နွားတစ်ကောင်နှင့် မြင်းတစ်ကောင်
Vol. 24 Ch. 234
နောက်တစ်နေ့ မနက်ခင်းတွင်...
ပိုင်လင်း လိုဏ်ဂူထဲမှ နိုးထလာချိန်၌...
လိုဏ်ဂူအပြင်ဘက်တွင် အရာအားလုံးသည် ဖြူဖွေးသန့်စင်သော နှင်းများဖြင့် ဖုံးလွှမ်းနေပေ၏။
အေးချမ်းတိတ်ဆိတ်သော နေ့တစ်နေ့ ထပ်မံ၍ ဖြစ်နေခဲ့သည်။
ပိုင်လင်းသည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော စာခြောက်ရုပ်ကို ကြည့်လိုက်သည်။
ထူးဆန်းသော ငြိမ်းချမ်းမှုတစ်ခုသည် သူမ၏ စိတ်နှလုံးသားထဲတွင် ပြည့်နှက်သွားပေ၏။
ယခုအချိန်အထိ သူမ၏ခရီးစဉ်သည် သူမ စိတ်ကူးထားခဲ့သည်ထက် ပို၍အဆင်ပြေချောမွေ့နေခဲ့သည်။
သူမသည် မူလက ဤသည်မှာ သွေးထွက်သံယိုများနှင့် သေလုမြောပါး အတွေ့အကြုံများ ပြည့်နှက်နေမည့် လမ်းခရီးဖြစ်မည်ဟု မျှော်လင့်ထားခဲ့သည်။
သို့သော် ယခုအချိန်အထိ သူမသည် ပြင်းထန်သော လိုက်လံဖမ်းဆီးမှု တစ်ခုတစ်လေနှင့်မျှ မကြုံတွေ့ခဲ့ရချေ။
သူမ မည်မျှထိ ကံကောင်းလိုက်သနည်း....
"စာခြောက်ရုပ်... မင်္ဂလာနံနက်ခင်းပါ...ငါတို့ သွားကြရအောင်..."
ပိုင်လင်းသည် ပုံမှန်အတိုင်း စာခြောက်ရုပ်ကို နှုတ်ဆက်လိုက်၏။
သူမသည် အလျင်အမြန် ပြင်ဆင်ပြီးနောက် စာခြောက်ရုပ်နှင့်အတူ လိုဏ်ဂူထဲမှ ထွက်လာခဲ့သည်။
သို့သော် သူမ လိုဏ်ဂူထဲမှ ထွက်လိုက်သည်နှင့် နွားတစ်ကောင်နှင့် မြင်းတစ်ကောင်သည် ဝင်ပေါက်တွင် မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့သည် မည်သည့်နေရာမှ ထွက်ပေါ်လာကြောင်း သူမ မသိရှိချေ။
ဤသည်မှာ မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့မှလွဲ၍ တခြားသူများ မဟုတ်ချေ။
သူတို့၏ မြင့်မားသော အရပ်အမောင်းက သူတို့ကို အလွန်အမင်း ခမ်းနားထည်ဝါနေစေသည်။
ပိုင်လင်း၏နှလုံးခုန်နှုန်း လျှင်မြန်သွားပြီး သူမ၏ခန္ဓာကိုယ် တောင့်တင်းသွားပေ၏။
သူမသည် မသိစိတ်မှနေ၍ ကာကွယ်ရေးအနေအထားကို ယူလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူမ၏အာရုံကြောများသည် ဤခရီးစဉ်တလျှောက်၌ အမြဲတစေ တင်းမာနေခဲ့ရသည်။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို သူမ အမြဲတစေ သတိထားနေခဲ့ရသည်။
သို့သော် သူမ အချိန်တခဏကြာ စောင့်ကြည့်ပြီးနောက် နွားနှင့်မြင်းသည် မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ကြပေ။
ထိုအစား သူမကို မြင်တွေ့ချိန်၌ မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့၏ မျက်လုံးများတွင် ပျော်ရွှင်မှုများ လင်းလက်သွားပြီး သူမ၏ ရှေ့၌ ဒူးထောက်ကာ အညံ့ခံကြောင်း ပြသလိုက်ကြ၏။
သူတို့သည် စကားမပြောချင်ကြ၍ မဟုတ်ပေ။
စာခြောက်ရုပ်၏ဆန္ဒကို သူတို့ ဝိုးတဝါးအာရုံခံမိသောကြောင့်သာ သူတို့ စကားမပြောကြခြင်းဖြစ်သည်။
မပြောသင့်တာ မပြောနဲ့... မမေးသင့်တာ မမေးနဲ့...
သူတို့၏ အဓိကတာဝန်မှာ ကောင်းမွန်သော စီးတော်ယာဉ်များ ဖြစ်လာစေရန်ပင်။
စာခြောက်ရုပ်သည် မည်ကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်သနည်း.....
သူတို့၏မျက်လုံးထဲတွင် သူသည် စိတ်ကူး၍မရနိုင်လောက်အောင် စွမ်းအားကြီးမားသော ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။
ဤသည်က နတ်ဘုရားနှင့်ယှဉ်နိုင်သော တည်ရှိမှုမျိုးပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့သည် သူ၏စိတ်ဆန္ဒကို မည်သည်ကြောင့် ဖီဆန်ရဲမည်နည်း....
ထို့ကြောင့်သာလျှင်...
သူတို့သည် မနက်အစောကြီးကတည်းက ဝင်ပေါက်တွင် မတ်တတ်ရပ်နေပြီး စီးနင်းခံရန် ဆန္ဒပြင်းပြနေခဲ့ကြခြင်း ဖြစ်ပေ၏။
ဤအရာကို မြင်တွေ့ချိန်၌ ပိုင်လင်းသည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ယခုချိန်တွင် သူမသည် မယုံနိုင်လောက်အောင် ကံကောင်းနေသည်ဟု ခံစားနေမိသည်။
သူမသည် ရတနာများကို ပေါ့ပေါ့ပါးပါး ကောက်ယူရရှိနိုင်ရုံသာမက...
ယခုအချိန်၌ ထူးခြားဆန်းပြားသော သားရဲများပင်လျှင် သူမထံသို့ သူတို့၏သဘောဆန္ဒအလျောက် လာရောက်၍ အညံ့ခံနေကြသည်။
သူမသည် စာခြောက်ရုပ်ကို စိတ်ကြည်နူးစွာဖြင့် ကြည့်လိုက်၏။
"ရှင်က ဒါတွေကို ကျွန်မရဲ့ စီးတော်ယာဉ် ဖြစ်ဖို့ ရှာပေးထားတာလား..."
စာခြောက်ရုပ်သည် တိတ်ဆိတ်နေဆဲပင်။
သူသည် လက်တစ်ဖက်ကို တောင့်တင်းစွာ မြှောက်လိုက်ပြီး နွားအိုကြီးကို ညွှန်ပြကာ ပိုင်လင်းကို တက်စီးရန် အချက်ပြလိုက်သည်။
ဤလုပ်ရပ်သည် ပိုင်လင်းကို ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားစေသည်။
"တကယ်ပဲ ရှင် ရှာပေးတာပေါ့..."
သူမသည် စာခြောက်ရုပ်နှင့် အချိန်ကြာမြင့်စွာ အတူရှိနေခဲ့သော်လည်း သူမတို့ကြားတွင် အပြန်အလှန် ဆက်ဆံမှု နည်းပါးခဲ့သည်။
များသောအားဖြင့် ပိုင်လင်းက ပြောဆိုပြီး စာခြောက်ရုပ်က နားထောင်လေ့ ရှိပေ၏။
ဤတစ်ကြိမ်သည် စာခြောက်ရုပ်က သူမကို ပထမဆုံးအကြိမ် တုံ့ပြန်ခြင်း ဖြစ်သည်ဟု ပြောဆိုနိုင်သည်။
ဤအရာက ပိုင်လင်းကို အတိုင်းအဆမရှိ ပျော်ရွှင်သွားစေသည်။
တစ်ခါတစ်ရံတွင် လူသားတို့၏ပျော်ရွှင်မှုသည် ထိုမျှထိ ရိုးရှင်းပေ၏။
စကားတစ်ခွန်း အမူအယာတစ်ခုဖြင့် တိတ်ဆိတ်သော ဖလှယ်မှုတစ်ခုသည် လူတစ်ယောက်ကို အချိန်ကြာမြင့်စွာ ပျော်ရွှင်စေနိုင်သည်။
အကယ်၍ သူမ၏မျိုးနွယ်စု အမြစ်ပြတ်သုတ်သင်ခံရသော ကြေကွဲဖွယ်ရာကိစ္စသာ မဖြစ်ပွားခဲ့ပါက ပိုင်လင်းသည် ပျော်ရွှင်ပြီး အကောင်းမြင်တတ်သော မိန်းကလေးတစ်ဦး ဖြစ်လာခဲ့ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် သူမ သယ်ပိုးထားသော အမုန်းတရားသည် အလွန်နက်ရှိုင်းပြီး လေးလံလွန်းပေ၏။
ဘဝ၏အခက်အခဲများက သူမကို အမြဲတစေ စိုးရိမ်ပူပန်နေစေခဲ့သည်။
စာခြောက်ရုပ်ကို မြင်တွေ့ရပြီးနောက် သူမကို ကိုယ်ကျိုးမဖက်ဘဲ ကူညီပေးခဲ့သော ပုံရိပ်ကို တွေးတောမိသောအချိန်မှသာ နက်ရှိုင်းသည့် အမုန်းတရားများကြားမှ ငြိမ်းချမ်းမှုအာရုံကို သူမ ရှာတွေ့နိုင်ခဲ့သည်။
ထိုအချိန်မှသာ သူမသည် အမုန်းတရားများ၏ ချည်နှောင်မှုများကို ယာယီဖယ်ရှားထားနိုင်ပြီး တိုတောင်းသော်လည်း တန်ဖိုးရှိသည့် နွေးထွေးမှု အချိန်အခိုက်အတန့်ကို ခံစားနိုင်ခဲ့သည်။
ဤစီးတော်ယာဉ်နှစ်ကောင်ကို စာခြောက်ရုပ်က ရှာပေးထားခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် ပိုင်လင်းသည် သူမ၏သတိထားမှုကို လျှော့ချလိုက်ပြီး မြင်း၏ကျောပေါ်သို့ ယုံကြည်ချက်ရှိရှိ တက်လိုက်သည်။
စာခြောက်ရုပ်သည်လည်း အနီးကပ် လိုက်ပါလာပြီး နွား၏ကျောပေါ်သို့ တက်လိုက်၏။
"သွားကြစို့..."
ပိုင်လင်းက ရှေ့သို့လက်ညှိုးညွှန်ပြီး အမိန့်ပေးလိုက်သည်နှင့် မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့သည် ရှေ့သို့စတင်၍ ခပ်သွက်သွက် ပြေးလွှားလိုက်ကြသည်။
သူတို့သည် ခပ်သွက်သွက် ပြေးလွှားနေကာ သူတို့၏အမြန်နှုန်းသည် နှေးကွေးခြင်း မရှိပေ။ လျှပ်စီးလက်သည့် အမြန်နှုန်းဖြင့် ရွေ့လျားနေသည်ဟု ပြောဆိုလျှင် လွန်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ဤနတ်ဆိုးသားရဲနှစ်ကောင်သည် ယန်သုံးပါးနယ်ပယ် အစွမ်းထက်ကျင့်ကြံသူများပင်။
သူတို့သည် သက်တောင့်သက်သာ ရှိမှုနှင့် တည်ငြိမ်မှုတို့ကိုသာ ထည့်မတွက်ပါက လိုရာခရီးကို ရက်အနည်းငယ်အတွင်း ရောက်ရှိနိုင်သည်။
ယခုချိန်တွင်မူ သူတို့သည် သူတို့၏အမြန်နှုန်းအပြည့်မှ ဆယ်ပုံတစ်ပုံဖြင့်သာ ခရီးသွားနေကြခြင်း ဖြစ်ပေ၏။
ထိုသို့ ဖြစ်နေသော်လည်း ပိုင်လင်းသည် အလွန်အမင်း စိတ်လှုပ်ရှားနေဆဲပင်။
သူတို့၏ ဆယ်ပုံတစ်ပုံ အမြန်နှုန်းသည် သူမ၏ အမြန်ဆုံးခရီးသွားနှုန်းထက် သိသိသာသာ ပို၍မြန်ဆန်နေသေးသည်။
ထိုမျှသာမက ခရီးစဉ်တစ်ခုလုံးသည် မည်သည့် လှုပ်ခတ်မှုမျှမရှိဘဲ အလွန်အဆင်ပြေချောမွေ့နေသည်။
ဤအရာက စာခြောက်ရုပ်သည် ထိုကဲ့သို့ စီးတော်ယာဉ်များကို မည်သည့်နေရာက ရှာတွေ့ခဲ့သနည်းဟု သူမကို တွေးတောမိစေသည်။
ဤသားရဲများသည် အလွန်လိမ္မာပြီး ယဉ်ကျေးကာ အလွန်မြန်ဆန်ကြသည်။
သို့သော် စာခြောက်ရုပ်သည် သူမနှင့် အပြန်အလှန် ဆက်ဆံနိုင်သော်လည်း သူမနှင့် စကားပြောဆိုခြင်း မရှိချေ။
သူမသည် သူမ၏အောက်ရှိ စီးတော်ယာဉ်များကို စကားပြောရန် ကြိုးစားခဲ့သော်လည်း ဟီသံနှစ်ချက်သာ ပြန်လည်၍ရရှိခဲ့သည်။
ပိုင်လင်းသည် သူမ၏စိတ်နှလုံးသားထဲရှိ သံသယများကို ယာယီဖိနှိပ်ထားရုံသာ တတ်နိုင်တော့ပေ၏။
မည်သို့ပင်ဆိုစေကာမူ စာခြောက်ရုပ်က သူမကို ထိခိုက်အောင် လုပ်မည် မဟုတ်ကြောင်း သူမ သိရှိထားသည်။
ထို့ပြင် ယခုချိန်၌ သူမအတွက် အရေးကြီးဆုံးကိစ္စမှာ အစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို ရယူရန်ပင်။
ပိုင်လင်း၏အကြည့်သည် မိုးကောင်းကင်ယံကို ထိုးဖောက်ပြီး ဝေးကွာသော မြောက်ဘက်စွန်းဆီသို့ ငေးမောကြည့်နေပေ၏။
ပိုင်လင်း၏ဇဝေဇဝါဖြစ်မှုနှင့် နှိုင်းယှဉ်လျှင် မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့သည် သူမထက် လျော့နည်းခြင်း မရှိချေ။
အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးအနေဖြင့် သူတို့တွင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတစ်ဂူလုံးနှင့် ပတ်သက်ပြီး နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရှိထားကြသည်။
သူတို့၏အမြင်အရ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူရှိ အသန်မာဆုံး ပုဂ္ဂိုလ်များပင်လျှင် ဤစာခြောက်ရုပ်လောက် ကြောက်မက်ဖွယ် မကောင်းချေ။
မဟုတ်သေး... သူတို့ကြားတွင် နှိုင်းယှဉ်နိုင်စရာ လုံးဝမရှိပေ။
စာခြောက်ရုပ်သည် သာမန်သက်ရှိများနှင့် လုံးဝ မတူဘဲ သာမန်ကျင့်ကြံဆင့်ထက် ကျော်လွန်နေပြီ ဖြစ်ကြောင်း သူတို့ အခိုင်အမာ ယုံကြည်ထား ကြသည်။
ထိုကဲ့သို့ တည်ရှိမှုမျိုးကို ပြန်လည်မွေးဖွားလာသော တားမြစ်ထားသည့် တည်ရှိမှုကြီးတစ်ခုဟုပင် တင်စားနိုင်သည်။
စာခြောက်ရုပ်သည် မည်သည်ကြောင့် ပိုင်လင်း၏နောက်သို့ အမြဲတစေ လိုက်ပါနေသည်ကို သူတို့ နားမလည်နိုင်ကြချေ။
ကြည့်ရသည်မှာ သူသည် နောက်လိုက်တစ်ယောက်နှင့်ပင် တူညီနေပေ၏။
ဤကိစ္စသည် ထူးဆန်းပြီး အနည်းငယ် ယုတ္တိမရှိပေ။
ထိုနှစ်ဦးကြားတွင် မည်ကဲ့သို့ ဆက်ဆံရေးမျိုး ရှိနေသည်ကို သူတို့ လုံးလုံးလျားလျား နားမလည်နိုင် ဖြစ်နေခဲ့သည်။
သို့သော် မည်သို့ပင်ဆိုစေကာမူ သူတို့ အကြွင်းမဲ့ သေသေချာချာ သိရှိထားသော အချက်တစ်ချက် ရှိသည်။
ဤသည်မှာ ပိုင်လင်းဆိုသော မိန်းကလေးသည် ယခင်နှင့် မတူညီတော့သည့် အချက်ပင်။
သူမ အပြည့်အဝ မကြီးထွားသေးလျှင်ပင် သူမ၏နောက်က စာခြောက်ရုပ်တစ်ခုတည်းဖြင်ပြင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူအနေနှင့် ရန်စရန် မတတ်နိုင်သလောက်နီးပါး ဖြစ်နေလေပြီ။
အကယ်၍ ပိုင်လင်းသာ တစ်နေ့နေ့တွင် အမှန်တကယ် ပြန်လာခဲ့လျှင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် မည်သို့ အသာစီးရနိုင်မည်နည်း...
ဤရှုထောင့်မှ ကြည့်လျှင် သူတို့၏ လက်ရှိ ဘက်ပြောင်းခြင်းသည် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်ပုံရသည်။
အနည်းဆုံးအနေဖြင့် ဤသည်မှာ သူတို့ကို သုတ်သင်ရှင်းလင်းခံရခြင်းမှ ရှောင်ရှားနိုင်ရန် ကူညီပေးနိုင်ပေမည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် အဖြူရောင်နတ်ဆိုးမျိုးနွယ်နှင့် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ တခြားမျိုးနွယ်စုများကြားမှ ဆက်ဆံရေးကို ကောင်းစွာသိရှိထားကြသည်။
ဤသည်ကို ပြန်လည် သင့်မြတ်အောင် လုပ်၍ မရနိုင်သော သွေးကြွေးဟု ခေါ်ဆိုလျှင် လွန်မည် မဟုတ်ချေ။
ထိုအကြောင်းကို တွေးတောမိပြီးနောက် အပြာရောင်နတ်ဆိုးတမန်တော် နှစ်ပါးသည် စိတ်သက်သာရာရမှုကို မခံစားဘဲ မနေနိုင်ကြတော့ချေ။
ထိုအချိန်က အဖြူရောင်နတ်ဆိုးမျိုးနွယ်အပေါ် သူတို့သည် ကိုယ်ထိလက်ရောက် မကျူးလွန်ခဲ့မိသည့်အတွက် သူတို့ စိတ်သက်သာရာ ရသွားကြသည်။
ထို့ပြင် သူတို့သည် လျှင်မြန်စွာ ဘက်ပြောင်းလိုက်သည့်အတွက်လည်း စိတ်သက်သာရာ ရသွားပေ၏။
အမှန်အားဖြင့် တစ်ခါတစ်ရံတွင် ရွေးချယ်မှုက ကြိုးစားမှုထက် ပိုအရေးကြီးတတ်သည်။
စာခြောက်ရုပ်ဘက်သို့ ကူးပြောင်းလိုက်ခြင်းသည် သူတို့၏ဘဝတွင် ပြုလုပ်ခဲ့သမျှ အရာများအနက် အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်သည်ဟုသာ သူတို့ ခံစားနေရသည်။
ရုတ်ချည်းဆိုသလိုပင် နွားနှင့်မြင်းသည် ပို၍လုံ့လစိုက်ထုတ်ပြီး ပို၍အားစိုက်ကာ ခရီးဆက်လာကြသည်။
ဤသည်မှာ သူတို့ထံ၌ သိက္ခာမရှိ၍ မဟုတ်ချေ။
အသက်ရှင်သန်နေထိုင်ခြင်းသည် ရှက်စရာကိစ္စတစ်ရပ် မဟုတ်ပေ။
တစ်ဖက်တွင် ပိုင်လင်းသည် သူမ၏ခရီးကို ဆက်လက်၍ လျှောက်လှမ်းနေပေ၏။
တခြားတစ်ဖက်တွင်မူ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် ငြိမ်းချမ်းမှုနှင့် ဝေးကွာနေသည်။
အနီရောင်နတ်ဆိုးခေါင်းဆောင် ချီဖန်းက တခြားမျိုးနွယ်စုခြောက်ခုမှ ခေါင်းဆောင်များကို လာရောက်စုဝေးရန် လူလွှတ်လိုက်ချိန်၌ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတစ်ဂူလုံးသည် မငြိမ်သက်မှုလှိုင်းဂယက်များဖြင့် လှုပ်ရှားလာခဲ့သည်။
မျိုးနွယ်စုခေါင်းဆောင်ခုနစ်ဦးသည် အလွန်မြင့်မြတ်ပြီး သီးခြားစီအုပ်ချုပ်ကြသဖြင့် နှစ်အနည်းငယ်အတွင်း တစ်ကြိမ်ပင် တွေ့ဆုံရန် ခဲယဉ်းသည်။
ခေါင်းဆောင်ခုနစ်ဦးသည် မကြာသေးမီကမှ စုဝေးခဲ့ကြပြီး ယခုချိန်၌ တစ်ရက် မပြည့်သေးခင်မှာပင် နောက်တစ်ကြိမ် ထပ်မံ၍ စုဝေးနေသည်။
ဤကဲ့သို့ မကြာခဏ တွေ့ဆုံမှုများသည် များပြားသော ခန့်မှန်းချက်များနှင့် ကျယ်ပြန့်သော ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
"ဟိုကောင်မလေး ပိုင်လင်းကြောင့်များ ထပ်ဖြစ်နေမလား..."
တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် ပြောဆိုရင်း မျက်မှောင်ကြုတ်လိုက်သည်။
ယခင်ကတည်းက ပိုင်လင်းသည် မြောက်ပိုင်းနတ်ဆိုး ခန်းမဆောင်တစ်ခုလုံးတွင် လူပြောအများဆုံး ခေါင်းစဉ်တစ်ခု ဖြစ်နေသည်ဟု ပြောဆိုရပေမည်။
သူမ၏ပါရမီသည် ထူးခြားပြီး သူမ၏ရှေ့အလားအလာသည် ယုံကြည်နိုင်စရာ မရှိလောက်အောင် မြင့်မားပေ၏။
ထို့ပြင် သူမထံတွင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနှင့် ပြန်လည်သင့်မြတ်အောင် လုပ်၍မရသော သွေးကြွေးရန်ငြိုး ရှိနေသည်။
ယခင်က ပိုင်လင်း၏ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်မှုသည် လူများကို ဂဏာမငြိမ် ဖြစ်စေပြီး စားမဝင် အိပ်မပျော် ဖြစ်စေခဲ့သည်။
သူမသည် အနာဂတ်တွင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို လုံးလုံးလျားလျား ပြောင်းပြန်လှန်ပစ်နိုင်မည့် အလားအလာရှိသော တည်ရှိမှုတစ်ခုပင်။
ထိုကဲ့သို့ သိသာထင်ရှားသည့် ပုန်းကွယ်နေသော အန္တရာယ်သည် လူတချို့ကို အချိန်ကြာမြင့်စွာ စိုးရိမ်ပူပန်နေစေခဲ့သည်။
သို့သော် မကြာသေးမီက မြောက်ပိုင်းဒေသတွင် သူမ ပြန်လည်ထွက်ပေါ်လာသည့် သတင်းသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ တစ်ဂူလုံးကို ဆူညံပွက်လောရိုက်သွားစေသည်။
လူအများအတွက် ဤအရာသည် ပုန်းကွယ်နေသော အန္တရာယ်ကို ဖယ်ရှားရန် ကောင်းကင်ဘုံက ပေးအပ်သော အခွင့်အရေးတစ်ခုပင်။
သို့သော် ထိုအချိန်က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ ပိုင်လင်းအား ကြီးကျယ်ခမ်းနားစွာ လိုက်လံဖမ်းဆီးမှုသည် မြောက်ပိုင်းဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ရလဒ်သည် မည်သို့ ဖြစ်လာခဲ့သနည်း....
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် ကျရှုံးကြောင်း သတင်းဆိုးများကိုသာ တစ်ခုပြီးတစ်ခု လက်ခံရရှိခဲ့သည်။
ယခုအချိန်အထိ သူတို့သည် သူမကို မသုတ်သင်နိုင်သေးသဖြင့် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် တခြားလူများ၏မျက်လုံးထဲတွင် ရယ်စရာပြက်လုံးတစ်ခုနှင့် အတင်းအဖျင်း ပြောစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာတော့သည်။
ဤအရာက မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ တစ်ဂူလုံးရှိ တပည့်အမြောက်အများကို စိုးရိမ်ပူပန်မှုနှင့် စိတ်ပျက်အားငယ်မှုများအား ခံစားရစေခဲ့သည်။
အပြည့်အဝ ကြီးထွားလာခြင်းပင် မရှိသေးသော ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးသည် သူတို့၏ဖမ်းဆီးမှုမှ မည်ကဲ့သို့ ထပ်ခါတလဲလဲ လွတ်မြောက်နိုင်သည်ကို သူတို့ နားမလည်နိုင်ကြချေ။
ယခုချိန်တွင် အနီရောင်နတ်ဆိုးခေါင်းဆောင်သည် မျိုးနွယ်စုခေါင်းဆောင် ခုနစ်ဦးကို ဤမျှ တိုတောင်းသော အချိန်ကာလအတွင်း နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်ရာ ဤသည်မှာ ကောင်းသောလက္ခဏာတစ်ရပ် မဟုတ်ကြောင်း သူတို့ အလိုအလျောက် ခံစားမိသည်။
...