← Chapters

တိုက်ပွဲ မပြီးသေးဘူး ...

Vol. 76 Ch. 911

တိုက်ပွဲ မပြီးသေးဘူး ...

Vol. 76 Ch. 911

ရွယ်ကျိနင်နှင့် အခြားသော နယ်ပယ်ဘုရင်များသည် အံ့အားသင့်သွားကြပြီး နတ်အာရုံများဖြင့် ချက်ချင်းစစ်ဆေးလိုက်၏။

“ ဟမ့် ... အလယ်အလတ်အဆင့် နယ်ပယ်ဘုရင်တစ်ပါးက အရှက်ကင်းမဲ့စွာနဲ့ ငါဝင်စားသူကို အနိုင်ကျင့်ရဲလား။ ”

ရုတ်တရက် အထိန်းအကွပ်မဲ့သော စကားသံနှင့်အတူ စုရီ၏မျက်ဝန်းများအတွင်း မထီမဲ့မြင်ပြုမှုပေါ်လာကာ ကျန်းပိုင်လင်းထံ စိုက်ကြည့်လိုက်တော့၏။

“ မကောင်းတော့ဘူး ... ။ ”

ထိုပြောင်းလဲမှုထံ ကျန်းပိုင်လင်းက စစ်ဆေးဝံ့ခြင်းမရှိတော့ဘဲ ထိတ်လန့်တကြား ချက်ချင်းဆုတ်ခွာလိုက်လေသည်။ သို့သော် စုရီက ခွင့်မပြုချေ။

ညာလက်ကို ပေါ့ပေါ့တန်တန် ဆန့်ထုတ်လိုက်ပြီး လည်ပင်းဆီသို့ချက်ချင်း ကုပ်ဆွဲချလာ၏။ အချိန်များရပ်တန့်သွားပြီး ကျန်းပိုင်လင်ခမျာ ဟင်းလင်းပြင်ကြီးအတွင်း ပိတ်မိနေသကဲ့သို့ တောင့်တင်းသွားသည်။

ဂုဏ်သိက္ခာကြီးမားသော နယ်ပယ်ဘုရင်တစ်ပါးသည် ကြက်ကလေးကဲ့သို့ အကူအညီမဲ့စွာ ရုန်းကန်နိုင်စွမ်းကင်းမဲ့နေခဲ့၏။

ရွယ်ကျိနင်နှင့် အခြားသော နယ်ပယ်ဘုရင်များသည် စုရီမျက်ဝန်းများထဲရှိ သိမ်မွေ့သောပြောင်းလဲမှုကို မမြင်လိုက်ရချေ။ ထို့ကြောင့် နားမလည်နိုင်စွာ မှင်သပ်နေခဲ့၏။

များမကြာခင် စုရီအသွင်သည် ထိန်းမနိုင်သိမ်းမရ ကွဲပြားခြားနားသောရောင်ဝါ တစ်ခုပေါက်ကွဲထွက်လာပြီး ဟင်လင်းပြင်ပေါ် ပျံတက်လာတော့သည်။

ဤရောင်ဝါသည် နယ်ပယ်ဘုရင်များ ဖြစ်သည့် သူတို့အားလုံးကို သေးနုပ်ညံ့ဖျင်းသော ခံစားချက်များ ဝင်ရောက်လာစေ၏။

“ မင်း ... မင်းဘယ်သူလဲ။ ”

လည်ပင်းကို ဖမ်းဆုပ်ခံထားရသော ကျန်းပိုင်လင်းခမျာ သာ၍ဆိုးချေပြီ။ ကျင့်ကြံမှု သက်တမ်းတလျှောက် ဤမျှဆိုးရွားသော ရှုံးနိမ့်မှုမျိုး မခံစားခဲ့ဖူးချေ။

လက်ရှိအချိန်၌ သေခြင်းတရားအပေါ် ပထမဆုံး နဖူးတွေ့ဒူးတွေ့ ခံစားနေရသည်ဟု ဆိုသော် လွန်အံ့မဆိုကြောင်း ပြောနိုင်၏။ ရုန်းကန်မှုတိုင်းသည် အချည်းနှီးပေပင်။

“ ဟမ့် ... မင်းလိုခွေးပေါက်လေးက ငါ့အတွက်လာတာမဟုတ်ဘူးလား ဒါဆို ဘာလို့ ငါ့ကိုမသိရတာလဲ။ ”

စုရီက ပျင်းရိသောအသွင်ဖြင့် ပြန်ဖြေလိုက်သည်။ နယ်ပယ်ဘုရင်တစ်ပါးဖြင့် စကားပြောရသည်ကိုပင် စိတ်ပျက်စရာဟု ခံစားနေရပုံရ၏။

ကျန်းပိုင်လင်းတစ်ယောက် ဆွံ့အသွားပြီးနောက် မျက်လုံးများချက်ချင်းပင် ပြူးကျယ်လာကာ၊

“ လောကသခင် ... ။ ”

-ဟု ထိတ်လန့်စွာ ရေရွတ်လိုက်တော့သည်။

ဤအမည်သည် အဝေးမှ ရပ်ကြည့်နေခဲ့သော နယ်ပယ်ဘုရင်များကို ကျောရိုးများအေးစက်သွားစေ၏။

သူတို့မဆိုနှင့် ကြယ်ဗဟိုဒေသကြီးရှိ ထိုကြယ်ဘီလူးကြီးများသည်ပင် ဤအမည်ကို ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုခြင်းမရှိချေ။ သို့သော် စုရီမှ ခေါင်းအနည်းငယ်ခါရမ်းပြပြီး၊

“ မဟုတ်ဘူး ... အခုမင်းရှေ့မှာ မြင်နေရတာတွေက ငါ့အတိတ်ကစွမ်းအားပဲ။ ”

-ဟု ရှင်းပြလိုက်၏။

“ အတိတ်ဘဝရဲ့ စွမ်းအားလား။ ”

သို့မှသာ ရွယ်ကျိနင်နှင့် အခြားသော နယ်ပယ်ဘုရင်များသည် စိတ်သက်သာရာ ရသွားကြသည်။ သူတို့အားလုံးသည် နယ်ပယ် ဘုရင်များဖြစ်သော်လည်း စင်စစ်သော်ကား ထုံ‌ရှောက်အဆင့်တွင်သာရှိ၏။

စစ်မှန်သောနယ်ပယ်ဘုရင်များ မဟုတ်သေးချေ။ နယ်ပယ်ဘုရင်များအပေါ် ကောင်းကင်လမ်းနယ်ပယ် ဟုလည်းခေါ်၏။

၎င်းနယ်ပယ်ကို ထုံရှောက်- ထာဝရကောင်းကင်၊ ကွေ့ယီ- ကောင်းကင် ပေါင်းစည်းခြင်းနှင့် တုံ့ယွီ-ကောင်းကင်အသိ အဆင့်ဟူ၍ (၃)ဆင့် ခွဲခြားထားသည်။

ဤလောကသခင်ဟူသည် တုံယွီအဆင့်အထွတ်အထိပ်တွင် တည်ရှိသည့် ဘီလူးကြီးတစ်ကောင်ဖြစ်သည်။ အချို့သော ကောလဟာလအရ တုံယွီအဆင့်ကိုပင် ကျော်လွန်နေသည်ဟု ဆိုကြ၏။

ထို့ကြောင့် ကျန်းပိုင်လင်းက လေးနက်သောအသွင်ဖြင့်၊

“ လောကသခင် ငါ့ကိုချမ်းသာပေးရင် အခုချိန်ကစပြီး မင်းရဲ့ပြန်ဝင်စားသူကို ရန်မပြု တော့ဘူးလို့ အာမခံပါတယ်။ ”

-ဟု ညှိနှိုင်းရန်ကြိုးစားလိုက်သည်။

“ ဟားဟားဟား ... မင်းတကယ်ပဲ ... အနာဂတ်မှာ ငါ့ပြန်ဝင်စားသူရဲ့ ရန်သူဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ ထင်နေလား။ ”

“ ဒါပေမယ့် ငါ့ကိုသတ်ရင် ကြယ်မြစ်ဂိုဏ်းတစ်ခုလုံးက လက်စားချေဖို့ နည်းလမ်းပေါင်းစုံသုံးကြလိမ့်မယ်။ ”

“ ဟုတ်လား ဒီလိုဖြစ်ပါစေလို့ ငါမျှော်လင့်ပါတယ် မဟုတ်ရင် လောကကြီးမှာ ပြိုင်ဘက်ကင်းရတာ အရမ်းအထီးကျန်တယ်။ ”

စကားဆုံးသည်နှင့် စုရီ၏ လက်မောင်းတစ်လျှောက် ထူးခြားသောဥပဒေ စည်းမျဉ်းများ အသက်ဝင်လာပြီး ကျန်းပိုင်လင်း အပေါ် ကူးစက်လောင်မြိုက်သွားတော့၏။

“ ဘန်း ... ။ ”

ဤသည်မှာ အဆုံးသတ်ဥပဒေပေပင်။ ကျန်းပိုင်လင်းတစ်ယောက် ပွင့်ချပ်များအလား ချက်ချင်း ကြွေလွင့်သွားရသည်။

“ မင်းတို့လိုအရူးတွေကို အဲဒီပါးနပ်တဲ့ အပ်ချုပ်သမားအိုကြီးက နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးပြုနေတယ်ဆိုတာ ... မင်းတို့ မသိနိုင်တာ ဘယ်လောက် မိုက်မဲလိုက်လဲ။ ”

စုရီက သက်ပြင်းချလျက် လက်ဖက်ဝါးများကိုဖုန်ခါသလို ရိုက်ခါပစ်ပြီး ခပ်တိုးတိုးရေရွတ်လိုက်လေသည်။

ဤနည်းဖြင့် နယ်ပယ်ဘုရင်တစ်ပါးသည် အော်ဟစ်သံပင်မပြုနိုင်ခဲ့ဘဲ တစ်ချက်တည်းဖြင့် လောကကြီးမှ ပျောက်ကွယ်သွားရချေပြီ။ စုရီက အဝေးရှိလူအုပ်ထံ လှမ်းကြည့်ကာ၊

“ မင်းတို့ထွက်ပြေးရင် ... ချက်ချင်းငါသတ်ပစ်မယ်။ ”

-ဟု ပြောကြားလိုက်၏။

ရွယ်ကျိနင်နှင့်အဖွဲ့သည် မကြုံစဖူး မျက်နှာအမူအရာများလေးနက်ပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ကျန်းပိုင်လင်းသေဆုံးမှုသည် သူတို့၏ တိုက်ပွဲဝင်ဆန္ဒများကို ပျောက်ဆုံးသွားစေသည်။ ထို့ကြောင့် အမှန်ပင်ထွက်ပြေးလို၏။ သို့သော် တစ်ဖက်လူသည် သူတို့၏အတွေးများအပေါ် သိနှင့်နေခဲ့သည်။

“ ငါ့ရဲ့စွမ်းအားက နာရီဝက်ပဲခံနိုင်တယ် မင်းတို့ဒီနာရီဝက်လောက်ကို ခံနိုင်မလားလို့ ငါ တွေးမိပါတယ်။ ”

ထိုစကားကြောင့် ရွယ်ကျိနင်မှ မျက်ဝန်းများလက်သွားသော်လည်း ချက်ချင်း အုံ့မှိုင်းလျက်၊

“ ငါတို့ နောက်ပြန်ဆုတ်ပြီး ရှုံးနိမ့်မှုကို ဝန်ခံရင်လွတ်မြောက်နိုင်မလား။ ”

-ဟု မေးမြန်းလိုက်၏။ စုရီမှ ခေါင်းခါလိုက်သည်။

“ မဟုတ်ဘူး ... သေခြင်းတရားဆိုတာ မင်းတို့ပေးဆပ်ရမယ့်အဖိုးအခပဲ တစ်ခုပဲ ငါ့ကို တိုက်ပြီး ဂုဏ်သိက္ခာရှိရှိသေမလား ... ခွေးလို ထွက်ပြေးပြီးသေချင်လား ... ။ ”

“ ဟမ့် ... ဒါဆို ငါတို့အတူတူ တိုက်မယ် ... လောကသခင်ဖြစ်နေရင်တောင် သူကအတိတ်ပဲ ဒီနေ့မှာ သူချန်ထားတဲ့ တံဆိပ်တစ်ခုကို နာရီဝက်မခံနိုင်ဘူးလို့ ငါမယုံဘူး။ ”

မိုချန်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ ယင်းကြောင့် အခြားသောနယ်ပယ်ဘုရင်များမှာ စိတ်အားတက်ကြွလာပြီး အသီးသီး ခေါင်းညိတ်လိုက်ကြတော့၏။

“ ဒီတစ်ကြိမ်က ငါ့ရဲ့နောက်ဆုံးအကြိမ် ထွက်ပေါ်လာမှုပဲ ... ဒါပေမယ့် အနာဂါတ်မှာ မင်းက ငါ့ထက် သာလွန်နေလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။ ”

စုရီအကြည့်များအတွင်း ရှုပ်ထွေးသော ရောင်ဝါနှစ်ခုဖြတ်ပြေးသွား၏။ ထို့နောက်တွင် ရှေ့သို့ တစ်လှမ်းတိုးလိုက်တော့သည်။

“ ဘုန်း ... ။ ”

နဂါးငွေ့တန်းတစ်ခုလုံး တုန်ခါလျက် ဟင်းလင်းပြင်အနှံ့ တိတ်ဆိတ်သွားစေသော အံ့မခန်းဓားရောင်ဝါတစ်ခု ထွက်ပေါ်လာ၏။

ရွယ်ကျိနင်နှင့် အခြားသော နယ်ပယ်ဘုရင်များအဖွဲ့မှ ထုတ်လွှတ်ခဲ့သော ရတနာများနှင့် လျှို့ဝှက်နည်းစနစ်များအားလုံး ဟင်လင်းပြင်အတွင်း ချက်ချင်းရပ်တန့်သွား၏။

မည်သည့် ဥပဒေမဆို ရွံ့နွံအတွင်း တောင်ကြီးတစ်လုံးဖြင့် ဖိနှိမ်ထားသည့်အလား နစ်မြုပ်လေးလံလျက် မယုံနိုင်ဖွယ် နှေးကွေးသွားချေပြီ။

“ မလုပ်နဲ့ ... ။ ”

“ ဒါ ... ။ ”

ထိုစဉ် ဓားအလင်းတစ်ချက် လျင်မြန်စွာဝင်ရောက်လာနေသည်ကို လူတိုင်း မြင်လိုက်ရ၏။ လက်နက်များ ထုတ်ယူလျက် ခုခံကာကွယ်ရေးတံဆိပ်များကို ချိုးဖြတ် လိုက်သော်လည်း နောက်ကျနေသေးသည်။

ရွယ်ကျိနင်၊ မိုချန်နှင့် အခြားသော နယ်ပယ်ဘုရင်(၁၈)ပါးတို့၏ ပုံရိပ်များစွာသည် ချက်ချင်းအပိုင်းပိုင်းကွဲသွားတော့၏။

ထိုမြင်ကွင်းသည် အာကာပြင်အတွင်း သွေးဖြင့်ရေးဆွဲနေသော မီးရှူးမီးပန်းများစွာတို့ ပေါက်ကွဲနေသည့် ပန်းချီကားတစ်ချပ်ပေပင်။

“ ဘန်း ... ဘောင်း ဘောင်း ဘောင်း။ ”

နယ်ပယ်ဘုရင်တစ်ပါး၏ သွေးနှင့်ချီသည်ကြယ်စုကြီး တစ်ခုအလား များပြားလွန်းချေပြီ။

ထို့ကြောင့် ၎င်းတို့ ပေါက်ကွဲမှုသည် အချိန်အတော်ကြာသည်အထိ မရပ်တန့်နိုင်ဘဲ အဆင့်ဆင့်ပေါက်ကွဲလျက် နေခဲ့၏။ ယင်းသည် ကြယ်မုန်တိုင်းကြီးအတွင်း ကြယ်များပေါက်ကွဲ သေဆုံးနေသည့်ဖြစ်စဉ်နှင့်တူသည်။

ရုတ်တရက် ကောင်းက်ငတွင် အနီရောင်ပန်းများ နေရာအနှံ့ပွင့်လျက် အရောင် ပြောင်းလဲနေသောကြောင့် နတ်ဆိုးတောင်မှ မော့ကြည့်နေသော လူအုပ်ကြီးခမျာ သို့လော-သို့လောဖြစ်လာ၏။

ဤသည်မှာ စုရွှမ်ကြွယ်မဟုတ်နိုင်ချေ။ အဖိုးကြီးစုသည် ဧကရာဇ်တစ်ပါးမျှသာဖြစ်ပြီး ဤမျှစွာသော သွေးနှင့်ချီများကို မပိုင်ဆိုင်ချေ။

တစ်ဖက်တွင် နယ်ပယ်ဘုရင်များသည် ဆယ်ပါးကျော်ရှိပြီး ထိုသူများသည်သာ ဤမျှစွာ များပြားသော သွေးနှင့်ချီဖြစ်စဉ်ကို ပြသနိုင်၏။

ထိုအသိက လူတိုင်းကို တုန်လှုပ် ခြောက်ခြားသွားစေသည်။ အမှန်တရားသည် ရက်စက်လှ၏။

အဆိုပါသွေးပန်းများသည် နယ်ပယ်ဘုရင်များသာဆိုက အဖိုးကြီးစုသည် မည်သို့ တက်စွမ်းနိုင်သနည်း။

နယ်ပယ်ဘုရင်တစ်ပါးသည်ပင် အရိုင်းမြေကိုးပါးတစ်ခုလုံးကို သွန်လိုသွန် မှောက်လိုမှောက်နိုင်၏။

ယခုမူ အာကာပြင်တွင် ထိုနယ်ပယ်ဘုရင်ကြီး (၁၆)ပါးစလုံးသည် သွေးမြူအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။

“ အစ်ကိုစု ... ။ ”

ကောင်းက်ငနတ်ဆိုးဧကရာဇ်က လက်များတုန်ရီလျက် ရွှင်မြူးစွာမော့ကြည့်ပြီး ရေရွတ်လိုက်ချေပြီ။

“ ပြိုင်ဘက်တွေက နယ်ပယ်ဘုရင်တွေ ဖြစ်နေတာတောင် ဒီမြေခွေးကြီးစုက လုံးဝကို မကြောက်ရွံ့ခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး ... သူ့မှာ လျှို့ဝှက်ချက်တွေရှိနေတာပဲ။ ”

အဆိပ်ဘုရင်ထျန်းဟူမှ ညည်းတွားလိုက်သည်။ မိစ္ဆာဘိုးဘေး ယွဲ့ရင်က သက်ပြင်းချကာ ခေါင်းညိတ်သဘောတူ၏။

ဤသည်မှာ သူတို့သိထားခဲ့သော အဖိုးကြီးစုပေပင်။ မည်မျှသန်မာလွန်းသည့် လူ တစ်ဦး ဖြစ်နေပါစေ အဖိုးကြီးစုရှေ့တွင် အားနည်းနေဆဲပေပင်။

တိုက်ပွဲမှာ လွန်စွာဝေးကွာလွန်းပြီး တိုက်ပွဲမှကြွင်းကျန်ရစ်သော အဖျက်စွမ်းအင် လှိုင်းများကိုပင် မချေဖျက်နိုင်သဖြင့် ဤအရပ်မှသာ ကြည့်ရှုခဲ့ရသည်။

ထို့ကြောင့် တိုက်ပွဲ၏အသေးစိတ် မြင်းကွင်းအပေါ်မြင်နိုင်ခြင်းမရှိဘဲ ဖြစ်စဉ်များ ကြည့်၍သာ သုံးသပ်နေခြင်းပေပင်။

“ ဟမ့် ... တိုက်ပွဲက မပြီးသေးဘူးလား။ ”

ရုတ်တရက် ကျောက်တုံးနှလုံးသားက ကောင်းကင်ပေါ်စိုက်ကြည့်ပြီး ပြောကြားလာရာ လူတိုင်းမှ အံ့အားသင့်စွာဖြင့် ချက်ချင်းပင် မော့ကြည့်လိုက်ကြတော့သည်။

***

All Chapters