သားတစ်ယောက်ဆုံးရှုံးလိုက်ရသော ရှန့်ဘုရင်
Vol. 23 Ch. 360
မြောက်ပိုင်းသားအကူတပ်မှူးက လက်အောက်ငယ်သားများ ဦးဆောင်ပြီး မီးလောင်နေသော တဲဆီသို့ ပြေးသွားသည်။ ဖေ့ယင်ကတော့ သူ့နေရာတွင် ရပ်ကျန်ခဲ့သည်။ အစောင့်များက သူ့ကို သတိမထားမိဘဲ မြောက်ပိုင်းသားတွေကိုပဲ အာရုံစိုက်နေကြသည်။
နျူနန်နင်၏ သမီးငယ်လေးသည် အစေခံမလေးနှစ်ယောက် တွဲကူမှုဖြင့် တဲထဲမှ ပြေးထွက်လာသည်။ သူမ၏ ဝတ်စားဆင်ယင်မှုက သာမန်ကာလျှံကာဖြစ်နေသော်လည်း ရွှေငွေလက်ဝတ်ရတနာများ ဝတ်ဆင်ထားသဖြင့် လူအုပ်ကြားထဲတွင် ထင်ရှားနေသည်။
"သတ်ကြ" မြောက်ပိုင်းအကူတပ်မှူး အမိန့်ပေးလိုက်သည်။
အနားတစ်ဝိုက်တွင် သတ်ဖြတ်သံများ ထွက်ပေါ်လာသည်။ နျူနန်နင်၏ သမီးက ကြောက်လန့်နေသော်လည်း အော်ဟစ်ခြင်းမရှိဘဲ ခြေလှမ်းမှန်မှန်ဖြင့် ထွက်ပြေးရန် ကြိုးစားနေသည်။
ရုတ်တရက် မြှားတစ်စင်း ပျံဝဲလာပြီး သူမကို ကာကွယ်ပေးနေသော အစောင့်တစ်ဦး၏ ဘယ်ဘက်မျက်လုံးကို ထိမှန်သွားသည်။
"အား..."
အစောင့်သည် မျက်လုံးကိုအုပ်ပြီး လဲကျသွားသည်။ နာကျင်စွာ အော်ဟစ်သံက ကြောက်မက်ဖွယ် ကောင်းလှသည်။
နျူနန်နင်၏သမီးလည်း အော်ဟစ်လိုက်သည်။
"သခင်မလေး... မြန်မြန်သွားရအောင်" အစေခံမလေးနှစ်ယောက်လည်း ကြောက်လန့်နေကြသော်လည်း သူတို့သခင်မလေး တစ်ခုခုဖြစ်သွားရင် သူတို့ပါ အသတ်ခံရမှာ သေချာသဖြင့် အစွမ်းကုန် ဆွဲခေါ်ပြေးကြသည်။
အစောင့်တစ်ဦး၏အလောင်းသည် လွင့်စင်လာပြီး နျူနန်နင်သမီး၏ ဗိုက်ကို ဝင်တိုက်မိသည်။
သူမ မရပ်တန့်ရဲသော်လည်း သွေးများက ဘောင်းဘီပေါ် စီးကျလာသည်။
နျူနန်နင်၏သမီး ခွေကျသွားပြီး အစေခံမလေးနှစ်ယောက်က အလောင်းတစ်လောင်းလို တရွတ်တိုက် ဆွဲခေါ်သွားသည်ကိုမြင်မှ ဖေ့ယင် လှည့်ထွက်လာခဲ့သည်။
"ရှန့်နုံ ဒီမှာ မရှိဘူး" မြောက်ပိုင်းသားတစ်ဦး အော်ပြောလိုက်သည်။
"ယုံနင်ခွေးတွေကို အရင်ရှင်းပစ်လိုက်" အကူတပ်မှူး အမိန့်ပေးလိုက်သည်။ သူ ကျောက်မျက်ရတနာတွေကြောင့် မျက်စိကန်းပြီး အမှားလုပ်မိမှန်း သိသွားပြီ။ ရှန့်နုံလို သူပုန်ခေါင်းဆောင်တစ်ယောက်ကို သတ်ဖို့ဆိုတာ ဒီလောက်လွယ်ကူပါ့မလား။ သူ့အနားမှာ အစောင့်တွေ အများကြီး ရှိနေမှာပေါ့။ ဒါပေမဲ့ အခုချိန်မှာ နောက်ဆုတ်လို့ မဖြစ်တော့ဘူး။ ရှေ့ဆက်တိုးပြီး တိုက်ခိုက်ရုံပဲ ရှိတော့တယ်။ "ယုံနင်ခွေးတွေက ငါတို့မြောက်ပိုင်းသားတွေကို ဘယ်ယှဉ်နိုင်မှာလဲ။ သတ်ပစ်ကြကွာ"
အဝေးမှ မြင်းခွာသံများ ထွက်ပေါ်လာသည်။
ဖေ့ယင် အသံလာရာကို လှမ်းကြည့်လိုက်သည်။ ဝံပုလွေခေါင်းပုံအလံကြီး လေထဲတွင် လွင့်ပျံနေသည်။ မိုဒူး ရောက်လာပြီ။
"သတ်" မိုဒူး စကားတစ်လုံးတည်း အမိန့်ပေးလိုက်သည်။
အစေခံမလေးနှစ်ယောက် သခင်မလေးကို ဆက်မဆွဲနိုင်တော့ပေ။ လှည့်ကြည့်လိုက်တော့ သခင်မလေး၏ အောက်ပိုင်းတစ်ခုလုံး သွေးများဖြင့် စိုရွှဲနေပြီး သတိမေ့နေပြီဖြစ်သည်။
အစေခံမလေးတစ်ယောက် တုန်ရီနေသောလက်ဖြင့် ဗိုက်ကို စမ်းသပ်ကြည့်လိုက်သည်။
"ဘယ်လိုနေလဲ" နောက်တစ်ယောက်က အော်မေးလိုက်သည်။
ဗိုက်က ချိုင့်ဝင်သွားပြီ။ ခြေထောက်ကြားထဲ ကြည့်လိုက်တော့ အသားတုံးတစ်တုံး ထွက်ကျနေသည်။ ကိုယ်ဝန်ပျက်ကျသွားပြီ။
"မရှိတော့ဘူး" အစေခံမလေး ကြမ်းပြင်ပေါ် ထိုင်ကျသွားသည်။ မျက်လုံးများ ပြူးကျယ်နေသည်။
သူပုန်မြင်းတပ်တစ်တပ် ရောက်လာသည်။ အချိန်မဆိုင်းဘဲ မြောက်ပိုင်းသားများနှင့် ဝင်ရောက်တိုက်ခိုက်ကြသည်။
နျူနန်နင်၏ သမီးကို တပ်သားအချို့က ထမ်းပြီး ရှန့်နုံရှေ့ ခေါ်လာကြသည်။
"မြန်မြန် ကြည့်ပေးကြစမ်း" မိန်းကလေး၏ အဖြစ်ဆိုးကို မြင်လိုက်ရသောအခါ ရှန့်နုံ မျက်နှာပျက်သွားပြီး အမျိုးသမီးစစ်သည်နှစ်ဦးကို အမိန့်ပေးလိုက်သည်။
အမျိုးသမီးစစ်သည်နှစ်ဦး ပြေးလာပြီး စစ်ဆေးကြည့်လိုက်ရာ လူလုံးပီသနေပြီဖြစ်သော ယောက်ျားလေးသန္ဓေသားလောင်းကို ထုတ်ယူလိုက်ကြသည်။
ဒါက သူ မျှော်လင့်တကြီး စောင့်စားခဲ့ရတဲ့ သားလေးလေ။ ရှန့်နုံ ဘယ်လောက်ပဲ စိတ်ထိန်းနိုင်တဲ့သူ ဖြစ်ပါစေ။ သားငယ်ရဲ့အလောင်းကို မြင်လိုက်ရတော့ သည်းမခံနိုင်တော့ပေ။ သခင်မလေးကို တရွတ်တိုက်ဆွဲလာတဲ့ အစေခံမလေးနှစ်ယောက်ကို ကြည့်ပြီး မျက်လုံးများ နီရဲလာသည်။
"အဲ့ဒါ သခင်လေးရဲ့ ယောက်ဖပဲ" လိုက်ပါလာသော အစောင့်တစ်ဦးက အော်ပြောလိုက်သည်။
ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
"သူ့မျက်နှာပေါ်မှာ ပတ်တီးစည်းထားတယ်" အစောင့်က ဒူးထောက်ပြီး ကိုယ့်မျက်နှာကိုယ် လက်ညှိုးထိုးပြလိုက်သည်။
"ကောင်စုတ်" ရှန့်ထျန်းကောဘက်ပါသော စစ်သူကြီးတစ်ဦး ထွက်လာပြီး အစောင့်ကို ကန်ထုတ်လိုက်သည်။ "ဒီလိုကိစ္စမျိုးကို သခင်လေးအပေါ် ပုံချချင်နေတာလား"
"ဟုတ်တယ်" နောက်ထပ် စစ်သူကြီးတစ်ဦး ဝင်ပြောသည်။ "ငါတို့တောင် ဒီမိန်းကလေး ကိုယ်ဝန်ရှိနေတာ မသိဘူး။ သခင်လေးက ဘယ်လိုလုပ် သိမှာလဲ"
နျူနန်နင်သည် ရှန့်နုံဘေးတွင် ရပ်နေသည်။ သမီးဖြစ်သူ သွေးအိုင်ထဲ လဲနေတာကို မြင်လိုက်ရကတည်းက ကြောင်အမ်းအမ်းဖြစ်နေသည်။ အခု သူ့သမီးကို လုပ်ကြံတဲ့သူက ရှန့်ထျန်းကောရဲ့ ယောက်ဖဆိုတာ ကြားလိုက်ရတော့ စစ်ဗျူဟာမှူးနျူ တုန်လှုပ်သွားသည်။ ဒူးထောက်ချလိုက်ပြီး ရှန့်နုံကို ပြောလိုက်သည်။ "အရှင်မင်းကြီး... သမီးလေးအတွက် လက်စားချေပေးပါ"
ဂုဏ်သိက္ခာကျဆင်းသွားပြီ။ မွေးဖွားလာရင် ရာထူးကြီးမယ့် မြေးလေးလည်း မရှိတော့ဘူး။ သမီးဖြစ်သူလည်း အသက်ရှင်ဖို့ မသေချာတော့ဘူး။ နျူနန်နင် ဘယ်လိုလုပ်ရမလဲ။ စာမေးပွဲ အကြိမ်ကြိမ်ကျခဲ့ပေမယ့် ရှန့်နုံရဲ့ယုံကြည်မှုကိုရထားပြီး ထိပ်တန်းစစ်ဗျူဟာမှူး ဖြစ်လာခဲ့တဲ့သူက ငတုံးတော့ မဟုတ်ဘူး။ ဒီအချိန်မှာ ရှန့်ထျန်းကောမသေရင် သေမယ့်လူက သူပဲဖြစ်မယ်ဆိုတာ နျူနန်နင် သိနေသည်။
"လက်စားချေပေးလို့ ရပါတယ်" ရှန့်ထျန်းကောဘက်ပါသော စစ်သူကြီးတစ်ဦး ပြောလိုက်သည်။ "ဒါပေမဲ့ ရန်သူက ဘယ်သူလဲဆိုတာ သာမန်တပ်သားလေးတစ်ယောက်ရဲ့ စကားနဲ့ ဆုံးဖြတ်လို့မရဘူး"
"အရှင်မင်းကြီး" နျူနန်နင် ရှန့်နုံရှေ့တွင် ခေါင်းဆောင့်လိုက်သည်။
"သတင်းပို့ပါတယ်" စစ်သည်တစ်ဦး မြင်းစီးပြီး အပြေးရောက်လာသည်။ ရှန့်နုံရှေ့ရောက်မှ မြင်းပေါ်ကဆင်းပြီး ဒူးထောက်ကာ သတင်းပို့သည်။ "အရှင်မင်းကြီး... သခင်လေးက စစ်သူကြီးလင်းကို သတ်လိုက်ပါပြီ"
စစ်သူကြီးလင်းဆိုတာ ရှန့်နုံက ရှန့်ထျန်းကောကို သွားခေါ်ခိုင်းလိုက်တဲ့လူပဲ။
ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း မျက်လုံးပြူးကုန်ကြသည်။ သခင်လေးက ပုန်ကန်လိုက်ပြီလား။
"မိုဒူး လာနေပြီ"
"မြောက်ပိုင်းသားတွေ ဝင်တိုက်နေပြီ"
...
အဝေးမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"မြင်းပေါ်တက်ကြ" ရှန့်နုံ အမိန့်ပေးလိုက်သည်။
နျူနန်နင် မတ်တတ်ရပ်နေဆဲ။ ရှန့်နုံတို့အဖွဲ့ သူ့ဘေးမှဖြတ်ကျော်ပြီး ထွက်ခွာသွားတာကို ကြည့်နေမိသည်။
နျူနန်နင်၏သမီး သတိရလာသည်။ ထရန် ကြိုးစားလိုက်စဉ် စစ်သူကြီးတစ်ဦး မြင်းစီးပြီး ဘေးကဖြတ်သွားရင်း ဇက်ကြိုးကို ဆွဲလိုက်သည်။
မြင်းက လမ်းကြောင်းပြောင်းသွားပြီး ဘယ်ဘက်ရှေ့ခြေထောက်က သူမ၏ ဗိုက်ပေါ် နင်းမိသွားသည်။ သူမ အော်ဟစ်လိုက်သော်လည်း နောက်ထပ်မြင်းတစ်စီး ထပ်မံနင်းဖြတ်သွားပြန်သည်။
စစ်ချီတက်နေချိန်မှာ မြင်းခွာအောက်က အဖြစ်အပျက်တွေကို ဘယ်သူက ဂရုစိုက်နေမှာလဲ။
နျူနန်နင်သမီးကို ကာကွယ်ပေးရန် အမိန့်ရထားသော အစောင့်များသည်လည်း စစ်သူကြီးများ တမင်တကာ တိုက်ထုတ်လိုက်သဖြင့် လူစုကွဲကုန်ကြသည်။ သူတို့က နျူနန်နင်နဲ့ မတည့်ကြဘူးလေ။ ဒီစာမေးပွဲကျ ဆင်းရဲသားရဲ့ သမီးက အရှင်မင်းကြီးအတွက် သားမွေးပေးပြီး အချစ်တော် ဖြစ်လာရင် သူတို့က နျူနန်နင် မျက်နှာကြည့်နေရတော့မှာပေါ့။ စစ်သူကြီးတွေက သေရင်တောင် ဒီလိုအဖြစ်မခံနိုင်ဘူး။
နျူနန်နင်၏ သမီးသည် ခဏအတွင်းမှာပင် အသားစအဖြစ် ပြောင်းလဲသွားသည်။ အစေခံမလေးနှစ်ယောက်လည်း ထိုနည်းတူစွာပင်။
စစ်တပ်ကြီး ထွက်ခွာသွားပြီးနောက် ရှေ့မှ အသားစပုံကိုကြည့်ပြီး နျူနန်နင် စကားတစ်ခွန်းမှမပြောနိုင်ဘဲ မေ့လဲသွားလေသည်။
.....
"ငါ ကိစ္စဖြတ်လိုက်ပြီ" ရှန့်နုံနှင့် မိုဒူးတို့ တိုက်ခိုက်နေချိန်တွင် ဖေ့ယင်သည် စစ်စခန်းအပြင်ဘက်တွင် ရပ်လျက် ရှန့်ထျန်းကောကို ပြောလိုက်သည်။ "သခင်လေး... ကိုယ်ပိုင်တပ်ဖွဲ့ထောင်ဖို့ စဉ်းစားသင့်ပြီ"
ရှန့်ထျန်းကော ကြိုတင်ပြင်ဆင်ထားခြင်းမရှိသဖြင့် ဖေ့ယင်စကားကြားတော့ ကြောင်သွားသည်။
"မင်း အကုသိုလ်တွေ လုပ်လိုက်ပြီ" နဉ်ရှောင်ယောင်း ဖေ့ယင်ဘေးတွင် ရပ်လျက် တီးတိုးရေရွတ်လိုက်သည်။
"အဲ့ဒီမိန်းမ သားမွေးလာရင် သခင်လေးအတွက် သေလမ်းပဲရှိတော့မှာ" ဖေ့ယင်ကတော့ ရှန့်ထျန်းကောအတွက် စဉ်းစားပေးသလို ပြောလိုက်သည်။ "ဒီနေ့ ရန်သူတွေ ဝိုင်းနေတဲ့အချိန်မှာတောင် နျူနန်နင်က သခင်လေးကို သတ်ဖို့ ကြိုးစားနေတာ။ ကျွန်တော်က လက်ဦးမှု ယူလိုက်တာပါ"
"ငါ့မောင်လေး ပြောတာ ဟုတ်တယ်" နဉ်ရှောင်ယောင်း ထောက်ခံလိုက်သည်။
ရှန့်ထျန်းကော ရုတ်တရက် ဓားဆွဲထုတ်ပြီး ဖေ့ယင်ကို ချိန်ရွယ်လိုက်သည်။
နဉ်ရှောင်ယောင်း လန့်သွားသည်။ ဝင်ပြောရန် ပြင်လိုက်စဉ် ဖေ့ယင်က သူမကို အနောက်သို့ တွန်းပို့လိုက်သည်။ "သခင်လေးက ငါ့ကို သတ်ချင်နေတာလား" ဖေ့ယင် မေးလိုက်သည်။
"ရန်မဖြစ်ကြနဲ့။ စကားကောင်းကောင်း ပြောကြပါ" နဉ်ရှောင်ယောင်း ဖေ့ယင်အနောက်ရောက်နေသော်လည်း ဝင်ထိန်းပေးနေဆဲ။
"သခင်လေး" သူပုန်တပ်သားတစ်ဦး စခန်းထဲမှ ပြေးထွက်လာပြီး ရှန့်ထျန်းကောရှေ့တွင် ရပ်ကာ အလောတကြီး သတင်းပို့သည်။ "နျူနန်နင်သမီး ဗိုက်ထဲက ကလေး ပျက်ကျသွားပြီ။ သူ့အစောင့်တွေက သခင်လေးလက်ချက်လို့ ပြောနေကြတယ်"
"ယောက်ျားလေးလား၊ မိန်းကလေးလား" ဖေ့ယင် မေးလိုက်သည်။
"ယောက်ျားလေး" တပ်သား ဖြေလိုက်သည်။ "သခင်လေး... စစ်သူကြီးလျူက သခင်လေးကို တစ်နေရာရာမှာ ခဏပုန်းနေခိုင်းပါတယ်။ သူ နည်းလမ်းရှာပေးပါ့မယ်တဲ့"
ရှန့်ထျန်းကော ခေါင်းညိတ်ပြလိုက်သည်။
တပ်သား စခန်းထဲ ပြန်ပြေးဝင်သွားသည်။
"စစ်သူကြီးလျူရဲ့ လူပဲ" ရှန့်ထျန်းကောဘေးမှ စစ်သူကြီးတစ်ဦး စိုးရိမ်တကြီး ပြောလိုက်သည်။ "စစ်သူကြီးလျူတောင် သခင်လေးကို မကာကွယ်ပေးနိုင်တော့ဘူးလား"
"နာကျင်မှုက ခဏပါပဲ" ဖေ့ယင် အေးစက်စွာ ပြောလိုက်သည်။ "သခင်လေး စွန့်ပစ်ခံရမှာက သေချာသလောက်ပဲ။ အခု အင်အားရှိနေတုန်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လိုက်တာ ပိုကောင်းမယ်"
ရှန့်ထျန်းကော မျက်နှာပျက်နေသော်လည်း ဓားကို ပြန်ရုပ်သိမ်းလိုက်သည်။
"သွားကြစို့" ဖေ့ယင် နဉ်ရှောင်ယောင်းလက်ကို ဆွဲခေါ်သွားသည်။
"မင်းတို့ ဘယ်သွားမလို့လဲ" ရှန့်ထျန်းကော နဉ်ရှောင်ယောင်း၏ပခုံးကို လှမ်းဆွဲထားလိုက်သည်။
နဉ်ရှောင်ယောင်း ဖေ့ယင်ကို မေးလိုက်သည်။ "ဟုတ်သားပဲ... ငါတို့ ဘယ်သွားကြမလဲ"
"ဒီနေရာက ထွက်သွားမှာပေါ့" ဖေ့ယင် ပြောလိုက်သည်။ "ကျွန်တော်တို့က ထီးနန်းလိုချင်တာမှ မဟုတ်တာ။ ဘာလို့ ဆက်နေရဦးမှာလဲ"
"ကမ္ဘာပတ်မယ်" နဉ်ရှောင်ယောင်းက ရှန့်ထျန်းကောကို ဖြေလိုက်သည်။
ရှန့်ထျန်းကော နဉ်ရှောင်ယောင်းကို မလွှတ်ပေးပေ။
"မင်း အခု သွားလို့မရဘူးလေ" နဉ်ရှောင်ယောင်း ရှန့်ထျန်းကောအနောက်မှ လူများကို လက်ညှိုးထိုးပြလိုက်သည်။
"ငါတို့ကို မင်းကိုကူညီပြီး ရှန့်နုံကို တိုက်ပေးစေချင်တာလား" ဖေ့ယင် မေးလိုက်သည်။
ရှန့်ထျန်းကော လက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။
"ငါ ကူညီပေးနိုင်တယ်" နဉ်ရှောင်ယောင်း လက်မြှောက်လိုက်သည်။
"ငါ မင်းနဲ့ စကားနည်းနည်းလောက် ပြောချင်တယ်" ရှန့်ထျန်းကော တည်ငြိမ်စွာ ပြောလိုက်သည်။
ဖေ့ယင် နဉ်ရှောင်ယောင်းလက်ကို လွှတ်ပေးလိုက်သည်။
ရှန့်ထျန်းကော နဉ်ရှောင်ယောင်းကို ဘေးတစ်ဖက်သို့ ခေါ်သွားပြီး တိုးတိုးလေး မှာကြားလိုက်သည်။ "အာ့ယာနဲ့ ရှောင်ချိုးကို ကောင်းကောင်း စောင့်ရှောက်ပေးပါ"
"အင်း... စိတ်ချပါ" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"မင်းတို့ ဘယ်သွားမလဲဆိုတာ တိတိကျကျ ပြောပြလို့ရမလား" ရှန့်ထျန်းကော မေးလိုက်သည်။ "နောင်ကျ ငါ လိုက်ရှာလို့ရအောင်"
နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။ သူမက နယ်စပ်ထွက်ပြီး လူကယ်ရဦးမှာ။ ပြီးရင် ဘယ်သွားမလဲဆိုတာ မသိသေးဘူး။ "သခင်လေးက စစ်တပ်နဲ့ဆိုတော့ မင်းသတင်းကြားရဖို့ လွယ်မှာပါ။ ငါပဲ မင်းကို လာရှာလိုက်ပါ့မယ်"
"ငါ့ကို ကိုယ်ပိုင်တပ်ဖွဲ့ထောင်စေချင်တာလား" ရှန့်ထျန်းကော မေးလိုက်သည်။
"အဲ့ဒါ မင်းသဘောပဲလေ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ဒီတိုင်းပြည်ကို မြောက်ပိုင်းသားတွေလက်ထဲ မထည့်လိုက်ပါနဲ့"
လက်ဖဝါးဖြင့် နဉ်ရှောင်ယောင်း၏ ပါးပြင်ကို အုပ်ကိုင်လိုက်ပြီး ရှန့်ထျန်းကော စကားပြောချင်သော်လည်း မပြောဖြစ်ပေ။ နောက်ဆုံးတွင် "လမ်းခရီး ဂရုစိုက်ပါ" ဟုသာ ပြောလိုက်သည်။ အခု သူ့အခြေအနေအရ ဒီမိန်းကလေးကို ဘေးနားမှာ ခေါ်ထားလို့ မဖြစ်ဘူး။ ဒါကြောင့် လွှတ်ပေးလိုက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
နဉ်ရှောင်ယောင်း လက်နှစ်ဖက်ဆန့်တန်းပြီး ရှန့်ထျန်းကောကို ပွေ့ဖက်လိုက်သည်။ "မင်းလည်း ဂရုစိုက်နော်။ တာ့တာ"
နဉ်ရှောင်ယောင်းတို့အဖွဲ့ မြင်းစီးပြီး မြောက်ဘက်သို့ ထွက်ခွာသွားကြသည်။ ခဏအတွင်းမှာပင် ပျောက်ကွယ်သွားလေသည်။
"သခင်လေး... ကျွန်တော်တို့ ဘယ်သွားကြမလဲ" စစ်သူကြီးများ မေးလိုက်ကြသည်။ သခင်မလေး ဘာလို့ ဒီအချိန်မှာ ထွက်သွားလဲဆိုတာ မမေးရဲကြသော်လည်း သူတို့ ဘယ်သွားမလဲဆိုတာတော့ မေးရမည်။
"မြောက်ပိုင်းသားတွေကို အရင်သတ်မယ်" ရှန့်ထျန်းကော မြင်းပေါ်တက်လိုက်သည်။
.....
"ငါတို့ ဘယ်သွားကြမလဲ" နဉ်ရှောင်ယောင်း ဖေ့ယင်ကို မေးလိုက်သည်။ လမ်းတစ်လျှောက်လုံး သူပုန်အလောင်းတွေ၊ မြောက်ပိုင်းသားအလောင်းတွေ ပြည့်နှက်နေသည်။ ဒီစစ်ပွဲကြောင့် လူဘယ်နှယောက်လောက် သေကြေပျက်စီးရဦးမလဲ မသိပေ။
"ဒီနေရာကနေ အရင်ထွက်သွားကြတာပေါ့" ဖေ့ယင် နဉ်ရှောင်ယောင်းဘေးမှ လိုက်ပါရင်း မေးလိုက်သည်။ "မြောက်ပိုင်းသားတွေနဲ့ ထပ်တိုက်ချင်သေးလို့လား"
နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ မတိုက်ချင်တော့ပါဘူး။
***