← Chapters

ကြီးကျယ်သော အောင်မြင်မှု

Vol. 24 Ch. 237

ကြီးကျယ်သော အောင်မြင်မှု

Vol. 24 Ch. 237

"ဘာတွေ ဖြစ်နေတာလဲ..."

"ငါ အိပ်ရာက နိုးလာတဲ့အချိန်မှာ လောကကြီးက ဘာလို့ ပြောင်းလဲသွားရတာလဲ..."

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ငါတို့အပြာရောင်နတ်ဆိုးမျိုးနွယ်က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူရဲ့ မျိုးနွယ်စုခုနစ်စုထဲက တစ်စုလေ... ငါတို့အားလုံးက ဇစ်မြစ်တစ်ခုတည်းကနေ ဆင်းသက်လာကြတာပဲ... ဘာလို့ ငါတို့ အပြာရောင်နတ်ဆိုးမျိုးနွယ်ကို သတ်ဖြတ်ချင်နေကြတာလဲ..."

"ငါတို့ရဲ့ အပြာရောင်နတ်ဆိုးခေါင်းဆောင်က မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး..."

အကြီးအကဲတစ်ဦးသည် ရိုက်နှက်သတ်ဖြတ်ခြင်း ခံလိုက်ရကာ အလွန်အမင်း သွေးပျက်ဖွယ်ဖြစ်နေသော်လည်း သူ မသေဆုံးမီ ခြိမ်းခြောက်စကားပြောဆိုရန် မမေ့လျော့ခဲ့ချေ။

အပြာရောင်နတ်ဆိုးမျိုးနွယ်ဝင်များအနက် ငိုကြွေးပြီး အသက်ချမ်းသာပေးရန် တောင်းပန်နေသူများလည်း ရှိပေ၏။

သို့သော် နောက်ဆုံးတွင် သူတို့သည် သေခြင်းတရားအောက်မှ မလွတ်မြောက်နိုင်ခဲ့ကြချေ။

အချိန်တခဏအတွင်းတွင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတစ်ဂူလုံးသည် စစ်ပွဲအတွင်း နစ်မြုပ်သွားပြီး ပြင်းထန်သော သွေးညှီနံ့များဖြင့် ပြည့်နှက်နေသည်။ နေရာအနှံ့အပြား၌ အလောင်းများ တောင်ကဲ့သို့ပုံနေပြီး သွေးများ ပင်လယ်အလား စီးဆင်းနေသည်ဟု ပြောဆိုလျှင် လွန်မည် မဟုတ်ချေ။

အပြာရောင်နတ်ဆိုးမျိုးနွယ်တွင် မျိုးနွယ်ဝင် တစ်သိန်းခန့် ရှိသည်။

သို့သော် ဤလူတစ်သိန်းလုံးသည် သူတို့၏ ကိုယ်ပိုင်နယ်မြေထဲတွင် ရှိနေကြသည် မဟုတ်ချေ။

တချို့လူများသည် လေ့ကျင့်ရန် အပြင်ထွက်နေကြပြီး တချို့ကမူ တခြားမျိုးနွယ်စုများတွင် ဧည့်သည်များအဖြစ် ရောက်ရှိနေကြ၏။

မျိုးနွယ်စုအသီးသီးမှ ခေါင်းဆောင်များ အမိန့်ထုတ်ပြန်လိုက်သည်နှင့် ဤလူများသည် ချက်ချင်းဆိုသလိုပင် အမဲလိုက်ခံရမည့် ပစ်မှတ်များ ဖြစ်သွားကြတော့သည်။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ...

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတစ်ဂူလုံးမှ လူများအားလုံးသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်တစ်ခုကို သိရှိလိုက်ရသည်။

ဤသည်မှာ အပြာရောင်နတ်ဆိုးမျိုးနွယ် ပုန်ကန်သွားခြင်းပင်။

ထိုကြောင့် ကြွင်းကျန်သော မျိုးနွယ်စုခြောက်စုသည် ပူးပေါင်း၍ နှိမ်နင်းကြပေလိမ့်မည်။

ဤသတင်းသည် ပြင်ပတွင် အသက်ရှင် ကျန်ရစ်နေသေးသော အပြာရောင်နတ်ဆိုး တပည့်တချို့ကို အမှန်တကယ်ကို ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။

သူတို့၏ အပြာရောင်နတ်ဆိုးမျိုးနွယ်သည် မည်သည်ကြောင့် ပုန်ကန်နိုင်မည်နည်း...

အတိတ်တွင် အဖြူရောင်နတ်ဆိုးမျိုးနွယ်၏ ကြေကွဲဖွယ်ဇာတ်လမ်းသည် အပြာရောင်နတ်ဆိုးမျိုးနွယ်အပေါ် ပြန်လည်၍ သက်ရောက်တော့မည်လော။

ထိုသို့ပြောဆိုရလျှင် ယခင်က အဖြူရောင်နတ်ဆိုးမျိုးနွယ်သည်လည်း အခြေအမြစ်မရှိသော စွပ်စွဲချက်ကြောင့် တခြားမျိုးနွယ်စုခုနစ်စု၏ ဝိုင်းဝန်းတိုက်ခိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ကံတရား၏စက်ဝန်းသည် ဤမျှထိ လျှင်မြန်စွာ လည်ပတ်လာလိမ့်မည်ဟု သူတို့ မည်သည့်အချိန်ကမျှ မျှော်လင့်မထားခဲ့ကြပေ။

နှစ်အနည်းငယ်အတွင်းမှာပင် သူတို့ အပြာရောင်နတ်ဆိုးမျိုးနွယ်၏အလှည့်သို့ ရောက်ရှိလာခဲ့လေပြီ။

အပြာရောင်နတ်ဆိုးမျိုးနွယ်ဝင်တပည့်များသည် သူတို့၏မျိုးနွယ်စု ပစ်မှတ်ထားခံနေရကြောင်းကိုသာ တွေးတောမိကြသည်။

ဤကိစ္စရပ်၏ အမှန်တရားကိုမူ သူတို့ လုံးလုံးလျားလျား မသိရှိကြချေ။

ယခုအချိန်တွင် အမှန်တရားသည် အရေးမကြီးတော့သကဲ့သို့ ဖြစ်နေပေ၏။

အပြာရောင်နတ်ဆိုးမျိုးနွယ်၏ နယ်မြေအစွန်အဖျားမှ တပည့်များသည် သေကြေပျက်စီးခြင်း ထိခိုက်ဒဏ်ရာရခြင်းတို့ကို ရင်ဆိုင်ကြရသည်။ တချို့တပည့်များကမူ ထွက်ပြေးသွားကြသည်။

တိုတောင်းသော နေ့ဝက်တာ အချိန်အတွင်း၌ လူပေါင်း တစ်သောင်းကျော်သည် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်။

ဤအချိန်တွင် အပြာရောင်နတ်ဆိုးမျိုးနွယ်၏ နယ်မြေတစ်ခုလုံး ဆူညံပွက်လောရိုက်နေပေ၏။

အပြာရောင်နတ်ဆိုးခေါင်းဆောင် ရှန်းရှောင်သည် သူ၏နယ်မြေသို့ ပြန်ရောက်လာပြီးနောက် လက်ယာအစောင့်အရှောက် ဟူရှန်ဝင်္ကပါကို အသက်သွင်းရန် ချက်ချင်းအမိန့်ပေးလိုက်သည်။

"ခေါင်းဆောင်... တကယ်တမ်းကျ ဘာတွေ ဖြစ်နေတာလဲ..."

"ဘာလို့ တခြား မျိုးနွယ်စုခြောက်ခုက ငါတို့ရဲ့ အပြာရောင်နတ်ဆိုးမျိုးနွယ်ကို တိုက်ခိုက်ချင်နေကြတာလဲ..."

အကြီးအကဲတစ်ဦးသည် စဉ်းစားရခက်နေသဖြင့် နာကျင်ကြေကွဲစွာ မေးမြန်းလိုက်သည်။

ဝင်္ကပါ၏အပြင်ဘက်တွင် မျိုးနွယ်စုခြောက်စုမှ ခေါင်းဆောင်များအားလုံး ထွက်ပေါ်လာကြပြီး မိုးကောင်းကင်ယံတွင် မျိုးနွယ်စုခြောက်စုမှ အဆင့်မြင့်ကျင့်ကြံသူများနှင့် ပြည့်နှက်နေတော့သည်။

ဤသည်မှာ အပြာရောင်နတ်ဆိုးမျိုးနွယ် အမြစ်ပြတ် သုတ်သင်မှု မခံရမချင်း ရပ်တန့်မည့် အနေအထား မဟုတ်သည်မှာ သိသာထင်ရှားလှ၏။

ဤအချိန်တွင် အပြာရောင်နတ်ဆိုးမျိုးနွယ် နယ်မြေရှိ လူများအားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။

ရှန်းရှောင်သည် သူ၏နံဘေးပတ်လည်တွင် စုဝေးနေသော အဆင့်မြင့်ဂိုဏ်းဝင်များကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"မင်းတို့က ဘာတွေကို ထိတ်လန့်နေကြတာလဲ...မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှာ ငါတို့ အပြာရောင်နတ်ဆိုးမျိုးနွယ်ကလွဲရင် ကျန်တဲ့ မျိုးနွယ်စုခြောက်စုက လူပြက်တစ်သိုက်ပဲ..."

"မင်းတို့ စိတ်ပူစရာ မလိုပါဘူး... ငါတို့ ရက်နည်းနည်းလောက် တောင့်ခံထားသမျှ ကာလပတ်လုံး သူတို့အားလုံးကို ငါ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်..."

ဤစကားများသည် အပြာရောင်နတ်ဆိုးမျိုးနွယ်၏ အဆင့်မြင့်ဂိုဏ်းဝင်များကို တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိသွားစေသည်။

သူတို့၏ခေါင်းဆောင်က မည်သည်ကြောင့် ဤကဲ့သို့စကားမျိုးကို ပြောရဲသနည်း...

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ မျိုးနွယ်စုခုနစ်စုသည် နှစ်ပေါင်းများစွာကြာအောင် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ခဲ့သည့် အကြောင်းအရင်းမှာ...

သူတို့၏အင်အားများသည် မတိမ်းမယိမ်း ဖြစ်နေသောကြောင့်ပင်။

အတိတ်တွင် အဖြူရောင်နတ်ဆိုးမျိုးနွယ်သည် အားမနည်းခဲ့ပေ။

သို့ရာတွင် ရလဒ်သည် မည်သို့ဖြစ်လာခဲ့သနည်း...

မျိုးနွယ်စုခုနစ်စု၏ ပူးပေါင်းကြိုးပမ်းမှုအောက်တွင် အဖြူရောင်နတ်ဆိုးမျိုးနွယ်သည် ရက်အနည်းငယ်အတွင်းတွင် သုတ်သင်ခံလိုက်ရပြီး သမိုင်းမြစ်ထဲတွင်သာ ကျန်ရစ်ခဲ့သည်။

ရှန်းရှောင်သည် လူများအားလုံး၏သံသယများကို မြင်တွေ့မိပေ၏။

လူများအားလုံး၏ စိတ်ခံစားမှုကို တည်ငြိမ်စေရန် လိုအပ်သည်ဟု သူ ခံစားလိုက်ရသည်။

ထိုသို့မဟုတ်ဘဲ အပြာရောင်နတ်ဆိုးမျိုးနွယ်သာ ပုန်ကန်ပါက သူ မြင်ချင်သည့် အခြေအနေမျိုး ဖြစ်လာမည် မဟုတ်ပေ။

သူက ချက်ချင်းဆိုသလိုပင် ပြောဆိုလိုက်သည်။

"ငါ အစောပိုင်းနှစ်တွေတုန်းက ပိုင်လင်းရဲ့ သွေးမျိုးဆက်ကို ဖယ်ရှားနိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုကို ရရှိခဲ့တယ်..."

"သူ့ဆီမှာ ရှိတဲ့ အဲ့ဒီသွေးမျိုးဆက်က သဘာဝအရင်းအမြစ်တွေကို ဖြုန်းတီးနေတာပဲ..."

"တကယ်လို့ ငါသာ အဲဒါကို ရရှိခဲ့ရင် ယန်သုံးပါးနယ်ပယ် အတားအဆီးကို အချိန်တိုအတွင်း ချိုးဖျက်နိုင်ပြီးတော့ ပိုမြင့်တဲ့နယ်ပယ်ကို ရောက်နိုင်လိမ့်မယ်..."

"လျှို့ဝှက်နည်းလမ်းတွေနဲ့ ထပ်ပြီး အထောက်အကူပြုမယ်ဆိုရင် ငါ့ရဲ့စွမ်းအားက နောက်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်..."

"အဲဒီအချိန်ကျရင် မျိုးနွယ်စုခုနစ်စုရဲ့ ဘိုးဘေးတွေအားလုံး ထွက်ပေါ်လာရင်တောင် ဘယ်သူမှ ငါ့ရဲ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး..."

"ပိုင်လင်းကို လုယူဖို့ ကြိုးစားနေတာကြောင့် တခြားမျိုးနွယ်စုခြောက်ခုက ငါတို့ အပြာရောင်နတ်ဆိုးမျိုးနွယ်ကို အမြစ်ပြတ်သုတ်သင်ချင်နေကြတာ..."

"မင်းတို့အားလုံး အချိန်ခဏလောက် သည်းခံကြဖို့ ငါ မျှော်လင့်မိတယ်..."

"ဒီတစ်ကြိမ်မှာ ပိုင်လင်းကို ဖမ်းဖို့အတွက် အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးကို ငါ စေလွှတ်ပြီးပြီ..."

"သူတို့ မကြာခင်မှာ ပြန်ရောက်လာတော့မယ်လို့ ငါ ယုံကြည်တယ်..."

"ငါက ပိုင်လင်းရဲ့သွေးမျိုးဆက်ကို ဝါးမြိုပြီးတာနဲ့ ဒီအကျပ်အတည်းကို လက်တစ်ဖက်ဝှေ့ယမ်းပြီး ဖြေရှင်းနိုင်လိမ့်မယ်..."

"အဲ့ဒီအချိန်ကျရင် ငါတို့ အပြာရောင်နတ်ဆိုးမျိုးနွယ်က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူထဲ ဝင်ရောက်ပြီးတော့ မြောက်ပိုင်းဒေသတစ်ခုလုံးကို လွှမ်းမိုးမယ့်အချိန် ရောက်လာလိမ့်မယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် အပြာရောင်နတ်ဆိုးမျိုးနွယ်မှ အဆင့်မြင့်ဂိုဏ်းဝင်အားလုံး၏ အသက်ရှူသံများ မြန်ဆန်လာကြ၏။

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတွင် တစ်ဦးတည်းသော အုပ်စိုးသူအရှင် ဖြစ်လာခြင်းသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ မျိုးနွယ်စုခုနစ်စုလုံး၏ဆန္ဒ အမြဲတစေ ဖြစ်ခဲ့သည်။

အကယ်၍ ခေါင်းဆောင် ပြောဆိုသည့်စကားများသာ မှန်ကန်ပါက သူတို့သည် ဤကြီးမားသော ဆန္ဒကို မကြာမီ ဖြည့်ဆည်းနိုင်တော့ပေမည်။

ထိုမျှသာမက ရှန်းရှောင်က သူတို့အတွက် ပုံဖော်ပေးခဲ့သော လှပသည့် စီမံကိန်းသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတွင်သာ ကန့်သတ်ထားခြင်း မရှိပေ။

ဤသည်က မြောက်ပိုင်းဒေသတစ်ခုလုံး ပါဝင်နေခြင်း ဖြစ်ပေ၏။

အကယ်၍ သူတို့သာ မြောက်ပိုင်းဒေသ၏ အရှင်သခင် ဖြစ်လာနိုင်လျှင် သူတို့၏ဘဝတွင် အမှန်တကယ်ကို နောင်တရစရာ ရှိတော့မည် မဟုတ်ချေ။

ဤ အံ့အားသင့်ဖွယ်ကောင်းသော အခွင့်အာဏာနှင့်နှိုင်းယှဉ်လျှင် လက်ရှိအကျပ်အတည်းသည် အနည်းငယ်သေးငယ်ပုံရသည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံသည် လူတစ်ယောက်ကို အခွင့်အရေးကြီး ပေးအပ်တော့မည်ဆိုပါက ပထမဆုံး သူ၏ စိတ်ကို ညှဉ်းပန်းနှိပ်စက်ခြင်း သူ၏ အကြောများနှင့်အရိုးများကို ပင်ပန်းစေခြင်း သူ၏ခန္ဓာကိုယ်ကို ငတ်မွတ်စေခြင်း သူ၏ ကြိုးပမ်းမှုများကို စိတ်ပျက်စေခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ ထို့နောက်မှသာ သူ၏စိတ်ကို လှုံ့ဆော်ပြီး အကျင့်စရိုက်ကို ခိုင်မာပြတ်သားလာစေကာ သူ ယခင်က မလုပ်နိုင်သောအရာများအထိ လုပ်ဆောင်နိုင်စေသည်။

ကြီးကျယ်ခမ်းနားသော လုပ်ငန်းတစ်ခုကို အောင်မြင်ရန်အတွက် အခက်အခဲတချို့ကို မလွဲမသွေ ကြုံတွေ့ရပေမည်။

လက်ရှိအခြေအနေသည် သူတို့အတွက် စမ်းသပ်မှုတစ်ခုပင်။

အချိန်တခဏအတွင်းတွင် အပြာရောင်နတ်ဆိုးမျိုးနွယ် တစ်ခုလုံး၏ စည်းလုံးညီညွတ်မှုသည် ယခင်က မကြုံဖူးသည့်အဆင့်ထိ အားကောင်းလာခဲ့ပေ၏။

လူများအားလုံးက သူတို့အတွက် ရှန်းရှောင် ပုံဖော်ပေးခဲ့သော လှပသည့် စီမံကိန်းထဲတွင် နစ်မြုပ်နေကြသည်။

သို့သော် တစ်စုံတစ်ယောက်က သတိကြီးစွာထား၍ မေးမြန်းလိုက်သည်။

"ခေါင်းဆောင်... အခု အပြင်ဘက်မှာ ရှိနေတဲ့ အပြာရောင်နတ်ဆိုးတပည့်တွေက တခြား မျိုးနွယ်စုခြောက်စုရဲ့ သတ်ဖြတ်တာကို ခံနေရတယ်... ငါတို့က အဲ့ဒီကိစ္စအတွက် ဘာမှ မလုပ်တော့ဘူးလား..."

ဤစကား ထွက်ပေါ်လာသည်နှင့် ရှန်းရှောင် စကားမပြောနိုင်ခင် စတုတ္ထအကြီးအကဲက ရှေ့ထွက်လာပြီး ပြောဆိုသည်။

"ကိစ္စကြီးတစ်ခု အောင်မြင်ဖို့အတွက် စွန့်လွှတ်အနစ်နာခံမှုတချို့တော့ ရှိရမှာပေါ့..."

"သူတို့ရဲ့ သွေးတွေက အလဟဿ ဖြစ်သွားမှာ မဟုတ်ပါဘူး..."

"ခေါင်းဆောင်က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ပေါင်းစည်းပြီးရင် သူတို့အတွက် လက်စားချေပေးပါလိမ့်မယ်..."

"ဒီလောက်ထိ မိန်းမဆန်တဲ့ သနားကြင်နာမှုမျိုးရှိနေရင် ဘယ်လိုလုပ်ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ကိစ္စကြီးတစ်ခုကို အောင်မြင်နိုင်မှာလဲ..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် အဆင့်မြင့်ဂိုဏ်းဝင်တချို့၏မျက်နှာထားများ ပြောင်းလဲသွားကြ၏။

ဤသည်က အမှန်တရား ဖြစ်သော်လည်း လက်တွေ့မြင်ရချိန်တွင်မူ ရက်စက်လွန်းလှသည်။

အပြာရောင်နတ်ဆိုးမျိုးနွယ်တွင် ပြင်ပ၌ရှိနေပြီး နယ်မြေထဲသို့ ပြန်မရောက်လာသော တပည့်ပေါင်းငါးသောင်းခန့် ရှိနေသည်။

ထိုလူများအနက် အဆင့်မြင့်ဂိုဏ်းဝင် အမြောက်အများ ပါဝင်ပြီး သူတို့၏သားသမီးများပင် ပါဝင်နေကြ၏။

ရှန်းရှောင်က စတုတ္ထအကြီးအကဲကို စိတ်ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။

သူ လိုချင်သည်မှာ တံတားကို မီးရှို့ပြီး နောက်ပြန်မလှည့်တမ်း ရှေ့ဆက်မည့် ဤကဲ့သို့ သတ္တိမျိုးပင်။

သူ၏မျိုးနွယ်ဝင်များထံမှ ထောက်ခံမှုကို ရရှိပြီး နှစ်ရက် သုံးရက်ခန့် တောင့်ခံထားနိုင်သမျှ ကာလပတ်လုံး သူသည် မြောက်ပိုင်းဒေသတစ်ခုလုံးတွင် ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။

ဤသို့ တွေးတောမိပြီးနောက် သူက လူများအားလုံးကို နှစ်သိမ့်စကား ပြောဆိုလိုက်သည်။

"မင်းတို့အားလုံး... စိတ်မပူကြနဲ့... မျိုးနွယ်စုခြောက်စုက အချိန်အကြာကြီး မောက်မာထောင်လွှားနေနိုင်မှာ မဟုတ်ပါဘူး..."

"စတုတ္ထအကြီးအကဲ ပြောသလိုပဲ... အခွင့်အာဏာကို တည်ဆောက်ဖို့အတွက် စွန့်လွှတ်အနစ်နာခံမှုတချို့က ရှောင်လွှဲလို့ မရနိုင်ဘူး..."

"အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါး ပြန်လာပြီးတော့ ပိုင်လင်းဆီက အစစ်အမှန် နတ်ဆိုးသွေးမျိုးဆက်ကို ငါ ချေဖျက်ပြီး စုပ်ယူလိုက်တာနဲ့... ငါတို့ရဲ့ မျိုးနွယ်ဝင်တွေအတွက် လက်စားချေဖို့ မင်းတို့အားလုံးကို ဦးဆောင်ပြီး သေချာပေါက် တိုက်ခိုက်မယ်..."

"အဲဒီအချိန်ကျရင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူရဲ့ အရင်းအမြစ်တွေအားလုံးက ငါတို့ရဲ့အပိုင် ဖြစ်လာလိမ့်မယ်... ကံကောင်းခြင်းတွေ အားလုံးကို မင်းတို့ ခွဲဝေယူနိုင်တယ်..."

"ဒါပေမဲ့ ဒီကာလအတွင်း တစ်ယောက်ယောက်က သစ္စာဖောက်ပြီးတော့ ပြင်ပရန်သူတွေနဲ့ ပူးပေါင်းရဲတယ်ဆိုရင်... ငါက သနားညှာတာမှု မရှိဘူးလို့ အပြစ်မတင်နဲ့..."

အပြာရောင်နတ်ဆိုး ခေါင်းဆောင်အနေဖြင့် ဤရာထူးတွင် နှစ်ပေါင်းသောင်းနှင့်ချီ ရှိနေခဲ့ပြီဖြစ်ရာ လူအများ၏စိတ်အပေါ် ရှန်းရှောင်၏ထိန်းချုပ်နိုင်စွမ်းသည် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိနေလေပြီ။

သူသည် လက်တစ်ဖက်တွင် တုတ်ကို ကိုင်ထားပြီး တခြားလက်တစ်ဖက်တွင် သကြားလုံးကို ကိုင်ထားပေ၏။

အဆင့်မြင့်ဂိုဏ်းဝင်တချို့ မကျေမနပ် ဖြစ်နေလျှင်ပင် ဤအချိန်၌ သူတို့သည် အပြာရောင်နတ်ဆိုးမျိုးနွယ်၏စစ်ရထားနှင့် သူတို့ကိုယ်သူတို့ ချည်နှောင်ထားရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ပေ။

သို့သော် ရှန်းရှောင် ပြောခဲ့သမျှ အရာအားလုံးသည် အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးက ပိုင်လင်းကို ခေါ်လာလိမ့်မည်ဟူသော အကြောင်းပြချက်အပေါ် အခြေခံထားခြင်း ဖြစ်သည်။

အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးသည် သူတို့၏တာဝန်ကို မအောင်မြင်ရုံသာမက စီးတော်ယာဥ်များ ဖြစ်သွားသည်ကို သူ မည်သို့ သိနိုင်မည်နည်း။

ဤအချိန်တွင် သူတို့သည် မျှော်လင့်ချက်မဲ့စွာနှင့် ခါးသီးစွာ ခရီးနှင်နေကြလေ၏။

...

All Chapters