← Chapters

မင်း ငါ့ရဲ့ကောင်းကင်ဓားဂိုဏ်းကို ဝင်ချင်လား

Vol. 43 Ch. 426

မင်း ငါ့ရဲ့ကောင်းကင်ဓားဂိုဏ်းကို ဝင်ချင်လား

Vol. 43 Ch. 426

(အခုအပိုင်းလောက်ကစပြီး မူရင်းမှာ နတ်ဘုရားစိတ်ဝိညာဉ်ကို အခြေတည်ဝိညာဉ်၊ဟင်းလင်းပြင်လျှောက်လှမ်းခြင်းကို တာအိုအဆင့်လို့ ပြောင်းထားလို့ ဘာသာပြန်သူလည်း လိုက်ပြောင်းထားပါတယ်)

"ဒါက ခံစားချက်တွေကြောင့်လုပ်နေတာ မဟုတ်ပါဘူး"

နီကျွင်းက ခေါင်းခါလိုက်ပြီး တာအိုချပ်ပြားကို ကမ်းပေးထားသည့် ဟန်ပန်အတိုင်း ဆက်ရှိနေလေသည်။

သူ့ဘဝတွင် ဂရုစိုက်ရသည့်သူ သိပ်မရှိလှပေ။

ထို့အပြင်သတ္တဝါအားလုံးကို ကြင်နာစောင့်ရှောက်တတ်သည့်စိတ်ထားမျိုးလည်း သူ့တွင် မရှိပေ။

သူ ဂရုစိုက်သည့်အရာ ဘာလဲဟု မေးလာလျှင် ဝူထုန်တောင်မှ ဤဂိုဏ်းတူညီအစ်ကိုမောင်နှမများသာ ဖြစ်လောက်ပေသည်။

အစောပိုင်းက ရှန်းယီ၏ ကျန်းလေ့ဖူနှင့် ပေါ့ပေါ့ပါးပါးရင်ဆိုင်ခဲ့ခြင်းသည် တကယ်တော့ ယမမင်းလက်ထဲမှ ထိုလူများ၏အသက်ကို အတင်းအဓမ္မ လုယူပေးလိုက်ခြင်းဟု ပြောနိုင်သည်။

အနည်းဆုံးတော့ ဂိုဏ်းချုပ်ဖြစ်လာသည့် ယနေ့တွင် သူသည် ဤဦးညွှတ်မှုကို ခံယူထိုက်ပါသည်။

နောက်ဆုံးတွင် ဤနေရာသို့ ရောက်ရှိလာကြသူ အားလုံးသည် ခြေလှမ်းတန့်လိုက်ကြပြီး ရှေ့မှ မြင်ကွင်းကို တိတ်တဆိတ် ကြည့်နေမိကြ၏။

စကားအများကြီး ပြောနေစရာ မလိုတော့ပေ။

ဤနေရာ၌ မည်သည့်အရာဖြစ်ခဲ့သည်ကို တစ်လောကလုံး သိရှိကြသည်။

ခရမ်းရောင်ကောင်းကင်နတ်ဘုရားမိုးကြိုးဓားကို ထိုခွေးအိုကြီး၏လည်ပင်းထဲသို့ ရှန်းယီ ထိုးစိုက်လိုက်သည်ကို သူတို့အားလုံး မျက်မြင်ကိုယ်တွေ့ပင်။

ယခုတွင် သူသည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး သူ့ဂုဏ်ပုဒ်နှင့် တကယ်ကို လိုက်ဖက်ညီနေပြီဖြစ်၏။

"..."

လူတွေ ပိုများလာပြီး မီးရှူးတိုင်များသဖွယ် သူ့ကို စူးစိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသောအခါ ရှန်းယီ မျက်ခုံးများ အနည်းငယ် လှုပ်သွားပြီး နေရထိုင်ရ ခက်သလို ခံစားလိုက်ရသည်။

ထို့နောက် သူဖြည်းဖြည်းချင်း ထရပ်လိုက်ကာ နီကျွင်း ကမ်းပေးသည့် တာအိုချပ်ပြားကို ယူလိုက်ပြီး လူအုပ်ကို ကျောခိုင်းလျက် ခန်းမဆောင်ကြီးဆီသို့ လှမ်းကြည့်လိုက်သည်။

သူ နောက်ဆုံးတော့ နတ်ဆိုးတစ်ထောင်ဂူကို လုံးဝ ရှင်းလင်းပစ်နိုင်ခဲ့ပြီ။

လက်ထဲမှ တာအိုချပ်ပြားကို ကြည့်ရင်း သွေးများ ပေကျံနေသည့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။

သူ နောက်ဆုံးတော့ ခေတ္တလောက် ရပ်နားလို့ ရသွားသလို၊ အပြင်ထွက်ပြီး ရှုခင်းတွေ ကြည့်လို့ရမည့် အခြေအနေမျိုး ဖြစ်သွားသည့်အလားပင်။

ဝတ်ရုံဖြူသည် လေထဲတွင် ညင်သာစွာ လွင့်ပျံနေသည်။

ထိုအပေါ်မှ နန်ယန်ရွှေရောင်မျဉ်းကွေးများသည် မှိန်ဖျဖျ တောက်ပနေပြီး လူငယ်လေး၏တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသည့် အလွန်သိပ်သည်းသော သတ်ဖြတ်လိုစိတ်ကိုအနည်းငယ် ဖုံးကွယ်ပေးထားလေသည်။

ဝူထုံတောင်မှ တပည့်များ၊ မဟာချန်နှင့် ရွှီမိသားစုမှ လူတချို့အားလုံး မသိစိတ်မှနေ၍ ရှေ့တိုးလာပြီး သူ့နောက်သို့ လိုက်ပါသွားကြသည်။

ရှန်းယီသည် အလင်းအကာထဲသို့ တန်းဝင်သွားမည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။

မထင်မှတ်ဘဲ သူသည် ခွေးအိုကြီး၏အလောင်းကို သိုလှောင်ရေး ပစ္စည်းထဲထည့်ပြီးမှ ဘိုးဘေး ရုပ်တုနောက်က ဇရပ်ငယ်လေးဆီသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။

"..."

ရှန်းယီက အနီးနားတွင် သေသေသပ်သပ် စီထားသည့် ပစ္စည်းများကို ကြည့်လိုက်တော့ အများစုမှာ သူအရင် မြင်ဖူးသည့်ပန်းချီကားချပ်လိပ်များ ဖြစ်နေသည်။

နှစ်ခုလောက် ဆွဲထုတ်ကြည့်လိုက်ရာ နှစ်ခုစလုံးက နန်ယန်ဂိုဏ်း၏အတိတ်က ဖြစ်ရပ်မှတ်တမ်းများ ဖြစ်ပုံရသည်။

အထဲတွင် ကျင့်ကြံခြက်း နည်းလမ်းများ ဝှက်ထားခြင်း ရှိမရှိတော့ မသိပေ။

ရှန်းယီက တစ်ခုချင်းစီ လိုက်ရှာတော့မလို့ လုပ်နေစဉ် ရုတ်တရက် တစ်ခုခုကို သတိရသွား၏။

အရင်က ကျင့်ကြံသူများ အားလုံးပျောက်ကွယ်သွားပြီ ဆိုပါကလက်ထဲတွင် တောက်ပြား ရှိနေပြီဖြစ်၍ ကျမ်းစာသိုလှောင်ရုံမှ စီရင်ထုံးများကို လွတ်လွတ်လပ်လပ် ဖွင့်လို့ရပြီဖြစ်သည်။ အမှိုက်ပုံထဲတွင် အခွင့်အလမ်းများကို ရှားပါးပါး လိုက်ရှာနေစရာ မလိုတော့ပေ။

ဆိုလိုသည်မှာ ဤနတ်ဆိုးတစ်ထောင်ဂူထဲက ပစ္စည်းများ အားလုံးက သူ့သဘောပင်။

ထိုအရာကို တွေးမိတော့ ရှန်းယီက ပန်းချီကားချပ်များကို ကျော်ပြီးအတွင်းဘက်အကျဆုံးက စင်များဆီသို့ တန်းသွားလိုက်၏။ ဤနေရာတွင် မှော်ရတနာတစ်ဒါဇင်လောက် ရှိသည်။

ခွေးအိုကြီး တန်ဖိုးထားသည့် ပစ္စည်းများဆိုတော့ အကောင်းစားများချည်းပင် ဖြစ်လောက်သည်။

စောစောက နတ်ဆိုးတွေကို ဝေပေးလိုက်လို့သာ ကျန်တာ အနည်းငယ်လျှော့နည်းသွားခြင်း ဖြစ်သည်။

ရှန်းယီက အစိမ်းရောင် ကျောက်စိမ်းလက်မစွပ် တစ်ခုကို တွေ့တော့ သူ့လက်မတွင် ပေါ့ပေါ့ပါးပါး စွပ်ကြည့်လိုက်၏။

သူ ထင်ထားသည့်အတိုင်းပင် ဒါက သိုလှောင်ရေး ပစ္စည်းတစ်ခုဖြစ်ပြီး အတွင်းပိုင်း နေရာလွတ်က သူ့၏စုတ်ပြတ်နေသော အိတ်တွေအားလုံး ပေါင်းထားတာထက်တောင် ပိုကျယ်နေသေးသည်။

ယုတ္တိအရ တွေးကြည့်မည်ဆိုလျှင် ဤအရာများအားလုံးက ဂိုဏ်း၏ အခြေခံအုတ်မြစ်တွေ ဖြစ်သည်။

သို့သော် နတ်ဆိုးတစ်ထောင်ဂူသည် ရှုပ်ပွနေတုန်းဖြစ်ရာ ယခုအချိန်တွင် သူသာသိမ်းထားတာ ပိုကောင်းပါလိမ့်မည်။

သူ့အင်္ကျီလက်စကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး မှော်ရတနာ အားလုံးကို လက်မစွပ်ထဲ ထည့်လိုက်သည်။ နောက်မှ အချိန်ရရင် ဖြည်းဖြည်းချင်း လေ့လာတော့မည်။

ဒါတွေအားလုံး လုပ်ပြီးနောက် ရှန်းယီ ခန်းမဆောင်မကြီးဆီ ပြန်လာခဲ့သည်။

မျှော်လင့်ချက်များကို အစွမ်းကုန် ထိန်းချုပ်ကာ သူ့ကို တိတ်တဆိတ်စောင့်ဆိုင်းနေကြသည့် လူအုပ်ကြီးကို သူ ကြည့်လိုက်သည်။

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး အလင်းကန့်လန့်ကာကို လှမ်းကြည့်လိုက်၏။

ချက်ချင်းပင် ရှန်းယီက ခြေတစ်လှမ်းဖြည်းညှင်းစွာ လှမ်းလိုက်ပြီး သူ့ပုံရိပ်က အလင်းအကာထဲတွင် လှိုင်းထသွားသည်... မတ်စောက်သော တောင်တစ်လုံး၏အထက်၌ ပေသုံးရာနီးပါး ကျယ်ဝန်းပြီး အဖြူရောင်ကျောက်စိမ်းသားကဲ့သို့ ဖြစ်နေသည့် ဧရာမ စင်မြင့်ကြီး တစ်ခု ရှိနေသည်။

ထိုအပေါ်တွင် နန်ယန်ရုပ်ကြွပန်းပုများ ထွင်းထုထားပြီး ဘေးတွင် ဖြောင့်တန်းသော ဆလင်ဒါပုံတိုင်လုံးကြီး ရှစ်တိုင် ရှိကာ တိုင်လုံးများပေါ်တွင် နဂါးနှင့် ဖီးနစ်ပုံများ ထွင်းထုထားသည်။ ခမ်းနားထည်ဝါပြီး နေမင်းကြီးပုံစံကျောက်ဆစ်လက်ရာ တစ်ခုကို ဝိုင်းဝန်း ထောက်ပံ့ထားကြသည်။

ထို့အတူ ဤကျယ်ဝန်းသည့် စင်မြင့်ကြီးပေါ်မှာ...

ယဲ့ဝမ်ရွှမ် ထွက်မသွားသေးပေ။ ထိုအစား သူမက လက်နှစ်ဖက် ဘေးချပြီး အနေခက်စွာ ရပ်နေသည်၊ သူမ၏ ချောမွတ်သော နဖူးပေါ်မှာတောင် ချွေးများ ပြည့်နေသည်။

သူမရှေ့က စင်မြင့်၏ချောက်ကမ်းပါး အစွန်းတွင် အရာတစ်ခုက တင်ပျဉ်ခွေ ထိုင်နေသည်။

အရာတစ်ခုဟု ခေါ်ရခြင်းမှာ လူပုံစံ ရှိသော်လည်း တစ်ကိုယ်လုံးကို သစ်ခေါက်ခြောက်များ ဖုံးလွှမ်းနေပြီး စပျစ်နွယ်ပင်များပင် ပေါက်ရောက်နေသောကြောင့်ပင်။

ထိုအရာက အောက်ဘက်ရှိ နန်ယန်တောင်နှင့် ဆက်စပ်နေပြီး အဲဒီမှာ ထိုင်နေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာ မသိနိုင်ပေ။

ယဲ့ဝမ်ရွှမ် အနေဖြင့် ခွေးအိုကြီး၏လက်မှ လွတ်မြောက်လာပြီးနောက် ကျယ်ပြောလှသော သမုဒ္ဒရာထဲသို့ ခုန်ဆင်းနိုင်ပြီဟု ထင်ခဲ့သော်လည်း ချက်ချင်းဆိုသလို ဒီလို ကြောက်စရာကောင်းသည့် ဖြစ်တည်မှုမျိုးနှင့် ကြုံရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

ကျန်းလေ့ဖူက သူမကို မကျော်တက်နိုင်သော မတ်စောက်သည့် တောင်ကမ်းပါးတစ်ခုလို ခံစားစေခဲ့လျှင်၊သူမရှေ့က သတ္တဝါကြီးက သူမကို တည့်တည့်တောင် မကြည့်ရဲအောင် ဖြစ်စေသည်။

အဲဒီအရာက တိတ်တဆိတ် ထိုင်နေရုံသာ ရှိသော်လည်း ယဲ့ဝမ်ရွှမ်ကို မလှုပ်ရဲဘဲ အကြာကြီး ရပ်နေစေခဲ့သည်။

အပြင်လောကကြီးက နန်ယန်ဂိုဏ်းအတွင်းပိုင်းထက်တောင် ပိုအန္တရာယ်များနေသည်လော။

ထိုအချိန်မှာပင် ယဲ့ဝမ်ရွှမ်က လေထုကို ဆွဲဖြဲသံ အချို့ကို ရုတ်တရက် ကြားလိုက်ရသည်။

ရွှမ်း ရွှမ်း

ချက်ချင်းပင် ကောင်းကင်မှ တာအိုချပ်ပြား ခြောက်ခု ပျံလာပြီး စင်မြင့်တစ်ခုလုံးကို ဝိုင်းရံကာ လေထဲတွင် ဝဲနေပြီး မှိန်ဖျဖျ အလင်းရောင် ထုတ်လွှတ်နေသည်ကို သူမ မြင်လိုက်ရသည်။

ယဲ့ဝမ်ရွှမ် လန့်ဖျပ်ပြီး ယိုင်သွားသည်။သူမ တစ်ကိုယ်လုံး တင်းမာသွား၏။

သို့သော် ထိုတာအိုချပ်ပြားများက သူမထံ လာခြင်း မဟုတ်ကြောင်း သတိထားမိလိုက်သည်။

သူမ မသိစိတ်ကနေ နောက်လှည့်ကြည့်လိုက်တော့ ရင်းနှီးနေသည့် ပုံရိပ် ဆယ်ခုကျော်ကို တွေ့လိုက်ရ၏။

ရှေ့ဆုံးက လူငယ်လေး၏ကိုယ်ပေါ်မှာ သွေးစများ ရှိနေတုန်းပင်၊ သို့သော် သူ၏နန်ယန် ဝတ်ရုံဖြူက အရမ်းတောက်ပနေပြီး သူမ ဝတ်ထားသည်နှင့် တခြားစီ ဖြစ်နေသည်။

သူ... သူ နိုင်ခဲ့တာလား။

ယဲ့ဝမ်ရွှမ် ခဏလောက် ကြောင်သွားပြီး ကြီးမားသော နောင်တတရားက သူမ စိတ်နှလုံးထဲ ရုတ်တရက် ဝင်ရောက်လာသည်။

ရှန်းယီ၏နောက်တွင် ထုံရှင်းချွမ်းနှင့် နီကျွင်းတို့ ပါလာသည်ကို သူမ မြင်လိုက်ရသည်။

ဤနှစ်ယောက်ပင် ဘာမှမဖြစ်ဘူးဆိုလျှင် သူမ၏ အင်အားဖြင့်ဆိုပါက သူမလည်း မည်သည့်အရာမှဖြစ်စရာ အကြောင်းမရှိပေ။

သူမသာ ခဏလောက် ဆက်ပြီး စောင့်ကြည့်ခဲ့ရင် ကောင်းပေ၏။

တပည့်များ၏ရှုပ်ထွေးသော အကြည့်များကို ခံစားလိုက်ရပြီးနောက် ယဲ့ဝမ်ရွှမ် လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်သည်၊ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တခြားဘက်သို့ လှည့်သွားလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူမ ရည်မှန်းချက်တော့ ပြည့်သွားပြီဖြစ်၏။

ယနေ့ကစပြီး သူမ ဤစစ်မှန်သည့် ကမ္ဘာကြီးထဲ ဝင်ရောက်နိုင်ပြီ၊ပင်လယ်လေးစင်းကို လှည့်လည်သွားလာပြီး မဟာတာအိုကို ဆက်လက် ရှာဖွေနိုင်ပြီဖြစ်သည်။

"..."

ရှန်းယီလည်း ခဏလောက် ကြောင်သွား၏။

ယဲ့ဝမ်ရွှမ်ရှိနေသေး၍မဟုတ်ဘဲ ထွက်လာပြီးနောက် ယခုလိုမြင်ကွင်းမျိုး မြင်ရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့သောကြောင့် ဖြစ်သည်။

သူ့လက်ဝါးထဲမှ တာအိုချပ်ပြားက အနည်းငယ် တုန်ခါသွားပြီး ကောင်းကင်ကတာအိုချပ်ပြား ခြောက်ခုကို တုံ့ပြန်နေသလိုပင်။

ယခုလိုလှုပ်ရှားမှုမျိုးက မဟာမိတ်ဂိုဏ်းများ ဆိုတာကို အလွယ်တကူ တွေးမိစေသည်။

သို့သော် သူကးသည် နန်ယန်ဂိုဏ်းမှ ယခုမှထွက်လာကာစ ရှိသေး၏။သူတို့၏ အာရုံစိုက်မှုကို ရနေပြီဖြစ်ရာ ဤနေရာကို သူတို့ အမြဲစောင့်ကြည့်နေခဲ့သည်ဆိုသည့် သဘောပင်။

ထိုသို့ဆိုလျှင်... အဘယ်ကြောင့် နှစ်ပေါင်းတစ်သိန်းနီးပါးခန့် နန်ယန်ဂိုဏ်းထဲသို့ သူတို့ မဝင်ခဲ့သနည်း။

ခွေးအိုကြီး ဖျက်ဆီးနေသည်ကို အဘယ်ကြောင့် ဤအတိုင်း ကြည့်နေခဲ့ကြသနည်း။

ထိုအချိန်မှာပင် လခြမ်းကွေးပုံစံ ထွင်းထုထားသည့် လေထဲမှ တာအိုချပ်ပြားဆီကနေ အနည်းငယ် လေးနက်သော လူလတ်ပိုင်းအမျိုးသားတစ်ဦး၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်၊ ထိုအသံထဲတွင် မသိမသာသောပျော်ရွှင်မှုလေး ပါနေ၏။

"ပြန်လည်နိုးထလာတာ ကြိုဆိုပါတယ်"

သူ စကားမဆုံးခင်မှာပင် ဓားသွားပုံစံထွင်းထုထားသည့် နောက်ထပ် တာအိုချပ်ပြားတစ်ခုကလည်း နောက်ဆုံးတော့ စကားပြောလာသည်။

အသံထွက်လာရုံတင်မကဘဲ ထိုအပေါ်တွင် အခင်းပေါ်တင်ပျဉ်ခွေထိုင်နေသည့် ပုံရိပ်ယောင် တစ်ခုတောင် ပေါ်လာသေး၏။

ထိုသူသည် မုတ်ဆိတ်ရှည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မျက်လုံးများက စူးရှကာ သူ့ဆီမှ ထက်မြက်သော အရောင်အဝါများ ထွက်ပေါ်နေသည်။

သူက လူအုပ်ကို ဝေ့ကြည့်လိုက်၏။ "အားလုံးက မျိုးစေ့ကောင်းတွေပဲ၊ ပုန်းကွယ်နေတဲ့ ချောက်နက်ထဲကနေလွတ်မြောက်နိုင်ကြပြီး နဂါးမျက်နှာအသွင်အပြင် ပိုင်ဆိုင်ထားကြတယ်"

ချက်ချင်းပင် သူကရှန်းယီကို စူးစိုက်ကြည့်ပြီး တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်၏။

"မင်း ငါ့ရဲ့ကောင်းကင်ဓားဂိုဏ်းကို ဝင်ချင်လား။ ကျင့်ကြံခြင်းအဆင့်ကို ထည့်မတွက်ဘဲ မင်းတို့အားလုံး အတွင်းစည်းတပည့်အဖြစ် ဝင်လို့ရတယ်။ မင်းတို့သာ ဝီရိယရှိပြီးကြိုးစားမယ်ဆိုရင် အနာဂတ်မှာ တိုက်ရိုက်တပည့် ဖြစ်လာဖို့ အခွင့်အရေး ရှိတယ်"

All Chapters