တံခါးပိတ်ပြီး ခွေးကိုရိုက်ခြင်း
Vol. 43 Ch. 424
“...”
နီကျွင်းသည် ခဏရပ်တန့်သွားပြီးနောက် ကိုယ်ယောင်ဖျောက်ထားရာမှ ထွက်ပေါ်လာကာ မတုံ့ဆိုင်းဘဲ ပင်မဆောင်ကြီးဆီသို့ ပြေးဝင်သွားသည်။
မှောင်မည်းပြီးတိတ်ဆိတ်နေသော ခန်းမဆောင်ကြီးသို့ ရောက်သောအခါ၊သူ့ကို မှင်တက်သွားစေမည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
မြင့်မားသော ဂိုဏ်းချုပ်ဘိုးဘေးရုပ်တုကြီးအောက်တွင် ကျောနက်ခွေးဝါအိုကြီးသည် တင်းမာနေပြီး ရှေ့ခြေထောက်များကို မြှောက်ကာ၊ သူ့ဆီသို့ လျှောက်လာနေသော ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသည့် ပုံရိပ်ကိုသတိကြီးစွာစိုက်ကြည့်နေသည်။
ရှန်းယီသည် ၎င်း၏ရှေ့သို့ ဖြည်းညှင်းစွာ လမ်းလျှောက်သွား၏။
ထို့နောက် သူသည် ဖြည်းညှင်းစွာထိုင်ချလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ လက်ညှိုးကိုကွေးလိုက်သည်။
“ကျွတ်...ကျွတ်”
ပြတ်သားသောအသံသည် ခန်းမဆောင်အတွင်း ပဲ့တင်ထပ်သွားသည်။
နီကျွင်းသည် လုံးဝ ကြောင်အမ်းပြီး အေးခဲသွား၏။
ခွေးအိုကြီး၏မျက်လုံးသူငယ်အိမ်များ ကျယ်သွားပြီး တစ်ကိုယ်လုံးတောင့်တင်းသွားသည်။
၎င်း၏အမြင်အာရုံထဲတွင် ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသောလူငယ်သည် နန်ယန်ဝတ်ရုံဖြူ ဝတ်ဆင်ထားသောပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ မျက်နှာကို သေချာမမြင်ရသော်လည်း ကြင်နာမှုအရိပ်အယောင်များ ပါဝင်နေပြီး ကိုင်းညွှတ်ကာ ၎င်းဆီသို့လက်လှမ်းလာသည်။
“လေ့ဖူ လာခဲ့”
ထိုစကားသည် ၎င်းနှစ်သောင်းချီ စောင့်ဆိုင်းခဲ့ရသောနားလည်မှုဖြစ်သည်။
သို့သော် တစ်ခဏအတွင်းမှာပင် ခွေးအိုကြီး၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များလျှံကျလာတော့သည်။
“ဂါး”
ဤအရာက လုံးဝယုတ္တိမရှိပေ။
အဘယ်ကြောင့်ဆိုလျှင် ဂိုဏ်းချုပ်အနေနှင့် မီးဖိုချောင်စောင့်သည့် စိတ်ဝိညာဉ်သားရဲခွေးတစ်ကောင်၏နာမည်ကို သိစရာအကြောင်း မရှိလို့ပင်။
၎င်းသည် ရုတ်တရက်ရှေ့ခြေထောက်ကို မြှောက်လိုက်ပြီး အစွမ်းကုန်ရိုက်ချလိုက်၏။
သို့သော် ထိုခဏတာမှင်တက်သွားမှုကို အခွင့်ကောင်းယူပြီး ရှန်းယီသည် ၎င်း၏ရှေ့ခြေထောက်ကိုပြင်းထန်စွာ ဖမ်းဆုပ်လိုက်ပြီး ဖြစ်သည်။
ငွေရောင်သံချပ်ကာအောက်ရှိ ခန္ဓာကိုယ်မှ စိတ်ကူး၍မရနိုင်သော စွမ်းအားများ ပေါက်ကွဲထွက်လာ၏။
သူ၏ပြင်းထန်သော လွှဲရိုက်မှုအောက်တွင် ကျန်းလေ့ဖူ၏ခန္ဓာကိုယ်တစ်ခုလုံး လေထဲသို့လွင့်စင်သွားပြီး ခန်းမဆောင်အပြင်ဘက်သို့ ပြုတ်ကျကာ ကျောက်လှေကားထစ်များတလျှောက် ဒါဇင်နှင့်ချီ လိမ့်ဆင်းသွားသည်။
နောက်ဆုံးတွင် သံစုတ်တံငွေချိတ်မဟာအစီအရင်၏နယ်မြေထဲသို့ ဝင်ရောက်သွားသည်။
သတ်ဖြတ် ပိတ်လှောင် ချုပ်နှောင်
ပုံစံသုံးမျိုးသည် ပြီးပြည့်စုံသောမဟာအစီအရင်တစ်ခုအဖြစ် ပေါင်းစပ်သွားပြီး ခွေးအိုကြီးကို အတွင်း၌ ပိတ်လှောင်လိုက်၏။
၎င်းသည် ကြောင်တောင်တောင်ဖြင့် မတ်တတ်ရပ်လိုက်သည်။
ခဏတာ အာရုံလွတ်သွားခဲ့သည် ဆိုလျှင်ပင် ယခင် ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် နတ်ဘုရားစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်သင့်သော အရာမျိုး လုံးဝမဟုတ်ပေ။
နောက်တစ်ခဏတွင် ကျန်းလေ့ဖူသည် ရှန်းယီ ပင်မဆောင်ကြီးထဲမှဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာသည်ကို ကြည့်နေမိသည်။ သူ၏ငွေရောင်သံချပ်ကာသည် တစ်ဖျတ်ဖျတ်လပ်နေပြီး၊ နှင်းကဲ့သို့ဖြူဖွေးသော ဝတ်ရုံသည် တောင်ပေါ်လေပြေကြောင့်လွင့်ပျံနေကာ သူသည် နေမင်းရုပ်ကြွပေါ်တွင် ရပ်လျက် သူ့ကိုငုံ့ကြည့်နေသည်။
နက်မှောင်ပြီးကြည်လင်သော မျက်ဝန်းတစ်စုံသည် စီရင်ချက်ချနေသကဲ့သို့ပင်။
ဤအရာဟာ ကျန်းလေ့ဖူ၏ရင်ထဲမှ အနက်ရှိုင်းဆုံး အိပ်မက်ဆိုးပင်။
မရေမတွက်နိုင်သော နေ့ရက်များနှင့် ညများတွင် ဤမြင်ကွင်းကို ဘယ်နှစ်ကြိမ်မက်ခဲ့မိလဲဆိုတာ ၎င်း ရေတွက်၍ပင် မရတော့ပေ။
ခွေးအိုကြီးသည် အလိုအလျောက် ခေါင်းငုံ့လိုက်မိသည်။
ထို့နောက် ၎င်း၏လည်ပင်းပတ်လည်ရှိ သံကြိုးကို မြင်လိုက်၏။
၎င်းသည် ရှေ့ခြေထောက်ကို ဖြည်းညှင်းစွာဆန့်ထုတ်လိုက်ပြီး သံကြိုးကိုဆုပ်ကိုင်လိုက်သည်။ ခန္ဓာကိုယ်တုန်ရီနေပြီး ငိုသံနှင့် ရယ်သံရောထွေးနေသောအလွန်ထူးဆန်းသည့် အသံတစ်ခုကို ပြုလုပ်လိုက်၏။ “ဟိုး... ဟိုး...”
ဂျွတ် ဂျွတ်
သံကြိုးမှာ ပြတ်တောက်ဖို့အခွင့်အရေးပင် မရလိုက်ဘဲ ၎င်း၏လက်ဖဝါးထဲတွင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။
“မျောက်က လူဝတ်စုံဝတ်ထားသလိုပဲ”
ခွေးအိုကြီးသည် ကိုယ့်ကိုယ်ကိုယ် စကားပြောနေသကဲ့သို့ ရှန်းယီကိုမော့ကြည့်ရန် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်၏။ “မိစ္ဆာကောင်”
ထို့နောက် ကောင်းကင်ကို မော့ကြည့်ပြီး အနည်းငယ်တုန်ရီနေသော ပုံရိပ်ကို ဂရုမစိုက်သလို ဝေ့ဝဲကြည့်လိုက်သည်။ “လမ်းမှားလိုက်သူ”
“ငါ့ရဲ့နန်ယန်နယ်မြေကို ကျူးကျော်တယ်ပေါ့ မင်းတို့ရဲ့ပြစ်မှုအတွက် သေဒဏ်ပဲ”
၎င်းသည် နန်ယန်ဂိုဏ်း၏ နောက်ဆုံးတပည့် မဟုတ်ပေ။ အမွေဆက်ခံမှု ဥပဒေအရ ကျန်းဟာ နန်ယန်၏ဂိုဏ်းချုပ်ပင်။
မည်သူကမှ ၎င်း၏အမှားများကို စီရင်ဆုံးဖြတ်၍ မရသလို၊ ၎င်းတွင် မည်သည့်အမှားမှလည်း မရှိပေ။ ဤနန်ယန်ဂိုဏ်းထဲမှအရာအားလုံးသည် ၎င်းပိုင်ဆိုင်သည့် အရာများသာ ဖြစ်သည်။
ခွေးအိုကြီး၏မျက်လုံးများ ပြောင်းလဲသွားသည့် ခဏ၌ ယဲ့ဝမ်ရွှမ်သည် တစ်ချိန်က ဝူထုံတောင်ကို သတ်ဖြတ်ခဲ့သောကြောက်မက်ဖွယ် ပုံရိပ်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
သူမ လှည့်ပြေးချင်စိတ်ပင် တစ်ဒင်္ဂဖြစ်ပေါ်သွားသည်။
ကံကောင်းထောက်မစွာပင် ခွေးအိုကြီး၏အာရုံသည် သူမအပေါ် သိပ်မရောက်နေပေ။
ယခုအချိန်တွင် ၎င်း၏မျက်လုံးထဲ၌ လူတစ်ယောက်သာ ကျန်တော့သည်။
ထိုသူမှာ ပင်မဆောင်ကြီးထဲတွင် တာအိုချပ်ပြားကို ကိုင်ဆောင်ထားသော နီကျွင်းပင်။
“...”
ယဲ့ဝမ်ရွှမ် တံတွေး မျိုချလိုက်၏။
နီကျွင်းကိုပြုစုပျိုးထောင်ခဲ့သည့် မူလအစီအစဉ်မှာ ဤအချိန်လေးအတွက် ဖြစ်သော်လည်း တာအိုချပ်ပြားကိုင်ဆောင်ထားသော တပည့်က ခွေးအိုကြီးကို ဆွဲဆောင်ထားပြီး၊ သူမက ၎င်းကို ချုပ်နှောင်ရန်နည်းလမ်းမျိုးစုံ သုံးမည်ဟု ရည်ရွယ်ထားသော်လည်းတကယ်တမ်း ခွေးအိုကြီး လက်ကို ဝှေ့ယမ်းလိုက်သည်ကို မြင်လိုက်ရသောအခါ သူမ စိုးရိမ်စိတ်အနည်းငယ် ဖြစ်ပေါ်လာဆဲပင်။
ထင်ထားသည့်အတိုင်းပင်၊ပိတ်လှောင်ခြင်း အစီအရင်သည် ခွေးအိုကြီးကို အတွင်း၌ပိတ်ထားနိုင်သော်လည်းကြီးမားသော ခွေးလက်ဝါးကြီးတစ်ခု လေထဲတွင်ပေါ်လာပြီး ပင်မဆောင်ကြီးဆီသို့ ရိုက်ချလိုက်၏။
နီကျွင်းသည် တာအိုချပ်ပြားထားရှိရမည့် နေရာကို ရှာတွေ့ထားပြီး ဖြစ်သည်။
၎င်းမှာ ဂိုဏ်းချုပ်ဘိုးဘေးရုပ်တု၏ လက်ဖဝါးထဲရှိ အခွက်ပင်။
သူ၏ကျင့်ကြံခြင်းအဆင့်မှာ နိမ့်လွန်းလှသည်။ သူ စုစည်းနိုင်သမျှ ဝိညာဉ်စွမ်းအင်အကုန်လုံးကို ထိုအခွက်ထဲသို့လောင်းထည့်မှသာ တာအိုချပ်ပြားကို အသက်သွင်းပြီး ဂိုဏ်းကာကွယ်ရေးအစီအရင်ကြီးကို ဖွင့်နိုင်မည်။
အနည်းဆုံး နာရီဝက်ခန့် ကြာမြင့်မည်။
ဤအခြေအနေတွင် သူ အားကိုးနိုင်သည်မှာ သူ့နဖူးအလယ်ထဲတွင် ဖုံးကွယ်ထားသော တာအိုနန်းတော် သာ ရှိသည်။
သို့သော် ဝင်ရောက်လာသော ထိုလွှမ်းမိုးကြီးစိုးသည့် လက်သည်းချက်ကိုရင်ဆိုင်ရသောအခါ...
သူ ဂုဏ်ယူခဲ့ရသော ခရမ်းရောင်ကောင်းကင် မိုးကြိုးဓားနန်းတော်သည် အလွန်ကျိုးပဲ့လွယ်ပုံ ပေါက်နေသည်။
ဘုန်း
ထိုကြီးမားသောခွေးလက်ဝါးကြီးအောက်တွင် ငွေရောင်သံချပ်ကာ လူငယ်ရုတ်တရက်ပေါ်လာ၏။
မျက်စိကျိန်းလောက်သော ရွှေရောင်မီးလျှံများသည် သံချပ်ကာအက်ကွဲကြောင်းများမှ ထွက်ပေါ်လာပြီး၊ ချက်ချင်းပင် ကောင်းကင်ကိုဖုံးလွှမ်းသွားသော ကြီးမားသည့် အတောင်ပံများသဖွယ် ရွှေရောင်မီးပင်လယ်ကြီးနှစ်ခုအဖြစ် ပြောင်းလဲကာ ခွေးလက်ဝါးကြီးကို ပြင်းထန်စွာဝင်တိုက်လိုက်သည်။
ကောင်းကင်ယံရှိရွှေကျီးကန်း သည် အဆုံးမဲ့မီးတောက်များကို မွှေနှောက်လိုက်သကဲ့သို့ပင်။
ရှန်းယီ အောက်ကိုငုံ့ကြည့်လိုက်သော်လည်း စကားမပြောပေ။
သို့သော် နီကျွင်းသည် သူ့ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်၏။
သူသည် မဟာအစီအရင်ကိုအသက်သွင်းရန်သာ အာရုံစိုက်ရန် လိုအပ်ပြီး၊ သူ့တာအိုနန်းတော်မှ အရှိန်အဝါကိုပင် ထိုအခွက်ထဲသို့ လောင်းထည့်နိုင်သည်။
ကျန်တာကို ရှန်းယီထံ လွှဲထားနိုင်သည်။
“...”
ရှန်းယီ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ရွှေရောင်မီးပင်လယ်ကြီးကို ထပ်မံဝှေ့ယမ်းလိုက်ရာ ခွေးလက်ဝါးပုံရိပ်ယောင်ကို တိုက်ရိုက် ကြေမွသွားစေသည်။
သူ့ပုံရိပ် ပစ်ထွက်သွား၏။
သူသည် မဟာအစီအရင်၏အထက် ကောင်းကင်ယံတွင် ရပ်တန့်လိုက်သည်။
လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် တောက်လောင်နေသော မီးလျှံများကိုမင်ရည်အဖြစ် အသုံးပြုထားသည့် ကြီးမားသောစုတ်တံကြီးတစ်ချောင်း ပေါ်လာပြီး၊လေထဲတွင် နက်နဲသောအစီအရင် သင်္ကေတတစ်ခုကို လွတ်လပ်စွာရေးဆွဲလိုက်ရာ၊ ၎င်းသည် ခွေးအိုကြီး၏ကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။
ချုပ်နှောင်ခြင်းအစီအရင်သည် ၎င်း၏နတ်ဆိုးစွမ်းအားကို ပိတ်လှောင်ထားနိုင်သည်။
နှစ်ယောက်သား၏ပူးပေါင်းကြိုးပမ်းမှုအောက်တွင် ပြီးပြည့်စုံသော သံစုတ်တံငွေချိတ် မဟာအစီအရင်သည် နောက်ဆုံး၌ ၎င်း၏စစ်မှန်သော စွမ်းအားကို ထုတ်လွှတ်လိုက်ပြီ ဖြစ်သည်။
၎င်းသည် စမ်းသပ်မှုသက်သက် မဟုတ်တော့ဘဲ ခွေးအိုကြီးကိုပင် ခက်ခဲစေသော ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် အစီအရင် ဖြစ်လာသည်။
ပင်မဆောင်ကြီးဆီသို့ စုစည်းလာသော ဝိညာဉ်စွမ်းအင်၏ပြင်းထန်သော လှိုင်းများကို ခံစားလိုက်ရပြီးနောက်ခွေးအိုကြီးသည် လက်ကို ထပ်မံ ဝှေ့ယမ်းပြီး နီကျွင်းကိုတိုက်ခိုက်လိုက်၏။
ထင်ရှားသည်မှာ နတ်ဆိုးစွမ်းအားကို မသုံးဘဲ၊ ကျင့်ကြံခြင်းနည်းစနစ်အမျိုးမျိုးကို စွန့်လွှတ်ထားလျှင်ပင်၊၎င်း၏နတ်ဆိုးခန္ဓာကိုယ်နှင့် မိုးမြေရတနာအများအပြားကို စားသုံးခြင်းမှ ရရှိလာသော နတ်စွမ်းရည်များကို အားကိုးရုံဖြင့်နန်ယန်ဂိုဏ်းတစ်ခုလုံးကိုမောက်မာစွာ ရင်ဆိုင်ရန် လုံလောက်ပေသည်။
ဘုန်း
ရှန်းယီသည် ကောင်းကင်မှထိုးဆင်းလာပြီး မီးလျှံများရစ်ပတ်ထားသော လက်သီးဖြင့် ခွေးအိုကြီး၏ နှာခေါင်းကို ပြင်းထန်စွာထိုးချလိုက်၏။
သူ၏လှုပ်ရှားမှုနှင့်အတူ သူ့ခန္ဓာကိုယ်ထဲရှိ ဖီးနစ်ဥမှစူးရှသော အော်သံ ထွက်ပေါ်လာပြီး၊ပတ်ဝန်းကျင်ရှိ ကြက်သွေးရောင်မီးလျှံများသည် သူ၏ခြေလက်အင်္ဂါများနှင့် အရိုးများထဲသို့ စီးဝင်သွားသည်။
အစွမ်းကုန်ထိုးနှက်လိုက်သော ထိုလက်သီးချက်အောက်တွင် ကျောနက်ခွေးဝါကြီး၏နှုတ်ခမ်း ကွဲသွားပြီး၊ တစ်ကိုယ်လုံး နောက်သို့ လွင့်စင်သွားကာ ရွှေရောင်မီးလျှံများက ၎င်း၏အမွေးများကို လောင်ကျွမ်းစေသည်။
ကျန်းလေ့ဖူ မြေပေါ်သို့ ပြန်ကျလာချိန်တွင် မီးလောင်ကွက်များဖြင့် ဖုံးလွှမ်းနေပြီး ကြည့်မကောင်းသောအခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။
“ရှဲ”
ခွေးအိုကြီးသည် လျင်မြန်စွာကုန်းထလိုက်၏။ နှာခေါင်းမှသွေးများ စီးကျနေပြီး မျက်လုံးများ ပြူးကျယ်နေသည်။
ယခင်အကြိမ်က မတော်တဆဖြစ်ခဲ့သည် ဆိုလျှင်တောင်၊ဤလက်သီးချက်က ရှန်းယီ၏အင်အားကို အပြည့်အဝ အသိအမှတ်ပြုသွားစေသည်။
“ကောင်းကင်ဘုံဖီးနစ်ထာဝရမူလခန္ဓာကိုယ်... ငါ့ဆီက ယူခဲ့တဲ့ဆေးတွေကြောင့်လား”
ဤစိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ်သည် တစ်ချိန်က နန်ယန်ဂိုဏ်းအတွင်း အတော်အတန် နာမည်ကြီးခဲ့သည်။ ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်ပါက ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ခြောက်ဆင့်မြောက်ကျင့်ကြံသူကိုပင် ယှဉ်နိုင်စွမ်း ရှိသည်။
ကျန်းလေ့ဖူသည် သူ လွှတ်ပေးလိုက်သော စိတ်ဝိညာဉ်ဧကရာဇ်ကို ရုတ်တရက် သတိရလိုက်၏။
မဟုတ်သေးဘူး။ ဖီးနစ်နတ်ဆိုးရဲ့သွေးမျိုးဆက်က မတည်ငြိမ်ဘူး။ စိတ်ဝိညာဉ်ဧကရာဇ်က နတ်ဆိုးတစ်ထောင်ဂူကနေ ထွက်ထွက်ချင်းချုံခိုတိုက်ခိုက်ခံရပြီး အသတ်ခံလိုက်ရရင်တောင်၊ တစ်ဖက်လူအနေနဲ့ သူ့ရဲ့အဆီအနှစ်သွေးကို အပြည့်အဝ ချေဖျက်နိုင်မှာ မဟုတ်ဘူး။
အရင်တုန်းက နန်ယန်ဂိုဏ်းကျင့်ကြံသူတွေတောင် အဖိုးတန်ဆေးဝါး အမျိုးမျိုးရဲ့အကူအညီနဲ့ အနည်းဆုံးနှစ်တစ်ထောင်လောက် အချိန်ယူရတာ။
စိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ်က တာအိုဝိညာဉ် နဲ့ပဲ သက်ဆိုင်တာ၊ နားလည်သဘောပေါက်နိုင်စွမ်း အပေါ် ဘာအထောက်အကူမှ မရှိဘူး။
“မင်းမှာ ပြဿနာရှိနေတယ်”
ကျန်းလေ့ဖူဖြည်းညှင်းစွာ ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။
ဤနေရာတွင် ဆေးစွမ်းအင်ကိုချေဖျက်ဖို့ မည်မျှ အချိန်ယူသည်ကို ၎င်းထက်ပိုနားလည်သည့်သူ မည်သူမှ မရှိပေ။
၎င်းသည် ရှေ့ရှိလူငယ်ကို စူးစိုက်ကြည့်လိုက်၏။
ယခင်က ၎င်း၏အတွေးမှာ တာအိုချပ်ပြားကိုင်ထားသူကို အရင်သတ်ပြီးမှ၊ ဤမိစ္ဆာလမ်းမှားလိုက်သူနှစ်ယောက်ကို ဖြည်းဖြည်းချင်းရှင်းပစ်ရန် ဖြစ်သည်။
သို့သော် ယခုကြည့်ရသည်မှာ ဤလူငယ်ကို မရှင်းလင်းဘဲနှင့်၊ ၎င်း၏မှော်စွမ်းအင်များ ချုပ်နှောင်ခံထားရချိန်တွင် အစီအရင်ကိုဖြတ်ကျော်ပြီး ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ရန် အလွန် ခက်ခဲပေလိမ့်မည်။
“မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဘာလျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားလဲဆိုတာ ဒီအရှင်သခင်ကို ကြည့်ခွင့်ပေးစမ်း”
ခွေးအိုကြီးသည် သွားများကို ဖြဲလိုက်၏။ တကယ်တမ်းတွင် ၎င်း စိတ်လှုပ်ရှားနေပြီ ဖြစ်သည်။
ယခု သေချာကြည့်လိုက်သောအခါ နီကျွင်း၏ ကျင့်ကြံခြင်းအဆင့်အရ အစီအရင်ကို အသက်သွင်းရန် အချိန်အများကြီးလိုဦးမည်။
ပြောနေရင်းနှင့်ပင် ၎င်း ရုတ်တရက် ခုန်အုပ်လိုက်၏။
ယခင်ကကဲ့သို့ ကြောက်မက်ဖွယ်ပုံရိပ်ယောင်များ မပါဘဲ၊ ၎င်း၏လက်သည်းများသည် သာမန် လမ်းဘေးခွေးတစ်ကောင်နှင့် မခြားနားဘဲ အနည်းငယ် ပိုကြီးနေရုံသာ ရှိသည်။
သို့သော် ရှန်းယီက ပုံရိပ်ယောင်ကို အလွယ်တကူ ရိုက်ခွဲခဲ့သောအတောင်ပံများသည် ခွေးလက်သည်းချက်အောက်တွင် အလွယ်တကူ စုတ်ပြဲသွား၏။
ဂျွတ်
ရွှေရောင်မီးပင်လယ်ကြီး အက်ကွဲသွားပြီး ကောင်းကင်အပြည့်ရွှေရောင်အလင်းများအဖြစ် ပြန့်ကျဲသွားကာ ဖြည်းညှင်းစွာ ပြန်လည်စုစည်းလာသည်။
ထိုတစ်ခဏအတွင်း ကျန်းလေ့ဖူ၏ လက်သည်းသည် ရှန်းယီ၏ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်မိပြီး ဖြစ်သည်။
ကလစ် ကလစ်
ငွေရောင်သံချပ်ကာ ရုတ်တရက်အက်ကွဲသွား၏။
သို့သော် ယခင်က ဝတ်ရုံနှင့် ယှဉ်လျှင် အနည်းဆုံးတော့ တိုက်ရိုက်ပေါက်ကွဲမသွားပေ။
အားကောင်းသော အင်အားတစ်ခု လူငယ်အပေါ်သို့ လုံးဝ စီးဆင်းသွားသည်။
ရှန်းယီ၏ရွှေရောင်မီးလျှံများ အားလုံးသည် လေပြင်းကြောင့်လွင့်စင်သွားသကဲ့သို့ ဖြစ်နေသော်လည်း၊သူသည် ရှောင်တိမ်းခြင်းမပြုဘဲ ကျန်းလေ့ဖူထက် ပိုမိုပြင်းထန်သော လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်၏။
ခွေးအိုကြီး၏မျက်လုံးအိမ်မှ ပြတ်သားသော အသံတစ်ခုထွက်ပေါ်လာပြီး၊ ၎င်းသည်လည်း မရှောင်တိမ်းဘဲပါးစပ်ကိုဟကာ ရှန်းယီ၏ လည်ပင်းကို ကိုက်လိုက်သည်။
ရှန်းယီ လက်သီးကို ပြန်ရုတ်ပြီး ၎င်း၏ ပါးစပ်ကို တံတောင်ဖြင့် ထုချလိုက်၏။
အားကောင်းသောရွှေရောင်မီးလျှံများနှင့် အကန့်အသတ်မဲ့သွေးစွမ်းအင်များ ရောယှက်ကာ ကောင်းကင်သို့ ထိုးတက်သွားပြီး၊ နတ်ဆိုးတစ်ထောင်ဂူ တစ်ခုလုံးလှိမ့်ဝင်လာသော အပူလှိုင်းများဖြင့် လွှမ်းခြုံသွားစေသည်။
“...”
ယဲ့ဝမ်ရွှမ်သည် လက်ဖမိုးဖြင့်မျက်နှာကို ကာထားလိုက်ပြီး သူမ၏မျက်လုံးသူငယ်အိမ်များ အလွန်အမင်း ကျုံ့သွား၏။
ခွေးအိုကြီးက ခွေးအိုကြီးပင်၊ အတိတ်ကဲ့သို့ ကြမ်းတမ်းနေဆဲပင်။ သို့သော် ဤကမ္ဘာကြီးတွင် ၎င်း၏နတ်ဆိုးခန္ဓာကိုယ်ကို သာမန်အရေပြားနှင့် ယှဉ်ပြိုင်နိုင်သည့်သူ ရှိနေပြီဖြစ်သည်။
သူတို့နှစ်ယောက်စလုံးဟာသူမ ယှဉ်နိုင်သည့် အရာများ မဟုတ်ပေ။
နှစ်ပေါင်းများစွာ သူမစေ့စပ်သေချာစွာ တည်ဆောက်ခဲ့သော အစီအစဉ်သည် ခွေးအိုကြီး၏လှုပ်ရှားမှု အနည်းငယ်အောက်တွင် ရယ်စရာ ဟာသတစ်ခု ဖြစ်သွားခဲ့သည်။
သူမမှာ ၎င်းကို တားဆီးဖို့အင်အားမရှိရုံ သက်သက်ပင်။
ဤနေရာကနေ ထွက်ခွာခွင့်ရဖို့ဆိုလျှင် ၎င်းကို နတ်ဆိုးတစ်ထောင်ဂူထဲမှ မျှားထုတ်ရမည်။
သို့သော် ခွေးအိုကြီး၏တုံ့ပြန်ပုံများကို ကြည့်ရသည်မှာ လုံးဝ ယုံကြည်မှုမရှိလျှင် ပင်မဆောင်ကြီးထဲမှ ထွက်လာမည်မဟုတ်ပေ။
အကယ်၍ သူမသာ ရှန်းယီကဲ့သို့ ခန်းမထဲအတင်းဝင်ဖို့ကြိုးစားခဲ့မည်ဆိုလျှင်၊ နီကျွင်းဟာ ၎င်းအတွက် ဆေးဝါးဖြစ်သွားသည်မှာ ကြာလောက်ပြီဖြစ်၏။
အမှန်မှာ အစမှအဆုံးထိ သူမတွင် နန်ယန်ဂိုဏ်းမှ ထွက်ခွာရန်မျှော်လင့်ချက် မရှိခဲ့ပေ။
သို့သော်လည်း... ရှန်းယီသည် မည်ကဲ့သို့ ယခုလိုအဆင့်ထိ ကြီးထွားလာရသနည်း။ ဤကမ္ဘာကြီး၏ ချုပ်နှောင်မှုများက သူ့ကိုသာ သီးသန့်ချန်လှပ်ထားသည်လော။
ယဲ့ဝမ်ရွှမ် လက်ကိုချလိုက်ပြီး သူမ၏နဖူးအလယ်မှ အလင်းတန်းတစ်ခု ပစ်ထွက်လာ၏။
ကျောက်တိုင်နှင့်အတူ တာအိုနန်းတော်သည် မိုးမြေမှကွဲထွက်ကာ သူမ၏စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ကိန်းအောင်းနေသည်။
နှစ်ပေါင်းများစွာကြာပြီးနောက် သူမ၏အဆုံးစွန်စိတ်ဝိညာဉ်ကောင်းကင်မူလနန်းတော်သည် နောက်ဆုံး၌နေ့အလင်းရောင်ကို ပြန်မြင်တွေ့ရပြီ ဖြစ်သည်။
ထိုအချိန်မှာပင်...
အဝေး၌ ပုန်းနေသော ထုံရှင်းချွမ်းသည် အခွင့်အရေးကို အရယူကာသူ့လက်ချောင်းထိပ်များရှိ ဝိညာဉ်သန့်စင်ကောင်းကင်ပိုးမျှင်ကို ရုတ်တရက် ဆွဲလိုက်၏။
အစီအရင်၏စွမ်းအားကို စမ်းသပ်ဖို့အတွက် အစွမ်းထက်သည့် ပြိုင်ဘက်ကိုနောက်ကျောမှ ခိုးတိုက်ရန်အခွင့်အရေးကို သူ အမြဲတမ်းရှာနေခဲ့သည်။
ပစ်မှတ်က စီနီယာအစ်ကိုနီ (သို့) လင်းရှီတို့မှ ဤကမ္ဘာတွင် တစ်ဦးတည်းသော ဟင်းလင်းပြင်းလျှောက်လှမ်းခြင်းအဆင့် မဟာနတ်ဆိုးကြီးဖြစ်သွားလိမ့်မည်ဟု သူ မည်သည့်အချိန်ကမှ မထင်ထားခဲ့ပေ။
ထုံရှင်းချွမ်း၏လက်များ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေ၏။
အစီအရင်ထဲရှိ ကြီးမားသော စုတ်တံကြီးသည် သတ်ဟူသော စာလုံးကိုကွက်ကွက်ကွင်းကွင်း ရေးဆွဲလိုက်ပြီး၊ ခွေးအိုကြီး၏ကျောကုန်းကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
“အား”
ကျန်းလေ့ဖူသည် ရှန်းယီ၏ တံတောင်ရိုက်ချက်ကြောင့် သွားအချို့ကျိုးပဲ့သွားပြီဖြစ်ပြီး၊ ပြိုင်ဘက်၏လက်မောင်းကို ကိုက်ဖြတ်ရန် အာရုံစိုက်နေချိန်တွင် ရုတ်တရက် ပူလောင်ပြင်းထန်သောရိုက်ချက်ကြီးကို ခံလိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်လိုက်၏။