အပြာရောင်နတ်ဆိုးမျိုးနွယ်၏ ပျက်သုဉ်းခြင်း
Vol. 24 Ch. 239
ပိုင်လင်းသည် သူမ၏ခရီးစဉ်ကို ဆက်လက်၍ လျှောက်လှမ်းနေချိန်တွင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၌ သတ်ဖြတ်လိုခြင်း အငွေ့အသက်များသည် မိုးကောင်းကင်သို့ မြင့်တက်နေပြီး မြေပြင်တပြင်လုံးကို တုန်ခါစေသော အသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
မျိုးနွယ်စုခြောက်စုမှ ခေါင်းဆောင်များသည် ဝင်္ကပါကို ချိုးဖျက်ရန် ပူးပေါင်းလိုက်ကြလေပြီ။
အပြာရောင်နတ်ဆိုးမျိုးနွယ်၏ ဝင်္ကပါသည် အလွန်အမင်း အားကောင်းသည်ဟု ဆိုရပေမည်။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ခေါင်းဆောင် ခြောက်ဦးသည် တစ်ရက်တိတိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော်လည်း ထိုအရာသည် ရွှေကဲ့သို့ ခိုင်မာနေပြီး ထိုက်တောင်ကဲ့သို့ တည်ငြိမ်နေဆဲပင်။
ကြီးမားသောဝင်္ကပါ၏ ဗဟိုချက်တွင် ရှိနေသည့် အဆင့်မြင့်ဂိုဏ်းဝင်တစ်ဦးက မေးမြန်းလိုက်သည်။
"ခေါင်းဆောင်... အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးက ဘယ်တော့ ပြန်ရောက်မှာလဲ..."
ရှန်းရှောင်သည် မြင့်မားသောနေရာတွက် မတ်တတ်ရပ်ပြီး သူ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ သေချာပေါက် အနိုင်ရမည့် အမူအယာဖြင့် ပြောဆိုလိုက်သည်။
"စိတ်မပူပါနဲ့... သူတို့ရဲ့ အမြန်နှုန်းနဲ့ဆိုရင် နေမဝင်ခင် သေချာပေါက် ပြန်ရောက်လာလိမ့်မယ်..."
အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ညဉ့်နက်ပိုင်းသို့ ရောက်ရှိလာခဲ့ပေ၏။
ဤအချိန်တွင် ဝင်္ကပါကြီး၌ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာခဲ့လေပြီ။
အပြာရောင်နတ်ဆိုးမျိုးနွယ်၏ အဆင့်မြင့်ဂိုဏ်းဝင်များ စတင်၍ ထိတ်လန့်လာကြသည်။
"ခေါင်းဆောင်... အပြာရောင်နတ်ဆိုးတမန်တော် နှစ်ပါးက ဘာလို့ အခုထိ မရောက်လာသေးတာလဲ..."
ရှန်းရှောင်၏မျက်နှာထားသည် အနည်းငယ် ပျက်ယွင်းသွားသော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းအကြပ် ကြိုးစားရင်း ပြောဆိုလိုက်သည်။
"စိတ်မပူကြနဲ့... လမ်းမှာ တစ်ခုခုဖြစ်နေလို့ နေမှာပါ... နေမထွက်ခင် သူတို့ ရောက်လာမယ်လို့ ငါ ယုံကြည်တယ်..."
နောက်တစ်နေ့တွင် ဝင်္ကပါကြီးသည် ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။
ဤအချိန်တွင် အပြာရောင်နတ်ဆိုးမျိုးနွယ်၏ အဆင့်မြင့်ဂိုဏ်းဝင်တချို့သည် ဝင်္ကပါကို အားဖြည့်ရန်အတွက် ရှေ့ထွက်လာခဲ့ကြ၏။
အကြီးအကဲတစ်ဦးသည် သွေးအန်သည်အထိ အားစိုက်ထုတ်ထားရပြီး သူ၏မျက်လုံးများ ပြူးကျယ်နေကာ အော်ဟစ်လိုက်သည်။
"ခေါင်းဆောင်... အပြာရောင်နတ်ဆိုးတမန်တော် နှစ်ပါးက ပြန်လာနိုင်တော့မှာ မဟုတ်ဘူး... ငါတို့ ထွက်ပြေးသင့်ပြီ..."
ရှန်းရှောင် ဒေါသတကြီး ဖြစ်သွားသည်။
"ခွေးကောင်တွေ... အပြာရောင်နတ်ဆိုး တမန်တော်နှစ်ပါးက အရမ်းစွမ်းအားကြီးတာ... သူတို့က ဘယ်လိုလုပ်ပြီးတော့ ပြန်မလာဘဲ နေမှာလဲ..."
ဤအခိုက်အတန့်တွင် သူသည် လုံးလုံးလျားလျား ဂဏာမငြိမ် ဖြစ်နေလေပြီ။
သို့သော် သူတို့အနေဖြင့် အချိန်တခဏကြာမျှ ထပ်မံ၍ တောင့်ခံထားနိုင်ပါက အောင်ပွဲ၏ ချိန်ခွင်လျှာသည် အပြာရောင်နတ်ဆိုးမျိုးနွယ်ဘက်သို့ သေချာပေါက် ယိမ်းယိုင်လာလိမ့်မည်ဟု သူ ခံစားနေရဆဲပင်။
အချိန်သည် လျင်မြန်စွာဖြင့် ညနေစောင်းသို့ ရောက်ရှိသွားခဲ့ပေ၏။
"ဝုန်း..."
တုန်ခါသံတစ်သံနှင့်အတူ အပြာရောင်နတ်ဆိုးမျိုးနွယ်ကို ကာကွယ်ထားသော ဝင်္ကပါသည် လုံးလုံးလျားလျား ပြိုကွဲသွားတော့သည်။
"ရှန်းရှောင်... ခွေးအိုကြီး... မင်းရဲ့အသက်ကို ပေးစမ်း..."
ခေါင်းဆောင်ခြောက်ဦးသည် အခွင့်အရေးရသည်နှင့် ဝံပုလွေများ ကျားများအလား အလျင်အမြန် ပြေးဝင်လာကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားများသည် အပြာရောင်နတ်ဆိုးမျိုးနွယ်၏ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ဤတစ်ကြိမ်တွင် သူတို့သည် အပြည့်အဝ ပြင်ဆင်ထားကြ၏။
သူတို့သည် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ပိတ်ဆို့ရန် ဝင်္ကပါတစ်ခုကို အသုံးပြုထားပြီးဖြစ်ရာ တည်နေရာရွေ့ပြောင်းခြင်းစာလိပ်ကို အသုံးပြုလျှင်ပင် မည်သို့မျှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ခေါင်းဆောင်ခြောက်ဦးအနက် မည်သူက ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူ မဟုတ်ဘဲ နေမည်နည်း။
ရှန်းရှောင်သည်လည်း ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင် သူတစ်ယောက်တည်းနှင့် အဆင့်တူခြောက်ယောက်ကို ရင်ဆိုင်ရသည်ဖြစ်ရာ အနိုင်ရရန် အခွင့်အရေး လုံးဝမရှိချေ။
လောကကြီးကို တုန်ခါစေသော တိုက်ပွဲသည် လျှင်မြန်စွာ စတင်ခဲ့ပြီး လျှင်မြန်စွာပင် ပြီးဆုံးသွားပေ၏။
ရှန်းရှောင်သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် ဖိနှိပ်ခံရမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။
အပြာရောင်နတ်ဆိုးခေါင်းဆောင် ရှုံးနိမ့်သွားသည်နှင့် အပြာရောင်နတ်ဆိုးမျိုးနွယ်တစ်ခုလုံးသည် မျိုးနွယ်စုခြောက်စုမှ ကျင့်ကြံသူများ၏ လျှင်မြန်စွာ သတ်ဖြတ်ခြင်းကို ခံလိုက်ရတော့သည်။
ဤအချိန်အခိုက်အတန့်တွင် ပြိုလဲနေသော တောင်တန်းပေါ်တွင် မီးခိုးများဖြင့် ပြည့်နှက်နေကာ....
သွေးများသည် တောင်များနှင့်မြစ်များ၏ ထက်ဝက်ခန့်ကို စွန်းထင်းနေပေ၏။
ပြိုလဲနေသော တောင်ထိပ်တစ်ခုပေါ်တွင် ခေါင်းဆောင်ခြောက်ဦး ရှိနေကာ ဖိနှိပ်ခံထားရသော ရှန်းရှောင်ကို ငုံ့ကြည့်လိုက်ကြသည်။
သူတို့သည် ပူပြင်းသောရာသီတွင် ရေခဲရေတစ်ပုံးကို သောက်လိုက်ရသကဲ့သို့ အရိုးထဲထိ အေးမြသွားပြီး လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤကောင်စုတ်ထံတွင် မျိုးနွယ်စုခြောက်စု၏အင်အားကို စိန်ခေါ်ရဲလောက်သည့် အထူးနည်းလမ်းတချို့ ရှိနေမည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။
ယခု၌မူ သူသည် လူမိုက်တစ်ယောက်ထက် မပိုကြောင်း သိသာထင်ရှားနေလေပြီ။
နောက်ဆုံးတွင် မျိုးနွယ်စုခြောက်ခုမှ ခေါင်းဆောင်များသည် ရှန်းရှောင်အား စီရင်ချက် ချမှတ်လိုက်ကြ၏။
အနီရောင်နတ်ဆိုးမျိုးနွယ် ခေါင်းဆောင် ချီဖန်းက ထိုစီရင်ချက်ကို ကြေညာလိုက်သည်။
"အပြာရောင်နတ်ဆိုး ခေါင်းဆောင် ရှန်းရှောင်က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို သစ္စာဖောက်ပြီးတော့ မျိုးနွယ်စုခြောက်စုကို သူ့ရဲ့ ကိုယ်ပိုင်အင်အားနဲ့ ဖြုတ်ချဖို့ ကြိုးစားခဲ့တယ်..."
"သူ့ရဲ့ ပြစ်မှုတွေက ကြီးလေးပြီး ခွင့်လွှတ်လို့ မရနိုင်ဘူး... သူ့ကို သေဒဏ်ပေးပြီး ချက်ချင်း ကွပ်မျက်စေ..."
ဤစီရင်ချက်ကို ကြေညာလိုက်သည်နှင့် ရှန်းရှောင်သည် ငါးသေတစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားကာ သူ၏စိတ်ဓာတ်များ လုံးလုံးလျားလျား ကျဆင်းသွားတော့သည်။
သူသည် ကြီးမားသော ထိုးနှက်ချက်ကို ခံစားခဲ့ရကြောင်း သိသာထင်ရှားသည်။
တခြားသူများကမူ သူ၏လက်ရှိအခြေအနေကို ဂရုစိုက်ကြမည် မဟုတ်ချေ။
ဤလောကတွင် မည်သူမဆို ပြုလုပ်ခဲ့သော လုပ်ရပ်အတွက် တန်ရာတန်ကြေးကို ပေးဆပ်ရစမြဲပင်။
ရှန်းရှောင်၏သစ္စာဖောက်မှုအတွက် တန်ကြေးမှာမူ သေကြေပျက်စီးခြင်းပင်။
အနီရောင်နတ်ဆိုးမျိုးနွယ်၏ ခေါင်းဆောင်ချီဖန်းသည် သူ၏ရွှေရောင်ဓားကြီးကို ကိုင်ဆောင်ပြီး ရှေ့သို့ တက်လာခဲ့၏။
သူသည် ရှန်းရှောင်ကို နောက်ဆုံးခရီးသို့ ပို့ဆောင်ရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း သိသာထင်ရှားသည်။
ဓားကြီး ကျရောက်မလာမီအချိန်တွင် ရှန်းရှောင်သည် နောက်ဆုံးချိန်၌ ရှင်းလင်းသည့် အသိစိတ် ဝင်လာသည့်အလား မိုးကောင်းကင်ကို မော့ကြည့်၍ အော်ဟစ်လိုက်သည်။
"အပြာရောင်နတ်ဆိုး တမန်တော်နှစ်ကောင်... မင်းတို့ ခွေးတိရစ္ဆာန်နှစ်ကောင်က ဘယ်ချောင်မှာ သွားသေနေကြတာလဲ..."
"ငါ မကျေနပ်ဘူး..."
"အပြာရောင်နတ်ဆိုးမျိုးနွယ်ရဲ့ နှစ်သောင်းနဲ့ချီပြီး တည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ်တွေက မင်းတို့ ခွေးတိရစ္ဆာန်နှစ်ကောင်ကြောင့် ပျက်စီးသွားရပြီ..."
"ဝှစ်.."
လျှင်မြန်သော ဓားချက်တစ်ချက်နှင့်အတူ ရှန်းရှောင်၏ခေါင်းသည် မိုးကောင်းကင်သို့ မြောက်တက်သွားပြီးနောက် ပြန်လည်၍ ပြုတ်ကျလာခဲ့သည်။
သို့သော် ပြုတ်ကျလာသော ခေါင်းပြတ်ကြီးမှမျက်လုံးများသည် ကြေးခေါင်းလောင်းများအလား ပြူးကျယ်နေပြီး မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းနေပေ၏။
ဤသည်မှာ မျက်လုံးမပိတ်ဘဲ သေဆုံးသွားခြင်း၏ ပြယုဂ်တစ်ခုပင်။
ရှန်းရှောင် သေဆုံးသွားသည်နှင့် ကျန်ရှိနေသော မျိုးနွယ်ဝင်များသည် ခုခံရန် သတ္တိမရှိတော့ဘဲ သူတို့အားလုံးက လက်နက်ချရန် ရွေးချယ်လိုက်ကြသည်။
သို့သော် မျိုးနွယ်စုခြောက်စုသည် လက်နက်ချသူများအပေါ်တွင် သနားညှာတာမှု မရှိခဲ့ဘဲ မည်သူ့ကိုမျှ အရှင်မထားရန် အမိန့်ပေးခဲ့သည်။
ဓားများမြှောက်တက်သွားပြီး ခေါင်းများ ပြုတ်ကျလာကာ အပြာရောင်နတ်ဆိုးမျိုးနွယ် နယ်မြေတစ်ခုလုံးတွင် သောင်းနှင့်ချီသော စိတ်ဝိညာဉ်အသစ်များ တိုးပွားလာခဲ့ပေ၏။
ဤသို့ဖြင့် အပြာရောင်နတ်ဆိုးမျိုးနွယ်တစ်ခုလုံးသည် အဖြူရောင်နတ်ဆိုးမျိုးနွယ်၏ ခြေရာအတိုင်း လိုက်ပါသွားခဲ့ရသည်။
သူတို့သည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ လုံးလုံးလျားလျား ဖယ်ရှားခြင်း ခံလိုက်ရလေပြီ။
ထိုဖြစ်ရပ်၏အကြောင်းအရင်းသည် ပိုင်လင်းက စာခြောက်ရုပ်ကို အဝတ်အစား ဝတ်ဆင်ပေးလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နားလည်မှုလွဲမှားခြင်း တစ်ခုသာ ဖြစ်ပေ၏။
ဤကိစ္စသည် အတော်လေး ဆန်းကြယ်သည်ဟု ဆိုရပေမည်။
ကောင်းကင်နှင့်မြေပြင်ကြားတွင် လုပ်ရပ်တိုင်း၌ အကျိုးဆက် ရှိစမြဲဖြစ်ပြီး ကံကြမ္မာတွင်လည်း ကိုယ်ပိုင်လမ်းကြောင်း ရှိသည်ဟုသာ ပြောရပေမည်။
အတိတ်တွင် အဖြူရောင်နတ်ဆိုးမျိုးနွယ်၏ ပျက်သုဉ်းမှုသည် အပြာရောင်နတ်ဆိုးမျိုးနွယ်က ဦးဆောင်ပြီး ပြင်ပရန်သူများနှင့် ပူးပေါင်းသည်ဟု မဟုတ်မမှန် စွပ်စွဲကာ အရေးယူခဲ့ခြင်းကြောင့် စတင်ခဲ့ခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ယနေ့တွင် သူတို့သည် အဖြူရောင်နတ်ဆိုးမျိုးနွယ်နှင့် ဆင်တူသော လမ်းကြောင်းကို လျှောက်လှမ်းရလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။
ရှန်းရှောင် သေဆုံးသွားချိန်တွင် နှင်းလွင်ပြင်၌ ရောက်ရှိနေသော မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့သည် ရုတ်တရက် နှာချေလိုက်ကြ၏။
ဤအရာက သူတို့ကို လုံးလုံးလျားလျား နားမလည်နိုင် ဖြစ်သွားစေသည်။
သဘောတရားအရ ပြောဆိုရလျှင် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့် ဆိုပါက ရေမီးမထိနိုင်သည့်အပြင် ရောဂါဘယလည်း ကင်းဝေးသင့်သည်။ သူတို့သည် သာမန်လူသားများကဲ့သို့ အကြောင်းပြချက်မရှိဘဲ မည်သည်ကြောင့် နှာချေနေရသနည်း။
နောက်ဆုံးတွင် နွားနှင့်မြင်းတို့သည် တစ်စုံတစ်ယောက်က သူတို့ကို သတိရနေခြင်းဖြစ်မည်ဟုသာ ဆုံးဖြတ်လိုက်ကြသည်။
သူတို့၏ခန့်မှန်းချက်သည် လွဲချော်ခြင်းမရှိဟု ဆိုနိုင်သည်။
သို့သော် ဤ 'သတိရခြင်း' သည် သူတို့ စိတ်ကူးထားသည့် 'သတိရခြင်း' မျိုး မဟုတ်ခဲ့ပေ။
ရှန်းရှောင်သည် သူ၏အရာအားလုံးကို လောင်းကြေးစားကြေးထပ်ကာ ပုံအောထားခဲ့ပြီး နွားနှင့်မြင်းတို့က သူ့ကို လာရောက်ကယ်တင်မည့်အချိန်ကို စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။ ဤသားရဲနှစ်ကောင်သည် ပိုင်လင်းကို ဖမ်းဆီးနိုင်ခြင်း မရှိဘဲ သူမ၏ စီးတော်ယာဉ်များ ဖြစ်လာလိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။
သူသည် သေဆုံးသည်အထိ စောင့်ဆိုင်းခဲ့သော်လည်း သူတို့သည် မည်သို့မျှ ရောက်မလာခဲ့ချေ။
...
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူရှိ ပုန်ကန်မှု အဖြစ်အပျက်သည် ဤသို့ဖြင့် ပြီးဆုံးသွားခဲ့လေ၏။
သို့သော် ဤအဖြစ်အပျက်၏ ရိုက်ခတ်မှုသည် ပြင်းထန်သော မုန်တိုင်းတစ်ခုအလား ပတ်ဝန်းကျင်ဒေသများကို လွှမ်းခြုံသွားခဲ့သည်။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် မြောက်ပိုင်းဒေသတစ်ခုလုံးရှိ သာလွန်ထူးကဲသော ထိပ်သီးအင်အားစုကြီးလေးခုအနက် တစ်ခုဖြစ်ပြီး အလွန်အင်အားကြီးမားသည်။
သူတို့၏လှုပ်ရှားမှုတိုင်းကို တခြားအင်အားစုများက အနီးကပ် စောင့်ကြည့်နေကြ၏။
အပြာရောင်နတ်ဆိုးမျိုးနွယ်က ရုတ်တရက်ကြီး ပုန်ကန်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
ထို့ထက်ပို၍ သူတို့ မျှော်လင့်မထားသည်မှာ မျိုးနွယ်စုခြောက်စု၏ လျှင်မြန်ပြီး ပြတ်သားသော နည်းလမ်းများပင်။
ရက်အနည်းငယ်အတွင်းတွင် ကြီးမားသော အပြာရောင်နတ်ဆိုးမျိုးနွယ်သည် တိုက်ရိုက် ဖိနှိပ်ကာ ချေမှုန်းခံလိုက်ရပြီး သမိုင်းစာမျက်နှာမှ ဖယ်ရှားခြင်း ခံလိုက်ရလေ၏။
ဤသတင်းသည် လောကကြီးတခွင်လုံးအတွက် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်ခဲ့သည်။
လူများအားလုံး ထိုကိစ္စ၏ အသေးစိတ် အချက်အလက်များကို ဆွေးနွေးနေကြသည်။
သို့ရာတွင် ထိုလူများအနက် ထင်ကြေးပေး၍ ပြောဆိုနေကြသူများက ပို၍များပြားသည်။
ရက်အနည်းငယ်အတွင်းတွင် ဇာတ်လမ်းမူကွဲများ ဆယ်ခုကျော် ထွက်ပေါ်လာခဲ့သည်။
လူတချို့က အပြာရောင်နတ်ဆိုးမျိုးနွယ်သည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတစ်ဂူလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့သော်လည်း လူသားများ၏အကြံအစည်သည် ကောင်းကင်ဘုံ၏ အကြံအစည်ကို မယှဉ်နိုင်ခဲ့ချေ။ ထိုကြောင့် သူတို့၏ပူးပေါင်းကြံစည်မှု ပေါ်ပေါက်သွားကာ နှစ်ထောင်ချီသော စီမံကိန်း ပျက်စီးသွားရသည်ဟု ဆိုကြသည်။
တခြားလူများကမူ ဤသည်မှာ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူက သဘောထားကွဲလွဲသူများကို ရှင်းလင်းခြင်းဖြစ်သည်ဟု ဆိုကြ၏။ အစပထမတွင် အဖြူရောင်နတ်ဆိုးမျိုးနွယ် ယခုချိန်၌ အပြာရောင်နတ်ဆိုးမျိုးနွယ် ဖြစ်ပြီး မကြာမီ တခြားမျိုးနွယ်တစ်ခုသည်လည်း အလားတူ ကံကြမ္မာမျိုး ကြုံတွေ့ရလိမ့်မည်ဟု ယုံကြည်နေကြသည်။
...
ထိုမူကွဲအမျိုးမျိုးသည် သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရသကဲ့သို့ အသေးစိတ်ကျကျ ပျံ့နှံ့နေပြီး ကွက်ကွက်ကွင်းကွင်း ရှိလှသဖြင့် အမှန်နှင့် အမှားကို ခွဲခြားရန် ခက်ခဲနေစေသည်။
မြောက်ပိုင်းဒေသမှ လူများသည် မကြာသေးမီက ကြီးမားသော တုန်လှုပ်ဖွယ်ရာများကို တစ်ခုပြီးတစ်ခု ကြုံတွေ့နေရသည်ဟု ဆိုရပေမည်။
ပထမဦးစွာ အစစ်အမှန် နတ်ဆိုးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော ပိုင်လင်း ထွက်ပေါ်လာခြင်းက နတ်ဆိုးလှိုဏ်ဂူ၏ ဒီရေလှိုင်းလုံးကြီးများပမာ အကြိမ်ကြိမ် လိုက်လံဖမ်းဆီးခြင်းကို ဖြစ်ပေါ်စေခဲ့သည်။
သို့သော် သူမသည် အကြိမ်တိုင်းတွင် အန္တရာယ်လွတ်ကင်းရာသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် အချိန်တိုအတွင်း ဖိနှိပ်ချေမှုန်းခံလိုက်ရသော အပြာရောင်နတ်ဆိုးမျိုးနွယ်၏ ပုန်ကန်မှု ပေါ်ပေါက်လာခဲ့သည်။
ထို့နောက် မြောက်ပိုင်းဒေသတစ်ခုလုံးကို နောက်တစ်ကြိမ် ပွက်လောရိုက်စေသော တခြားအဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။
ဤသည်က လောကကြီးတခွင်လုံးကို ဆူညံသွားစေခဲ့ပြီး ထိုသတင်း၏ရေပန်းစားမှုသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ အပြာရောင်နတ်ဆိုးမျိုးနွယ် ချေမှုန်းခံရသော အဖြစ်အပျက်ကိုပင် ကျော်လွန်သွားခဲ့သည်။