ဒီအတိုင်း ပျောက်ကွယ်သွားခဲ့လေပြီ
Vol. 24 Ch. 231
ချီယာနှင့် သူ၏အဖွဲ့သည် ပိုင်လင်း တည်ဆောင်ထားသော လိုဏ်ဂူဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေချိန်တွင်...
လိုဏ်ဂူအတွင်း၌ စာခြောက်ရုပ်၏မျက်လုံးများသည် မှိန်ဖျော့ဖျော့ တောက်ပနေပေ၏။
ဤအချိန်တွင် ပိုင်လင်းသည် အိပ်ပျော်နေလေပြီ။
လိုဏ်ဂူအတွင်းရှိ မီးပုံမှ မီးတောက်များ တဖျပ်ဖျပ်လူးလွန့်နေချိန်တွင် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော စာခြောက်ရုပ်၏ပုံရိပ်သည် မည်သည့်အချိန်ကတည်းက ပျောက်ကွယ်သွားသည်ကို မသိလိုက်ရချေ။
တခြားတစ်ဖက်တွင် ချီယာတို့လူစုသည် လိုဏ်ဂူနှင့် မိုင်သုံးဆယ်အောက်သာ ကွာဝေးတော့သည်။
ရုတ်တရက် လူများအားလုံး၏ မျက်မှောင်ကြုတ်လိုက်ကြသည်။
အကြောင်းအရင်းမှာ ပုံရိပ်တစ်ခုသည် သူတို့၏ရှေ့၌ ထွက်ပေါ်လာသောကြောင့်ပင်။ ဤသည်မှာ ဘယ်ဘက်လက်တွင် မီးအိမ်တစ်ခုနှင့် ညာဘက်လက်တွင် တံစဉ်တစ်ခုကို ကိုင်ဆောင်ထားသော စာခြောက်ရုပ်တစ်ရုပ် ဖြစ်နေသည်။
"ဒါက ဘာကောင်ကြီးလဲ... ငါတို့သခင် ချီယာရဲ့ လမ်းကို ပိတ်ဆို့ရဲတယ်ပေါ့... မင်း သေချင်နေတာလား..."
စတုတ္ထအစောင့်အရှောက်သည် မထီမဲ့မြင် ပြုလိုက်ပြီး လေထုထဲမှနေ၍ စာခြောက်ရုပ်ဆီသို့ ဓားချီစွမ်းအင်တစ်လှိုင်း ထုတ်လွှတ်လိုက်၏။
ထိုဓားချီသည် ရှည်လျားသော သက်တန့်ကြီးတစ်ခုကဲ့သို့ ဖြစ်ပြီး မိုးကောင်းကင်ကိုပင် ထက်ခြမ်းခွဲတော့မည့်အလားပင်။ ညအချိန်တွင် ထိုအရာသည် တောင်ကြား၏ထက်ဝက်ကျော်ကို လင်းထိန်သွားစေခဲ့သည်။
ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ တလိမ့်လိမ့်ထလာပြီး...
ဓားချက်တစ်ချက်တည်းဖြင့် စာခြောက်ရုပ်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခုတ်ပိုင်းပစ်ရန် ရည်ရွယ်ထားကြောင်း သိသာထင်ရှားသည်။
မြေပြင်တပြင်လုံးကို တုန်ခါစေသော ဤဓားချက်ကို ရင်ဆိုင်ရာတွင် စာခြောက်ရုပ်သည် ရှောင်တိမ်းခြင်း မပြုသည်အပြင် လှုပ်ရှားရန်လည်း မကြိုးစားခဲ့ချေ။
ဓားချီအလင်းတန်း ကျဆင်းလာသောအချိန်၌ စာခြောက်ရုပ်သည် ထိခိုက်ဒဏ်ရာမရဘဲ ကြွင်းကျန်နေပေ၏။ ထိုအစား တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်သော အစောင့်အရှောက်သာလျှင် ချက်ချင်းနှစ်ခြမ်းကွဲထွက်သွားခဲ့သည်။
ခေါင်းမှခြေဖျားအထိ သူသည် နှစ်ခြမ်းကွဲသွားပြီး သေဆုံးသွားကြောင်း သိသာထင်ရှားနေသည်။
အချိန်တခဏအတွင်းတွင် ယခင်က ဂရုမစိုက်ဘဲ နေခဲ့ကြသော လူများသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ယင်သုံးပါးနယ်ပယ် တတိယအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးသည် ဤအတိုင်း ပျောက်ကွယ်သွားခဲ့ရလေပြီ။ ထို့ထက်ပို၍ အရေးကြီးသည်မှာ စာခြောက်ရုပ်သည် တစ်ချိန်လုံး လက်တစ်ဖက်ကိုပင် မလှုပ်ရှားခဲ့ခြင်းဖြစ်သည်။
စတုတ္ထအစောင့်အရှောက်၏ ယခင်ဓားချက်သည် ရန်သူကို ပစ်မှတ်ထားခဲ့ခြင်း မဟုတ်ဘဲ သူ့ကိုယ်သူ ပစ်မှတ်ထားခဲ့သည့်အလားပင်။
ဤသည်မှာ မည်ကဲ့သို့ ထူးဆန်းသည့် နည်းလမ်းမျိုး ဖြစ်သနည်း....
သူတို့သည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသည့်အပြင် ကြားပင် မကြားဖူးခဲ့ကြချေ။
ရုတ်ချည်းဆိုသလိုပင် စာခြောက်ရုပ်ကို ကြည့်နေသော အစောင့်အရှောက်များ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
"မင်း... မင်းက ဘယ်သူလဲ..."
အစောင့်အရှောက်တစ်ယောက်သည် သူ၏စိတ်နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုကို ဖိနှိပ်ထားပြီး တည်ငြိမ်သောအသံဖြင့် မေးမြန်းလိုက်၏။
စာခြောက်ရုပ်၏မျက်လုံးများသည် တဖျပ်ဖျပ် လှုပ်ရှားနေသော သရဲမီးတောက်နှစ်ခုအလား မှိန်ဖျော့ဖျော့ တောက်ပနေသည်။
သူသည် စကားမပြောဘဲ သူ၏တံစဉ်ကို ဆန့်တန်းလိုက်ရုံသာ ရှိပြီး အနီရောင်အလင်းတန်းတစ်တန်း လင်းလက်သွားသည်။
ထိုအလင်းတန်း ပျောက်ကွယ်သွားချိန်၌ စကားပြောဆိုခဲ့သော အစောင့်အရှောက်၏ခေါင်းသည် ပျောက်ကွယ်သွားခဲ့လေပြီ။
စာခြောက်ရုပ်၏လက်ထဲတွင် ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏အသက်သည် ပုရွက်ဆိတ်တစ်ကောင်ထက်ပင် ပို၍ နုနယ်သည်ဟု ပြောဆိုနိုင်သည်။
ဤလုပ်ရပ်သည် တခြားအစောင့်အရှောက်များ၏စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုကို မြင့်တက်လာစေခဲ့သည်။
အကယ်၍ စတုတ္ထအစောင့်အရှောက်၏ သေဆုံးမှုသည် ယခင်က ထူးဆန်းသည်ဟု ထင်ရလျှင်...
ယခုအစောင့်အရှောက်၏ သေဆုံးမှုသည် ကြောက်မက်ဖွယ်ရာ ဖြစ်နေပေ၏။
ထိပ်တိုက်တွေ့ဆုံမှုတစ်ကြိမ်တည်းဖြင့် ချက်ချင်းအသတ်ခံလိုက်ရခြင်းပင်။
"အရှင်ချီယာ... ဒီလူက ကျွန်တော်တို့ကို ဒီနေရာမှာ တားဆီးနေတာပါ... သူက ပိုင်လင်းရဲ့ နောက်ကွယ်က အစောင့်အရှောက် ဖြစ်ရမယ်..."
"ကျေးဇူးပြုပြီး အရှင်က ဒီအရူးကောင်ကို နှိမ်နင်းဖို့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပေးပါ..."
မိုးကောင်းကင်ယံထက်တွင်ရှိနေသော အစောင့်အရှောက်တစ်ဦးသည် ထိတ်လန့်တုန်လှုပ်သောအသံဖြင့် ချီယာကို ဝင်ရောက်ကူညီပေးရန် တောင်းဆိုလိုက်သည်။
ချီယာ တစ်ယောက်တည်းသာလျှင် သူတို့ကို လုံခြုံမှု အနည်းငယ် ပေးစွမ်းနိုင်ပေမည်။
အစောင့်အရှောက်များ၏တောင်းပန်မှုကို ရင်ဆိုင်ရချိန်တွင် ချီယာသည် သူ၏မျက်လုံးများကိုပင် ပင့်မကြည့်ခဲ့ပေ။
"အမှိုက်ကောင်တွေ..."
"ဖယ်ကြစမ်း..."
"မင်းတို့က ငါနဲ့အတူ ယှဉ်တွဲတိုက်ခိုက်ဖို့ မတန်ဘူး..."
စာခြောက်ရုပ်သည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့သော်လည်း ချီယာသည် သူ့ကိုယ်သူ အလွန်ယုံကြည်မှု ရှိနေဆဲပင်။
သူ၏ယုံကြည်မှုသည် သူ၏ကိုယ်ပိုင်စွမ်းအားမှသာမက အစွမ်းထက်သော ဝှက်ဖဲအမျိုးမျိုးမှလည်း မြစ်ဖျားခံသည်။
လူအများက သူသည် ယန်သုံးပါးနယ်ပယ် ပထမအဆင့်၏စွမ်းအားဖြင့် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို ယှဉ်ပြိုင်နိုင်သည်ဟု ပြောဆိုကြသည်။
သို့သော် ထိုအရာသည် လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက သမိုင်းကြောင်းတစ်ခုသာ ဖြစ်သည်ကို သူတို့ မသိခဲ့ကြချေ။
သူ၏လက်ရှိနည်းလမ်းများဖြင့် သူသည် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့်ကိုပင် ခေါင်းဖြတ်နိုင်လောက်အောင် ယုံကြည်မှု ရှိနေလေပြီ။
သူ၏အကြည့်သည် စာခြောက်ရုပ်အပေါ်သို့ ကျရောက်သွားပေ၏။
ထို့နောက် သူက မှတ်ချက်ပေးလိုက်သည်။
"မင်းရဲ့စွမ်းအားက မဆိုးဘူးလို့ ငါ ပြောရလိမ့်မယ်...အရင်တုန်းက မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူက အဖွဲ့တွေအများကြီး စေလွှတ်လိုက်ပေမယ့် သူတို့အားလုံး အသတ်ခံလိုက်ရတာက အံ့အားသင့်စရာ မဟုတ်တော့ဘူး.."
"ဒါပေမဲ့ ငါနဲ့တွေ့တာက မင်းရဲ့ကံဆိုးမှုပဲ..."
ချီယာသည် လက်နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး ယန်သုံးပါးနယ်ပယ် ပထမနယ်ပယ်အဆင့် အထွတ်အထိပ်၌ရှိသော သူ၏ကျင့်ကြံခြင်းစွမ်းအားများ ပွင့်အံ့ထွက်လာသည်။ ထိုစွမ်းအားများသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို တုန်ခါသွားစေခဲ့သည်။
သူ၏အမြင်အရ သတင်းအချက်အလက် စုဆောင်းခြင်းသည် အားနည်းသူများအတွက်သာ ဖြစ်သည်။
အင်အားကြီးသူများသည် အမြဲတစေ တိုက်ရိုက် ရင်ဆိုင်ပြီး သတ်ဖြတ်လေ့ ရှိကြ၏။
ပြိုင်ဘက်ကို ဖမ်းဆီးထားနိုင်သမျှ ကာလပတ်လုံး သတင်းအချက်အလက်များ သိရှိရန်မှာ ရိုးရှင်းသော ကိစ္စတစ်ရပ်သာ ဖြစ်သည်။
စာခြောက်ရုပ်၏မျက်လုံးများသည် မှိန်ဖျော့ဖျော့ တောက်ပလာပြီး လှောင်ပြောင်သော အရိပ်အယောင်ဖြင့် ချီယာကို ကြည့်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူ၏လက်ထဲမှ တံစဉ်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်၏။
သူ့လက်ထဲရှိ သေမင်းတံစဥ်သည် သေခြင်းနှင့်ရှင်ခြင်းကြားမှ နယ်နိမိတ် ဖြစ်လာခဲ့သည့်အလား နေရာနှင့်အချိန်၏ အကွာအဝေးကို လျစ်လျူရှုထားသည်။
သူ၏မျက်နှာထားသည် ငရဲဘုံမှ နတ်ဆိုးနတ်ဘုရားတစ်ပါးက လူသားလောကမှ ပုရွက်ဆိတ်များကို ငုံ့ကြည့်နေသည့်အလားပင်။
ချီယာ အလွန်အမင်း ဒေါသထွက်သွားသည်။
သူသည် မည်သူ ဖြစ်သနည်း...
အနီရောင်နတ်ဆိုးမျိုးနွယ်၏သမိုင်းတွင် ပါရမီအရှိဆုံး တည်ရှိမှုများအနက်မှ တစ်ယောက်...
လောကကြီးသို့ စတင်ဝင်ရောက်လာစဥ်ကတည်းက ရှုံးနိမ့်မှုကို မကြုံဖူးသော ပုဂ္ဂိုလ်...
ယခု၌မူ သူသည် တစ်စုံတစ်ယောက်၏ လျှော့တွက်ခြင်းကို ခံလိုက်ရလေပြီ။
ထိုအကြည့်တစ်ချက်သည် သူ့ကို နက်ရှိုင်းစွာ နာကျင်စေခဲ့သည်။
သူသည် စာခြောက်ရုပ်ကို ဖိနှိပ်သတ်ဖြတ်ရန်အတွက် ပြင်းထန်သောစွမ်းအားကို အသုံးပြုရတော့မည့် အချိန်မှာပင်...
ရုတ်တရက် သူ၏ခေါင်းသည် ပခုံးပေါ်မှ ကွာကျသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
သူ၏ခေါင်း လိမ့်ဆင်းသွားချိန်တွင် သွေးများသည် ရေပန်းကဲ့သို့ မိုးကောင်းကင်ယံသို့ ပန်းထွက်နေသည်ကိုပင် သူ မြင်တွေ့မိပေ၏။
"ဘာ... ဘာတွေ ဖြစ်နေတာလဲ..."
ဤအတွေးသည် လူ့လောကတွင် ကျန်ရှိနေသော ချီယာ၏နောက်ဆုံးအတွေး ဖြစ်လာခဲ့သည်။ နောက်ထပ်အချိန်တခဏတွင် သူ၏အသိစိတ်သည် ထာဝရအမှောင်ထုထဲသို့ ကျဆင်းသွားလေတော့သည်။
ဓားချက်တစ်ချက်တည်းဖြင့်...
ယန်သုံးပါးနယ်ပယ် ပထမအဆင့်တွင် ရှိသော ချီယာသည် ဤကဲ့သို့ ပျက်သုဉ်းသွားခဲ့ပေ၏။
အစမှအဆုံးထိ သူသည် ကောင်းမွန်သော ခုခံမှုတစ်ခုကိုပင် မပြုလုပ်နိုင်ခဲ့ချေ။
စာခြောက်ရုပ်၏တံစဉ်အောက်တွင် ချီယာ၏ သေဆုံးမှုသည် လမ်းဘေးမှ ပေါင်းပင်ကို ဖြတ်တောက်လိုက်သည့်အလားပင်။
ဤမြင်ကွင်းသည် ကျန်ရှိနေသော အစောင့်အရှောက်များကို နက်ရှိုင်းသော ကြောက်ရွံ့မှုနှင့်ထိတ်လန့်မှုထဲသို့ ကျဆင်းသွားစေခဲ့သည်။
ဤမြင်ကွင်းသည် အစစ်အမှန် ဖြစ်ကြောင်း သူတို့ မယုံကြည်နိုင်ကြချေ။
ဤသည်က ချီယာဖြစ်ကာ အနီရောင်နတ်ဆိုးမျိုးနွယ်၏ အဓိကထောက်တိုင်ဖြစ်ပြီး ဂုဏ်ယူဝံ့ကြွားရသော တည်ရှိမှုကြီးပင်။
သို့သော် ယခုအချိန်၌ သူသည် ဤအတိုင်း ပျောက်ကွယ်သွားခဲ့လေပြီ။
သူသည် အလွန်ပေါ့ပေါ့ပါးပါး သေဆုံးသွားခဲ့ခြင်းပင်။
ထိုသို့ဆိုလျှင် ဤလူ၏စွမ်းအားသည် မည်သည့်အဆင့်တွင် ရှိနေသနည်း....
"ပြေးကြစို့..."
ဤအချိန်တွင် သူတို့ငါးဦးလုံးသည် ခုခံရန် သတ္တိမရှိတော့ချေ။
သူတို့သည် ထွက်ပြေးရန်နှင့် ဝေးနိုင်သမျှ ဝေးဝေးသို့ ထွက်ပြေးရန်သာ ဆန္ဒရှိကြတော့သည်။
စာခြောက်ရုပ်၏ ဆက်တိုက်တိုက်ခိုက်မှုများသည် သူတို့၏စိတ်နှလုံးသားထဲတွင် သူ့အား မည်သို့မျှ မယှဉ်နိုင်သော လှုပ်ခတ်အောင် မလုပ်နိုင်သော တည်ရှိမှုတစ်ခုအဖြစ် စွဲမြဲသွားစေသည်ဟု ဆိုနိုင်သည်။
သို့သော် သူတို့သည် စွမ်းအားကုန် ထုတ်သုံးပြီး လွတ်မြောက်ရန်အတွက် မတူညီသော လမ်းကြောင်းများသို့ လူစုခွဲလိုက်ကြသော်လည်း...
စာခြောက်ရုပ်က သူ၏တံစဉ်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူတို့၏ကံကြမ္မာသည် သတ်မှတ်ပြီးသား ဖြစ်သွားခဲ့လေပြီ။
ခေါင်းများ ပြတ်တောက်သွားသော ကြည်လင်ပြတ်သားသည့် အသံများ ထွက်ပေါ်လာသည်နှင့်အမျှ...
ခေါင်းပြတ်ငါးလုံးသည် မိုးကောင်းကင်သို့ ပျံ့လွင့်သွားကြ၏။
အနီရောင်နတ်ဆိုးမျိုးနွယ်မှ ဤတစ်ကြိမ်၌ အလွန်လုံခြုံစိတ်ချရသည်ဟု ယုံကြည်ခဲ့ကာ စေလွှတ်လိုက်သော လူများအားလုံးသည် ဤနေရာ၌ အမြစ်ပြတ်သုတ်သင်ခံလိုက်ရကြောင်း ကြေညာလိုက်သည့်အလားပင်။
တိုက်ပွဲပြီးဆုံးသွားသော်လည်း ပစ္စည်းများ သိမ်းဆည်းခြင်းကမူ ဆက်လက်၍ ဖြစ်ပွားနေပေ၏။
လူများအားလုံး သေဆုံးသွားသောအချိန်၌...
စာခြောက်ရုပ်သည် သူ၏တံစဉ်ကို သယ်ဆောင်ပြီး အလောင်းများဆီသို့ တိတ်တဆိတ် သွားရောက်ကာ သူတို့၏သိုလှောင်အိတ်များအားလုံးကို သိမ်းဆည်းလိုက်သည်။
ထိုမြင်ကွင်းကို အစောပိုင်းကမှ ရောက်ရှိလာသော အပြာရောင်နတ်ဆိုးတမန်တော်နှစ်ပါးနှင့်လမ်းပြတို့အဖွဲ့သည် မြင်တွေ့လိုက်ရပေ၏။
"ဒီလူက ဘယ်သူလဲ..."
"အစွမ်းထက်တဲ့ ယန်သုံးပါးနယ်ပယ် ပထမအဆင့် အရှင်သခင်တစ်ယောက်နဲ့ ယင်သုံးပါးနယ်ပယ် တတိယအဆင့် ကျင့်ကြံသူခုနစ်ယောက်တောင်မှ သူ့အတွက် ပြိုင်ဘက် မဖြစ်ခဲ့ဘူး...သူက တစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တယ်"
တိုက်ပွဲမြေပြင်နှင့် မိုင်အနည်းငယ် အကွာအဝေးရှိ လေဟာနယ်ထဲတွင် မြေကမ္ဘာနွားနတ်ဆိုးက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်ပြီး သူ၏ မျက်လုံးများတွင် တည်ကြည်လေးနက်သော အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
မိုးပြာနဂါးမြင်းကလည်း ပြောဆိုသည်။
"ဒီစာခြောက်ရုပ်က တော်တော်လေး သန်မာတယ်... ငါတို့ တိုက်ခိုက်ရမယ်ဆိုရင် အခြေအနေ မကောင်းလောက်ဘူး..."
"ငါတို့ အရင် ဆုတ်ခွာကြမလား..."
"ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ ပစ်မှတ်က ပိုင်လင်းပဲလေ... သူ့ကို အသက်နဲ့ရင်းပြီး တိုက်ခိုက်နေစရာ မလိုပါဘူး..."
အပြာရောင်နတ်ဆိုးတမန်တော်နှစ်ပါးသည် ဆုတ်ခွာရန် တွေးတောလိုက်ကြသည်။
လမ်းပြအဖြစ် လိုက်ပါလာသော အပြာရောင်နတ်ဆိုး အစောင့်အရှောက်အတွက်မူ ကန့်ကွက်စရာ မရှိပေ။
ဤတာဝန်သည် ရိုးရှင်းလိမ့်မည်ဟု သူ မူလက တွေးထင်ထားခဲ့သည်။
ဤကိစ္စသည် လွယ်လွယ်ကူကူ အောင်မြင်ပြီးမြောက်လိမ့်မည်ဟုလည်း သူ မျှော်လင့်ခဲ့ပေ၏။
မည်သို့ပင်ဆိုစေကာမူ အပြာရောင်နတ်ဆိုးတမန်တော်နှစ်ပါးသည် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူများ။ သူတို့ ဦးဆောင်နေသောကြောင့် ဤတာဝန်သည် မည်သည်ကြောင့် မအောင်မြင်နိုင်စရာ ရှိမည်နည်း။
သို့သော် ယခု၌မူ သူ စိတ်ကူးထားသည်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေပုံရသည်။
ပိုင်လင်းကို အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က ကာကွယ်ပေးထားကြောင်း သူ သိရှိထားသည်။
သို့သော် ဤအစွမ်းထက်ပုဂ္ဂိုလ်သည် အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးကပင် သတိထားရလောက်အောင် အစွမ်းထက်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
သို့သော် ဤလောကတွင် ကိစ္စများစွာသည် ကိုယ်ပိုင်ဆန္ဒအတိုင်း ဖြစ်မလာတတ်ကြချေ။
သူတို့သည် ယခုချိန်၌ ဆုတ်ခွာချင်သော်လည်း အလွန်နောက်ကျသွားခဲ့လေပြီ။
အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးက ပိုင်လင်း၏အမည်ကို ပြောလိုက်ချိန်တွင် စာခြောက်ရုပ်၏မျက်လုံးများ လှုပ်ရှားသွားပြီး သူ၏ပုံရိပ်သည် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပေ၏။
သူ ပြန်ပေါ်လာချိန်၌ အပြာရောင်နတ်ဆိုးတမန်တော်တို့အဖွဲ့၏ရှေ့တည့်တည့်သို့ ရောက်ရှိနေလေပြီ။
Note: ကောက်ရိတ်ဓားနေရာမှာ တံစဥ်ပြောင်းထားပါတယ်...E transက အသုံးအနှုန်း ပြောင်းသွားလို့ပါ။