အခန်း (၁၁-၁၂)
Vol. 1 Ch. 11-12
အခန်း (၁၁) - ရှောင်ဟော့ အဆင့်တက်ခြင်း
ကျိုးရှို့သည် သူ၏အရာအားလုံးကို ရင်းနှီးရန် ဆုံးဖြတ်လိုက်ပေသည်။ သူသည် ငတုံးတစ်ယောက် မဟုတ်ပေ။ လင်းကျင်းက သူ၏သားရဲတွင် ဖြစ်နေသည့် ပြဿနာကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်ဆိုပါက ၎င်းကို ကုသပေးနိုင်မည့်သူမှာလည်း လင်းကျင်းတစ်ယောက်သာ ရှိပေလိမ့်မည်။ ကျိုးရှို့သည် ဌာနမှူး ဝမ်ကျိထံတွင် အကူအညီတောင်းခဲ့ဖူးသော်လည်း ဝမ်ကျိပင်လျှင် သားရဲ၏ အခြေအနေကို ဘာမှမပြောနိုင်ခဲ့ပေ။
လင်းကျင်းသည် ဤကိစ္စတွင် ပိုမိုကျွမ်းကျင်သည်မှာ ထင်ရှားလှပေသည်။ လင်းကျင်း မည်သို့ ရောဂါရှာဖွေခဲ့သနည်းဆိုသည်မှာ အံ့သြစရာဖြစ်သော်လည်း ယခုအချိန်မှာ မေးမြန်းနေရမည့် အချိန်မဟုတ်ပေ။ သူ၏ ပထမဦးစားပေးမှာ သားရဲကို ကုသနိုင်မည့်နည်းလမ်း ရှာဖွေရန်သာ ဖြစ်၏။
လင်းကျင်း သိနေသည်ဆိုပါက ကုသရန် နည်းလမ်းလည်း ရှိရပေလိမ့်မည်။ ထို့ကြောင့် ကျိုးရှို့သည် လင်းကျင်းထံမှ ကုသနည်းကို ရရှိရန်အတွက်သာ အာရုံစိုက်ထားလေသည်။
ကျောက်ရင်းမှာမူ သူမ၏ ဖခင်အရွယ်ရှိသူတစ်ဦးက သူမအား ‘ဆရာမ’ ဟု ခေါ်ဆိုနေသဖြင့် ရှက်ရွံ့နေမိပြီး ကျိုးရှို့ကို စူးစူးဝါးဝါး ကြည့်လိုက်မိ၏။
ထိုစဉ် လင်းကျင်းမှာ ခြေလှမ်းရပ်လိုက်ပြီး ရှေ့သို့ကြည့်လျက်ပင် ဤသို့ ပြောလိုက်လေသည်။
“မြက်စိမ်းနှင်းရည်၊ မြေအောက်မြစ်ရွက်၊ ဖြူနှစ်ပန်း ငါးကျပ်သား၊ သမင်သွေး၊ ဂျင်ဆင်း ဆယ်ကျပ်သားတို့ကို ရောစပ်ပြီး ယမ်းစိမ်းမှုန့် သုံးကျပ်သား၊ သားရဲအရိုးတို့နဲ့အတူ ရောပြုတ်ပါ။ ဖော်စပ်နည်းကတော့ လီရဲ့ ဆေးလုံးဖော်စပ်နည်း တတိယတွဲ၊ အခန်း ခြောက်မှာ ပါတဲ့အတိုင်း လုပ်ပါ။ သုံးရက်တိတိ သန်းခေါင်ယံအချိန်မှာ တိုက်ပေးပါ။ အဲဒီနောက်ပိုင်းတော့ ဆက်မတိုက်ပါနဲ့တော့... ဒါကို မှတ်ထားပါ”
လင်းကျင်းသည် ထိုစကားကို ပြောပြီးနောက် ဘာမှထပ်မပြောဘဲ ထွက်ခွာသွားလေသည်။
ကျိုးရှို့မှာ ခေတ္တမျှ ကြောင်အသွားပြီးမှ ထိုအချက်အလက်များကို အသည်းအသန် မှတ်သားလိုက်ရ၏။ လင်းကျင်းပြောသွားသော ဆေးဖော်စပ်နည်းမှာ သူတစ်ခါမှ မကြားဖူးသော နည်းလမ်းဖြစ်နေပေသည်။ သူသည် သားရဲအသင်းချုပ်ရှိ စာအုပ်မှန်သမျှကို ဖတ်ရှုခဲ့ဖူးသော်လည်း ဤနည်းလမ်းမျိုးကို မတွေ့ဖူးခဲ့ပေ။
“သူက ငါမဖတ်ဖူးသေးတဲ့ စာအုပ်တွေထဲက ရှာတွေ့ထားတာများလား”
ကျိုးရှို့ တွေးတောနေမိသည်။ သူသည် သံသယရှိနေသော်လည်း ဤနည်းလမ်းကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
ထို့နောက် သူသည် ရုံးခန်းသို့ ပြန်လာခဲ့ပြီး လင်းကျင်း တင်ပြခဲ့သော သားရဲအကဲဖြတ် အစီရင်ခံစာများမှာ မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးရန် သူ၏ လက်အောက်ငယ်သားများကို ထာဝရမြို့သို့ စေလွှတ်လိုက်၏။
မကြာမီမှာပင် သတင်းစကား ရောက်ရှိလာပြီး လင်းကျင်း တင်ပြခဲ့သော မှတ်တမ်းများမှာ တကယ်ပင် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
“လင်းကျင်းက တကယ်ပဲ နှစ်နာရီအတွင်းမှာ သားရဲပေါင်း ရာနဲ့ချီကို အကဲဖြတ်နိုင်ခဲ့တာလား”
ကျိုးရှို့ပင်လျှင် ဤအချက်ကို မယုံကြည်နိုင်ဘဲ ဖြစ်နေရ၏။ သို့သော် လင်းကျင်းသည် ယနေ့တွင် လူတစ်ယောက်လုံး ပြောင်းလဲသွားသကဲ့သို့ ခံစားနေရသဖြင့် ၎င်းမှာ မှော်အတတ်တစ်ခုခု ဖြစ်နိုင်သည်ဟုပင် သူ တွေးတောနေမိပါသည်။
လင်းကျင်းသည် သူ၏ မှောင်မှိုင်သော နားနေခန်းထဲတွင် ပျင်းရိစွာ ထိုင်နေမိသည်။ ရုံးခန်းမှအပြန်တွင် ကျောက်ရင်းမှာ အခြားကိစ္စများရှိသဖြင့် ထွက်ခွာသွားခဲ့၏။ သူမသည် မထွက်ခွာမီ လင်းကျင်းကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောကြားခဲ့ရာ လင်းကျင်းမှာလည်း လှပသော မိန်းကလေးတစ်ဦး၏ လေးစားမှုကို ရရှိသဖြင့် စိတ်ထဲတွင် ကျေနပ်နေမိသည်။
အပြင်ဘက်တွင်မူ အသင်းချုပ်ရှိ လူများမှာ အလုပ်ရှုပ်နေကြသော်လည်း လင်းကျင်း၏ နားနေခန်းသို့မူ မည်သူမျှ လာရောက်ခြင်း မရှိပေ။ တရားဝင် အကဲဖြတ်ဆရာ ဖြစ်သော်လည်း သူ၏ ဂုဏ်သတင်းမှာ မကောင်းသဖြင့် မည်သည့် ဖောက်သည်ကမျှ သူ့ကို မရွေးချယ်ကြပေ။
အကြီးအကဲ ဝမ်ကျိနှင့် အကဲဖြတ်ဆရာ ဂေါင်ကျန်းတို့မှာ အလွန်ပင် လူကြိုက်များလှသဖြင့် သူတို့၏ နံပါတ်ပြားများမှာ မနက်စောစောကတည်းက ကုန်သွားလေ့ရှိ၏။ လင်းကျင်းမှာမူ သူ၏ သားရဲ ရှောင်ဟော့နှင့်အတူ အခန်းထဲတွင် အကြည့်ချင်း ဆုံကာ ထိုင်နေရုံသာ ရှိတော့သည်။
လင်းကျင်းသည် စိတ်ထဲမှ တွေးတောနေမိ၏။ ဤအတိုင်းသာဆိုလျှင် သူသည် လစာရလိမ့်မည် မဟုတ်ပေ။ လစာမရလျှင် သူနှင့် ရှောင်ဟော့တို့ မည်သို့ စားသောက်ကြမည်နည်း။
“ရှောင်ဟော့... ဘယ်သူမှသာ လာမပြရင် ငါတို့ အသားစားရတော့မှာ မဟုတ်ဘူး”
လင်းကျင်းက ညည်းတွားလိုက်သောအခါ ရှောင်ဟော့က သူ၏ခြေထောက်ကို ပွတ်သပ်ရင်း သန်းဝေလိုက်ပေသည်။
ရှောင်ဟော့မှာ ဒဏ်ရာများမှ ပြန်လည်သက်သာလာနေပြီ ဖြစ်ကြောင်း သားရဲပြတိုက်၏ အချက်အလက်များအရ သိရ၏။ ရှောင်ဟော့ အဘယ်ကြောင့် ဒဏ်ရာရခဲ့သနည်းဟု ရှာဖွေကြည့်သောအခါ ဝိညာဉ်စွမ်းအင်များ အလွန်အမင်း ကုန်ခမ်းသွားခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရသည်။ ဤသည်မှာ သားရဲက သွေးကတိကဝတ်မှတစ်ဆင့် သူ၏ သခင်ဖြစ်သူထံသို့ စွမ်းအင်များ လွှဲပြောင်းပေးခဲ့သောကြောင့် ဖြစ်နိုင်ပေသည်။
လင်းကျင်းသည် ဤသစ္စာရှိသော သားရဲလေးကို မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် တရားဝင် အကဲဖြတ်ဆရာ တစ်ဦးဖြစ်ပါလျက်နှင့် အဆင့် (၁) သားရဲကိုသာ ပိုင်ဆိုင်ထားခြင်းမှာ သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သူ တွေးမိ၏။ ဖောက်သည်များက သူ့ကို မယုံကြည်ခြင်းမှာလည်း ဤအချက်ကြောင့် ဖြစ်နိုင်ပေသည်။
ထို့ကြောင့် သူသည် ရှောင်ဟော့ကို အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်လေသည်။ သားရဲပြတိုက်၏ ဖော်ပြချက်အရ ရှောင်ဟော့ကဲ့သို့ မီးဝံပုလွေမှာ အဆင့် (၂) သို့ ရောက်ရန် ပုံမှန်ဆိုလျှင် ဆယ်နှစ်ခန့် ကြာနိုင်သော်လည်း သားရဲပြတိုက်တွင်မူ နည်းလမ်းပေါင်း ဆယ်မျိုးကျော် ရှိနေပေသည်။
လင်းကျင်းသည် ထိုအထဲမှ နည်းလမ်းတစ်ခုကို ရွေးချယ်လိုက်သော်လည်း ဝိညာဉ်ကျောက်တုံးများနှင့် အဆင့် (၁) သားရဲစွမ်းအင်ဆေးလုံးများ လိုအပ်နေပေသည်။ အသင်းချုပ်တွင် ထိုပစ္စည်းများ ရှိနေသဖြင့် လင်းကျင်းသည် ရှောင်ဟော့ကို ခေါ်ဆောင်ကာ ထောက်ပံ့ရေးဌာနသို့ ထွက်လာခဲ့လေတော့သတည်း။
အခန်း (၁၂) - ရင်ဘတ်ထဲထိ အောင့်သွားစေမယ့် ပါးရိုက်ချက်တစ်ချက်
သားရဲအကဲဖြတ်အသင်းချုပ် တစ်ခုလုံးတွင် ထောက်ပံ့ရေးဌာနရှိ မန်နေဂျာများသည် အလုပ်အကိုင် အကောင်းဆုံးသူများ ဖြစ်ကြသည်။ ဂိုဒေါင်ကို စောင့်ကြပ်ရခြင်းနှင့် အရင်းအမြစ်များကို ခွဲဝေပေးရသည့် တာဝန်မှာ သူတို့၏ အိတ်ကပ်ထဲသို့ ငွေဝင်စေမည့် အခွင့်အရေးများစွာကို အာမခံထားပြီးသားပင်။
ထောက်ပံ့ရေးဌာန၏ တံခါးဝတွင် လူများစွာ ဝင်ထွက်သွားလာနေကြပြီး အလွန်ပင် စည်ကားနေ၏။ သားရဲအကဲဖြတ်ရန်ဖြစ်စေ၊ ကုသရန်ဖြစ်စေ လိုအပ်သော ကိရိယာများနှင့် ဆေးလုံးများကို ဤဌာနမှပင် ထုတ်ယူရသဖြင့် ဤနေရာမှာ ဆူညံပွက်လောရိုက်နေသည်မှာ မထူးဆန်းပေ။
ထောက်ပံ့ရေးဌာန၏ တာဝန်ခံ မန်နေဂျာ တုံးဟယ်သည် အလုပ်သင် အကဲဖြတ်ဆရာများလောက်ပင် ပညာမရှိသော်လည်း၊ အသိအမှတ်ပြု အကဲဖြတ်ဆရာ ဂေါင်ကျန်းပင်လျှင် သူ့ကို ယဉ်ကျေးစွာ ဆက်ဆံရသည်။ အဘယ်ကြောင့်ဆိုသော် တုံးဟယ်သည် အရင်းအမြစ်များကို ကိုင်တွယ်ထားရသူဖြစ်ပြီး သူ၏ယောက်ဖမှာ အသင်းချုပ်၏ အကြီးအကဲ သုံးဦးအနက် တစ်ဦးဖြစ်သောကြောင့်ပင်။
ကောင်းမွန်သော အလုပ်အကိုင်ကို ရထားသဖြင့် တုံးဟယ်သည် လူကောင်မှာလည်း အတော်အတန် ထွားကြိုင်းလှသည်။ သူသည် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးအား မျက်နှာချိုသွေးကာ စကားပြောနေရင်း လင်းကျင်း ဝင်လာသည်ကို မြင်လိုက်ရ၏။
“လင်းကျင်း...”
တုံးဟယ်က လင်းကျင်းကို မမှတ်မိဘဲ မနေနိုင်ပေ။ လင်းကျင်းမှာ အသင်းချုပ်တွင် မည်မျှ 'နာမည်ကြီး' သော အကဲဖြတ်ဆရာ ဖြစ်သနည်း။ သူတို့နှစ်ဦးကြားတွင် ရန်ငြိုးကြီးကြီးမားမား မရှိသော်လည်း တုံးဟယ်သည် ကျားချန်းအတွက်ကြောင့် လင်းကျင်းကို အမြဲ အနိုင်ကျင့်လေ့ရှိသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် တုံးဟယ် မျက်နှာချိုသွေးနေသည့် အမျိုးသမီးမှာ ကျားချန်းပင် ဖြစ်နေသည်။ လင်းကျင်း ရောက်လာသည်ကို မြင်လျှင် မြင်ချင်း ကျားချန်း၏ အပြုံးမှာ အေးစက်သွားတော့သည်။
တုံးဟယ်က ထိုအမူအရာကို မြင်သည်နှင့် အကွက်ကို နားလည်သွား၏။ ကျားချန်းနှင့် လင်းကျင်းတို့အကြား ရန်ငြိုးရှိသည်မှာ အသင်းချုပ်တစ်ခုလုံး သိထားကြပြီးသား။ တုံးဟယ်သည် ကျားချန်းကို သဘောကျနေသဖြင့် သူမကို ပျော်ရွှင်စေရန် လင်းကျင်းအား ဒုက္ခပေးဖို့ ချက်ချင်းပင် အစီအစဉ်ဆွဲလိုက်တော့သည်။
“ချစ်လှစွာသော ချန်းလေး... ခဏလေး စောင့်ဦးနော်၊ မင်းကို ပွဲကောင်းတစ်ပွဲ ပြပါရစေ”
တုံးဟယ်က မျက်နှာပြောင်တိုက်ကာ ပြောလိုက်သော်လည်း ကျားချန်းကမူ ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။
“မန်နေဂျာတုံး၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိပါဦး"
“ကောင်းပါပြီ... ကောင်းပါပြီ... အကဲဖြတ်ဆရာမကျား လို့ပဲ ခေါ်ပါ့မယ်”
တုံးဟယ်က သွားဖြဲပြရင်း ဆိုသည်။ ကျားချန်း၏ ခြေလှမ်းတိုင်း၊ အမူအရာတိုင်းမှာ သူ့အတွက် ဆွဲဆောင်မှုရှိနေ၏။ သူမ၏ နှုတ်ခမ်းလေးကို တစ်ချက်လောက် နမ်းခွင့်ရမည်ဆိုလျှင် သူသည် နှစ်ပေါင်းများစွာ ပျော်ရွှင်နေမိလိမ့်မည်။
“မန်နေဂျာတုံးက ဘာပွဲပြမလို့လဲ”
ကြားချန်းက သိလျက်နှင့် မေးလိုက်ခြင်းပင်။ တုံးဟယ်က လင်းကျင်းအား ဒုက္ခပေးတော့မည်ကို သူမ ရိပ်မိလိုက်သည်။
ထောက်ပံ့ရေးဌာန၏ ခန်းမအတွင်းတွင် လင်းကျင်းအား ဝိညာဉ်ကျောက်တုံးများ ပြတ်လပ်နေသဖြင့် နောက်တစ်နေ့မှ ပြန်လာရန် ဝန်ထမ်းတစ်ဦးက အကြောင်းကြားနေသည်။
“ပစ္စည်းပြတ်နေတယ် ဟုတ်လား” လင်းကျင်း၏ မျက်နှာမှာ တင်းမာသွား၏။ သူ့ပတ်ဝန်းကျင်မှ လူများမှာမူ ဝိညာဉ်ကျောက်တုံးများကို အထုပ်လိုက် ထုတ်ယူသွားကြသည်ကို မြင်နေရသည် မဟုတ်ပါလား။
တာဝန်ကျဝန်ထမ်းက လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့၊ ပြတ်နေပါပြီ။ အကဲဖြတ်ဆရာ လင်း... နောက်နေ့မှ ပြန်လာခဲ့ပါ”
အရင်က လင်းကျင်းဖြစ်လျှင် သက်ပြင်းချကာ လှည့်ပြန်သွားမည် ဖြစ်သော်လည်း၊ ယခု လင်းကျင်းမှာမူ မတူတော့ပေ။ သူသည် စကားအများကြီး မပြောဘဲ လက်ကို ဝှေ့ယမ်းကာ ထိုဝန်ထမ်း၏ ပါးကို ဖြတ်ခနဲ ရိုက်ချလိုက်တော့သည်။
ဖတ်...
ခန်းမအတွင်းရှိ လူအားလုံးမှာ ထိုအသံကြောင့် ကြောင်အသွားကြသည်။ ပါးရိုက်ခံလိုက်ရသော ဝန်ထမ်းမှာလည်း ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ဒေါသများ မျက်နှာပေါ်တွင် ဖုံးလွှမ်းလာ၏။
“လင်းကျင်း... မင်းလို အမှိုက်က ငါ့ကို ရိုက်ရဲတယ်ပေါ့လေ”
ဝန်ထမ်းမှာ ဒေါသထွက်လွန်းသဖြင့် လင်းကျင်း၏ အဆင့်အတန်းကို မေ့လျော့ကာ နာမည်ကို တိုက်ရိုက်ခေါ်ပြီး အော်ဟစ်တော့သည်။ လင်းကျင်းကလည်း ပြန်လည် အော်ဟစ်လိုက်၏။
“မင်းက ထောက်ပံ့ရေးဌာနက ဝန်ထမ်းတစ်ယောက်ပဲ၊ အသင်းချုပ်ရဲ့ ယာယီအလုပ်သမားတစ်ယောက်ပဲ ရှိသေးတာ။ အလုပ်သင် အကဲဖြတ်ဆရာထက်တောင် အဆင့်နိမ့်တဲ့သူက ငါ့လို အသိအမှတ်ပြု အကဲဖြတ်ဆရာတစ်ယောက်ကို မလေးမစား လုပ်ရုံတင်မကဘဲ ငါ့အတွက် သတ်မှတ်ထားတဲ့ ဝိညာဉ်ကျောက်တုံးတွေကိုပါ တမင်ဖုံးကွယ်ထားတယ်။ ဒါဟာ ဥပဒေကို ချိုးဖောက်တာပဲ။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဘယ်မှာလဲ”
လင်းကျင်း၏ အသံမှာ ခန်းမတစ်ခုလုံး ဟိန်းထွက်သွား၏။ အနီးအနားတွင်ရှိနေသော စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များမှာ မနေသာတော့ဘဲ ထွက်လာကြရသည်။ သူတို့သည် လင်းကျင်း အမြဲ အနိုင်ကျင့်ခံနေရသည်ကို သိသော်လည်း ယနေ့ လင်းကျင်းသည် အဘယ်ကြောင့် ဤမျှ ပြတ်သားနေသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြ၏။
“အကဲဖြတ်ဆရာ လင်း၊ ဘာများဖြစ်လို့လဲခင်ဗျာ”
“ဒီဝန်ထမ်းက ဥပဒေနဲ့ စည်းကမ်းကို နားမလည်ဘူး။ ငါ့နာမည်ကို တိုက်ရိုက်ခေါ်ပြီး စော်ကားရုံတင်မကဘူး၊ ငါ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေကိုပါ တမင် မပေးဘဲ ထိမ်ချန်ထားတယ်။ မင်းတို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အနေနဲ့ ဒါကို ဘယ်လို ကိုင်တွယ်ရမလဲ သိမှာပေါ့”
လင်းကျင်းက ခိုင်မာစွာ ပြောလိုက်သည်။
ပါးရိုက်ခံရသော ဝန်ထမ်းမှာမူ ဒေါသကြောင့် လူမှားနေဆဲပင်။ “လင်းကျင်း၊ မင်းငါ့ကို ရိုက်တာ နောင်တရစေရမယ်” ဟု အော်ဟစ်ပြန်ရာ လင်းကျင်းက ဒုတိယအကြိမ် ပါးကို ပိုမိုအားပါစွာ ရိုက်ချလိုက်ပြန်သည်။ ထိုဝန်ထမ်း၏ ပါးစပ်ထောင့်မှ သွေးများပင် စီးကျလာတော့သည်။
“ပါးစပ်ပိတ်စမ်း... ငါ မင်းကို ဘယ်လို သင်ပေးထားလဲ စည်းကမ်းနဲ့ ကိုယ့်နေရာကိုယ် သိရမယ်။ မသိရင်တော့ ခံရမှာပဲ”
တုံးဟယ် ထွက်လာခဲ့ပြီ ဖြစ်သည်။ သူသည် လင်းကျင်းထံသို့ လမ်းလျှောက်လာရင်း ပြုံးဖြီးဖြီးဖြင့် မေးလိုက်သည်။
“အကဲဖြတ်ဆရာ လင်း... ဘာတွေများ ဒေါသထွက်လို့ လက်အောက်ငယ်သားတစ်ယောက်နဲ့ ရန်ဖြစ်နေရတာလဲ"
တုံးဟယ်က လင်းကျင်းကို ဝန်ထမ်းတစ်ယောက်နှင့် အဆင့်တူသလိုမျိုး သွယ်ဝိုက်ပြီး နှိမ်လိုက်ခြင်းပင်။
ထို့နောက် ဝန်ထမ်းကို လှည့်၍ ငေါက်လိုက်ပြန်သည်။
“မင်း မျက်စိကန်းနေလား... အကဲဖြတ်ဆရာ လင်းကို မသိဘူးလား... ဘယ်လိုပဲဖြစ်ဖြစ် သူက အဆင့် (၁) အသိအမှတ်ပြု အကဲဖြတ်ဆရာပဲ။ သူ့ကို မလေးမစား လုပ်လို့ ပါးရိုက်ခံရတာ ထိုက်တန်ပါတယ်”
ထိုအခါမှ ဝန်ထမ်းမှာ သူ အမှားကြီးမှားသွားကြောင်း သိကာ ခေါင်းငုံ့သွားတော့သည်။
“အကဲဖြတ်ဆရာ လင်း၊ သူ့ကို ဘယ်လို အပြစ်ပေးမလဲဆိုတာ ခင်ဗျား ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော့်အမြင်အရတော့ သူ့ကို အသင်းချုပ်ကနေ နှင်ထုတ်လိုက်တာ အကောင်းဆုံးပဲ”
တုံးဟယ်က ရက်စက်သော အပြုံးဖြင့် ပြောလိုက်သည်။ ဝန်ထမ်းမှာမူ တုန်လှုပ်သွားတော့၏။
လင်းကျင်းက တုံးဟယ်ကို စေ့စေ့ကြည့်လိုက်သည်။ တုံးဟယ်က သူ့ကို ထောက်ထားညှာတာပြီး ပြောနေခြင်းမဟုတ်ကြောင်း လင်းကျင်း ကောင်းကောင်းသိသည်။ ၎င်းမှာ သူတစ်ပါးကို အသုံးချပြီး ကိုယ့်လက်ကိုယ်ဆေးသည့် နည်းလမ်းသာ ဖြစ်သည်။
“သူ့ကို ဘယ်လိုလုပ်မလဲဆိုတာ မင်းတို့ကိစ္စပဲ။ ငါ စိတ်မဝင်စားဘူး။ ဒါပေမဲ့ မန်နေဂျာတုံး... ပြီးခဲ့တဲ့ လအနည်းငယ်ကစပြီး ငါမရခဲ့သေးတဲ့ ဝိညာဉ်ကျောက်တုံးတွေ အားလုံးကို အခုချက်ချင်း ပြန်ပေးပါ”
လင်းကျင်းက အချိန်မဆွဲဘဲ လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။ ရှောင်ဟော့ကို အဆင့်မြှင့်တင်ရန်အတွက် ဝိညာဉ်ကျောက်တုံးနှင့် သားရဲဆေးလုံးများမှာ မရှိမဖြစ် လိုအပ်သည် မဟုတ်ပါလား။
“ဝိညာဉ်ကျောက်တုံး... ဘာဝိညာဉ်ကျောက်တုံးတွေလဲ”
တုံးဟယ်က ဘာမှမသိသလို ဟန်ဆောင်ကာ မေးလိုက်လေတော့သည်။