အပြာရောင်နတ်ဆိုးမျိုးနွယ်ကို ဖယ်ရှားချင်တယ်
Vol. 24 Ch. 233
တစ်ချိန်တည်းမှာပင်...
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ...
အနီရောင်နတ်ဆိုးမျိုးနွယ်...
ချီယာနှင့် အစောင့်အရှောက်ခုနစ်ဦး၏ အသက်ဝိညာဉ်ကျောက်ပြားများ ကွဲကြေသွားသဖြင့် ထိုအရာများကို စောင့်ကြပ်နေသည့် တတိယအကြီးအကဲအား ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်သွားစေသည်။
သူ၏စိတ်နှလုံးသား တုန်ရီသွားပြီး အချိန်ဆွဲဝံ့ခြင်းမရှိဘဲ အနီရောင်နတ်ဆိုးခေါင်းဆောင်ထံသို့ ချက်ချင်းသတင်းပို့လိုက်သည်။
"ခေါင်းဆောင်... ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ... ချီယာနဲ့ အစောင့်အရှောက် ခုနစ်ယောက်ရဲ့ အသက်ဝိညာဉ်ကျောက်ပြားတွေ ကွဲကြေသွားပါပြီ..."
ခြံဝန်းတစ်ခုအတွင်း၌ ချီယာနှင့်တခြားသူများ အောင်ပွဲခံ၍ ပြန်လာမည့်အချိန်ကို စောင့်မျှော်နေသော အနီရောင်နတ်ဆိုးခေါင်းဆောင်သည် ဤသတင်းကို ကြားချိန်၌ သူ၏မျက်နှာထား သိသိသာသာ ပြောင်းလဲသွားတော့သည်။
"မင်း ဘာပြောလိုက်တာလဲ..."
ထိတ်လန့်မှုနှင့်ဒေါသတို့ ပြည့်နှက်နေသော သူ၏အသံသည် မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်သွား၏။
အနီရောင်နတ်ဆိုးခေါင်းဆောင်၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူ၏မျက်လုံးများထဲတွင် မီးတောင်များ ပေါက်ကွဲနေသည့်အလားပင်။
ယင်သုံးပါးနယ်ပယ် တတိယအဆင့် ကျင့်ကြံသူ ခုနစ်ဦးနှင့် ယန်သုံးပါးနယ်ပယ် ပထမအဆင့်ကျင့်ကြံသူ တစ်ဦး...
ဤအင်အားသည် မည်မျှထိ စွမ်းအားကြီးမားသနည်း....
သူတို့က မည်သည်ကြောင့် ဤအတိုင်း သေဆုံးသွားနိုင်မည်နည်း....
ဤပုဂ္ဂိုလ်များသည် အနီရောင်နတ်ဆိုးမျိုးနွယ်၏အဓိကထောက်တိုင်များ ဖြစ်ကြောင်း သိထားရပေမည်။
သူတို့၏သေဆုံးမှုသည် အနီရောင်နတ်ဆိုးမျိုးနွယ် တစ်ခုလုံးအတွက် သိသာထင်ရှားသော ထိခိုက်မှုကို ဖြစ်စေရန် လုံလောက်သည်။
ခမ်းနားထည်ဝါပြီး ရှေးကျသော အနီရောင်နတ်ဆိုး ခန်းမဆောင်ကြီး အတွင်းတွင်..
အနီရောင်နတ်ဆိုးခေါင်းဆောင်သည် ပင်မခန်းမရှိ ပလ္လင်ပေါ်တွင် ထိုင်နေပြီး သူ၏နှလုံးသားသည် သွေးထွက်နေသကဲ့သို့ နာကျင်နေပေ၏။
အစောင့်အရှောက်ခုနစ်ဦး၏ သေဆုံးမှုက သူ့ကို နာကျင်စေသော်လည်း ဤသည်က မခံမရပ်နိုင်လောက်အောင် မဟုတ်ချေ။
သူ သည်းမခံနိုင်ဆုံးအရာမှာ ချီယာ၏သေဆုံးမှုပင်။
ချီယာသည် အနီရောင်နတ်ဆိုးမျိုးနွယ်၏ ဘိုးဘေးကြီး ချစ်မြတ်နိုးဆုံး မျိုးဆက်တစ်ဦးဖြစ်ပေ၏။
ထို့ပြင် သူသည် မျိုးနွယ်ခေါင်းဆောင်၏ လက်ထဲရှိ အသုံးအဝင်ဆုံး ထက်ရှသည့် ဓားတစ်လက်လည်းဖြစ်သည်။
သူသည် မျိုးနွယ်ခေါင်းဆောင်၏ လက်ရုံးတစ်ဆူအလားပင်။
ထိုကဲ့သို့ အခြေအနေမျိုးတွင် မျိုးနွယ်ခေါင်းဆောင်၏လက်တစ်ဖက် ဖြတ်တောက်ခံလိုက်ရသည်ဟု ဆိုလျှင် လွန်မည်မဟုတ်ချေ။
သူသည် အလွန်လုံခြုံစိတ်ချရသည်ဟု ယူဆထားသော လူအင်အားဖြင့် သတင်းအချက်အလက်များ စုဆောင်းရန် စေလွှတ်လိုက်ခြင်းပင်။ သို့ရာတွင် သူတို့၏ပျက်သုဉ်းမှုဖြင့်သာ အဆုံးသတ်သွားလိမ့်မည်ဟု သူ မည်သည့်အချိန်ကမျှ မျှော်လင့်မထားခဲ့မိချေ။
ဤအချိန်တွင် အနီရောင်နတ်ဆိုးခေါင်းဆောင် ချီဖန်းထံတွင် ပြိုင်ဘက်ကင်းသော အမျက်ဒေါသများဖြင့် ပြည့်နှက်နေတော့သည်။
"ဘယ်သူပဲ ဖြစ်နေပါစေ... ငါ့ရဲ့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ထပ်ခါတလဲလဲ ရန်စရဲတဲ့ကောင်ကို သွေးကြွေးပြန်ဆပ်ခိုင်းရမယ်..."
ချီဖန်း၏ဆံပင်များသည် ဒေါသကြောင့် ထောင်မတ်နေပြီး သတ်ဖြတ်လိုစိတ်များသည် သူ၏မျက်လုံးများထဲတွင် တလိမ့်လိမ့်ထနေပေ၏။
"ခေါင်းဆောင်... ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ..."
ဤအချိန်တွင် တတိယအကြီးအကဲက မကျေမနပ်ဖြင့် မေးမြန်းလိုက်သည်။
ချီဖန်း၏မျက်နှာအမူအယာသည် တင်းမာခက်ထန်နေပေ၏။
"ငါက အစောင့်အရှောက်ခုနစ်ဦးဆီမှာ ပုံရိပ်ယောင်ကျောက်တုံးငယ်ကို ချန်ထားခဲ့တယ်... မိခင်ကျောက်တုံးကို ကြည့်လိုက်ရင် ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ ငါတို့ အတိအကျ သိရလိမ့်မယ်..."
"ငါသာ သိရတာနဲ့ အဲ့ဒီကောင်ကို စိတ်ဝိညာဉ်လွင့်ပါးပြီး ပြာကျသွားအောင် လုပ်ပစ်မယ်..."
သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး သူ၏စိတ်နှလုံးသားထဲမှ ဒေါသများသည် အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်း ပြသနေပေ၏။
"ဝုန်း..."
ချီဖန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အနက်ရောင် ကျောက်တုံးတစ်တုံးသည် သူ၏ အင်္ကျီလက်ထဲမှ ပျံသန်းထွက်ပေါ်လာပြီး လေထဲတွင် ရပ်တန့်သွားသည်။
ဤကျောက်တုံးသည် ပုံရိပ်ယောင် မိခင်ကျောက်တုံးပင်။
ထိုအနက်ရောင်ကျောက်တုံးမှ ဝေဝါးသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါသည် ရေလှိုင်းများကဲ့သို့ အလွှာလိုက် ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ငြိမ်သက်သော ပုံရိပ်တစ်ခုအဖြစ် စုစည်းသွားလေ၏။
ထိုပုံရိပ်ထဲတွင် ချီယာနှင့်အဖွဲ့ အနီရောင်နတ်ဆိုး ခန်းမဆောင်မှ ထွက်ခွာသွားသည်ကို ပြသနေသည်။
ချီဖန်းသည် ကြိုတင်ကာကွယ်မှုအနေဖြင့်သာ အစောင့်အရှောက်ခုနစ်ဦးထံတွင် ပုံရိပ်ယောင် ကျောက်တုံးငယ်ကို ပေးအပ်ထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူသည် ချီယာတို့အဖွဲ့၏ ခရီးစဉ်အပေါ် အာရုံစိုက်မနေခဲ့ချေ။
သူတို့ အောင်ပွဲခံပြီး ပြန်လာမည့်အချိန်ကိုသာ သူ စောင့်မျှော်နေခဲ့ခြင်း ဖြစ်ပေ၏။
သို့သော် သူ့ကို စောင့်ကြိုနေသည်မှာ သူတို့၏ သေဆုံးခြင်းသတင်းဖြစ်လိမ့်မည်ဟု သူ မည်သည့်အချိန်ကမျှ မျှော်လင့်မထားခဲ့ချေ။
မည်သူက သူ့ကို ရန်စရဲသနည်းဆိုသည်အား သူ ကြည့်ချင်နေသည်။
မည်သူက မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ကျားနှုတ်ခမ်းမွှေးကို ထပ်ခါတလဲလဲ လာရောက် ဆွဲကိုင်ရဲသနည်း...
ချီဖန်းသည် ပုံရိပ်ကို ပို၍မြန်ဆန်စေရန် သူ၏စိတ်ဝိညာဉ်စွမ်းအားများကို ထည့်သွင်းလိုက်၏။
မကြာမီတွင် ချီယာတို့အဖွဲ့သည် စာခြောက်ရုပ်နှင့် တွေ့ဆုံသည်ကို သူ မြင်တွေ့လိုက်ရသည်။
သို့သော် ပုံရိပ်ယောင်ထဲတွင် စာခြောက်ရုပ်၏ မျက်နှာအစစ်အမှန်သည် ရှင်းလင်းခြင်းမရှိချေ။
ဤလောကတွင် သူလျှိုလုပ်၍ မရသော စူးစမ်းရှာဖွေ၍ မရသော စစ်ဆေး၍ မရသော တည်ရှိမှု တချို့ရှိသည်။
စာခြောက်ရုပ်သည် ထိုကဲ့သို့ တည်ရှိမှုများအနက်မှ တစ်ခုဖြစ်ကြောင်း သိသာထင်ရှားသည်။
အမှန်အားဖြင့် ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် လောကကြီးတခွင်လုံးတွင်ပင် ရှားပါးလှသည်။
ထိုကြောင့် ချီဖန်းသည် ထိုဖြစ်နိုင်ချေကို ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ချေ။
စာခြောက်ရုပ်သည် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်နိုင်ပြီး မျက်နှာ အစစ်အမှန်အား ဖုံးကွယ်နိုင်သော အရာတစ်ခုခုကို တပ်ဆင်ထားသည်ဟုသာ သူ ယူဆလိုက်သည်။
ထိုလူ၏မျက်နှာအစစ်အမှန်ကို မမြင်ရသော်လည်း သူ၏ဝတ်စားဆင်ယင်မှုကိုမူ ဝေဝါးစွာ မြင်တွေ့နိုင်ပေ၏။
ဤသည်မှာ အပြာရောင်နတ်ဆိုးမျိုးနွယ်၏ ဝတ်စုံပင်။
ထို့ပြင် မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသော ချီစွမ်းအင်ကလည်း ဤသည်က အပြာရောင်နတ်ဆိုးမျိုးနွယ်မှဖြစ်ကြောင်း ပို၍အတည်ပြုပေးနေသည်။
ပုံရိပ်ထဲတွင် စာခြောက်ရုပ်သည် ရှည်လျားသော တံစဉ်ကို ကိုင်ဆောင်ထားပြီး သူ၏လမ်းကြောင်းရှိ အရာအားလုံးကို သတ်ဖြတ်နေပေ၏။
မည်သူမျှ သူ့အတွက် ပြိုင်ဘက် မဖြစ်ခဲ့ပေ။
ချီယာဖြစ်စေ အစောင့်အရှောက်ခုနစ်ဦးဖြစ်စေ သူတို့သည် စာခြောက်ရုပ်၏ရှေ့တွင် ကြက်ပေါက်လေးများကဲ့သို့ ဖြစ်နေပြီး ကောင်းမွန်သောခုခံမှု တစ်ခုကိုပင် မပြုလုပ်နိုင်ကြချေ။
ရလဒ်ကို သူ သိပြီးသား ဖြစ်သော်လည်း ချီယာ အသတ်ခံရသည်ကို သူကိုယ်တိုင် မြင်တွေ့လိုက်ရချိန်၌ ချီဖန်း၏စိတ်နှလုံးသားထဲရှိ ဒေါသများသည် ထိန်းချုပ်၍ မရအောင် ပွင့်အံ့ထွက်လာခဲ့သည်။
သူ့ကို ပို၍ဒေါသထွက်စေသည်မှာ ပိုင်လင်း၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူသည် အဖြူရောင်နတ်ဆိုးမျိုးနွယ်မှ အသက်ရှင် ကျန်ရစ်သူတစ်ဦး သို့မဟုတ် တခြားသော ထိပ်သီးအင်အားစုကြီးသုံးခုအနက် တစ်ခုခုမှ သခင်တစ်ပါး ဖြစ်လိမ့်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့ခြင်းကြောင့်ပင်။
သို့သော် ထိုလူ၏ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် သူသည် အမှန်တကယ်ကို အပြာရောင်နတ်ဆိုးမျိုးနွယ်မှ အဖွဲ့ဝင်တစ်ဦး ဖြစ်နေခဲ့သည်။
ထို့ကြောင့် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူထဲတွင် သစ္စာဖောက်တစ်ယောက် ရှိနေခဲ့ကာ....
သစ္စာဖောက်သည် အပြာရောင်နတ်ဆိုးမျိုးနွယ် တစ်ခုလုံးပင်။
"ဝုန်း..."
ဤအချိန်အခိုက်အတန့်တွင် ချီဖန်း၏မျက်လုံးများ နီမြန်းလာပေ၏။ ထို့နောက် ပြိုင်ဘက်ကင်းသော ဖိအားတစ်ရပ်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ပွင့်အံ့ထွက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များသည် သူ၏ မျက်လုံးများထဲတွင် ကြီးထွားလာပြီး တလိမ့်လိမ့်ထနေသည်။
ဤသည်မှာ အစိုင်အခဲအဖြစ် ဖြစ်တည်လာတော့မည့်အလားပင်။
"အပြာရောင်နတ်ဆိုးမျိုးနွယ်... မင်းတို့က ငါတို့ကို သစ္စာဖောက်ရဲတယ်ပေါ့..."
ချီဖန်း၏မျက်နှာသည် ရှုံ့မဲ့နေပြီး သွေးကြောများ ထောင်ထနေသည်။
ဤသည်က ချီယာတို့အဖွဲ့၏ သေဆုံးမှုအပေါ် ဒေါသထွက်ခြင်းသက်သက်သာ မဟုတ်ဘဲ နောက်ကျောမှ ဓားဖြင့် ထိုးခံရသလိုမျိုး မွန်းကြပ်သောခံစားချက်ကြောင့်လည်း ပါဝင်ပေ၏။
ဤရူးသွပ်ဖွယ်ဖိအားအောက်တွင် တတိယအကြီးအကဲသည် မုန်တိုင်းထဲမှ လှေငယ်လေးတစ်စင်းကဲ့သို့ ဖြစ်နေပြီး လှိုင်းတံပိုးများ၏ဝါးမြိုခြင်းကို အချိန်မရွေး ခံရတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
သို့သော် ဒေါသကြောင့် စိတ်လွတ်လုနီးပါး ဖြစ်နေသော ချီဖန်းနှင့် ယှဉ်လျှင် သူသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အလိုအလျောက် အာရုံခံမိသည်။
"ခေါင်းဆောင်... ဒီလူက ကျွန်တော်တို့အချင်းချင်း သံသယဝင်ပြီး တိုက်ခိုက်လာအောင် အပြာရောင်နတ်ဆိုးမျိုးနွယ်က လူတစ်ယောက်အဖြစ် ဟန်ဆောင်နေတာများ ဖြစ်နိုင်မလား..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် ချီဖန်းသည် စားပွဲခုံကို လက်ဖြင့် ရိုက်ချလိုက်ရာ သူ၏ ရှေ့ရှိ စားပွဲသည် ချက်ချင်းဆိုသလိုပင် အမှုန်အမွှားများ ဖြစ်သွားပေ၏။
ထို့နောက် သူက သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ဟိန်းဟောက်လိုက်သည်။
"ဟန်ဆောင်တာ ဟုတ်လား...ငါတို့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူက အဲ့ဒီမိန်းမပိုင်လင်းကို အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်..."
"ဒါပေမဲ့ အကြိမ်တိုင်းမှာ သူတို့အားလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီးတော့ သတင်းပြန်ပို့ဖို့ တစ်ယောက်မှတောင် ပြန်မရောက်လာခဲ့ဘူး..."
"တကယ်လို့ ငါတို့သာ ကြိုတင်ပြင်ဆင်မထားဘဲနဲ့ ကောင်းကင်မြေပြင်ပိုက်ကွန်ကို ချမထားခဲ့ရင် ဒီလိုမျိုးတွေ ဘယ်လိုလုပ်ပြီးတော့ ဖြစ်လာနိုင်မှာလဲ..."
"ဒါ့ပြင် မြောက်ပိုင်းဒေသက ကျယ်ပြန့်ပေမယ့် မင်း ပြောကြည့်စမ်း... ဘယ်သူမှာ အပြာရောင်နတ်ဆိုးမျိုးနွယ်ရဲ့ ကျင့်ကြံသူတစ်ယောက်အဖြစ် ဟန်ဆောင်နိုင်တဲ့ စွမ်းရည်ရှိလို့လဲ... ပြီးတော့ ဘယ်သူက ချီယာကို ချက်ချင်းသတ်ဖြတ်နိုင်တဲ့ စွမ်းရည်ရှိလို့လဲ..."
ချီဖန်း၏မေးခွန်းထုတ်မှုများနှင့်အတူ တတိယအကြီးအကဲ ကြောင်အမ်းသွားသည်။
ထိုနည်းအတိုင်း စဉ်းစားကြည့်လျှင် ယခင်က ယုတ္တိမတန်သော အချက်များစွာသည် အဓိပ္ပာယ်ရှိလာပုံ ရပေ၏။ ဆိုလိုသည်မှာ ဤလူသည် အမှန်တကယ်ကို အပြာရောင်နတ်ဆိုးမျိုးနွယ်မှ ဖြစ်ပေမည်။
အကြောင်းအရင်းမှာ အတွင်းလူများကသာလျှင် သူတို့၏လှုပ်ရှားမှုတိုင်းကို နားလည်နိုင်မည် ဖြစ်သောကြောင့်ပင်။
သို့သော် သူ့တွင် စဉ်းစား၍ မရသော မေးခွန်းတစ်ခု ရှိနေသေးသည်။
"ခေါင်းဆောင်... အပြာရောင်နတ်ဆိုးမျိုးနွယ်က ဘာလို့များ အဲ့ဒီကောင်မလေးပိုင်လင်းကို ကာကွယ်ပေးနေတာလဲ..."
"အတိတ်တုန်းက အဖြူရောင်နတ်ဆိုးမျိုးနွယ်ကို အမြစ်ပြတ်သုတ်သင်တဲ့နေရာမှာ သူတို့လည်း ပါဝင်ခဲ့တာပဲလေ..."
"ဒါက အဓိပ္ပာယ်မရှိဘူး..."
"ဟမ့်..."
ချီဖန်းသည် အေးစက်စက်နှာမှုတ်လိုက်ပြီး အရာအားလုံးကို ထိုးဖောက်မြင်နိုင်သော အလင်းတန်းတစ်တန်းသည် သူ၏နက်နဲသော မျက်လုံးများမှ ထွက်ပေါ်လာပေ၏။
"အပြာရောင်နတ်ဆိုးမျိုးနွယ်က အနီရောင်နတ်ဆိုးမျိုးနွယ်ကလွဲရင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူရဲ့ မျိုးနွယ်စုခုနစ်ခုထဲမှာ အသန်မာဆုံးပဲ...ငါက မျိုးနွယ်စုခုနစ်ခုလုံးကို ပေါင်းစည်းပြီးတော့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို အထွတ်အထိပ်အသစ်ဆီ ခေါ်ဆောင်သွားချင်ခဲ့ဖူးတယ်..."
"တခြားမျိုးနွယ်စုတွေက အနည်းနဲ့အများတော့ လက်အောက်ခံဖို့ ဆန္ဒရှိကြပေမယ့် အပြာရောင်နတ်ဆိုးမျိုးနွယ်က အချိန်ဆွဲပြီး ငါ့ကို လျှို့ဝှက် ပြီး ဒုက္ခပေးနေခဲ့တယ်..."
"အပြာရောင်နတ်ဆိုးခေါင်းဆောင် ရှန်းရှောင်ဆိုတဲ့ လူယုတ်မာအိုကြီးက မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူရဲ့ နံပါတ်တစ်နေရာကို ဝင်ပြိုင်ချင်နေတယ်ဆိုတာ ငါ မသိဘူးလို့ မင်း ထင်နေတာလား...သူတို့က အဲ့ဒီမိန်းမပိုင်လင်းနဲ့ သဘောတူညီချက် တစ်ခုခု ရထားပုံရတယ်..."
"ပိုင်လင်းက သူတို့လွှတ်လိုက်တဲ့ ငါးစာ ဖြစ်နိုင်ပြီး တခြားမျိုးနွယ်တွေရဲ့ အင်အားကို ဖြုန်းတီးပစ်ဖို့အတွက် ငါးစာရဲ့ပတ်ဝန်းကျင်မှာ ကောင်းကင်မြေပြင်ပိုက်ကွန်ကို ဆင်ထားတာ ဖြစ်မယ်... ဒါမှ အပြာရောင်နတ်ဆိုးမျိုးနွယ်တစ်ဖွဲ့တည်း ပိုသန်မာလာပြီးတော့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ပေါင်းစည်းနိုင်မှာလေ..."
သူ၏ခွဲခြမ်းစိတ်ဖြာမှု ပြီးဆုံးသွားချိန်၌...
တတိယအကြီးအကဲသည် ကြောက်ရွံ့မှုလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။
"ဒီ အပြာရောင်နတ်ဆိုးမျိုးနွယ်က တော်တော် ယုတ်မာပြီး ကောက်ကျစ်တာပဲ...ခေါင်းဆောင်... ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ..."
ချီဖန်း၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တလိမ့်လိမ့်ထလာခဲ့ပေ၏။
"ငါတို့က အမုန်းတရားကို အမုန်းတရားနဲ့... ရန်ငြိုးကို ရန်ငြိုးနဲ့ ပြန်ဆပ်ရမှာပေါ့...အပြာရောင်နတ်ဆိုးမျိုးနွယ်က ငါ့ကိုလုပ်ကြံပြီးတော့ ငါ့ရဲ့ လက်ရုံးတွေကို ဖြတ်တောက်ရဲတယ်...အပြာရောင်နတ်ဆိုးမျိုးနွယ် တစ်ခုလုံးကို မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကနေ အမြစ်ပြတ် ချေမှုန်းပစ်ရမယ်..."
"ငါ့ရဲ့အမိန့်ကို ချမှတ်လိုက်... မနက်ဖြန်ကျရင် မျိုးနွယ်စုခုနစ်ခုရဲ့ ခေါင်းဆောင်တွေကို အစည်းအဝေးလုပ်ဖို့ အနီရောင်နတ်ဆိုး ခန်းမဆောင်ဆီ ဆင့်ခေါ်လိုက်စမ်း..."
...