အရှင်မင်းကြီးက ပြောတယ်... ငါက မိန်းမပါ
Vol. 23 Ch. 361
မြို့တော်မြောက်ဘက် ၅ မိုင်ဇရပ်တွင် ယင်းယွီနှင့် ယင်းလေတို့သည် နဉ်ရှောင်ယောင်းနှင့် အပေါင်းအပါများ ဘေးကင်းစွာ ရောက်ရှိလာသည်ကို မြင်သောအခါ စိတ်အေးသွားကြသည်။
"မင်းအစ်ကိုကြီး ဘာမှမဖြစ်ပါဘူး" နဉ်ရှောင်ယောင်း ရှောင်ချိုးကို ပွေ့ချီလိုက်ပြီး အာ့ယာ၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
အာ့ယာနှင့် ရှောင်ချိုးတို့ စိတ်သက်သာရာ ရသွားကြသည်။ အရှင်မင်းကြီး ဘာမှမဖြစ်ဘူး၊ အစ်ကိုကြီး ဘာမှမဖြစ်ဘူး၊ သူတို့ကို အမြဲစောင့်ရှောက်ပေးခဲ့တဲ့ နဂါးအစောင့်အစ်ကိုကြီးတွေလည်း ဘာမှမဖြစ်ဘူး။ အာ့ယာနဲ့ ရှောင်ချိုးတို့အတွက်တော့ ကမ္ဘာကြီးက လှပနေဆဲပင်။
"အရှင်မင်းကြီး... နောက်ဆက်တွဲ ဘယ်သွားမလဲ" ဖေ့ယင် ဇရပ်ထဲ ဝင်ထိုင်လိုက်ပြီး ရေဘူးထဲမှ ရေတစ်ငုံ သောက်လိုက်ကာ မေးလိုက်သည်။
"ငါ နယ်စပ်ထွက်သွားမယ်" နဉ်ရှောင်ယောင်း ဖြေလိုက်သည်။ "လိုကျင်းက မြောက်ပိုင်းသားတွေလက်ထဲ ရောက်နေတယ်။ သူ့ကို သွားကယ်မလို့"
ဖေ့ယင် အံ့ဩသွားပြီး နဉ်ရှောင်ယောင်းကို မော့ကြည့်ကာ မေးလိုက်သည်။ "လိုကျင်း? လိုကျစ်ကွေ့ရဲ့ အစ်ကိုကြီးလား"
"အင်း" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"သူ မသေသေးဘူးလား" ဖေ့ယင် အံ့ဩနေဆဲ။
"ငါ့သတင်းက စိတ်ချရပါတယ်" နဉ်ရှောင်ယောင်း အတည်ပြုလိုက်သည်။ "သူ မသေသေးပါဘူး"
ဖေ့ယင် ရေဘူးကို ခါးတွင် ပြန်ချိတ်လိုက်ပြီး လှောင်ပြောင်သလို ရယ်မောလိုက်သည်။ "လိုကျစ်ကွေ့က သူ့အစ်ကိုကို မကယ်ဘဲ ပစ်ထားတာ။ အရှင်မင်းကြီးက သွားကယ်ဦးမလို့လား"
"ဒါက သပ်သပ်စီလေ" နဉ်ရှောင်ယောင်း ဖေ့ယင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ "လိုကျင်းက တိုင်းပြည်အတွက် စစ်တိုက်ရင်း အဖမ်းခံလိုက်ရတာ။ ငါ သူ့ကို ကယ်တာ လိုကျစ်ကွေ့ကြောင့် မဟုတ်ဘူး"
"နယ်စပ်ထွက်သွားရင် ဘယ်လောက် အန္တရာယ်များလဲဆိုတာ အရှင်မင်းကြီး သိရဲ့လား" ဖေ့ယင် မေးလိုက်ပြန်သည်။
"ဧကရာဇ်က သေသွားပြီလေ" နဉ်ရှောင်ယောင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ငါက နဉ်ယွီမှန်း ဘယ်သူက သိမှာလဲ"
"ဆောင်းဝင်တော့မယ်" ဖေ့ယင် သတိပေးလိုက်သည်။ "အခုအချိန် နယ်စပ်ထွက်သွားတာ အေးခဲသေဖို့ သွားရှာတာပဲ"
"မိုဒူး မရှိတုန်း သွားကယ်မလား။ မိုဒူး ပြန်ရောက်လာမှ သွားကယ်မလား" နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ "ဒုသခင်လေးဖေ့... ဒီလောက်တောင် တွက်ချက်ရခက်နေလား"
"ဒါဆို ကျွန်တော်မျိုး လိုက်ခဲ့မယ်" ဖေ့ယင် ဆုံးဖြတ်လိုက်သည်။
"မင်းက မြို့တော်ကို အကြီးအကဲလီလက်ထဲ ထည့်ပေးခဲ့မလို့လား" နဉ်ရှောင်ယောင်း အံ့ဩသွားသည်။ "အဘိုးကြီးက စာပေတော့ တတ်ပါရဲ့။ စစ်တိုက်တတ်လို့လား။ ဒါမှမဟုတ် ဖူဝမ်ကို အားကိုးနေတာလား"
ဖေ့ယင် ဘယ်သူ့ကိုမှ အားမကိုးပေ။
"ဒုသခင်လေးဖေ့... မြို့တော်ကို မင်းလက်ထဲ အပ်ခဲ့ပြီနော်" နဉ်ရှောင်ယောင်း ဖေ့ယင်၏ ပခုံးကို ပုတ်လိုက်သည်။ "မင်းရဲ့တာဝန်ကြီးတယ်"
ဖေ့ယင် ခံစားလိုက်ရသည်မှာ နဉ်ရှောင်ယောင်းနောက် လိုက်သွားလျှင် မြို့သူမြို့သားတွေကို သစ္စာဖောက်ရာ ကျနေသလိုပင်။
"ဒါနဲ့" နဉ်ရှောင်ယောင်း ခါးဆန့်လိုက်ပြီး ဖေ့ယင်နှင့် ယင်းဖုန်းတို့ကို ကြည့်ကာ ပြောလိုက်သည်။ "ဒီအချိန်မှာ ဝန်ခံစရာကိစ္စတစ်ခု ရှိတယ်"
အားလုံး နဉ်ရှောင်ယောင်းကို ကြည့်နေကြသည်။ ဒီလူ ဘာပြောမလဲဆိုတာ ခန့်မှန်းလို့မရဘူး။ နားထောင်ရုံပဲ ရှိတော့တာပေါ့။
"ငါက ယောကျာ်း မဟုတ်ဘူး" နဉ်ရှောင်ယောင်း ဝန်ခံလိုက်သည်။
"ဘယ်သူက အရှင်မင်းကြီးကို ယောကျာ်းမဟုတ်ဘူး ပြောရဲလို့လဲ" ဖေ့ယင် မျက်နှာပျက်သွားသည်။ "အရှင်မင်းကြီးက တိုင်းပြည်အတွက် အစွမ်းကုန် ကြိုးစားခဲ့တာပဲ"
"မဟုတ်ဘူး... မဟုတ်ဘူး... အဲ့ဒါပြောတာ မဟုတ်ဘူး" နဉ်ရှောင်ယောင်း လက်ကာပြလိုက်သည်။ "ငါက မိန်းမပါလို့ ပြောတာ"
"ဘာ... ဘာပြောလိုက်တာလဲ" ဖေ့ယင် မေးလိုက်သည်။
ယင်းဖုန်းတို့လည်း နားကြားမှားတယ် ထင်နေကြသည်။
"ငါက မိန်းမပါ" နဉ်ရှောင်ယောင်း တစ်လုံးချင်း ထပ်ပြောလိုက်သည်။
ဖေ့ယင် နဉ်ရှောင်ယောင်း၏မျက်နှာကိုကြည့်ပြီး ခုန်ထလိုက်သည်။
"တောင်းပန်ပါတယ်" နဉ်ရှောင်ယောင်း ဖေ့ယင်နှင့် ယင်းဖုန်းတို့ကို တောင်းပန်လိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဖေ့ယင် အော်ဟစ်လိုက်သည်။ ဒုသခင်လေးဖေ့ယင် တည်ငြိမ်မှု ပျက်ပြားသွားခြင်းဖြစ်သည်။ အာ့ယာနှင့် ရှောင်ချိုးတို့ လန့်ဖျပ်သွားပြီး ဖက်ထားလိုက်ကြသည်။
မတတ်နိုင်တော့ဘူး။ နဉ်ရှောင်ယောင်း ဖေ့ယင်၏လက်ကိုဆွဲယူပြီး ရင်ဘတ်ပေါ် တင်ပေးလိုက်သည်။
အိစက်သော အထိအတွေ့ကြောင့် ဖေ့ယင် ရေနွေးပူလောင်သကဲ့သို့ လက်ကို ရုတ်သိမ်းလိုက်သည်။
"တကယ်လား" ယင်းဖုန်း ဖေ့ယင်ကို မေးလိုက်သည်။
ဖေ့ယင် နဉ်ရှောင်ယောင်းကို ကြောင်ကြည့်နေပြီး ယင်းဖုန်းမေးတာကို မကြားလိုက်ပေ။
"ကိစ္စက ဒီလိုပါ" နဉ်ရှောင်ယောင်း စကားလုံးရွေးလိုက်ပြီး ဝမ်းနည်းစရာကောင်းတဲ့၊ သူမကို ဒုက္ခရောက်စေခဲ့တဲ့ ဇာတ်လမ်းရှည်ကြီးကို ပြောပြလိုက်သည်။
ဖေ့ယင်နှင့် ယင်းဖုန်းတို့ အလေးအနက်ထား နားထောင်နေကြသည်။
....
နာရီဝက်ခန့် ကြာသောအခါ နဉ်ရှောင်ယောင်း လက်ဖြန့်ပြလိုက်သည်။ "ဒါပါပဲ။ ငါ တမင်လိမ်တာ မဟုတ်ပါဘူး။ ပြောခွင့်မကြုံလို့ပါ"
ဖေ့ယင် နောက်ဆုတ်သွားပြီး ဇရပ်လက်ရမ်းကို တိုက်မိကာ ထိုင်ကျသွားသည်။
"မယ်တော်ကြီး" ယင်းဖုန်း အချိန်အတော်ကြာမှ အသံထွက်လာသည်။ "ဒီမိန်းမ ဘယ်လိုလုပ် ဒီလောက် ယုတ်မာရတာလဲ။ သေသင့်တဲ့ မိန်းမ"
"သူ့ဘဝက ဒီလောက်ပါပဲ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ငါ ထွက်သွားပြီဆိုတော့ သူလည်း မယ်တော်ကြီး မဟုတ်တော့ဘူးလေ။ သူ့ဘာသာ အသက်ဆက်ရှင်ပါစေတော့"
ဖေ့ယင် မျက်နှာသုတ်လိုက်ပြီး နဉ်ရှောင်ယောင်းကို ကြည့်ကာ မေးလိုက်သည်။ "လိုကျစ်ကွေ့ သိလား"
"အင်း... သိတယ်" နဉ်ရှောင်ယောင်း ရိုးရိုးသားသား ဖြေလိုက်သည်။
"ဒါကြောင့်ကိုး" ဖေ့ယင် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဘာကိုလဲ" နဉ်ရှောင်ယောင်း နားမလည်ပေ။
"အရှင်မင်းကြီးက မိန်းမဆိုတာ သိလို့၊ အရှင်မင်းကြီး ထီးနန်းမှာ ကြာကြာမနေနိုင်ဘူးဆိုတာ သိလို့ သူက ထီးနန်းလုဖို့ ကြိုးစားတာပေါ့" ဖေ့ယင် အေးစက်စွာ ပြုံးလိုက်သည်။ "အရှင်မင်းကြီး... လိုကျစ်ကွေ့က အစကတည်းက ဒီအကြံရှိနေတာဖြစ်မယ်"
ဟုတ်လား။ နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။ ဒီလူနဲ့ သူမ ဘာမှမပတ်သက်တော့ပါဘူး။ လက်ခါပြလိုက်ပြီး "ထားလိုက်ပါတော့။ ဧကရာဇ် ဘယ်သူလုပ်လုပ်ပေါ့" ဟု ပြောလိုက်သည်။
ဖေ့ယင် ယင်းဖုန်းကို ကြည့်ပြီး မေးလိုက်သည်။ "မင်းတို့ကရော... ဘယ်လိုစီစဉ်ထားလဲ"
ယင်းဖုန်း စိတ်ရှုပ်ထွေးနေသော်လည်း ဖေ့ယင်အမေးကို ချက်ချင်း ဖြေလိုက်သည်။ "ကျွန်တော်တို့က အရှင်မင်းကြီးနောက် လိုက်မှာပါ"
"ငါက အရှင်မင်းကြီး မဟုတ်တော့ဘူးလေ" နဉ်ရှောင်ယောင်း ငြင်းလိုက်သည်။
"ဒါဆို..." ယင်းဖုန်း မီးခိုးရောင်စကတ် ဝတ်ထားသော နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။
"သခင်မလေး?" ယင်းယွီ ဝင်မေးသည်။ အရှင်မင်းကြီးလို့ မခေါ်ရရင် သခင်မလေးလို့ ခေါ်ရင် မှားမယ်မထင်ဘူး။
"သခင်မလေး မဟုတ်ဘူး... အစ်မကြီးလို့ ခေါ်" နဉ်ရှောင်ယောင်း ပြောလိုက်သည်။
"ဟား..." ဖေ့ယင် ရယ်မောလိုက်သည်။ ရယ်မောပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်ချီးကျူးလိုက်သည်။ ဒီအချိန်မှာတောင် ငါ ရယ်နိုင်သေးပါလား။
"အဲ့ဒါ မဖြစ်ဘူး" ယင်းလေက ရိုးရိုးသားသား ထောက်ပြသည်။ ခေါင်းကုတ်ပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "ကျွန်တော်တို့က အရှင်မင်းကြီးထက် အသက်ကြီးတယ်လေ"
"ဒါဆို ညီမလေးလို့ ခေါ်" နဉ်ရှောင်ယောင်း အလျှော့ပေးလိုက်သည်။ ဒီလူတွေကို အကြာကြီး လိမ်ထားရတာဆိုတော့ စိတ်မလုံဘူးလေ။ စိတ်မလုံရင် နဉ်ရှောင်ယောင်းက သဘောကောင်းတတ်တယ်။
ညီမလေးဆိုတဲ့ စကားလုံးက ယင်းဖုန်းတို့ ပါးစပ်ဖျားမှာ တဝဲလည်လည် ဖြစ်နေသည်။ လူသတ်တာတောင် မျက်တောင်မခတ်တဲ့ နဂါးအစောင့်တပ်သားတွေက ဒီစကားလုံးကို မခေါ်ထွက်နိုင်ကြဘူး။
"ကိစ္စမရှိပါဘူး" နဉ်ရှောင်ယောင်း နားလည်ပေးလိုက်သည်။ "ခဏနေရင် အသားကျသွားမှာပါ။ သာ့ဖုန်း... မင်း ညီနောင်တွေကိုခေါ်ပြီး ဒုသခင်လေးဖေ့နဲ့အတူ မြို့ထဲပြန်ဝင်လိုက်တော့။ မြို့ပြင်မှာ ဒီလောက် တိုက်ပွဲတွေဖြစ်နေတာ ရန်သူတွေ မြို့တော်ကို လာတိုက်နိုင်မှာ မဟုတ်တော့ဘူး"
"အရှင်မင်းကြီး" ယင်းလေ၊ ယင်းယွီတို့ အော်ဟစ်လိုက်ကြသည်။
ယင်းဖုန်း ဘာမှမပြောပေ။ နဉ်ရှောင်ယောင်း၏ မျက်နှာထားကိုကြည့်ရုံဖြင့် သူတို့ကို မခေါ်သွားရင် နဉ်ရှောင်ယောင်း သတ်သေပြလိမ့်မယ်ဆိုတာ သိနေသည်။
"ကျွန်တော် အာ့ယာနဲ့ ရှောင်ချိုးကိုခေါ်ပြီး မြို့ထဲပြန်ဝင်မယ်" ဖေ့ယင် ဆုံးဖြတ်လိုက်သည်။ "ယင်းဖုန်းတို့က အရှင်မင်းကြီးနဲ့အတူ နယ်စပ်ထွက်လိုက်သွားကြ"
"သမီး အရှင်မင်းကြီးနဲ့ လိုက်မယ်" အာ့ယာ ဖေ့ယင်စကားကြားတော့ အော်ဟစ်လိုက်သည်။
ဖေ့ယင် အာ့ယာကို လက်ပြခေါ်လိုက်ပြီး တိုးတိုးလေး ရှင်းပြသည်။ "အာ့ယာတို့ လိုက်သွားရင် အရှင်မင်းကြီးက အာ့ယာတို့ကို ဂရုစိုက်နေရမှာလေ။ ဒါဆို အရှင်မင်းကြီး ပင်ပန်းလိမ့်မယ်"
အာ့ယာ ငြိမ်ကျသွားသည်။ သူမ အရှင်မင်းကြီးကို ဘာမှမကူညီနိုင်ဘူး။ သူမနဲ့ ရှောင်ချိုးက ဝန်ထုပ်ဝန်ပိုးတွေပဲ ဖြစ်နေမှာ။
"ငါ ပြန်လာပြီး မင်းတို့ကို လာတွေ့မှာပါ" နဉ်ရှောင်ယောင်း ရှောင်ချိုးကို ပွေ့ချီလိုက်ပြီး ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ ငါက တော်ပါတယ်"
ဖေ့ယင် မတ်တတ်ထရပ်လိုက်ပြီး ရှောင်ချိုးကို လှမ်းယူလိုက်ကာ ပြောလိုက်သည်။ "အချိန်မရှိတော့ဘူး။ ကျွန်တော် သူတို့ကိုခေါ်ပြီး မြို့ထဲဝင်လိုက်တော့မယ်။ အရှင်မင်းကြီးလည်း အမြန်သွားတော့"
နဉ်ရှောင်ယောင်း မတ်တတ်ထရပ်လိုက်သည်။ မျက်ရည်သုတ်နေသော အာ့ယာနှင့် ရှောင်ချိုးကို ကြည့်ပြီး နှုတ်ဆက်လိုက်သည်။ "ဒုသခင်လေးဖေ့စကား နားထောင်နော်။ ငါ ပြန်လာခဲ့မယ်"
အာ့ယာ ငိုပြီး ခေါင်းညိတ်ပြလိုက်သည်။ မိန်းကလေးတစ်ယောက် ဧကရာဇ်လုပ်တာ ဘာဖြစ်လဲ။ အာ့ယာ ဂရုမစိုက်ဘူး။ သူမ သိတာက အရှင်မင်းကြီးက လူကောင်းတစ်ယောက် ဆိုတာပဲ။ သူမ အရှင်မင်းကြီးကို ချစ်တယ်။
"တာဝန်ယူပေးပါ" ဖေ့ယင် ယင်းဖုန်းကို ကြည့်ပြီး လေးလေးနက်နက် မှာကြားလိုက်သည်။
ယင်းဖုန်း ဖေ့ယင်ကို ဦးညွှတ်လိုက်သည်။ သခင်က အရှင်မင်းကြီး မဟုတ်တော့ရင်တောင် သူ့အသက်သခင် ကျေးဇူးရှင်ပါပဲ။ ဒီကျေးဇူးကို ယင်းဖုန်း ဘယ်တော့မှ မမေ့ပါဘူး။
ဖေ့ယင် အာ့ယာနှင့် ရှောင်ချိုးကိုတင်ပြီး မြင်းစီးထွက်ခွာသွားသည်ကို ကြည့်ပြီးမှ နဉ်ရှောင်ယောင်း ကိစ္စတစ်ခု သတိရသွားသည်။ ဖေ့ယင်ကို လှမ်းအော်လိုက်သည်။ "ဒုသခင်လေးဖေ့... ငါ့ကျောက်မျက်ရတနာတွေရော"
ဖေ့ယင် နှုတ်ခမ်းတွန့်သွားပြီး ပြန်အော်လိုက်သည်။ "အဲ့ဒါတွေက အာ့ယာအတွက် မင်္ဂလာလက်ဖွဲ့လို့ သဘောထားလိုက်တော့"
ဘာ။ နဉ်ရှောင်ယောင်း ကြောင်သွားသည်။
ဖေ့ယင် မြင်းဒုန်းစိုင်းနှင်ပြီး ထွက်ခွာသွားလေသည်။ နဉ်ရှောင်ယောင်း သတိမဝင်ခင် အမြန်လစ်မှ ဖြစ်မယ်။
"ငါ့ကျောက်မျက်ရတနာတွေ မရှိတော့ဘူးလား" နဉ်ရှောင်ယောင်း ယင်းဖုန်းကို လှည့်မေးလိုက်သည်။
ယင်းဖုန်း ခေါင်းညိတ်လိုက်သည်။ အာ့ယာအတွက် မင်္ဂလာလက်ဖွဲ့ဆိုတော့ ပေးလိုက်ရပြီပေါ့။
အာ့ယာကို မင်္ဂလာလက်ဖွဲ့ပေးမယ်ဆိုတာ နဉ်ရှောင်ယောင်းရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပါ။ ဒါပေမဲ့ ကျောက်မျက်ရတနာအိတ်ကြီး တစ်အိတ်လုံး ပါသွားတာကို တွေးပြီး နှမြောနေမိသည်။ တစ်ဝက်လောက် ချန်ထားပေးလို့ မရဘူးလား။
"ဒါဆို ကျွန်တော် လိုက်သွားပြီး ပြန်တောင်းပေးရမလား" ယင်းဖုန်း လေးလေးနက်နက် မေးလိုက်သည်။
"သွားကြစို့" နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ မင်္ဂလာလက်ဖွဲ့ပေးမယ် ပြောပြီးမှတော့ ပေးရမှာပေါ့။
"အန်းယွမ်သွားမလို့လား" ယင်းဖုန်း မေးလိုက်ပြန်သည်။
"အင်း" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ "သာ့ဖုန်း... ဒီကိစ္စကို ငါတစ်ယောက်တည်း..."
"မြင်းပေါ်တက်ကြ" ယင်းဖုန်း ညီနောင်များကို အမိန့်ပေးလိုက်သည်။ "အန်းယွမ်သွားကြမယ်"
နဉ်ရှောင်ယောင်း နှာခေါင်းပွတ်လိုက်သည်။ သူမက အရှင်မင်းကြီး မဟုတ်တော့ရင်တောင် စကားဆုံးအောင် ပြောခွင့်ပေးသင့်တယ် မဟုတ်လား။
"မြောင်"
"အွန်း"
"ကျွိ... ကျွိ... ရှောင်ယောင်း"
နဉ်ရှောင်ယောင်း မြင်းပေါ်တက်ရန် ပြင်လိုက်စဉ် အနောက်မှ အသံ ၃ သံ ထွက်ပေါ်လာသည်။ လှည့်ကြည့်လိုက်တော့ ယိုကွမ့် ပခုံးပေါ် ခုန်တက်လာသည်။ လောင်တက ရှောင်ဟွေ့ ခေါင်းပေါ် ရောက်နေသည်။ ရှောင်ပိုင်ကတော့ အမြင့်မခုန်နိုင်လို့ အောက်ကနေ အော်ဟစ်နေသည်။
"ရှောင်ယောင်း... ငါ့အဘိုးက နယ်စပ်လိုက်သွားခိုင်းလို့" ယိုကွမ့် ခေါင်းလေးနဲ့ နဉ်ရှောင်ယောင်းပါးကို ပွတ်သပ်လိုက်သည်။
"ငါ လိုက်ခဲ့မှဖြစ်မယ်" လောင်တ ပြောလိုက်သည်။ "မဟုတ်ရင် ဒီငတုံးမလေး အနိုင်ကျင့်ခံနေရဦးမယ်"
"သခင်... သခင်..." ရှောင်ပိုင် အော်ဟစ်လိုက်သည်။ "ကျွန်တော့်ကို ထားမသွားပါနဲ့"
ကောင်းပြီလေ။ ဒီ ၃ ကောင်လည်း ခေါ်သွားရမယ့်အထဲ ပါနေတာပဲ။ နဉ်ရှောင်ယောင်း လေးလံလှသော ရှောင်ပိုင်ကို ပွေ့ချီလိုက်ပြီး မြင်းပေါ်တက်ကာ ယင်းဖုန်းတို့ကို ပြောလိုက်သည်။ "သွားကြစို့... နယ်စပ်ကို သွားကြမယ်"
ယင်းဖုန်း နဉ်ရှောင်ယောင်းနောက်က လိုက်ပါလာသည်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။ ဒီလောက်ကြာအောင် အတူနေလာပြီး အရှင်မင်းကြီးက မိန်းမဆိုတာ မသိခဲ့ရဘူး။ အရှင်မင်းကြီးက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး မိန်းကလေး ဖြစ်သွားရတာလဲ။
"သာ့ဖုန်း... သခင်လေးပေးလိုက်တဲ့ ပိုက်ဆံတွေ ရှိသေးတယ်မလား" နဉ်ရှောင်ယောင်း ရုတ်တရက် မေးလိုက်သည်။
"ရှိတယ်... ရှိတယ်" ယင်းဖုန်း အလျင်အမြန် ဖြေလိုက်သည်။
"တော်သေးတာပေါ့" နဉ်ရှောင်ယောင်း ရင်ဘတ်ကိုဖိပြီး စိတ်အေးသွားသည်။
ယင်းဖုန်း နဉ်ရှောင်ယောင်းကို ကြည့်ပြီး ရယ်မောလိုက်သည်။ ယောကျာ်းပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်... သူ သစ္စာရှိတဲ့လူက ပြောင်းလဲမသွားရင် ပြီးတာပါပဲ။
သူတို့အဖွဲ့ မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွားကြသည်။ ညအမှောင်ထဲတွင် ပျောက်ကွယ်သွားလေသည်။
.....
ဖေ့ယင် မြို့ထဲပြန်ဝင်ရတာ တိုက်ခိုက်ရဦးမယ် ထင်ထားပေမယ့် မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေ တိုက်ခိုက်နေကြလို့ လမ်းမှာ ဘယ်သူနဲ့မှ မတွေ့ဘဲ မြို့တော်အောက် ရောက်လာခဲ့သည်။
"ငါ ဖေ့ယင်ပါ" ဖေ့ယင် မြို့ရိုးပေါ် လှမ်းအော်လိုက်သည်။ "မြို့တံခါး ဖွင့်ပေးပါ"
မြို့ရိုးပေါ် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆူညံသံများ ထွက်ပေါ်လာလေသည်။
***