မိုးကောင်းကင်ယံမှ ကျဆင်းလာသော မြို့တော်
Vol. 24 Ch. 240
ကြယ်လဂိုဏ်း...
ဤဂိုဏ်းသည် နှင်းလွင်ပြင်၏အစွန်အဖျားတွင် တည်ရှိသည်။
ဂိုဏ်းတစ်ဂိုဏ်းလုံးသည် နှင်းလွင်ပြင်ကို မျက်နှာမူထားပြီး နှင်းတောင်တန်းတစ်သိန်းကို နောက်ခံပြုထားလေ၏။
ဤဂိုဏ်းကို ဒေသတွင်း၌ အုပ်စိုးသော ဂိုဏ်းငယ်လေးတစ်ဂိုဏ်းအဖြစ် သတ်မှတ်ထားကြသည်။
ကြယ်လဂိုဏ်းချုပ်၏စွမ်းအားသည် ယင်သုံးပါးနယ်ပယ် ပထမအဆင့်၌ရှိသည်။
ထိုဂိုဏ်းတွင် တပည့်ပေါင်းတစ်သောင်းကျော်ရှိကာ နှင်းတောင်တန်းတစ်သိန်းလုံးသည် ကြယ်လဂိုဏ်း၏ ဩဇာလွှမ်းမိုးမှု နယ်မြေအတွင်းတွင်ရှိသည်ဟု ပြောဆိုနိုင်ပေ၏။
မြောက်ပိုင်းဒေသသည် ကျယ်ပြန့်ပြီး လူနေကျဲပါးသည်။
ဂိုဏ်းငယ်တစ်ဂိုဏ်းဖြစ်လျှင်ပင် မိုင်ထောင်ပေါင်းများစွာ ကျယ်ပြန့်သော မြေပြင်ကို ဩဇာလွှမ်းမိုးမှု နယ်မြေအဖြစ် သတ်မှတ်နိုင်သည်။
ယနေ့၌...
ကြယ်လဂိုဏ်းမှတပည့်များအားလုံး ပုံမှန်အတိုင်း ကျင့်ကြံနေကြသည်။
ရုတ်တရက်...
မိုးကောင်းကင်ယံကြီး မည်းမှောင်သွားပေ၏။
"အဲ့ဒါက ဘာကြီးလဲ..."
တပည့်တစ်ဦးက မိုးကောင်းကင်ယံကို လက်ညှိုးညွှန်ပြပြီး အံ့အားတသင့် ရေရွတ်လိုက်သည်။
မိုးကောင်းကင်ယံထက်တွင် ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကြယ်ကြွေကျသည့်အလား ထိုအရာသည် မိုးကောင်းကင်ယံမှ လျှင်မြန်စွာ ကျဆင်းလာပေ၏။
ထိုပုံရိပ်သည် အလွန်ကြီးမားပြီး မိုးကောင်းကင်ယံမှ ကျဆင်းလာသော အရာကြောင့် အလင်းရောင်များအားလုံး ပိတ်ဆို့ခံထားရသည့်အလား မိုင်တစ်ရာပတ်လည် နေရာတဝိုက်ကို အရိပ်မိုးထားသည်။
လူများအားလုံး မော့ကြည့်လိုက်ကြရာ သူတို့၏စိတ်နှလုံးသားများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပြီး သူတို့၏ဦးရေပြားများ ထုံကျင်သွားကြသည်။
သူတို့၏ခန္ဓာကိုယ်နှင့် စိတ်နှစ်ခုလုံး ပြင်းထန်စွာ ထိတ်လန့်တုန်လှုပ်သွားကြ၏။
ကျင့်ကြံသူများသည် စူးရှသော အာရုံခံစားမှု ရှိကြပြီး သူတို့၏အမြင်အာရုံသည်လည်း အလွန် ကောင်းမွန်ကြသည်။
နှင်းများနှင့်လေပြင်းများ၏ အတားအဆီးများ ရှိနေသော်လည်း သူတို့သည် ထိုပုံရိပ်ကို ရှင်းလင်းစွာ မြင်တွေ့နေရဆဲပင်။
မိုးကောင်းကင်ယံမှ ကျဆင်းလာသော အရာသည် ကြယ်ကြွေကျခြင်း မဟုတ်ဘဲ မြို့တော်ကြီးတစ်မြို့ ဖြစ်နေပေ၏။
အမှန်တကယ်ကို ဤသည်မှာ မြို့တော်ကြီးတစ်မြို့ဖြစ်ပြီး လူများနေထိုင်နိုင်သော မြို့မျိုးပင်။
ထူးဆန်းသော အရာများသည် နှစ်စဥ်နှစ်တိုင်း ဖြစ်ပျက်တတ်သော်လည်း ယခုနှစ်တွင်မူ အထူးတလည် များပြားနေသည်။
နှင်းများ မိုးများ ကြယ်များ ကြယ်ကြွေကျောက်တုံးများ မိုးကောင်းကင်ယံမှ ကျလာသည်ကို သူတို့ ကြားဖူးကြသော်လည်း မြို့တော်ကြီးတစ်မြို့ ကျလာသည်ကိုမူ သူတို့ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ကြချေ။
ထို့ပြင် ဤမြို့သည် အလွန်အမင်း ကြီးမားလွန်းနေပေ၏။
မြို့၏အလျားတစ်ခုတည်းကပင် မိုင်တစ်ရာခန့် နေရာယူထားသည်။
ထိုမြို့ ကျဆင်းလာသော အမြန်နှုန်းသည် အလွန် မြန်ဆန်လှသဖြင့် လေထုထဲတွင် ဆူညံသောအသံလှိုင်းများပင် ထွက်ပေါ်နေသည်။
"ဘာ... ဘာတွေ ဖြစ်နေတာလဲ..."
မရေမတွက်နိုင်သော ကြယ်လဂိုဏ်း တပည့်များသည် ထိတ်လန့်တုန်လှုပ်သွားကြ၏။
အံ့အားတသင့်ရေရွတ်သံများကြားတွင်...
အချိန်ကာလ၏ တိုက်စားမှုဒဏ်ကို ခံထားရသော အနက်ရောင် မြို့တော်ကြီးတစ်မြို့သည် ကြယ်လဂိုဏ်း၏ ရှေ့တည့်တည့်ရှိ နှင်းလွင်ပြင်ပေါ်သို့ တိုက်ရိုက်ကျဆင်းလာခဲ့သည်။
"မြန်မြန်... ဂိုဏ်းချုပ်ကို သွားသတင်းပို့ကြစမ်း..."
ဤမြို့တော်ကြီးသည် ယိုယွင်းပျက်စီးနေသော်လည်း အလွန်ထူးကဲပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအင်များသည်လည်း ထိုအရာအတွင်း၌ တဝုန်းဝုန်းထနေသည်။
လူအများသည် အချိန်ဆွဲမနေရဲကြဘဲ ဤကိစ္စကို ကြယ်လဂိုဏ်း၏ ဂိုဏ်းချုပ်လီကျန်းချန်ထံသို့ ချက်ချင်းသတင်းပို့လိုက်ကြ၏။
လျှို့ဝှက်အခန်းတစ်ခန်းထဲတွင်...
တံခါးပိတ်ကျင့်ကြံနေသော ကြယ်လဂိုဏ်း ဂိုဏ်းချုပ်သည် နိုးထလာခဲ့ရသည်။
"ဂိုဏ်းချုပ်... ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်နေပါတယ်..."
"မြို့တော်ကြီးတစ်မြို့က မိုးကောင်းကင်ယံကနေ ကျလာပြီး ကျွန်တော်တို့ ကြယ်လဂိုဏ်းရဲ့ရှေ့ကို ကျရောက်လာတယ်..."
"ကျေးဇူးပြုပြီး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ကြည့်ပေးပါအုံး ဂိုဏ်းချုပ်... ကိစ္စကြီးတစ်ခု ဖြစ်တော့မယ်လို့ ကျွန်တော် ခံစားနေရတယ်..."
အကြီးအကဲတစ်ဦးသည် လျှို့ဝှက်ခန်း၏တံခါးကို စိုးရိမ်တကြီး ခေါက်နေလေ၏။
လီကျန်းချန် ကြောင်အမ်းသွားသည်။
သူ စိတ်ချောက်ခြားနေခြင်း ဖြစ်သလော....
မြို့တော်ကြီးတစ်မြို့ မိုးကောင်းကင်ယံမှ ကျလာသည်ဆိုသည်က မည်သည့်သဘောမျိုး ဖြစ်သနည်း...
သူသည် စဉ်းစားရခက်နေသော်လည်း ချက်ချင်းထွက်လာရန် ရွေးချယ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်နေပေ၏။
သူ တံခါးပိတ်မကျင့်ကြံမီ အရေးကြီးကိစ္စ မဟုတ်လျှင် သူ့ကို မနှောင့်ယှက်ရန် အထူးမှာကြားထားခဲ့သည်။
သင့်လျော်သော ရှင်းပြချက် မရှိပါက ဤအကြီးအကဲများကို ဂိုဏ်းချုပ်၏အမျက်ဒေါသသည် မည်သို့ရှိကြောင်း သူ သေချာပေါက် သိစေရပေမည်။
သို့သော် သူ မဒေါသထွက်နိုင်ခင်မှာပင် လျှို့ဝှက်ခန်းမှ ထွက်လာသည်နှင့် လုံးလုံးလျားလျား ကြက်သေသေသွားတော့သည်။
အဝေးတစ်နေရာရှိ မြေပြင်ပေါ်တွင် မားမားမတ်မတ်တည်ရှိနေသော ကျယ်ပြန့်ပြီး ခမ်းနားထည်ဝါသည့် မြို့တော်ကြီးတစ်မြို့ကို သူ မြင်တွေ့မိသည်။
ထိုမြို့ကြီးသည် တိမ်တိုက်များကို ထိုးဖောက်တော့မည့်အလား ပေပေါင်းတစ်ထောင်ခန့် မြင့်မားသည်။
အနက်ရောင် မြို့တော်ကြီးသည် ယိုယွင်းပျက်စီးနေသော်လည်း လူအများအား ပြင်းထန်သော ကြောက်ရွံ့မှုအာရုံကို ပေးစွမ်းနေပေ၏။
မြို့တော်၏အထက်တွင် နတ်ဆိုးစွမ်းအင်များတလိမ့်လိမ့်ထနေသည်။
ထိုနတ်ဆိုးစွမ်းအင်မြူခိုးများအတွင်းတွင် ကြီးမားသော ကြောက်မက်ဖွယ် အရာတချို့ ကြီးထွားနေပုံရသည်။
"ဒါ... ဒါက ဘယ်လို အခြေအနေကြီးလဲ..."
လီကျန်းချန်သည် သူ့ရှေ့ရှိ မြို့တော်ကြီးကို လက်ညှိုးညွှန်ပြရင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။
သူ၏နံဘေးရှိ အကြီးအကဲက တုံ့ပြန်အဖြေပေးလိုက်၏။
"ဂိုဏ်းချုပ်... ဒါက မိုးကောင်းကင်ကနေ ကျလာတဲ့ မြို့တော်ကြီးပါ...ဂိုဏ်းချုပ်က ဗဟုသုတ ကြွယ်ဝသူပါ... ဒီမြို့တော်နဲ့ ပတ်သက်ပြီး ဘာများ ထူးခြားတာရှိလဲဆိုတာ သိလား..."
တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် မြို့တော်အတွင်း၌ တလိမ့်လိမ့်ထနေသော နတ်ဆိုးချီစွမ်းအင်များ သက်သက်ဖြင့် လူအများကို ထိတ်လန့်ကြောက်ရွံသွားစေရန် လုံလောက်သည်။
ဤကဲ့သို့ အရာမျိုး မိုးကောင်းကင်မှ ကျရောက်လာချိန်၌ မည်သူက မထိတ်လန့်ဘဲ နေမည်နည်း။
လီကျန်းချန်သည် တုံ့ပြန်အဖြေမပေးဘဲ မြို့တော်ကြီးကိုသာ စူးစိုက်၍ ကြည့်နေလေ၏။
အချိန်တခဏကြာပြီးနောက် သူ၏မျက်နှာထား တည်ကြည်လေးနက်သွားသည်။
"ဒီလူအိုကြီး မမှားဘူးဆိုရင်... ဒါက နတ်ဆိုးမြို့တော်ပဲ..."
မြောက်ပိုင်းဒေသတစ်ခုလုံးတွင် နတ်ဆိုးများနှင့် ပတ်သက်လာလျှင် ပထမဆုံး ပြေးမြင်မိမည်မှာ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူပင်။
သို့သော် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ မျိုးဆက်များသည် နတ်ဆိုးသွေးအနည်းငယ်ကိုသာ ပိုင်ဆိုင်ထားကြ၏။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ မထွန်းကားမီအချိန်က နတ်ဆိုးများ မြေပြင်အနှံ့အပြား၌ ထင်ရာစိုင်းခဲ့ကြဖူးပြီး အလွန်အစွမ်းထက်ခဲ့ကာ အမွေအနှစ်များစွာကို ချန်ထားရစ်ခဲ့ကြသည်။
ထိုအမွေအနှစ်များအနက် လူသိများကျော်ကးဆုံးမှာ မြောက်ဘက်အစွန်အဖျားရှိ နတ်ဆိုးမြို့တော်ပင်။
လီကျန်းချန် အလွန်စိတ်ဓာတ်ကျသွားသည်။
မြို့တော်တစ်ခုလုံး၏ တည်ဆောက်ပုံနှင့် ခေတ်ကာလကြာညောင်းမှု၏ အရိပ်အယောင်များကို ကြည့်ခြင်းအားဖြင့်...
ဤသည်က ထိုနတ်ဆိုးမြို့တော်သာ ဖြစ်ပေမည်။
သူသည် ရှေးဟောင်းကျမ်းစာများထဲတွင် နတ်ဆိုးမြို့အကြောင်း ဖော်ပြထားသည့် အကျဉ်းချုံးအကြောင်းအရာများကို ကံကောင်းထောက်မစွာ တွေ့ရှိခဲ့ဖူးသည်။
ဤသည်က သူ၏ရှေ့ရှိ မြို့ကြီးနှင့် အလွန်အမင်း တူညီမှု ရှိနေပေ၏။
သို့သော် နတ်ဆိုးမြို့တော်သည် နတ်ဆိုးဖိနှိပ်ခြင်းကုန်းမြေတွင် ရှိနေသင့်သည် မဟုတ်လော....
သူ၏နယ်မြေထဲသို့ မည်သို့ ရောက်ရှိလာရသနည်း....
ဤမြို့သည် ခြေထောက်ပေါက်ပြီး ဤနေရာသို့ အလိုအလျောက် ပြေးလာခြင်း ဖြစ်နိုင်သလော....
မကြာမီ...
လီကျန်းချန်က တခြားကိစ္စတစ်ခုကို တွေးတောမိသည်။
ဒဏ္ဍာရီများအရ နတ်ဆိုးမြို့ကို တည်ဆောက်သော အစစ်အမှန်နတ်ဆိုး သေဆုံးသွားချိန်၌ သူ၏ကိုယ်ပိုင်အမွေအနှစ်ကို ချန်ထားရစ်ခဲ့သည်ဟု ဆိုကြသည်။
ထိုအစစ်အမှန်နတ်ဆိုး အမွေအနှစ်သည် ပိုင်လင်းကြောင့် မကြာသေးမီက လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပြီး လူအများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့သည်။
ဤအစစ်အမှန်နတ်ဆိုး အမွေအနှစ်သည် နတ်ဆိုးမြို့တော်အတွင်း၌ ရှိနေသလော....
အကယ်၍ ထိုအရာသာ အမှန်တကယ် ရှိနေပါက သူတို့၏ကြယ်လဂိုဏ်းအတွက်မူ အမြင့်သို့တက်လှမ်းရန် အခွင့်အရေးတစ်ခု ဖြစ်လာပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ အစစ်အမှန်နတ်ဆိုး ဆိုသည်မှာ နတ်ဘုရားများကို ယှဉ်ပြိုင်နိုင်သော တည်ရှိမှုမျိုးပင်။
သူ ချန်ထားရစ်ခဲ့သော အမွေအနှစ်သည် မည်သည့်အင်အားစုကိုမဆို ရူးသွပ်သွားစေရန် လုံလောက်ပေ၏။
...
တစ်ချိန်တည်းမှာပင်...
ကြယ်လဂိုဏ်း၏ အထက်တွင်...
ကျုံးချင်၏နတ်ဘုရားစိတ်အာရုံသည် ပျံ့လွင့်သွားပြီး ပိုင်လင်း၏တည်နေရာကို စစ်ဆေးလိုက်သည်။
မတော်တဆမှုများ မရှိပါက ပိုင်လင်းသည် မကြာမီမှာပင် ဤနေရာသို့ ရောက်ရှိလာပေမည်။
ဤနတ်ဆိုးမြို့တော်သည် သူ၏အမိန့်အရ နတ်ဆိုးစစ်သူကြီးများက နေရာချပေးထားခြင်းပင်။
မြို့၏တည်နေရာကိုလည်း သူ ဂရုတစိုက် ရွေးချယ်ထားခဲ့ပေ၏။
ဤနတ်ဆိုးမြို့တော်ကို ပိုင်လင်း ရောက်ရှိလာတော့မည့် ပတ်ဝန်းကျင်၌ အတိအကျ နေရာချထားလိုက်ခြင်းပင်။
သို့သော် သူသည် သူတစ်ပါး၏နယ်မြေကို သိမ်းပိုက်ထားသည်ဖြစ်ရာ အနည်းဆုံးတော့ ဒေသခံပိုင်ရှင်ကို နှုတ်ဆက်သင့်သည်။
ဤသို့ တွေးတောမိပြီးနောက်...
ကျုံးချင်က သူ၏နောက်ရှိ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကို ပြောဆိုလိုက်သည်။
"တစ်ယောက်လောက်သွားပြီးတော့ ဒီနေရာရဲ့ပိုင်ရှင်ကို အသိပေးလိုက်ကြစမ်း...ငါတို့က သူတို့ရဲ့ အဖိုးတန်မြေကို ရက်နည်းနည်းလောက် ငှားရမ်းအသုံးပြုဖို့ လိုအပ်တယ်လို့ ပြောလိုက်..."
"နတ်ဆိုးသခင်... ဒီကိစ္စငယ်လေးကို ကျွန်တော့်နဲ့ လွှဲထားလိုက်ပါ..."
မော့ရီက သူ၏ဆန္ဒအလျောက် ရှေ့ထွက်လာခဲ့ပေ၏။
နောက်ထပ်အချိန်တခဏတွင်...
သူသည် တောင်ပံခတ်၍ ပျံသန်းကာ ကြယ်လဂိုဏ်း၏အထက် သုံးပေခန့်အကွာသို့ ရောက်ရှိသွားသည်။
ထို့နောက် သူက ကြည်လင်ပြတ်သားသော အသံဖြင့် ပြောဆိုလိုက်၏။
"ဂိုဏ်းချုပ်က ဘယ်သူလဲ..."
သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ရပ်က တလိမ့်လိမ့်ထွက်ပေါ်လာသည်။
မော့ရီ၏ပုံပန်းသွင်ပြင်သည် လူအမြောက်အများကို သူတို့၏အောက်မေးရိုးများ ပြုတ်ကျလုမတတ် အံ့အားသင့်စေခဲ့သည်။
ဤသည်မှာ တခြားအကြောင်းအရင်းကြောင့် မဟုတ်ဘဲ သူ၏ပုံစံသည် အလွန် ရယ်စရာကောင်းနေသောကြောင့်ပင်။
လက်တဖဝါးစာလောက်သာ ရှိသော ကြက်ပေါက်လေး တစ်ကောင်...
ထိုကြက်သည် အမွှေးပွပွလေးများရှိကာ ကြည့်ရသည်မှာ အနည်းငယ် ချစ်စဖွယ် ကောင်းနေပေ၏။
သို့သော် သူ၏အရှိန်အဝါကမူ အလွန်ကြောက်မက်ဖွယ် ကောင်းသည်။
ဤသည်မှာ ကောင်းကင်ဘုံ၏စွမ်းအားအလား တလိမ့်လိမ့်ထနေသော နတ်ဆိုးစွမ်းအားများကို သယ်ဆောင်ထားသည်။
သူသည် ရှေးဟောင်း နတ်ဘုရားတောင်ကြီးတစ်လုံးကဲ့သို့ လူများအားလုံးကို ဖိနှိပ်ထားပြီး အသက်ရှူမရအောင် ပြုလုပ်ထားပေ၏။
"ဒီလူအိုကြီးပါ...အရှင်မှာ ဘာအမိန့် ပေးစရာများ ရှိနေလို့လဲ..."
ကြယ်လဂိုဏ်း၏ ဂိုဏ်းချုပ်လီကျန်းချန်သည် မတ်တတ်ထရပ်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။
သူ ထိတ်လန့်သွားခဲ့သည်။ ယခင်က ဤအရာသည် ကောင်းကင်ဘုံမှ လက်ဆောင်တစ်ခု ဖြစ်နိုင်သည်ဟု သူ တွေးထင်ခဲ့ဖူးသည်။
သို့ရာတွင်...
နောက်ထပ်အချိန်တခဏတွင် ဤကဲ့သို့ အမည်မသိ တည်ရှိမှုကြီးတစ်ခု ထွက်ပေါ်လာခဲ့ပေ၏။
အဓိကအချက်မှာ တစ်ဖက်လူထံမှ ထွက်ပေါ်နေသော အရှိန်အဝါကို ကြည့်ခြင်းအားဖြင့်...
အကယ်၍ နှစ်ဖက်ကြားတွင် ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပါက သူ၏ကြယ်လဂိုဏ်း ပျက်စီးခြင်းသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားနိုင်သည်။
သူသည် အမှန်တကယ်ကို အလွန်အမင်း စိုးရိမ်ပူပန်သွားသည်။
တစ်ဖက်လူထံတွင် မည်သည့်ရည်ရွယ်ချက်ရှိမှန်း သူ မသိချေ။
တခြားကြယ်လဂိုဏ်းသားများ၏ စိတ်နှလုံးသားထဲတွင်လည်း အဆုံးမဲ့လှိုင်းတံပိုးများ တဝုန်းဝုန်းထနေကြသည်။
ပုံပန်းသဏ္ဌာန်သည် သာမန်ဆန်ပြီး အနည်းငယ် ချစ်စရာကောင်းသော ကြက်ပေါက်လေး တစ်ကောင်က သူတို့ကို လျှို့ဝှက်ဆန်းကြယ်မှုနှင့် နက်နဲသိမ်မွေ့မှုတို့ ရောယှက်ထားသည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်မည်ဟု သူတို့ မည်သည့်အချိန်ကမျှ မျှော်လင့်မထားခဲ့ကြပေ။
ဤအစွမ်းထက်ပုဂ္ဂိုလ်ထံတွင် မည်ကဲ့သို့ ထူးခြားသော စိတ်အခြေအနေမျိုး ရှိနေသနည်း...
သူသည် အလွန်စွမ်းအားကြီးသည်မှာ သိသာထင်ရှားသော်လည်း နူးညံ့သိမ်မွေ့သော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။
ဒါက လင်းယုန်ကိုစားဖို့ ကြက်အဖြစ် ဟန်ဆောင်နေတဲ့ ဒဏ္ဍာရီလာ ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်နေမလား...
Thank For Reading.