← Chapters

ကောင်းကင်ဒုက္ခခံယူခြင်း ... ။

Vol. 76 Ch. 909

ကောင်းကင်ဒုက္ခခံယူခြင်း ... ။

Vol. 76 Ch. 909

“ စုရွှမ်ကြွယ် ... မင်းအသာတကြည် အညံ့ခံလိုက်တာ ပိုကောင်းလိမ့်မယ် ငါတို့က ဝင်စားခြင်းသံသရာ လျှို့ဝှက်ချက်အတွက် လာတာဆိုတော့ မင်းအသက်ကိုတော့ ချမ်းသာပေးနိုင်တယ်။ ”

သွေးအလိမ်းလိမ်းဖြင့် ရုန်းကန်နေသော စုရီထံပြန်ကြည့်ကာ ရွယ်ကျိနင်မှ ဖော်ရွေစွာ ဖြောင်းဖျလိုက်တော့၏။

သို့သော် တစ်ဖက်တွင် သူမ၏ တိုက်ခိုက်မှုများကိုမူ ရက်စက်စွာ ထုတ်ဖော်ဆဲ ဖြစ်သည်။ ရန်သူသည် အားနည်းနေသော်လည်း အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း သူမ နားလည်ထား၏။

စုရီအခြေအနေသည် အလွန်စိုးရိမ်ရကာ ခန္ဓာကိုယ်ကြေမွပျက်စီးပြီး သွေးများတသွင်သွင် စီးကျနေလျက် အရိုးများ မြင်နေရသည်။

“ ဟား ဟား ဟား ... ။ ”

သို့သော် စုရီသည် ရုတ်တရက် ရူးသွပ်စွာရယ်မောလျက် ဓားရောင်ဝါများကို ဖွင့်ထုတ်လိုက်ကာ၊

“ အချိန်ကျပြီ။ ”

-ဟု အော်ဟစ်လိုက်သည်။

ထိုခဏမှာပင် ကောင်းကင်တွင် မှင်ကဲ့သို့မည်းမှောင်နေသော တိမ်တိုက်များ စုရုန်းလာတော့၏။

ထိုတိမ်တိုက်များမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်ထူးဆန်းပြီး ကပ်‌ဘေးကြီး အဖြစ် ကြောက်မက်ဖွယ်ကောင်းလှသည်။

“ ကောင်းကင် ဒုက္ခလား။ ”

“ ဒါက ဘယ်လိုဘေးဒုက္ခမျိုးလဲ။ ”

“ အရမ်းပြင်းတယ် ငါနယ်ပယ်ဘုရင် တက်ရောက်တုန်းကတောင် ဒီလောက်အထိ မပြင်းထန်ဘူး။ ”

နယ်ပယ်ဘုရင် ဆန္ဒဝိညာဉ်များမှာ အံ့အားသင့်သွားကြ၏။ ဤမျှထူးဆန်းသော ဘေးဒုက္ခမျိုးကို သူတို့ပင် မကြုံဖူးကြချေ။

ပစ်မှတ်ထားခံရသူတိုင်း မျှော်လင့်ချက် ကုန်ဆုံးသွားရလောက်အောင် လေးလံသည့် ကြောက်မက်ဖွယ် ဖိအားပေးစွမ်းနေ၏။

“ ဂျိန်း ... ။ ”

ကြည့်နေဆဲမှာပင် တိမ်တိုက်များမှ မိုးကြိုးကြီးတစ်စင်း ပြေးထွက်လာတော့သည်။ ရွယ်ကျိနင်နှင့် အခြားသော ဆန္ဒဝိညာဉ်များက ချက်ချင်း ဆုတ်ခွာလိုက်ကြ၏။

မိုးကြိုးက်ကပ်ဘေးမှလာသော အဖျက်စွမ်းအားသည် ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ပြင်းထန်လွန်း နေချေပြီ။

သို့သော် ဒဏ်ရာပြင်းထန်စွာရရှိနေသော စုရီအတွက်မူ တောင့်တသော အကြည့်များဖြင့် ကောင်းကင်ပေါ်မော့ကြည့်ပြီး၊

“ ဟားဟားဟား ... ငါစုရီ နောက်ဆုံးတော့ရွှမ်ဟဲအဆင့်ကို ပြန်ရောက် လာပြီ။ ”

-ဟု အော်ဟစ်လိုက်၏။

“ ဟိတ် ... ။ ”

တစ်ဆက်တည်းမှာပင် ကောင်းကင်ပေါ် ပျံတက်သွားပြီး ကျဆင်းလာသော မိုးကြိုးထံ ဓားဖြင့် ခုတ်ပိုင်းချလိုက်၏။

ဤသည်မှာ ရူးသွပ်ပြီး အထိန်းအကွပ်မဲ့လွန်းသော အပြုအမူမျိုးပေပင်။ စကြာဝဠာနှလုံးသားမှထက်ရှသော ဓားအလင်း တစ်လက်ပြေးထွက်သွား၏။

၎င်းနှင့်အတူ ထူးခြားလွန်းသော ဓားရောင်ဝါတစ်ခု လိုက်ပါသွားသည်။ ယင်းက သံကြိုးကိုးချောင်းဖြင့် ချုပ်နှောင်ထားသော ဓားတစ်လက်ပုံရိပ်ကြီးဖြစ်၏။

“ ဘောင်း ... ။ ”

မိုးကြိုးကပ်ဘေးကြီးမှာ ခါးလည်မှ ထက်ပိုင်းပြတ်သွားပြီး အလင်းရောင်တစ်ချက် လက်သွားကာ ကောင်းကင်ရှိတိမ်တိုက်များထံ ဆက်လက်တိုးဝင်တော့၏။

“ ဝုန်း ... ဝုန်း ... ဝုန်း ... ။ ”

အဆုံး၌ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာကာ ထိုတိမ်တိုက်များထံမှာ အလင်းမှုန်များအဖြစ်သို့ မိုးကြိုးစွမ်းအင်များ ကျဆင်းလာသည်။

ဤသည်မှာ ကြွယ်ဝသော အသက်ဓါတ်များအဖြစ် စုရီခန္ဓာကိုယ်ပေါ်သို့ ရေတံခွန်ပမာ ကျဆင်းလာကာ ဒဏ်ရာများ ခဏအတွင်း ပြန်လည်သက်သာသွား၏။

ကြေမွနေသော အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများစွာတို့သည် နိဗ္ဗာန်တွင် ပြန်လည်မွေးဖွားလာသကဲ့သို့ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုသန်မာလာသည်။

“ ဟမ့် ... ပြီးသွားပြီလား ... ။ ”

“ ဒါ ... ဒီလောက်လွယ်သလား။ ”

“ ရွှမ်ဟဲအဆင့်ကပ်ဘေးကြီးထက် အဆပေါင်းများစွာပြင်းထန်တဲ့ ကပ်ဘေးက ဒီလိုလေး ပြီးသွားတာလား။ ”

နယ်ပယ်ဘုရင် ဆန္ဒဝိညာည်များမှာ မျက်လုံးများပြူးကျယ်လျက် မှင်သပ်သွားကြ၏။ စုရီသည် ဘေးဒုက္ခကို ကျော်ဖြတ်နိုင်ရုံသာမက ဓားတစ်ချက်တည်းဖြင့် ထိုဘေးဒုက္ခအပေါ် သတ်ဖြတ်ပစ်လိုက်ခြင်းပေပင်။ ကြီးစိုးလွန်း၏။

“ မြန်မြန် ... သူ့ကျင့်ကြံမှု တည်ငြိမ်မှုမရခင် သတ်ပစ်။ ”

ရွယ်ကျိနင်က ဦးစွာ သတိဝင်လာပြီး အော်ဟစ်လိုက်တော့သည်။ ဝါရောင်ဝတ်စုံနှင့် နယ်ပယ်ဘုရင်ဆန္ဒဝိညာဉ်က ချက်ချင်းပင် စုရီကိုလှံရှည်ဖြင့် ထိုးနှက်ပစ်လိုက်၏။

“ သေလိုက်တော့ ... ။ ”

“ ဟမ့် ... ။ ”

စုရီက ပြုံးလျက်ဖြင့် ထိုလှံကို ချက်ချင်းလက်ဖြင့် ဖမ်းယူလိုက်လေသည်။ ဝါရောင်ဝတ်စုံနှင့် နယ်ပယ်ဘုရင်ဆန္ဒဝိညာဉ် ခမျာ ထိတ်လန့်တကြား ပြန်ရုတ်လိုက်၏။

“ ဘောင်း ... ။ ”

သို့သော် နောက်ကျသွားချေပြီ။ စုရီက သူ့လှံကိုလုယူကာ ပြန်လည်ပစ်လွှတ်လာသဖြင့် ရင်ဘတ်တွင် အပေါက်ကြီးဖြစ်လျက် ပေါက်ကွဲ သေဆုံးသွားတော့၏။

စုရီတစ်ယောက် ခန္ဓာကိုယ်မှ ရောင်ဝါများဖြာကျနေပြီး စီးဆင်းနေသော စွမ်းအင်များကို ခံစားမိ၏။

လက်ရှိသူ့ခွန်အားသည် အတိတ်ဘဝ အထွတ်အထိပ်အချိန်ထက် များစွာသာလွန်ပြီ ဖြစ်သည်။

“ အတူတူ တိုက်ကြ။ ”

နယ်ပယ်ဘုရင်တစ်ပါးကို တစ်ချက်တည်းသတ်ပစ်လိုက်သော မြင်ကွင်းက ရွယ်ကျိနင်ကို သတိထားသွားစေ၏။ ထို့နောက် ကျန်ရှိနေသော နယ်ပယ်ဘုရင်များအားလုံး စုပေါင်းတိုက်ခိုက်ရန် ပြင်လာကြတော့သည်။

“ သေချင်နေကြတာလား။ ”

စုရီက လှောင်ပြုံးဖြင့် ခြေတစ်လှမ်း လှမ်းလိုက်ကာ ရှေ့ဆုံးမှဝင်ရောက်လာသော အဘိုးအိုတစ်ဦး၏ဦးခေါင်းကို ဖြတ်ချပစ် လိုက်တော့သည်။

“ မကောင်းတော့ဘူး ... ။ ”

“ မြန်မြန် ဖိနှိမ်လိုက် ... ။ ”

“ ဝုန်း ... ။ ”

တစ်ဆက်တည်းမှာပင် ဓားကိုဝှေ့ယမ်းပြီး ကျန်ရှိနေသော နယ်ပယ်ဘုရင်များထံ ခုတ်ပိုင်း ပစ်လိုက်လေသည်။

“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”

နယ်ပယ်ဘုရင်များခမျာ စက္ကူအရုပ်များကဲ့သို့ ချက်ချင်း တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲပျက်စီးကုန်၏။

မျက်တောင်တစ်ခတ်စာအတွင်း ရွယ်ကျိနင်အပါအဝင် နယ်ပယ်ဘုရင်(၁၆)ဦးလုံး အမှုန်အဖြစ် ပြောင်းလဲသွားချေပြီ။

“ ဘယ်လောက် ... ကြီးစိုးလိုက်လဲ။ ”

လျင်မြန်လွန်းသဖြင့် မည်သူမျှ အသက်မရှူနိုင်ခဲ့ချေ။ ကောင်းကင်နှင့် မြေကြီး ကြားတွင် စုရီတစ်ယောက်တည်းသာရပ်လျက် ကျန်ရစ်ခဲ့တော့၏။

“ ဝေါ့ ... ။ ”

ကြယ်စုအပြင်ဘက်ရှိ ရွယ်ကျိနင်သည် ခန္ဓာကိုယ်မှာတုန်ခါသွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရလေသည်။

“ အဟွတ် အဟွတ် ... ဝေါ့ ။ ”

အခြားသော နယ်ပယ်ဘုရင်များလည်း သူတို့၏ဆန္ဒဝိညာဉ်များ ဖျက်ဆီးခံလိုက်ရသဖြင့် ပြင်းထန်သောတုံ့ပြန်မှုကို ခံစားလာရ၏။

“ ဒီကောင် ... ။ ”

လူတိုင်း နာကျင်မှုကြောင့် ဦးခေါင်းကို အုပ်ကိုင်ကာ အော်ဟစ်ညည်းတွားလိုက်ရသည်။ ရွယ်ကျိနင်မျက်ဝန်းများတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများလွှမ်းမိုးလာ၏။

“ ဘယ်လောက်တောင် သန်မာလိုက်လဲ။ ”

ဆန္ဒဝိညာဉ်တစ်ခု ဖျက်ဆီးခံရခြင်းသည် စိတ်ဝိညာဉ်အပေါ် တိုက်ရိုက်ထိခိုက်စေသည်။ ကြယ်မြစ်ဂိုဏ်းမှ မိုချန်က မျက်မှောင်ကြုတ် သွားတော့၏။

ဓားတစ်ချက်တည်းဖြင့် ဘေးဒုက္ခကို ဖြိုခွင်းပြီး နယ်ပယ်ဘုရင် ဆန္ဒဝိညာဉ်အားလုံး သုတ်သင်ခံလိုက်ရခြင်းပေပင်။

ဤသို့သောအစွမ်းသတ္တိမျိုးသည် ကြယ်ဗဟိုဒေသကြီး၌ပင် ကြောက်မက်ဖွယ် ကောင်းပြီး ဘီလူးဆန်လှ၏။

“ ဟမ့် ... ရွှမ်ဟွမ်ကြယ်စုရဲ့ စည်းမျဉ်းတွေသာမရှိရင် ငါကိုယ်တိုင်သွားပြီး အဲဒီလူကို အမှုန့်ချေပစ်မိလိမ့်မယ်။ ”

နယ်ပယ်ဘုရင်တစ်ဦးက အံကြိတ်ကာ ကြိမ်းဝါးလေသည်။ သူတို့သည် အတင်းအကျပ် ဝင်ရောက်ပါက ရွှမ်ဟွမ်စည်းမျဉ်းများ၏ တိုက်ခိုက်ခြင်းကို ခံရနိုင်၏။

စုရီက လေထုအလယ် ရပ်တန့်လျက် ဟုန်ချန်မိစ္ဆာနန်းတော်ထံ ပြန်ငုံ့ကြည့်လေသည်။ ယင်းကြောင့် မိစ္ဆာနန်းတော်ဂိုဏ်းသားများက တုန်လှုပ်စွာဖြင့် ဝင်္ကပါအသက်သွင်းတော့၏။

“ မြန်မြန် ... ကာကွယ်ရေးဝင်္ကပါကို အသက်သွင်းပါ။ ”

ကုဝမ်ထျန်းတစ်ယောက် များစွာ တုန်ရင်နေခဲ့သည်။ ပြင်ပအင်အားစုများထံ အညံ့ခံထားသဖြင့် စုရီသည် သူ့ကိုလွှတ်ပေးမည် မဟုတ်ကြောင်း နားလည်ထား၏။

“ ဟုန်ချန်မိစ္ဆာနန်းတော်က ... ရွှမ်ဟွမ်ကြယ်စုကြီးမှာ ရှိနေဖို့ မလိုတော့ဘူး။ ”

စုရီက အေးစက်စွာ ရေရွတ်လိုက်သည်။ သူ့စကားသံသည် ကောင်းကင်အမိန့်သံကဲ့သို့ နေရာတိုင်းတွင် ပဲ့တင်ထပ်သွားပြီး ဓားအလင်း တစ်ချက် ပြေးထွက်သွားတော့၏။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

ပေတစ်ထောင်ရှည်လျားသော ဓားအလင်းတန်းကြီးသည် ကာကွယ်ရေး ဝင်္ကပါ အပေါ် ပြုတ်ကျလျက် နတ်ဆိုးတောင်ကို ထက်ပိုင်းဖြတ်ပစ်လိုက်လေသည်။

ထိုတောင်တန်းပေါ်ရှိ မိစ္ဆာဂိုဏ်းဝင် မြောက်မြားစွာသည် ဓားရောင်ဝါအောက်တွင် ဝိညာဉ်ပါမကျန်အောင် ပျောက်ကွယ်သွား ရတော့၏။

“ ခရစ် ... ။ ”

ထိုခဏတွင် ကောင်းကင်ကြီး အက်ကွဲသွားပြီးနောက် ရွှမ်ဟွမ်ကြယ်စုပြင်ပမှ သူတို့ထံငုံ့ကြည့်နေသော လူရိပ်များစွာကို မြင်လိုက်ရလေသည်။

သူတို့အားလုံး နတ်ဘုရားများကဲ့သို့ ဟင်းလင်းပြင်တွင်ရပ်နေ၏။ စုရီမှ သူ့ဓားကို မြှောက်ကာ ထိုးညွှန်ပြလျက်၊

“ ငါဒီမှာ မင်းတို့ကိုစောင့်နေတယ်။ ”

-ဟု စိန်ခေါ်လိုက်တော့သည်။

“ ဟမ့် ... စုရွှမ်ကြွယ် ငါတို့မင်းကို ရွေးချယ်စရာတစ်ခုပေးမယ် မင်းကိုယ်တိုင် ဒီကို လာပြီး အသေခံမလား ...

... ဒါမှမဟုတ်ရင် ... ငါတို့ ဒီရွှမ်ဟွမ် ကြယ်စုကြီးတစ်ခုလုံးကို သက်ရှိတစ်ယောက်မှ မကျန်အောင် အကုန်ဖျက်ဆီးစေချင်လား။ ”

ကောင်းကင်ကိုးပါးနန်းတော်မှ တတိယမြောက်ကြယ်အရာရှိ တုပိုင်ချွမ်းက စုရီထံငုံကြည့်ကာ ခြိမ်းခြောက်စကား ဆိုလိုက်တော့သည်။

ဤစကားကြောင့် လူတိုင်းမငြိမ်မသက် ဖြစ်ကုန်ကြ၏။ ထိုနယ်ပယ်ဘုရင်များစွာသည် စုရီကို တိုက်ရိုက် မသတ်နိုင်သောကြောင့် အပြစ်မဲ့သူများကို ဓားစာခံလုပ်နေခဲ့ချေပြီ။

“ လူယုတ်မာတွေ မင်းတို့လို နယ်ပယ်ဘုရင်တွေက ဒီလောက်အရှက်မဲ့တဲ့ နည်းလမ်းကို သုံးရဲတယ်လား။ ”

မိစ္ဆာဘုရင်ယွဲ့ရင်က ဒေါသတကြီး ပြန်လည်အော်ဟစ်လိုက်တော့၏။ စုရီသည်ပင် မျက်မှောင်ကြုတ်လျက် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပေါ်လာတော့သည်။

ဤနယ်ပယ်ဘုရင်များ၏ အရှက်ကင်းမဲ့မှုသည် သူထင်ထားသည်ထက် များစွာသာလွန်နေခဲ့ချေပြီ။

***

All Chapters