ကြယ်အဆင့် တားမြစ်ဥပဒေစွမ်းအား။
Vol. 76 Ch. 907
ထိုခဏတွင် ဧကရာဇ်အဆင့်ရှိ အင်အားကြီးပုဂ္ဂိုလ် တစ်ရာကျော်တို့သည် တစ်ပြိုင်နက်တည်း လှုပ်ရှားလာကြ၏။
သူတို့သည် လေနှင့်မိုးကိုနှစ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ဖူးသည့် မျိုးဆက်ဟောင်းကြီးများ ဖြစ်ချေပြီ။
ထို့ကြောင့် ရွှမ်ဟွမ်ကြယ်စုမှ စုရီအပေါ် အထင်သေးနေသော်မှ လောကသခင်အမည်ကို ကြားဖူးထားကြသဖြင့် တုန့်ဆိုင်းခြင်းမရှိ အပြင်းထတ်ဆုံးသော တိုက်ခိုက်မှုများ ထုတ်ဖော်လိုက်ကြသည်။
“ ဝုန်း ... ။ ”
ဧကရာဇ်ရောင်ဝါများ ဝုန်းဒိုင်းကျဲလာပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်စဉ်ကြီးများ ဖုံးလွှမ်းလာ၏။
ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းဆန်လာချေပြီ။ မိုင်တစ်ထောင်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ ဆွဲငင်ခြင်းခံလိုက်ရပြီး တာအိုလက်နက်များအတွင်း ဝင်ရောက်ကုန်၏။
အဆုံး၌ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည့် ကပ်ဘေးကြီးအလား ရောင်ဝါမျိုးမျိုးပြသကာ ပြန်လည် ပြေးထွက်လာခဲ့သည်။
ပတ်ဝန်းကျင်လေဟာနယ်တစ်ခုလုံး ပြိုကျလျက် မြစ်ရေများခဏတွင်း အငွေ့ပျံ သွားတော့၏။
ဤမြင်ကွင်းကို ကြည့်ရှုနေသော လူအုပ်ကြီးသည် စုရီတစ်ယောက် ထိုစွမ်းအား အောက်တွင် အပိုင်းပိုင်းဖြတ်တောက် ခံရတော့ မည်ဟု ခံစားလာရစေသည်။
သို့သော် လှေငယ်ကလေးပေါ်တွင် ရပ်နေသော စုရီကမူ ခေါင်းကိုအသာအယာ ခါယမ်းလိုက်၏။
ဤမတိုင်မီဆိုသော် သူ အလေးအနက် ထားရပေမည်။ ယခုတွင်မူ ရွှမ်ဟွမ်မိခင်ချီကို သန့်စင်ထားကာ ရွှမ်ယုအဆင့်ပြီးပြည့်စုံခြင်းထံ ရောက်ရှိနေပြီဖြစ်ရာ လှည့်ကြည့်ရန်ပင် မထိုက်တန်တော့ချေ။
“ ဝှစ် ... ။ ”
အင်္ကျီလက်ကိုဖုန်ခါသကဲ့သို့ ခပ်ဖွဖွ ဝှေ့ယမ်းလိုက်သည်။ ခဏချင်းမှာပင် ကမ္ဘာကြီး တစ်ခုလုံး တုန်ခါသွားပြီး အချိန်များ ရပ်တန့် သွားတော့၏။
တစ်ဆက်တည်းမှာပင် ဓားရောင်ဝါကြီးတစ်စင်း ကောင်းကင်ပြင်တွင် ရုတ်ချည်းပေါ်လာသည်ဟုသာ မြင်လိုက်ရချေပြီ။
“ ဘောင်း ဘောင်း ဘောင်း ... ။ ”
ထိုဓားရောင်ဝါအောက်တွင် ဧကရာဇ်တစ်ရာကျော်၏ စုပေါင်းရောင်ဝါသည် ဆပ်ပြာပူဖောင်းများပမာ ချက်ချင်းပေါက်ကွဲ ပျက်စီးသွားတော့သည်။
“ ဒါ ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ”
တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဧကရာဇ်တစ်ရာကျော်၏ စုပေါင်းရောင်ဝါကို ဖြိုခွင်းလိုက်ခြင်းမည်ချေ၏။
အဝါရောင်ဝတ်ဆံပင်ဖြူဖြူနှင့် အဖိုးကြီးသည် မှင်သပ်သွားတော့သည်။ စုရီတွင် ဤမျှအစွမ်းသတ္တိရှိနေလိမ့်မည်ဟု သူအပါအဝင် မည်သူမျှ မထင်ထားခဲ့ကြချေ။
“ မင်းတို့ရဲ့ ခွန်အားကိုထုတ်။ ”
တစ်ဖက်တွင် ဧကရာဇ်တစ်ရာကျော်သည် အံ့အားသင့်ကုန်ကြပြီး မျက်နှာပျက်ယွင်းလျက် သူတို့၏တိုက်ခိုက်မှုများကို လေထဲ၌ပင် ထပ်မံမြှင့်တင် လိုက်ရတော့သည်။
“ ဂျိန်း ... ။ ”
“ ဝုန်း ... ။ ”
မိုးကြိုးမုန်တိုင်းများ၊ မီးတောက်များ၊ လေပြင်းများစသည်တို့ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး စုရီပေါ်ပြိုကျသွား၏။
ယင်းသည် ကမ္ဘာကြီးကို ဖျက်ဆီး ပျောက်ကွယ်စေတော့မည့်အလား ပြင်းထန် နေချေပြီ။
ကောင်းကင်မှ ပိုက်ကွန်ကြီးသဖွယ် ကျဆင်းလာသော ဖြစ်စဉ်များနနှင့် တိုက်ခိုက်မှု များစွာထံ စုရီမှ မော့ကြည့်လိုက်၏။
တိုက်ခိုက်မှုတိုင်းတွင် သက်ဆိုင်ရာ ကြယ်စုများ၏ ဥပဒေစည်းမျဉ်းများ ပါရှိသည်။ သို့သော် ထိုစည်းမျဉ်းများသည် ပန်းချီဆရာနှင့် တံငါသည်တို့ အသုံးပြုစဉ်ကထက် များစွာ နိမ့်ပါးနေချေ၏။
မည်သို့ပင်ဆိုစေကာမူ ထိုအဆင့် ကျွမ်းကျင်မှုသည်ပင် အရိုင်းမြေကိုးပါးရှိ ဧကရာဇ်အိုကြီးများကိုပင် ခြိမ်းခြောက်နိုင်စွမ်း အပြည့်ရှိနေသည်။
“ ပုရွက်ဆိတ်တွေက သစ်ပင်ကို လှုပ်ခါချင်နေတာပဲ ရယ်စရာကောင်းတယ်။ ”
စကားဆုံးသည်နှင့် စုရီပုံရိပ်သည် လှေငယ်လေးပေါ်မှသည် ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
တစ်ဆက်တည်းမှာပင် သူ့ရောင်ဝါသည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်မတတ် စူးရှလာပြီး ရတနာဓားတစ်လက်အလား ထင်မှားလာစေ၏။
“ သူ့ကို ဖိနှိမ်ထား ... ။ ”
အဝါရောင်ဝတ် ဆံပင်ဖြူဖြူအဖိုးကြီးမှ သူတို့၏တိုက်ခိုက်မှုများထံ ဦးတည်ပျံသန်းလာ နေသည့် စုရီပုံရိပ်တွင် တစ်ခုခုမှားယွင်းနေမှန်း ခံစားမိကာ အော်ဟစ်လိုက်တော့သည်။
“ ဘာတွေဖြစ်နေတာလဲ ... ။ ”
ရှေ့ဆုံးမှတိုက်ခိုက်လိုက်သော ဧကရာဇ်တစ်ပါးသည် တိုက်ခိုက်မှုများသည် စုရီရှေ့တွင် အလိုအလျောက် ပျက်ပြယ်ကုန် သည်ကို သတိထားမိလိုက်၏။
“ ရွှပ် ... ။ ”
သံသယဖြင့် ဆုတ်ခွာရန်ပြင်လိုက်စဉ် ဓားအလင်းကို မြင်လိုက်ရပြီးနောက် လည်ပင်း၌ အေးစက်သောခံစားချက်ရရှိလာ၏။
“ ဒါ ... ။ ”
“ ဘောင်း ... ။ ”
ထိတ်လန့်တကြား လည်ပင်းထံ အုပ်ကိုင်လိုက်ရာ ဓားအလင်းများလက်ကြားမှ စိမ့်ထွက်လာပြီး သူ့ဦးခေါင်းနှင့် ခန္ဓာကိုယ်ကြီး ပေါက်ကွဲသွားတော့သည်။
“ သူ့ကို တား ... ။ ”
ဝိညာဉ်ပင် အစအနမကျန်ခဲ့ချေ။ အခြားဧကရာဇ်များသည် ဒေါသထွက်ကုန်ပြီး စုရီကို ပိတ်ဆို့လျက် ပိတ်လှောင်လိုက်၏။
“ ရွှပ် ... ။ ”
သို့သော် စုရီသည် လက်ချောင်းကို ဓားကဲ့သို့အသုံးပြုကာ ပေတစ်ရာကျော်ခန့် ရှည်လျားသော ဓားအလင်းတန်းကြီးဖြင့် ပစ်ခတ်လိုက်လေသည်။
“ မကောင်းတော့ဘူး။ ”
“ မြန်မြန်ရှောင် ... ။ ”
“ အား ... ။ ”
၎င်းဓားအလင်းသည် နေမင်းကြီးပမာ တောက်ပလျက် ဧကရာဇ်ခုနစ်ဦး၊ ရှစ်ဦးခန့်ကို ခါးလည်မှ ချက်ချင်းပိုင်းဖြတ်သွား၏။
သွေးများမှာ ရေတံခွန်ပမာ ပန်းထွက်လာပြီးနောက် အော်ဟစ်သံများ ကောင်းကင်တခွင် ပဲ့တင်ထပ်လာခဲ့သည်။
“ ဟမ့် ... ။ ”
ထို့နောက်တွင် စုရီသည်လျှပ်စီးအလား သူတို့ကြားထဲသို့တိုးဝင်လာကာ တစ်ယောက်ပြီး တစ်ယောက် မြက်ပင်များအလား ရိတ်သိမ်း နေတော့သည်။
“ မင်းတို့ရဲ့ ဝှက်ဖဲတွေကိုထုတ် ... ။ ”
“ သတ် ... ။ ”
“ သူ့ကို သတ်ပစ်လိုက် ... ။ ”
နေရာအနှံ့ ဓားရောင်များလက်နေပြီး သွေးမြူများပြန်ကျဲကာ သွေးမိုးများ ရွာသွန်း လာခဲ့သဖြင့် ဧကရာဇ်များသည် မထိန်းနိုင်ဘဲ သတ်ဖြတ်ရန် ကြိုးစားတော့၏။
“ ခရစ် ... ။ ”
“ ဘောင်း ... ။ ”
“ အား ... ။ ”
သို့သော် ရွှေရောင်အလင်းသွားရာ လမ်းတစ်လျှောက်၌ အော်ဟစ်သံများနှင့်အတူ အကာအကွယ်ရတနာများ တဘောင်းဘောင်း ပေါက်ကွဲကာ လေဟာနယ်ပြိုကျနေခဲ့၏။
ဤသည်မှာ ရက်စက် ကြမ်းကြုတ်လွန်းသော မြင်ကွင်းကြီးပေပင်။ အရိုင်းမြေ၌ ဧကရာဇ်များသည် အထွတ်အထိပ် တည်ရှိမှုများဖြစ်သည်။
ရွှမ်ဟဲအဆင့်ဧကရာဇ် မဆိုနှင့် ရွှမ်ယုအဆင့်ဧကရာဇ်များသည်ပင် အင်အားစု တစ်ခု၏ မဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်၏။
ထိုသို့ အထွတ်အထိပ် တည်ရှိမှုများသည် မည်သည့်အချိန်မှစကာ အားနည်းသွားသနည်း။ စုရီဓားအောက်၌ ကြက်သွန်မြိတ်များ နုပ်နုပ်စင်း နေသကဲ့သို့ သွေးသားအပိုင်းအစများအဖြစ် ခဏချင်း ပြောင်းလဲနေချေပြီ။
“ ဘယ်လောက်မြန်လိုက်လဲ ... ။ ”
အဆုံးတွင် စုရီတစ်ယောက် ပြန်ပေါ်လာချိန်၌ ဝိုင်အိုးကိုမော့သောက်လျက် လေဟာနယ်အတွင်း တစ်ယောက်တည်း မတ်တပ်ရပ်နေတော့၏။
ကိုင်ထားသော ဓားဖျားတွင်လည်း နတ်မီးတောက်တစ်စ တောက်လောင်လျက် စွန်းထင်းနေသည့်သွေးစက်များကို အငွေ့ပြန် ပျောက်ကွယ်သွားစေသည်။
သူ့နောက်တွင် လက်များ၊ ခြေများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ စသည့်အားလုံးမှာ အပိုင်းအစများအဖြစ် ပြန်ကျဲလျက် သွေးများ မိုးအဖြစ် မြစ်ပြင်ပေါ် ရွာကျနေတော့၏။
ထွက်ပြေးရန် ကြိုးစားသူများသည် လေဟာနယ်အက်ကြောင်းများမှ ပြုတ်ကျကာ အစိတ်အစိတ်အမွှာပြောင်းလဲနေသည်။
အဆိုပါဖြစ်စဉ်များသည် လျင်မြန်လွန်းလှသော စုရီဓားချက်ကြောင့် တရွေ့ရွေ့ ဖြစ်ပေါ်လာနေခြင်းပေပင်။
ယင်းသည် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး စုရီအရက်သောက်နေစဉ် ထိုပျက်စီးမှုသည် တစ်စက္ကန့်အနည်းငယ်ကြာ နောက်ကျနေခြင်းဖြစ်၏။
ဤသည်မှာ မည်သို့သောစွမ်းအားပေနည်း။ မျက်စိတမှိတ်အတွင်း ထိုဧကရာဇ် တစ်ရာကျော် အစအနမကျန် သုတ်သင်ခြင်း ခံလိုက်ရချေပြီ။ အမှန်ပင် လှိုက်မောစရာကောင်း၏။
“ သူက ရွှမ်ယုအဆင့်ပဲ ရှိသေးတာ ... ဘယ်လိုလုပ် ဒီလောက်ထိသန်မာနေရတာလဲ။ ”
နတ်ဆိုးတောင်တန်းပေါ်တွင် ပုန်းအောင်းကြည့်ရှုနေသော ကုဝမ်ထျန်းခမျာ ထိတ်လန့်တကြား အာမေဋိတ်သံ ထွက်ပေါ်လာသည်။
ယခုတိုက်ပွဲသည် ဤအဖိုးကြီးစုအတွက် ကြက်ကလေး၊ ငှက်ကလေးများ သတ်ဖြတ်နေရ သကဲ့သို့ပင် လွယ်ကူလွန်းနေခဲ့၏။
အစွမ်းသတ္တိသည် လူသားတို့၏ သိမြင်နားလည်နိုင်မှုထက် ကျော်လွန်နေချေပြီ။ ရွှမ်ဟွမ်ကြယ်စုပြင်ပရှိ နယ်ပယ်ဘုရင်များပင် ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားကြ၏။
“ ရွှမ်ယုနှောင်းပိုင်းအဆင့်နဲ့ ... ဒီလောက်ထိတောင် တက်စွမ်းနေနိုင်တာလား တကယ့်ကို စိတ်ဝင်စားစရာပါပဲ။ ”
ကြယ်မြစ်ဂိုဏ်းမှ မိုချန်ကဆိုသည်။
“ ဟမ့် ... သူ့မှာ ဝင်စားခြင်း ဥပဒေရှိတယ်ဆိုတာ မမေ့နဲ့ ... ငါတို့အားလုံးရဲ့ ဆန္ဒဝိညာဉ်တွေကို ထုတ်လွှတ်ပြီး ကြိုးစား ကြည့်ရအောင်။ ”
နှလုံးသားပြခန်းဂိုဏ်းမှ ရွယ်ကျိနင်မှ အကြံပြုသည်။ လူတိုင်းက ခေါင်းညိတ်လျက် သဘောတူလိုက်ကြ၏။
အဝါရောင်ဝါ ဆံပင်ဖြူဖြူနှင့် အဖိုးကြီး အပါအဝင် ဧကရာဇ်ပေါင်းတစ်ရာကျော်တို့၏ သေဆုံးမှုအပေါ် မည်သူမျှ ဂရုစိုက်ပုံမပြချေ။
သူတို့အားလုံးအမြင်၌ လက်ရှိစုရီ၏ စွမ်းဆောင်နိုင်သမျှသည် ဝင်စားခြင်းဥပဒေ၏ စွမ်းအားပေပင်။ စုရီအစွမ်းထက်လေ သူ့တို့ကို ပို၍စိတ်လှုပ်ရှားလေပင်။
ယင်းသည် ကြယ်ဗဟိုဒေသကြီးကိုပင် တုန်လှုပ်စေသော ကြယ်အဆင့်တားမြစ်ဥပဒေ တစ်ရပ်ဖြစ်၏။ ထို့ကြောင့် ဤအမှိုက်များဖြင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
နယ်ပယ်ဘုရင်များ၏ မျက်ဝန်းတွင် လောဘမီးလျှံများ အလျှံလျှံငြီးတောက်လောင် လာကာ ဆန္ဒဝိညာဉ်များထုတ်ယူလျက် ရွှမ်ဟွမ် ကြယ်စုဆီသို့ စေလွှတ်လိုက်ကြ၏။
“ သွား ... ။ ”
မျက်စိတမှိတ်အတွင်းမှာပင် နယ်ပယ်ဘုရင်များစွာသည် ကြယ်အဆင့် ဥပဒေများသိုင်းခြုံလျက် ရွှမ်ဟွမ်ကြယ်စုထံ ချက်ချင်းထိုးဆင်းသွားကြတော့သည်။
အဝေးမှကြည့်သော် ဥက္ကာပျံများသည် ရွှမ်ဟွမ်ကြယ်စုအတွင်းသို့ ကြွေကျနေသည်နှင့် တူနေချေပြီ။ ယင်းသည် မတူကွဲပြားလှသော ဥပဒေများသယ်ဆောင်ထားသဖြင့် ကြယ်ဖျက် ကပ်ဘေးကြီး အလားပေပင်။
***