာရှိဘဝကနေ တက်လာတာမို့ အောက်ခြေအကြောင်း ကောင်းကောင်း သိပါတယ်။ အတွေ့အကြုံလည်း များပါတယ်။ အရှင်မင်းသား ရွေးချယ်ထားတဲ့သူတွေက လူငယ်တွေ များနေတယ်"
"လူငယ်တွေက သွေးဆူလွယ်တယ်။ ညွန်ကြားရေးမှူးဆွန်းသာ ရှိရင် လူငယ်တွေရဲ့ အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်"
လီကျင့်သည် ဝမ်းသာအားရ ပြုံးကာ ပြောလိုက်လေသည်။ "ဝိုက်ကုန်း စဉ်းစားပေးတာ အရမ်းပြည့်စုံပါတယ်။ ကျေးဇူးတင်ပါတယ် ဝိုက်ကုန်း"
ချောင်ကောလောင်၏ ပြောဆိုပုံမှာ သွယ်ဝိုက်သော်လည်း လီကျင့်အနေဖြင့် တည်ငြိမ်မှုကို ဦးစားပေးရန်နှင့် အာဏာလုချင်သည့် ပုံစံမျိုး မပြမိစေရန် သတိပေးနေခြင်း ဖြစ်လေသည်။
လီကျင့်သည် မိမိ၏ အကြံပြုချက်ကို လက်ခံကြောင်း တွေ့လိုက်ရသဖြင့် ချောင်ကောလောင်၏ မျက်ခုံးများ ပြေလျော့သွားပြီး ပြုံးကာ ပြောလိုက်လေသည်။ "ဒါဆိုရင် အဘိုးက စာရင်းပြုစုပြီး အရှင်မင်းကြီးဆီ တင်ပြလိုက်ပါ့မယ်"
...
ရက်အနည်းငယ် ကြာပြီးနောက် ချောင်ကောလောင်သည် အရှေ့နန်းဆောင် ဝန်ကြီးများ စာရင်းနှင့်အတူ အစီရင်ခံစာ တင်သွင်းလိုက်လေသည်။
ယုံးကျားဧကရာဇ်သည် သေချာဖတ်ရှုပြီးနောက် စုတ်တံကိုကိုင်ကာ နာမည်နှစ်ခု ထပ်မံဖြည့်စွက်လိုက်လေသည်။ "ချန်ထိုက်ဖုက တစ်ယောက်တည်းဆိုရင် နည်းလွန်းတယ်။ ၃ယောက်ထားလိုက်မယ်"
ထပ်ဖြည့်လိုက်သော နာမည်များမှာ ချောင်ကောလောင်နှင့် ရှင်းယန်ဝမ်လုလင်းတို့ ဖြစ်ကြလေသည်။
ချောင်ကောလောင်သည် စာရင်းကို ကြည့်လိုက်ပြီး အလျင်အမြန် ငြင်းပယ်လိုက်လေသည်။
ယုံးကျားဧကရာဇ်က ပြုံးကာ ပြောလိုက်လေသည်။ "အရည်အချင်းရှိသူကို ရွေးချယ်ရာမှာ ဆွေမျိုးမို့လို့ ရှောင်နေစရာ မလိုပါဘူး။ ချောင်ကောလောင်က ထိုက်ဇီရဲ့ အဘိုးပဲ။ ခင်ဗျားကိုယ်တိုင် ထိုက်ဇီကို သင်ကြားပြသပေးရင် ငါ စိတ်ချရတာပေါ့"
"ရှင်းယန်ဝမ်က ထိုက်ဇီရဲ့ ယောက္ခမပဲ။ ပုံမှန်ဆို စစ်တပ်ထဲမှာ စစ်သည်တွေကို လေ့ကျင့်ပေးနေတာ။ နောက်ဆို ၅ရက်တစ်ကြိမ် နန်းတော်ထဲ ဝင်ခိုင်းပြီး ထိုက်ဇီကို စစ်ရေးအကြောင်း သင်ပြခိုင်းမယ်။ သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီက နန်းတော်ထဲမှာ ထိုင်နေရုံနဲ့ မရဘူး။ စစ်တိုက်တာကိုလည်း နားလည်ရမယ်"
ယုံးကျားဧကရာဇ်သည် သဘောထားကြီးစွာဖြင့် ချောင်ကောလောင်နှင့် လုလင်းကို ချန်ထိုက်ဖုအဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ ထိုက်ဇီက အင်အားစုစည်းမည်ကို စိုးရိမ်သည့်ပုံစံ လုံးဝမပြချေ။
ချောင်ကောလောင်သည် ငြင်းပယ်သော်လည်း မရသဖြင့် နောက်ဆုံးတွင် လက်ခံလိုက်ရတော့သည်။
လီကျင့်သည် ထိုအချိန်က နေရာတွင် မရှိသဖြင့် မသိခဲ့ရပေ။ နန်းတော်ထဲသို့ ဆင့်ခေါ်ခံရမှသာ သိရှိလိုက်ရပြီး အံ့သြဝမ်းသာသွားကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
ယုံးကျားဧကရာဇ်က ပြုံးကာ ပြောလိုက်၏။ "မင်းက ငါ့ရဲ့သား။ ပြီးတော့ သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီပဲ။ ငါ တည်ထောင်ခဲ့တဲ့ တိုင်းပြည်ကို နောက်ဆုံးကျရင် မင်းလက်ထဲ ထည့်ပေးရမှာပဲ။ ငါ့ရှေ့မှာ ဘာတွေ ဟန်ဆောင်နေဦးမှာလဲ"
"ကြည့်ပါဦး။ မင်း ရွေးချယ်ထားတဲ့ လူတွေက ဝန်ကြီးလော်၊ ဒုဝန်ကြီးရှန်းနဲ့ ညွန်ကြားရေးမှူးဆွန်းကလွဲရင် ကျန်တဲ့လူတွေက ငယ်ရွယ်လွန်းတယ်။ ဖန်းဇီကျန်းနဲ့ ကျိုးလီကတော့ ထားလိုက်ပါတော့။ သူတို့က စာမေးပွဲအောင်ထားတဲ့ ပညာတတ်တွေပဲ။ ကျောက်ရွေ့က အပျော်အပါးမက်တဲ့ လူငယ်ပဲ။ ပြီးတော့ လီယန်ကလည်း အရွယ်တောင် မရောက်သေးဘူး။ အရှေ့နန်းဆောင် ဝင်ပြီး ဘာလုပ်မှာလဲ"
"မင်းက ဘာကို စိုးရိမ်နေတာလဲ။ ငါက မင်းကို သံသယဝင်မှာ ကြောက်နေတာလား"
"ထားလိုက်ပါတော့။ မင်း ရွေးချယ်ထားတဲ့ လူတွေကို ငါ အကုန်ခန့်ပေးမယ်။ မင်း သူတို့ကို ကောင်းကောင်း ပြုစုပျိုးထောင်ပြီး နောက်ဆို မင်းအတွက် သစ္စာရှိအောင် လုပ်ပေါ့။ ဒါပေမဲ့ ချန်ထိုက်ဖုက တစ်ယောက်တည်းဆို နည်းလွန်းတယ်"
"ချောင်ကောလောင်က စာပေပညာရှင်တွေရဲ့ ခေါင်းဆောင်။ ရှင်းယန်ဝမ်က သာ့ဝေတိုင်းပြည်ရဲ့ နာမည်ကျော် စစ်သူကြီး။ သူတို့နှစ်ယောက်လုံးက မင်းရဲ့ ဆွေမျိုးရင်းချာတွေပဲ။ မင်းအတွက်ပဲ ကြည့်ပေးမယ့်သူတွေ။ ငါက သူတို့ကို မင်းရဲ့ ချန်ထိုက်ဖုအဖြစ် ခန့်အပ်ပေးမယ်။ မင်းက နိုင်ငံရေးနဲ့ စစ်ရေးကို ကောင်းကောင်း လေ့လာသင်ယူရမယ်။ အဲဒါ ငါ့အပေါ်ထားတဲ့ မင်းရဲ့ ကျေးဇူးတရားပဲ"
ထိုစကားများသည် လီကျင့်၏ နှလုံးသားကို နွေးထွေးသွားစေပြီး မျက်ရည်ဝဲချင်သလို ဖြစ်သွားလေသည်။ "ဖုဟွမ်က နေရာတိုင်းမှာ သားတော်အတွက် စဉ်းစားပေးတယ်။ သားတော် ကျေးဇူးတင်ပါတယ်"
ယုံးကျားဧကရာဇ်သည် ပြုံးကာ သက်ပြင်းချလိုက်ပြီး သားဖြစ်သူ၏ ပခုံးကို ပုတ်လိုက်လေသည်။ "မင်း အရင်တုန်းက ငါ့ကို အပြစ်တင်ခဲ့ဖူးတာကို ငါ နားလည်ပါတယ်။ ငါက မင်းကို လစ်လျူရှုခဲ့မိတယ်။ ငါက ဖခင်ကောင်း တစ်ယောက် မဟုတ်ခဲ့ပါဘူး။ အခု ငါက မင်းကို ထိုက်ဇီအဖြစ် ခန့်အပ်လိုက်ပြီဆိုတော့ မင်းကို ကောင်းကောင်း သင်ကြားပေးပြီး မင်းအတွက် စီစဉ်ပေးရမှာပေါ့"
"အားကျင့် ငါ့ရဲ့ မျှော်လင့်ချက်တွေကို အလဟဿ မဖြစ်စေနဲ့နော်"
...
အပိုင်း (၂၉၇) ရင်ထဲက စကား
လုမင်ယွိသည် အခန်းလွတ်တစ်ခုတွင် သိုးမွှေးကော်ဇော ထူထူတစ်ချပ်ကို ခင်းခိုင်းလိုက်လေသည်။ အခန်းထဲတွင် မီးဖိုအပူပေးစနစ် ရှိသဖြင့် အလွန်နွေးထွေးလေသည်။
ရွှီအာနှင့် ရွှမ်းအာတို့သည် ကော်ဇောပေါ်တွင် လှဲလျောင်းရင်း လက်သီးဆုပ်လေးများကို ဝှေ့ယမ်းကာ ခြေထောက်လေးများကို ကန်ကျောက်နေလေသည်။ တခစ်ခစ် ရယ်မောနေကြသည်မှာ အလွန်ပျော်ရွှင်နေကြပုံပင်။
လုမင်ယွိသည်လည်း အဝတ်ပါးပါးလေး ဝတ်ဆင်ထားပြီး လက်ထဲတွင် ပလုတ်တုတ် အရုပ်တစ်ခုကို ကိုင်ကာ ကလေးများကို ကျီစယ်နေလေသည်။ ကလေးနှစ်ယောက်သည် အသံကြားရာသို့ ခေါင်းထောင်ကြည့်ရန် ကြိုးစားနေကြသည်မှာ ချစ်စရာကောင်းလှသည်။
ထိုအချိန်မှာပင် လီကျင့်လည်း ပြန်ရောက်လာခဲ့လေသည်။
လုမင်ယွိ လှည့်ကြည့်လိုက်သောအခါ လီကျင့်၏ မျက်ဝန်းအိမ်များ နီရဲနေသည်ကို တွေ့လိုက်ရလေသည်။
လုမင်ယွိ "..."
လုမင်ယွိသည် အလိုအလျောက် မျက်မှောင်ကြုတ်လိုက်မိပြီး မျက်နှာထား တင်းမာသွားလေသည်။ "ဘာဖြစ်တာလဲ" လက်ထပ်ပြီး တစ်နှစ်နီးပါး ကြာပြီ ဖြစ်သော်လည်း လီကျင့် ဒီလိုဖြစ်နေတာကို တစ်ခါမှ မမြင်ဖူးပေ။ တစ်ယောက်ယောက်က လီကျင့်ကို အနိုင်ကျင့်လိုက်သည်ဟု ချက်ချင်း တွေးမိသွားတော့သည်။
လီကျင့်က စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ရှောင်ယွိ... ကို မင်းနဲ့ စကားပြောစရာ ရှိတယ်"
လုမင်ယွိသည် ခေါင်းညိတ်လိုက်ပြီး ချီယွင်နှင့် နို့ထိန်းများကို ကလေးထိန်းထားရန် မှာကြားလိုက်လေသည်။ ထို့နောက် အပေါ်ထပ်အင်္ကျီ ဝတ်ဆင်ကာ လီကျင့်နှင့်အတူ အတွင်းခန်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။
လီကျင့်သည် စောစောက ဖြစ်ပျက်ခဲ့သည်များကို တိုးတိုးတိတ်တိတ် ပြောပြလိုက်လေသည်။
"... ကို ရွေးချယ်ထားတဲ့ အရှေ့နန်းဆောင် ဝန်ကြီးတွေကို ဖုဟွမ်က အကုန်လက်ခံပေးလိုက်တယ်။ ပြီးတော့ ဝိုက်ကုန်းနဲ့ ယွဲ့ဖုကို ချန်ထိုက်ဖုအဖြစ် ခန့်အပ်ပေးလိုက်တယ်။ ကို့ကို စကားတွေ အများကြီး ပြောခဲ့တယ်..."
"အခုပြန်စဉ်းစားကြည့်တော့ ကိုက အရမ်းသတိထားလွန်းပြီး ဖုဟွမ်ကို အထင်သေးလွန်းခဲ့တယ်"
"ဘယ်လိုပဲဖြစ်ဖြစ် ဖုဟွမ်က ကို့ကို ထိုက်ဇီအဖြစ် ခန့်အပ်ပေးခဲ့တယ်။ ဒီလတွေအတွင်းမှာလည်း ကို့ကို မင်းကောင်းတစ်ပါး ဖြစ်လာအောင် သေချာသင်ကြားပေးတယ်။ ကို့အတွက် အများကြီး စဉ်းစားပေးတယ်။ ဒါပေမဲ့ ကိုကတော့..."
သူကတော့ ယခင်ဘဝက အဖြစ်အပျက်တွေကို မမေ့နိုင်ဘဲ ဖခင်အရင်းအပေါ် အငြိုးအတေး ထားနေခဲ့မိတယ်။ ဖခင်အရင်းကို မကောင်းမြင်စိတ်နဲ့ပဲ ကြည့်နေခဲ့မိတယ်။
အရှေ့နန်းဆောင် ဝန်ကြီး ရွေးချယ်တာတောင် ယုံးကျားဧကရာဇ်က သံသယဝင်မှာ ကြောက်လို့ သတိထားပြီး ရွေးချယ်ခဲ့ရတယ်။
သူက ဖခင်အရင်းက သူ့ကို မချစ်ဘူးလို့ အမြဲတမ်း အပြစ်တင်နေခဲ့ပေမယ့် သူကိုယ်တိုင်ရော ဖခင်ကို ချစ်ခဲ့ရဲ့လား။
လီကျင့်သည် ဆက်မပြောနိုင်တော့ဘဲ အသံများ တုန်ယင်လာတော့သည်။
လုမင်ယွိသည် ခဏလောက် တိတ်ဆိတ်နေပြီးမှ လီကျင့်၏ မျက်နှာကို အသာအယာ ပွတ်သပ်ပေးလိုက်လေသည်။ "ရှင် စိတ်မကောင်းဖြစ်နေရင် နောက်ဆို ဖုဟွမ်ကို ပိုပြီး ဂရုစိုက်ပေးလိုက်ပေါ့"
လီကျင့်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လုမင်ယွိကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။ "ရှောင်ယွိ... တကယ်တော့ ကို မင်းကို တစ်ခါမှ မပြောပြဖူးတဲ့ ကိစ္စတစ်ခု ရှိတယ်"
"ပြန်လည်မွေးဖွားလာပြီးနောက် ကို့ပိုင်ဆိုင်တဲ့ နန်းပလ္လင်ကို ပြန်ယူမယ်လို့ တွေးခဲ့တယ်။ ကို့အစီအစဉ်ထဲမှာ ဖုဟွမ်နဲ့ အစ်ကိုကြီးကို ကယ်တင်မယ့် အစီအစဉ် မပါဘူး"
"အခု ကို စိတ်ကူး ပြောင်းလိုက်ပြီ"
မူလက သူ တွေးထားသည်မှာ ယန်ချူကို စစ်ချီသည့် စစ်ပွဲတွင် ပထမမင်းသားသည် စစ်မြေပြင်၌ ကျဆုံးသွားမည်။ ယုံးကျားဧကရာဇ်သည် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ၃နှစ်အတွင်း နတ်ရွာစံသွားမည်။
သူသည် ထိုက်ဇီတစ်ယောက်အနေဖြင့် ဘာမှ လုပ်စရာမလိုဘဲ မြို့တော်တွင် နေထိုင်ပြီး နန်းတက်မည့်နေ့ကို စောင့်ဆိုင်းနေရုံသာ ဖြစ်သည်။ ဟုတ်တာပေါ့။ ယောက္ခမ ဖြစ်သူ အသက်မဆုံးရှုံးရအောင်တော့ နည်းလမ်းရှာရမည်။
သူကိုယ်တိုင်အတွက်ကတော့ ဖခင်အရင်း သေဆုံးသွားလည်း ကိစ္စမရှိပေ။
သို့သော် ယနေ့ ယုံးကျားဧကရာဇ်၏ အပြုအမူသည် သူ၏ နှလုံးသားထဲက အပျော့ညံ့ဆုံးနေရာကို ထိမှန်သွားခဲ့လေသည်။ ကျန်ရှိနေသေးသော သားအဖသံယောဇဉ်ကို နှိုးဆွပေးလိုက်သလို ဖြစ်သွားခဲ့သည်။
"ရှောင်ယွိ... ကို သူ့ကို အခုထိ အပြစ်တင်တုန်းပါပဲ" လီကျင့်သည် ရှေ့သို့တိုးကာ လုမင်ယွိကို ပွေ့ဖက်လိုက်ပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "ကို အစ်ကိုကြီးကိုလည်း မုန်းတယ်။ ဒါပေမဲ့ ဘာမှမလုပ်ဘဲ သူတို့သေတာကို ဒီအတိုင်း ထိုင်ကြည့်နေဖို့တော့ ကို မလုပ်နိုင်ဘူး"
"နောက်နှစ် ယန်ချူကို စစ်ချီရင် ကိုလည်း လိုက်သွားမယ်"
လုမင်ယွိ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားလေသည်။
လီကျင့်သည် လုမင်ယွိကို အနည်းငယ် ခွာလိုက်ပြီး ငုံ့ကြည့်လိုက်လေသည်။
မျက်လုံးချင်း ဆုံမိလိုက်ကြသည်။
လုမင်ယွိ၏ မျက်ဝန်းနက်များထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြတ်ပြေးသွားပြီး စကားမပြောနိုင် ဖြစ်နေလေသည်။
လီကျင့်၏ ရင်ထဲတွင် အားနာစိတ်နှင့် ဝမ်းနည်းစိတ်များ ဖြစ်ပေါ်လာတော့သည်။ "တောင်းပန်ပါတယ်။ ကို မင်းတို့သားအမိတွေကို ထားပြီး စစ်မြေပြင်ကို ထွက်သွားရတော့မယ်။ အနည်းဆုံးတော့ ဘယ်စစ်ပွဲက နိုင်မယ်၊ ဘယ်စစ်ပွဲက ရှုံးမယ်ဆိုတာ ကို သိနေတယ်။ သာ့ဝေတိုင်းပြည်ရဲ့ စစ်သူကြီးကောင်းတွေကို အတတ်နိုင်ဆုံး ကယ်တင်ပေးနိုင်လိမ့်မယ်"
လုမင်ယွိကတော့ ဆက်လက် တိတ်ဆိတ်နေဆဲပင်။
လီကျင့်သည် အားတင်းကာ ဆက်ပြောလိုက်လေသည်။ "ရှောင်ယွိ... ကို ဒီလိုဆုံးဖြတ်လိုက်တာက စိတ်လိုက်မာန်ပါ လုပ်လိုက်တာ မဟုတ်ပါဘူး။ ကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်လိုက်တာပါ။ ဒီနေ့ ဖုဟွမ် ပြောတဲ့စကားတွေက ကို့ကို ဆုံးဖြတ်ချက် ခိုင်မာသွားစေခဲ့တာ..."
"လီကျင့်... ရှင် သွားချင်ရင် သွားလိုက်ပါ" လုမင်ယွိသည် နောက်ဆုံးတွင် ပါးစပ်ဖွင့်လာပြီး လီကျင့်၏စကားကို ဖြတ်ပြောလိုက်လေသည်။ "ကံတရားက မျက်နှာသာပေးလို့ ကျွန်မတို့နှစ်ယောက် ပြန်လည်မွေးဖွားလာခွင့် ရခဲ့တာပဲ။ ကိုယ့်ကံကြမ္မာကို ပြောင်းလဲပစ်ဖို့နဲ့ အရင်ဘဝက နောင်တတွေကို ပြန်ပြင်ဆင်ဖို့အတွက် မဟုတ်ဘူးလား"
"ကျွန်မတို့က လက်စားချေရမှာ ဖြစ်သလို ကိုယ်ဂရုစိုက်ရတဲ့ လူတွေကိုလည်း အသက်ရှင်အောင် လုပ်ပေးရမယ်"
ထိုစကားများသည် ခြောက်သွေ့သော မြေဆီလွှာပေါ်သို့ မိုးရွာချလိုက်သလို ဖြစ်သွားလေသည်။
လီကျင့်သည် စိတ်လှုပ်ရှားသွားပြီး လုမင်ယွိ၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်လေသည်။ "မင်း ကို့ကို တကယ်ပဲ အပြစ်မတင်ဘူးလား"
လုမင်ယွိသည် လီကျင့်၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ပြီး မျက်လုံးချင်း ဆုံကာ ပြောလိုက်လေသည်။ "လီကျင့်... ရှင် လုပ်ချင်တာကို လုပ်ပါ။ ကျွန်မတို့က လင်မယားတွေပဲ။ အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် ထောက်ခံအားပေးနေမှာပါ။ ကျွန်မ ရှင့်ကို တားမှာမဟုတ်ဘူး။ ရှင့်နောက်ကနေ မားမားမတ်မတ် ရပ်တည်ပေးသွားမှာပါ"
"ဒါပေမဲ့ ရှင် ဘေးကင်းကင်းနဲ့ ပြန်လာရမယ်နော်"
လီကျင့်သည် မလျော်ကန်လှသည့် ဟာသတစ်ခုကို ပြောလိုက်မိသည်။ "မင်းသာ စစ်မြေပြင်ကို မလိုက်လာရင် ဘယ်သူက ကို့ကို သတ်နိုင်မှာလဲ"
ပြောပြီးသည်နှင့် ဖွီးဖွီးဖွီး ဟု သုံးခါ တံတွေးထွေးလိုက်လေသည်။
လင်မယားနှစ်ယောက်သည် ဤကိစ္စကို ဟာသလုပ်ပြီး ပြောနိုင်သည်ကို ကြည့်လျှင် စိတ်ထဲတွင် အငြိုးအတေး မကျန်တော့သည်မှာ သေချာလေသည်။
လုမင်ယွိက အပြစ်ရှိလျော့ပါးသည့် ခံစားချက်ဖြင့် လေးနက်စွာ ပြောလိုက်လေသည်။ "စစ်မြေပြင်ဆိုတာ ဓားတွေ လှံတွေနဲ့ ပြည့်နေတာ။ ယန်ချူကို စစ်ချီတယ်ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ရှင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်"
ယန်ချူတွင်လည်း ထူးချွန်သော စစ်သူကြီးများနှင့် စစ်သည်များ ရှိလေသည်။ သာ့ဝေတိုင်းပြည်က စစ်ချီပြီး ယန်နှင့်ချူ နှစ်နိုင်ငံလုံးကို တိုက်ခိုက်မည် ဆိုခြင်းမှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။
ယခင်ဘဝက ယန်နှင့်ချူကို တိုက်ခိုက်နိုင်ခဲ့သော်လည်း သာ့ဝေတိုင်းပြည်ဘက်မှ အသေအပျောက် များပြားခဲ့လေသည်။ လုလင်းပင်လျှင် စစ်မြေပြင်၌ ကျဆုံးခဲ့ရသည်။
လီကျင့်သည် ခေါင်းညိတ်လိုက်လေသည်။ "ကို့မှာ ဇနီးသည်နဲ့ ကလေးနှစ်ယောက် ရှိသေးတယ်။ ပြီးတော့ မူဟုပ်နဲ့ ဟွမ်ကျဲလည်း ရှိသေးတယ်။ ကို့လောက် အသက်ကို တန်ဖိုးထားတဲ့သူ မရှိပါဘူး။ မင်း စိတ်ချပါ။ ကို သေချာပေါက် အန္တရာယ်ကင်းကင်းနဲ့ ပြန်လာခဲ့ပါ့မယ်"
တိုင်းပြည်တစ်ခုလုံး စစ်ချီခြင်းသည် ကိစ္စသေး မဟုတ်ပေ။
လုမင်ယွိသည် ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်လေသည်။ "ရှင် စစ်မြေပြင်ကို လိုက်သွားချင်တယ်ဆိုရင် ဖုဟွမ်ကို ကြိုပြောထားမှ ဖြစ်မယ်"
လီကျင့်က အင်း ဟု ထူးလိုက်လေသည်။ "နှစ်ကူးပြီးမှ ဖုဟွမ်ကို ပြောလိုက်မယ်"
ယခင်ဘဝက ယုံးကျားဧကရာဇ်သည် ထိုက်ဇီ မခန့်အပ်ခဲ့ဘဲ မယ်တော်ကြီးကျောက်၏ တောင်းဆိုမှုကြောင့် စတုတ္ထမင်းသားကို မြို့တော်တွင် ထားရစ်ခဲ့သည်။ အစ်ကိုကြီး ၃ယောက်သည် စစ်မြေပြင်သို့ လိုက်ပါသွားခဲ့ကြသည်။
ယခုဘဝတွင် လီကျင့်သည် ထိုက်ဇီ ဖြစ်နေပြီဖြစ်သည်။ တိုင်းပြည်တစ်ခုလုံး စစ်ချီသည့်အခါ ထိုက်ဇီက တိုင်းပြည်ကို စောင့်ရှောက်ရမည်။
လီကျင့်က စစ်မြေပြင်သို့ လိုက်ပါသွားချင်လျှင် ယုံးကျားဧကရာဇ်၏ ခွင့်ပြုချက် ရရှိမှသာ ဖြစ်နိုင်ပေမည်။
...
အရေးကြီးသော ကိစ္စများကို ပြောဆိုပြီးနောက် ဇနီးမောင်နှံနှစ်ဦး၏ စိတ်ခံစားချက်များသည် တည်ငြိမ်သွားကြလေသည်။
လုမင်ယွိသည် စနောက်ချင်စိတ် ပေါ်လာပြီး လီကျင့်၏ မျက်လုံးထောင့်ကို သုတ်ပေးလိုက်လေသည်။
လီကျင့်သည် ရှက်ရွံ့ခြင်း မရှိဘဲ မျက်နှာကို တိုးပေးလိုက်ကာ ကျန်တစ်ဖက်ကိုပါ သုတ်ပေးရန် ပြောလိုက်လေသည်။ လုမင်ယွိသည် ရယ်မောကာ သူ့ကို တွန်းထုတ်လိုက်သော်လည်း လီကျင့်က သူမကို ရင်ခွင်ထဲ ဆွဲသွင်းပြီး အားပါးတရ နမ်းလိုက်လေသည်။
စနောက်ပြီးနောက် လုမင်ယွိက ပြောလိုက်လေသည်။ "ဒီကိစ္စကို မူဟုပ်ကို သေချာ ပြောပြလိုက်နော်"
လီကျင့်က ပြန်ဖြေလိုက်၏။ "မူဟုပ်က ကို့ကို တားမှာ မဟုတ်ပါဘူး"
ချောင်မိဖုရားခေါင်၏ စိတ်နေစိတ်ထားအရ သားဖြစ်သူ တိုင်းပြည်အတွက် အမှုထမ်းမည်ကို တားဆီးမည် မဟုတ်ပေ။ သို့သော် သူထွက်သွားလျှင် အရှေ့နန်းဆောင် ကိစ္စအဝဝသည် လုမင်ယွိ၏ ပခုံးပေါ်သို့ ကျရောက်လာလိမ့်မည်။ ထို့အပြင် ငယ်ရွယ်သော ကလေးနှစ်ယောက်ကိုလည်း ပြုစုစောင့်ရှောက်ရမည်။
လီကျင့်သည် အားနာစိတ် ဖြစ်ပေါ်လာပြီး လုမင်ယွိကို ကြည့်လိုက်လေသည်။ စကားမပြောရသေးမီမှာပင် လုမင်ယွိက ပြောလိုက်လေသည်။ "အရှေ့နန်းဆောင်မှာ ကျွန်မ ရှိတယ်။ ရှင် စိတ်ချပါ။ ရွှီအာနဲ့ ရွှမ်းအာက ငယ်သေးတယ်။ စစ်ပွဲမြန်မြန်နိုင်အောင် တိုက်ပြီး ပြန်လာခဲ့။ မဟုတ်ရင် ကလေးတွေက ရှင့်ကို အဖေမှန်း သိမှာ မဟုတ်တော့ဘူး"
လီကျင့်သည် ရယ်မောလိုက်ပြီး ရင်ထဲတွင် နွေးထွေးသွားလေသည်။ "ရှောင်ယွိ... ကျေးဇူးတင်ပါတယ်"
ကို့ကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကို့ကို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်။
...