← Chapters

အခန်း (၁၃-၁၄)

Vol. 1 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 1 Ch. 13-14

​အခန်း (၁၃) - သိုးသွားချေးရာ ဆိတ်ပါလာခြင်း

​“အကဲဖြတ်ဆရာ လင်းရဲ့ ဝိညာဉ်ကျောက်တုံးတွေက ဘာဖြစ်နေတာလဲဆိုတာ ရှင်းပြစမ်း”

တုံးဟယ်က ဝန်ထမ်းကို မေးလိုက်သည်။ ဝန်ထမ်းကလည်း ချက်ချင်းပင် ဉာဏ်နီဉာဏ်စလွှတ်ကာ ပြန်ဖြေလိုက်၏။

​“အကဲဖြတ်ဆရာ လင်းက ပြီးခဲ့တဲ့ နှစ်ခေါက်လုံး ပစ္စည်းပြတ်နေတုန်း ရောက်လာလို့ နောက်မှလာဖို့ ပြောလိုက်ရတာပါ”

​“ဩော် ဒါကြောင့်ကိုး... အကဲဖြတ်ဆရာ လင်း... ကျွန်တော်တို့ ထောက်ပံ့ရေးဌာနမှာက အလုပ်တွေ အရမ်းများတော့ ပစ္စည်းပြတ်တာမျိုးက ခဏခဏပါပဲ”

တုံးဟယ်က မျက်နှာပြောင်တိုက်ကာ ရယ်မောရင်း ပြောလိုက်သည်။

​လင်းကျင်းက သူတို့နဲ့ စကားအရှည်မဆက်ချင်တော့ဘဲ လိုရင်းကိုသာ ပြောလိုက်၏။

​“ဒီနေ့ ဝိညာဉ်ကျောက်တုံး လာထုတ်သွားတဲ့သူတွေ အများကြီးကို ငါတွေ့ခဲ့တယ်... မင်းတို့ ထပ်ပြီး ပစ္စည်းပြတ်နေပြန်ပြီလို့တော့ မပြောနဲ့တော့နော်”

​“မဖြစ်နိုင်တာဗျာ... အမြဲတမ်း ပစ္စည်းပြတ်နေရင် မန်နေဂျာဖြစ်တဲ့ ကျွန်တော်ပဲ တာဝန်ယူရမှာပေါ့... အကဲဖြတ်ဆရာ လင်းကတော့ ကျွန်တော့်ကို အခက်တွေ့အောင် လုပ်နေတာပဲ... ဟားဟား”

တုံးဟယ်က အကျယ်ကြီး ရယ်မောလိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် မကောင်းသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။

​သူ့စိတ်ထဲတွင်မူ လင်းကျင်းကို ကျိန်ဆဲနေ၏။ လင်းကျင်းသည် ယနေ့တွင် အတော်လေး ပါးနပ်နေပြီး တုံးဟယ်ကို စကားလုံးများဖြင့် ထောင်ဖမ်းရန် ကြိုးစားနေသည် မဟုတ်ပါလား။

​“ကဲ သွားစမ်း... သိုလှောင်ရုံစာရင်းကို သွားစစ်ပြီး အကဲဖြတ်ဆရာ လင်း လိုချင်တဲ့ ဝိညာဉ်ကျောက်တုံးတွေ သွားယူပေးလိုက်”

တုံးဟယ်က သူ့လက်အောက်ငယ်သားကို မျက်ရိပ်ပြလိုက်သည်။

​ခဏအကြာတွင် ဝန်ထမ်းက လင်ဗန်းတစ်ခုဖြင့် ပြန်လာသည်။ လင်ဗန်းပေါ်တွင် အရွယ်အစားအမျိုးမျိုးရှိသော ဝိညာဉ်ကျောက်တုံး ၁၀ တုံး တင်ထား၏။ တုံးဟယ်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

​သူက ကျောက်တုံးတွေ ပေးဖို့ ကတိပေးခဲ့သော်လည်း လင်းကျင်းက လူပုံအလယ်မှာ သူ့ကို အရှက်ခွဲခဲ့သည့်အတွက် လွယ်လွယ်နှင့်တော့ လွှတ်ပေးမည်မဟုတ်ပေ။ ကျားချန်းကလည်း ကြည့်နေသည် မဟုတ်ပါလား။

​ဒီကျောက်တုံးတွေက အပြင်ပန်းကြည့်လျှင် အရည်အသွေးကောင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ အားလုံးက အပြစ်အနာအဆာပါတဲ့ ကျောက်တုံးတွေသာ ဖြစ်သည်။ ဝိညာဉ်စွမ်းအင်တွေ ယိုစိမ့်ကုန်ခမ်းနေသည့် ကျောက်တုံးတွေကို အပြင်ပန်းမှာ မသိသာအောင် ပြင်ဆင်ထားခြင်း ဖြစ်သည်။

​‘လင်းကျင်း... မင်းက ငါ့ဆီက ပစ္စည်းတွေ အလွယ်တကူ ရသွားမယ်လို့ ထင်နေတာလား... အိပ်မက်မက်နေလိုက်... ဒီကျောက်တုံးတွေကို ယူပြီး ဒီတံခါးဝကနေ ထွက်သွားတာနဲ့ မင်း ဘယ်တော့မှ ပြန်လဲလို့ မရတော့ဘူး’

တုံးဟယ်က သူ့ဘာသာ ကြုံးဝါးနေသည်။

​လင်းကျင်းသည် တစ်တုံးကို ကောက်ကိုင်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ဖြစ်သွားသည်။ ကျောက်တုံးကို ထိလိုက်သည်နှင့် သားရဲပြတိုက်က ပေးလိုက်သည့် သတင်းအချက်အလက်ကြောင့် သူသည် ရင်ခုန်သွားရ၏။

​ဒီကျောက်တုံးရဲ့ အပြင်ဘက်မှာ ဝိညာဉ်စွမ်းအင် မရှိတော့တဲ့ ကျောက်လွှာနဲ့ ဖုံးအုပ်ထားပေမဲ့ အတွင်းထဲမှာတော့ မီးဝိညာဉ်ကျောက်သလင်းတစ်ခု ရှိနေသည်။ ၎င်းမှာ အလွန်ရှားပါးသော စွမ်းအင်ကျောက်တုံးဖြစ်ပြီး ရှောင်ဟော့အတွက် အလွန်ပင် သင့်တော်လှသည်။

​“ကျေးဇူးပါပဲ မန်နေဂျာတုံး”

လင်းကျင်းက လင်ဗန်းကို ယူလိုက်သည်။

​“သွားနိုင်ပါပြီ”

တုံးဟယ်က အေးစက်သော အပြုံးဖြင့် နှင်လိုက်၏။

​သို့သော် ထိုအချိန်တွင် လင်းကျင်းက ဘေးတွင်ရှိသော သံတူကို ကောက်ကိုင်လိုက်ပြီး ဝိညာဉ်ကျောက်တုံးတွေကို ကြမ်းပြင်ပေါ် ပစ်ချကာ တစ်တုံးချင်းစီ ထုခွဲပစ်လိုက်တော့သည်။

​ဒုန်း... ဒုန်း... ဒုန်း

​ကျောက်တုံးသုံးတုံးမှာ ချက်ချင်းပင် အမှုန့်ဖြစ်သွားသည်။ တုံးဟယ်က ထိတ်လန့်တကြား အော်လိုက်၏။

​“လင်းကျင်း မင်း ဘာလုပ်နေတာလဲ”

​“ဒါတွေက ငါ့ပစ္စည်းတွေပဲ... ငါ့စိတ်ကြိုက် လုပ်ပိုင်ခွင့်ရှိတယ်... ဒီကျောက်တုံးတွေက ကြည့်ရတာ တစ်မျိုးပဲ... အပြင်ဘက်မှာပဲ ဝိညာဉ်စွမ်းအင်ရှိသလိုလိုနဲ့ အတွင်းထဲမှာတော့ ရိုးရိုးကျောက်တုံးတွေလိုပါပဲလား”

လင်းကျင်းက ဆက်ပြီး ထုခွဲနေရင်းမှပင် ပြောလိုက်သည်။

​ခန်းမတစ်ခုလုံး ရှိနေသူများမှာ အံ့အားသင့်သွားကြသည်။ ထောက်ပံ့ရေးဌာနက အတုအယောင်ကျောက်တုံးတွေ ထုတ်ပေးနေသည်မှာ လူပုံအလယ်တွင် ပေါ်သွားချေပြီ။ တုံးဟယ်သည် အခြေအနေမဟန်တော့သည်ကို သိသဖြင့် ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်သည်။

​“ဒါ ဘယ်လိုဖြစ်ရတာလဲ... ဘာလို့ ဒီထဲမှာ အဆင့်မမီတဲ့ ကျောက်တုံးတွေ ပါနေရတာလဲ... အကဲဖြတ်ဆရာ လင်း... ခင်ဗျား လုပ်တာ မှန်ပါတယ်... ကျောက်တုံးစစ်ဆေးတဲ့သူနဲ့ သိုလှောင်ရုံတာဝန်ခံကို အခုချက်ချင်း ခေါ်ခဲ့စမ်း”

​လင်းကျင်းတွင် နောက်ဆုံးတစ်တုံးသာ ကျန်တော့သည်။ ၎င်းမှာ မီးဝိညာဉ်ကျောက်သလင်း ပါသည့် ကျောက်တုံးပင်။ သူက အားကုန်သုံး၍ ထုချလိုက်သည်။ ကွဲအက်သံနှင့်အတူ မီးတောက်တစ်ခု ပွင့်ထွက်လာပြီး သန့်စင်သော မီးဓာတ်ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့သွားတော့သည်။

​“မီးဝိညာဉ်ကျောက်သလင်းပဲ”

တစ်ဦးက အော်ပြောလိုက်သည်။

​“မန်နေဂျာတုံး ဘာလုပ်မလို့လဲ”

လင်းကျင်းက လှောင်ပြုံးဖြင့် မေးလိုက်သည်။

​“လင်းကျင်း အဲဒါက မီးဝိညာဉ်ကျောက်သလင်းပဲ... မင်း အဲဒါကို ယူသွားလို့ မရဘူး”

တုံးဟယ်က အလောတကြီး ပြောသည်။

​“စည်းကမ်းအရ ဒီကျောက်တုံးက ငါ့ပစ္စည်းပဲ... အထဲမှာ ဘာပဲပါပါ ငါနဲ့ပဲ ဆိုင်တယ်”

လင်းကျင်းက ဂုဏ်ယူစွာဖြင့် ပြောကာ လှည့်ထွက်သွားတော့သည်။

အခန်း (၁၄) - ထူးဆန်းသူနှစ်ဦး ဆုံတွေ့ခြင်း

​လင်းကျင်းသည် အခြားသူများကို ဂရုမစိုက်ဘဲ ထောက်ပံ့ရေးဌာနမှ ဂုဏ်ယူဝံ့ကြွားစွာ ထွက်ခွာလာခဲ့သည်။ သို့သော် လမ်းတစ်ဝက်တွင် သူ ခြေလှမ်းရပ်လိုက်၏။ အဆင့် (၁) သားရဲစွမ်းအင်ဆေးလုံး ဝယ်ယူရန် မေ့ကျန်ခဲ့ခြင်းကို သတိရသွားသောကြောင့် ဖြစ်သည်။

​“ဟူး... ထားလိုက်ပါတော့... စခဲ့တဲ့ကိစ္စကို အဆုံးသတ်ဖို့ ပြန်သွားရမှာပဲ”

လင်းကျင်းသည် မိမိဘာသာ ညည်းညူလိုက်သည်။ မီးဝိညာဉ်ကျောက်သလင်းကြောင့် ဒေါသချောင်းချောင်းထွက်နေမည့် တုံးဟယ်ကို ပြန်ရင်ဆိုင်ရမည်မှာ စိတ်ပျက်စရာကောင်းသော်လည်း၊ သားရဲဆေးလုံးရရှိရန် ထောက်ပံ့ရေးဌာနကသာ အလွယ်ကူဆုံးနေရာ ဖြစ်နေသည်။

​တကယ်တော့ ရှောင်ဟော့ အဆင့်တက်ရန် သားရဲဆေးလုံးသည် တစ်ခုတည်းသော နည်းလမ်းမဟုတ်ပေ။ မီးဝိညာဉ်ကျောက်သလင်းရှိနေသဖြင့် ဆေးလုံးမပါဘဲလည်း အဆင့်တက်နိုင်သော်လည်း၊ ဆေးလုံးရှိလျှင် အောင်မြင်နှုန်း ပိုမိုသေချာစေမည် ဖြစ်သည်။

​သူသည် လမ်းလျှောက်ရင်း သားရဲပြတိုက်ထဲတွင် ရှောင်ဟော့ကို အဆင့်မြှင့်တင်ရန် အခြားနည်းလမ်းများကို ရှာဖွေကြည့်လိုက်သည်။ ထိုစဉ် မီးဝိညာဉ်ကျောက်သလင်းကို ရရှိပြီးနောက်မှ ပေါ်လာသော နည်းလမ်းသစ်တစ်ခုကို သူ တွေ့လိုက်ရ၏။

​“ပြီးပြည့်စုံသော အဆင့်တက်ခြင်း နည်းလမ်း... လိုအပ်သောပစ္စည်းများ... မီးဝိညာဉ်ကျောက်သလင်း နှင့် နေခြောက်စင်း သားရဲဝိညာဉ်ဆေးလုံး”

လင်းကျင်းသည် စိတ်လှုပ်ရှားစွာဖြင့် ဖတ်ကြည့်လိုက်သည်။ အကဲဖြတ်ဆရာတစ်ဦးအနေဖြင့် 'ပြီးပြည့်စုံသော' အဆင့်တက်နည်းအကြောင်း သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။

​“ဒီနည်းလမ်းက တစ်ဆင့်တည်းနဲ့ နှစ်ဆင့်ကျော် တက်လှမ်းနိုင်ရုံတင်မကဘဲ... သားရဲရဲ့ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးပြီး မွေးရာပါ အရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်တယ်”

လင်းကျင်းသည် ဖတ်ရင်းနှင့်ပင် အသက်ရှူမှားမတတ် ဖြစ်သွားရသည်။

​အမှန်အတိုင်းပြောရလျှင် လင်းကျင်းသည် အစပိုင်းက ရှောင်ဟော့ကို သိပ်သဘောမကျခဲ့ပေ။ ရှောင်ဟော့သည် သာမန်အရည်အသွေးရှိသော မီးဝံပုလွေတစ်ကောင်သာ ဖြစ်သဖြင့် အခြားသားရဲတစ်ကောင်နှင့် လဲလှယ်ရန်ပင် သူ စဉ်းစားခဲ့ဖူးသည်။ သို့သော် ရှောင်ဟော့သည် လင်းကျင်း၏အသက်ကို ကယ်ရန် မိမိ၏ ဝိညာဉ်စွမ်းအင်များကို စတေးခဲ့ကြောင်း သိလိုက်ရသည့်အခါ ထိုအတွေးကို ဖျောက်ဖျက်လိုက်တော့သည်။ ယခု တွေ့ရှိလိုက်သော နည်းလမ်းမှာ ရှောင်ဟော့အတွက် အထူးဖန်တီးထားသကဲ့သို့ပင်။

​“ရှောင်ဟော့... မင်းက တကယ့်ကို ကံကောင်းတဲ့ ကောင်လေးပဲ”

လင်းကျင်းက ရယ်မောရင်း ရှောင်ဟော့၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ရှောင်ဟော့ကမူ ဘာမှနားမလည်ဘဲ သူ့သခင်ကို အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ကြည့်နေ၏။

​လင်းကျင်းသည် လမ်းဘေးတွင် ခေတ္တထိုင်ချလိုက်ပြီး 'နေခြောက်စင်း သားရဲဝိညာဉ်ဆေးလုံး' ဖော်စပ်နည်းကို သားရဲပြတိုက်ထဲတွင် အသေးစိတ် ဖတ်ရှုနေတော့သည်။ လမ်းသွားလမ်းလာများကမူ လင်းကျင်းကို ကြည့်ပြီး တိုးတိုးတိုးတိုး ပြောနေကြ၏။

​“ဟိုမှာ လင်းကျင်း မဟုတ်လား... သူ ဘာလုပ်နေတာလဲ”

​“မသိဘူးလေ... မျက်စိမှိတ်ပြီး ခွေးခေါင်းကို သာယာနေပုံရတယ်... ခွေးခေါင်းပွတ်ရတာ အဲလောက် အရသာရှိလို့လား”

​“ငါကြည့်ရသလောက်တော့ သူ့ဦးနှောက် တစ်ခုခု ဖြစ်နေပြီ ထင်တယ်”

​ထိုအချိန်တွင် လူအများကြားမှ အသားဖြူဖြူ လူငယ်တစ်ဦး လမ်းလျှောက်လာသည်။ သေချာကြည့်လျှင် ထိုသူမှာ မိန်းကလေးတစ်ဦးက ယောက်ျားလေးအဝတ်အစား ဝတ်ထားခြင်းဖြစ်ကြောင်း သိနိုင်၏။ သူမ၏နောက်တွင် ခန့်ညားထည်ဝါသော အရှိန်အဝါရှိသည့် သက်ကြီးရွယ်အိုတစ်ဦးက ရိုသေသမှုဖြင့် လိုက်ပါလာသည်။

​“လုပို... ငါ့ကို တစ်ယောက်တည်း ထားခဲ့ပါ”

ထိုအမျိုးသမီးက တိုးတိုးလေး ပြောလိုက်သည်။

​“သခင်မလေး... မြို့တော်အသင်းချုပ်က ပညာရှင်တွေရှိပါရက်နဲ့ ဒီလို မြို့ငယ်လေးက အသင်းချုပ်မှာ ဘာလို့ နံပါတ်စဉ် စောင့်ယူနေရတာလဲ... ပြီးတော့ ကျွန်တော်တို့ ဆရာကြီးလျောင်နဲ့ တွေ့ဖို့ရှိတယ် မဟုတ်လား”

အဖိုးအိုက စိုးရိမ်တကြီး ပြောသော်လည်း သူမ၏ မျက်စောင်းကြောင့် စကားစဖြတ်လိုက်ရသည်။

​“ငါက စိတ်အပန်းဖြေဖို့ လာတာပါ... ဆရာကြီးလျောင်က ပညာရှိပေမဲ့ တခြားသူတွေကိုလည်း လျှော့မတွက်သင့်ဘူး... ဌာနမှူးနဲ့ ဂေါင်ကျန်းဆီမှာ နံပါတ်စဉ်မရရင် တခြား အကဲဖြတ်ဆရာ တစ်ယောက်ယောက်ရှိဦးမှာပဲ”

​“အဲဒီလူအကြောင်း ကျွန်တော် ကြားဖူးပါတယ်... နာမည်အရမ်းပျက်နေတဲ့သူပါ... သူက သားရဲတွေကို အကဲဖြတ်တာ အမြဲမှားလေ့ရှိတဲ့ အမှိုက်တစ်ယောက်ပဲ”

​အမျိုးသမီးက ခေါင်းခါလိုက်ပြီး သူမတစ်ယောက်တည်း လမ်းလျှောက်လာခဲ့သည်။ လမ်းဘေးတွင် ခွေးတစ်ကောင်ကို မျက်စိမှိတ်ပြီး ပွတ်သပ်နေသည့် လင်းကျင်းကို သူမ မြင်လိုက်ရသောအခါ စိတ်ဝင်စားသွား၏။ သူမသည်လည်း ငယ်စဉ်ကတည်းက လူထူးလူဆန်းဟု အသတ်မှတ်ခံရသူဖြစ်သဖြင့် လင်းကျင်းကို မြင်သောအခါ ရင်းနှီးသလို ခံစားရပြီး ဘေးတွင် ဝင်ထိုင်လိုက်သည်။

​“ရပြီ”

အတန်ကြာမှ လင်းကျင်း မျက်လုံးပွင့်လာပြီး ဆေးဖော်စပ်နည်းကို အလွတ်ရသွားသည်။ ဘေးတွင် လူတစ်ယောက် ရောက်နေသည်ကို မြင်သောအခါ လင်းကျင်း အံ့အားသင့်သွား၏။

​“ရှင် ဘာလုပ်နေတာလဲ”

ယောက်ျားလေးလို ဝတ်ဆင်ထားသော အမျိုးသမီးက မေးလိုက်သည်။

​“ဆေးလုံးဖော်စပ်နည်းကို လေ့လာနေတာပါ”

လင်းကျင်းက အမှန်အတိုင်း ဖြေလိုက်သည်။

​“ရှင်က သားရဲအကဲဖြတ်ဖို့ လာတာလား... ဒါမှမဟုတ်...”

လင်းကျင်းက သူမဘေးတွင် မည်သည့်သားရဲမှ မရှိသည်ကို တွေ့သဖြင့် မေးလိုက်သည်။

​“အင်း... လမ်းညွှန်ချက်တချို့ လိုချင်လို့ပါ... ဒါပေမဲ့ ဌာနမှူးနဲ့ မတွေ့ရဘူး ဖြစ်နေတယ်”

​“ငါ ကြည့်ပေးလို့ ရတယ်လေ”

လင်းကျင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်ရာ သူမကလည်း ချက်ချင်းပင် သဘောတူလိုက်၏။

​“ရတာပေါ့”

​နောက်ဆုံးတော့ ဖောက်သည်တစ်ယောက် ရပြီ။ တစ်နေ့ကို ဖောက်သည်တစ်ယောက်မှ မရှိလျှင် လင်းကျင်း၏ လစာမှာ အဖြတ်ခံရမည် ဖြစ်သည်။

​“ဒါနဲ့... ငါ့ဆီက နံပါတ်ပြား ယူထားပြီးပြီလား”

လင်းကျင်းက မေးရာ သူမက ခေါင်းခါပြသည်။ ထို့ကြောင့် လင်းကျင်းက နံပါတ်ပြားတစ်ခုကို ထုတ်ပေးလိုက်၏။

​“ဒါဆိုလည်း ရပါတယ်... ဒီမှာ ငါ့နံပါတ်ပြားယူထားလိုက်... နောက်မှ အပြင်မှာ စာရင်းသွင်းပြီး အခကြေးငွေ ပေးလိုက်ပေါ့”

​လင်းကျင်းက လက်နှစ်ဖက်ကို ပွတ်ရင်း ခဏစောင့်နေသည်။ အမျိုးသမီးက ဘာမှမပြောသဖြင့် သူကပဲ အိုးတိုးအောက်တေးဖြင့် မေးလိုက်ရ၏။

​“ဒါနဲ့... သားရဲက ဘယ်မှာလဲ”

​“သားရဲ မရှိဘူး”

အမျိုးသမီးက ခေါင်းခါပြလိုက်သည်။

​လင်းကျင်း မှင်တက်သွား၏။ ‘သွားပြီ... ဒီလူတော့ ရူးနေပြီ ထင်တယ်’ ဟု သူ တွေးလိုက်မိသည်။ သားရဲမရှိဘဲ ဘာကို အကဲဖြတ်ရမှာလဲ။

​ခဏအကြာတွင် ထိုအမျိုးသမီးက ထပ်မေးလိုက်သည်။

​“ဒါနဲ့... ရှင် ကြည့်ပေးနိုင်မလား”

​ဘာကို ကြည့်ရမှာလဲ။ လင်းကျင်း တစ်ယောက်တော့ ဒီအလှလေးသည် သူ့ကို နောက်ပြောင်နေသည်လား၊ သို့မဟုတ် ဦးနှောက်တွင် ပြဿနာရှိနေသလားဟု ဇဝေဇဝါ ဖြစ်သွားတော့သတည်း။

All Chapters