တိုက်ပွဲစတင်ခြင်း ...
Vol. 76 Ch. 906
အရိုင်းမြေတစ်ခုလုံး တုန်လှုပ်ချောက်ချားဖွယ် အပြောင်းအလဲကြီး တစ်ခု မကြာမီ ဖြစ်ပေါ်တော့မည်ကို လူတိုင်း ကြိုတင်ခန့်မှန်းမိနေကြသည်။
ယခုတစ်ကြိမ်တွင်မူ ကြယ်ဗဟိုဒေသမှ အင်အားကြီးဂိုဏ်းများသည် အစီအစဉ်တကျ ရောက်ရှိလာကြခြင်းဖြစ်ပြီး ‘စုရွှမ်ကြွယ်’ အပေါ်ထားရှိသော သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ထားခြင်း မရှိကြတော့ချေ။
“ စီနီယာစုက တစ်လောကလုံးက ကြည်ညိုရတဲ့ ဧကရာဇ်များရဲ့ အထွတ်အထိပ် သခင်ပဲ ....
... အခုတော့ ကြယ်ဗဟိုဒေသရဲ့ အင်အားစုတွေက ဒူးထောက်တောင်းပန်ဖို့ အမိန့်ပေးခံနေရတယ် တကယ့်ကို မယုံနိုင်စရာပါ။ ”
“ ဟမ့် ... စီနီယာစုသာ အညံ့ခံရင် အရိုင်းမြေကြီးတစ်ခုလုံး အညံခံလိုက်တာနဲ့ ဘာများကွာခြားတော့မှာလဲ။ ”
ထိုသတင်းမျိုးသည် တည်ငြိမ်နေသောရေပြင်တွင် ခဲပစ်ချလိုက် သကဲ့သို့ ဖြစ်သွားစေ၏။ နေရာအနှံ့အပြားတွင် ဆွေးနွေးသံများညံနေတော့သည်။
“ သစ်ပင်လဲရင် နားနေတဲ့ငှက်တွေပါ ဒုက္ခရောက်မှာပဲ ... စီနီယာစုသာ ရှုံးနိမ့်သွားရင် ငါတို့အရိုင်းမြေရဲ့ ဂုဏ်သိက္ခာကျောရိုးကို ရိုက်ချိုးခံလိုက်ရတာနဲ့ မခြားပါဘူး။ ”
“ ဒါဟာ အရိုင်းမြေရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်တိုက်ပွဲပဲ ဒီအင်အားစုတွေ စုပေါင်းလာတာဟာ စီနီယာစုကို နှိမ်နင်းဖို့တင် မဟုတ်ဘဲ ငါတို့အားလုံးကို ထိန်းချုပ်ဖို့ မဟုတ်ဘူးလို့ ဘယ်သူအာမခံမလဲ။ ”
ထိုကဲ့သို့သော ဆွေးနွေးငြင်းခုံသံများသည် နေရာအရပ်ရပ်တွင် လှိုင်းလုံးကြီးများသဖွယ်ပင် ပျံ့နှံ့နေတော့၏။
အရိုင်းမြေကိုးပါး၏ ပြည်နယ်ကိုးခုရှိ အင်အားစုကြီးများသည်ပင် တည်ငြိမ်မှုများ ပျက်ပြားလာကာ စိုးထိတ်နေကြရသည်။
တစ်ဖက်တွင်လည်း ရန်ငြိုးရှိသည့် အင်အားစုအချို့သည် ထိုကံဆိုးသူများကို ကြည့်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြ၏။
“ ဟမ့် ... သူ တစ်ယောက်တည်းနဲ့ ကြယ်ဗဟိုဒေသကြီးက အင်အားစုတွေကို ရင်ဆိုင်ချင်နေတာလား ... ဒါကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ ဘာများကွာနေလို့လဲ။ ”
“ ငါအရင်တည်းက ပြောဖူးသားပဲ အဲဒီစုရွှမ်ကြွယ်ဟာ မာနထောင်လွှားလွန်းတဲ့ အတွက် တစ်နေ့မှာ အရှုံးကြီး ရှုံးရလိမ့်မယ်လို့၊ အခုကြည့်စမ်း ... ကူကယ်ရာမဲ့နေပြီ။ ”
“ မှန်တယ် ... သူ့အတွက် အသေခံဖို့ပဲ ရှိတော့တယ်၊ သူ အညံ့ခံရင်ခံ မခံရင်ထွက်ပြေး၊ ဒီလမ်းနှစ်သွယ်ပဲ ရှိတယ် ...
... ဒါပေမဲ့ အညံ့ခံလိုက်ရင်လည်း နတ်ဓားရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အရှိန်အဝါတွေ အကုန်ပျက်စီးမှာ ပြီးတော့အသက်ရှင်မယ် လို့လည်း အာမ မခံနိုင်ဘူး။ ”
အရိုင်းမြေကိုးပါးတွင် စုရွှမ်ကြွယ် ဟူသည် ဧကရာဇ်များ၏ ဘုရင်ဖြစ်၏။ ထို့ကြောင့် သူနှင့် ပတ်သတ်သမျှသည် အာရုံစူးစိုက်မှု၏ ဗဟိုချက် ဖြစ်လာချေပြီ။
ဤသို့ဖြင့် ဆယ်ရက်ဟူသော အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွား၏။ ဆယ်ရက်မြောက်နေ့သို့ ရောက်ရှိလာချိန်တွင် နေရောင်ခြည်သည် တိမ်လွှာကိုခွင်းလျက် ကျဆင်းလာနေသည်။
တောင်ခြေရှိ ကျယ်ပြောလှသော မြစ်ပြင်ကြီးတလျှောက် လှိုင်းကြက်ခွပ်လေးများ လှုပ်ရှားနေပြီး ရွှေမှုန်များ ဖြန့်ကျဲထားသကဲ့သို့ တောက်ပနေချေပြီ။
သို့သော် လေထုသည် ထူးခြားစွာ လေးလံငြိမ်သက်နေတော့၏။ လူတိုင်းသည် တောင်တန်းတဝိုက် မျှော်လင့်တကြီးဖြင့် နေရာယူထားကြသည်။
ယနေ့သည် ကြယ်ဗဟိုဒေသမှ အင်အားစုများနှင့် စုရီကြားတိုက်ပွဲကြီးတစ်ခု စတင်မည့်နေ့ပေပင်။ ထို့ကြောင့် လူတိုင်းသည် လက်လွတ်မခံနိုင်ကြဘဲ သမိုင်းကို သက်သေ ပြုနိုင်ရန် ရောက်ရှိနေကြခြင်းဖြစ်၏။
ထိုစဉ် မြစ်ရေပြင်အစပ်မှ နေရော်ငအောင်တွင် လှေငယ်ကလေးတစ်စင်း လှိုင်းနှင့်အတူ ဆိုက်ရောက်လာသည်။
လှေငယ်လေးပေါ်တွင် လူတစ်ယောက် လက်နှစ်ဖက်နောက်ပို့လျက် နေရောင်ခြည်များ ခြုံလျက်ရပ်နေ၏။
ကျောက်စိမ်းရောင် ဝတ်ရုံစများက လေပြေများအောက်တွင် တဖျပ်ဖျပ်ခတ်ကာ ဆံပင်ရှည်များ လွင့်မျောနေတော့သည်။
ကြည့်နေဆဲမှာပင် လက်တစ်ဖက်ကို နောက်ပို့ထားပြီး ကျန်လက်တစ်ဖက်ဖြင့်ဝိုင်အိုး ထုတ်ယူမော့သောက်လျက် သာလွန် ထူးကဲသည့် လေထုပေးဆောင်လာ၏။
လူတစ်ယောက်၊ လှေတစ်စင်း၊ မြစ်ပြင်ကျယ်ကြီးကို ဖြတ်ကျော်ကာလာနေ၏။ ဤမြင်ကွင်းသည် တောင်ခြေရှိလူတိုင်းအပေါ် ကြီးစွာသော သက်ရောက်မှုပေးချေပြီ။
“ စီနီယာစု ရောက်လာပြီ။ ”
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ လေထုမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွား၏။
“ ဒေါင် ... ဒေါင် ... ။ ”
သို့သော် ထိုအချိန်တွင် နတ်ဆိုးတောင်တန်းပေါ်မှ ခေါင်းလောင်းသံ တစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
လူတိုင်းမော့ကြည့်လိုက်သောအခါ အနီရောင်ဝတ်စုံဝတ် သက်လတ်ပိုင်းအရွယ် လူတစ်ဦးသည် (၁၀)ပေခန့်မြင့်သော ကြေးညို ခေါင်းလောင်းကြီးကိုင်မြှောက်ကာ လေထဲသို့ ပျံတက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ဤသည်ကား ဟုန်ချန်မိစ္ဆာနန်းတော်၏ မဟာအကြီးအကဲ ကုဝမ်ထျန်းပေပင်။ စုရီကို မြင်သည်နှင့် သူကလှောင်ပြုံးဖြင့်၊
“ စုရွှမ်ကြွယ် ငါမင်းကို လိုက်ပို့ဖို့ စောင့်နေတာကြာပြီ။ ”
-ဟု ဆိုကာ ကြေးညိုခေါင်းလောင်းကြီးကို တီးခတ်လိုက်တော့၏။
“ ဒေါင် ... ။ ”
ကြေးညိုခေါင်းလောင်းမှ အလင်းများ ဖြာထွက်လာပြီး မိုးခြိမ်းသံများပမာ တုန်ဟည်း သွားသဖြင့် လူအုပ်ကြီး၏ဆူညံသံများ ချက်ချင်းငြိမ်ကျသွားတော့သည်။
“ ဟမ့် ... ။ ”
ထိုသို့ကုဝမ်ထျန်း၏ မောက်မာနေသော အသွင်အပြင်ကြောင့် နှာခေါင်းရှုံ့သံနှင့်အတူ ကြိုတင်ရောက်ရှိနေသည့် မိစ္ဆာဘုရင်ယွဲ့ရင်မှ သည်းမခံနိုင်တော့ဘဲ လှမ်းထွက်လိုက်ပြီး၊
“ မင်းလို ... ခွေးတစ်ကောင်က တကယ်ဟောင်ရဲတယ်လား ... ဒါဆိုရင် မင်းရဲ့ အရှက်မဲ့လွန်းတဲ့ပုံစံကို ကြည့်ပါဦး။ ”
-ဟုဆိုကာ ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူလျက် ချေမွှပစ်တော့၏။
“ ဝမ် ... ။ ”
ကျောက်စိမ်းပြားထံမှ အလင်းများ ဖြာထွက်လာပြီး ပေတစ်ရာခန့်မြင့်မားသော အလင်းစက်ကြီး ဖြစ်ပေါ်လာသည်။
ထိုအလင်းစက်အတွင်း ကုဝမ်ထျန်းသည် စုရီရှေ့မှ ကြောက်လန့်တကြား လိမ့်ဆင်းကာ ထွက်သွားရသည့်ပုံရိပ်များ ထင်ထင်ရှားရှား ပြသနေတော့၏။
“ ဒါ ... ။ ”
“ ဟားဟားဟား ... တကယ့်ပဲ ခွေးတစ်ကောင်လိုပါလား ဟားဟားဟား။ ”
ဟုန်ချန်မိစ္ဆာနန်းတော်၏ မဟာအကြီးအကဲသည် ဤမျှသေခြင်းတရား အပေါ် ဤမျှကြောက်ရွံ့နေလိမ့်မည်ဟု မည်သူမျှ မထင်ထားကြချေ။
ထိုမြင်ကွင်းသည် လူအုပ်ကြီးထံမှ အထင်အမြင်သေးသော လှောင်ပြောင်သံများကို ရရှိလာစေ၏။
“ လူယုတ်မာတွေ ... ။ ”
လေထုအလယ်တွင် ကြေးဝါ ခေါင်းလောင်းကြီးကိုင်ကာ ရပ်နေခဲ့သော ကူဝမ်ထျန်းခမျာ မျက်နှာပျက်ယွင်းလျက် ခြေလက်များတုန်ရင်လာချေပြီ။
“ ဘယ်လောက် အရှက်မဲ့လိုက်လဲ ဆင်းသွားစမ်း။ ”
ထိုစဉ် ရုတ်တရက် အေးစက်ပြီး အရှိန်အဝါကြီးမားသော အော်ငေါက်သံနှင့်အတူ အဝါရောင်ဝတ်စုံဝတ် ဆံပင်ဖြူဖြူ အဘိုးအိုတစ်ဦး လေထဲပေါ်လာ၏။
အဖိုးအို၏အကြည့်များသည် နက်ရှိုင်းပြီး ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လျှပ်စီးတာအိုများ ရစ်ပတ်ကာ လျှပ်စီးနတ်ဘုရားတစ်ပါးပမာ ခန့်ညားလှလေသည်။
သူက ကုဝမ်ထျန်းအပေါ် ရွံ့ရှာစွာ ငုံ့ကြည့်လျက် မောင်းထုတ်လိုက်တော့၏။ ဧကရာဇ်တစ်ပါးအနေဖြင့် ကုဝမ်ထျန်းသည် ဤမျှအရှက်မဲ့နေလိမ့်မည်ဟု သူသည်လည်း မမျှော်လင့်ထားခဲ့ချေ။
“ ဟုတ်ကဲ့ ... ။ ”
ကုဝမ်ထျန်ခမျာ အဖိုးအို၏ အော်ငေါက်မှုကြောင့် ထိတ်လန့်တကြီးဖြင့် အလျင်အမြန် ပြန်ဆင်းသွားတော့သည်။
“ ဟားဟားဟား ... ဧကရာဇ်တစ်ပါးက ဘယ်တုန်းကခွေးဖြစ်လာတာလဲ ... ။ ”
ထိုမြင်ကွင်းကို အလွတ်မပေးဘဲ မိစ္ဆာဘုရင်ယွဲ့ရင်မှ လှောင်ပြောင်ရယ်မောလိုက် လေသည်။
ကုဝမ်ထျန်းတစ်ယောက် နှလုံးသားထဲ အမုန်းတရားများ ချက်ချင်းတောက်လောက်ပြီး အံကြိတ်ကာ ဆုတ်ခွာသွား၏။ ယနေ့ပြီးနောက် သူ့နာမည်သည် သုံးစားရတော့မည် မဟုတ်ချေ။
သို့သော် မည်သို့ပင်ဆိုစေကာမူ အနိုင်သူသည်ဘုရင်ဖြစ်ပြီး ရှုံးနိမ့်သူသည် ဓားပြဖြစ်ချေ၏။
ကြယ်ဗဟိုဒေသကြီးမှ လာသော ဤဧကရာဇ်များသည် စုရွှမ်ကြွယ်ကိုသတ်ပစ် လိုက်ပါက မည်သူသည် သူ့အပေါ် လှောင်ပြောင်ဝံ့တော့မည်နည်း။
“ ထွက်လာကြစမ်း ... ။ ”
ထိုစဉ်ဆံပင်ဖြူဖြူနှင့် အဖိုးအိုက လေထုအလယ်ရပ်တန့်ပြီး အမိန့်ပေးလိုက်ရာ အလင်းတန်းများ ထွက်ပေါ်လာတော့၏။
မျက်စိတမှိတ်အတွင်း ဧကရာဇ်အဆင့် ကျွမ်းကျင်သူပေါင်း တစ်ရာကျော် ကောင်းကင်၌ ထင်ရှားလာတော့သည်။
ထိုပမာဏသည် အရိုင်းမြေတစ်ခုလုံးကို မိနစ်ပိုင်းအတွင်း ဖျက်ဆီးပစ်နိုင်သောအင်အား ဖြစ်ချေ၏။
ရောင်ဝါများသည် မိုင်ပေါင်း သောင်းချီအောင် ချိတ်ဆက်ပိတ်ဆို့သွားခဲ့သည်။ ယင်းတစ်ကောင်ပင် ထိုနတ်အာရုံများအောက်မှ မလွတ်မြောက်နိုင်တော့ချေ။
ကြောက်ရွံ့မှုများသည် လူတိုင်း၏ နှလုံးသားထဲသို့ရေခဲဓားများကဲ့သို့ ရုတ်ချည်း တိုးဝင်လာခဲ့၏။
“ ဘယ်လောက် ကြောက်စရာကောင်းလိုက်လဲ။ ”
စုရီသည် မည်မျှပင် အစွမ်းထက်နေပါစေ၊ သူသည် တစ်ယောက်တည်းသာ ဖြစ်၏။ ထိုသို့ ဧကရာဇ်ပေါင်းတစ်ရာကျော်ကို ရင်ဆိုင်ရန် လွယ်ကူနိုင်မည်မဟုတ်ချေ။
အားအနည်းဆုံးသည် ကနဦးရွှမ်ယုအဆင့်ဖြစ်ပြီး အသန်မာဆုံးသည် ရွှမ်ဟဲအလယ်အလတ်အဆင့်ဖြစ်၏။
သူတို့၏ သက်ဆိုင်ရာ ကြယ်အဆင့် ဥပဒေများကိုထည့်တွက်မည်ဆိုသော် အမှန်ပင် ရွှမ်ဟဲဧကရာဇ် စစ်တပ်ကြီးပေပင်။
“ စုရွှမ်ကြွယ် ... ဒူးထောက်ပြီး မင်းအပြစ်ကိုခံယူပါ ဝင်စားခြင်းလျှို့ဝှက်ချက်ကို အပ်နှံရင် မင်းရဲ့အသက်ကို ချမ်းသာပေးမယ်။ ”
အဖွဲ့ကိုဦးဆောင်သော အဝါရောင်ဝတ် ဆံပင်ဖြူဖြူအဘိုးအိုက ရေခဲတမျှအေးစက်စွာ ပြောကြားလာသည်။
“ စုရွှမ်ကြွယ် ... ဒူးထောက် အပြစ်ခံပါ။ ”
“ စုရွှမ်ကြွယ် ... ဒူးထောက် အပြစ်ခံပါ။ ”
“ စုရွှမ်ကြွယ် ... ဒူးထောက် အပြစ်ခံပါ။ ”
အဖိုးကြီးမှ အမိန့်ပေးသည်နှင့် အခြားသောဧကရာဇ် တစ်ရာကျော်သည်လည်း တပြိုင်နက်တည်း ဟိန်းဟောက်လာ၏။
ယင်းသည် ကောင်းကင်ယံကြီး ကွဲအက်တော့မယောင် ဖြစ်စဉ်များ ထွက်ပေါ် လာတော့သည်။ မြစ်ပြင်ရှိ လှိုင်းကြက်ခွပ်များ နောက်ပြန်ဆန်တက်ကုန်၏။
ထိုသို့ပြင်းထန်လွန်းလှသော အသံလှိုင်းအောက်တွင် လှေငယ်လေးသည် တဟုန်ထိုးလူးလွန့်သွားလေသည်။
စုရီသာလျှင် လှေကလေးပေါ်တွင် တည်ငြိမ်စွာရပ်နေဆဲဖြစ်ပြီး ဝိုင်အိုးကိုသိမ်းကာ ဝါရောင်ဝတ်အဘိုးအိုထံ လှောင်ပြောင်သည့် အပြုံးဖြင့် ပြန်ကြည့်လိုက်၏။
“ စကားတွေအများကြီး ပြောမနေနဲ့ ငါ့မှာမေးခွန်းတစ်ခုပဲရှိတယ် မင်းတို့ဒူးထောက် အညံ့ခံမလား ... ဒါမှမဟုတ် သေမလား။ ”
“ ဟားဟားဟား ... ။ ”
“ ဘယ်လောက် မောက်မာလိုက်လဲ။ ”
ဤမေးခွန်းသည် ပတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်သွားစေပြီး ဧကရာဇ်တစ်ရာကျော်မှ အချင်းချင်း ပြန်ကြည့်ကာ အော်ဟစ်ရယ်မော လိုက်ကြတော့သည်။
“ ငါ သွားသတ်လိုက်မယ်။ ”
အဆုံး၌ နတ်သားကြီးတစ်ကောင်ကဲ့သို့ သန်မာလှသော အနက်ရောင်ဝတ်အမျိုးသား တစ်ဦးက လှမ်းထွက်လာခဲ့သည်။ တစ်ဖက်တွင် စုရီမှ ခေါင်းယမ်းပြလိုက်၏။
“ ဒီလောက်နဲ့ မလုံလောက်ဘူး ... ဒီနေ့မင်းတို့တွေအားလုံး အတူတူလာမယ် ဆိုရင်တောင် ချွင်းချက်မရှိပဲ။ ”
ထို့နောက် စုရီက ကောင်းကင်ပေါ် မော့ကြည့်လိုက်ပြီး၊
“ မင်းတို့အားလုံးရဲ့ မျက်လုံးထဲမှာ ... ငါစုရွှမ်ကြွယ်ဟာ ဒီလိုအမှိုက်တွေနဲ့ပဲ ထိုက်တန် တယ်လို့ တကယ်ထင်နေတာလား။ ”
-ဟု အော်ဟစ်မေးမြန်းတော့၏။
“ ဟမ့် ... အဲဒီမှာ တစ်ယောက်ယောက် ရှိနေတာလား။ ”
“ ဒီက ဧကရာဇ်တစ်ရာကျော်တောင် အရမ်းသန်မာနေတာ သူတို့က ဘယ်လောက် သန်မာနေကြမလဲ။ ”
“ စုရွှမ်ကြွယ်အတွက် မကောင်းတော့ဘူး။ ”
ဤခဏတွင် လူအုပ်ကြီးသည် ထိတ်လန့်စွာဖြင့် ကောင်းကင်ပေါ် မော့ကြည့် လိုက်ကြသည်။ သို့သော် မိုးကောင်းကင်ကြီး မှတပါး အခြားမမြင်ရချေ။ အကွာအဝေးသည် များစွာ ဝေးကွာနေပုံပေပင်။
“ တကယ်ပဲ ... မင်းက လောကသခင် ဝင်စားတယ်ဆိုတဲ့အတိုင်း မင်းရဲ့ သတ္တိကတော့ လေးစားစရာပါပဲ ဒါပေမယ့် ...
... နှမြောဖို့ကောင်းတာက မင်းရဲ့ကျင့်ကြံမှုက အရမ်း အားနည်းလွန်းပြီး အသုံးမဝင်တော့ဘူး။ ”
ထိုစဉ် ကောင်ကင်အတွင်းမှ အမျိုးသမီးတစ်ဦး သက်ပြင်းချသံနှင့်အတူ တုန့်ပြန်သံထွက်ပေါ်လာခဲ့သည်။
အသံတွင်ပါရှိသော ကြီးစိုးမှုသည် လူတိုင်း၏ရင်ထဲသို့ ရိုက်ခတ်သွားခဲ့တော့၏။ ယင်းသည် ကောင်းကင်အသံကဲ့သို့ သက်ရှိ အားလုံးအပေါ် သေးသိမ်သွားစေသည်။
“ နျဲ့ဟိုင် ... မင်းတို့အားလုံးအတူတူ တိုက်ကြပါ လောကသခင်ကိုဂုဏ်ပြုတဲ့အနေနဲ့ ခွန်အားကို မထိန်ချန်နဲ့ ... အသက်ရှင်လျက် ငါလိုချင်တယ်။ ”
“ ဟုတ်ကဲ့ ... နားလည်ပါပြီ။ ”
အမျိုးသမီး၏ အမိန့်သံကြောင့် အဝါရောင်ဝတ် ဆံဖြူဖြူနှင့် ထိုအဖိုးကြီးသည် ဆတ်ခနဲတုန်ရင်သွားပြီးနောက် အလျင်အမြန် ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် တိုက်ပွဲဝင်ဆန္ဒများ ပေါက်ကွဲထွက်လာပြီး ဧကရာဇ်တပ်ကြီးအပေါ် ချက်ချင်းအမိန့်ပေးလိုက်တော့သည်။
“ တိုက် ... ။ ”
***