ခေါင်းမာလိုက်တဲ့ကောင်
Vol. 24 Ch. 235
အဆင့်နိမ့်တပည့်များ၏ ဇဝေဇဝါဖြစ်နေမှုများနှင့် နှိုင်းယှဉ်လျှင် သတင်းတစ်ခုကို ရရှိထားသော တခြားမျိုးနွယ်စုခေါင်းဆောင်များကမူ အံ့အားသင့်သွားကြသည်။
"ပိုင်လင်းရဲ့နောက်ကွယ်က လူကို အပြည့်အဝ စုံစမ်းဖော်ထုတ်နိုင်ခဲ့တာလား..."
"ဒီစွမ်းဆောင်ရည်က နည်းနည်းတော့ မြန်လွန်းနေပြီ မဟုတ်လား..."
အပြာရောင်နတ်ဆိုးမျိုးနွယ်သည် ဤသတင်းကို နောက်ဆုံးမှ လက်ခံရရှိခဲ့သည်။
အပြာရောင်နတ်ဆိုးခေါင်းဆောင် ရှန်းရှောင်သည် လုံးလုံးလျားလျား ကြောင်အမ်းသွားခဲ့ပေ၏။
ဒါက မဖြစ်သင့်ဘူးလေ...
သဘောတရားအရ ပြောဆိုရလျှင် အနီရောင်နတ်ဆိုးခေါင်းဆောင်က လူများကို စေလွှတ်လိုက်သည့် အချိန်မှာပင် သူက အပြာရောင်နတ်ဆိုးတမန်တော်နှစ်ပါးကို သူတို့၏နောက်သို့ ချက်ချင်းလိုက်ခိုင်းခဲ့သည်။
အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါး၏ စွမ်းအားဖြင့်ပင် သူ မည်သည့်သတင်းမျှ မရရှိသေးသော်လည်း အနီရောင်နတ်ဆိုးခေါင်းဆောင်က မည်သည်ကြောင့် ယခုကဲ့သို့ လှုပ်ရှားခဲ့သနည်း...
ဤသည်က အလွန်အမင်း ယုတ္တိမရှိပေ။
အမှန်အားဖြင့် သံသယများ ရှိနေသော်လည်း ရှန်းရှောင်က ခေါ်ယူမှုကို ချက်ချင်းတုံ့ပြန်လိုက်သည်။
နေ့လည်ခင်းအချိန်တွင်...
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ခေါင်းဆောင် ခုနစ်ဦးသည် နောက်တစ်ကြိမ် ထပ်မံ၍ စုဝေးခဲ့ကြ၏။
အနီရောင်နတ်ဆိုး ခန်းမဆောင်အတွင်းတွင်...
ချီဖန်းသည် ပင်မထိုင်ခုံတွင် ထိုင်နေပြီး သူ၏ မျက်နှာထား တင်းမာခက်ထန်နေသည်။
မမြင်နိုင်သော ဖိအားတစ်ရပ်သည် သူ့ထံမှ ထွက်ပေါ်နေပြီး သူ၏မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
တခြားမျိုးနွယ်စုခြောက်ခု၏ ခေါင်းဆောင်များသည် အောက်ဘက်တွင် ရှိနေကြ၏။
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"ချီဖန်း... ဘာလို့ ငါတို့ကို ဒီအချိန်ကြီး ဆင့်ခေါ်လိုက်ရတာလဲ..."
"ဘယ်သူကများ မိုက်မဲပြီး မင်းကို ရန်စလိုက်လို့လဲ..."
"မင်းကို ဒီလောက်တောင် ဒေါသထွက်စေတာ ဘယ်သူလဲ..."
ထိုအချိန်မှာပင် အစိမ်းရောင်နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်က မေးမြန်းလိုက်သည်။
သူ၏စကားများသည် လူများအားလုံး၏ သိလိုစိတ်ကိုလည်း နှိုးဆွပေးလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူတို့၏အမြင်အရ ချီဖန်းသည် ကောက်ကျစ်ပြီး ဉာဏ်များသော လူတစ်ယောက်ပင်။
ကောက်ကျစ်သော လူတစ်ယောက်၏ စရိုက်လက္ခဏာမှာ ထိုက်တောင်ကြီး ပြိုကျလာလျှင်ပင် မတုန်လှုပ်ဘဲ သူ၏မျက်နှာပေါ်တွင် ခံစားချက် မပြသခြင်းပင်။
သူ၏မျက်နှာပေါ်တွင် ဒေါသများ ထင်ဟပ်နေသဖြင့် သူ ဆွေးနွေးရန်အတွက် လူများအားလုံးကို ခေါ်ယူလိုက်သော ကိစ္စသည် သေချာပေါက် အရေးကြီးကြောင်း သိသာထင်ရှားသည်။
ချီဖန်း၏အကြည့်က လူများအားလုံးအပေါ်သို့ ဝေ့ဝိုက်၍ ကျရောက်သွားသည်။
နောက်ဆုံးတွင် သူ၏အကြည့်သည် အပြာရောင်နတ်ဆိုးမျိုးနွယ်၏ခေါင်းဆောင် ရှန်းရှောင်အပေါ်၌ ရပ်တန့်သွားပေ၏။
သူသည် အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး နေရာမှာပင် သူ၏ဒေါသများ ပေါက်ကွဲမသွားခဲ့ပေ။
ထိုအစား သူက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
"ဒီနေ့ ငါ မင်းတို့အားလုံးကို ဆင့်ခေါ်လိုက်တာက တခြားအကြောင်းကြောင့် မဟုတ်ဘူး... မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူက မျိုးနွယ်စုခုနစ်ခုထဲမှာ သစ္စာဖောက်တစ်ယောက် ရှိနေတာကို ငါ ရှာဖွေတွေ့ရှိလိုက်လို့ပဲ..."
"အားလုံးပဲ... သစ္စာဖောက်တစ်ယောက်ကို ငါတို့ ဘယ်လို ကိုင်တွယ်သင့်တယ်လို့ ထင်ကြလဲ..."
ဤသတင်းသည် မိုးကြိုးပစ်ချလိုက်သည့်အလား ချက်ချင်းဆိုသလိုပင် လူအုပ်ကြီးကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
"သစ္စာဖောက်" ဟူသည့် စကားလုံးသည် လမ်းမှန်ဂိုဏ်းများ၌ဖြစ်စေ နတ်ဆိုးဂိုဏ်းများ၌ ဖြစ်စေ အလွန်အမင်း စက်ဆုပ်ရွံရှာဖွယ် ကောင်းသော အရာတစ်ခုပင်။
သို့ရာတွင် မည်သည်ကြောင့် သစ္စာဖောက်တစ်ယောက် ထွက်ပေါ်လာခဲ့သနည်း...
"ချီဖန်း... အဲ့ဒီ သစ္စာဖောက်က ဘယ်သူလဲ..."
ရှန်းရှောင်က တည်ကြည်လေးနက်သော အမူအယာဖြင့် မေးမြန်းလိုက်သည်။
ချီဖန်း၏ အကြည့်သည် သူ့အပေါ် ဖော်ရွေမှုမရှိကြောင်း သူ အမြဲတစေ ခံစားမိကာ ရှင်းပြ၍ မရသော ရန်လိုမှုတစ်ခုပင် ရှိနေသည်။
ဤအရာက သူ့ကို လုံးလုံးလျားလျား နားမလည်နိုင် ဖြစ်စေသည်။ မကြာသေးမီ အချိန်အတွင်းတွင် သူသည် ချီဖန်းကို အနည်းငယ်မျှ ရန်စခဲ့မိခြင်းမရှိချေ။
ရှန်းရှောင် စဉ်းစားရခက်နေပြီး တခြားခေါင်းဆောင်များက အဖြေအတွက် တွေးတောနေချိန်တွင်...
ချီဖန်းက မထီမဲ့မြင်လေသံဖြင့် ပြောဆိုသည်။
"ရှန်းရှောင်... သစ္စာဖောက်က ဘယ်သူလဲဆိုတာ မင်းက ငါ့ကို မေးရဲသေးတယ်လား...ဒီနေရာမှာရှိတဲ့ လူတွေအားလုံးထဲမှာ မင်းထက် ဒီကိစ္စကို ပိုပြီးရှင်းရှင်းလင်းလင်းသိတဲ့လူ ရှိမယ်လို့ ငါ မထင်ဘူး..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် ခန်းမဆောင်ကြီးတစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်သွားလေ၏။
တခြားသူများအားလုံးသည် အံ့သြမှုနှင့် သံသယများ ရောယှက်နေသော အမူအယာများဖြင့် ရှန်းရှောင်ကို ကြည့်လိုက်ကြသည်။
အပြာရောင်နတ်ဆိုးမျိုးနွယ်က သစ္စာဖောက်တာလား...
ဒါက အဓိပ္ပာယ်မရှိဘူး...
ရှန်းရှောင်၏မျက်နှာ လုံးလုံးလျားလျား မည်းမှောင်သွားခဲ့လေပြီ။
"ချီဖန်း... မင်းက ဘာကို ဆိုလိုတာလဲ...ငါ့ရဲ့ အပြာရောင်နတ်ဆိုးမျိုးနွယ်က သစ္စာဖောက်လို့ မင်း ထင်နေတာလား...ဒီနေ့ မင်း ငါ့ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက် ပေးတာ ကောင်းလိမ့်မယ်...မဟုတ်ရင် မင်း ငါ့ကို မဟုတ်မမှန် စွပ်စွဲတာနဲ့ ငါ့ရဲ့ အပြာရောင်နတ်ဆိုးမျိုးနွယ်က လူတစ်သိန်းက သဘောတူမှာ မဟုတ်ဘူး..."
ရှန်းရှောင်၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး သူ၏မျက်လုံးများမှ မီးပွားများ ထွက်လာတော့လုမတတ် ဒေါသတကြီး မေးခွန်းထုတ်လိုက်၏။
သာမန်လူများပင်လျှင် မတရား စွပ်စွဲခံရချိန်၌ တရားမျှတမှုအတွက် အော်ဟစ်၍ တောင်းဆိုတတ်ကြသည်။
မျိုးနွယ်စုတစ်ခု၏ ခေါင်းဆောင်အနေဖြင့် သမင်ကို မြင်းဟု ခေါ်ဝေါ်နေသော ချီဖန်းသည် ယနေ့၌ သူ့ကို ရှင်းပြချက် မပေးပါက ဤကိစ္စကို သူ လွယ်လွယ်နှင့် အဆုံးသတ်ပေးမည် မဟုတ်ပေ။
ခန်းမအတွင်း၌ ချက်ချင်းဆိုသလိုပင် ရန်လိုသောအငွေ့အသက်များဖြင့် ထူထပ်သိပ်သည်းစွာ ပြည့်နှက်သွားပေ၏။
တခြားမျိုးနွယ်စုခေါင်းဆောင်များအားလုံးကလည်း ဝင်ရောက်ပြောဆိုကြသည်။
"ချီဖန်း... ဒီကိစ္စမှာ နားလည်မှုလွဲတာ တစ်ခုခုများ ရှိနေတာလား..."
"အပြာရောင်နတ်ဆိုးမျိုးနွယ်ကလည်း မျိုးနွယ်စုခုနစ်ခုထဲမှာ ထူးခြားတဲ့ တည်ရှိမှုတစ်ခုလေ..."
"သူတို့က ဘယ်လိုလုပ်ပြီးတော့ သစ္စာဖောက်တွေ ဖြစ်နိုင်မှာလဲ..."
"ဟုတ်တယ်...တကယ်လို့ နားလည်မှုလွဲတာ ရှိနေရင်လည်း ငါတို့ ဆွေးနွေးလို့ ရပါတယ်... ငါတို့ အတူတူ လက်တွဲလုပ်လာတာ နှစ်တွေအများကြီး ကြာခဲ့ပြီ... ဒီကိစ္စကို ပုံကြီးချဲ့ဖို့ မလိုပါဘူး..."
လူအများက ရှန်းရှောင်သည် သစ္စာဖောက် မဖြစ်နိုင်ကြောင်း ခံစားနေကြရသည်မှာ သိသာထင်ရှားလှ၏။
သူတို့အားလုံး သူ့ဘက်မှ ကာကွယ်ပြောဆိုပေးနေကြသည်။
သူတို့ထံတွင် ပြဿနာကြီးများကို လျှော့ပါးစေပြီး ပြဿနာသေးများကို ဖြေရှင်းလိုသော သဘောထားများ ရှိနေကြသည်။
ချီဖန်းသည် ခန်းမဆောင်၏ပင်မပလ္လင်ပေါ်တွင် ထိုင်နေပြီး သူ၏မျက်လုံးများက စူးရှတောက်ပနေသည်။
"အားလုံးပဲ... သူက သစ္စာဖောက်လို့ ငါ ပြောမှတော့ သက်သေပြစရာ အထောက်အထား ငါ့မှာ ရှိတာပေါ့...သက်သေအထောက်အထားကို မင်းတို့ မြင်ပြီးရင် အမှားနဲ့အမှန် ရှင်းလင်းသွားလိမ့်မယ်..."
သူသည် ထိုစကားများကို ပြောဆိုရင်း အပြာရောင်နတ်ဆိုး ခေါင်းဆောင်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။
"ရှန်းရှောင်... ငါ မင်းကို နောက်တစ်ကြိမ် ထပ်မေးမယ်... မင်းရဲ့ အပြာရောင်နတ်ဆိုးမျိုးနွယ်က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူအပေါ် သစ္စာဖောက်မယ့် ကိစ္စတစ်ခုခုကို လုပ်ခဲ့ဖူးသလား...တကယ်လို့ မင်း ဝန်ခံမယ်ဆိုရင် ငါ့ဘက်က သက်ညှာမှု ရှိလိမ့်မယ်...ငြင်းဆန်မယ်ဆိုရင်တော့ ကိစ္စတွေက ပိုပြီးပြင်းထန်သွားလိမ့်မယ်... ငါ မင်းကို ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေး ပေးချင်တယ်..."
"တကယ်လို့ မင်း ဝန်မခံဘူးဆိုရင်... ငါက သက်သေအထောက်အထားကို ထုတ်ပြလိုက်တာနဲ့ ဒီကိစ္စက လွယ်လွယ်ကူကူ ပြီးဆုံးသွားမှာ မဟုတ်ဘူး..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် ရှန်းရှောင်၏မျက်လုံးများ ချက်ချင်းနီမြန်းသွားပေ၏။
"ချီဖန်း... ခွေးအိုကြီး... မင်းက ငါ့ရဲ့ အပြာရောင်နတ်ဆိုးမျိုးနွယ် သစ္စာဖောက်တယ်လို့ အကြိမ်ကြိမ်ပြောနေတယ်....ဒါဆိုရင် သက်သေအထောက်အထားကို မင်း ထုတ်ပြလိုက်လေ..."
"ငါ့ရဲ့ အပြာရောင်နတ်ဆိုးမျိုးနွယ်က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူအတွက် ပေးဆပ်ခဲ့ပြီးတော့ ထူးခြားတဲ့ အကျိုးဆောင်မှုတွေကို လုပ်ဆောင်ခဲ့တာ..."
"မင်းရဲ့ စကားတစ်ခွန်းတည်းနဲ့ ငါတို့အပြာရောင်နတ်ဆိုးမျိုးနွယ်ရဲ့ အောင်မြင်မှုတွေကို ဖျက်ဆီးပစ်ပြီးတော့ အမှားနဲ့အမှန်ကို လိမ်ညာလို့ ရမယ်လို့ မင်း ထင်နေတာလား..."
"မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူက မင်းရဲ့ အနီရောင်နတ်ဆိုးမျိုးနွယ် ကြီးစိုးတဲ့ အဆင့်ထိ မရောက်သေးပါဘူး..."
"ခေါင်းမာလိုက်တဲ့ကောင်..."
ချီဖန်းက အော်ဟစ်လိုက်သည်။
"မင်းက သက်သေအထောက်အထား လိုချင်တာလား... အခုပဲ ငါ မင်းကို သက်သေအထောက်အထား ပြပေးမယ်..."
သူသည် ထိုစကားကို ပြောဆိုရင်း သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
ပုံရိပ်ယောင် မိခင်ကျောက်တုံးသည် သူ၏အင်္ကျီလက်ထဲမှ တိုက်ရိုက်ပျံ့လွင့်လာသည်။
ထိုအရာသည် ခန်းမဆောင်၏ လေထုအတွင်းတွင် ရပ်တန့်သွားပြီးနောက် ချီယာတို့အဖွဲ့ အသတ်ခံရသော ပုံရိပ်ယောင်မြင်ကွင်းကို စတင်၍ ပြသလိုက်သည်။
ပုံရိပ်ယောင်မြင်ကွင်းထဲတွင် စာခြောက်ရုပ်သည် လူများအားလုံးကို သတ်ဖြတ်နေပေ၏။
မည်သူမျှ သူ့အတွက် ပြိုင်ဘက် မဖြစ်ခဲ့ချေ။
ကြောက်မက်ဖွယ်ရာ စွမ်းအားများ တလိမ့်လိမ့်ထနေသော်လည်း ပြသနေသော မြင်ကွင်းထဲတွင် သူ၏မျက်နှာအစစ်အမှန်ကို မမြင်တွေ့ရပေ။
သူ၏ဝတ်စားဆင်ယင်မှုကိုသာ မြင်ရပြီး ဤသည်က အပြာရောင်နတ်ဆိုးမျိုးနွယ်၏ သီးသန့် ဝတ်ရုံ ဖြစ်နေသည်။
"ရှန်းရှောင်... ခွေးအိုကြီး... ငါ့ရဲ့ အနီရောင်နတ်ဆိုးမျိုးနွယ်က သတင်းအချက်အလက် စုဆောင်းဖို့ လူလွှတ်လိုက်ပေမယ့်.... မင်းရဲ့ အပြာရောင်နတ်ဆိုးမျိုးနွယ်က လူတွေက ငါ့ရဲ့ အနီရောင်နတ်ဆိုးမျိုးနွယ်က လူတွေကို တိုက်ခိုက်ခဲ့တယ်... ဒါက ဘာသဘောလဲ..."
သက်သေအထောက်အထားကို ပြသပြီးသည်နှင့် ချီဖန်းသည် ပြင်းပြင်းထန်ထန် ဖိအားပေး၍ မေးမြန်းလိုက်၏။
"ခိုင်မာတဲ့ သက်သေအထောက်အထားက မင်းရဲ့ရှေ့မှာ ရှိနေပြီ....မင်းမှာ ဘာပြောစရာ ရှိသေးလဲ..."
ပုံရိပ်ယောင်မြင်ကွင်း ပြီးဆုံးသွားချိန်၌...
တခြားမျိုးနွယ်စုခေါင်းဆောင်များ၏ မျက်လုံးအကြည့်များသည် ပုံမှန်မဟုတ်တော့ချေ။
မူလက အပြာရောင်နတ်ဆိုးမျိုးနွယ်သည် သစ္စာဖောက် မဖြစ်နိုင်ဟု သူတို့ တွေးထင်ခဲ့ကြသည်။
သို့သော် ယခု၌မူ ဤအရာကို ခိုင်မာသော သက်သေအထောက်အထားဟု ခေါ်ဆိုနိုင်ပေ၏။
ပိုင်လင်း၏စွမ်းအားသည် ယခုချိန်တွင် အားနည်းသော်လည်း သူမကို မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ တစ်ဂူလုံးအတွက် ပုန်းကွယ်နေသော အဓိကအန္တရာယ်ကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
အကယ်၍ သူမကို စောစီးစွာ ဖယ်ရှားခြင်းမပြုပါက ဤနေရာရှိ လူများအားလုံးသည် တစ်နေ့တွင် သုတ်သင်ဖယ်ရှားခြင်း ခံရမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
အနီရောင်နတ်ဆိုးမျိုးနွယ်က ပိုင်လင်း၏နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော ထိပ်သီးကျင့်ကြံသူကို စုံစမ်းရန် လူများစေလွှတ်လိုက်သည်။
ဒါပေမဲ့ မင်းရဲ့ အပြာရောင်နတ်ဆိုးမျိုးနွယ်က သူတို့အားလုံးကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်... ဒါက ဘာသဘောလဲ...
ဒါက သစ္စာဖောက်တာ မဟုတ်ဘူးလား...
အချိန်တခဏအတွင်းတွင် တခြားမျိုးနွယ်စု ခေါင်းဆောင်များ၏မျက်နှာထားများသည် ရှန်းရှောင်အပေါ် မကျေမနပ် ဖြစ်လာကြသည်။
"ရှန်းရှောင်... ငါတို့က ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခု လိုတယ်..."
"ဒီနေ့ မင်းက ငါတို့ကို စိတ်ကျေနပ်လောက်တဲ့ အဖြေတစ်ခု မပေးနိုင်ဘူးဆိုရင် မင်း ဒီအနီရောင်နတ်ဆိုး ခန်းမဆောင်ထဲကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး..."
မျိုးနွယ်စုခေါင်းဆောင်တချို့က သူ့ကို စတင်၍ ဖိအားပေးလာကြသည်။
ဤအခြေအနေတွင် ရှန်းရှောင်သည် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားပေ၏။
သို့ရာတွင် သူသည် မုန်တိုင်းကြီးများကို ကြုံတွေ့ခဲ့ဖူးသူတစ်ယောက်ပင်။
သူ လျင်မြန်စွာ တည်ငြိမ်သွားသည်။
သူ အမှန်တကယ်ကို ထိုသို့ မလုပ်ခဲ့ချေ။
သူ မည်သည့်အရာကို အဖြေပေးရမည်နည်း....
ဤှသည်မှာ တစ်စုံတစ်ယောက်က သူ့ကို လုပ်ကြံခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
သို့သော် သူက ကျယ်လောင်စွာ အော်ဟစ်၍ ပြောဆိုလိုက်သည်။
"လူတစ်ယောက်ကို ပြစ်ဒဏ်ချဖို့အတွက် အကြောင်းပြချက်တစ်ခုခုကို အမြဲတမ်း လုပ်ကြံဖန်တီးလို့ရတယ်..."
"ပုံရိပ်ယောင်မြင်ကွင်းထဲက လူက ငါတို့အပြာရောင်နတ်ဆိုးမျိုးနွယ်ရဲ့ ဝတ်ရုံကို ဝတ်ထားပေမယ့်..."
"မင်းတို့က သူ့ရဲ့ မျက်နှာအစစ်အမှန်ကို မမြင်ရဘူးလေ..."
"ဒါက ငါ့ရဲ့ အပြာရောင်နတ်ဆိုးမျိုးနွယ်ကို အကွက်ဆင်ဖို့ တခြားလူက ဟန်ဆောင်ထားတာ မဟုတ်ဘူးလို့ မင်းတို့ ဘယ်လိုလုပ်ပြီး ကောက်ချက်ချနိုင်မှာလဲ..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် မျိုးနွယ်စုခေါင်းဆောင်များ၏ မြင့်တက်လာသော ဒေါသများ အလိုအလျောက် ငြိမ်သက်သွားကြသည်။
ဤစကားများသည် အဓိပ္ပာယ်ရှိပုံရပေ၏။
"ဟမ့်... ဒီအဆင့်ကို ရောက်တာတောင် မင်းက စကားနိုင်လုချင်သေးတယ်ပေါ့..."
ချီဖန်းက အေးစက်စက် နှာမှုတ်လိုက်သည်။
ဤသို့ဖြစ်လာသည်မှာ သူ၏မျှော်လင့်ချက် အတွင်း၌ ရှိနှင့်ပြီးသားဖြစ်သည်။
သို့သော် သူသည် မျိုးနွယ်စုခေါင်းဆောင် ခုနစ်ဦးကို စုဝေးစေခဲ့သည်ဖြစ်ရာ ပြင်ဆင်မှုများကို အပြည့်အဝ ပြုလုပ်ထားပြီး ဖြစ်ပေ၏။
ယနေ့တွင် သူသည် အပြာရောင်နတ်ဆိုးမျိုးနွယ်ကို အမြစ်ပြတ်သုတ်သင်ပြီး သစ္စာဖောက်များအဖြစ် ပြစ်တင်ကဲ့ရဲ့ခံရသည့် အမှတ်အသားကို မြဲမြံစွာ ရိုက်နှိပ်ထားပေမည်။
ပုံရိပ်ယောင်ကျောက်တုံးဖြင့် မှတ်တမ်းတင်ထားသော မြင်ကွင်းကို ပြသခြင်းသည် ပထမအဆင့်မျှသာ ရှိသေးသည်။
သူ၏ ဒုတိယသတ်ဖြတ်ကွက်ကမူ ကျန်ရှိနေဆဲပင်။