← Chapters

အရှင်မင်းကြီးက ဧကရာဇ်မလုပ်ချင်တော့ဘူးတဲ့

Vol. 23 Ch. 354

အရှင်မင်းကြီးက ဧကရာဇ်မလုပ်ချင်တော့ဘူးတဲ့

Vol. 23 Ch. 354

"တပ်ခေါက်" ရှန့်နုံသည် ဘယ်သူမှားတယ် မှန်တယ်ဆိုတာကို မဆုံးဖြတ်ဘဲ တပ်ခေါက်ရန်သာ အမိန့်ပေးလိုက်သည်။

"ဒီအလောင်းတွေကို ဘယ်လိုလုပ်မလဲ" လျူရှီထယ် မေးလိုက်သည်။

"စခန်းထဲ သယ်သွားလိုက်" ရှန့်နုံက နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောလိုက်သည်။ "မိန်းကလေးဖေ့လည်း ငါတို့နဲ့ လိုက်ခဲ့ပါ"

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ ဒီလိုနဲ့ သူတို့အဖွဲ့ ရန်သူ့စခန်းထဲ ရောက်ရှိသွားကြလေပြီ။

သူပုန်တပ်ထဲသို့ နေ့စဉ်ရက်ဆက် လူသစ်များ လာရောက်ပူးပေါင်းနေကြရာ ရှန့်နုံကိုယ်တိုင် သွားခေါ်လာသည့် နဉ်ရှောင်ယောင်းတို့အဖွဲ့မှာ အရေးမပါလှပေ။ အထူးသဖြင့် အသိဉာဏ်မရှိတဲ့ ဧကရာဇ်သေဆုံးသွားပြီး တံဆိပ်တုံး ရရှိလိုက်သည့်သတင်းနှင့် ယှဉ်လိုက်လျှင် ဘာမှမပြောပလောက်ပေ။ စစ်ထောက်ချုပ်က နဉ်ရှောင်ယောင်းတို့ကို တဲနှစ်လုံးပေးထားပြီး စစ်သူကြီးလျူက သဘောကျနေပါတယ်ဟု ပြောကာ လျူရှီထယ်လက်အောက်သို့ ထည့်သွင်းပေးလိုက်သည်။

ဒါပေမဲ့ လူတိုင်းက နဉ်ရှောင်ယောင်းတို့ကို ဂရုမစိုက်တာတော့ မဟုတ်ဘူး။ စစ်ထောက်ချုပ်က နဉ်ရှောင်ယောင်းတို့ကို တဲထဲထည့်ပေးပြီးနောက် နဉ်ရှောင်ယောင်းကို စကားနည်းနည်းပြောကာ အပြင်ထွက်သွားပြီး နျူနန်နင်ဆီ တန်းသွားကာ အကြောင်းစုံ သတင်းပို့လေသည်။

"အဲ့ဒီကောင်လေးက သူ့သားလား" နျူနန်နင် မုတ်ဆိတ်မွေးသပ်ရင်း မေးလိုက်သည်။

"ကောင်လေးက ဖေ့မုဆိုးမကို အမေလို့ ခေါ်တာပဲ" စစ်ထောက်ချုပ်က ပြန်ဖြေသည်။ "လိမ်ပြောနေပုံတော့ မရပါဘူး"

နျူနန်နင် လက်ကာပြပြီး စစ်ထောက်ချုပ်ကို ထွက်သွားခိုင်းလိုက်သည်။ ကလေးအငယ်လေးတစ်ယောက်ကိုခေါ်ပြီး လာတာဆိုတော့ ဒီမုဆိုးမက အမှန်အတိုင်း ပြောတာဖြစ်လောက်တယ်။ အန်းယွမ်မှာ နေလို့မရတော့လို့ ဒီကို ထွက်ပြေးလာကြတာပဲ နေမှာပါ။

"စစ်ဗျူဟာမှူး... အရှင်မင်းကြီး ခေါ်နေပါတယ်" စစ်သည်တစ်ဦး အဝေးမှ အော်ခေါ်လိုက်သည်။

နဉ်ရှောင်ယောင်းကိစ္စကို ခေါင်းထဲက ထုတ်လိုက်ပြီး နျူနန်နင် စစ်တဲမကြီးဆီ ထွက်ခွာသွားသည်။

"သူပုန်တွေက တကယ်ပဲ မြောက်ပိုင်းသားတွေနဲ့ တိုက်ခိုက်ကြမှာလား" တဲထဲရောက်တော့ ယင်းယွီ စိုးရိမ်တကြီး မေးလိုက်သည်။

နဉ်ရှောင်ယောင်း ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ပြောလိုက်သည်။ "မင်းတို့ အနားယူကြဦး။ ငါ သူတို့အစည်းအဝေးကို သွားနားထောင်လိုက်ဦးမယ်"

"သူပုန်စစ်တဲမကြီးထဲ ဝင်မလို့လား" ယင်းဖုန်း နဉ်ရှောင်ယောင်းကို တားလိုက်သည်။ "အဲ့ဒီနေရာက အလွယ်တကူ ဝင်လို့ရတဲ့နေရာ မဟုတ်ဘူးနော်"

"မဟုတ်ပါဘူး။ အနားတဝိုက်မှာ လမ်းလျှောက်နေရုံပါပဲ။ ငါ့နားက ကောင်းတယ်လေ" နဉ်ရှောင်ယောင်း နားရွက်ကို လက်ညှိုးထိုးပြလိုက်သည်။ "ငါ ကြားနိုင်ပါတယ်"

ယင်းဖုန်းတို့: "..." ဘယ်လိုနားမျိုးလဲ။

နဉ်ရှောင်ယောင်း ယင်းဖုန်းလက်မောင်းအောက်မှ လျှိုဝင်ပြီး တဲအပြင်ဘက်သို့ ပြေးထွက်သွားသည်။

အပြင်တွင် မိုးရွာနေဆဲ။ နဉ်ရှောင်ယောင်း အင်္ကျီလည်ပင်းကို ဆွဲစေ့လိုက်ပြီး အမှောင်ရိပ်ခိုကာ ရှန့်နုံ၏ စစ်တဲမကြီးကို ရှာဖွေလိုက်သည်။

အဝေးကနေ လှမ်းကြည့်လိုက်တော့ စစ်တဲမကြီးကို အစောင့်တွေ ၃ ထပ်လောက် ဝိုင်းရံထားတာ တွေ့လိုက်ရတယ်။ နဉ်ရှောင်ယောင်းက တဲနှစ်လုံးကြားက နေရာလွတ်လေးထဲ ဝင်ပုန်းပြီး နားစွင့်နေလိုက်တယ်။

....

စစ်တဲမကြီးထဲမှာတော့ စကားနိုင်လုပွဲ စတင်နေပြီ။ စာပေပညာရှင်တွေ များလာတာနဲ့အမျှ နျူနန်နင် ဦးဆောင်တဲ့ စာပေပညာရှင်အဖွဲ့နဲ့ လျူရှီထယ် ဦးဆောင်တဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့ကြား အားပြိုင်မှုတွေ ရှိလာတယ်။ ရန်သူတော်တွေ မဟုတ်ကြပေမယ့် တစ်ဖက်နဲ့တစ်ဖက် ကြည့်မရကြတာတော့ သေချာတယ်။

စာပေပညာရှင်တွေက မြို့တော်ကို အရင်သိမ်းပိုက်ချင်ကြတယ်။ စစ်ဘက်ဆိုင်ရာအရာရှိတွေကတော့ မြောက်ပိုင်းသားတွေကို အရင်တိုက်ခိုက်ချင်ကြတယ်။

"ဧကရာဇ်တောင် သေသွားပြီပဲ။ မြို့တော်ကို သိမ်းရတာ ဘာခက်ခဲမှာလဲ" စစ်သူကြီးတစ်ဦး အော်ပြောလိုက်သည်။ "စာမတတ်ပေမယ့် ခေါင်းဆောင်မရှိရင် အဖွဲ့ပျက်ပြီဆိုတာတော့ နားလည်ပါတယ်"

နျူနန်နင် ခေါင်းခါလိုက်သည်။ "ဒါပေမဲ့ မြို့တော်ထဲမှာ စစ်တပ်တွေ ရှိနေသေးတယ်။ ဧကရာဇ်သေသွားပေမယ့် မင်းမျိုးမင်းနွယ်တွေ ရှိနေသေးတယ်။ အခုအချိန်က မြို့တော်ကို သိမ်းပိုက်ဖို့ အကောင်းဆုံးအချိန်ပဲ"

ဧကရာဇ်သေသွားတဲ့ မြို့တော်ကို သိမ်းရလွယ်မလွယ် ငြင်းခုံနေကြပြန်သည်။

ရှန့်နုံ တိတ်ဆိတ်နေသော လျူရှီထယ်ကိုကြည့်ပြီး မေးလိုက်သည်။ "လျူရှီထယ်... မင်း ဘာမှမပြောတော့ဘူးလား"

လျူရှီထယ် နျူနန်နင်ကို ကြည့်ပြီး ပြောလိုက်သည်။ "စစ်ဗျူဟာမှူးပြောသလို မြို့တော်ကို သိမ်းရခက်တယ်ဆိုရင် ကျွန်တော် မေးချင်တာက မြို့တော်ကို သိမ်းပြီးသွားရင် မြောက်ပိုင်းသားတွေကို တိုက်ထုတ်ဖို့ အားအင်ကျန်ပါဦးမလား"

နျူနန်နင် ချက်ချင်း ပြန်ဖြေသည်။ "မြောက်ပိုင်းသားတွေလည်း မြို့တော်ကို တိုက်မှာပဲလေ"

"ဒါဆို မြောက်ပိုင်းသားတွေလည်း မြို့ထဲဝင်လာမယ်ဆိုရင် နောက်ဆုံးကျ ဒီမြို့က ဘယ်သူ့ပိုင်ဖြစ်သွားမလဲ" လျူရှီထယ် မေးလိုက်သည်။ "မြို့ထဲမှာ မြောက်ပိုင်းသားတွေနဲ့ ထပ်တိုက်ရဦးမှာလား"

"စစ်သူကြီး" နျူနန်နင် ပြောလိုက်သည်။ "ဒီကိစ္စကို မြို့တော်သိမ်းပြီးမှ ဆွေးနွေးကြတာပေါ့"

"အသက်နဲ့ရင်းပြီး တိုက်ရမှာ စစ်ဗျူဟာမှူးမှ မဟုတ်တာ။ စစ်ဗျူဟာမှူးကတော့ ဘယ်ပူမလဲ" လျူရှီထယ် နျူနန်နင်ကို လှောင်ပြောင်လိုက်ပြီး ရှန့်နုံဘက် လှည့်ကာ ပြောလိုက်သည်။ "အရှင်မင်းကြီး... မြို့တော်က ထွက်ပြေးလို့မရပါဘူး။ ဒီမှာပဲ ရှိနေမှာပါ။ ကျွန်တော်ကတော့ မြောက်ပိုင်းသားတွေကို အရင်တိုက်ချင်ပါတယ်"

"အရှင်မင်းကြီး" နျူနန်နင် ရှန့်နုံကို ခေါ်လိုက်သည်။

"ပြီးတော့ မြောက်ပိုင်းသားတွေက တိုင်းပြည်တံဆိပ်တုံး အရှင်မင်းကြီးလက်ထဲ ရောက်နေမှန်း သိသွားကြပြီ" လျူရှီထယ် ပြောလိုက်သည်။ "မိုဒူး ဘာလို့ တပ်ခေါက်သွားတာလဲ။ ကျွန်တော်တို့က မြို့တော်ကို အရင်တိုက်မယ်လို့ တွေးနေတုန်း မြောက်ပိုင်းသားတွေက ကျွန်တော်တို့ကို အရင်တိုက်ပြီး တိုင်းပြည်ကို တစ်ယောက်တည်း အုပ်စိုးမယ်ဆိုရင် ဘယ်လိုလုပ်မလဲ"

"မြောက်ပိုင်းသားတွေ သဘောထားကို ကျွန်တော် သွားမေးပေးပါ့မယ်" နျူနန်နင် ပြောလိုက်သည်။

လျူရှီထယ် နှာခေါင်းရှုံ့လိုက်ပြီး ဘာမှဆက်မပြောတော့ပေ။

အားလုံး ရှန့်နုံကို ကြည့်နေကြသည်။

ရှန့်နုံ ခဏစဉ်းစားပြီးမှ ရယ်မောကာ ပြောလိုက်သည်။ "ကြည့်ရတာ ဒီတံဆိပ်တုံးက ပူလောင်နေပုံရတယ်"

စစ်သူကြီးများက "အရှင်မင်းကြီးက ကံကောင်းခြင်းပိုင်ရှင်ပဲလေ။ တံဆိပ်တုံးက ဘယ်လိုလုပ် ပူလောင်မှာလဲ" ဟု ဝင်ပြောကြသည်။

နျူနန်နင် ရှန့်နုံ၏ဆုံးဖြတ်ချက်ကို ရိပ်မိလိုက်သဖြင့် မျက်နှာပျက်သွားသည်။

"ဒီလောက်လှပတဲ့ တိုင်းပြည်ကြီးကို မြောက်ပိုင်းသားတွေလက်ထဲ ထည့်မပေးနိုင်ပါဘူး" ရှန့်နုံ ပြောလိုက်သည်။ "မြောက်ပိုင်းသားတွေကို အရင်တိုက်ကြမယ်"

နဉ်ရှောင်ယောင်း နှာခေါင်းပွတ်လိုက်ပြီး ကိုယ့်တဲကိုယ် ပြန်သွားလိုက်သည်။ ကိစ္စပြီးသွားပြီဆိုတော့ နောက်ဆက်တွဲ ဘာလုပ်မလဲ စဉ်းစားရတော့မယ်။

....

တဲထဲရောက်တော့ ဖေ့ယင် မီးလှုံနေသည်ကို တွေ့လိုက်ရသည်။ နဉ်ရှောင်ယောင်းကို မြင်တော့ မေးလိုက်သည်။ "သူပုန်တွေ ဘယ်လိုလုပ်မလဲ"

"မြောက်ပိုင်းသားတွေနဲ့ တိုက်ကြမယ်တဲ့" နဉ်ရှောင်ယောင်း ဖေ့ယင်ဘေးနား ဝင်ထိုင်လိုက်သည်။

"အဝတ်အစား မလဲတော့ဘူးလား" ဖေ့ယင် မေးလိုက်သည်။

"မလိုပါဘူး။ ငါ့မှာ အတွင်းအား ရှိတယ်" နဉ်ရှောင်ယောင်း ဂရုမစိုက်သလို ပြောလိုက်သည်။ "ခဏလေးနဲ့ ခြောက်သွားမှာပါ"

ရေစိုနေသော နဉ်ရှောင်ယောင်းကို ကြည့်ပြီး အားလုံး သက်ပြင်းချလိုက်ကြသည်။

"အရှင်မင်းကြီး သေပြီဆိုတဲ့သတင်းကို သူပုန်တွေ ဖြန့်နေကြပြီ" ဖေ့ယင် ပြောလိုက်သည်။ "နဂါးဝတ်ရုံကို တပ်စခန်းအလံတိုင်မှာ ချိတ်ထားတယ်။ ပြီးတော့ ယင်းဖုန်းတို့ အလောင်းတွေရယ်၊ အရှင်မင်းကြီးရဲ့ အသားစတွေရယ်..."

နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ "စကားကောင်းကောင်း ပြောလို့မရဘူးလား။ အသားစတွေဖြစ်သွားပြီဆိုတော့ ငါက မင်းနဲ့ စကားပြောလို့ရပါဦးမလား" ယင်းဖုန်းတို့ကို လက်ညှိုးထိုးပြပြီး "ဒါတွေက အလောင်းတွေလား" ဟု မေးလိုက်သည်။

ဖေ့ယင် မီးပုံထဲ ထင်းစထည့်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော်မျိုးက ပြောပြတာပါ။ အကြံပေးတာက အရှင်မင်းကြီးလေ။ ကိုယ့်ဘာသာတောင် မနှစ်မြို့မှတော့ ကျွန်တော်မျိုးက ဘာပြောရဦးမှာလဲ"

နဉ်ရှောင်ယောင်း: "..." ဒီလူနဲ့ စကားပြောရင် ဘယ်တော့မှ မနိုင်ဘူး။

"ဒုသခင်လေးဖေ့... မြို့ထဲပြန်မဝင်တော့ဘူးလား" ယင်းဖုန်း မေးလိုက်သည်။

"ဟုတ်တယ်" နဉ်ရှောင်ယောင်း ဝင်ပြောသည်။ "မင်းက အရမ်းချောတာ။ ဒီမှာနေရင် ငါတို့ပါ ပေါ်သွားလိမ့်မယ်"

"ကျွန်တော်မျိုး စိတ်မချလို့ပါ" ဖေ့ယင် နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။

နဉ်ရှောင်ယောင်း ချောင်းဟန့်လိုက်ပြီး "မရီးနင်ယန်ကိုပဲ စိတ်ပူပေးပါ" ဟု ပြောလိုက်သည်။

"သူ မြို့ထဲမှာ အေးဆေးနေရင် ဘာမှမဖြစ်ပါဘူး" ဖေ့ယင် တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းကြီး သေပြီဆိုတဲ့သတင်း မြို့ထဲရောက်သွားရင် ဘာဖြစ်မလဲဆိုတာပဲ စဉ်းစားကြည့်ပါ"

နဉ်ရှောင်ယောင်း မေးစေ့ကိုလက်ထောက်ပြီး စဉ်းစားလိုက်သည်။ အကြီးအကဲလီတို့ ဝမ်းနည်းကြလိမ့်မယ်။ ပြီးတော့... သူမ မရှိတော့တာနဲ့ အကြီးအကဲလီတို့ အသက်မရှင်ချင်ကြတော့ဘူးလား။ "ငါ သေပြီလို့ပဲ မှတ်ထားလိုက်ပါတော့" နဉ်ရှောင်ယောင်း လက်ခါပြလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းမှ မိုးရေစက်ကို လျှာဖြင့်သပ်ကာ ပြောလိုက်သည်။ "ငါလည်း ပြန်ဖို့ အစီအစဉ် မရှိတော့ပါဘူး"

ယင်းဖုန်းတို့ ထိုင်နေရာမှ ထရပ်လိုက်ကြသည်။

ဖေ့ယင်ကတော့ ထူးထူးခြားခြား မတုံ့ပြန်ပေ။ နဉ်ရှောင်ယောင်းကို စိုက်ကြည့်ပြီး မေးလိုက်သည်။ "တကယ် ပြောနေတာလား"

"အင်း" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ "ဧကရာဇ်ဖြစ်ကတည်းက တစ်ရက်မှ စိတ်ချမ်းသာမနေရဘူး။ ငါ အရူးမှ မဟုတ်တာ။ ဘာလို့ဆက်ပြီး ဒုက္ခခံနေရမှာလဲ"

"ဒါဆို ဘယ်သူ ဧကရာဇ်လုပ်မှာလဲ" ဖေ့ယင် မေးလိုက်သည်။

"လုပ်ချင်တဲ့လူ လုပ်ပေါ့" နဉ်ရှောင်ယောင်း ခဏရပ်ပြီး ဆက်ပြောသည်။ "အရည်အချင်းရှိတဲ့လူ လုပ်ပါစေ။ ငါတော့ မလုပ်တော့ဘူး"

"အရှင်မင်းကြီး" ယင်းဖုန်း နဉ်ရှောင်ယောင်းရှေ့ ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။ "တိုင်းပြည်ကို လက်လွှတ်လိုက်တော့မလို့လား"

"မလွှတ်လို့မှ မရတော့တာ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "မြောက်ပိုင်းသားတွေကို တိုက်ဖို့အတွက်တောင် သူပုန်တွေကို အကူအညီတောင်းနေရတာ။ ငါက ဘာဧကရာဇ်လဲ။ သာ့ဖုန်း... မင်းတို့လည်း စိတ်မပူကြပါနဲ့။ ငါ ဧကရာဇ်မလုပ်တော့ပေမယ့် မင်းတို့က သိုင်းပညာတော်ကြတာပဲ။ နောင်ကျရင်..."

"အရှင်မင်းကြီး" ယင်းဖုန်း အော်ဟစ်လိုက်သည်။

"ကောင်းပြီ... ငါ မပြောတော့ဘူး" နဉ်ရှောင်ယောင်း ပါးစပ်ပိတ်လိုက်သည်။ "မြောက်ပိုင်းသားတွေကိစ္စ အရင်ရှင်းကြမယ်။ နောင်ရေးကို နောင်မှ ရှင်းကြတာပေါ့"

ယင်းဖုန်း တိုးတိုးလေး ဆဲလိုက်သည်။ "အဲ့ဒီလူတွေအကုန် သေသင့်တယ်"

ဖေ့ယင် ရယ်မောလိုက်ပြီး ပြောသည်။ "အရှင်မင်းကြီးကို လာမကူညီဘဲ ကိုယ့်အတ္တကိုယ် ကြည့်နေတဲ့ နယ်စားမင်းတွေကို ပြောတာလား"

"စိတ်မဆိုးပါနဲ့" နဉ်ရှောင်ယောင်း ယင်းဖုန်းပခုံးကို ပုတ်လိုက်သည်။ "တစ်ခုခု စားမလား။ ငါ့ဆီမှာ သကြားလုံးရှိတယ်"

ဖေ့ယင် ယင်းဖုန်းကို သနားကရုဏာသက်စွာ ကြည့်လိုက်သည်။ တိုင်းပြည်ထက် အစားအသောက်ကို ပိုမက်မောတဲ့ ဧကရာဇ်နဲ့တွေ့ရင် ဘာတတ်နိုင်မှာလဲ။

.....

မြို့တော်ထဲတွင် အကြီးအကဲလီ လမ်းမပေါ်တွင် ထိုင်ကျနေသည်။ ငိုသံများ ကြားနေရပြီး "ဘုရားသခင် ရက်စက်လိုက်တာ" ဟု ရေရွတ်ကာ မေ့လဲသွားလေသည်။

အိပ်ပျော်နေပြီး လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ အရှင်မင်းကြီး မြို့ပြင်ထွက်သွားမှန်း သိလိုက်ရတဲ့ ဖူဝမ်သည် မြို့ရိုးပေါ်သို့ ဒယိမ်းဒယိုင် ပြေးတက်လာသည်။ သူပုန်စခန်း အလံတိုင်တွင် သွေးစွန်းနေသော နဂါးဝတ်ရုံ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။ ရွှေရောင်နဂါးပုံ၊ ငွေရောင်မိုးတိမ်ပုံများနှင့် နဂါးဝတ်ရုံသည် သွေးစွန်းနေသော်လည်း မီးရောင်အောက်တွင် တောက်ပနေဆဲ။

ဖူဝမ် နဂါးဝတ်ရုံကို စိုက်ကြည့်နေပြီး မူးမေ့လဲကျသွားသည်။ ပါးစပ်ဟထားသော်လည်း အသံမထွက်နိုင်ပေ။

ဒီလောက် ထက်မြက်ပြီး လူမုန်းများတဲ့ကောင်လေးက ဒီလိုပဲ သေသွားပြီလား။

ဖူဝမ် စစ်သည်တစ်ယောက်ကို တွန်းဖယ်လိုက်ပြီး မြို့ရိုးအောက်ကို ငုံ့ကြည့်လိုက်သည်။ အလံတိုင်အောက်က ခြင်းတောင်းထဲမှာ ဘာရှိလဲဆိုတာ သေချာမမြင်ရပေ။

"သူပုန်တွေက ပြောတယ်... အဲ့ဒါ အရှင်မင်းကြီးရဲ့ အလောင်းတဲ့" စစ်သည်လေးတစ်ဦး ငိုပြီး ပြောပြသည်။

နဉ်ယွီက အလောင်းတောင် အကောင်းပကတိ မကျန်တော့ဘူးလား။

ဖူဝမ် အချိန်အတော်ကြာ ကြောင်နေပြီးမှ နောက်ပြန်လဲကျသွားကာ သတိမေ့သွားသည်။

"ဝမ်ရယ်..." မြို့ရိုးပေါ်မှ စစ်သည်များ လန့်ဖျပ်သွားကြသည်။

မင်းသားအချို့ မြို့ရိုးအောက်သို့ ရောက်လာကြသော်လည်း မြို့စောင့်စစ်သူကြီးက တက်ခွင့်မပေးပေ။

ဖူဝမ် သတိပြန်ရလာသောအခါ မြို့ရိုးအောက်မှ ရန်ဖြစ်သံများကို ကြားလိုက်ရသည်။

"မင်းက ဘာကောင်မို့လို့လဲ" မင်းသား ၃ က စစ်သူကြီး၏ နှာခေါင်းကို လက်ညှိုးထိုးပြီး အော်ဟစ်နေသည်။

"မင်းကရော ဘာကောင်မို့လို့လဲ" ဖူဝမ်ကို စစ်သည်နှစ်ဦး တွဲပြီး မြို့ရိုးပေါ်မှ ဆင်းလာသည်။ မင်းသား ၃ ကို ကြည့်ပြီး ပြောလိုက်သည်။ "မင်းက ဘာရာထူး ရထားလို့လဲ။ ဒါက မင်းရဲ့ စစ်တပ်လား။ မင်းရဲ့ စစ်သူကြီးလား"

မင်းသား ၃ ပြန်ပြောလိုက်သည်။ "အရှင်မင်းကြီး နတ်ရွာစံပြီလို့ ကြားတယ်..."

"ထွီ" ဖူဝမ် မင်းသား ၃ မျက်နှာကို တံတွေးထွေးလိုက်သည်။ "အရှင်မင်းကြီး နတ်ရွာစံသွားရင်တောင် ထီးနန်းက မင်းအလှည့် မရောက်သေးဘူးကွ။ ထွက်သွားစမ်း"

***

All Chapters