အခန်း (၂၉၈-၃၀၀)
Vol. 20 Ch. 298-300
အပိုင်း (၂၉၈) လက်အောက်အရာရှိများ (၁)
နောက်တနေ့တွင် လုလင်းသည် စစ်တက်မှ မြို့တော်သို့ ပြန်ရောက်လာပြီး ကျေးဇူးတင်စကားပြောရန် နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။
"အရှင်မင်းကြီးက ကျွန်တော်မျိုးကို ယုံကြည်ပြီး ချန်ထိုက်ဖုအဖြစ် ခန့်အပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို အလဟဿ မဖြစ်စေရပါဘူး။ ထိုက်ဇီကို အကောင်းဆုံး သင်ကြားပြသပေးပါ့မယ်"
လုလင်းသည် ပြတ်သားသူဖြစ်သဖြင့် ဟန်ဆောင်ငြင်းပယ်ခြင်းမျိုး မရှိချေ။ ချောင်ကောလောင်ကဲ့သို့ ရင်ထဲတွင် ပျော်ရွှင်နေသော်ငြား အပြင်ပန်းတွင် ဟန်ဆောင်ငြင်းပယ်ခြင်းမျိုး မဟုတ်ချေ။
ယုံးကျားဧကရာဇ်က ပြုံးကာ နောက်ပြောင်ကျီစယ်လိုက်၏။ "ခင်များက သမက်အပေါ် တကယ်ကောင်းတာပဲ။ နည်းနည်းလေးတောင် ဟန်ဆောင်ပန်ဆောင် မငြင်းဘူး"
လုလင်းကလဲ ရယ်မောကာ ပြန်ဖြေလိုက်လေသည်။ "ကျွန်တော်မျိုး ဘယ်လောက်ကောင်းကောင်း အရှင်မင်းကြီးက ထိုက်ဇီအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကိုတော့ မမှီပါဘူး။ အရင်မင်းဆက်တုန်းက သားအဖတွေ သံသယဝင် ညီအစ်ကိုချင်းသတ်ဖြတ်ကြလို့ တိုင်းပြည်ပျက်စီးခဲ့ရတာလေ။ အရှင်မင်းကြီးကတော့ အမြှော်အမြင်ကြီးမားတဲ့ မင်းမြတ်တစ်ပါး ဖြစ်သလို မေတ္တာကြီးမားတဲ့ ဖခင်တစ်ယောက်လဲ ဖြစ်ပါတယ်။ ထိုက်ဇီအပေါ်ထားတဲ့ အရှင်မင်းကြီးရဲ့ မေတ္တာတရားကိုမြင်ရတော့ ကျွန်တော်မျိုးက ထိုက်ဇီအတွက် အစွမ်းကုန် မကြိုးစားဘဲ နေနိုင်ပါ့မလား"
စကားကလဲ နားထောင်လို့ ကောင်းလှ၏။
ယုံးကျားဧကရာဇ်သည် သဘောကျကာ ပြုံးရယ်လိုက်လေတော့သည်။ "ကျန်း ထိုက်ဇီကို ပြောပြီးပါပြီ။ နောက်ဆို ၅ရက်တစ်ကြိမ် နန်းတော်ထဲဝင်ပြီး ထိုက်ဇီကို စစ်ရေးအကြောင်း သင်ပြပေးပါ"
လုလင်းကလဲ ပြုံးကာ လက်ခံလိုက်၏။
စစ်တပ်ထဲတွင် ကျန်းကျုံးနှင့် လုဖေးတို့ရှိသလို တခြားစစ်သူကြီးများလည်း ရှိနေသဖြင့် နေ့စဥ်လေ့ကျင့်ရေးကို လုလင်းကိုယ်တိုင် ကြီးကြပ်စရာမလိုချေ။ ရက်အနည်းငယ်ကြာမှ နန်းတော်ထဲသို့ တစ်ခါဝင်ပြီး ထိုက်ဇီကို သင်ကြားပြသခြင်းက အရှေ့နန်းဆောင်နှင့် ရင်းနှီးစေသလို အလုပ်ကိစ္စလဲ မပျက်ကွက်ပေ။
ထို့အပြင် သမီးနှင့်မြေးများကိုပါ ဝင်ရောက်တွေ့ဆုံနိုင်ပေမည်။
လုလင်းက ထိုသို့စဥ်းစားနေချိန်တွင် ယုံးကျားဧကရာဇ်က မိန့်တော်မူလိုက်၏။ "ခင်များ နန်းတော်ထဲ ရောက်တုန်းခိုက်တုန်း ထိုက်ဇီကိုခေါ်ပြီး အရှေ့ဘက်နန်းဆောင်ကိုလဲ လိုက်ပို့ခိုင်းလိုက်မယ်"
လုလင်းသည် ဝမ်းသာအားရ ကျေးဇူးတင်စကား ပြောလိုက်တော့သည်။
ယုံးကျားဧကရာဇ်သည် စစ်သူကြီးများနှင့် ပြောဆိုဆက်ဆံရသည်ကို နှစ်သက်လေသည်။ စကားပြောလျှင် ဒဲ့တိုးပြောတတ်ကြပြီး အကွေ့အကောက် မများသဖြင့် စိတ်လက်ပေါ့ပါးရစေ၏။
မကြာခင်မှာပင် လီကျင့်လဲ ရောက်လာခဲ့သည်။
လုလင်းက အရိုအသေပြုရန် ပြင်လိုက်စဥ်မှာပင် လီကျင့်က အမြန်လျှောက်လာကာ ယောက္ခမကို တွဲထူလိုက်လေ၏။ "ယွဲ့ဖု ထပါ"
ထိုကဲ့သို့ အရိုသေအပြည့်ရှိသော ပုံစံကိုကြည့်ရင်း ယုံးကျားဧကရာဇ်၏ ရင်ထဲတွင် မနာလိုဖြစ်သွားကာ ချောင်းဟန့်လိုက်လေတော့သည်။ "ဒီနေ့ကစပြီး ချန်ထိုက်ဖုလို့ ပြောင်းခေါ်လို့ရပြီ"
လီကျင့်က ပြုံးကာ ပြောလိုက်လေသည်။ "ယွဲ့ဖုလို့ ခေါ်တာက ပိုရင်းနှီးပါတယ်။ ယွဲဖု စာသင်တဲ့အချိန်ကြမှ ချန်ထိုက်ဖု လို့ ပြောင်းခေါ်တာ နောက်မကျပါဘူး"
ထို့နောက် လုလင်းကို ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်ပြီး ကိုယ်တိုင် လက်ဖက်ရည် ကမ်းပေးလိုက်လေသည်။
ထိုအရာများကို လီကျင့်သည် လုအိမ်တော်သို့ သွားရောက်စဥ်ကလဲ အကြိမ်ကြိမ် လုပ်ခဲ့ဖူးသဖြင့် ကျွမ်းကျင်နေပြီဖြစ်၏။
လုလင်းကလဲ ဝမ်းသာအားရ လက်ခံလိုက်တော့သည်။ "ကျေးဇူးတင်ပါတယ် အရှင်မင်းသား။ အရှင်မင်းသား မတ်တပ်ရပ်မနေပါနဲ့။ ထိုင်ပြီး စကားပြောပါ"
လီကျင့်သည် ယောက္ခမဘေးတွင် ဝင်ထိုင်လိုက်ပြီး ရှင်းယန်စစ်တပ်၏ အခြေအနေနှင့် ယောက်ဖများ၏ ကျန်းမာရေးကို.သတင်းမေးမြန်းလိုက်၏။
လုလင်းကလဲ ပြုံးကာ ပြန်ဖြေလေသည်။ "အားလုံးအဆင်ပြေပါတယ်။ အရှင်မင်းသား စိတ်မပူပါနဲ့"
ယုံးကျားဧကရာဇ် "..."
နှိုင်းယှဥ်ကြည့်လိုက်တော့ ဖခင်ဖြစ်သူ ယုံးကျားဧကရာဇ်၏ ရင်ထဲတွင် နာကျင်သွားရလေတော့သည်။ လီကျင့်သည် နေ့တိုင်း စာကြည့်ဆောင်တွင် သူ့ကို ပြုစုပေးသော်လည်း ဒီလိုရင်းနှီးမှုမျိုး မရှိချေ။
ယုံးကျားဧကရာဇ်သည် မျက်စိနောက်သက်သာစေရန် လီကျင့်ကို ယောက္ခမအား ခေါ်ဆောင်သွားခိုင်းပြီး အရှေ့နန်းဆောင်သို့ သွားရောက်ရန် အမိန့်ပေးလိုက်တော့၏။
လီကျင့်ကလဲ ချက်ချင်းလက်ခံလိုက်ပြီး ယောက္ခထီးကို ခေါ်သွားလေတော့သည်။
ယုံးကျားဧကရာဇ်က နှုတ်ခမ်းကိုမဲ့လိုက်ကာ အစီရင်ခံစာများကို ဆက်လက်စစ်ဆေးနေလိုက်လေသည်။
...
အရှေ့နန်းဆောင်သည် ဧကရာဇ်စံမြန်းရာနန်းဆောင်နှင့် မဝေးသလို ကျောင်းဖန်နန်းဆောင်နှင့်လဲ နီးကပ်လေသည်။
အရှေ့ဘက်နန်းဆောင်ကို အရှေ့ဆောင်နှင့် အနောက်ဆောင်ဟူ၍ ခွဲခြားထား၏။ အရှေ့ဘက်နန်းဆောင် ဝန်ကြီးများသည် အရှေ့ဆောင်တွင် ရုံးထိုင်ကြပြီး လုမင်ယွိနှင့်ကလေးများကတော့ အနောက်ဘက်ဆောင်တွင် နေထိုင်ကြသည်။
လုလင်းသည် သမီးဖြစ်သူကို တွေ့ချင်ဇောစိတ်ကို ထိန်းချုပ်ထားကာ အရှေ့နန်းဆောင် ဝန်ကြီးများနှင့် နှုတ်ဆက်စကား ပြောဆိုလိုက်လေသည်။
အများစုမှာ ရင်းနှီးပြီးသား လူများဖြစ်ကြ၏။ ချောင်ကောလောင်ကို ပြောစရာမလိုသလို ဒုဝန်ကြီးရှန်းသည်လည်း လုလင်း၏ ခမည်းခမက် ဖြစ်နေသဖြင့် ရင်းနှီးပြီးသား ဖြစ်နေသည်။ ဝန်ကြီးလော်နှင့်လည်း ဆက်ဆံဖူးလေသည်။
ညွှန်ကြားရေးမှူးဆွန်းနှင့်သာ စိမ်းနေသဖြင့် လုလင်က ခေါင်းညိမ့်ပြလိုက်ရာ ညွှန်ကြားရေးမှူးဆွန်းကလည်း ချက်ချင်းရှေ့ကိုလာပြီး နှုတ်ဆက်လေသည်။
ကျန်လူများကတော့ လူငယ်များ ဖြစ်ကြ၏။
ဖန်းဇီကျန်းသည် ချောင်ကောလောင်၏ မြေးသမက်ဖြစ်ပြီး ရုပ်ရည်သန့်ပြန့်ကာ စာပေသမားပီသလေသည်။ ကျိုးလီကတော့ လုလင်း၏ သမက်ဖြစ်ပြီး ရုပ်ရည်ချောမောကာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သည်။
ကျောက်ယွီသည် အရည်အချင်း သာမန်သာရှိပြီး ကျောက်မျိုးရိုးကြောင့်သာ အရှေ့နန်းဆောင်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော်ငြား သူသည် မာန်မာနမရှိဘဲ ပျော်ပျော်နေတတ်ကာ မျက်နှာပြောင်သူလဲ ဖြစ်၏။
လီယန်သည် အငယ်ဆုံးဖြစ်ပြီး ၁၃နှစ်သာ ရှိသေးလေသည်။ ငယ်ရွယ်ပြီး ဉာဏ်ကောင်းသလို ရုပ်ရည်ကလဲ ချောမောလှပလေသည်။
လုလင်းသည် လီယန်ကို ကြည့်လိုက်ပြီး ပြုံးကာ နောက်ပြောင်စကား ပြောဆိုလိုက်၏။ "အရှင်မင်းသားက လူတော်တွေကို လိုချင်လွန်းလို့ အရွယ်မရောက်သေးတဲ့ လီရှီဇီ (လီအိမ်တော်ရဲ့ ဆက်ခံသူ)ကိုတောင် အရှေ့နန်းဆောင်ထဲ ခေါ်ထားတာပဲ"
အားလုံးကလဲ ရယ်မောလိုက်ကြ၏။
လီယန်သည် တုံးပင်ကျွင်းဝမ်၏ သားကြီးဖြစ်ပြီး တုံးပင်ကျွင်းဝမ်သည် ယခုနှစ်အစောပိုင်းတွင် သားဖြစ်သူကို ဆက်ခံသူအဖြစ် ခန့်အပ်ပေးရန် အစီရင်ခံစာ တင်သွင်းခဲ့လေသည်။
ယုံးကျားဧကရာဇ်ကလဲ လက်ခံသဖြင့် ငယ်ရွယ်လှသည့် လီယန်ကို လူတိုင်းက လီရှီဇီဟု ခေါ်ဝေါ်ကြ၏။
လီယန်ကလဲ ပြုံးကာပြောလိုက်သည်။ "တခြားသူတွေ ပြောလာရင်တော့ ကျွန်တော်က ငယ်သေးလို့ လှောင်ပြောင်တာ ဖြစ်နိုင်ပါတယ်။ ရှင်းယန်ဝမ်ကတော့ ပွင့်လင်းသူဆိုတော့ ကျွန်တော့်ကို ချီးကျူးတာ အမှန်ပဲ ဖြစ်ရမယ်"
လူအများကလဲ ထပ်မံရယ်မောလိုက်ကြပြန်သည်။
ကျောက်ယွီနှင့် လီယန်တို့သည် လောလောဆယ် တာဝန်ကြီးကြီးမားမား မရှိသေးဘဲ ထိုက်ဇီ၏ ဘေးတွင် စာလေ့လာရုံသာဖြစ်သည်။ ထိုက်ဇီက နန်းတက်ရန် လိုသေးသဖြင့် ဖြည်းဖြည်းချင်း လေ့ကျင့်ပေးရပေမည်။
လက်ရှိ အသက်အရွယ်စုံလင်လှသော လူ၉ယောက်သည် ထိုက်ဇီ၏ ယုံကြည်အားထားရသော လူများဖြစ်ကြ၏။
လီကျင့်က ပြုံးကာပြောလိုက်လေသည်။ "ကျွန်တော် ထိုက်ဇီဖေးကို သွားခေါ်လိုက်အုံးမယ်။ ခင်များတို့နဲ့ မိတ်ဆက်ပေးချင်လို့ "
အားလုံး "..."
ဒီအပြင်အဆင်က နည်းနည်းတော့ မှားနေသလိုပဲ။
လုလင်းကတော့ မငြင်းဆန်ပေ။ ချောင်ကောလောင်၏ ရင်ထဲတွင် သဘောမတူသော်ငြား ထုတ်မပြောချေ။ ကျန်လူများကတော့ ထိုက်ဇီ၏ ဆန္ဒကို မလွန်ဆန်ရဲကြပေ။
မကြာခင်မှာပင် လုမင်ယွိလဲ ရောက်ရှိလာလေသည်။
...
လုမင်ယွိသည် ကလေးမွေးပြီးနောက် သေသေချာချာ ဂရုစိုက်ခဲ့သဖြင့် ခန္ဓာကိုယ်သည် ပြန်လည်သွယ်လျလာပြီဖြစ်၏။ ယနေ့တွင် အနီရောင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး လှပကာ ကျက်သရေ ရှိလှပေသည်။
သူမ၏ မျက်ဝန်းများက တောက်ပနေပြီး လူတိုင်း၏ အကြည့်ကို ဖမ်းစားထားလေတော့သည်။
လူအားလုံးကလဲ ပြိုင်တူ အရိုအသေပြုလိုက်ကြ၏။ "ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်"
လုမင်ယွိသည် ပြုံးကာ ချောင်ကောလောင်ကို တွဲထူလိုက်လေသည်။ "အတွင်းဝန် ချောင်ကောလောင် ထပါ" ထို့နောက် လုလင်းကို ကိုယ်တိုင်တွဲထူလိုက်လေသည်။ "ရှင်းယန်ဝမ် ထပါ"
ထိုက်ဇီဖေး အနေဖြင့် အရှေ့ဘက်နန်းဆောင် ဝန်ကြီးများနှင့် တွေ့ဆုံခြင်းဖြစ်ရာ ထိုက်ဇီဖေး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရပေမည်။ ဒီနေရာတွင် သားအဖဆက်ဆံရေးမျိုး မပြသသင့်ချေ။
လုလင်းသည် သမီးဖြစ်သူနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး ထိုက်ဇီဖေးကို ကျေးဇူးတင်စကားဆိုကာ မတ်တပ်ရပ်လိုက်လေ၏။
ထို့နောက်တွင်တော့ လုမင်ယွိက ဝန်ကြီးလော်နှင့် ကျန်လူများကိုလဲ ပြောလိုက်လေသည်။ "အားလုံးပဲ ထကြပါ"
ဝန်ကြီးလော်သည် ကျင့်ဝတ်ဌာနကို အုပ်ချုပ်သူဖြစ်သဖြင့် စည်းမျဥ်းစည်းကမ်းများကို အလွန်အလေးထားလေ၏။ ရိုသေစွာဖြင့် ကျေးဇူးတင်စကား ပြောဆိုလိုက်တော့သည်။
ခုနက ပေါ့ပေါ့ပါးပါး ဖြစ်နေသော ကျိုးလီနှင့် ကျန်လူများသည်လဲ အပြုံးများကို ရုတ်သိမ်းလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်ကြသည်။
လီကျင့်က ပြုံးကာ ပြောလိုက်လေ၏။ "အားလုံးထကြပါ။ နောက်ဆိုရင် ထိုက်ဇီဖေးကို တွေ့ရင် ကျွန်တော့်ကို တွေ့သလိုပဲ သဘောထားကြပါ။ တကယ်လို့ ကိစ္စတစ်ခုခုရှိပြီး ကျွန်တော် မရှိခဲ့ရင်လည်း ထိုက်ဇီဖေးကို တင်ပြပြီး ထိုက်ဇီဖေးရဲ့ ဆုံးဖြတ်ချက်ကို ခံယူကြပါ"
ထိုစကားကို ကြားလိုက်ရသည်နှင့် လူအားလုံးမှာ အံ့သြသွားကြလေတော့၏။
အနောက်နန်းဆောင်သည် နိုင်ငံရေးတွင် ဝင်ရောက် မစွက်ဖက်ရဟူသော စည်းကမ်းသည် ယခင်မင်းဆက်ကတည်းက ရှိခဲ့ခြင်းဖြစ်လေသည်။ ထိုက်ဇီ၏ ပုံစံကို ကြည့်ရသည်မှာ ထိုစည်းကမ်းကို ချိုးဖောက်ပြီး ထိုက်ဇီဖေးကိုပါ နိုင်ငံရေးဆွေးနွေးခွင့် ပေးတော့မည့်အလားပင်။
ချောင်ကောလောင်ကတော့ တည်ငြိမ်စွာ ပြန်ပြောလိုက်လေ၏။ "ထိုက်ဇီနဲ့ထိုက်ဇီဖေးက ဇနီးမောင်နှံဖြစ်တဲ့အတွက် ကျွန်တော်တို့က ထိုက်ဇီဖေးကို လေးစားရမှာ အမှန်ပါပဲ"
"နိုင်ငံရေးတော့ ဆွေးနွေးဖို့ မလိုအပ်ပါဘူး"
လီကျင့်က စကားပြောရန် ပြင်လိုက်စဥ်မှာပင် လုမင်ယွိက အရင်ဦးအောင် ဝင်ပြောလိုက်တော့သည်။ "အတွင်းဝန်ချောင် စိတ်မပူပါနဲ့။ ကျွန်မ နိုင်ငံရေးကိစ္စတွေမှာ ဝင်ပါဖို့ စိတ်ကူးမရှိပါဘူး။ အရှင်မင်းသားပြောတာက အရေးပေါ် အခြေအနေမျိုးကို ဆိုလိုတာပါ"
...
အပိုင်း (၂၉၉) လက်အောက်အရာရှိများ (၂)
ချောင်ကောလောင်သည် စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းချလိုက်မိလေသည်။
သူသည် ဧကရာဇ်မင်းဆက် နှစ်ဆက်တိုင်တိုင် တာဝန်ထမ်းဆောင်လိုပြီး ဝန်ကြီးကောင်းတစ်ယောက်အဖြစ် နာမည်ကျော်ကြားလိုသည်။ ထိုက်ဇီဖေးက နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်သည်ကို လုံးဝမြင်လိုခြင်း မရှိချေ။
ချောင်ကောလောင်၏ အပြုအမူသည် ထင်ရှားလွန်းသဖြင့် လုလင်းမှာ ရင်ထဲတွင် မကျေမနပ်ဖြစ်သွားပြီး တမင်သက်သက် ထုတ်မေးလိုက်တော့၏။ "ထိုက်ဇီဖေးပြောတဲ့ အရေးပေါ်အခြေအနေဆိုတာ ဘယ်အချိန်ကို ဆိုလိုတာလဲ မသိဘူး"
လုမင်ယွိက ပြန်မဖြေရသေးခင်မှာပင် လီကျင့်က ဝင်ပြောလိုက်လေသည်။ "နောက်နှစ် ယန်နဲ့ချူကို စစ်ချီရင် ကျွန်တော်လဲ လိုက်သွားမှာပါ။ အဲဒီ့အချိန်ကျရင် အရှေ့နန်းဆောင်ကိစ္စတွေကို ထိုက်ဇီဖေးက ဆုံးဖြတ်ပါလိမ့်မယ်"
စကားဆုံးသည်နှင့် ချောင်ကောလောင်၏ မျက်နှာသည် ပြောင်းလဲသွားပြီး ချင်ချင်းပင် ကန့်ကွက်လိုက်လေတော့သည်။ "အရှင်မင်းကြီးကိုယ်တိုင် စစ်ချီတာလေ။ အရှင်မင်းသားက အိမ်ရှေ့စံဆိုတော့ တိုင်းပြည်ကို စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်"
တစ်ချို့စကားလုံးများကို ထုတ်မပြောသော်လည်း လူတိုင်းက နားလည်လေသည်။ စစ်မြေပြင်ဆိုတာ မရေရာတဲ့ နေရာတစ်ခုပါ။.တကယ်လို့ အရှင်မင်းကြီး တစ်ခုခုဖြစ်သွားရင် ထိုက်ဇီက နန်းတော်ထဲမှာရှိနေမှ တိုင်းပြည်တည်ငြိမ်မှာပေါ့။
ဝန်ကြီးလော်သည် မုတ်ဆိတ်မွှေးကိုသပ်ကာ ထောက်ခံလိုက်လေသည်။ "ချောင်ကောလောင်ပြောတာ မှန်ပါတယ်။ ကျွန်တော်မျိုးလည်း ထိုက်ဇီကို မြို့တော်မှာ ကျန်ခဲ့စေချင်ပါတယ်"
လုလင်းသည် မျက်ဝန်းများ တောက်ပသွားပြီး လေးနက်စွာ ပြောလိုက်လေ၏။ "အရှင်မင်းကြီးက စစ်တိုက်ပြီးမှ တိုင်းပြည်ကို ထူထောင်ခဲ့တာပါ။ ထိုက်ဇီက သားတစ်ယောက်အနေနဲ့ ဖခင်ရဲ့တာဝန်ကို ခွဲဝေယူသင့်ပါတယ်။ ဒီတော့ ပထမမင်းသားနဲ့ တတိယမင်းသားလဲ စစ်ချီရာမှာ လိုက်ပါသွားကြမှာပါ။ ထိုက်ဇီက မြို့တော်မှာကျန်ခဲ့ရင် စစ်ကိုကြောက်တယ်ဆိုပြီး နာမည်ဆိုး တွင်ကျန်ရစ်ပါလိမ့်မယ်"
ထိုစကားကို ကြားလိုက်ရသည်နှင့် ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့သည် ပြောစရာစကားများ ပျောက်ဆုံးသွားကြလေတော့သည်။
အကြောင်းပြချက်ကလဲ ခိုင်လုံနေသည် မဟုတ်ပါလား။
သာ့ဝေတိုင်းပြည်သည် ပြည်မကြီးတစ်ခုလုံးကို မသိမ်းပိုက်နိုင်သေးချေ။ ပထမမင်းသားနှင့် တတိယမင်းသားတို့သည် ယုံးကျားဧကရာဇ်နှင့်အတူ အသက်စွန့်ပြီး စစ်တိုက်နေချိန်တွင် ထိုက်ဇီက နောက်တန်းမှာ နေရစ်ခဲ့ခြင်းက လုံခြုံမှုတော့ရှိပါရဲ့။ သို့သော်ငြား နောက်ပိုင်း ဆုချီးမြှင့်သည့်အခါ ပထမမင်းသားနှင့် တတိယမင်းသားတို့ကသာ ထိုက်ဇီထက် မျက်နှာပိုရသွားလျှင်လည်း မကောင်းတတ် ရှိတော့မည်။
ယုံးကျားဧကရာဇ်သည် အရွယ်ကောင်းတုန်း ရှိသေးသည်။ ပုံမှန်အတိုင်းဆိုလျှင် နောက်ထပ် ၁၀နှစ်၊ အနှစ်၂၀လောက် အသက်ရှည်အုံးမည်။ လုံလောက်သော အရည်အချင်းမရှိလျှင် ထိုက်ဇီက တခြားမင်းသားများကို ထိန်းချုပ်နိုင်ပါမည်တဲ့လား။
ဖန်းဇီကျန်းနှင့် ကျန်သူများသည် ငယ်ရွယ်သေးသဖြင့် ဝင်မပြောရဲကြချေ။ ညွှန်းကြားရေးမှူးဆွန်းကသာ မုတ်ဆိတ်မွှေးကိုသပ်ရင်း ဝင်ပြောလိုက်လေသည်။ "နန်းတော်ထဲမှာ ချောင်ကောလောင် ရှိနေသရွေ့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး"
ဟုတ်တာပေါ့။ စစ်သူကြီးတွေအကုန်လုံးက စစ်တိုက်ထွက်သွားရင် နန်းတော်ထဲမှာ စာပေပညါရှင်တွေပဲ ကျန်ရစ်ခဲ့မှာ ချောင်ကောလောင်က ဝန်ကြီး၆ပါးကို ဦးဆောင်ပြီး တိုင်းပြည်ကို ထိန်းသိမ်းထားနိုင်မှာပါ။
ချောင်ကောလောင်တစ်ယောက် တွေဝေသွားလေတော့သည်။
လီကျင့်ကလဲ နူးညံ့စွာ ပြောလိုက်၏။ "ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ။ ယန်နဲ့ချူစစ်ပွဲကို ကျွန်တော် လိုက်သွားမှာပါ။ ဒီနေ့ ခင်များတို့ကို ပြောပြတာကလဲ ကြိုတင်ပြင်ဆင်ထားလို့ ထားရအောင်လို့ပါ။ ဒီကိစ္စကို ခင်များတို့ သိထားရင် ရပါပြီ။ အပြင်လူကိုတော့ မပြောပါနဲ့အုံး"
လီကျင့်၏ လေသံသည် နူးညံ့သိမ်မွေ့နေသော်လည်း ပြတ်သားလို့နေ၏။
ဘုရင်နှင့် အရာရှိဆိုသော အဆင့်အတန်း ကွာခြားမှုကြောင့် ချောင်ကောလောင်သည် သဘောမတူသော်ငြားလည်း လက်ခံလိုက်ရတော့သည်။ သို့သော်ငြား သီးသန့်တွေ့ဆုံချိန်တွင်တော့ ထိုက်ဇီကို သေချာနားချရန် ဆုံးဖြတ်လိုက်လေသည်။
လူကြီးလူကောင်းဆိုတာ အန္တရာယ်ရှိတဲ့နေရာမှာ မနေသင့်ဘူးလေ။ စစ်တိုက်တာက အရှင်မင်းကြီးနဲ့ စစ်သူကြီးတွေရဲ့ အလုပ်ပဲ။ အကျိုးဆောင်မှုကို နည်းနည်းလောက် လျှော့ယူလိုက်ရင်တောင် ကိုယ့်ဟာကို အရင်ကာကွယ်ရမှာပေါ့။
...
ယနေ့တွေ့ဆုံမှုသည် ဒီကိစ္စကလွဲပြီး တခြားထူးခြားမှု မရှိချေ။ လီကျင့်သည် လူတိုင်းနှင့် စကားပြောပြီးနောက် ပြန်လွှတ်လိုက်လေတော့သည်။
ချောင်ကောလောင်နှင့် လုလင်းကိုသာ ချန်ရစ်ထားခဲ့တော့၏။
လုမင်ယွိသည် လီကျင့်၏ သဘောထားကို နားလည်သဖြင့် လုလင်းကို ပြုံးကာပြောလိုက်တော့သည်။ "အဖေ နန်းတော်ထဲ ရောက်တုန်းရောက်ခိုက် ရွှီအာနဲ့ရွှမ်းအာတို့ကို လာကြည့်ပါအုံး"
လုလင်းကလဲ ဝမ်းသာအားရ လိုက်ပါသွားတော့သည်။
သားအဖနှစ်ယောက် ထွက်သွားသည်နှင့် လီကျင့်နှင့် ချောင်ကောလောင်တို့သာ ကျန်ရစ်ခဲ့လေသည်။
"ဝိုက်ကုန်း (အမေဘက်ကအဘိုး) က ကျွန်တော့်ရဲ့ လုံခြုံးရေးကို စိတ်ပူနေတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်" လီကျင့်က လေသံတိုးတိုးဖြင့် ချောင်ကောလောင်ကို ပြောလိုက်လေသည်။ "ဒါပေမဲ့ ကျွန်တော့်ရဲ့ ထိုက်ဇီနေရာက မခိုင်မြဲသေးပါဘူး"
"ဒီနေရာမှာ ဘယ်သူမှ မရှိဘူးဆိုတော့ ကျွန်တော် ရင်ဖွင့်ပါရစေ။ ဖုဟွမ်က အစ်ကိုကြီးကို အမြဲတမ်း မျက်နှာသာပေးခဲ့တာ။ ဒီတစ်ခါ စစ်ချီရင် အစ်ကိုကြီးက သေချာပေါက် စစ်တပ်ကို ဦးဆောင်ရမှာ အဲဒါဆိုရင် မုန့်မိသားစုလဲ ပြန်ပြီးတော့ အာဏာရလာတော့မယ်"
"ကျွန်တော်သာ ဒီအတိုင်း လွှတ်ထားလိုက်ရင် နောက်ကျရင် ရင်ဘတ်ထဲက ဆူးတစ်ချောင်း ဖြစ်လာလိမ့်မယ်"
"ဒါကြောင့် ကျွန်တော် လိုက်သွားမှဖြစ်မယ်"
"ကျွန်တော်က ဖုဟွမ် ခန့်အပ်ထားတဲ့ အိမ်ရှေ့စံလေ။ ကျွန်တော်ရဲ့ နေရာကို ခိုင်မြဲအောင်လုပ်ရမှာပေါ့"
လီကျင့်၏ စကားများက ပြတ်သားလွန်းသဖြင့် ချောင်ကောလောင်သည် စိတ်လှုပ်ရှားသွားပြီး သက်ပြင်းချလိုက်မိလေတော့သည်။ "အရှင်မင်းသားရဲ့ဆန္ဒကို ကျွန်တော်မျိုး နားလည်ပါတယ်။ ဒါပေမဲ့ အရှင်မင်းသားက စစ်တိုက်တာ မကျွမ်းကျင်ဘူးလေ။ စစ်မြေပြင်ဆိုတာ ကစားစရာ မဟုတ်ဘူး။ တကယ့် လက်နက်တွေနဲ့ တိုက်ခိုက်ကြတာ လူသေဆုံးနိုင်တယ်။ မတော်တဆ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
ချောင်ကောလောင်ကလဲ လီကျင့်အတွက် အမှန်တကယ် စိတ်ပူနေခြင်းပင်။
လီကျင့်သည် ရင်ထဲတွင် လှုပ်ရှားသွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကိစ္စကြီးကို လုပ်မဲ့သူက အသေးအဖွဲလေးတွေကို ကြောက်နေလို့ မဖြစ်ပါဘူး။ ဝိုက်ကုန်း ကျွန်တော့်ကို သွားခွင့်ပြုပါ။ ယွဲ့ဖုနဲ့ ယောက်ဖတွေလည်း ရှိတာပဲလေ။ ကျွန်တော် ဘာမှမဖြစ်စေရပါဘူး"
လီကျင့်၏ ဆုံးဖြတ်ချက်က ခိုင်မာနေသည်ကို တွေ့ရသဖြင့် ချောင်ကောလောင်သည်လဲ ဆက်ပြီးမတားဆီးတော့ဘဲ သက်ပြင်းသာ ချမိလေတော့သည်။ "ကောင်းပါပြီ။ ကျွန်တော်မျိုးက အသက်ကြီးသွားပြီဆိုတော့ စိတ်ဓာတ်တွေလည်း လျော့ရဲနေပါပြီ။ အရှင်မင်းသားနဲ့ အတွေးအခေါ် မတူတော့ဘူး။ အရှင်မင်းသား သွားချင်ရင် သွားလိုက်ပါ။ ကျွန်တော်က ရှင်းယန်ဝမ်နဲ့ သီးသန့်ပြောဆိုပြီး နောက်နှစ် စစ်ချီရင် ရှင်းယန်စစ်တပ်နဲ့အတူ သွားခိုင်းလိုက်ပါ့မယ်"
တစ်ဖက်တွင်လည်း လုလင်းတို့ သားအဖနှစ်ယောက်သည် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြလေသည်။
"ယန်နဲ့ချူစစ်ပွဲက မဖြစ်မနေတိုက်ရမဲ့ စစ်ပွဲပဲ။ ဒီစစ်ပွဲက သေချာပေါက် ပြင်းထန်မှာပဲ" လုလင်း၏ အသံသည် တည်ငြိမ်နေပြီး မျက်လုံးများက တောက်ပလို့နေ၏။ "ဒါပေမဲ့ အဲဒီ့လိုဖြစ်လေ အောင်ပွဲရဖို့ လွယ်ကူလေပဲ"
"အရှင်မင်းသား တွေးတာလဲ မှန်ပါတယ်။ အရှင်မင်းကြီးက ပထမမင်းသားကို မျက်နှာသာပေးထားတာ မုန့်မိသားစုကလဲ အင်အားမပျက်သေးဘူး။ တကယ်လို့ မုန့်ဖေးကသာ အောင်ပွဲရသွားရင် သူရဲ့ရာထူး ပြန်ရလိမ့်မယ်။ ဒါဆိုရင် ပထမမင်းသားက စစ်တပ်ထဲမှာ အင်အားကြီးလာပြီး နောက်ကျရင် ပြဿနာ ရှာလာနိုင်တယ်။ အရှင်မင်းသားကိုယ်တိုင် လိုက်ပါသွားတာ အကောင်းဆုံးပဲ"
စစ်သူကြီးတစ်ယောက်အနေဖြင့် စစ်တိုက်ခြင်းသည် သာမန်ကိစ္စဖြစ်ပြီး သေရေးရှင်းရေးကို ဂရုမစိုက်ချေ။ လုလင်းနှင့် ချောင်ကောလောင်တို့၏ အတွေးအခေါ်သည် လုံးဝဆန့်ကျင်ဘက် ဖြစ်နေပြီး အိမ်ရှေ့စံ၏ ဆုံးဖြတ်ချက်ကို အလွန်သဘောကျနေလေသည်။
တိုင်းပြည်အေးချမ်းနေချိန်ဆိုရင်တော့ ထိုက်ဇီက စာပေပညာရှင်တွေကို အသုံးချပြီး တိုင်းပြည်ကို အုပ်ချုပ်တာ ကောင်းပါတယ်။
မငြိမ်မသက် ဖြစ်နေတဲ့အချိန်မှာတော့ အသက်စွန့်ပြီး အောင်ပွဲရယူမှပဲ အိမ်ရှေ့စံနေရာ တည်မြဲမှာပေါ့။
အပင်ပန်းမခံဘဲ ထီးနန်းကို ဆက်ခံချင်တယ်ဆိုတာ ဘယ်မှာရှိလို့လဲ။
လုမင်ယွိသည် လုလင်းကို ကြည့်ရင်း ယခင်ဘဝက ဖခင်ဖြစ်သူ စစ်မြေပြင်တွင် ကျဆုံးခဲ့သည်ကို သတိရသွားကာ ရင်ထဲတွင် ခါးသီးသွားလေတော့သည်။ "အဖေ ... အဖေ ... "
အဖေဟု ခေါ်လိုက်ပြီးနောက်တွင် စကားဆက်မပြောနိုင်အောင် ဖြစ်နေ၏။
လုလင်းသည် မျက်ခုံးကို ပင့်လိုက်ပြီး လုမင်ယွိ၏ ရှုပ်ထွေးနေသော မျက်နှာကို ကြည့်လိုက်ကာ "ဘာဖြစ်လို့လဲ"
လုမင်ယွိသည် ‘အဖေ မသွားပါနဲ့’ ဟူသောစကားကို ပြန်မြိုချထားလိုက်လေသည်။
တိုင်းပြည်တစ်ခုလုံး စစ်ချီမည်ဖြစ်ရာ မြို့စောင့်တပ်ကလွဲလျှင် ကျန်စစ်သူကြီးများ အားလုံးသည် စစ်တိုက်ထွက်ရပေမည်။ ရှင်းယန်စစ်တပ်သည် အတော်ဆုံးစစ်တပ်ဖြစ်ပြီး လုလင်းသည်လဲ နာမည်ကျော် စစ်သူကြီးဖြစ်လေသည်။ စစ်ပွဲကို ရှောင်လွှဲရမည့် အကြောင်းပြချက် မရှိချေ။
"အဖေ ကိုယ့်ဟာကို ဂရုစိုက်နော်" လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး မှာကြားလိုက်တော့၏။ စစ်တိုက်ရင် ရှေ့ကနေမတိုက်နဲ့။ ယန်နဲ့ချူမှာလည်း တော်တဲ့စစ်သူကြီးတွေ ရှိတယ်။ ပေါ့ပေါ့ဆဆ မလုပ်နဲ့နော်"
လုလင်းကတော့ သဘောရိုးဖြင့် ပြုံးကာ ပြောလိုက်လေသည်။ "စိတ်ချပါ။ ဒီလောကမှာ ငါ့ကို နိုင်တဲ့သူ မမွေးသေးပါဘူး"
လုမင်ယွိသည် ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေတော့သည်။ "ယန်ပြည်ကို ရောက်ရင် ယန်ထော်ဆိုတဲ့လူကို သတိထားနော်"
လုလင်းသည် စစ်ပွဲတိုင်းတွင် နိုင်ပွဲရခဲ့သော်ငြားလည်း တစ်ကြိမ်သာ ရှုံးနိမ့်ခဲ့ဖူးလေသည်။ ထိုတစ်ကြိမ်တွင် ယန်စစ်တပ်၏ ချုံခိုတိုက်ခိုက်မှုကို ခံခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရသည်။
ယန်ထော်သည် ယန်စစ်သူကြီးများထဲတွင် နာမည်မကြီး သော်ငြားလည်း ကိုယ်ခံပညာကောင်းမွန်ပြီး ဉာဏ်များကာ ကောက်ကျစ်လေသည်။ သူသည် အသေခံစစ်သည် တစ်ထောင်ကို လေ့ကျင့်ပေးထား၏။
လုလင်းသည် ချုံခိုတိုက်ခိုက်ခံရပြီးနောက် ယန်ထော်က အသေခံစစ်သည် တစ်ထောင်နှင့်အတူ လုလင်း၏ ရှေ့သို့ရောက်ရှိလာခဲ့သည်။ လုလင်း၏ ကိုယ်ရံတော်များသည် အပြင်းအထန် ခုခံသော်ငြားလည်း မတတ်နိုင်တော့ဘဲ နောက်ဆုံးတွင်တော့ ကာကွယ်ရေးစည်း ပျက်သွားခဲ့ရသည်။ လုလင်းသည်လဲ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော်ငြား နောက်ဆုံးတွင်တော့ ဓားချက်ပေါင်းများစွာဖြင့် ကျဆုံးခဲ့ရလေသည်။
...
အပိုင်း (၃၀၀) သတိပေးခြင်း
သာ့ဝေနှင့် ယန်ချူတို့သည် နှစ်ပေါင်းများစွာ စစ်တိုက်ခဲ့သဖြင့် တစ်ဖက်နှင့်တစ်ဖက် သူလျှိုများ စေလွှတ်လေ့ရှိသည်။
လုလင်း၏ လက်ထဲတွင် စာရင်းတစ်ခု ရှိနေသည်။ ထိုစာရင်းထဲတွင် ယန်နှင့်ချူ နှစ်နိုင်ငံမှ နာမည်ကြီးစစ်သူကြီးများ ပါဝင်လေသည်။ ယန်ထော်သည်လဲ ထိုစာရင်းထဲတွင် ပါဝင်သော်ငြား အဆင့်(၄) စစ်သူကြီးတစ်ယောက်သာ ဖြစ်သဖြင့် သိပ်ပြီးထင်ရှားခြင်း မရှိချေ။
ကံကောင်းသည်မှာ လုလင်း၏ မှတ်ဉာဏ်က ကောင်းမွန်လှသဖြင့် လုမင်ယွိက ပြောလိုက်သည်နှင့် ထိုလူကို သတိရသွားတော့၏။
ထိုစာရင်းသည် သာ့ဝေမှ စစ်သူကြီးအနည်းငယ်၏ လက်ထဲတွင်သာရှိပြီး လုလင်းသည် စာကြည့်ဆောင်ထဲတွင် သိမ်းဆည်းထားတာ ဘယ်သူ့ကိုမှ မပြသဖူးချေ။ လုမင်ယွိက မည်သို့များ သိရှိသွားပါသနည်း။ ထို့အပြင် သူ့ကို အဘယ်ကြောင့်များ သတိပေးနေပါသနည်း။
လုလင်း၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး လုမင်ယွိကို လေးနက်စွာ ကြည့်လိုက်လေသည်။ "ရှောင်ယွိ ... သမီးက ယန်ထော်ဆိုတဲ့လူကို ဘယ်လိုသိတာလဲ။ ဘာလို့ သူ့ကို သတိထားဖို့ သတိပေးရတာလဲ"
လုမင်ယွိက လုလင်းကို ကြည့်ရင်း ခဏအကြာမှ ပြန်ဖြေလိုက်လေသည်။ "အဖေ ... ဒီကိစ္စက တကယ်တော့ ထူးဆန်းတယ်"
"ပြီးခဲ့တဲ့ လဝက်လောက်တုန်းက သမီး အိမ်မက်တစ်ခုမက်တယ်။ အိမ်မက်ထဲမှာ အဖေက ယန်ချူကို စစ်ချီသွားပြီး နိုင်ပွဲတွေ ဆက်တိုက်ရခဲ့တယ်။ ယန်မြို့တော်အထိ ရောက်သွားခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ရန်သူစစ်တပ်ရဲ့ ထောင်ချောက်ထဲကို ရောက်သွားတယ်။ ယန်စစ်သူကြီးတစ်ဦးက အသေခံစစ်သည် တစ်ထောင်နဲ့ အဖေ့ကို ဝိုင်းထားတယ်။ အဖေကလဲ ဓားချက်တွေကြားမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ အဲဒီ့ ယန်စစ်သူကြီးနဲ့နာမည်က ယန်ထော်တဲ့"
လုလင်း "..."
ရှောင်ယွိက နောက်နေတာတော့ မဟုတ်ပါဘူးနော်!
လုလင်းသည် သမီးဖြစ်သူကို သေချာကြည့်လိုက်ရာ လုမင်ယွိ၏ မျက်နှာသည် တော်တော်လေးကို စိုးရိမ်ကြောင့်ကြနေမိပြီး လေးနက်နေသည့် အမူအယာကို တွေ့လိုက်ရသဖြင့် နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိလိုက်ရလေသည်။ "သမီး တကယ်ပဲ အဲဒီလို အိမ်မက်မက်ခဲ့တာလား"
"ဟုတ်တယ်" လုမင်ယွိက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အဖေ ... ဒါက ကံတရားက သတိပေးနေတာ ဖြစ်ရမယ်။ မဟုတ်ရင် သမီးက ဘာဖြစ်လို့ ဒီလောက် ကြည်လင်ပြတ်သားနေတဲ့ အိမ်မက်ကို မက်ရမှာလဲ။ ဘာဖြစ်လို့ ဒီနာမည်ကို ရုတ်တရက် သိနေရမှာလဲ"
"အဖေ ဒီလူကို သေချာမှတ်ထားနော်။ စစ်မြေပြင်မှာတွေ့ရင် ဘာပဲဖြစ်ဖြစ် သူ့ကို အရင်သတ်ပစ်"
လုလင်းသည် လုမင်ယွိ၏ လေးနက်မှုကို ကူးစက်ခံလိုက်ရပြီး ခေါင်းညိမ့်ပြလိုက်လေတော့၏။ "ကောင်းပြီ!"
လုမင်ယွိ၏ မျက်နှာအမူအယာမှာ ပျော့ပျောင်းသွားပြီး အသံသည်လဲ နူးညံ့လာလေ၏။ "ဘယ်လိုပဲဖြစ်ဖြစ် အဖေ ကိုယ့်ဟာကို ဂရုစိုက်နော်။ သံချပ်ကာအင်္ကျီအောက်မှာ ပျော့ပျောင်းတဲ့ အင်္ကျီတစ်ထည် ထပ်ဝတ်သွား ဘေးကင်းကင်းနဲ့ ပြန်လာခဲ့နော်"
လုလင်းက ရယ်မောလိုက်လေသည်။ "ကောင်းပါပြီ။ အဖေ အကုန်လိုက်နာပါ့မယ်။ အခု စိတ်ချပြီမလား!"
လုမင်ယွိ၏ လေးနက်နေသော စိတ်များသည် ပေါ့ပါးသွားပြီး လိုက်ပါရယ်မောလိုက်လေတော့သည်။
ပြန်လည်မွေးဖွားလာခြင်း လျှို့ဝှက်ချက်ကို လုလင်းအား ပြောပြလို့ မဖြစ်ချေ။ သို့သော်ငြား အိမ်မက်ကို အကြောင်းပြပြီး သတိပေးနိုင်ခဲ့သဖြင့် စိတ်အေးသွားလေသည်။
လုလင်းသည် လေးလံသော အကြောင်းအရာကို ဆက်မပြောချင်သဖြင့် စကားလမ်းကြောင်း လွှဲလိုက်တော့၏။ "ရွှီအာနှင့်ရွှမ်းအာတို့ရော အဖေ့ကို မြန်မြန်လိုက်ပြပါအုံး။ မတွေ့တာ ကြာပြီမလို့ သူတို့မောင်နှမကို လွှမ်းနေတာ"
လုမင်ယွိကလဲ ပြုံးကာ ပြောလိုက်၏။ "ဒါဆိုရင်လည်း လိုက်ခဲ့လေ"
...
နွေးထွေးလှသည့် အခန်းထဲတွင် သိုးမွှေးကော်ဇောတစ်ချပ်ကို ခင်းထားလေသည်။ ရွှီအာနှင့်ရွှမ်းကျဲတို့သည် အနီရောင် အင်္ကျီပါးပါးလေးများကို ဝတ်ဆင်ထားပြီး လက်သီးဆုပ်လေးများကို ပါးစပ်ထဲထည့်ကာ စုပ်နေကြလေသည်။
အမေဖြစ်သူ၏ အသံကို ကြားလိုက်ရသည်နှင့် မောင်နှမနှစ်ယောက်သည် ပြုံးရွှင်သွားကြပြီး လက်ကလေးများကို ဝှေ့ယမ်းကာ ပွေ့ချီရန် တောင်းဆိုနေကြတော့သည်။
လုလင်းကလဲ မြေးနှစ်ယောက်ကို မြင်လိုက်သည်နှင့် အရည်ပျော်သွားသလို ဖြစ်သွားပြီး ကလေးနှစ်ယောက်ကို ပွေ့ယူလိုက်လေ၏။ သားအဖနှစ်ယောက်က ကလေးပွေ့သည့်ပုံစံ တူညီနေပြီး တစ်ဖက်တစ်ယောက်စိ ပေါ့ပေါ့ပါးပါး ပွေ့ထားလိုက်လေသည်။
"ကလေးတွေက ကြီးလာလေလေ မင်းနဲ့ တူလာလေလေပဲ” လုလင်းက ပြုံးကာ ချီးကျူးလိုက်၏။
လုမင်ယွိကလဲ ရယ်မောလိုက်လေသည်။ "မူဟုပ်ကတော့ ရွှီအာနဲ့ရွှမ်းအာက အရှင်မင်းသား ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်း တူတယ်လို့ ပြောတယ်"
လူကြီးတွေကတော့ ကလေးတွေကို ကိုယ့်ဘက်ကလူတွေနဲ့ တူတယ်လို့ မြင်ကြတာ သဘာဝပါပဲ။
လုလင်းကတော့ ဇွတ်အတင်း ပြောဆိုလေတော့သည်။ "ဒီမျက်လုံး ဒီနှာခေါင်းက သမီးငယ်ငယ်ကနဲ့ တစ်ပုံစံတည်းပါပဲ"
လုမင်ယွိကလဲ သဘောကျကာ ရယ်မောလိုက်တော့၏။
စောစောကပြောခဲ့သော စကားများသည် လေးနက်လွန်းသဖြင့် လုလင်း၏ ရင်ထဲတွင် အနည်းငယ် မတင်မကျ ဖြစ်နေခဲ့လေသည်။ ယခု ချစ်စရာကောင်းသော မြေးလေးနှစ်ယောက်ကို ပွေ့ဖက်လိုက်ရသဖြင့် ထိုခံစားချက်များက ပျောက်ကွယ်သွားတော့၏။
လုလင်းသည် ကြည့်လေချစ်လေဖြစ်လာပြိး လက်ကချချင်အောင် ဖြစ်နေတော့သည်။
သူက အားသန်သူဖြစ်သဖြင့် နေ့တစ်ဝက်လောက် ပွေ့ချီထားလျှင်ပင် မောပန်းလိမ့်မည် မဟုတ်ချေ။ ကလေးများကို ပွေ့ပြီး လျှောက်သွားရင်း ပါးစပ်ကလဲ တတွတ်တွတ် ပြောနေလေသည်။ "ရွှီအာ မင်းက အစ်ကိုကြီးလေ။ ညီမလေးကို ချစ်ရမယ်နော်။ ရွှမ်းအာ မင်းက ညီမလေး အစ်ကိုကြီးရဲ့ စကားကို နားထောင်ရမယ်နော်။ မင်းတို့မောင်နှမတွေ ချစ်ချစ်ခင်ခင် နေကြရမယ်။ အမေ့စကားကို နားထောင်ကြရမယ် ..."
လုမင်ယွိသည် ထိုမြင်ကွင်းကို ကြည့်ရင်း ပြုံးလိုက်မိ၏။
နေ့လယ်စာ စားချိန်ရောက်မှသာ လုလင်းသည် ကလေးများကို နို့ထိန်းထံသို့ မချင့်မရဲ ပြန်ပေးလိုက်ရလေသည်။
လီကျင့်သည် ထိုအခြေအနေကိုကြည့်ပြီး ဂုဏ်ယူစွာ မေးလိုက်တော့၏။ "ယွဲ့ဖု ရွှီအာနဲ့ရွှမ်းအာတို့က ချစ်စရာ မကောင်းဘူးလား"
လုလင်းက ရယ်မောကာ ပြန်ဖြေလိုက်၏။ "ပြောနေစရာ လိုသေးလို့လား။ ငါက အသက်ရှင်လာတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးမျိုးကို မတွေ့ဖူးသေးဘူး"
လီကျင့်၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာသွားလေတော့၏။ "ယွဲ့ဖု ပြောတာ မှန်ပါတယ်"
လုမင်ယွိ "..."
လုမင်ယွိသည် သူမ၏ နဖူးကို ပွတ်သပ်မိလေတော့သည်။ "ကိုယ့်ကလေးကို ဒီလောက်တောင် ချီးကျူးနေကြတာလား။ ရှင်တို့တွေ နည်းနည်းလောက်တော့ လျှော့ကြပါအုံး"
"အမှန်အတိုင်း ပြောနေတာပဲဟာ။ ဘယ်မှာ ကိုယ့်ဟာကို ချီးကျူးလို့လဲ"
လုလင်းကတော့ ဂရုမစိုက်ဘဲ ပြန်ပြောလိုက်လေသည်။ "ငါကလဲ လျှော့ချင်တာပေါ့။ ဒါပေမဲ့ ကိုယ့်လိပ်ပြာကိုယ်လုံအောင်တော့ ပြောရမှာပဲ"
လီကျင့်ကလဲ ခေါင်းညိမ့်ထောက်ခံလိုက်လေ၏။ "ယွဲ့ဖု ပြောတာ မှန်ပါတယ်"
လုမင်ယွိသည် သဘောကျကာ ရယ်မောနေမိတော့သည်။
နေ့လယ်စာ စားပြီးနောက်တွင် လုမင်ယွိက ကလေးများကို သွားသိပ်လိုက်လေသည်။
လုလင်းနှင့် လီကျင့်တို့ကတော့ စာကြည့်ဆောင်ဘက်သို့ သွားလိုက်ကြ၏။ လုလင်းသည် လီကျင့်၏ စစ်ချီမည့် အစီအစဥ်ကို ချီးကျူးလိုက်လေသည်။ "အရှင်မင်းသားလုပ်တာ မှန်ပါတယ်။ သာ့ဝေတိုင်းပြည်က တည်ထောင်တာ မကြာသေးဘူး။ ပြည်မကြီးတစ်ခုလုံးကိုလည်း မသိမ်းပိုက်နိုင်သေးဘူး။ ကျားကို တိုက်ရင် ညီအစ်ကိုတွေ အတူတူတိုက်မှ။ စစ်ပွဲကိုသွားရင်တော့ သားအဖတွေ အတူတူသွားမှ။ အရှင်မင်းကြီးက အပြင်မှာ အသက်စွန့်ပြီး တိုက်ခိုက်နေချိန်မှာ အရှင်မင်းသားက နန်းတော်ထဲမှာ ထိုင်နေတာက အလကားသက်သက် သက်တောင့်သက်သာ နေတာနဲ့ ဘာကွာလို့လဲ"
ထို့နောက် လီကျင့်၏ ပုခုံးကို ပုတ်လိုက်ကာ "အရှင်မင်းသားမှာ ဒီလိုရည်မှန်းချက်ရှိတာ ကောင်းတယ်"
လီကျင့်သည် ကျေးဇူးတင်စကားဆိုရင်း ရင်ထဲတွင် ရှက်ရွံ့နေမိတော့သည်။ တကယ်တမ်းတွင် သူသည်လည်း မူလက ထိုကဲ့သို့ ကြံစည်ခဲ့ဖူးလေသည်။ ယုံးကျားဧကရာဇ်က စစ်တိုက်ထွက်သွားပြီး ဒဏ်ရာရသေဆုံးမည့်အချိန်ကို စောင့်ဆိုင်းကာ နန်းတက်ရန် ကြံစည်ခဲ့ဖူးသည်။ ကံကောင်းသဖြင့် အချိန်မီ သတိဝင်လာခဲ့ခြင်းပင်။ မဟုတ်လျှင် နန်းပလ္လင်တစ်ခုအတွက် လူစိတ်ပျောက်သွားတော့မလို ဖြစ်သွားခဲ့သည်။
လုလင်းက ဆက်ပြောလိုက်၏။ "ချောင်ကောလောင်ကလဲ အရှင်မင်းသားရဲ့ လုံခြုံရေးကို စိတ်ပူလို့ပါ။ ပြီးတော့ သူက စာပေသမားလေ။ စစ်မြေပြင်ကို မရောက်ဖူးတော့ သတိထားတာ မဆန်းပါဘူး"
လီကျင့်သည် သတိဝင်လာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ယွဲ့ဖု စိတ်မပူပါနဲ့။ ကျွန်တော် ဝိုက်ကုန်းကို နားချပြီးပါပြီ"
လုလင်းကလဲ ခေါင်းညိမ့်ပြလိုက်လေသည်။ "ချောင်ကောလောင်က တည်ငြိမ်တဲ့သူပါ။ နောက်နှစ်စစ်ချီရင် ချောင်ကောလောင်က ဝန်ကြီးတွေကို ဦးဆောင်ပြီး မြို့တော်ကို စောင့်ရှောက်နေခဲ့ရင် အရှင်မင်းသားလဲ စိတ်အေးရမှာပါ"
"ဒါပေမဲ့ ချောင်ကောလောင် ပြောတာလဲ မှန်တဲ့အချက် ရှိပါတယ်။ စစ်တိုက်တာက ကစားစရာ မဟုတ်ပါဘူး။ စစ်မြေပြင်မှာ ဓားတွေလှံတွေက မျက်စိမပါဘူး။ အရည်အချင်းမရှိရင် စစ်မြေပြင်ရောက်တာနဲ့ အသက်အသေခံသလို ဖြစ်သွားမှာပါ"
"ဖီကျိုး ပုန်ကန်မှုတုန်းကလဲ အရှင်မင်းသားက ပြည်သူတွေကို နှစ်သိမ့်တာ ကောင်းမွန်ခဲ့ပါတယ်။ ယန်ချူကို စစ်ချီတာကတော့ မတူဘူး။ အရှင်မင်းသား စစ်တိုက်ချင်ရင်တော့ သင်ယူစရာတွေ အများကြီး ကျန်ပါသေးတယ်"
လီကျင့်ကလဲ လေးနက်စွာဖြင့် အရိုအသေ ပြုလိုက်လေသည်။ "ယွဲ့ဖု သင်ကြားပြသပေးပါ"
လုလင်းသည် သမက်ဖြစ်သူကို လျှို့ဝှက်ထားခြင်းမရှိဘဲ စစ်သည်အသစ်များကို လေ့ကျင့်ပေးပုံနှင့် စစ်ကြောင်းချီပုံများကို တနေ့လယ်ခင်းလုံး ပြောပြလိုက်လေသည်။ လည်ချောင်းနာသည်အထိပင် ပြောပြခဲ့ခြင်းဖြစ်၏။
လီကျင့်၏ မှတ်ဉာဏ်ကလဲ အလွန်ကောင်းမွန်ပြီး တစ်ခါကြားရုံဖြင့် မှတ်မိနေလေသည်။ ထို့အပြင် ဉာဏ်ကောင်းသဖြင့် တစ်ခုသင်လျှင် သုံးခုတတ်မြောက်လေ၏။
လုလင်းသည် အလွန်ကျေနပ်သွားပြီး ပြုံးကာပြောလိုက်တော့သည်။ "တစ်ချို့ကိစ္စတွေကတော့ ပြောပြလို့မရဘူး။ ကိုယ်တိုင် လက်တွေ့လုပ်ကြည့်မှရမှာ အရှင်မင်းသား မလောပါနဲ့အုံး။ ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်ရက်နည်းနည်းနေရင် ကျွန်တော် နန်းတော်ထဲ ထပ်လာပြီး စစ်ဗျူဟာအကြောင်း ပြောပြပါ့မယ်"
...