ဖဲချပ်တွေ အကုန်ခင်းပြလိုက်မယ်... ဆက်ပြီးဟန်မဆောင်နိုင်တော့ဘူး
Vol. 24 Ch. 236
ခန်းမဆောင်ကြီးအတွင်းရှိ အခြေအနေသည် လေးလံထိုင်းမှိုင်းနေပေ၏။
ချီဖန်းက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
"ချီယာရဲ့စွမ်းအားက မနိမ့်ပါးဘူး... ပြီးတော့ ငါ့ရဲ့ အနီရောင်နတ်ဆိုးမျိုးနွယ်က အစောင့်အရှောက် ခုနစ်ဦးနဲ့ဆိုရင် မြောက်ပိုင်းဒေသတစ်ခုလုံးမှာ သူတို့ကို သတ်နိုင်တဲ့သူ သိပ်မရှိဘူး..."
"ပြီးတော့ မင်းတို့ အပြာရောင်နတ်ဆိုးမျိုးနွယ်မှာ ဒီအင်အားမျိုး ရှိနေတာက တိုက်ဆိုင်လွန်းနေတယ်..."
ရှန်းရှောင်က ပြန်လည်၍ ချေပလိုက်သည်။
"အဲ့ဒါက ဘာကို သက်သေပြနိုင်လို့လဲ...မြောက်ပိုင်းဒေသမှာ သူတို့ကို သတ်နိုင်တဲ့လူ သိပ်မရှိတာတော့ အမှန်ပဲ..."
"ဒါပေမဲ့ ငါ့ရဲ့ အပြာရောင်နတ်ဆိုးမျိုးနွယ် အပြင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူရဲ့ မျိုးနွယ်စု ငါးခုထဲက ဘယ်သူ့မှာ ဒီအင်အားမျိုး မရှိလို့လဲ..."
"မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူအပြင် မြောက်ပိုင်းဒေသရဲ့ တခြားသာလွန်ထူးကဲတဲ့ ထိပ်သီးအင်အားစုကြီးသုံးခု ဖြစ်တဲ့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း ဖူဝမ်နန်းတော် ထျန်းရှင်းတောင်တို့ထဲက ဘယ်သူက သူတို့ကို အလွယ်တကူ မနှိမ်နင်းနိုင်လို့လဲ..."
"တကယ်လို့ မင်းက ဒီအချက်တစ်ခုတည်းကို အခြေခံပြီးတော့ အဲ့ဒီလူက ငါတို့အပြာရောင်နတ်ဆိုးမျိုးနွယ်ကလို့ ကောက်ချက်ချမယ်ဆိုရင် အဲ့ဒါက အရမ်းကလေးဆန်လွန်းပြီး ရယ်စရာကောင်းလွန်းမနေဘူးလား..."
ရှန်းရှောင် ရုန်းကန်နေဆဲ ဖြစ်သည်ကို မြင်တွေ့ချိန်၌...
ချီဖန်းက သူ့ကို စူးစိုက်၍ ကြည့်လိုက်၏။
"မင်းက အခေါင်းကို မမြင်ရမချင်း မျက်ရည်ကျမှာ မဟုတ်ဘူးပဲ..."
"တကယ်လို့ အဲ့ဒီအချက် တစ်ချက်တည်းကြောင့်သာဆိုရင် သူက မင်းရဲ့ အပြာရောင်နတ်ဆိုးမျိုးနွယ်က ဆိုတာကို ငါ သက်သေပြနိုင်မှာ မဟုတ်ဘူး..."
"ဒါပေမဲ့ သူတို့ ထွက်ခွာသွားပြီး မကြာခင်မှာပဲ ချက်ချင်းချုံခိုတိုက်ခိုက်ခံရပြီးတော့ အသတ်ခံလိုက်ရတယ်..."
"တိုက်တိုက်ဆိုင်ဆိုင်စွာနဲ့ ချီယာတို့အဖွဲ့ ထွက်ခွာသွားတဲ့အချိန်မှာ မင်းတို့မျိုးနွယ်က အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးလည်း ထွက်ခွာသွားကြတယ်..."
"ဒီအချက်ကို မင်း ဘယ်လို ရှင်းပြမလဲ..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် လူများအားလုံး ဆူညံပွက်လောရိုက်သွားကြ၏။
အပြာရောင်နတ်ဆိုးမျိုးနွယ် တစ်ခုတည်းကသာ ချီယာတို့အဖွဲ့ကို သတ်ဖြတ်နိုင်သည် မဟုတ်ချေ။
သို့သော် ချီယာတို့အဖွဲ့၏တာဝန်ကို သူတို့လူတစ်စုသာ သိထားကြသည်။
သူတို့သည် ထွက်ခွာသွားသည်နှင့် ချက်ချင်းချုံခိုတိုက်ခိုက်ခြင်း ခံလိုက်ရသည်။ အကယ်၍ သစ္စာဖောက်သာ မရှိလျှင် ထိုကိစ္စကို မည်သို့ ရှင်းပြနိုင်မည်နည်း။
ထို့ပြင် ဤအချိန်အခိုက်အတန့်တွင် တိုက်ဆိုင်စွာဖြင့် အပြာရောင်နတ်ဆိုးမျိုးနွယ်မှ ထိပ်သီးကျင့်ကြံသူနှစ်ဦးကလည်း ပြင်ပသို့ ထွက်ခွာသွားကြသည်။
ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ချီယာတို့အဖွဲ့ကို ချုံခိုတိုက်ခိုက်သူများသည်လည်း အပြာရောင်နတ်ဆိုးမျိုးနွယ်၏ဝတ်ရုံများကို ဝတ်ဆင်ထားကြ၏။
ဤသဲလွန်စ တစ်ခုချင်းစီတိုင်းသည် တရားခံမှာ အပြာရောင်နတ်ဆိုးမျိုးနွယ်မှဖြစ်ကြောင်း ညွှန်ပြနေသည်။
"ရှန်းရှောင်... မင်းမှာ အခု ဘာပြောစရာ ရှိသေးလဲ..."
အစိမ်းရောင်နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်က နတ်ဆိုးချီများကို ထုတ်လွှတ်ရင်း ပြောဆိုလိုက်သည်။
"သက်သေအထောက်အထား ခိုင်လုံနေပြီလို့ ငါ ယူဆတယ်... ဘာလို့ သူနဲ့ စကားတွေ အများကြီး ပြောပြီး အချိန်ဖြုန်းနေမှာလဲ..."
"သစ္စာဖောက်တွေက သေသင့်တယ်..."
"အပြာရောင်နတ်ဆိုးမျိုးနွယ်ကို မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကနေ ဖယ်ရှားပစ်သင့်တယ်..."
...
မျိုးနွယ်စုခေါင်းဆောင်များ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး ဒေါသမီးတောက်များ တလိမ့်လိမ့်ထနေကြ၏။
သူတို့ ထိုကဲ့သို့ ဖြစ်နေခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။
ပိုင်လင်းသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ရန်သူတော်ကြီးပင်။
မျိုးနွယ်စုတိုင်းသည် ပိုင်လင်းကို လိုက်လံဖမ်းဆီးရန် လူများစေလွှတ်ရာတွင် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ကြသည်။
သို့သော် သူတို့ စေလွှတ်လိုက်သော လူများသည် မည်သည့်အချိန်မျှ ပြန်မလာခဲ့ကြချေ။
ယခင်က ပိုင်လင်း၏နောက်ကွယ်မှ ထိပ်သီးကျင့်ကြံသူသည် မည်သူမည်ဝါဖြစ်မည်ကို သူတို့အားလုံး ခန့်မှန်းနေခဲ့ကြသည်။
ယခုချိန်၌ အပြာရောင်နတ်ဆိုးမျိုးနွယ် ထွက်ပေါ်လာပြီ ဖြစ်ရာ ဤမျိုးနွယ်စုသည် ပိုင်လင်းကို ဤအချိန်တလျှောက်လုံး ခိုလှုံခွင့် ပေးထားကြောင်း အတည်ပြုလိုက်သည့်အလားပင်။
ပိုင်လင်းနှင့် တစ်ဖက်တည်းရှိနေသော မည်သူမဆို သေသင့်သည်။
ဤသည်မှာ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ မျိုးနွယ်စုအသီးသီးမှ ထားရှိသော သဘောတူညီချက်ပင်။
မကျေမနပ်ဖြစ်နေသော ခေါင်းဆောင်ခြောက်ဦးကို ရင်ဆိုင်ရချိန်တွင် ရှန်းရှောင်သည် ဤတစ်ကြိမ်၌ အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ဤသက်သေအထောက်အထားသည် ခိုင်မာရုံသာမက...
မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ကာကွယ်နိုင်မည်မဟုတ်ဘဲ သိသာထင်ရှားနေသည်ဟု ပြောဆိုနိုင်ပေ၏။
ဤအချိန်တွင် သူပင်လျှင် သံသယဝင်လာမိသည်။
အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးသည် ချီယာတို့အဖွဲ့ကို အမှန်တကယ် သတ်ဖြတ်ခဲ့သလော...
ထိုသို့မဟုတ်ပါက သူ၏ရှေ့တွင် ချထားသော ဤသက်သေအထောက်အထားများနှင့် အချက်အလက်များသည် ငြင်းဆို၍ မရနိုင်သည်အထိ သိသာထင်ရှားနေမည် မဟုတ်ချေ။
မကြာမီမှာပင် သူ၏မျက်နှာထားသည် အေးစက်တောင့်တင်းသွားပေ၏။
အကယ်၍ ဤကိစ္စသည် အမှန်တကယ်ကို အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါး၏ လက်ချက်ဖြစ်ပါက သူတို့သည် ပိုင်လင်းကို ဖမ်းမိပြီးပြီဟု ဆိုလိုခြင်း မဟုတ်လော....
အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးသည် အကျိုးဆက်များကို မစဉ်းစားဘဲ လုပ်ဆောင်တတ်သူများ မဟုတ်ပေ။
အကယ်၍ သူတို့သာ အမှန်တကယ် လှုပ်ရှားခဲ့လျှင် ပိုင်လင်းကို လုယူသည့် တိုက်ပွဲတွင် သတ်ဖြတ်ခြင်းသာ ဖြစ်နိုင်သည်။
ဆိုလိုသည်မှာ ဤအချိန်တွင် သူတို့သည် ပိုင်လင်းကို ဖမ်းမိပြီး ပြန်လာနေခြင်း ဖြစ်ပေမည်။
ဤသို့ တွေးတောမိပြီးနောက် ရှန်းရှောင်သည် စိတ်သက်သာရာရသွားသော ခံစားချက်ဖြင့် လူများအားလုံးကို ကြည့်လိုက်၏။
သူ ဖုံးကွယ်ထား၍ မရတော့သဖြင့် ဝန်ခံလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ပိုင်လင်းကို ဖမ်းဆီးပြီးပြီဖြစ်သဖြင့် သူ့ထံ၌လည်း ယုံကြည်ချက် ရှိနေခဲ့သည်။
ထို့ကြောင့် သူသည် ခေါင်းမော့ရင်ကော့ပြီး ရဲရဲတင်းတင်း ပြောဆိုလိုက်သည်။
"တကယ်လို့ ငါတို့ အပြာရောင်နတ်ဆိုးမျိုးနွယ်က လှုပ်ရှားခဲ့တာ ဆိုရင်ရော ဘာဖြစ်လဲ..."
လက်ရှိအခြေအနေသည် ကောင်းမွန်စွာ ပြီးဆုံးသွားနိုင်မည် မဟုတ်ကြောင်း သိသာထင်ရှားပေ၏။
သူသည် မျက်နှာဖုံးကို ခွာချပြီးပြီဖြစ်သောကြောင့် ဆက်လက်၍ ဟန်ဆောင်နေတော့မည် မဟုတ်ပေ။
သူ၏ ဖဲချပ်များကို အကုန်အစင် ခင်းပြလိုက်ပေမည်။
သူသည် သူ၏ကိုယ်ပိုင်အင်အားကို အသုံးပြုပြီး မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ တစ်ဂူလုံးကို ဖိနှိပ်ကာ အထွတ်အထိပ် အုပ်စိုးသူအရှင် ဖြစ်လာလိုသည်။
အမှန်အားဖြင့် အပြာရောင်နတ်ဆိုးမျိုးနွယ်၏ လက်ရှိအင်အားနှင့်ဆိုလျှင် တခြားမျိုးနွယ်စုများကို ယှဉ်ပြိုင်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
သို့သော် အပြာရောင်နတ်ဆိုးမျိုးနွယ်၏ လက်ယာအစောင့်အရှောက်ဝင်္ကပါဖြစ်သော ဟူရှန်ဝင်္ကပါကို အသက်သွင်းလိုက်သမျှ ကာလပတ်လုံး တခြားမျိုးနွယ်စုများ၏ နည်းလမ်းများ မည်မျှထိ အစွမ်းထက်နေပါစေ သူ့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
ပိုင်လင်းဆီမှ သွေးမျိုးဆက်ကို သူ သန့်စင်ပြီးသည်နှင့် သူ့ကို အချိန်အနည်းငယ် ပေးပါက.....
အနာဂတ်တွင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတစ်ဂူလုံးသည် အသံတစ်သံတည်းကိုသာ ကြားရစေလိုပြီး ထိုအသံမှာ အပြာရောင်နတ်ဆိုး ခေါင်းဆောင်ဖြစ်သော သူ၏အမိန့်သာ ဖြစ်ရပေမည်။
အပြာရောင်နတ်ဆိုးခေါင်းဆောင် ရှန်းရှောင်က ဝန်ခံလိုက်သည်နှင့်...
ချီဖန်းက အေးစက်စက် နှာမှုတ်လိုက်သည်။
"မင်းက အဆုံးထိ ခေါင်းမာနေမယ်လို့ ငါ ထင်ခဲ့တာ...မမျှော်လင့်ဘဲ မင်းမှာ မာနရှိနေသားပဲ..."
"ငါ မင်းကို အခွင့်အရေး မပေးခဲ့ဘူးလို့ မင်း မပြောနဲ့...ငါတို့အားလုံးက မျိုးနွယ်တစ်စုတည်းက လာတာကို ထောက်ထားပြီးတော့ မင်းကို ဂုဏ်သိက္ခာရှိတဲ့ သေဆုံးနည်းတစ်ခု ရွေးချယ်ခွင့် ပေးမယ်..."
"ဟားဟားဟား..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် ရှန်းရှောင်က အဆက်မပြတ် အော်ဟစ်ရယ်မောလိုက်လေသည်။
"မင်းက ငါ့ကို တကယ်ပဲ ချောင်ပိတ်မိအောင် လုပ်နိုင်ပြီလို့ ထင်နေတာလား..."
သူက လက်ရှိနေရာတွင် ရှိနေသူများအားလုံးကို ဝေ့ဝိုက်၍ ကြည့်လိုက်၏။
ထို့နောက် သူက မထီမဲ့မြင် ပြုလိုက်သည်။
"နုံအလိုက်တာ..."
ဤစကားများက မျိုးနွယ်စုခေါင်းဆောင်များကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။
သူ ရူးသွားပြီလား...
သူက ဘယ်လိုသတ္တိမျိုးနဲ့ လုပ်ရဲတာလဲ...
သူက မျိုးနွယ်စုခြောက်စုရဲ့ အင်အားကို အပြာရောင်နတ်ဆိုးမျိုးနွယ်တစ်စုတည်းရဲ့ အင်အားနဲ့ တွန်းလှန်ဖို့ ရည်ရွယ်ထားတာလား...
"ရှန်းရှောင်... မင်းက သေခါနီးနေပြီကိုတောင် မောက်မာရဲသေးတယ်ပေါ့..."
"ငါတို့မျိုးနွယ်စုခြောက်စုကို ယှဉ်ပြိုင်ဖို့ ဘယ်အရာက မင်းကို သတ္တိတွေ ပေးလိုက်တာလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."
ချီဖန်းသည် ချက်ချင်းလှုပ်ရှားလိုက်၏။
သူသည် သူ၏လက်ကို ဆန့်တန်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ပေပေါင်းများစွာ ရှည်လျားသော လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ပြောင်းလဲသွားပြီး ရှန်းရှောင်ကို တိုက်ရိုက်ဖမ်းဆုပ်လိုက်သည်။
ထိုလက်ဝါးပုံရိပ်ယောင်ကြီးသည် ကြည်လင်သော အလင်းတန်းများကို ထုတ်လွှတ်ထားပြီး လေဟာနယ်ကို အက်ကွဲစေကာ မရေမတွက်နိုင်သော ဥပဒေသစွမ်းအားများက ထိုအရာ၏ နံဘေးပတ်လည်တွင် ရစ်ပတ်နေပေ၏။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား အလင်းတန်းများ ပွင့်အံ့ထွက်လာကာ နတ်ဘုရား တောင်ကြီးတစ်လုံး ဖိနှိပ်လိုက်သည့်အလားပင်။
တခြားမျိုးနွယ်စုခေါင်းဆောင်များသည် သူ ထွက်ပြေးခြင်းကို တားဆီးရန် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ချက်ချင်းပိတ်ဆို့လိုက်ကြသည်။
ဤနေရာရှိ လူများအားလုံးထံတွင် သတ်ဖြတ်လိုစိတ်များ ရှိနေကြသည်မှာ သိသာထင်ရှားလှ၏။
ဤကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုနှင့် တခြားမျိုးနွယ်စု ခေါင်းဆောင်များ၏ ဝိုင်းရံထားမှုကို ရင်ဆိုင်ရချိန်တွင် ရှန်းရှောင်က မထီမဲ့မြင်ပြု၍ အေးစက်စက် နှာမှုတ်လိုက်သည်။
"မင်းတို့အားလုံးက ငါ့ကို တားဆီးချင်တာလား... ငါ့ကို ဟိုအရူးကောင် အဖြူရောင်နတ်ဆိုး ခေါင်းဆောင်လိုမျိုး မင်းတို့က တကယ်ကြီး ထင်နေကြတာလား..."
သူ စကားပြောဆိုနေရင်း ပစ္စည်းတစ်ခုသည် မည်သည့်အချိန်ကမှန်း မသိရဘဲ သူ၏လက်ထဲတွင် ရောက်ရှိနေသည်။
ဤသည်မှာ တည်နေရာရွေ့ပြောင်းခြင်းစာလိပ်ပင်။
သူ တည်နေရာရွေ့ပြောင်းခြင်းစာလိပ်ကို ဆုတ်ဖြဲလိုက်သည်နှင့်...
မှိန်ဖျော့ဖျော့ အစိမ်းရောင် အလင်းတန်းတစ်တန်းသည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး သူသည် မူလနေရာမှ ပျောက်ကွယ်သွားလေ၏။
ရှန်းရှောင်သည် ထွက်ခွာမသွားမီ ပြင်းထန်သော ခြိမ်းခြောက်စကားတစ်ခွန်းကို ပြောဆိုရန် မမေ့လျော့ခဲ့ပေ။
"မင်းတို့အားလုံး လည်ပင်းကို ဆေးပြီး စောင့်နေကြစမ်း...မကြာခင် အနာဂတ်မှာ ငါတို့ အပြာရောင်နတ်ဆိုးမျိုးနွယ်က တခြားအင်အားစုတွေအားလုံးကို ဖိနှိပ်ပြီးတော့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ပေါင်းစည်းမယ့်အချိန် ရောက်လာလိမ့်မယ်..."
ချီဖန်း၏လက်ဝါးပုံရိပ်ယောင်ကြီးသည် လေထုထဲတွင် ဗလာဟင်းလင်းကိုသာ ဖမ်းဆုပ်လိုက်မိပြီး သူ၏မျက်နှာ အုံ့မှိုင်းသွားခဲ့သည်။
မောက်မာလွန်းတယ်...
ဤသည်မှာ ရှန်းရှောင်သည် သူ့ကို လုံးလုံးလျားလျား လျစ်လျူရှုလိုက်ခြင်းပင်။
တခြားမျိုးနွယ်စုခေါင်းဆောင်များ၏ မျက်နှာများသည်လည်း အလွန်အမင်း အုံ့မှိုင်းနေကြသည်။
သူတို့သည် ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူ ခြောက်ဦးဖြစ်သည့်တိုင် ရှန်းရှောင်ကို ထွက်ပြေးလွတ်မြောက်ခွင့် ပေးခဲ့ရသည်။
ဤသည်မှာ သူတို့၏ပါးများကို ဗြောင်ကျကျ ဖြတ်ရိုက်လိုက်ခြင်းပင်။
ထို့ပြင် သူတို့၏ ဘယ်ဘက်ပါးကို ရိုက်ပြီး ညာဘက်ပါးကို ထပ်ရိုက်လိုက်ခြင်းပင်။
ဤအရှက်ရမှုကြောင့် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းနေကြသည်။
"အားလုံးပဲ... အပြာရောင်နတ်ဆိုးမျိုးနွယ်က ငါတို့ကို သစ္စာဖောက်သွားပြီ... သူတို့ ဆက်ရှိနေစရာ အကြောင်းမရှိတော့ဘူး..."
"မျိုးနွယ်စုခြောက်ခုရဲ့အင်အားကို ပေါင်းစည်းပြီးတော့ သူတို့ကို အမြစ်ပြတ် ချေမှုန်းပစ်ဖို့ ငါ အကြံပြုတယ်..."
"အပြာရောင်နတ်ဆိုးမျိုးနွယ်ကို မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကနေ ထာဝရ ဖယ်ရှားပစ်ကြစို့..."
အချိန်အတော်ကြာပြီးနောက် ချီဖန်းက ပြောဆိုသည်။
သူ၏အသံသည် တည်ကြည်လေးနက်နေပြီး သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တလိမ့်လိမ့်ထနေသည်။
"သတ်ကြစို့..."
ဤအဆိုပြုချက်ကို တခြားလူများအားလုံးက တညီတညွတ်တည်း အတည်ပြုလိုက်ကြသည်။
ထို့နောက် သူတို့ထံမှ သဘောတူညီစွာ ပြောဆိုလိုက်သောအသံများ ဆူညံစွာ ထွက်ပေါ်လာပေ၏။
အကယ်၍ အစောပိုင်းကဆိုလျှင် သူတို့ တွန့်ဆုတ်ကောင်း တွန့်ဆုတ်နေကြပေလိမ့်မည်။
သို့သော် ယခုအချိန်၌ သူတို့အားလုံးသည် အပြာရောင်နတ်ဆိုးမျိုးနွယ်ကို အမြန်ဆုံး ဖယ်ရှားချင်နေကြလေပြီ။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် သစ္စာဖောက်များကို သည်းမခံနိုင်ချေ။
"ဝုန်း..."
ဤနေ့၌...
မိုးခြိမ်းသံများသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏အထက်ရှိ မိုးကောင်းကင်ယံတခွင်လုံးတွင် တလိမ့်လိမ့်ထသွားပြီး အခြေအနေများ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ပေ၏။
မျိုးနွယ်စုခြောက်စုသည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို စေလွှတ်လိုက်ပြီး အပြာရောင်နတ်ဆိုးမျိုးနွယ်ကို ဝိုင်းရံထားလိုက်ကြသည်။
အချိန်တခဏအတွင်းတွင် အရပ်မျက်နှာအဘက်ဘက်တွင် ဆူညံပွက်လောရိုက်သွားပြီး မြေပြင်တပြင်လုံး တုန်ခါသွားခဲ့သည်။
ပြင်ပတွင် ရှိနေသော အပြာရောင်နတ်ဆိုးမျိုးနွယ်၏ မရေမတွက်နိုင်သော တပည့်များနှင့် ကျင့်ကြံသူများသည် အသတ်ခံလိုက်ရလေ၏။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတစ်ဂူလုံးသည် အထက်မှ အောက်ခြေထိ ဆူညံပွက်လောရိုက်နေတော့သည်။