ထျန်းချီနှင့် ကြေးနီအိုး ... ။
Vol. 76 Ch. 901
“ ထျန်းချီလေး ... မင်းငါ့ကို သတ်နေတာလား။ ”
ဤဓားသည် လောကကြီးတစ်ခုလုံးကို မှောက်လှန်ပစ်မည့်အလား ပြင်းထန်နေချေပြီ။ အချိန်များရပ်တန့်သွားသလို လေဟာနယ်လုံးဝ ပြိုကွဲသွားကာ အရာခပ်သိမ်း ဖိနှိပ်ခံနေရ၏။
ထို့ကြောင့် ခတ်လန့်တကြား အော်ဟစ်သံနှင့်အတူ ကျိယောင်၏ပုံရိပ်သည် ချက်ချင်းပင် နောက်သို့လှည့်၍ လျင်မြန်စွာ ထွက်ပြေးတော့သည်။
သို့သော် စုရီ၏ဓားချက်သည် လျင်မြန်လွန်းချေပြီ။ ပြိုင်ဘက်ကင်းလှသော ဓားရောင်ဝါသည် အာကာပြင်အတားအဆီးကို ချေဖျက်လျက် ကျိုးယောင်၏ပုံရိပ်အပေါ် အမှုန့်ဖြစ်သွားစေခဲ့၏။
“ ထျန်းချီလေး ... မင်းဦးလေးကို တကယ်ရက်စက်ဝံ့တယ်။ ”
ဤသည်မှာ ကျိယောင်၏ပုံရိပ်ကြီး မပျောက်ကွယ်ခင် ညည်းတွားသွားခဲ့သော မှတ်ချက်ပေပင်။
“ ဝုန်း ... ။ ”
အဆုံးတွင်ဓားစွမ်းအင်သည် သွေးလပေါ် ကျရောက် ပေါက်ထွက်သွားကာ ကောင်းကင်၌ အက်ကြောင်းကြီး ဖြစ်ကျန်ခဲ့တော့၏။
အချိန်အတော်ကြာပြီးနောက် ဖုန်မှုန့်များ ငြိမ်သက်သွားကာ လောကကြီးသည် ပြန်လည် တိတ်ဆိတ်သွားသည်။
စုရီက သွေးလအတွင်းရှိ အစိမ်းနုရောင်ဝတ်လုံအမျိုးသမီးနှင့် အဖိုးကြီး တို့သည် အမှန်တကယ် သေဆုံးသွားခြင်း မရှိကြောင်း နားလည်ထားသည်။
သူမတို့သည် အဝေးတစ်နေရာမှနေ၍ အာကာသဥမင်ကဲ့သို့ အာကာပြင်ကိုဖြတ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။
ဆိုလိုသည်မှာ ထိုသွေးလမင်းသည် မိုးပြာတိုက်ကြီးသို့ ကောင်းကင်ဆန္ဒကြယ်စုမှ တိုက်ရိုက်ဖောက်ထားသော ဥမင်ပေပင်။
“ ဟမ့် ... ကျိုးယောင်ဆိုတဲ့ အဲဒီဆန္ဒဝိညာဉ်က ငရဲဘုံကိုးပါးဓားရောင်ဝါကို မှတ်မိသွားတာလား စိတ်ဝင်စားစရာပဲ။ ”
စုရီတစ်ယောက် အတွေးထဲ နစ်မြုပ်သွားတော့သည်။ များမကြာခင် စုရီသည် အရေးကြီးသောအချက်တစ်ခုကို သတိရသွား၏။
ယင်းက ကျိုးယောင်သည် ထိုအစိမ်းနုရောင်ဝတ်အမျိုးသမီး အမည်ကို ထျန်းချီလေးဟု ခေါ်ဆိုသွားခြင်းပေပင်။
ကောင်းကင်ကိုးပါးနန်းတော်၏ ဂိုဏ်းချုပ်ထံတွင် ‘ထျန်းချီ’ဟုအမည်ရသော နောက်ဆုံး အမွေခံတပည့်တစ်ဦးရှိကြောင်း ငရဲဘုရင်ထံပါးမှ သူ သိထားသည်။
ထိုကောင်းကင်ကိုးပါးနန်းတော် တည်ရှိရာ ကြယ်စုကို ကောင်းကင်ဆန္ဒ ကြယ်နယ်ပယ်ဟု ခေါ်သည်။ ဤကြယ်နယ်ပယ်၏ အထွတ်အထိပ် စည်းမျဉ်းမှာ ကောင်းကင်ဆန္ဒဥပဒေဖြစ်၏။
သူတို့ဂိုဏ်းချူပ်သည် မိန်းကလေးငယ်တစ်ဦးကို ကောင်းကင်ဆန္ဒဟု ဘွဲ့ပေးအပ်ခဲ့ပြီး သုံးနှစ်အရွယ်တည်းက ဂိုဏ်းသို့ခေါ်ယူလာခဲ့၏။
ထိုအချိန်မှစ၍ ကောင်းကင်ကိုးပါး နန်းတော်၏ အကြီးအကဲများအားလုံးသည် အဆိုပါမိန်းကလေးကို ကောင်းကင်ဆန္ဒလေး ထျန်းချီလေးဟု ခေါ်ခဲ့ကြသည်။
သို့သော် ယခုမူ ထိုမိန်းကလေးသည် ကောင်းကင်ဆန္ဒဥပဒေအပြင် အခြားသော ကြယ်အဆင့်ဥပဒေတစ်ခု ပိုင်ဆိုင်နေ၏။ ယင်းသည် ရိုးရှင်းမည်မဟုတ်ချေ။
ဤသည်သာ အမှန်တရားဖြစ်သော် ချင်းဝမ်သည် ငရဲဘုံကိုးပါးဓားကိုရှာဖွေရာ၌ ထိုဂိုဏ်းချုပ်ဆိုသူချထားသည့် နယ်ရုပ်တစ်ရုပ် ဖြစ်နေနိုင်ပေမည်။
ဆိုလိုသည်မှာ ကောင်းကင်ကိုးပါး နန်းတော်၏ ဂိုဏ်းချုပ်သည် သူ မွေးဖွားရာ မိုးပြာတိုက်ကြီးတွင် ချင်းဝမ်ကိုချထားပြီး သူ့အနား ပို့ဆောင်ထားခဲ့ခြင်းဖြစ်၏။ ယင်းက စုရီကိုကျောရိုးများ အေးစက်လာစေသည်။
ချင်းဝမ်၏ ပျောက်ဆုံးနေသော မှတ်ဉာဏ်များသည် ထိုအမျိုးသမီး သို့မဟုတ် ဂိုဏ်းချုပ်ဆိုသူနှင့် သက်ဆိုင်နေနိုင်၏။
“ သခင် ... ။ "
“ တာအိုစု ... ။ ”
ထိုစဉ် ခေါ်သံများကြောင့် စုရီ၏ အတွေးစများပြတ်သွားပြီး လှည့်ကြည့်လိုက်၏။ ယွမ်ဟမ်နှင့် နင်စစ်ဟွာတို့သည် ဝမ်းသာအားရ လှမ်းတက်လာနေသည်ကို မြင်လိုက်ရသည်။
စုရီသည် သူတို့၏ပြုံးရွှင်နေသော မျက်နှာများထံကြည့်ကာ နွေးထွေးမှုဟူသည့် ခံစားချက်များ ဝင်ရောက်လာတော့၏။
***
ထျန်းချီကြယ်စု၏ ရှေးဟောင်း နယ်မြေတစ်ခုအတွင်း မြူများရစ်သိုင်းနေသည့် တောင်ထိပ်တစ်ခုပေါ်တွင် မိန်းကလေး တစ်ယောက်ထိုင်နေ၏။
“ ထျန်းချီလေး ... မင်းငါ့ကို တကယ်ဒုက္ခပေးတာပဲ။ ”
သူမဘေးရှိ ကြေးနီအိုးအတွင်းမှ ကြောက်ရွံ့နာကျင်နေသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့ကြောင့် မိန်းကလေးမှ အလိုမကျဟန်ဖြင့်၊
“ ဦးလေးကျိုးယောင် မင်းကိုဒီလောက်ထိ သူရဲဘောကြောင်လိမ့်မယ်လို့ ငါလည်းတကယ် မထင်ထားခဲ့ဘူး ... ။ ”
-ဟု ဝေဖန်လိုက်၏။
ဤမိန်းကလေးသည် ကောင်းကင်ကိုးပါးနန်းတော် ဂိုဏ်းချုပ်၏ နောက်ဆုံးတပည့် ထျန်းချီပင်ဖြစ်၏။
သို့သော် ယခုအချိန်တွင် သူမတွင် မာန်မာနနှင့် တည်ကြည်မှုများ မရှိတော့ဘဲ လိုချင်တာမရသော ကလေးမလေးတစ်ဦးကဲ့သို့ ဒေါသထွက်နေသည်။
“ သူရဲဘောကြောင်တယ် ဟုတ်လား ... မင်းဦးလေးငါ နေလိုလလို တောက်ပစဉ်တုန်းက ကြယ်ဗဟိုဒေသကြီးမှာ ဘယ်သူက ငါ့ကို သူရဲဘောကြောင်တယ်လို့ ပြောရဲသလဲ။ ”
ကြေးနီအိုးကြီးသည် တဝီဝီလည်ပြီး ကျိုးယောင်၏ဒေါသတကြီး အော်ဟစ်သံဖြင့် ဆူညံနေတော့သည်။ အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက စဉ်းစားဟန်ဖြင့်၊
“ ဒါဆို ဘာလို့ စောစောက အဲဒီလောက်အထိ ကြောက်သွားရတာလဲဆိုတာ ပြောပြလို့ရမလား။ ”
-ဟု ပြန်လည်မေးမြန်းလိုက်၏။
ကြေးနီအိုးအတွင်းမှ ကျိုးယောင်သည် တိတ်ဆိတ်သွားလေသည်။ အတန်ကြာမှ သူက သက်ပြင်းချကာ ပြန်ဖြေ၏။
“ မင်းဦးလေးငါက ကြောက်ရုံတင် မဟုတ်ဘူး ... သေမတတ် ထိတ်လန့်သွားတာပါ မဟုတ်ဘူး ငါ့ကို ဒီလိုမကြည့်မဲ့ အရင်က ကျိန်ဆိုထားတဲ့ ကတိတစ်ခုကြောင့် ...
... ဒီအကြောင်း မင်းကိုငါ လုံးဝပြောပြလို့မရဘူး ဒါပေမယ့် ငါပြောနိုင်တာ တစ်ခုတော့ရှိတယ် ။ ”
ဤနေရာအရောက်တွင် ကျိုးယောင်၏ လေသံသည် ရုတ်တရက် လေးနက်လာခဲ့ပြီး၊
“ နောက်နောင် မင်း ... အဲဒီဓားသမားနဲ့ ရန်မဖြစ်ပါနဲ့ ... ဘယ်လို အကြောင်းပြချက်ပဲရှိရှိ သူ့ကိုရန်သူအဖြစ် မရွေးချယ်နဲ့၊ ဘယ်သူ့အမိန့်ပဲ ဖြစ်နေပါစေ လုံးဝစိတ်မကူးနဲ့။ ”
-ဟု ပြင်းထန်စွာ သတိပေးလိုက်သည်။
မိန်းကလေး၏ မျက်ဝန်းများ မှေးစင်းသွားကာ၊
“ ဆရာ့ရဲ့ အမိန့်ဆိုရင်တောင်လား။ ”
-ဟု စမ်းသပ်မေးကြည့်လိုက်၏။ ကြေးနီအိုးကြီးအတွင်းမှ ကျိုးယောင်အသံသည် ခဏမျှတိတ်ဆိတ်သွားပြီးမှ၊
“ မင်းဆရာဆိုရင်တော့ မင်းကိုယ်တိုင်ပဲဆုံးဖြတ်ပါ။ ”
-ဟု တုန့်ပြန်လိုက်၏။
မိန်းကလေးမှာ အံ့အားသင့်သွားသည်။ ဤကဲ့သို့သော အဖြေမျိုးရလိမ့်မည်ဟု သူမပင် မထင်ထားခဲ့ချေ။
“ အဲဒီလူက အစွမ်းထက်ပေမယ့် ငါတို့ကြားမှာ အာကာသအတားအဆီး တစ်ခု ရှိနေတယ် မဟုတ်လား ဒီနေ့က ငါ့စွမ်းအား (၂၀)ရာခိုင်နှုန်းတောင် မထုတ်နိုင်ခဲ့ဘူး ... ငါတို့သာ တကယ်တိုက်မယ်ဆိုရင် ... ။ ”
“ ထျန်းချီလေး ... နင် ... နင့်ဆရာကို အနိုင်တိုက်နိုင်တယ်ပြောရင် ငါယုံနိုင်လိမ့်မယ် ဒါပေမယ့် အဲဒီဓားသမားနဲ့ ရင်ဆိုင်ရင်တော့ ...
... အနိုင်ရလောက်တယ်ဆိုတဲ့ ... စိတ်ကူးမျိုးကို လုံးဝမထည့်နဲ့ ... မှတ်ထားပါ ... သူနဲ့ လုံးဝမတိုက်နဲ့။ ”
ဤတစ်ကြိမ်၌ မိန်းကလေးသည် အလွန်အံ့အားသင့်လာပြီး မျက်နှာအသွင်အပြင် ပြောင်းလဲသွား၏။ ဦးလေးကျိုးယောင်သည် ဤနှစ်များတလျှောက် သူမ၏ဆရာအပေါ် လုံးဝလေးစားခြင်းမရှိခဲ့ချေ။
သို့သော် ယခုမှမြင်ဖူးသော တစ်ဖက်လူကို ဘိုးဘေးတစ်ဦးကဲ့သို့ ကြောက်ရွံ့ထိတ်လန့်နေ တော့၏။
“ ဒါပေမယ့် ရွှမ်ဟွမ်ကြယ်စုကိုသွားဖို့ ဆုံးဖြတ်ထားတယ်။ ”
“ ဟမ့် ... ဘာသွားလုပ်မလို့လဲ။ ”
“ ငါ့ရဲ့ တစ်ဝက်ကို ပြန်သွားယူမလို့။ ”
“ ဒါက ... ။ ”
“ မတားနဲ့ ... ငါ့ကျင့်ကြံမှုက ထုံရှောက်အဆင့်မှာ နှစ်ပေါင်းသုံးသောင်းကြာ ပိတ်မိနေခဲ့တယ် အဲဒီတစ်ဝက်ကိုသာ ငါ ပြန်မယူနိုင်ရင် ကွေ့ယီအဆင့် ...
... တက်ရောက်တဲ့အခါ တာအိုမှာ အားနည်းချက်တွေရှိလာလိမ့်မယ် အဲဒီလိုဆိုရင် နယ်ပယ်ဘုရင်အဆင့်ဟာ ငါ့အတွက် လမ်းအဆုံးသတ်ဖြစ်သွားလိမ့်မယ်။ ”
သူမ စကားကြောင့် ကျိုးယောင်က အသက်ခပ်ပြင်းပြင်းရှူကာ၊
“ ဒါပေမဲ့ နင်လည်းမြင်တဲ့အတိုင်းပဲ အဲဒီဓားသမားက နင့်ရဲ့တခြားတစ်ဝက်ဘေးမှာ ရှိနေတာမဟုတ်လား။ ”
-ဟု သတိပေး၏။
“ ဒါပေမယ့် သူနဲ့ ရန်မဖြစ်မိအောင် ကြိုးစားပါ့မယ် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားကြည့်မယ်။ ”
မိန်းကလေးက ပြတ်သားစွာဆိုလျက် တွန့်ဆုတ်နေသော ကြေးနီအိုးကြီးကိုလက်ဖြင့် ပိတ်ကိုင်လိုက်ပြီး၊
“ ဦးလေးကျိုးယောင် ... မင်းငါ့ကိုကူညီပေးစေချင်တယ်။ ”
-ဟု ပြောကြားလိုက်သည်။ ကြေးနီအိုးကြီးခမျာ တိတ်ဆိတ်သွားတော့၏။ အချိန်အတော်ကြာမှ သူက ပြန်မေးသည်။
“ နင်ဘာလို့ နင့်ဆရာဆီ မသွားတာလဲ။ ”
“ ဦးလေးကျိုးယောင် ... အရာခပ်သိမ်း ဆရာ့ရဲ့အစီအစဉ်အတိုင်း ငါ မလုပ်ချင်တော့ဘူး ငယ်ငယ်တည်းက လျှောက်ခဲ့တဲ့ ခြေလှမ်းတိုင်း ဆရာ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေခဲ့ရတာ ...
... အရင်က ဂရုမစိုက်ခဲ့ပေမယ့် အခုတော့ ကိုယ့်ကံကြမ္မာကို သူတစ်ပါးက စီမံနေတာမျိုး ငါ လုံးဝမကြိုက်တော့ဘူး ဒီတစ်ခါ ငါ့ဆန္ဒ အတိုင်းပဲ လုပ်ကြည့်ချင်ပါတယ်။ ”
သူမ၏ လေသံနှင့်အမူအရာသည် အလွန်တည်ငြိမ်နေပြီး ခိုင်မာလွန်းနေသည်။ ကျိုးယောင်သည်လည်း၊
“ ကောင်းပြီ ... ငါ့ကိုအဲဒီဓားသမားနဲ့ မတိုက်ခိုင်းသရွေ့ နင်ဘာလုပ်လုပ် မင်းဦးလေး ငါ ကူညီမယ်။ ”
-ဟု ပြန်ဖြေလာ၏။
“ ဝှစ် ... ။ ”
ထို့နောက်တွင် ထျန်းချီသည် ကြေးနီအိုးကိုလက်ဖြင့်ပင့်ကာ ကောင်းကင်ပေါ် ချက်ချင်းပျံတက်လိုက်တော့သည်။
သူတို့ ထွက်ခွာသွားပြီးနောက် ထိုတောင်ထိပ်တွင် လူနှစ်ဦး ပေါ်လာခဲ့သည်။ တစ်ဦးသည် ဝတ်ရုံစိမ်းနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားဖြစ်ပြီး ကျန်တစ်ဦးသည် ဝတ်လုံအနှံ့ အဖာအထေးများပါရှိသော ဆံပင်ဖြူဖြူနှင့် တာအိုအဖိုးကြီးတစ်ပါးဖြစ်၏။
“ ထျန်းချီလေး အရွယ်ရောက်လာပြီ ... သူ့ကံကြမ္မာကို သူကိုယ်တိုင်ဖန်တီးချင်နေပြီ ဝမ်းသာစရာပါပဲ ဒါပေမယ့် ဒီနည်းလမ်းတွေက အန္တရာယ်များလွန်းတယ် မဟုတ်လား ... ။ ”
တာအိုဘုန်းကြီးက တိုးတိုးလေးပြော၏။
“ အန္တရာယ်လား ... ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ထျန်းချီထွက်သွားရာ အာကာပြင်ထဲငေးလျက်၊
“ သူမကို ဂိုဏ်းထဲ ခေါ်လာတည်းက ဒီလိုနေ့မျိုး တစ်နေ့ရောက်လာမယ်ဆိုတာကို ငါသိထားပါတယ် ဒီခရီးစဉ်မှာ သူမ ...
... အောင်မြင်ခဲ့ရင် သူမရဲ့ ဝိညာဉ်နဲ့ခန္ဓာကိုယ်ဟာ ပြည့်စုံသွားလိမ့်မယ် အဲဒီအချိန်မှာ သူမရဲ့မူလကိုလည်း သိခွင့် ရနိုင်မယ်။ ”
-ဟု တုန့်ပြန်ပြောကြားလိုက်၏။
“ တကယ်လို့ မအောင်မြင်ခဲ့ရင်ကော။ ”
ဤတစ်ကြိမ်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားမှပြန်မဖြေတော့ဘဲ ဆန်းကြယ်သော စကားတစ်ခွန်းကို ဆိုလာခဲ့သည်။
“ ဒါက ... ဂိုဏ်းချုပ်ကို သူမ ပေးဆပ်ရမယ့်အကြွေးပဲ ... ပြီးတော့ ငါ့ကိုလည်း ချွင်းချက်မရှိပါ။ ”
တာအိုဘုန်းကြီးတစ်ယောက် လုံးဝ ဇဝေဇဝါဖြစ်သွားပြီး ကြောင်အသွားလေသည်။ သို့သော် မေးခွန်းများဆက်မမေးတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်တော့၏။
“ အဲဒီကြယ်ကိုးပါးက ... ။”
“ ဒါက ကြယ်ကိုးပါးရဲ့ ရွေးချယ်မှုပဲ ... ဘယ်လမ်းကိုရွေးချယ်ပါစေ သက်ဆိုင်ရာတန်ဖိုး တစ်ခု ... သူ ပေးဆပ်ရလိမ့်မယ်။ ”
တစ်ဖက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းကို အနည်းငယ်ခါယမ်းပြီး သူ့စကားကို ဖြတ်ပြောလိုက်၏။ ထို့နောက် တာအိုဘုန်းကြီးထံ ပြန်ကြည့်ကာ၊
“ အဘိုးကြီး ... အပ်ချုပ်သမားက အစီအစဉ်တွေကိုစလုပ်နေပြီ မင်းအတွက် နောက်ထပ် တာဝန်တစ်ခုရှိတယ်။ ”
-ဟု စကားဝိုင်းကို အဆုံးသတ်လိုက်တော့၏။
ဆံပင်ဖြူဖြူနှင့် တာအိုအဘိုးအိုခမျာ နှလုံးသားများတုန်ခါသွားပြီး ခေါင်းညိတ်ကာ ချက်ချင်းသဘောတူလိုက်ရသည်။
“ ဝှစ် ... ။ ”
ထို့နောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် လေထဲသို့လှမ်းတက်လိုက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။
“ ဟမ့် ... ဂိုဏ်းချုပ်ရဲ့ အရှိန်အဝါက အရင်ကထက် ပိုပိုပြီးကြောက်စရာ ကောင်းလာ ပါလား ... ဒါက ကိုယ်ပွားလေးဆိုပေမယ့်လည်း ငါ့ကိုအများကြီး ဖိအားပေးနေတယ် ...
... အခုထိ တံခါးပိတ်ကျင့်ကြံနေတဲ့ သူ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်ကတော့ ဒဏ္ဍာရီလာ အင်မော်တယ်လမ်းပေါ်ကို ရောက်နေပြီလားလို့ ငါတွေးမိပါတယ် ... ။ ”
***