မိုးပြာနဂါးမြင်း
Vol. 24 Ch. 238
နှင်းလွင်ပြင်...
နွားတစ်ကောင်နှင့်မြင်းတစ်ကောင်သည် ဝီရိယရှိရှိ ခရီးနှင်နေဆဲပင်။
လေပြင်းများ တိုက်ခတ်နေပြီး နှင်းပွင့်များ ပျံ့လွင့်နေပေ၏။
မြေပြင်ပေါ်တွင် ထူထပ်သိပ်သည်းသော နှင်းများဖြင့် ဖုံးလွှမ်းနေသည်။
သို့သော် မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့သည် မြေပြန့်ပေါ်တွင် သွားလာနေသည့်အလား ရွေ့လျားနေကြသည်။
နတ်ဆိုးသားရဲနှစ်ကောင်သည် လျှပ်စီးအလင်းတန်းအလား ရွေ့လျားနေပြီး မီတာတစ်ထောင် အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိနိုင်သည်။
နွားတစ်ကောင် မြင်းတစ်ကောင် စာခြောက်ရုပ်တစ်ရုပ်နှင့်ပိုင်လင်းတို့သည် နှင်းလွင်ပြင်တွင် ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်နေသည်ဟု ပြောဆိုနိုင်ပေ၏။
သူတို့ မည်မျှထိကြာကြာ ခရီးသွားခဲ့မှန်း မသိနိုင်ချေ။
အဝေးတွင် နှင်းမုန်တိုင်းဖြစ်သော နဂါးလေဆင်နှာမောင်းတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ပိုင်လင်းက အမိန့်ပေးလိုက်သည်။
"ခဏ ရပ်လိုက်အုံး..."
"ဒီနေရာမှာ နားပြီးတော့ နှင်းမုန်တိုင်း ရပ်သွားမှ ငါတို့ ခရီးဆက်ကြတာပေါ့..."
ထိုနဂါးလေဆင်နှာမောင်း နှင်းမုန်တိုင်းသည် အဆုံးမဲ့သော စွမ်းအားများနှင့်အတူ လွှမ်းမိုးနေပြီး လေဟာနယ်ကိုပင် စုတ်ပြဲသွားစေပေ၏။
ပိုင်လင်းသည် ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်ကို မကြောက်သော်လည်း အတင်းအဓမ္မ ဖြတ်ကျော်သွားပါက သူမ၏ရုပ်ခန္ဓာကိုယ်စွမ်းအင်ကို မလွဲမသွေ ကုန်ဆုံးစေပေလိမ့်မည်။
သူမသည် အစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို လိုချင်သော်လည်း ဤသည်မှာ အချိန်တခဏဖြင့် ရရှိနိုင်သောအရာမျိုး မဟုတ်ချေ။
ပိုင်လင်း ပြောဆိုလိုက်သည်နှင့် နွားနှင့်မြင်းသည် နာခံရို့ကျိုးစွာ ရပ်တန့်လိုက်ကြ၏။
သူတို့သည် အမိန့်ကို ချက်ချင်းနာခံခြင်း ဆိုသည်က မည်သည့်အရာဖြစ်သည်ကို ပြီးပြည့်စုံစွာ သရုပ်ပြလိုက်ကြသည်။
ပိုင်လင်းသည် မြင်းပေါ်မှ ဆင်းလိုက်ပြီးနောက် သူမ၏လက်ကို ဆန့်တန်းကာ မြင်း၏ခန္ဓာကိုယ်ပေါ်ရှိ မီတာဝက်ခန့် ရှည်လျားပြီး ပြောင်လက်နေသော အနက်ရောင် လည်ဆံမွေးကို ပွတ်သပ်လိုက်၏။ ထို့နောက် သူမ၏မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာခဲ့သည်။
ဤထူးခြားဆန်းပြားသော နတ်ဆိုးသားရဲ နှစ်ကောင်သည် သူမကို အလွန်ထူးကဲသော ခံစားချက်အား ပေးစွမ်းနိုင်သည်။
အကြောင်းအရင်းမှာ ဤနတ်ဆိုးသားရဲနှစ်ကောင်သည် လမ်းတလျှောက်လုံး ဒုန်းစိုင်းခရီးနှင်လာခဲ့သော်လည်း မောပန်းနွမ်းနယ်သည့် လက္ခဏာ လုံးဝမပြသသောကြောင့်ပင်။
"မြင်းလေး... နင် ဘယ်က လာတာလဲ... နင့်မှာ နာမည်ရှိလား..."
သူမက မိုးပြာနဂါးမြင်းနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။
စာခြောက်ရုပ်သည် သူတို့ကို မည်သည့်နေရာက ရှာတွေ့ခဲ့သည်အား ပိုင်လင်း အမှန်တကယ်ကို အလွန်အမင်း သိချင်နေမိသည်။
သို့သော် သူမ၏မေးခွန်းကြောင့် မိုးပြာနဂါးမြင်းသည် အလွန်ကြောက်ရွံသွားကာ သူ၏အမွှေးများပင် ထောင်ထသွားပေ၏။
စာခြောက်ရုပ်၏ဆန္ဒသည် သူတို့ကို အလုပ်များများလုပ်ပြီး စကားနည်းနည်းပြောဆိုရန်သာ ဖြစ်သည်ကို ဘေးဖယ်ထားလျှင်ပင်....
အကယ်၍ သူတို့သည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှလာပြီး အပြာရောင်နတ်ဆိုးမျိုးနွယ်မှ ဖြစ်ကြောင်း ပိုင်လင်းသာ သိသွားပါက သူနှင့် နွားအိုကြီးသည် မည်သို့ အသက်ရှင်နိုင်မည်နည်း။
ဒီအချိန်မှာ သူ ဘာလုပ်နိုင်မှာလဲ...
သူသည် စကားမပြောရဲဘဲ ပိုင်လင်းကို အလွန်အမင်း ဝပ်တွားခယပြီး ဘာမှမသိသလို ဟန်ဆောင်နေရုံသာ ရှိတော့သည်။
ပိုင်လင်းသည် အချိန်တခဏကြာမျှ စောင့်ကြည့်လိုက်သော်လည်း မိုးပြာနဂါးမြင်းသည် စကားမပြောချေ။
ဤကိစ္စက သူမကို မျက်မှောင်ကြုတ်သွားစေသည်။
"နင် စကားမပြောတတ်ဘူးလား..."
ပိုင်လင်း မျက်မှောင်ကြုတ်လိုက်သည်ကို မြင်တွေ့ချိန်၌ မိုးပြာနဂါးမြင်း၏အာရုံကြောများ တင်းမာသွားပေ၏။
အကယ်၍ သူသာ ဤအမျိုးသမီးကို စိတ်မကျေမနပ် ဖြစ်စေပြီး စာခြောက်ရုပ်၏တံစဥ်ဖြင့် ခုတ်ပိုင်းခံလိုက်ရလျှင် ဖြေရှင်းချက်ပေးမည့်နေရာပင် ရှာတွေ့နိုင်မည် မဟုတ်ဘဲ မတော်မတရား သေဆုံးသွားရပေမည်။
သူသည် စာခြောက်ရုပ်ကို ခိုးကြည့်လိုက်ပြီးနောက် တစ်ဖက်လူက လှုပ်ရှားမည့် လက္ခဏာ မပြသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့် သူ စိုးရိမ်နေသည့်အရာ ဖြစ်မလာခဲ့ချေ။
ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးသည် လက်ရှိအခြေအနေမျိုးသို့ ရောက်ရှိနေခြင်းမှာ လောကကြီးတခွင်လုံးတွင်ပင် ရှားပါးသည်ဟု ဆိုရပေမည်။
အသက်ရှင်သန်နိုင်ရန်အတွက် ပိုင်လင်းအပေါ် မိုးပြာနဂါးမြင်း၏ဝပ်တွားခယသော အနေအထားသည် ပို၍ပင် နှိမ့်ချလာခဲ့ပေ၏။
ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ မြေကမ္ဘာနွားနတ်ဆိုးသည်လည်း အလားတူပုံစံဖြင့် အတုခိုးလိုက်သည်။
သူသည် မိုးပြာနဂါးမြင်းထက်ပင် ပို၍လုံ့လစိုက်ထုတ်ပြီး ဝပ်တွားခယနေသည်။
ဘာပဲဖြစ်ဖြစ် သူ့အပေါ်၌ စီးနင်းနေသူသည် အထွတ်အထိပ်တွင် ရပ်တည်နိုင်သော အစွမ်းထက်ကျင့်ကြံသူတစ်ဦးပင်။
ဤှသည်က လူတစ်ယောက်ကို ဦးရေပြား ထုံကျင်သွားစေနိုင်သော တည်ရှိမျိုး ဖြစ်ပေ၏။
အကယ်၍ အပြာရောင်နတ်ဆိုး ခေါင်းဆောင် ရှန်းရှောင်သာ သူ စေလွှတ်လိုက်သော အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးသည် တာဝန်ကို မအောင်မြင်ရုံသာမက နှိမ့်ချရို့ကျိုးနေရသော အစေခံများ ဖြစ်လာသည်ကို သိသွားပါက မည်သို့ ခံစားရမည်နည်း။
လွင်ပြင်ထဲ၌ ထူထပ်သိပ်သည်းသော လေနှင့်နှင်းများ တိုက်ခတ်နေသည်။
အဖြေမရနိုင်ကြောင်း မြင်လိုက်ရသဖြင့် ပိုင်လင်းသည် နွားနှင့်မြင်းကို ဆက်ပြီး အနှောင့်အယှက် မပေးတော့ဘဲ နေရာတစ်နေရာ ရှာ၍ထိုင်လိုက်ကာ မိုးကောင်းကင်ကို ငေးကြည့်ရင်း အတွေးနယ်ချဲ့နေသည်။
စာခြောက်ရုပ်သည်လည်း ဤအချိန်၌ နွား၏ ကျောပေါ်မှ ဆင်းလိုက်၏။
သူသည် သစ္စာရှိသော အစောင့်အရှောက်တစ်ဦးအလား ပိုင်လင်း၏နံဘေးတွင် မတ်တတ်ရပ်နေသည်။
နွားနှင့်မြင်းသည် ခေါင်းချင်းဆိုင်ပြီး အသံပေးပို့ခြင်းမှတဆင့် တိတ်တဆိတ် ဆက်သွယ်လိုက်ကြသည်။
"နွားအိုကြီး... ငါတို့ အနာဂတ်မှာ အပြာရောင်နတ်ဆိုးမျိုးနွယ်ဆီ ပြန်လို့မရတော့ဘူးလို့ မင်း ထင်လား..."
မိုးပြာနဂါးမြင်းက လွမ်းဆွတ်စွာ ပြောဆိုလိုက်သည်။
ထိုနေရာတွင် သူတို့၏အဆင့်အတန်းသည် အမြင့်ဆုံးဖြစ်ပြီး တခြားသူများ၏လေးစားမှုကို ရရှိကာ နေ့စဥ်နေ့တိုင်း လူအမြောက်အများက လာရောက်၍ ဂါရဝပြုကြသည်။
ယခု၌မူ သူတို့သည် လေထဲမိုးထဲတွင် စီးတော်ယာဉ်များအဖြစ် အသုံးပြုခံနေရပြီး ဂုဏ်သိက္ခာမရှိဘဲ သတိထားနေရကာ နှိမ့်ချစွာသာ နေထိုင်နိုင်တော့သည်။
ဤမျှ ကြီးမားသော ကွာခြားချက်က သူ့ကို အနည်းငယ် နေသားမကျ ဖြစ်စေပေ၏။
မြေကမ္ဘာနွားနတ်ဆိုးက ထိုစကားကို ကြားပြီးနောက် သံသယဖြင့် မေးမြန်းသည်။
"အပြာရောင်နတ်ဆိုးမျိုးနွယ်... ဘာ အပြာရောင်နတ်ဆိုးမျိုးနွယ်လဲ... ငါက အခု နတ်ဆိုးသခင်ရဲ့လက်အောက်က အစေခံခွေး ဖြစ်နေပြီ..."
"အမ်.."
မိုးပြာနဂါးမြင်းက နွားအိုကြီးကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။
ဤနွားအိုကြီးသည် သူ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သော ညီအစ်ကိုတစ်ယောက် အမှန်တကယ် ဟုတ်ပါသေးသလော....
ထိုနွားအိုကြီး၏အရှက်မဲ့မှု အတိုင်းအတာသည် သူ့ထက်ပင် သာလွန်နေပေ၏။
"ဒါပေမဲ့ ညီအစ်ကို... မင်းက ခမ်းနားထည်ဝါတဲ့ဘဝကို စွန့်လွှတ်ဖို့ တကယ်ပဲ ဆန္ဒရှိလို့လား... အပြာရောင်နတ်ဆိုးမျိုးနွယ်မှာ မင်းရဲ့ချစ်သူ သုံးယောက်နဲ့ မျိုးဆက်တွေ အများကြီး ကျန်ခဲ့တာကို ငါ မှတ်မိတယ်..."
"ငါတို့က တခြားလူဆီမှာ သစ္စာခံလိုက်ပြီဆိုတာ သူတို့ သိသွားရင် မင်းရဲ့ချစ်သူတွေနဲ့မျိုးဆက်တွေအားလုံး သေဆုံးသွားနိုင်တယ်..."
"မင်း နည်းနည်းလေးမှ စိတ်မပူဘူးလား..."
မြေကမ္ဘာနွားနတ်ဆိုးသည် မိုးပြာနဂါးမြင်းကို စိတ်ပျက်လက်ပျက် ကြည့်လိုက်၏။
"ငါ ချစ်သူအသစ် မတွေ့နိုင်တော့ဘူးလား... ပြီးတော့ ငါ့မှာ မျိုးဆက်တွေ ထပ်မရှိနိုင်တော့ဘူးလား..."
"တကယ်လို့ ငါ့မှာ ဒီအသက်သာ မရှိတော့ရင် အရာအားလုံး ဘာမှ ရှိတော့မှာ မဟုတ်ဘူး..."
"မြင်းအိုကြီး... ငါတို့က နတ်ဆိုးသခင်ရဲ့ အစေခံခွေးတွေ ဖြစ်မှတော့ သူ့နောက်ကို စိတ်ရင်းနဲ့ လိုက်ရမယ်... ဘယ်တော့မှ စိတ်နှစ်ခွ မဖြစ်ရဘူး..."
"မင်းရဲ့ တွေးခေါ်ပုံက နည်းနည်း အန္တရာယ်များနေတယ်..."
မိုးပြာနဂါးမြင်းက ချက်ချင်းဆိုသလိုပင် သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိုက်သည်။
"အဲ့ဒီလို မဟုတ်ပါဘူး... မင်း လျှောက်မပြောပါနဲ့... နတ်ဆိုးသခင်အပေါ်ထားတဲ့ ငါ့ရဲ့ သစ္စာတရားကို ကောင်းကင်နဲ့မြေပြင်က သက်သေပဲ..."
"ငါက မင်းရဲ့ သစ္စာတရားကို စမ်းသပ်ကြည့်ရုံပါ..."
စာခြောက်ရုပ် ခတ်နှိပ်လိုက်သော ကျွန်အမှတ်အသားသည် အတော်လေး လွှမ်းမိုးမှု ရှိသည်ဟု ပြောရပေမည်။
ဤသည်က သူ့လက်အောက်ငယ်သားများ၏ သစ္စာရှိမှုကို စိတ်ပိုင်းဆိုင်ရာမှတဆင့် မြှင့်တင်ပေးနိုင်သည်။
နွားနှင့်မြင်းသည် ကွက်ကွက်ကွင်းကွင်း မြင်သာသော ဥပမာများပင်။
လေ တဖြည်းဖြည်း ငြိမ်သက်သွားပြီး နှင်းများ တဖြည်းဖြည်း ရပ်တန့်သွားသည်။
မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့သည် စကားစမြည်ပြောပြီး နောက်ပြောင်နေကြကာ သူတို့သည် အပြာရောင်နတ်ဆိုးမျိုးနွယ်မှ ထွက်ခွာခဲ့ခြင်းအတွက် ရှက်ရွံ့ခြင်း မရှိကြပေ။
သူတို့၏အမြင်အရ သူတို့ မည်သူ့ကို အမှုထမ်းနေသည်မှာ အရေးမကြီးချေ။
အစေခံများဖြစ်လာသဖြင့် သူတို့သည် အသန်မာဆုံးလူ၏လက်အောက်တွင်သာ အမှုထမ်းရပေမည်။
အချိန်များသည် မသိလိုက်မသိဘာသာဖြင့် နှစ်နာရီကြာ ကုန်ဆုံးသွားခဲ့ပေ၏။
နဂါးလေဆင်နှာမောင်း နှင်းမုန်တိုင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ပိုင်လင်းက ပြောဆိုသည်။
"လေနဲ့နှင်းတွေ ရပ်သွားပြီ... ငါတို့ ခရီးဆက်ဖို့ အချိန်တန်ပြီ..."
ဤစကားကိုကြားချိန်၌ နွားနှင့်မြင်းသည် လျှင်မြန်စွာ လူစုခွဲလိုက်ပြီး အစေခံများအလား သူတို့တစ်ကောင်စီသည် ပိုင်လင်းနှင့် စာခြောက်ရုပ်၏ရှေ့သို့ ရောက်လာကြသည်။
ပိုင်လင်းက မြင်းပေါ်သို့ တက်လိုက်ပြီးနောက် ဝေဝါးသော မှတ်ဥာဏ်တစ်ခုက သူမ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။
သူမသည် တစ်စုံတစ်ခုကို သတိရသွားပုံ ရပေ၏။
သူမ အလွန်ငယ်ရွယ်စဉ်က သူမ၏ဖခင်သည် သူမကို အပြာရောင်နတ်ဆိုးမျိုးနွယ်သို့ အလည်အပတ် ခေါ်သွားဖူးသည်။
အဝေးမှနေ၍ မိုးပြာနဂါးမြင်းဟု အမည်ရှိသော နတ်ဆိုးသားရဲ တစ်ကောင်ကို သူမ မြင်တွေ့ခဲ့ရဖူးသည်။
ထိုမိုးပြာနဂါးမြင်း၏ အထင်ရှားဆုံးအင်္ဂါရပ်မှာ နဂါးခေါင်းနှင့်မြင်းခန္ဓာကိုယ် ရှိပြီး တစ်ကိုယ်လုံး အနက်ရောင်သန်းနေသည်။ ထိုမြင်း၏ ရှားပါးမှုသည် မြောက်ပိုင်းဒေသတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းပြီး ထိုကဲ့သို့ သားရဲမျိုးဟူ၍ တစ်ကောင်တည်းသာ ရှိပေ၏။
ယခုချိန်၌ သူမ၏ရှေ့တွင် ဒူးထောက်နေသော မြင်းသည် ထိုစရိုက်လက္ခဏာများကို အတိအကျ ပိုင်ဆိုင်ထားသည် မဟုတ်လော...
သူမသည် မြင်းကို စူးစိုက်ကြည့်မနေဘဲ မနေနိုင်တော့ချေ။
သူမ၏စိတ်နှလုံးသား လေးလံသွားသည်။
မဖြစ်နိုင်ပါဘူး...
သို့သော် သူမသည် ဤအတွေးကို လျှင်မြန်စွာ ပယ်ဖျက်လိုက်၏။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ မိုးပြာနဂါးမြင်းတွင် ယန်သုံးပါးနယ်ပယ် ကျင့်ကြံဆင့်စွမ်းအား ရှိနေသဖြင့်...
မြောက်ပိုင်းဒေသတစ်ခုလုံးကို ကြည့်လျှင် သူသည် ထိပ်တန်းအဆင့် ကျင့်ကြံသူတစ်ဦးပင်။
အကယ်၍ ဤမြင်းသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူရှိ အပြာရောင်နတ်ဆိုးမျိုးနွယ်မှ မိုးပြာနဂါးမြင်း အမှန်တကယ် ဖြစ်ပါက သူမ မည်သို့ အသက်ရှင်နေနိုင်မည်နည်း။
တစ်ဖက်လူသည် သူမကို မသတ်လျှင်ပင် အဆင်ပြေနေပြီဖြစ်ရာ သူမကို စီးခွင့်ပေးပြီး ဤမျှထိ နာခံရို့ကျိုးနေရန် မည်သို့ ဖြစ်နိုင်မည်နည်း။
ထိပ်သီးကျင့်ကြံသူတစ်ဦး၏ ဂုဏ်သိက္ခာသည် ဘယ်ရောက်သွားမည်နည်း...
" ဒါက မိုးပြာနဂါးမြင်းနဲ့ နည်းနည်း တူနေတာပဲ ဖြစ်ရမယ်..."
"ပြီးတော့ အချိန်အကြာကြီး ကြာခဲ့ပြီဆိုတော့ ငါ မှတ်မိတာတွေက မှားနေတာပဲ ဖြစ်မှာပါ..."
ပိုင်လင်းသည် သူမ၏နှလုံးသားထဲမှ ပုံမှန်မဟုတ်သော တုန်လှုပ်မှုများကို ဖိနှိပ်လိုက်သည်။
ထို့နောက် သူမသည် သူမ၏စိတ်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို အတင်းအကြပ် ဖယ်ရှားလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူမ၏ရှေ့မှ ဤမြင်းသည် အတော်လေး ကောင်းမွန်ပြီး သူမ၏ ခရီးစဉ်အတွက် များစွာအထောက်အကူပြုသည်။
...