အသက်ရှင်သန်ရေး ကျွမ်းကျင်မှု
Vol. 24 Ch. 232
ညကောင်းကင်ယံတွင် နှင်းများသည်းထန်စွာ ကျဆင်းနေပြီး အေးစက်စက်လေပြင်းများ တိုက်ခတ်နေသည်။
လေဟာနယ်ထဲတွင် စာခြောက်ရုပ်သည် အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါး၏ရှေ့တွင် မတ်တတ်ရပ်နေသည်။
သူသည် တံစဉ်ကို ကန့်လန့်ဖြတ်ကိုင်ထားပြီး သူ၏မျက်လုံးများက မှိန်ဖျော့ဖျော့ တောက်ပနေပေ၏။
"မြင်းအိုကြီး... ငါတို့ ထွက်သွားလို့ မရတော့ဘူး ထင်တယ်..."
မြေကမ္ဘာနွားနတ်ဆိုး၏မျက်လုံးများ အနည်းငယ် ဂဏာမငြိမ်သွားပြီး စဉ်းစားတွေးတောလိုက်သည်။
"ထွက်သွားလို့ မရမှတော့ ရင်ဆိုင်လိုက်ကြတာပေါ့...ငါတို့က ညံ့ဖျင်းနေတဲ့ကောင်တွေမှ မဟုတ်တာ..."
နွားနှင့်မြင်းတို့သည် မတည်ငြိမ်နိုင် ဖြစ်နေကြ၏။
စာခြောက်ရုပ်သည် သန်မာကြောင်း ငြင်းဆို၍ မရချေ။ သူတို့ကို သတိကြီးစွာထားစေလောက်အောင်ပင် သန်မာအားကောင်းလွန်းသည်။
သို့သော် သူတို့ သတိထားခြင်းသည် သတိထားခြင်းသာဖြစ်ပြီး ကြောက်လန့်နေသည်ဟု မဆိုလိုချေ။
အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးသည် အလွန်ကြာရှည်စွာ အသက်ရှင်နေထိုင်လာခဲ့ကြသူများပင်။
သူတို့သည် ယုံကြည်မှုအပြည့်ရှိပြီး မဆင်မခြင်မောက်မာထောင်လွှားသော ချီယာနှင့် မတူညီဘဲ အရာရာကို သတိကြီးစွာထားပြီးမှ လုပ်ဆောင်တတ်ကြသည်။
တိုက်ပွဲမစတင်မီ သူတို့သည် အကျင့်ပါနေသည့်အတိုင်း စူးစမ်းရှာဖွေခြင်းမျက်လုံးကို ထုတ်သုံးလိုက်ကြ၏။
စူးစမ်းရှာဖွေခြင်းမျက်လုံးဆိုသည်မှာ သူတို့ ပိုင်ဆိုင်ထားသော နက်နဲသိမ်မွေ့သည့် လျှို့ဝှက်နည်းစနစ်တစ်ခုပင်။
ဤနည်းစနစ်သည် ကောင်းကင်ဘုံမျက်လုံး ကဲ့သို့ အရာအားလုံး၏အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်သော်လည်း ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်တချို့ကို မြင်တွေ့နိုင်စွမ်းရှိသည်။
သာမန်အရှိန်အဝါဖုံးကွယ်ခြင်း နည်းစနစ်များသည် စူးစမ်းရှာဖွေခြင်းမျက်လုံးအောက်တွင် အသုံးမဝင်ချေ။
ထို့ပြင် ဤစူးစမ်းရှာဖွေခြင်းမျက်လုံးကို နက်နဲသိမ်မွေ့သော အဆင့်အထိ ကျင့်ကြံနိုင်ပါက တစ်စုံတစ်ယောက်၏မူရင်းဇစ်မြစ်ကို တွေ့မြင်နိုင်ပြီး ကံတရားနှင့်ကံကြမ္မာကိုပင် ထိုးဖောက်ကြည့်ရှုနိုင်သည်။
ဤနည်းစနစ်ကို အလွန်ထူးကဲသည်ဟု သတ်မှတ်ထားကြ၏။
သို့သော် စူးစမ်းရှာဖွေခြင်းမျက်လုံးကို အသက်သွင်းလိုက်သည်နှင့် အပြာရောင်နတ်ဆိုးတမန်တော်နှစ်ပါး၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူတို့၏ခန္ဓာကိုယ်များ တုန်ခါသွားကာ နဖူးမှ ချွေးစေးများ ချက်ချင်း ယိုစီးကျလာသည်။
သူတို့ မည်သည့်အရာကို မြင်တွေ့လိုက်ရသနည်း။
စာခြောက်ရုပ်သည် အဆုံးမဲ့သွေးကမ္ဘာတစ်ခုထဲတွင် ရှိနေပုံရသည်။
သူ၏ခြေဖဝါးအောက်တွင် နတ်ဘုရားများနှင့် နတ်ဆိုးများ သေဆုံးနေကြပြီး ကောင်းကင်ကြီး အက်ကွဲကာ အရိုးဖြူများက မြေပြင်ကို ဖုံးလွှမ်းထားသည်။
ထို့ပြင် သူသည် ထာဝရည၏ဧကရာဇ် သေခြင်းတရား၏မူလအစ ဖြစ်ပုံရသည်။
သူ၏ခန္ဓာကိုယ်ပေါ်မှ အင်မော်တယ် အလင်းတန်းတစ်တန်း ဖြာထွက်နေပေ၏။
ကောင်းကင်နှင့်မြေပြင် မြှုပ်နှံခံလိုက်ရလျှင်ပင် သူ ပျက်စီးသွားမည် မဟုတ်သည့်အပြင် နေနှင့်လ ပြိုကွဲသွားလျှင်ပင် သူသည် ထာဝရ တည်တံ့နေမည့်အလား ဖြစ်နေသည်။
"ရှီး..."
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့နှစ်ဦးသည် တားမြစ်ချက်တစ်ခုခုကို ထိမိလိုက်ပြီး အစစ်အမှန် နတ်ဘုရားတစ်ပါးကို အမျက်ဒေါသ ထွက်စေခဲ့သကဲ့သို့ ဖြစ်သွားသည်။
သူတို့၏မျက်နှာရှိ ဒွာရခုနစ်ပေါက်မှ သွေးများ ယိုစီးကျလာသည်။
သူတို့ ထပ်မံ၍ကြည့်ရှုမိပါက ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ခံစားရပြီး သေဆုံးသွားလိမ့်မည်ဟူသော ဝိုးတဝါးခံစားချက်တစ်ခုကို ရရှိလိုက်ပေ၏။
အချိန်တခဏအတွင်း အပြာရောင်နတ်ဆိုးတမန်တော်နှစ်ပါး လုံးလုံးလျားလျား ထုံကျင်သွားကြသည်။
သူတို့သည် မည်ကဲ့သို့ တည်ရှိမှုများ ဖြစ်သနည်း...
ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြပြီး မြောက်ပိုင်းဒေသတစ်ခုလုံးတွင် ထိပ်တန်းပုဂ္ဂိုလ်များပင်။
သို့သော် ယခုချိန်၌မူ စာခြောက်ရုပ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့သည် တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရသည်။
သူတို့၏မျက်နှာများရှိ ဒွာရခုနစ်ပေါက်မှ သွေးများ စီးကျလာပြီး သူတို့၏အတွင်းအားနှင့် သွေးများဆူပွက်လာကာ သွေးကြောများကိုပင် ဖောက်ထွက်လုမတတ်ဖြစ်လာပြီး သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲ၍ သေဆုံးတော့မည့်အလား ခံစားနေကြရသည်။
သူတို့၏ရှေ့မှ စာခြောက်ရုပ်သည် မည်သူဖြစ်သနည်း...
ဤသည်က ယခုလက်ရှိ လောကကြီးထဲ လှည့်ပတ်သွားလာနေသော နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်နေသလော...
သူတို့၏ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူတို့၏စိတ်နှလုံးသားများထဲတွင် စိတ်လှုပ်ရှားမှုလှိုင်းတံပိုးများ ထန်နေပေ၏။
ဤအချိန်တွင် စာခြောက်ရုပ်သည် သူတို့နှစ်ဦးထံသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
သူ၏ပုံရိပ်သည် မမြင့်မားလှချေ။
သို့သော် အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါး၏မျက်လုံးထဲတွင်မူ ဤအချိန်၌ စာခြောက်ရုပ်သည် ရှေးဟောင်း နတ်ဘုရားတောင်ကြီးတစ်လုံးနှင့် တူညီနေသည်။
ခမ်းနားထည်ဝါသော...
ကြီးမားကျယ်ပြန့်သော...
ခန့်မှန်း၍ မရနိုင်သော...
တိုင်းတာ၍ မရနိုင်သော...
သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် တိတ်ဆိတ်ငြိမ်သက်နေပြီး အသံတစ်ချက်မျှ ထွက်ပေါ်မလာချေ။
သို့သော် ခြေလှမ်းတိုင်းသည် ကြီးမားသော ခေါင်းလောင်းကြီးနှင့်ဗုံကြီးအလား အပြာရောင်နတ်ဆိုးတမန်တော်နှစ်ပါးကို ပြင်းထန်စွာ ရိုက်ခတ်နေပေ၏။
ထိုအရာသည် သေမင်း၏ခြေလှမ်းများပင်။
မကြာမီမှာပင် စာခြောက်ရုပ်က လှုပ်ရှားလိုက်ပြီး သူ၏တံစဉ်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးသည် အဆုံးမဲ့ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
ဤလုပ်ရပ်က မည်သည့်အရာကို ကိုယ်စားပြုသည်အား သူတို့ နားလည်လိုက်ကြသည်။
အစောပိုင်းက အနီရောင်နတ်ဆိုးမျိုးနွယ်အဖွဲ့...
စာခြောက်ရုပ်သည် သူ၏တံစဉ်ကို ကိုင်ဆောင်လိုက်ပြီးနောက် တံစဉ် ကျရောက်သွားတိုင်း အသက်တစ်ချောင်း သေချာပေါက် ပျက်သုဉ်းခဲ့ရသည်။
သူ၏တံစဥ် လှုပ်ရှားသည်နှင့် သတ်ဖြတ်ပေလိမ့်မည်။
ဤအရာသည် သံမဏိစည်းမျဉ်းတစ်ခု ဖြစ်ပုံရသည်။
"သူ့ကို တံစဉ် အသုံးပြုခိုင်းလို့ မဖြစ်ဘူး..."
အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
အကယ်၍ ထိုတံစဥ်ကိုသာ ဝှေ့ယမ်းလိုက်ပါက သူတို့ အဆုံးသတ်သွားမည်မှာ သံသယဖြစ်စရာ မလိုချေ။
မည်သို့ပင်ဆိုစေကာမူ ယခင်က ချီယာသည် တံစဉ်အောက်တွင် သေဆုံးသွားခဲ့သည်။
ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့်နှင့် ယန်သုံးပါး ပထမအဆင့်တို့သည် လုံးလုံးလျားလျား ကွဲပြားခြားနားသော သဘောတရားများ ဖြစ်သော်လည်း...
ဤသည်က သူတို့ မည်သူနှင့် ယှဉ်ပြိုင်နေသနည်းဆိုသည့်အပေါ်တွင်လည်း မူတည်သည်။
စာခြောက်ရုပ်၏ ကျင့်ကြံဆင့်ကန့်သတ်ချက်သည် မြင့်မားလွန်းပေ၏။
မြင့်မားလွန်းသဖြင့် သူတို့ မော့ကြည့်နိုင်ခြင်းပင် မရှိကြချေ။
ထိုကဲ့သို့ တည်ရှိမှုကြီးအတွက် ကျင့်ကြံဆင့်နယ်ပယ် အဆင့်ငယ်တစ်ဆင့် ကွာခြားချက်ဆိုသည်မှာ သာမန်လူတစ်ယောက်၏အမြင်အရ အနည်းငယ် ပို၍သန်မာအားကောင်းသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။
သို့သော် ဤကဲ့သို့ တည်ရှိမှုမျိုးကို သူ၏တံစဥ်အား ပြန်ရုပ်သိမ်းသွားအောင် သူတို့ မည်သို့ လုပ်ဆောင်နိုင်မည်နည်း.....
အပြာရောင်နတ်ဆိုးတမန်တော် နှစ်ပါးသည် စိတ်ချင်းဆက်နွှယ်မှု ရှိနေပုံရပြီး ရုတ်တရက် ဆုံးဖြတ်ချက် ချလိုက်ကြ၏။
သူတို့၏ရှေ့ခြေထောက်များ အနည်းငယ် ကွေးညွှတ်သွားပြီး ဘုန်းခနဲ ဒူးထောက်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။
"စီနီယာရဲ့ နတ်ဘုရားအသွင်အပြင်ကို မြင်တွေ့ရတာ ကျွန်တော်တို့အတွက် ကံကောင်းခြင်းပါပဲ... သုံးဘဝစာ ကံကောင်းခြင်းပါပဲ..."
"ကျွန်တော်တို့က စီနီယာရဲ့ လက်အောက်မှာ အမှုထမ်းချင်ပါတယ်... လက်ဖက်ရည်နဲ့ရေပူရေချမ်း ကမ်းလှမ်းပေးပြီးတော့ နွားနဲ့ မြင်းအဖြစ် ဆောင်ရွက်ပေးပါ့မယ်... စီနီယာအနေနဲ့ ကျွန်တော်တို့ရဲ့အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်..."
သူတို့၏အသံများသည် ပြီးပြည့်စုံစွာ တထပ်တည်းဖြစ်နေပြီး သူတို့၏လုပ်ရပ်များသည်လည်း ထပ်တူကျနေပေ၏။
ဤအချိန်တွင် သူတို့အတွက် အညံ့ခံခြင်းကသာ အသက်ရှင်သန်ရန် အခွင့်အရေးရနိုင်ကြောင်း သိသာထင်ရှားသည်။
အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးသည် ဤကဲ့သို့ အခြေအနေမျိုးနှင့် မစိမ်းကြချေ။
သူတို့ အလွန်အားနည်းနေသေးသည့် အချိန်က အားနည်းသူများအတွက် ရှင်သန်ရပ်တည်ရေး နည်းလမ်းများကို သင်ယူခဲ့ကြသည်။
သူတို့ အနိုင်မယူပါက မည်သို့ ပြုလုပ်ရမည်နည်း...
သူတို့ အညံ့ခံလိုက်ရုံသာ ရှိတော့သည်။
သူတို့ အလျင်အမြန် အညံ့ခံလိုက်သမျှ ကာလပတ်လုံး ရန်သူ၏ဓားသွားသည် သူတို့ကို ထိခိုက်နိုင်မည်မဟုတ်ကြောင်း သိရှိထားကြသည်။
လှည့်ကွက်တစ်ခုတည်းဖြင့် လောကကို အောင်မြင်နိုင်သည်ဟု ဆိုကြ၏။
ဤနွားနှင့်မြင်းသည် ဤလှည့်ကွက်ကို အားကိုးပြီး သေဘေးများကို တစ်ခုပြီးတစ်ခု အမှန်တကယ် ရှောင်ရှားနိုင်ခဲ့ကြသည်ဟု ဆိုရပေမည်။
နောက်ဆုံးတွင် သူတို့သည် အပြာရောင်နတ်ဆိုး ဘိုးဘေးနှင့် တွေ့ဆုံခဲ့ပြီး သူက သူတို့ကို လက်ခံခဲ့သည်။
တခြားလူများက အခွင့်အလမ်းများနှင့် ကံတရားကို အားကိုးပြီး ယန်သုံးပါးနယ်ပယ်သို့ရောက်အောင် ကျင့်ကြံခဲ့ကြသည် ဆိုလျှင်...
ဤနွားနှင့်မြင်းကမူ ဒူးထောက်တောင်းပန်ပြီး အသနားခံရင်း ဤအဆင့်သို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
သူတို့၏ ကြီးပွားတိုးတက်လာသော လမ်းကြောင်းသည်လည်း ထူးခြားသော ဒဏ္ဍာရီတစ်ခုဟု ပြောဆိုနိုင်ပေ၏။
အပြာရောင်နတ်ဆိုးတမန်တော် နှစ်ပါး ဒူးထောက်ပြီး အသနားခံလိုက်ချိန်တွင်...
သူတို့၏နံဘေးရှိ အပြာရောင်နတ်ဆိုး အစောင့်အရှောက်သည် ကြက်သေသေသွားပေ၏။
လောကကြီး ဇောက်ထိုးလန်သွားသည့်အလား သူ ခံစားလိုက်ရသည်။
သူ ခေတ်နောက်ကျကျန်ခဲ့သကဲ့သို့ ခံစားမိသည်။
အပြာရောင်နတ်ဆိုးတမန်တော် နှစ်ပါး...
အပြာရောင်နတ်ဆိုးမျိုးနွယ်တွင် အလွန် မြင့်မြတ်သော အဆင့်အတန်းရှိသည့် တည်ရှိမှုများ...
ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့်တွင်ရှိသော အရှင်သခင်များ...
သူတို့သည် ဤအတိုင်း ဒူးထောက်လိုက်ကြသလော.....
အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ ဂုဏ်သိက္ခာက ဘယ်ဆီဘယ်ဝယ် ရောက်ရှိသွားသနည်း....
အရှင်သခင်တစ်ပါး၏အပြုအမူသည် မည်သို့ ဖြစ်သွားခဲ့သနည်း....
သူတို့နှစ်ယောက် ဒူးထောက်နေသဖြင့် သူ မတ်တတ်ရပ်နေခြင်းသည် အနည်းငယ် အဆင်မပြေ ဖြစ်နေမည် မဟုတ်လော...
သို့သော် သူ ဒူးထောက်သင့်မသင့် စဉ်းစားနေချိန်မှာပင် စာခြောက်ရုပ်၏တံစဉ်က လှုပ်ရှားပြီးသား ဖြစ်နေလေပြီ။
ဓားချီအလင်းတန်းတစ်တန်း လင်းလက်သွားပြီး ခေါင်းတစ်လုံး လိမ့်ဆင်းလာကာ သူ မတ်တတ်ရပ်ရမလား ဒူးထောက်ရမလား ဆိုသည့်ဒွိဟကို ပြီးပြည့်စုံစွာ ဖြေရှင်းပေးလိုက်သည်။
အပြာရောင်နတ်ဆိုး အစောင့်အရှောက် သေဆုံးသွားသည်နှင့် အပြာရောင်နတ်ဆိုးတမန်တော် နှစ်ပါး၏ခန္ဓာကိုယ်များသည် တပြိုင်နက်တည်း တုန်ခါသွားကြ၏။
သူတို့သည် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့သော်လည်း ဓားချီအလင်းတန်း ကျရောက်မလာခဲ့ပေ။
ထိုအချိန်မှသာ သူတို့သည် သတိကြီးစွာထားပြီး မော့ကြည့်လိုက်ကြသည်။
ထို့နောက် သူတို့သည် နောက်တစ်ကြိမ် ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်ကြ၏။
"အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးက အရှင့်ရဲ့လက်အောက်မှာ အမှုထမ်းဖို့ ဆန္ဒရှိပါတယ်... ကျွန်တော်တို့ကို လက်ခံပေးဖို့ အရှင့်ကို တောင်းဆိုပါတယ်..."
စာခြောက်ရုပ်၏မျက်လုံးများ မှိန်ဖျော့ဖျော့ တောက်ပနေသည်။
သူ၏မျက်တွင်းဟောက်ပက်ထဲတွင် မီးတောက်များ လှုပ်ရှားနေပုံရပြီး သူ စဉ်းစားနေကြောင်း သိသာထင်ရှားသည်။
လွန်ခဲ့သောရက်များတွင် သူသည် ပိုင်လင်းနောက်သို့ ခရီးရှည်ကြီး လိုက်ပါခဲ့ရသည်။
ဤနွားနှင့်မြင်းကို စီးတော်ယာဉ်အဖြစ် လက်ခံလိုက်ခြင်းက ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်ပုံရသည်။
မည်သို့ပင်ဆိုစေကာမူ...
သူသည် အလွန်ပျင်းရိသူတစ်ယောက်ပင်။
သူ့သခင်၏အမိန့်သာ မရှိခဲ့လျှင် သူသည် နေရာတစ်နေရာတည်းတွင် မလှုပ်မယှက် နှစ်ပေါင်း တစ်သောင်း... မဟုတ်သေး... နှစ်ပေါင်း တစ်သန်းလောက် နေမိပေလိမ့်မည်။
ဤသို့ တွေးတောလိုက်ပြီးနောက် စာခြောက်ရုပ်၏မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပေ၏။
သူသည် လက်ကိုမြှောက်လိုက်ပြီး နွားနှင့်မြင်း၏နဖူးပေါ်သို့ ကျွန်အမှတ်အသားတစ်ခုစီ ခတ်နှိပ်လိုက်သည်။