ဧကရာဇ်ရှထံ သွားရောက်ခြင်း။
Vol. 76 Ch. 902
“ ထျန်းချီလေး ... မင်းမြင်ပြီလား ... မင်းရဲ့ခြေရာတွေကို မင်းရဲ့ဆရာသခင်ဆီကနေ လုံးဝဖုံးကွယ်ထားလို့မရဘူး။ ”
ကြယ်ပင်လယ်အတွင်း၌ ကြေးဝါအိုးတစ်လုံးက အလင်းရောင်များကို ထုတ်လွှတ်လိုက်ပြီး မြင်ကွင်းတစ်ခုအဖြစ် ပေါင်းစပ်ပေးလေသည်။
မြင်ကွင်းသည် အသက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် ဆံပင်ဖြူဖြူ တာအိုအဖိုးကြီးတို့ ရပ်နေသည့် မြင်ကွင်းဖြစ်၏။
“ ဒီတစ်ခါတော့ ငါ့ရဲ့ဆန္ဒအတိုင်း လုပ်ဆောင်ချင်တယ်လို့ ပြောခဲ့တာပဲ ဆရာက ဒါကိုကြားသိသွားပြီး ရပ်တန့်ဖို့ မကြိုးစားခဲ့ဘူး မဟုတ်လား ဒီလောက်ပါပဲ။ ”
ထျန်းချီက တိုးတိုးလေးပြောသည်။ သက်လတ်ပိုင်းလူရွယ်သည် သူမ ဆရာဖြစ်ပြီး ကောင်းကင်ကိုးပါးနန်းတော်၏ ဂိုဏ်းချုပ်လည်း ဖြစ်ချေပြီ။
သူ့ဘေးရှိ တာအိုအဖိုးကြီးသည် ပထမကောင်းကင်လွတ်မြောက်သူ မင်ယောင်း ပေပင်။
“ ဟမ့် ဒီကိစ္စတွေကို မင်းရဲ့ ဆရာက ခန့်မှန်းပြီးသားဆိုရင်ရော ... ဒါဆို မင်းရဲ့ဒီကနေ့ ရွေးချယ်မှုကလည်း သူ့ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိနေတာ မဟုတ်ဘူးလို့ မင်းပြောဝံ့လား။ ”
ကြေးနီအိုးအတွင်းမှ အသံကြောင့် ထျန်းချီတစ်ယောက် အံ့အားသင့်သွားပြီးနောက် ကြောင်အသွားလေသည်။
“ ဒါတွေအားလုံးကို သူခန့်မှန်းနိုင်ခဲ့တာ ဖြစ်နိုင်ပါတယ် ဒါပေမယ့် တကယ်လို့ ခန့်မှန်း နိုင်ရင်တောင် ဦးလေးကျိုးယောင်က သူ မမျှော်လင့်ထားတဲ့ ကိန်းရှင်တစ်ခုပဲ ...
... ဦးလေးကျိုးယောင်သာ ငါ့ဘေးမှာ ရှိနေသရွေ့ ဆရာက နောင်မှာဘာဆက်ဖြစ်မလဲ ဆိုတာကို ခန့်မှန်းနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ”
“ ဟဲဟဲ ... မင်းပါးစပ်က အရမ်းချိုတယ်။ ”
ကြေးနီအိုးကြီးက သဘောကျစွာ ရယ်မောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် မင်းရဲ့ဆရာကို လျှော့မတွက်နဲ့ ... အပ်ချုပ်သမားလှည့်ကွက်က ပြိုင်ဘက်ကင်းတယ်ဆိုပေမယ့် ကြယ်တွေ ပြည့်နေတဲ့ ဗဟိုဒေသကြီးမှာ ...
... မင်းရဲ့ဆရာလောက် လျှို့ဝှက်လွန်းတဲ့လူကို မမြင်ခဲ့ဖူးဘူး သူ့ကို ငါတောင်မမြင်နိုင်ဘူး။ ”
ထို့နောက် ကျိုးယောင်းအသံသည် တိုးညှင်းသွားပြီး၊
“ ထျန်းချီလေး ... မင်းကြီးပြင်းလာတာ ငါမြင်ခဲ့တယ် ဒါကြောင့် မင်းရဲ့ဆရာမှာမင်းကို တပည့်အဖြစ်ခေါ်ယူတာက လျှို့ဝှက်ချက်တွေ ရှိနေတယ်လို့ ငါပြောနိုင်တယ် ...
... သူက မင်းအတွက် လုပ်နေတာ မဟုတ်ဘူး သူ ... မင်းကိုနယ်ရုပ်တစ်ခုလိုမျိုး အသုံးချချင်နေတာလို့ ငါသတိပေးတယ် ...
... ဒါပေမယ့် မင်းနားမထောင်ခဲ့ဘူး ငါက မင်းနဲ့ မင်းဆရာကြား သဘောထားကွဲလွဲအောင် ဖန်တီးဖို့ ကြိုးစားနေတယ်လို့ မင်းထင်နေတယ် ဘာလို့လဲဆို တာအိုကို လွှဲပြောင်းပေးတဲ့ ...
... နေရာမှာ မင်းရဲ့ဆရာက မင်းကို ဘာမှမဖုံးကွယ်ခဲ့သလို မင်းကိုလည်း တစ်ခါမှ မနှိပ်စက်ခဲ့ဖူးဘူး ဟုတ်တယ်မလား။ ”
ထျန်းချီ၏ မျက်ခုံးများ တဖြည်းဖြည်း တွန့်ကွေးသွားပြီး မကျေမနပ်ဖြစ်နေကြောင်း ထင်ရှားလာသည်။ ယင်းကို ခံစားမိသော ကျိုးယောင်က၊
“ မင်းငါ့ကို စိတ်ဆိုးရင်တောင် ငါပြောစရာရှိတာကို ပြီးဆုံးအောင်ပြောရမယ် ဒီနှစ်တွေတစ်လျှောက်လုံးမှာ မင်းရဲ့ဆရာက သူ့လက်ကို ဘယ်တုန်းကမှ မပြခဲ့ဘူး ...
... အဲဒါက အချိန်မကျသေးဘူးလေ။ ဒါပေမယ့် ဒီတစ်ခါကတော့ ကွဲပြားသွားပါပြီ ငါမမှားရင် အဲဒီဓားသမားဟာ လောကသခင် ပြန်ဝင်စားသူဆိုတာ သေချာသလောက်ပဲ။ ”
-ဟု ပြောကြားလိုက်၏။ ထျန်းချီ၏ မျက်ဝန်းများတွင် တည်ငြိမ်မှုဆုံးရှုံးသွားခြင်းဖြင့် ရုတ်တရက် မှေးစင်းသွားလေသည်။
“ လူသားနန်းတော်လား။ ”
ဤသို့ ဒဏ္ဍာရီဆန်ဆန်၊ ထူးကဲလှသည့် တည်ရှိမှုအကြောင်း သူမ ကြားထားဖူးသည်။ ကြေးနီအိုးကြီးက ဆက်ပြော၏။
“ မင်းရဲ့တစ်ခြမ်းက နန်းတော်သခင် ဝင်စားသူဘေးမှာ ပြန်ပေါ်လာနေတယ် အဲဒါကို တိုက်ဆိုင်မှုလို့ မင်းထင်နေလား မင်းသေချာ စဉ်းစားသင့်ပြီ။ ”
ထို့နောက်တွင် ကြေးဝါရေနွေးအိုးသည် လုံးဝတိတ်ဆိတ်သွား၏။ ထျန်းချီသည်လည်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊
“ အဲဒါက ပိုကောင်းပါတယ် ... ငါလည်းဒီအဖြေကိုအမြဲတမ်း လိုချင်နေခဲ့တာပဲ။ ”
-ဟု ရေရွတ်လိုက်တော့သည်။
***
ဥက္ကာခဲတွင်းနက်ကြီးအတွင်း စုရီသည် ကုတင်ပေါ်လဲလျောင်းနေသော ချင်းဝမ်ဘေး၌ ရပ်နေသည်။ နင်စစ်ဟွာက ချင်းဝမ်၏ အခြေအနေများကို ရှင်းပြ၏။
စုရီက ခေါင်းညိတ်ပြကာ၊
“ မင်းတို့ အပြင်မှာ ခဏစောင့်နေကြပါ။ ”
-ဟု ပြောကြားပြီး သူနှင့် ချင်းဝမ်သာ ကျန်ရစ်စေလိုက်တော့သည်။
“ မင်းက ငါ့ကိုဒုက္ခပေးဖို့ လာတာလား ထျန်းချီနဲ့မင်း တစ်ယောက်တည်းလားဆိုတာ ကောင်းကင်ကိုးပါးနန်းတော် ဂိုဏ်းချုပ်ပဲ သိလိမ့်မယ် ထင်တယ်။ ”
ထို့နောက်တွင် ကုတင်ပေါ်၌ သတိလစ်မေ့မျောနေသော ချင်းဝမ်ကိုကြည့်ကာ တစ်ဦးတည်း ရေရွတ်လိုက်၏။
“ ဘာပဲဖြစ်ဖြစ် ... မင်းနဲ့ငါဟာ ကုတင်တစ်ခုတည်းမှာ အတူအိပ်ပြီး တာအိုကို ကျင့်ကြံထားပြီးပြီမို့ မင်းဟာချင်းဝမ်ပဲ ...
... တစ်စုံတစ်ယောက်ရဲ့ ကစားကွက်ထဲက နယ်ရုပ်တစ်ရုပ် မဟုတ်စေရဘူး ဒီကံကြမ္မာဟာ မင်းရဲ့ပြဿနာဆိုပေမယ့် ငါ့ဆီဦးတည်နေတာမို့ ငါကိုယ်တိုင် ဖြေရှင်းပေးပါ့မယ်။ ”
အဆုံးတွင် စုရီသည် ဖိနပ်ကိုချွတ်ပြီး ကုတင်ပေါ်သို့ ညင်သာစွာတက်လိုက်သည်။
ထို့နောက် ချင်းဝမ်ကို ထိုင်လျက် အနေအထားဖြစ်အောင် ပွေ့ထူလိုက်ပြီး သူမ၏ ကျောပြင်ထက်သို့ လက်ဝါးနှစ်ဖက်ဖြင့်ဖိကာ တာအိုဥပဒေများပို့လွှတ်လိုက်၏။
လျှို့ဝှက်ဆန်းပြားသော တံဆိပ်စွမ်းအား ထွက်ပေါ်လာပြီး နတ်အာရုံလမ်းပြမှုနှင့်အတူ ချင်းဝမ်ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။
ဤသည်မှာ ဝိညာဉ်ရှာတံဆိပ်ဖြစ်၏။ စိတ်ဝိညာဉ်လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်သည်။ ဤပညာရပ်ကိုအသုံးပြုခြင်းဖြင့် တစ်စုံတစ်ဦး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အတွင်းရှိ အရာအားလုံးကို ထိုးဖောက်မြင်နိုင်သည်။
အချိန်အတော်ကြာရှာဖွေပြီးနောက် စုရီတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ ချင်းဝမ်သည် နှစ်လခန့်ကြာအောင် ထူးဆန်းစွာ မေ့မြောနေသော်လည်း စစ်ဆေးကြည့်ရာတွင် မည်သည့်ထူးခြားမှုကိုမျှ မတွေ့ရချေ။
“ ငါ့ရဲ့ စွမ်းအားက သူမခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့လျှို့ဝှက်စွမ်းအားထက် နိမ့်ကျနေလို့ ရှာမတွေ့တာလား ... ။ ”
ခေတ္တမျှစဉ်းစားပြီးနောက် ငရဲဘုံကိုးပါးဓားရောင်ဝါကို အသုံးပြုရန်အတွက် ဆုံးဖြတ်ချက် ချလိုက်သည်။
ငရဲဘုံကိုးပါးဓားရောင်ဝါသည် ပြင်းထန်လွန်းသဖြင့် များစွာဂရုစိုက်ရ၏။ မဟုတ်သော် ချင်းဝမ်ကို တစ်စစီ ဖျက်ဆီး ပစ်နိုင်ပေမည်။
ထိုခဏ၌ ချင်းဝမ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာတွင် လျှို့ဝှက်လွန်းသော တံဆိပ်တစ်ခုပေါ်လာ၏။ ၎င်းသည် အေးစက်ပြီး ထူးဆန်းသော ‘မျက်လုံး’တစ်လုံးပေပင်။
စုရီက ၎င်းမျက်ဝန်းအပေါ် ငရဲဘုံကိုးပါးဓားရောင်ဝါဖြင့် ချက်ချင်း ဖိနှိပ်ပစ် လိုက်တော့၏။
“ အ ... ။ ”
ချင်းဝမ်၏ နှုတ်ခမ်းဖျားမှ နာကျင်သော ညည်းတွားသံထွက်ပေါ်လာပြီး တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာခဲ့သည်။ သို့သော် စုရီမှ မရပ်တန့်ခဲ့ချေ။
ထိုတံဆိပ်ကို မဖိနှိပ်နိုင်ပါက အခြားသောချင်းဝမ်တစ်ယောက်သည် သူမကို တစ်ချိန်လုံး လွှမ်းမိုးနေပေလိမ့်မည်။
“ အ ... သေစမ်း။ ”
တစ်ချိန်တည်းမှာပင် ဝေးကွာလှသော ကြယ်ပင်လယ်ပြင်၌ လှေငယ်တစ်စင်းပေါ်တွင် လိုက်ပါလာသော ထျန်းချီသည် ရုတ်တရက် နာကျင်စွာ တုန်လှုပ်သွားသည်။
“ ဦးလေးကျိုးယောင် ... တစ်ယောက်ယောက်က ငါ့ရဲ့ဝိညာဉ်သန္ဓေ တံဆိပ်ကို ဖိနှိပ်နေတယ်။ ”
အံကြိတ်လျက် အစွမ်းကုန် ပြန်လည်ခုခံသော်လည်း အချည်းနှီးပေပင်။ လှေဦးရှိ ကြေးဝါအိုးအတွင်းမှ ကျိုးယောင်၏ အသံထွက်ပေါ်လာသည်။
“ မရုန်းကန်ပါနဲ့တော့ ... ဒီတံဆိပ် ထိခိုက်သွားရင် မင်းပါ ထိခိုက်သွားလိမ့်မယ် ဒါ အဲဒီဓားသမား လက်ချက်ပဲ ဖြစ်ရမယ် ...
... သူက မင်းရဲ့လွှမ်းမိုးမှုတွေ အခြားတဝက်အပေါ် သက်ရောက်မှုလုံးဝ မရှိတော့အောင် တံဆိပ်ခတ်နေတာပဲ။ ”
ထျန်းချီမှ အသက်ပြင်းပြင်းရှူကာ ခါးသီးလာတော့၏။
“ ငါ ငြင်းဆန်လို့မရတော့ဘူး ... တစ်ဖက်လူရဲ့စွမ်းအားက အရမ်းကြီးမားတယ် တံဆိပ်ကို လုံးဝ ပိတ်လှောင်လိုက်ပြီ ... ။ ”
“ ဒါက ကောင်းတဲ့အချက်ပဲလေ ... လောကသခင်က တံဆိပ်ကို ဖျက်ဆီးမပစ်ဘဲ ချိပ်ပိတ်ရုံပဲ လုပ်တာဆိုတော့ သူနဲ့ မင်းရဲ့ တခြားတစ်ဝက်ကြားမှာ ပတ်သက်မှုက ...
... သာမန်မဟုတ်ဘူးဆိုတာ ... သေချာနေတယ် နောက်ဆိုရန်ဖြစ်ရင်တောင် သူ မင်းကိုသတ်မှာမဟုတ်ဘူး။ ”
ကျိုးယောင်က နှစ်သိမ့်လိုက်သည်။ ထျန်းချီကရှက်ရွံ့စွာဖြင့် နဖူးကို လက်နှင့်အုပ်ပြီး ညည်းတွား၏။
“ ဦးလေးကျိုးယောင် ... ဦးလေး အရမ်းပြောင်းလဲသွားပြီ ဒီလောကသခင်အပေါ် ကြောက်နေတာက ကြက်ကလေး တစ်ကောင်လို ဖြစ်နေပြီ။ ”
“ ဟမ့် ... သူ ငါ့အပေါ် ထျန်းချီလေး ပြောသလို ကြက်ကလေးတစ်ကောင်အဖြစ်သာ မြင်နေရင်ကို တကယ်ကံကောင်းတယ် မဟုတ်ရင် ငါ့ကိုယ်ငါ ယင်ကောင်တစ်ကောင် အဖြစ် အမြဲခံစားနေရတာ။ ”
ထိုစကားကြောင့် ထျန်းချီတစ်ယောက် ကူကယ်ရာမဲ့သွားတော့သည်။ သူမဦးလေးသည် လုံးဝကျောရိုးမရှိတော့ချေ။
ဥက္ကာခဲတွင်းနက်ကြီးအတွင်း၌ စုရီက ချင်းဝမ်ကိုစောင်ခြုံပေးပြီးနောက် ပြန်လည် ထွက်ခွာလာခဲ့သည်။
ဤသည်မှာ မွေးရာပါ ဝိညာဉ်သန္ဓေသားတံဆိပ်ပေပင်။ ချင်းဝမ်၏ မျိုးရိုးသည် ရိုးရှင်းပုံမရနိုင်။
ယခင်ဘဝ မှတ်ဉာဏ်များအရ ထိုသို့ မွေးရာပါတံဆိပ်တစ်ခုပါရှိသော လူမျိုးစုတစ်စု ရှိကြောင်းကို ပြန်ပြောင်းတွေးနေမိသည်။
အခန်းပြင်သို့ ထွက်လိုက်သောအခါ ဝမ်လင်ရွှယ်၊ ချာကျင်နှင့် အခြားသောမိတ်ဆွေ များစွာက စိုးရိမ်တကြီး စောင့်နေကြ၏။
“ အစ်ကိုစု ... ချင်းဝမ် ဘယ်လိုနေသေးလဲ။ ”
“ အဆင်ပြေသွားပါပြီ ... လာ ... ငါတို့သောက်ပွဲကျင်းပရအောင်။ ”
နှစ်အနည်းငယ် ခွဲခွာခဲ့ရသော မိတ်ဆွေဟောင်းများ ပြန်လည်ဆုံတွေ့ခြင်း ဖြစ်သဖြင့် ပျော်ရွှင်စရာ ကောင်းလှသည်။
စုရီမှ သူတို့အားလုံးကို အရိုင်းမြေသို့ ခေါ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်းကို ပြောကြားလိုက်သည်။ ဤအရပ်တွင် ဆက်၍ ထားရှိခဲ့သော် သူတို့သည် အနာဂါတ်တွင် ကြယ်ဗဟိုဒေသမှလာသော မုန်တိုင်းဒဏ်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
“ အစ်ကိုစု ... လွန်ခဲ့တဲ့ရက်ပိုင်းက ဧကရာဇ်ရှတစ်ယောက် ရောက်လာသေးတယ် သူက အစ်ကိုစုသတင်းမေးပြီး ... စိတ်ပျက် လက်ပျက်နဲ့ ပြန်သွားတယ် ကြည့်ရတာ တစ်ခုခု ဒုက္ခရောက်နေပုံပဲ။ ”
စုရီက ခေါင်းညိတ်သည်။
“ ငါတို့ကြားမှာ ခင်မင်မှုရှိပါတယ် ... မနက်ဖြန် ငါတို့မထွက်ခွာခင် ဝင်တွေ့ရအောင် တကယ်လို့သာ သူမှာ အခက်တွေ့နေရင်လည်း ကူညီပေးရတာပေါ့။ ”
နောက်တစ်နေ့ နံနက်တွင် စုရီသည် မိတ်ဆွေများအားလုံးကို မိုးပြာမျိုးစေ့အတွင်း၌ နေရာချထားပေးပြီး ဥက္ကာခဲတွင်းနက်ထံမှ ထွက်ခွာလာခဲ့သည်။
ခဏအကြာတွင် စုရီတစ်ယောက် မဟာရှနိုင်ငံ၏ မြို့တော်ကြီးဖြစ်သော ဆေးအိုး ကိုးပါးမြို့တော်အပြင်ဘက်တွင် ပြန်ပေါ် လာတော့သည်။
***