ကြယ်ဗဟိုဒေသမှ မုန်တိုင်းကြီး(၁) ..
Vol. 76 Ch. 904
ခုနစ်ရက်ကြာပြီးနောက် စုရီတစ်ယောက် အရိုင်းမြေကိုးပါးသို့ ပြန်လည်ရောက်ရှိလာ၏။ သူ မရှိခိုက်တွင် ကျင်းရှင်းနှင့် ဝမ်ချွယ်တို့သည် ကောင်းကင်လှိုဏ်ဂူကို ကောင်းမွန်စွာ စောင့်ရှောက်ထားသည်။
ထို့နောက် မိုးပြာမျိုးစေ့အတွင်း ခေါ်ဆောင်လာခဲ့သောချာကျင်၊ ဝမ်လင်ရွှယ်နှင့် မိတ်ဆွေများအားလုံးကိုထုတ်ကာ နေရာချထား ပေးရန် တောင်းဆိုလိုက်သည်။
“ ဒီနေရာက... တကယ့်ကို နတ်ဘုရားတွေနေတဲ့ နေရာအတိုင်းပဲ။ ”
ဝမ်လင်ရွှယ်က တောင်တန်းကြီး တစ်လျှောက်ကြည့်ရှုနေရာမှ ညည်းတွား ရေရွတ်လိုက်သည်။ အခြားသူများသည်လည်း သူမနှင့် ထပ်တူပေပင်။
သူတို့သည် မိုးပြာတိုက်ကြီးတွင်သာ ကြီးပြင်းရသဖြင့် လက်ရှိမြင်ကွင်းများသည် အံ့သြမဆုံးနိုင်ချေ။
အရိုင်းမြေသည် ရွှမ်ဟမ်ကြယ်စု၏ ဗဟိုချက်တစ်ခုဖြစ်ပြီး ကောင်းကင်လှိုဏ်ဂူသည် ကျင့်ကြံခြင်းသုခဘုံပေပင်။
ဤနေရာတွင် မျိုးနွယ်စုပေါင်းစုံ ရှင်သန်ထွန်းကားနေပြီး ဧကရာဇ်အဆင့် ကျင့်ကြံသူများသည် မိုးတိမ်များအလား များပြားလှသည်။
ကောင်းကင်လှိုဏ်ဂူသည် ရတနာ နယ်မြေများအနက် ထိတ်တန်းအဆင့်ဝင်၏။ သာမန်လူများအတွက်မူ ဤနေရာသို့ ခြေချခွင့် ရခြင်းသည် ကောင်းကင်ဘုံသို့ တက်လှမ်းရ သည့်အလား ကံကောင်းမှုပေပင်။
“ ကြည့်စမ်း ... ဒီရေကန်ထဲမှာ ရှိနေတာတွေက သန့်စင်လွန်းတဲ့ဝိညာဉ်စွမ်းအင် အနှစ်သာရတွေပဲ ... ရေကန်တဝိုက်မှာလည်း နတ်ဆေးပင်တွေ ပေါက်နေတယ် ရွှေရောင် နဂါးငါးတွေလည်း ရှိတယ်။ ”
ယွမ်ဟမ်က အံ့အားသင့်စွာ ပြောသည်။ နင်စစ်ဟွာသည်လည်း တောင်တန်းများကြားမှ ထွက်ပေါ်နေသော နတ်ဘုရားရောင်ဝါများကို ကြည့်ကာ ငေးမောနေ၏။
လူတိုင်းသည် မိမိကိုယ်ကိုယ် ရေတွင်းထဲကဖားသူငယ်များဖြစ်မှန်း ခံစားလာ ရစေသည်။
ထိုစဉ် ရင်ချွဲသည် ကျောက်ဆောင်ကြားမှ ပေါက်နေသော မီးလျှံကဲ့သို့နီရဲနေသည့် ဆေးပင် တစ်ပင်ကိုမြင်ကာ မျက်လုံးပြူးသွား၏။
“ ဒါ ... ဒါက နဂါးတံတွေးမြက် မဟုတ်လား။ ”
သူမဘေးမှ လိုက်လံပို့ဆောင်နေသော ကျင်ရှင်းသည်ပြုံးရယ်လျက် ခေါင်းညိတ်ကာ နှုတ်ယူလိုက်သည်။
“ မှန်ပါတယ် ... ဒါပေမဲ့ ဒါက သာမန်နဂါးတံတွေးမြက်မဟုတ်ဘူး ဆရာက တစ်ချိန်တုန်းက ဖရိုဖရဲနယ်မြေတစ်ခုကနေ ယူလာခဲ့တဲ့ မူလဝိညာဉ်မျိုးစိတ်တွေပဲ။ ”
ထို့နောက် ရင်ချွဲကို ပေးအပ်လိုက်သည်။
“ ဒီဆေးပင်က မင်းရဲ့ကျင့်ကြံမှုကို အများကြီး ထောက်ပံ့ပေးလိမ့်မယ်။ ”
ရင်ချွဲတစ်ယောက် မျက်လုံးပြူးလျက် မယူဝံ့ချေ။ သို့သော် ကျင်းရှင်းမှ ထပ်မံပေးအပ် သဖြင့် လက်ခံလိုက်ရသည်။
ကျင်းရှင်းသည် သခင်စုတပည့်ဖြစ်ပြီး ရွှမ်ဟဲအဆင့် ဧကရာဇ်တစ်ပါးလည်းဖြစ်၏။ သို့သော်လည်း ယနေ့တွင် သူတို့ကို အလွန် နူးညံ့သိမ်မွေ့စွာ ဆက်ဆံနေခဲ့သည်။
ထို့ကြောင့် သူတို့အားလုံးသည် စုရီနှင့် ဆုံတွေ့ခွင့်ရခဲ့ခြင်းအပေါ် မည်သည့် ရတနာ နှင့်မျှ မလဲနိုင်သော ကံကောင်းမှုဖြစ်မှန်း နားလည်သွားကြသည်။
လူတစ်ယောက် တာအိုကို အောင်မြင်သွားလျှင် သူ၏ ကြက်နှင့်ခွေးများပင် ကောင်းကင်သို့ တက်လှမ်းနိုင်၏။
ဤစကားပုံသည် သူတို့အတွက် အမှန်ပင် ဖြစ်နေတော့သည်။ ညနေစောင်းအချိန်အခါတွင် စုရီက တွေဆုံပွဲတစ်ခုလုပ်ကာ နင်စစ်ဟွာတို့ကို ကြိုဆိုခဲ့၏။
အစောပိုင်းတွင် နင်စစ်ဟွာနှင့် ချာကျင်တို့သည် ကောင်းကင်လှိုဏ်ဂူ၏ ခမ်းနားမှုကို မြင်တွေ့ဖူးထားသဖြင့် စုရီအပေါ် ရင်ဆိုင်ရာတွင် အနည်းငယ်ဝေးကွာနေ၏။
သူတို့ သိကျွမ်းထားသော ဤစုရီသည် ရုတ်တရက်နတ်ဘုရားတစ်ပါး ဖြစ်သွားသကဲ့သို့ ခံစားနေရသောကြောင့် ပေပင်။
သို့သော် စုရီသည် သူတို့နှင့်အတူ တစ်ဝိုင်းတည်းထိုင်သောက်ကာ ရင်းရင်းနှီးနှီး ဆက်ဆံပေးသဖြင့် လေထုသည် ပြန်လည် နွေးထွေးလာခဲ့သည်။ ထိုစဉ် ဝမ်ချွယ် ရောက်ရှိလာပြီး၊
“ ဆရာ... ထွတ်မြတ်ကိုးပါးနန်းတော်က ဘိုးဘေးပေ့ကျန်းက သူ့မိတ်ဆွေတစ်ချို့နဲ့အတူ ရောက်လာပါတယ် ဆရာနဲ့ ဆွေးနွေးစရာ ရှိနေတယ်လို့ပြောပါတယ်။ ”
-ဟု သတင်းပို့သည်။ စုရီက လက်ဝှေ့ယမ်းကာ၊
“ ငါ့ကိုယ်စား သွားဧည့်ခံထားလိုက်ပါ။ ”
-ဟု တုန့်ပြန်၏။ များမကြာခင် ဝမ်ချွယ်တစ်ယောက် ပြန်ရောက်လာပြီး၊
“ ဆရာ ... ဘိုးဘေးပေ့ကျန်းက ဆရာရဲ့ မိတ်ဆွေဟောင်းတွေနဲ့ စားသောက်နေတယ်လို့ ကြားလို့ သူတို့လည်း ပွဲတက်ချင်နေပါတယ်။ ”
-ဟု ပြန်လည်သတင်းပို့လာသည်။
စုရီခမျာ မျက်မှောင်ကြုတ် သွားခဲ့သော်လည်း ခဏအကြာတွင် သဘောတူ လိုက်လေသည်။
သူသည် နောင်တွင် ဤကြယ်စုမှ ထွက်ခွာသွားမည်ဖြစ်ရာ ဝမ်လင်ရွယ်တို့အတွက် မိတ်ဆွေများထားခဲ့ခြင်းသည် မကောင်းသော ကိစ္စများမဟုတ်ချေ။
များမကြာမီတွင် ပေ့ကျန်းသည် အခြားသောလူအိုကြီးများနှင့်အတူ ရောက်ရှိလာ တော့သည်။
ဝမ်လင်ရွှယ်တို့ခမျာ ထိုသို့ပြင်းထန်သော အရှိန်အဝါကြောင့် အသက်ပင် ရှူရခက်သကဲ့သို့ ခံစားလိုက်ရ၏။
ထိုစဉ် စုရီက ထိုင်ရာမှထကာ ပြုံးလျက် မိတ်ဆက်ပေးရန်ပြင်လိုက်သည်။ ထိုသို့စုရီက ကိုယ်တိုင်ထရပ်ကာ မိတ်ဆက်ပေးရန် ပြင်နေ သည်ကို မြင်သောအခါ ပေ့ကျန်းနှင့်အဖွဲ့သည် တုန်လှုပ်သွားကြ၏။
ဤလူများသည် စုရီအတွက် မည်မျှ အရေးပါသည်ကို သူတို့ ချက်ချင်း နားလည်သွား လေသည်။ ထို့ကြောင့် ပေ့ကျန်းက ချက်ချင်း ရယ်မောလျက်၊
“ ဟားဟားဟား ... အားလုံးက သူစိမ်းတွေမှမဟုတ်တာပဲ အဖိုးကြီးစု ... မင်း ထိုင်နေစမ်းပါ ငါတို့ကိုယ်တိုင်ပဲ ဒီမိတ်ဆွေတွေကို တစ်ယောက်ချင်း မိတ်ဆက်လိုက်ပါမယ်။ ”
-ဟု ပြောကြားလိုက်တော့၏။
ထို့နောက်တွင် ပေ့ကျန်းက ပထမဆုံး ထရပ်ကာ ဝမ်လင်ရွှယ်၊ ချာကျင်နှင့် အဖွဲ့ကို ပြုံးရွှင်စွာနှုတ်ဆက်သည်။ ကျင်းရှင်းက ပြုံးပြီး ဘေးမှနေ၍ ပေ့ကျန်း၏နောက်ခံနှင့် ဂုဏ်သတင်းများကို မိတ်ဆက်ပေး၏။
ဤမျှကြီးမားသော ဂုဏ်ကျက်သရေ ရှိသူများက မိမိတို့အား ရိုသေစွာ နှုတ်ဆက်နေ သဖြင့် ဝမ်လင်ရွှယ်တို့ခမျာ အံ့အားသင့်လျက် အလျင်အမြန် ပြန်လည်ဂါရဝပြုနေရ၏။
ထို့နောက် ပေ့ကျန်းမှ ဦးဆောင်ကာ ရှားပါးသောရတနာများကို ပထမဆုံးအကြိမ် တွေ့ဆုံမှုလက်ဆောင်အဖြစ် ပေးလာသည်။
“ ယူထားလိုက်ကြပါ ... ဒီအဘိုးကြီးအတွက်တော့ ဒါတွေက သာမန် ပစ္စည်းလေတွေပါပဲ။ ”
စုရီက ပြုံးလျက်ပြောလေရာ လူတိုင်းက ဝမ်းမြောက်စွာလက်ခံတော့သည်။ ထို့နောက် အခြားသော ဘိုးဘေးကြီးများသည်လည်း သူတို့ကိုယ်သူတို့ မိတ်ဆက်လာ၏။
ကျင်းရှင်းမှ တစ်ဦးချင်းစီ၏ ဂုဏ်သတင်းကိုထုတ်ဖော် ရှင်းပြပေးပြီးနောက် နတ်ဆေးပင်များ၊ ကျမ်းစာများနှင့် ရတနာများ အပြိုင်အဆိုင် လက်ဆောင်ပေးလာကြချေပြီ။
ဤမြင်ကွင်းသည် ဝမ်လင်ရွှယ်တို့အဖွဲ့အတွက် အိပ်မက်မက်နေ သကဲ့သို့ပေပင်။ အချို့သော ရတနာများအပေါ် ဘဝတလျှောက် မမြင်ဖူးမကြားဖူးခဲ့ချေ။
သူတို့ထင်ထားသည်မှာ ဤမျှကြီးကျယ်ခန်းနားသော ပုဂ္ဂိုလ်များသည် ဆက်ဆံရခက်လိမ့်မည်ဟုဖြစ်သည်။ ယခုမူ အလွန်ပင် ဖော်ရွေနေကြချေပြီ။
စားပွဲသောက်ပွဲ အရှိန်တက်နေစဉ် စုရီတပည့်ဖြစ်သူ ဝမ်ချွယ်ရောက်ရှိလာပြီး၊
“ ဆရာ... မိစ္ဆာနန်းတော်ရဲ့ အကြီးအကဲကုဝမ်ထျန်း ရောက်လာပါတယ် ဆရာကို တွေ့ခွင့်တောင်းနေပါတယ်။ ”
“ ကုဝမ်ထျန်း ... ဟိုတစ်ခါ အဘိုးကြီးစု လက်ထဲမှာ အကြီးအကျယ်ရှုံးနိမ့်သွားခဲ့ဖူးတဲ့ ကြွက်အိုကြီးလား သူက ဘာလာလုပ်တာလဲ။ ”
အဆိပ်ဘုရင်ထျန်းဟူက အံ့အားသင့်စွာ မေးမြန်းလိုက်သည်။ ဝမ်ချွယ်မှ လေသံနှိမ့်ကာ၊
“ သူက ... ကြယ်ဗဟိုဒေသရဲ့ အင်အားကြီးအဖွဲ့အစည်းတွေရဲ့ သံတမန်အဖြစ် ဆရာ့ဆီကို အမိန့်ပါးဖို့လို့ပြောပါတယ်။ ”
-ဟု ပြန်ဖြေ၏။
ဤစကားကြောင့် ပွဲတစ်ခုလုံး တိတ်ဆိတ်သွားချေပြီ။ ကြယ်ဗဟိုဒေသကြီး ဟူသောအမည်သည် သူတို့အတွက် လေးလံ လွန်းချေ၏။ စုရီမှ ပြုံးလျက်၊
“ သူက ... ငါ့ကိုလာတွေ့ဖို့ သတ္တိရှိနေမှတော့ ဝင်ခွင့်ပေးလိုက်ပါ။ ”
-ဟု ခွင့်ပြုလိုက်သည်။
များမကြာမီတွင် ဝတ်ရုံနီနှင့် ကုဝမ်ထျန်း ဝင်လာ၏။ သူ့ ကျင့်ကြံမှုသည် ရွှမ်ဟဲဧကရာဇ် အဆင့် ဖြစ်သော်လည်း ပေ့ကျန်းတို့ကဲ့သို့သော သက်ရှိရုပ်ကြွင်းများကို မြင်လိုက်ရချိန်တွင် အနည်းငယ်တုန်လှုပ်သွားတော့သည်။
သို့သော် ယနေ့တွင် သူ့နောက်၌ ကြီးမားသောနောက်ခံတစ်ခုရှိနေသဖြင့် ရင်ကိုကော့ကာ စုရီထံကြည့်လိုက်ပြီး၊
“ စုရွှမ်ကြွယ် ... ကြယ်ဗဟိုဒေသက အင်အားစုတွေကနေ မင်းအတွက်စကားရှိတယ် ဆယ်ရက်အတွင်း ငါ့ရဲ့ဟုန်းချန်မိစ္ဆာနန်းတော် ရှေ့မှာ ဒူးထောက်အညံ့ခံပါ ... မလိုက်နာရင် မင်းနဲ့ပတ်သက်တဲ့ လူတွေအားလုံးကို မြေလှန်ဖျက်ဆီးပစ်လိမ့်မယ်။ ”
-ဟု ကြေငြာလိုက်၏။
နန်းဆောင်အတွင်း လေထုသည် ချက်ချင်း လေးလံသွားသည်။ သက်ရှိရုပ်ကြွင်းကြီးများမှာ ဒေါသထွက်ကုန်ကြ၏။ စုရီက ဝိုင်တစ်ခွက်ကို အေးဆေးစွာ သောက်လျက်၊
“ ပြောပါဦး မင်းရဲ့သခင်တွေမှာ ဘယ်သူတွေပါလဲ။ ”
-ဟု မေးမြန်းသည်။ မင်းရဲ့သခင်ဟူသော ရည်ညွှန်းချက်ကြောင့် ကုဝမ်ထျန်းတစ်ယောက် မျက်နှာပျက်သွားသော်လည်း ချက်ချင်း ဂရုမစိုက်ဟန်ဖြင့်၊
“ မင်းသိချင်ရင် ငါ့ရဲ့နန်းတော်ရှေ့မှာ ဒူးလာထောက်ပါ။ ”
- ဟု တုန့်ပြန်လိုက်၏။
“ ဟမ့် ... ရိုင်းလိုက်တာ ... ။ ”
“ ဖြန်း ... ။ ”
“ မင်း ... ။ ”
သို့သော် သူ့စကားဆုံးသည်နှင့် အဆိပ်ဘုရင်ထျန်းဟူက သည်းမခံနိုင်တော့ဘဲ ချက်ချင်းပါးရိုက်ချလာသည်။ ကုဝမ်ထျန်းခမျာ လျင်မြန်လွန်းသဖြင့် ရှောင်တိမ်းချိန်မရဘဲ လွင့်ထွက်သွားပြီး ပါးစပ်မှသွေးများ စီးထွက်လာတော့၏။
“ ဟမ့် ... ခွေးဖြစ်ရတာကို ငါ့ရှေ့မှာ ဒီလောက်တောင် ဂုဏ်ယူပြနေတာလား။ ”
အဆိပ်ဘုရင်ထျန်းဟူမှ ဆဲဆိုလိုက်တော့သည်။ မိစ္ဆာဘုရင်ကုဝမ်ထျန်းမှ ရှက်ဒေါသများဖြင့်၊
“ မင်းတို့ စောင့်ကြည့်နေပါ ... ဒီတစ်ခါလာမယ့် အင်အားစုတွေက ရွှမ်ဟွမ် ကြယ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တဲ့အထိ သန်မာတောင့်တင်းတယ်။ ”
-ဟု ပြန်လည်အော်ဟစ်ကာ ထွက်ခွာရန်ပြင်၏။ တစ်ဆက်တည်းမှာပင် ကြယ်လောင်ကျွမ်းခြင်း တည်နေရာရွေ့ပြောင်း တံဆိပ်ကိုသုံးကာ ချက်ချင်းထွက်ပြေးရန် ကြိုးစားလိုက်တော့သည်။
ဤနေရာ၌ သူဆက်မနေဝံ့တော့ချေ။ ထိုခွေးအကြွင်းအကျန်များသည် အထိန်းအကွပ် မဲ့လွန်းပြီး သူ့ကိုမသတ်သော်မှ ဒုက္ခိတအဖြစ် ရိုက်နှက်နိုင်သေးသည်။
***