တစ်ခုခုတော့မှားနေတယ်
Vol. 23 Ch. 353
စိတ်ထိခိုက်စရာဖြစ်ရပ်ကြောင့် ရှန့်ဝမ်ဝမ်သည် ရှန့်နုံရှေ့တွင် ကလေးတစ်ယောက်လို ငိုကြွေးနေလေသည်။
သူပုန်စစ်သူကြီးများ တိတ်ဆိတ်စွာ နောက်ဆုတ်သွားကြသည်။ ဒီကို မလိုက်လာခဲ့သင့်ဘူး။
နဉ်ရှောင်ယောင်း တိုးတိုးလေး သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "မငိုပါနဲ့တော့။ ဒီကောင်စုတ်က ဘာမှမလုပ်လိုက်ရပါဘူး"
ရှန့်ဝမ်ဝမ် မော့ကြည့်လိုက်သည်။ အခုတော့ အလင်းရောင်ရနေပြီမို့ နဉ်ရှောင်ယောင်းကို မှတ်မိသွားသည်။ ရှိုက်ကြီးတငင် မေးလိုက်သည်။ "နင်လား"
"ဟုတ်တယ်။ ငါပါ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "သခင်မလေး ငါ့ကို မှတ်မိသေးတာလား"
ရှန့်နုံ သမီးဖြစ်သူကို ဆွဲထူလိုက်ပြီး မေးလိုက်သည်။ "ဒီ ဖေ့အမျိုးသမီးကို သိလား"
ရှန့်ဝမ်ဝမ် ခေါင်းညိတ်လိုက်သည်။ သူပုန်အင်အားကြီးမားလာပြီးနောက်ပိုင်း သူပုန်တွေက ရှန့်ဝမ်ဝမ်ကို မင်းသမီးတစ်ပါးလို ဆက်ဆံကြသလို ရှန့်ဝမ်ဝမ်ကိုယ်တိုင်ကလည်း မင်းသမီးလို နေထိုင်တတ်လာသည်။ စိတ်ကြီးဝင်နေတတ်သော်လည်း အသက်ကယ်ခဲ့သူကိုတော့ ကျေးဇူးတင်တတ်ပါသေးသည်။ စောစောက အထင်သေးသောအကြည့်များ ပျောက်ကွယ်သွားပြီး ရှန့်နုံကို ပြောပြလိုက်သည်။ "သူက စစ်မှုထမ်းဖို့ လာတာပါ"
စကားတွေ ကိုက်ညီနေသဖြင့် ရှန့်နုံ သံသယလျော့ပါးသွားသည်။
"မြောက်ပိုင်းသားတွေက ရှန့်ဘုရင်နဲ့ ပူးပေါင်းပြီး အသိဉာဏ်မရှိတဲ့ ဧကရာဇ်ကို တိုက်ခိုက်နေတာ မဟုတ်ဘူးလား" နဉ်ရှောင်ယောင်း နားမလည်ဟန်ဆောင် မေးလိုက်သည်။ "အခု ဘာဖြစ်သွားတာလဲ"
ရှန့်နုံ မျက်နှာမည်းမှောင်သွားသည်။ အခုချိန်မှာ မြောက်ပိုင်းသားတွေနဲ့ ရန်ဖြစ်ပြီး စစ်တိုက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ ဒီလိုကိစ္စမျိုး ဖြစ်သွားခဲ့ပြီ။ မြောက်ပိုင်းသားတွေက သူ့သမီးကို မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒီကိစ္စကို ဘာမှမဖြစ်သလို လျစ်လျူရှုထားလို့ မရဘူး။ သူက သည်းခံနိုင်ပေမယ့် သူ့နောက်လိုက်တွေကတော့ သည်းခံနိုင်ကြမှာ မဟုတ်ဘူး။ သူ့ကို သူရဲဘောကြောင်သူလို့ ထင်သွားကြလိမ့်မယ်။ စိတ်ပျက်သွားကြလိမ့်မယ်။ သူပုန်တပ်ဖွဲ့ စိတ်ဓာတ်ကျသွားလိမ့်မယ်။
နဉ်ရှောင်ယောင်း ရှန့်နုံ၏မျက်နှာထားကို အကဲခတ်နေသည်။ သမီးလား၊ တိုင်းပြည်လား။ ရွေးချယ်ရခက်နေပုံရသည်။ လိုကျစ်ကွေ့လိုပဲ။ နဉ်ရှောင်ယောင်း စိတ်ထဲ ကျိန်ဆဲလိုက်သည်။
"အရှင်မင်းကြီး" လမ်းမပေါ်မှ အော်ဟစ်သံ ကြားလိုက်ရသည်။
အားလုံး လှည့်ကြည့်လိုက်ကြသည်။
ရှန့်ဝမ်ဝမ် ကိုယ်ပေါ်လွှမ်းခြုံထားသော ဝတ်ရုံကို တင်းတင်းဆုပ်ကိုင်ထားသည်။
စစ်ဗျူဟာမှူး နျူနန်နင် အပြေးရောက်လာသည်။ မိုးရွာပြီး လမ်းချော်နေသဖြင့် ဒယိမ်းဒယိုင်ဖြစ်နေသည်။
"မြောက်ပိုင်းသားတွေ ငါတို့ကို တိုက်ခိုက်နေပြီလား" သူပုန်စစ်သူကြီးတစ်ဦးက သံသယဖြင့် မေးလိုက်သည်။
"ငါကတော့ သူ ပြုံးနေတာ မြင်နေရတယ်" နဉ်ရှောင်ယောင်း ဇရပ်ထဲမှနေ၍ ရှန့်နုံကို တိုးတိုးလေး ပြောပြလိုက်သည်။
"အရှင်မင်းကြီး... အသိဉာဏ်မရှိတဲ့ ဧကရာဇ် သေသွားပြီ"
ရှန့်နုံ စကားမပြောရသေးခင် ဇရပ်ကို လှမ်းမြင်လိုက်ရသော နျူနန်နင်က အော်ဟစ်ပြောဆိုလိုက်သည်။
အားလုံး ကြောင်သွားကြသည်။ အသိဉာဏ်မရှိတဲ့ ဧကရာဇ် သေသွားပြီတဲ့လား။
နျူနန်နင် ဇရပ်ရှေ့ရောက်သောအခါ ရှန့်နုံကိုကြည့်ပြီး ဝမ်းသာအားရ ဖြစ်နေသည်။ နဉ်ယွီသေပြီဆိုတော့ ရှန့်နုံ ဧကရာဇ်ဖြစ်ပြီပေါ့။ သူကလည်း ဧကရာဇ်သစ်ရဲ့ လက်ရုံးတပည့် ဖြစ်လာတော့မယ်။
ရှန့်နုံ သူ့စစ်ဗျူဟာမှူးကို ကြည့်ပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။ "တကယ်လား"
"အရှင်မင်းကြီး" နျူနန်နင် ဇရပ်လှေကားထစ်တွင် ဒူးထောက်ချလိုက်ပြီး တိုင်းပြည်တံဆိပ်တုံးကို ခေါင်းပေါ်မြှောက်တင်ကာ ဆက်သလိုက်သည်။
တံဆိပ်တုံး သူပုန်လက်ထဲ ရောက်နေတာ မြင်တော့ ယင်းဖုန်း ရှေ့တိုးသွားရန် ပြင်လိုက်သည်။
နဉ်ရှောင်ယောင်း လက်ကာပြလိုက်ပြီး ခေါင်းခါပြလိုက်သည်။
ယင်းဖုန်း ခေါင်းလွှဲလိုက်သည်။ မမြင်ချင်ယောင်ဆောင်လိုက်တော့မည်။
ရှန့်နုံ တုန်လှုပ်သွားသည်။ နျူနန်နင်လက်ထဲမှ လေးထောင့်တံဆိပ်တုံးကို ကြည့်ပြီး အချိန်အတော်ကြာ စကားမပြောနိုင်ဖြစ်နေသည်။
"ဘာကြီးလဲဟ" ဘယ်သူမှ စကားမပြောကြသဖြင့် နဉ်ရှောင်ယောင်း စိတ်မရှည်တော့ဘဲ တောသူလေးဟန်ဆောင်ကာ မေးလိုက်သည်။ "ကျောက်စိမ်းတုံးလား"
စစ်ဗျူဟာမှူးနျူ အသံကြားမှ ရှန့်နုံဘေးနားက နဉ်ရှောင်ယောင်းကို သတိထားမိလိုက်သည်။ မေးလိုက်သည်။ "သူက ဘယ်သူလဲ"
"ကျောက်စိမ်းလားလို့" နဉ်ရှောင်ယောင်း ထပ်မေးပြန်သည်။
ရှန့်နုံ ရှေ့တိုးသွားပြီး နျူနန်နင်လက်ထဲမှ တံဆိပ်တုံးကို ယူလိုက်သည်။ ဧကရာဇ်အာဏာနဲ့ တိုင်းပြည်ပိုင်ဆိုင်မှုကို ကိုယ်စားပြုတဲ့ တံဆိပ်တုံးကို ကိုင်လိုက်ရမှ အိမ်မက်မဟုတ်မှန်း ယုံကြည်သွားတော့သည်။
"ဂုဏ်ယူပါတယ် အရှင်မင်းကြီး" နျူနန်နင် နဉ်ရှောင်ယောင်းကို ဂရုမစိုက်တော့ပေ။ ဗဟုသုတမရှိတဲ့ တောသူမလေးကို အဖက်လုပ်စရာ မလိုဘူးလေ။ မြေကြီးပေါ် ဒူးထောက်ပြီး အော်ဟစ်လိုက်သည်။ "ဂုဏ်ယူပါတယ် အရှင်မင်းကြီး။ တိုင်းပြည်တံဆိပ်တုံး ရရှိပါပြီ။ အရှင်မင်းကြီးက ကံကောင်းခြင်းတွေ ပိုင်ဆိုင်ထားသူပါ"
တံဆိပ်တုံးရပြီဆိုတာ ကြားလိုက်ရတော့ အားလုံး ဝမ်းသာအားရ အော်ဟစ်ကြပြီး ဒူးထောက်ကာ "အရှင်မင်းကြီး အသက်ရာကျော်ရှည်ပါစေ" ဟု ဆုတောင်းပေးကြသည်။
နဉ်ရှောင်ယောင်းလည်း ဒူးထောက်လိုက်သည်။ ယင်းဖုန်းတို့ကိုလည်း ဒူးထောက်ခိုင်းလိုက်သည်။
ရှန့်နုံ အချိန်အကြာကြီး စိတ်လှုပ်ရှားမနေပေ။ ချက်ချင်း ပြန်လည်တည်ငြိမ်သွားပြီး ဘေးလူတွေကို ထခိုင်းလိုက်သည်။ ကိုယ်ရံတော်ခေါင်းဆောင်ကိုခေါ်ပြီး တံဆိပ်တုံး သိမ်းခိုင်းလိုက်သည်။ နျူနန်နင်ကို မေးလိုက်သည်။ "အသိဉာဏ်မရှိတဲ့ ဧကရာဇ်ရဲ့ အလောင်း ဘယ်မှာလဲ"
စစ်ဗျူဟာမှူးနျူ ဖြေလိုက်သည်။ "အရှင်မင်းကြီး... အလောင်းက မြင်းနင်းခံထားရလို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါပြီ။ နောက်လိုက်တွေလည်း အသတ်ခံရတာ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာတွေ ရှိပါတယ်။ အလောင်းတွေက မီးလောင်ထားလို့ ဘယ်သူမှ ကောင်းကောင်းမွန်မွန် မသေဆုံးကြပါဘူး"
ကောင်းကောင်းမွန်မွန် မသေဆုံးကြသူများက ဇရပ်ထဲတွင် ရပ်လျက် စစ်ဗျူဟာမှူးနျူကို ကြည့်နေကြသည်။
"ဘယ်သူ သတ်လိုက်တာလဲ" ရှန့်နုံ မေးလိုက်သည်။
"စစ်သူကြီးလျူပါ" နျူနန်နင် ဖြေလိုက်သည်။
နျူနန်နင် စကားဆုံးသည်နှင့် လမ်းမပေါ်မှ မြင်းခွာသံများ ထွက်ပေါ်လာသည်။ ရှန့်နုံ၏ လက်ရုံးတပည့် သူပုန်စစ်သူကြီး လျူရှီထယ် မြင်းစီးပြီး ရောက်လာသည်။
"လျူရှီထယ်" ယင်းဖုန်းက နဉ်ရှောင်ယောင်းကို တိုးတိုးလေး ပြောပြသည်။
နဉ်ရှောင်ယောင်း ခေါင်းညိတ်ပြလိုက်သည်။ သိတယ်ဆိုတဲ့သဘော။ ဒီလူက သံတုံးဆိုရင်တောင် သူမ မကြောက်ပါဘူး။
လျူရှီထယ် ဇရပ်ရှေ့သို့ လျှောက်လာပြီး ရယ်မောကာ ပြောလိုက်သည်။ "အရှင်မင်းကြီး ဝမ်းသာစရာပါပဲ။ အသိဉာဏ်မရှိတဲ့ ဧကရာဇ် သေပြီ။ တံဆိပ်တုံးလည်း ရပြီ။ ဒီတိုင်းပြည်ကြီးက အရှင်မင်းကြီးပိုင် ဖြစ်သွားပြီ"
ဘေးပတ်ဝန်းကျင်မှ လူများ ဝမ်းသာအားရ အော်ဟစ်ကြပြန်သည်။
နဉ်ရှောင်ယောင်း လျူရှီထယ်ကို ကြည့်လိုက်သည်။ လူကောင်ထွားထွား သန်သန်မာမာနဲ့ စစ်သည်ကြီးပုံစံ ပေါက်နေပေမယ့် အခုလို လိမ်ပြောတတ်လိမ့်မယ်လို့ ထင်မထားဘူး။ ငါမှ မသေသေးတာ။ ဘယ်သူ့ကို သတ်လိုက်တာလဲ။
ရှန့်နုံ လျူရှီထယ်ကို အထဲဝင်ခိုင်းလိုက်သည်။
လျူရှီထယ် ဇရပ်ထဲ ဝင်လာပြီး နဉ်ရှောင်ယောင်းတို့ကို တစ်ချက်လေးတောင် မကြည့်ပေ။
ရှန့်နုံ လျူရှီထယ်၏ပခုံးကို ပုတ်လိုက်ပြီး ပြောသည်။ "ညီလေး... အတူတူ ဝမ်းသာရမှာပေါ့။ ဒီတိုင်းပြည်က ငါတစ်ယောက်တည်းပိုင်တာ မဟုတ်ပါဘူး။ ညီလေးက အသိဉာဏ်မရှိတဲ့ ဧကရာဇ်ကို သတ်ပြီး တံဆိပ်တုံး ယူလာပေးတာ အကျိုးပြုမှု ကြီးမားပါတယ်။ နောက်ကျ ငါ ဧကရာဇ်ဖြစ်လာရင် ညီလေးကိုလည်း ဘုရင်တစ်ပါးအဖြစ် ချီးမြှင့်ပေးပါ့မယ်"
ဒါက ရှန့်နုံက သူ့ညီအစ်ကိုတွေအတွက် ကတိပေးထားတဲ့ စည်းစိမ်ချမ်းသာတွေပေါ့။ လျူရှီထယ် ရှန့်နုံရှေ့တွင် ဒူးထောက်ချလိုက်ပြီး "ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ဟု ပြောလိုက်သည်။
"သောက်ကျိုးနည်း" ယင်းယွီ ဘေးမှ တိုးတိုးလေး ဆဲလိုက်သည်။ "ဘုရင်ခံဖြစ်သွားပြီလား"
ဘုရင်ခံ? နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။ နားထောင်ရတာ အဆင့်အတန်းမြင့်မယ့်ပုံပဲ။ ဒါကြောင့် ဒီလူကောင်ကြီး လိမ်ပြောနေတာကိုး။
"သခင်မလေး ဘာဖြစ်သွားတာလဲ" ဝမ်းသာပြီးမှ လျူရှီထယ် ရှန့်ဝမ်ဝမ်ကို သတိထားမိလိုက်သည်။ အံ့ဩသွားပြီး မေးလိုက်သည်။ "မျက်နှာက ဘာဖြစ်တာလဲ"
"မြောက်ပိုင်းသားတွေ လုပ်တာ" ရှန့်ဝမ်ဝမ် တိုးတိုးလေး ဖြေလိုက်သည်။
လျူရှီထယ် မြေကြီးပေါ်မှ မြောက်ပိုင်းသားအလောင်းကို ကြည့်လိုက်သည်။
"သတင်းပို့ပါတယ်" စစ်သည်တစ်ဦး အဝေးမှ အော်ဟစ်ပြေးလာသည်။
ရှန့်နုံ အပြင်ကို လှမ်းကြည့်လိုက်သည်။
စစ်သည်တစ်ဦး ဇရပ်ရှေ့ ရောက်လာပြီး ဒူးထောက်ကာ သတင်းပို့သည်။ "မြောက်ပိုင်းဝံပုလွေဘုရင်က လွန်ခဲ့တဲ့ နာရီဝက်လောက်က စခန်းထဲ ရောက်လာပါတယ်။ စစ်သူကြီးလျူက ဧကရာဇ်ကို သတ်လိုက်ပြီလို့ ကြားတော့ စစ်တပ်ပြန်ခေါက်ပြီး ပြန်သွားပါပြီ"
ဇရပ်အတွင်းအပြင် အခြေအနေ တင်းမာသွားသည်။
"ဒီလူရိုင်းတွေ သတင်းရတာ မြန်လှချည်လား" လျူရှီထယ် ရှန့်နုံကို ပြောလိုက်သည်။
"အဖေ" ရှန့်ဝမ်ဝမ် ဒေါသတကြီး ပြောလိုက်သည်။ "ဒီမြောက်ပိုင်းသားတွေကို သတ်ပစ်ရမယ်"
လျူရှီထယ် ရှန့်ဝမ်ဝမ်ခြုံထားသော ဝတ်ရုံကို ကြည့်လိုက်သည်။ မြေကြီးပေါ်မှ အလောင်းကို ကြည့်လိုက်သည်။ စိတ်လှုပ်ရှားလွန်းလို့ သတိမထားမိခဲ့တာတွေ အခုမှ သတိထားမိတော့သည်။ ဖြစ်ပျက်ခဲ့တာတွေကို သဘောပေါက်သွားသောအခါ လျူရှီထယ် ဒေါသထွက်သွားသည်။ "ဒီလူရိုင်းတွေ... ဘယ်လောက်တောင် မိုက်ရိုင်းလိုက်သလဲ"
လူကြီးတွေ အားပေးတော့ ရှန့်ဝမ်ဝမ် ပိုပြီး ဝမ်းနည်းလာကာ မျက်ရည်ကျလာသည်။
နျူနန်နင် နှုတ်ခမ်းတင်းတင်းစေ့ထားသည်။
နဉ်ရှောင်ယောင်း ဒီစာမေးပွဲကျ လူပျင်းကို စိုက်ကြည့်နေသည်။ သူ့အစီအစဉ်ကို ဖျက်ဆီးမယ်ဆိုရင် နည်းလမ်းရှာပြီး သတ်ပစ်လိုက်မယ်။
"မြောက်ပိုင်းသားတွေက ဒီလောက် ရဲတင်းတယ်ပေါ့" နျူနန်နင် ပြောလိုက်သည်။
"ဒီကောင်စုတ်က သမီးဘယ်သူလဲဆိုတာ မသိဘူး" ရှန့်ဝမ်ဝမ် ပြောလိုက်သည်။
နဉ်ရှောင်ယောင်း ဝင်ပြောမလို့ ပြင်လိုက်ပေမယ့် ပါးစပ်ပြန်ပိတ်လိုက်သည်။ ရှန့်ဝမ်ဝမ်က ကူညီပြောပေးနေမှတော့ သူမ လျှောက်ပြောစရာ မလိုတော့ဘူး။
"အခု အသိဉာဏ်မရှိတဲ့ ဧကရာဇ် သေပြီ" လျူရှီထယ် ပြောလိုက်သည်။ "မြောက်ပိုင်းသားတွေကို ရှင်းပစ်ရမယ့်အချိန် ရောက်ပြီ။ ငါတို့က သူတို့နဲ့ တိုင်းပြည်ခွဲဝေအုပ်ချုပ်ရမှာလား"
နျူနန်နင် ပြောလိုက်သည်။ "ကျွန်တော် သိရသလောက်တော့ ရှဲ့ဝမ်ယွမ်က မိုဒူးနဲ့ ပူးပေါင်းလိုက်ပြီတဲ့"
နဉ်ရှောင်ယောင်း လက်သီးဆုပ်လိုက်သည်။ ဒီအဘိုးကြီးက မြောက်ပိုင်းသားတွေနဲ့ ပူးပေါင်းလိုက်တာလား။ ဘယ်နေရာမှာရှိနေလဲဆိုတာ ဘာလို့ စုံစမ်းလို့မရတာလဲ။
"စစ်ဗျူဟာမှူး ဘာကိုဆိုလိုတာလဲ" လျူရှီထယ် နျူနန်နင်ကို မေးလိုက်သည်။ "ခင်ဗျားက ရှဲ့ဝမ်ယွမ်ဆိုတဲ့ ခွေးအိုကြီးကို ကြောက်နေတာလား"
"လျူရှီထယ်" ရှန့်နုံ ဝင်တားလိုက်သည်။
လျူရှီထယ်က ပန်းပဲဆရာဘဝကနေ လာတာ။ နျူနန်နင်က စာပေပညာရှင်။ စာပေပညာရှင်က ပန်းပဲဆရာနဲ့ ဘယ်လိုလုပ် အဆင့်တူ ဆက်ဆံလို့ရမှာလဲ။ စစ်ဗျူဟာမှူးနျူ ပြုံးလိုက်ပြီး ပြောသည်။ "ကျွန်တော် ဆိုလိုတာက မြောက်ပိုင်းသားတွေ ကျွန်တော်တို့စခန်းထဲ ဝင်လာပြီး လူသတ်၊ လူလုတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောချင်တာပါ"
"ကျွန်မကိုယ်တိုင် မြင်ခဲ့တာပါဆို" ရှန့်ဝမ်ဝမ် နျူနန်နင်ကို မကျေနပ်ပြန်ပေ။ သူမက ဟန်ဆောင်နေတယ်လို့ ပြောချင်တာလား။ သူမအစ်ကိုနဲ့ ဒီလူနဲ့ မတည့်တာ မဆန်းပါဘူး။ ဒီလူက အရမ်းမုန်းစရာကောင်းတာကိုး။
"သခင်မလေး" နျူနန်နင် စိတ်ရှည်လက်ရှည် ပြောပြသည်။ "ဒါက နားလည်မှုလွဲတာ ဖြစ်နိုင်ပါတယ်"
စစ်ဗျူဟာမှူးနျူက သူပုန်တပ်ဖွဲ့နဲ့ ရှန့်နုံရဲ့ အနာဂတ်အတွက် စဉ်းစားပေးတာပါ။ အခု နဉ်ယွီသေပြီ၊ တံဆိပ်တုံးရပြီဆိုပေမယ့် မြို့တော်ကို မသိမ်းနိုင်သေးဘူးလေ။ တိုင်းပြည်ရဲ့ မြို့အများစုက နဉ်မျိုးနွယ်လက်ထဲမှာပဲ ရှိသေးတာ။ တိုက်ပွဲတွေ အများကြီး ကျန်နေသေးတယ်။ ဒီအချိန်မှာ မြောက်ပိုင်းသားတွေနဲ့ စစ်တိုက်တာက ကောင်းတဲ့အကြံ မဟုတ်ဘူး။ တုံးအရာ ကျတယ်လို့တောင် ပြောလို့ရတယ်။
ဒါပေမဲ့ ရှန့်ဝမ်ဝမ်က စစ်ဗျူဟာမှူးနျူရဲ့ စေတနာကို နားမလည်ပေးနိုင်ဘူး။ ရှန့်ဝမ်ဝမ်တင် မကပါဘူး။ သူပုန်စစ်သူကြီး အများစုကလည်း နားမလည်ကြပါဘူး။
"နားလည်မှုလွဲတာ?" ရှန့်ဝမ်ဝမ် နျူနန်နင်ကို ဒေါသတကြီး ကြည့်လိုက်သည်။ "ကျွန်မကို မြောက်ပိုင်းသားတွေ သတ်တော့မလို့ လုပ်တာက နားလည်မှုလွဲတာ ဟုတ်လား"
"သခင်မလေး..."
"ပါးစပ်ပိတ်ထား" ရှန့်ဝမ်ဝမ် အော်ဟစ်လိုက်သည်။
"ဝမ်ဝမ်" ရှန့်နုံ သမီးဖြစ်သူကို မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်သည်။
လျူရှီထယ် ရယ်မောလိုက်ပြီး ပြောသည်။ "စခန်းထဲမှာ ညီနောင်တွေရဲ့ အလောင်းတွေ ရှိနေတုန်းပဲ။ ကျွန်တော့်တူမလေးကလည်း ဒီ ၅ မိုင်ဇရပ်ကို ဘယ်လိုရောက်လာတာလဲ။ စစ်ဗျူဟာမှူး... ပြောပြစမ်းပါဦး။ ဒါ ဘယ်လို နားလည်မှုလွဲတာမျိုးလဲ။ နဉ်ယွီက သွေးထိုးနေတာလား။ အဲ့ဒီ ဧကရာဇ်က သေသွားပြီလေ"
နျူနန်နင် စကားပိတ်သွားသည်။ တစ်ခုခုမှားနေမှန်းသိပေမယ့် ဘာမှားနေလဲဆိုတာ ပြောမပြတတ်ဘူး။
"တိုက်ကြစို့" လျူရှီထယ် ရှန့်နုံကို ပြောလိုက်သည်။ "တိုင်းပြည်ခွဲဝေအုပ်ချုပ်ရမှာကို ထားလိုက်ပါတော့။ ဒီကိစ္စအတွက်နဲ့တင် ကျွန်တော်တို့ တိုက်ကိုတိုက်ရမယ်"
နဉ်ရှောင်ယောင်း စိတ်ထဲကနေ လက်ခုပ်တီးလိုက်သည်။ ပြောတာ အရမ်းကောင်းတယ်။
***