← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

​အခန်း (၅) - ကျေးလက်ဒေသ သားရဲအကဲဖြတ်ခြင်းခရီးစဉ်

​လင်းကျင်းသည် သူ၏ အဖော်သားရဲ ရှောင်ဟော့ ကို တစ်လမ်းလုံး ပွေ့ချီလာခဲ့သည်။ သူသည် ကျောက်ရင်အား ရှောင်ဟော့၏ အခြေအနေကို ကြည့်ရှုခိုင်းရာ မိန်းကလေးမှာ ရှောင်ဟော့ ဗိုက်ဆာနေသည်ဟုသာ ပြောနိုင်ပြီး ဘာကြောင့် အစာမကျွေးသလဲဟု ပြန်မေးလေသည်။

​လင်းကျင်းမှာလည်း ရင်ဖွင့်စရာတွေ ရှိနေပါသည်။ သူက အစာမကျွေးချင်တာ မဟုတ်ဘဲ ရှောင်ဟော့ကိုယ်တိုင်က အစာမစားချင်ခြင်းဖြစ်၏။ အကြောင်းရင်းမှာ ရှောင်ဟော့တွင် ဒဏ်ရာရရှိနေသောကြောင့် ဖြစ်နိုင်သည်။

​သို့သော် ရှောင်ဟော့ မည်သို့ ဒဏ်ရာရခဲ့သည်ကိုမူ ပိုင်ရှင်ဟောင်း၏ မှတ်ဉာဏ်ထဲတွင် မရှိသဖြင့် လင်းကျင်းလည်း မသိရပေ။ သို့သော် ကိစ္စမရှိပါ။ သားရဲပြတိုက်တွင် ကုသနည်း တစ်ဒါဇင်ကျော် ရှိနေသဖြင့် ရှောင်ဟော့ကို ပြန်လည်ကျန်းမာလာအောင် သူ လုပ်ဆောင်နိုင်ပေသည်။

​လင်းကျင်း၌ ငွေမရှိသဖြင့် အဲဗာလက်စတင်းမြို့သို့ ရောက်သောအခါ ဆေးမြီးတိုများ ဝယ်ယူရန်အတွက် ကျောက်ရင်ထံမှ ငွေအချို့ ခေတ္တချေးငှားလိုက်ရလေသည်။

​မေပယ်မြို့၏ သားရဲအကဲဖြတ် အသင်းခွဲတွင်မူ။

​“မင်း ကြားပြီးပြီလား... အကဲဖြတ်ဆရာ လင်းနဲ့ ကျန်းဟယ်တို့ လူပုံအလယ်မှာ အကဲဖြတ်ပြိုင်ပွဲ လုပ်ကြတယ်တဲ့"

​“လင်းကျင်းလား... သူက ဒီလောက်အခြေအနေမျိုးမှာတောင် လူကြားထဲ ထွက်ရဲသေးတယ်ပေါ့"

​“ဟုတ်တယ်.. ဘယ်သူနိုင်လဲ ခန့်မှန်းကြည့်ပါဦး”

​“လင်းကျင်းက အဆင့် (၁) အကဲဖြတ်ဆရာဆိုပေမဲ့ အတုအယောင်ဆိုတာ အားလုံးသိနေတာပဲ။ ကျန်းဟယ်က အလုပ်သင်ထဲမှာ ထိပ်တန်း ၃ ယောက်ထဲ ပါတဲ့သူလေ။ ပြီးတော့ ဌာနမှူးကိုယ်တိုင် သင်ပေးနေတာဆိုတော့ ကျန်းဟယ်ပဲ နိုင်မှာပေါ့”

​“မှားတယ်ဗျ.. လင်းကျင်း နိုင်သွားတာ။ ပွဲကတော့ တကယ့်ကို ရင်ခုန်စရာပဲ..”

​“ဘာ... ကျန်းဟယ်က သွေးမျိုးဆက် ပါတာကို မြင်နိုင်တာတောင် ရှုံးသွားတယ် ဟုတ်လား”

​“တကယ်ပဲ လင်းကျင်းက သွေးမျိုးဆက်ရဲ့ ဂုဏ်သတ္တိအထိ ပြောနိုင်တာလား... ဒါကတော့ မယုံနိုင်စရာပဲနော်”

​“သူ ကံကောင်းသွားတာနေမှာပါ။ အရင်က လက်မှတ်ရတာလည်း ကံကောင်းလို့ပဲ မဟုတ်လား”

​လင်းကျင်းနှင့် ကျန်းဟယ်တို့၏ ပြိုင်ပွဲသတင်းမှာ တစ်မြို့လုံးသို့ တောမီးပမာ ပြန့်နှံ့သွားခဲ့လေသည်။

​“ကျန်းဟယ်က တကယ်ပဲ လင်းကျင်းကို ရှုံးသွားတာလား” ခမ်းနားသော လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း၌ လှပကြော့ရှင်းသော အမျိုးသမီးတစ်ဦးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူမ၏ ဘေးတွင် လူတစ်ကိုယ်စာခန့် တုတ်ခိုင်ပြီး ဆယ်ပေခန့် ရှည်လျားသော ဆင်စွယ်ရောင် မြွေကြီးတစ်ကောင် ရှိနေ၏။

​သူမကား မေပယ်မြို့ အသင်းခွဲ၏ ထိပ်တန်းအလုပ်သင် ကျားချန်းပင် ဖြစ်သည်။ သူမသည် အလုပ်သင်စာမေးပွဲတွင် လင်းကျင်းထက် အမှတ်များစွာ သာလွန်ကာ ပထမရရှိထားသူ ဖြစ်၏။ သူမသည် လင်းကျင်းအား အလွန်ပင် မုန်းတီးသူလည်း ဖြစ်သည်။

​“လင်းကျင်း... နင့်ရဲ့ အရည်အချင်းကို ငါ အသိဆုံးပါ။ ငါတို့ တစ်ချိန်က အတန်းဖော်တွေ မဟုတ်လား။ စာမေးပွဲဖြေခါနီးမှာ ငါသာ နေမကောင်းဖြစ်ပြီး မနုတ်ထွက်ခဲ့ရရင် နင်ဒီလို အခွင့်အရေး ရပါ့မလား”

သူမက အံကြိတ်ကာ တွေးလိုက်မိသည်။

​ကျားချန်းသည် အသိအမှတ်ပြု အကဲဖြတ်ဆရာ ဖြစ်လာရန် အလွန်ပင် ရူးသွပ်နေသူ ဖြစ်၏။ သူမအတွက် လမ်းကြောင်းပွင့်ရန်မှာ လင်းကျင်းအား ရာထူးမှ ဖယ်ရှားပစ်ရန်သာ လိုတော့သည်။

​“ဒါပေမယ့်လည်း... ကံကိုပဲ အားကိုးပြီး အကဲဖြတ်နေတာက ကြာရှည်မခံပါဘူး။ ဌာနမှူးက သူ့ကို အဲဗာလက်စတင်းမြို့ကို ပို့လိုက်တာကလည်း အကွက်တစ်ခုပဲ။ တစ်ယောက်တည်းနဲ့ သားရဲတွေ အများကြီးကို အကဲဖြတ်ခိုင်းပြီး လူတွေ စိတ်ပျက်အောင် လုပ်ခိုင်းတာ။ ဒီပွဲသာ ပျက်သွားရင်တော့ လင်းကျင်းရဲ့ အလုပ်ကတော့ သွားပြီပဲ။ နှိပ်စက်တဲ့နေရာမှာတော့ ဌာနမှူး ဝမ်ကျိက တကယ်ကို ပြိုင်ဘက်ကင်းပါပဲ”

ကျားချန်းက လှောင်ပြုံးပြုံးရင်း တွေးနေတော့သည်။

​ကျေးလက်ဒေသသို့ သားရဲအကဲဖြတ်ရန် သွားရခြင်းမှာ အလွန်ပင် ပင်ပန်းဆင်းရဲလှသော အလုပ်ဖြစ်၏။ သာမန်အားဖြင့် အဆင့် (၁) အကဲဖြတ်ဆရာတစ်ဦး ဤအလုပ်ကို လုပ်ရန် မလိုသော်လည်း ဌာနမှူး ဝမ်ကျိက လင်းကျင်းကို နှိပ်ကွပ်လိုသဖြင့် တမင်စေလွှတ်လိုက်ခြင်း ဖြစ်သည်။

​အဲဗာလက်စတင်းမြို့သို့ ရောက်သောအခါ လူအုပ်ကြီးမှာ တန်းစီစောင့်ဆိုင်းနေကြသည်ကို မြင်လိုက်ရသဖြင့် ကျောက်ရင်မှာ ထိတ်လန့်သွားတော့သည်။ အသင်းခွဲက စီစဉ်ပေးသော ဤပွဲတွင် သားရဲတစ်ကောင်လျှင် ကြေးပြားဆယ်ပြားသာ ကျသင့်သဖြင့် လူအများအပြား လာရောက်ကြခြင်း ဖြစ်၏။ ပုံမှန်ဆိုလျှင် အလုပ်သင် ခြောက်ယောက်ခန့် ပါလာရမည်ဖြစ်သော်လည်း ယခုမူ သူတို့နှစ်ယောက်တည်းသာ ရှိသည်။

​“ဆရာလင်း... ဆရာ ဌာနမှူးကို တစ်ခုခု စော်ကားမိထားလို့လားဟင်”

ကျောက်ရင်က တိုးတိုးလေး မေးလိုက်မိသည်။ လင်းကျင်းကမူ ခေါင်းခါရုံသာ ခါပြလိုက်၏။

​လင်းကျင်းသည် အချိန်မဆွဲဘဲ အလုပ်ကို စတင်လေသည်။ သူသည် ကျောက်ရင်ထံမှ ချေးထားသော ငွေဖြင့် ရှောင်ဟော့အတွက် လိုအပ်သော ဆေးဖော်စပ်ရန် ဆေးမြီးတိုများ ဝယ်ယူလိုက်၏။ ဆေးလုံးဖော်စပ်ခြင်းမှာ အကဲဖြတ်ဆရာများ၏ အခြေခံပညာဖြစ်သော်လည်း လင်းကျင်းမှာ မသိသဖြင့် ကျောက်ရင်အား ကူညီဖော်စပ်ပေးရန် အကူအညီတောင်းလိုက်ရသည်။

​သူ့အတွက်မူ သားရဲများကို အကဲဖြတ်ရန်သာ အာရုံစိုက်လိုက်တော့သည်။ လင်းကျင်း၏ အကဲဖြတ်ပုံမှာ အလွန်ပင် ထူးခြားလှ၏။ သူသည် အခြားသူများကဲ့သို့ သားရဲတံဆိပ်များသုံးခြင်း သို့မဟုတ် ဂါထာမန္တန်များ ရွတ်ဖတ်ခြင်း မပြုပေ။ သူသည် သားရဲ၏ ဦးခေါင်းကို လက်ဖြင့် တစ်ချက် ထိလိုက်ရုံမျှဖြင့် အချက်အလက်များကို မြန်ဆန်စွာ ချရေးနိုင်လေသည်။

​ဤကဲ့သို့သော အကဲဖြတ်နှုန်းမှာ လူသားတစ်ယောက်အတွက် မဖြစ်နိုင်လောက်အောင်ပင် ထူးခြားဆန်းပြားလှပေသည်။

​အခန်း (၆) - ဒါကတော့ အတုအယောင် လူလိမ်ပဲ ဖြစ်ရမယ်

​“အဆင့် (၁) နွားဝါ... မြေဓာတ်၊ ခံနိုင်ရည် အားကောင်းပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ အဆင့်တက်ဖို့ ပါရမီ မရှိဘူး”

​“အဆင့် (၁) မျက်ရှင်မျောက်။ သစ်သားဓာတ်... တောင်တက်ကျွမ်းကျင်ပြီး အမြင်အာရုံ အလွန်ကောင်းတယ်။ ရတနာရှာဖွေဖို့ သင့်တော်တယ်။ ပါရမီကတော့ အလယ်အလတ်ပဲ”

​“အဆင့် (၁) အနက်ရောင် ခွေးဘီလူး...”

​လင်းကျင်း၏ လက်ထဲမှ စုတ်တံမှာ အတောင်ပံပါသည့်အလား အဆက်မပြတ် လှုပ်ရှားနေ၏။ သူသည် ခေါင်းကို တစ်ချက်ကလေးမျှ မမော့ဘဲ ဘယ်ဘက်လက်ဖြင့် သားရဲကိုထိကာ ညာဘက်လက်ဖြင့် အချက်အလက်များကို ချရေးနေလေသည်။

​သူ့အတွက်မူ ဤအရာမှာ အလွန်ပင် လွယ်ကူလှပေသည်။ သို့သော် အခြားသူများ၏ အမြင်တွင်မူ ထိုသို့ မဟုတ်ပေ။

​ကျောက်ရင်သည် နောက်နားတွင် ထိုင်ကာ ဆေးလုံးဖော်စပ်ပေးရင်း လင်းကျင်းကို ကြည့်ကာ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း တွေဝေနေမိသည်။ လင်းကျင်း ရေးနေသည်မှာ နောက်ပြောင်နေသည့်ပုံ မပေါက်ဘဲ အလွန်ပင် အာရုံစိုက်နေသော်လည်း ဤမျှ မြန်ဆန်လှသော အကဲဖြတ်နှုန်းမှာ လူသားတစ်ယောက်အတွက် မဖြစ်နိုင်ဟု သူမ တွေးနေမိသည်။

​ပုံမှန်အားဖြင့် သားရဲအကဲဖြတ်ရာတွင် သားရဲတံဆိပ်များသုံး၍ အသေအချာ လေ့လာရစမြဲ ဖြစ်သော်လည်း လင်းကျင်းကမူ ထိုအဆင့်ကို ကျော်ဖြတ်လိုက်သည်။ လင်းကျင်းတွင် အရည်အချင်းရှိကြောင်း သူမ မသိထားပါက၊ သူသည် စက္ကူပေါ်တွင် လျှောက်ခြစ်နေသည်ဟုပင် သူမ ထင်မိပေလိမ့်မည်။ တန်းစီနေသော ရွာသားများကြားတွင်လည်း တိုးတိုးတိုးတိုးဖြင့် ဝေဖန်သံများ ထွက်ပေါ်လာ၏။

​“ဒီအကဲဖြတ်ဆရာက တကယ်ရော ဟုတ်ရဲ့လားဗျာ။ သားရဲကို ကိုင်လိုက်တာနဲ့ အစီရင်ခံစာက ထွက်လာတာပဲ။ ခေါင်းတောင် မော့မကြည့်ဘူး”

​“တော်လွန်းလို့နေမှာပေါ့”

​“မဖြစ်နိုင်တာ။ ငါကြားဖူးတာကတော့ သားရဲအကဲဖြတ်တာဟာ အချိန်အများကြီးပေးရပြီး တံဆိပ်တွေ၊ ဂါထာတွေ သုံးရတယ်ဆိုတာပဲ။ အခု လူကတော့ လျှောက်ကိုင်နေတာပဲ။ ငါ့ကြည့်ရတာတော့ သိပ်မယုံရဘူး”

​လူအုပ်ကြီးထဲမှ မျက်လုံးတစ်စုံသည် လင်းကျင်း၏ အင်္ကျီလက်မှ အဆင့် (၁) သားရဲအမှတ်အသားကို သေချာစွာ ကြည့်ရှုပြီးနောက် ပျောက်ကွယ်သွားတော့သည်။

​အဲဗာလက်စတင်းမြို့ရှိ ခမ်းနားသော အိမ်ရာတစ်ခုအတွင်း၌ အမျိုးသားတစ်ဦးသည် လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေ၏။ သူကား ဝေချန်ယုံဖြစ်သည်။ သူသည် တရားဝင် လက်မှတ်မရှိသော်လည်း အခြေခံ သားရဲအကဲဖြတ်ပညာဖြင့် ဤမြို့တွင် ချမ်းသာကြွယ်ဝစွာ နေထိုင်နေသူ ဖြစ်၏။

​အဲဗာလက်စတင်းမြို့မှ လူများသည် မေပယ်မြို့ရှိ အဆင့်မြင့်အကဲဖြတ်ဆရာများကို ငှားရမ်းရန် ငွေကြေးမတတ်နိုင်ကြသဖြင့် ဝေချန်ယုံကဲ့သို့သော သူများမှာ အလုပ်ဖြစ်နေကြခြင်းပင်။ ဝေချန်ယုံသည် သားရဲအကဲဖြတ် အသင်းချုပ်ကို အလွန်ပင် မုန်းတီးသူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အသင်းချုပ်မှလူများလာရောက်တိုင်း သူ၏ စီးပွားရေးကို ထိခိုက်စေသောကြောင့် ဖြစ်၏။

​ထိုစဉ် သူ၏ ညီဝမ်းကွဲ ဖြစ်သူ ဝေပိ ရောက်လာခဲ့သည်။

​ကိုကြီး... ကျွန်တော် ပြန်လာပြီ။ ထူးခြားတာ တစ်ခု တွေ့ခဲ့တယ်”

ဝေပိက သူ မြင်တွေ့ခဲ့သမျှကို ပြန်လည် ပြောပြလေသည်။

​“မင်းပြောတာက... အဲဒီလူရဲ့ အင်္ကျီလက်မှာ အမှတ်အသား တစ်ခုပဲ ပါတယ်ပေါ့လေ”

ဝေချန်ယုံက စိတ်ဝင်တစား မေးလိုက်သည်။

​“ဟုတ်ပါတယ် အစ်ကိုကြီး... ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာ။ ထူးဆန်းတာက အသင်းချုပ်က လူတွေ လာရင် အမြဲတမ်း အလုပ်သင် ခုနစ်ယောက်၊ ရှစ်ယောက်လောက် ပါလာတာလေ။ အခုတော့ နှစ်ယောက်တည်း လာတာ။ ပြီးတော့ သူ့ရဲ့ အကဲဖြတ်ပုံက အစ်ကိုကြီးထက်တောင် ပိုပြီး ကြမ်းသေးတယ်။ ကြည့်ရတာ တစ်ခုခုတော့ မှားနေပြီ”

​ဝေချန်ယုံက ပေါင်ကို ဖြတ်ခနဲ ရိုက်ကာ ထရပ်လိုက်သည်။ “သွားကြစို့... ပြဿနာသွားရှာမယ်”

​“ဘာလို့လဲ အစ်ကိုကြီး"

ဝေပိက ကြောင်အအဖြင့် မေးလိုက်၏။

​“မင်းကတော့ တုံးလိုက်တာကွာ။ အသင်းချုပ်က ဘယ်တုန်းကမှ အသိအမှတ်ပြု အကဲဖြတ်ဆရာကို ဒီလိုနေရာမျိုးဆီ မလွှတ်ဘူးကွ။ ကြည့်ရတာ အဲဒီလူက အတုအယောင် လူလိမ်ပဲ ဖြစ်ရမယ်။ ငါသာ အဲဒီလူလိမ်ကို လူပုံအလယ်မှာ အနိုင်ယူပြနိုင်ရင် ငါ့ရဲ့ ဂုဏ်သတင်းက ပိုကြီးသွားမှာပေါ့။ အဲဒီကျရင် ငါ့ဆီကို လူတွေ ပိုလာကြပြီး ငွေတွေ စုပြုံရောက်လာတော့မှာပဲ”

​ဝေချန်ယုံက ဝေပိအား အနောက်ဘက်ခြံထဲမှ ထူးဆန်းသော ကြက်တစ်ကောင်ကို ယူလာခိုင်းလိုက်သည်။ ထိုကြက်မှာ ဝေချန်ယုံကိုယ်တိုင်ပင် အကဲဖြတ်၍ မရနိုင်သော ထူးဆန်းလှသည့် သတ္တဝါ ဖြစ်၏။

​လမ်းမပေါ်တွင်မူ...

​နာရီဝက်မပြည့်မီမှာပင် လင်းကျင်းသည် သားရဲတစ်ရာနီးပါးကို အကဲဖြတ်ပေးခဲ့ပြီး ဖြစ်၏။ အစီရင်ခံစာများမှာလည်း စုပုံနေချေပြီ။

​ကျောက်ရင်မှာ အစပိုင်းတွင် ထိတ်လန့်နေခဲ့သော်လည်း ယခုမူ ကျင့်သားရသွားပြီ ဖြစ်သည်။ သူမသည် လင်းကျင်း ရေးသားထားသော အစီရင်ခံစာ အချို့ကို ခိုးကြည့်မိရာ အချက်အလက်များမှာ အလွန်ပင် တိကျသေချာလှသဖြင့် လင်းကျင်းအပေါ် ရိုသေမှုများ ပိုမို တိုးပွားလာခဲ့သည်။ သူမ သိလိုက်ရသည်မှာ ကောလာဟလများကို မယုံကြည်သင့်ဘဲ လင်းကျင်းသည် အမှန်တကယ်ပင် တော်သူဖြစ်ကြောင်းပင်။

​လင်းကျင်းသည် သားရဲတစ်ရာပြည့်အောင် အကဲဖြတ်ပြီးချိန်တွင် သူ၏ ဦးနှောက်ထဲ၌ 'သားရဲပြတိုက်' မှ အသံတစ်သံကို ကြားလိုက်ရ၏။

​[သားရဲ တစ်ရာကျော် မှတ်တမ်းတင်နိုင်မှုအတွက် ဆုလာဘ် - သားရဲများကို ခြောက်လှန့်နိုင်စွမ်း (အခြေခံအဆင့်)]

[ဤစွမ်းရည်သည် အဆင့် (၃) နှင့် အောက်ရှိသော သားရဲများကို ကြောက်ရွံ့တုန်လှုပ်စေနိုင်သည်]

​လင်းကျင်း အလွန်ပင် ဝမ်းသာသွားခဲ့သည်။ ဤပြတိုက်မှ ဆုလာဘ်များ ရရှိနိုင်သည် မဟုတ်ပါလား။ သူသည် စိတ်လှုပ်ရှားစွာဖြင့် နောက်ထပ် သားရဲကို ခေါ်လိုက်၏။

​“နောက်တစ်ယောက်...”

​ထိုစဉ် ခပ်ဩဩ အသံတစ်သံ ထွက်ပေါ်လာသည်။

“အဆင့် (၁) သားရဲအကဲဖြတ်ဆရာတစ်ယောက်က ဒီလိုနေရာမျိုးအထိ လာပြီး နှိမ့်ချနေတာ တော်တော် ထူးဆန်းတာပဲနော်”

​စကားပြောလိုက်သူမှာ ဝေချန်ယုံ ဖြစ်သည်။ သူသည် လင်းကျင်းအား အတုအယောင် လူလိမ်တစ်ဦးဟု အခိုင်အမာ ယူဆထားပြီး ဖြစ်လေတော့သည်။

All Chapters