← Chapters

မဟာမိတ်ကနေ ရန်သူဖြစ်သွားခြင်း

Vol. 23 Ch. 357

မဟာမိတ်ကနေ ရန်သူဖြစ်သွားခြင်း

Vol. 23 Ch. 357

ရှန့်ထျန်းကောက နဉ်ရှောင်ယောင်းကို ဆွဲခေါ်သွားသည်။ ရှန့်ဝမ်ဝမ်က တားချင်သော်လည်း ရှန့်နုံက သူမလက်မောင်းကို ဆွဲထားလိုက်သည်။

ရှန့်ဝမ်ဝမ်သည် နဉ်ရှောင်ယောင်းကို အမုန်းမျက်လုံးများဖြင့် ကြည့်လိုက်သည်။ အဆင့်မရှိတဲ့ မိန်းမ... အစ်ကိုကြီးနဲ့ ဘယ်တန်မလဲ။

"နင် ငါ့အစ်ကိုနဲ့ မတန်ဘူး" ဖခင်ဖြစ်သူ ချုပ်ထားသဖြင့် မလှုပ်ရှားနိုင်သော ရှန့်ဝမ်ဝမ်သည် နဉ်ရှောင်ယောင်းကို အော်ဟစ်လိုက်သည်။

ရှန့်ထျန်းကောက နဉ်ရှောင်ယောင်းကို စစ်တဲမကြီးအပြင်ဘက်သို့ ဆွဲခေါ်လာခဲ့သည်။

စစ်တဲမကြီးအပြင်ဘက်တွင် လူအများအပြား ရှိနေသော်လည်း သူတို့နှစ်ယောက်ကို မမြင်ချင်ယောင် ဆောင်နေကြသည်။

"သူ ဘာဆိုလိုတာလဲ" နဉ်ရှောင်ယောင်းသည် ရှန့်ထျန်းကော၏လက်ကို ရုန်းထွက်လိုက်ပြီး အော်ဟစ်လိုက်သည်။ "ငါက မတန်ဘူး ဟုတ်လား။ ညီမဖြစ်တဲ့သူက အစ်ကိုရဲ့ အိမ်ထောင်ရေးကိစ္စကို ဝင်ပါလို့ ရလား။ သူက တန်လို့လား။ တန်ရင် သူပဲ ယူလိုက်ပါလား"

နဉ်ရှောင်ယောင်းက မျက်စပစ်ပြနေတာကို မမြင်ရင် ရှန့်ထျန်းကောက သူမ တကယ်ဒေါသထွက်နေတယ်လို့ ထင်သွားမှာပဲ။

"သွားစို့" ရှန့်ထျန်းကော နဉ်ရှောင်ယောင်းလက်ကို ပြန်ဆွဲပြီး ရှေ့ဆက်လျှောက်သွားသည်။

"ရှန့်ချင်းရှန်" နဉ်ရှောင်ယောင်း အော်ဟစ်လိုက်သည်။ "ဒီကိစ္စ မပြီးသေးဘူးနော်"

ဘေးကလူတွေကတော့ သခင်လေး သနားစရာပဲလို့ တွေးနေကြသည်။

....

စစ်တဲမကြီးထဲတွင် ရှန့်နုံသည် ရှန့်ဝမ်ဝမ်၏လက်ကို လွှတ်ပေးလိုက်သည်။

လွတ်သွားသည်နှင့် ရှန့်ဝမ်ဝမ် အပြင်ပြေးထွက်ရန် ပြင်လိုက်သည်။

"ရပ်လိုက်" ရှန့်နုံ အမိန့်ပေးလိုက်သည်။

ရှန့်ဝမ်ဝမ် ရပ်တန့်လိုက်သည်။ ထွက်မပြေးရဲတော့သော်လည်း ဖခင်ဖြစ်သူကိုတော့ မျက်စောင်းထိုးရဲသည်။

"မင်းတို့က မောင်နှမတွေ" ရှန့်နုံ ပြောလိုက်သည်။ "ငါ ဘယ်နှစ်ခါ ထပ်ပြောရဦးမလဲ"

"ချင်းရွှမ်းတောင် ချင်းမိသားစုက သမီးနဲ့ လက်ထပ်လို့ရတာပဲ" ရှန့်ဝမ်ဝမ် မကျေမနပ် ပြောလိုက်သည်။ "သမီးတို့က ဘာလို့ မရရမှာလဲ"

"မင်းအစ်ကိုက မင်းကို မကြိုက်ဘူး" ရှန့်နုံ ပြောလိုက်သည်။ "ဒီထက်ပိုပြီး ရိုင်းစိုင်းတဲ့စကားတွေ ပြောရမလား"

ရှန့်ဝမ်ဝမ် ခြေဆောင့်လိုက်ပြီး "သူ မလုပ်ရဲပါဘူး" ဟု အော်လိုက်သည်။

"ဇနီးသည်ကို စွန့်ပစ်တာ ယောကျာ်းကောင်း မဟုတ်ဘူး" ရှန့်နုံ သမီးဖြစ်သူကို ကြည့်ပြီး ပြောလိုက်သည်။ "မင်းအစ်ကိုကို သားမယားစွန့်ပစ်တဲ့ ယောကျာ်းဆိုးတစ်ယောက် ဖြစ်စေချင်နေတာလား"

ရှန့်ဝမ်ဝမ် ဘာမှပြန်မပြောနိုင်တော့ပေ။

"ထွက်သွား" ရှန့်နုံ မောင်းထုတ်လိုက်သည်။

ရှန့်ဝမ်ဝမ် မျက်လုံးကိုပွတ်သပ်ပြီး ပြေးထွက်သွားလေသည်။

ရှန့်နုံ သက်ပြင်းချလိုက်သည်။ ဒီကလေးနှစ်ယောက်သာ ချစ်ကြိုက်ကြရင် သူ သဘောတူပေးမှာပါ။ ဒါပေမဲ့ ရှန့်ထျန်းကောက ဝမ်ဝမ်ကို စိတ်မဝင်စားဘူး။ စစ်ဗျူဟာမှူးနျူကလည်း နိုင်ငံရေးအကျိုးအမြတ်အတွက် လက်ထပ်ထိမ်းမြားဖို့ အကြိမ်ကြိမ် ပြောဖူးတယ်။ သူ့ရဲ့ တစ်ဦးတည်းသောသမီးကို ဘယ်လိုလုပ် လွယ်လွယ်ကူကူ ပေးစားနိုင်မှာလဲ။

.....

"ဟုတ်သားပဲ... သတိရပြီ" လမ်းတစ်ဝက်ရောက်မှ နဉ်ရှောင်ယောင်း သတိရသွားသည်။ "ရှောင်ချိုးကို နင့်အဖေဆီ ခေါ်သွားဖို့ မေ့နေတာ"

ရှန့်ထျန်းကော ခြေလှမ်းရပ်တန့်သွားသည်။

"ဝမ်ဝမ်ကို မကြိုက်ဘူးလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။

"သူက ညီမလေးပါ" ရှန့်ထျန်းကော နဉ်ရှောင်ယောင်းကို အလေးအနက်ထားပြီး ပြောလိုက်သည်။

"အို..." နဉ်ရှောင်ယောင်း ခေါင်းညိတ်ပြီး မျက်ခုံးပင့်လိုက်သည်။

"ငါ့စကားကို မယုံဘူးလို့ ခံစားနေရတယ်" ရှန့်ထျန်းကော မေးလိုက်သည်။

"ကြိုက်သလို သဘောထားပါ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ညီမလေးပဲဖြစ်ဖြစ်၊ ဇနီးသည်ပဲဖြစ်ဖြစ် ငါနဲ့ ဘာမှမဆိုင်ပါဘူး"

ဒီစကားကြားတော့ ရှန့်ထျန်းကော မျက်နှာပျက်သွားသည်။

"ဒါပေမဲ့ ရှန့်နုံမှာ သားအရင်းမရှိဘူးလေ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "နောက်ကျ သူ ဧကရာဇ်ဖြစ်လာရင် သခင်လေးက အိမ်ရှေ့စံဖြစ်လာမှာ မဟုတ်ဘူးလား"

ရှန့်ထျန်းကော အေးစက်စွာ ပြုံးလိုက်သည်။

"ထားလိုက်ပါတော့" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "နင် အိမ်ရှေ့စံ မဖြစ်လည်း ငါနဲ့ မဆိုင်ပါဘူး"

"ဖေ့ယင် အိမ်ထောင်ကျသွားပြီလား" ရှန့်ထျန်းကော ရုတ်တရက် မေးလိုက်သည်။

"ဟင်... အင်း... ဟုတ်တယ်" နဉ်ရှောင်ယောင်း ဒေါသထွက်ဟန်ဆောင်လိုက်သည်။ "အိမ်ထောင်ကျသွားပြီ"

"ဒါဆို မင်း နောက်ဆက်ပြီး ဘာလုပ်ဖို့စိတ်ကူးရှိလဲ" ရှန့်ထျန်းကော မေးလိုက်သည်။

"အဲ... လျှောက်လည်မလို့" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "သခင်လေး... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်"

"ဘာလို့လဲ"

"ရှေးကတည်းက အိမ်ရှေ့စံတွေက ကံဆိုးတတ်ကြတယ်လေ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အိမ်ရှေ့စံယန်ဟွေကို သိတယ်မလား။ သေပုံသေနည်းက အရမ်းဆိုးတယ်။ တစ်မိသားစုလုံး သေကုန်ကြတာ"

"ငါ အသတ်ခံရလိမ့်မယ်လို့ ထင်နေတာလား" ရှန့်ထျန်းကော မေးလိုက်သည်။

"ဘယ်သူသိမှာလဲ။ ဘာပဲဖြစ်ဖြစ် ဂရုစိုက်ပါ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ကြည့်လေ... အဲ့ဒီနေ့ညက နင် ဧကရာဇ်ကို သွားဖမ်းတုန်းက တာ့နျန် ပါလာတယ်မလား။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း ပါလာတယ်။ ရှန့်နုံရဲ့ ကိုယ်ရံတော်ဖြစ်ပြီး ဘာလို့ နင် အပြင်ထွက်တိုင်း လိုက်နေရတာလဲ။ နင့်မှာ ကိုယ်ရံတော်မရှိလို့လား"

ရှန့်ထျန်းကော တိတ်ဆိတ်စွာ လျှောက်လှမ်းနေပြီးမှ ပြောလိုက်သည်။ "ငါ့လိပ်ပြာငါလုံတယ်။ ဘာမှ ကြောက်စရာမလိုဘူး"

"ရိုးလိုက်တာ" နဉ်ရှောင်ယောင်း လက်ညှိုးခါလိုက်သည်။ "အိမ်ရှေ့စံယန်ဟွေက လိပ်ပြာမလုံတဲ့လူမို့လို့လား။ အဲ့ဒီအတွေးကို ဖျောက်ပစ်လိုက်။"

"ရှန့်နုံက ငါ့အသက်သခင် ကျေးဇူးရှင်ပါ" ရှန့်ထျန်းကော လေးလေးနက်နက် ပြောလိုက်သည်။

"ငါလည်း နင့်ကို ကယ်ဖူးတယ်လေ" နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။ "အဲ့ဒါက ကျေးဇူးတင်တာနဲ့ ဘာဆိုင်လို့လဲ။ စစ်ဗျူဟာမှူးနျူနဲ့ နင် မတည့်ဘူးဆို။ ဘုရားရေ... အဲ့ဒီလူယုတ်မာက နင့်အဖေကို ကုန်းချောမှာ မကြောက်ဘူးလား"

ကုန်းချောတယ်? ရှန့်ထျန်းကော နဉ်ရှောင်ယောင်းကို ကြည့်ပြီး ရယ်မောလိုက်သည်။ "စာမတတ်ရင် လျှောက်မပြောနဲ့" ရှန့်ထျန်းကော နဉ်ရှောင်ယောင်း၏ ခေါင်းကို ဖွဖွလေး ပုတ်လိုက်သည်။

"စာတတ်တာ မတတ်တာနဲ့ ဘာဆိုင်လို့လဲ" နဉ်ရှောင်ယောင်း စိတ်တိုလာသည်။

"သိပါပြီ" ရှန့်ထျန်းကော ရယ်မောပြီး ပြောလိုက်သည်။ "ငါ ဂရုစိုက်ပါ့မယ်။ တကယ်လို့ မဖြစ်တော့ဘူးဆိုရင် မင်းနဲ့လိုက်ပြီး လျှောက်လည်မယ်လေ"

နဉ်ရှောင်ယောင်း ကြောင်သွားသည်။ "ငါနဲ့လိုက်မယ်? အိမ်ရှေ့စံ မလုပ်တော့ဘူးလား"

"အဖေက မိန်းမကိစ္စ စိတ်မဝင်စားခဲ့ဘူး" ရှန့်ထျန်းကော တိုးတိုးလေး ပြောလိုက်သည်။ "ဒါပေမဲ့ တိုင်းပြည်ရလာရင် မိန်းမတွေ များလာပြီး သားအရင်း ရလာမှာပါ"

"ကံမပါရင်ရော"

"ကံမပါရင်တော့ မတတ်နိုင်ဘူးလေ" ရှန့်ထျန်းကော ရယ်မောနေဆဲ။ "အဖေ့ရဲ့ အမွေကို ဆက်ခံရမယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပါဘူး"

"ဒီလိုလား" နဉ်ရှောင်ယောင်း ရှန့်ထျန်းကောကို ကြည့်ပြီး အမှန်ပြောနေတာ ဟုတ်မဟုတ် အကဲခတ်နေသည်။

"လိုက်လို့ရမလား" ရှန့်ထျန်းကော မေးလိုက်သည်။

နဉ်ရှောင်ယောင်း ရှေ့ဆက်လျှောက်သွားသည်။

ရှန့်ထျန်းကော နဉ်ရှောင်ယောင်းလက်ကို ဆွဲထားလိုက်သည်။

"မြောက်ပိုင်းသားတွေကို တိုက်ပြီးမှ ပြောကြတာပေါ့" နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။

"နောက် ၂ ရက်နေရင် ငါတို့ မြောက်ပိုင်းသားတွေနဲ့ စစ်တိုက်တော့မယ်" ရှန့်ထျန်းကော နဉ်ရှောင်ယောင်းလက်ကို ဆွဲထားရင်း ပြောလိုက်သည်။

"နင်ရော ပါမှာလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။

"ရှေ့တန်းကွပ်ကဲရေးမှူးအနေနဲ့ ပါမှာ"

"ဒါဆို ငါ လိုက်ခဲ့မယ်။ ငါက ရန်ဖြစ်တာ တော်တယ်"

"လင်မယားအတူတူ တိုက်ပွဲဝင်မယ်ပေါ့" ရှန့်ထျန်းကော နောက်ပြောင်လိုက်သည်။

"အဲ့ဒီကျရင် ငါ စစ်မြေပြင်မှာ သေသွားပြီလို့ လုပ်လိုက်မယ်" နဉ်ရှောင်ယောင်း အကြံထုတ်လိုက်သည်။ "ဒါမှ နောင်ကျရင် လူတွေက နင့်မိန်းမ ဘယ်ရောက်သွားလဲလို့မေးရင် သေသွားပြီလို့ ဖြေလို့ရမှာပေါ့"

ရှန့်ထျန်းကော တိတ်ဆိတ်သွားပြန်သည်။

"အာ့ယာနဲ့ ရှောင်ချိုးကိုတော့ ငါ့ဆီမှာပဲ ထားခဲ့လိုက်တော့" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "နင်က စစ်တိုက်ရမှာဆိုတော့ ကလေးတွေနဲ့ အဆင်မပြေဘူးလေ"

"မင်းက တော်တော်စဉ်းစားတတ်တာပဲ" ရှန့်ထျန်းကော ပြောလိုက်သည်။

"အင်း" နဉ်ရှောင်ယောင်း ဂုဏ်ယူစွာ ပြောလိုက်သည်။ "ငါက အမြဲတမ်း စိတ်ချရတဲ့လူပဲ"

ရှန့်ထျန်းကော မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်သည်။ ငါက မင်းကို ချီးကျူးနေတာ မဟုတ်ဘူး။

.......

ရှန့်ထျန်းကော၏ စစ်တဲထဲတွင် ဖေ့ယင်သည် ကြမ်းပြင်ပေါ်တွင် လဲနေသော တာ့နျန်ကို ကြည့်ပြီး ယင်းဖုန်းကို ပြောလိုက်သည်။ "မင်းတို့ လက်လွန်သွားပြီထင်တယ်"

သတိမေ့နေသော တာ့နျန်၏မျက်နှာသည် ရောင်ကိုင်းနေပြီး ညာဘက်လက်ကလည်း ကျိုးနေပုံရသည်။

ယင်းဖုန်း ဘေးဖယ်ပေးလိုက်ပြီး အနောက်မှ ညီနောင်များကို ပြလိုက်သည်။

ဖေ့ယင် နဂါးအစောင့်တပ်သားများကို ကြည့်လိုက်သည်။ သူတို့လည်း တော်တော်ခံလိုက်ရပုံပဲ။ တစ်ယောက်ဆို ခေါင်းကွဲသွားလို့ ဆေးထည့်ပြီး ပတ်တီးစည်းထားရသည်။

"ဒုသခင်လေးဖေ့... ဒီကောင်က သိုင်းပညာ မဆိုးဘူး" နဂါးအစောင့်တပ်သားတစ်ဦး ပြောလိုက်သည်။

"မဆိုးတာ မဟုတ်ဘူး။ ကောင်းတာ" ဖေ့ယင် မျက်ဖြူလှန်ပြလိုက်သည်။

"ဒီလောက်တော်တဲ့လူက မြောက်ပိုင်းသားတွေကို မတိုက်ဘဲ ဒီမှာလာနေတာ နှမြောစရာပဲ" ယင်းဖုန်း ရေရွတ်လိုက်သည်။

"နှမြောစရာပါပဲ" ဖေ့ယင် ထောက်ခံလိုက်သည်။ ဒါပေမဲ့ အရှင်မင်းကြီးကို အပြစ်တင်လို့မှ မရတာ။

"ငါ မေးစရာတစ်ခု ရှိသေးတယ်" ယင်းယွီ လက်မြှောက်လိုက်သည်။ "အရှင်မင်းကြီးက ဒီည ဟိုသခင်လေးနဲ့ အတူအိပ်မှာလား"

စစ်တဲထဲမှ လူများ: "..."

.....

"နောက် ၂ ရက်နေရင် စစ်တိုက်တော့မယ်" နာရီဝက်ခန့် ကြာသောအခါ ရှန့်ထျန်းကော ဖေ့ယင်တို့ကို ပြောလိုက်သည်။ "ငါ စစ်တဲမကြီးကိုသွားပြီး အမိန့်နာခံရဦးမယ်"

အားလုံး စိတ်အေးသွားကြသည်။ အရှင်မင်းကြီးက ဒီသခင်လေးနဲ့ အတူအိပ်ရင် ဘာမှမဖြစ်ပေမယ့် သူတို့စိတ်ထဲ မသိုးမသန့်ဖြစ်နေကြတာ။

"နောက် ၂ ရက်နေရင် ငါတို့ သူပုန်တွေနဲ့ လိုက်သွားမယ်" နဉ်ရှောင်ယောင်း ဓားသွေးရင်း ပြောလိုက်သည်။ "မြောက်ပိုင်းသားစစ်စခန်းထဲ ဝင်ကြည့်ကြမယ်။ အမတ်ချုပ်ကြီးရှဲ့ ရှိနေနိုင်တယ်။ တွေ့ရင် သတ်ပစ်မယ်"

ဖေ့ယင် ကုတင်ဘောင်ကို ခေါက်လိုက်ပြီး မျက်လုံးမှိတ်ကာ "သိပါပြီ" ဟု ပြောလိုက်သည်။

.....

သူပုန်တွေက နောက် ၂ ရက်နေမှ စစ်တိုက်ဖို့ ပြင်ဆင်ထားပေမယ့် နောက်တစ်ရက်အကြာ ဒုတိယနေ့ညမှာတင် မြောက်ပိုင်းသားတွေက သူပုန်စခန်းကို စတင်တိုက်ခိုက်လာကြသည်။

"မင်းတို့ သူ့ကို ခေါ်ပြီး ပြေးကြတော့" ရှန့်ထျန်းကော စစ်တဲထဲ အပြေးပြန်လာပြီး အထုပ်တစ်ထုပ်ကို နဉ်ရှောင်ယောင်းလက်ထဲ ထည့်ပေးကာ ဖေ့ယင်နှင့် ယင်းဖုန်းတို့ကို မှာကြားလိုက်သည်။

အထုပ်ကို ဖွင့်ကြည့်လိုက်တော့ ရွှေတုံးတွေဖြစ်နေသဖြင့် နဉ်ရှောင်ယောင်း လက်တုန်သွားသည်။

"လမ်းခရီး ဂရုစိုက်ကြ" ရှန့်ထျန်းကော နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"ငါ ဒါကို မယူနိုင်ပါဘူး" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။

"အာ့ယာနဲ့ ရှောင်ချိုးကို ကောင်းကောင်း စောင့်ရှောက်ပေးပါ" ရှန့်ထျန်းကော ပြုံးပြီး နဉ်ရှောင်ယောင်း၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

နဉ်ရှောင်ယောင်း စဉ်းစားလိုက်ပြီး အထုပ်ကို ယင်းဖုန်းလက်ထဲ ထည့်ပေးလိုက်သည်။ "ငါ သခင်လေးနဲ့လိုက်ပြီး စစ်တိုက်မယ်။ မင်းတို့ အာ့ယာနဲ့ ရှောင်ချိုးကို ခေါ်ပြီး အရင်သွားကြ"

"သခင်လေး" အပြင်ဘက်မှ ကိုယ်ရံတော် အော်ခေါ်လိုက်သည်။

"မြန်မြန်သွားကြ" အခြေအနေ အရေးကြီးနေပြီမို့ ရှန့်ထျန်းကော စကားဆက်မပြောနိုင်တော့ဘဲ ထွက်ခွာသွားလေသည်။

"ဂရုစိုက်ကြနော်" နဉ်ရှောင်ယောင်း ယင်းဖုန်းတို့ကို ကြည့်ပြီး အပြင်ထွက်ပြေးသွားသည်။

ယင်းဖုန်း အထုပ်ကို ယင်းယွီလက်ထဲ ထည့်ပေးလိုက်ပြီး အပြင်ထွက်ပြေးသွားသည်။

"ယင်းယွီ၊ ယင်းလေ... အာ့ယာနဲ့ ရှောင်ချိုးကို ခေါ်ပြီး ပြေးကြ" ဖေ့ယင် ဓားဆွဲထုတ်ပြီး အမိန့်ပေးကာ အပြင်ထွက်သွားသည်။

နဂါးအစောင့်တပ်သားများ အားလုံး ပြေးထွက်သွားကြသည်။

ယင်းယွီနှင့် ယင်းလေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အာ့ယာနှင့် ရှောင်ချိုးကို ပွေ့ချီကာ ပြေးထွက်သွားကြသည်။

......

စစ်စခန်းထဲတွင် တိုက်ပွဲပြင်းထန်နေပြီဖြစ်သည်။ နဉ်ရှောင်ယောင်း ရှန့်ထျန်းကောနောက် လိုက်သွားပြီး ဘယ်ရောက်သွားလဲ မသိတော့ပေ။

"အရှေ့ဘက်ကို သွားမယ်" ဖေ့ယင် မြင်းပေါ်မှ အော်ဟစ်လိုက်သည်။

အားလုံး မြင်းစီးပြီး ဖေ့ယင်နောက် လိုက်ပါသွားကြသည်။

"အရှင်မင်းကြီးကို သွားကူမလို့လား" ယင်းဖုန်း မေးလိုက်သည်။

"မြောက်ပိုင်းသားစစ်စခန်းကို သွားမှာ" ဖေ့ယင် ပြောလိုက်သည်။ "အရှင်မင်းကြီးကို ကာကွယ်ပေးစရာ မလိုပါဘူး" အရှင်မင်းကြီးရဲ့ သိုင်းပညာနဲ့ဆိုရင် သူတို့ကိုတောင် ပြန်ကာကွယ်ပေးရမယ့် အခြေအနေပဲ။

....

"ငါတို့ ဘယ်သွားမလို့လဲ" နဉ်ရှောင်ယောင်း ရှောင်ဟွေ့ ကိုစီးပြီး ရှန့်ထျန်းကောနောက် လိုက်ရင်း အော်မေးလိုက်သည်။

"အဖေ့ဆီ သွားမလို့" ရှန့်ထျန်းကောက နဉ်ရှောင်ယောင်းကို အတွင်းဘက်ကနေ ပေးစီးထားသည်။

"ဘာ" နဉ်ရှောင်ယောင်း မြင်းရပ်လိုက်သည်။ "မိုဒူးဆီ သွားမှာ မဟုတ်ဘူးလား"

နဉ်ရှောင်ယောင်း မြင်းရပ်လိုက်တော့ ရှန့်ထျန်းကောတို့အဖွဲ့လည်း ရပ်လိုက်ရသည်။

အဖေ ဘယ်လိုနေလဲ မသိပေမယ့် ရှန့်ထျန်းကော နဉ်ရှောင်ယောင်းကို ရှင်းပြလိုက်သည်။ "အဖေ့ဆီက အမိန့်သွားယူရဦးမယ်"

"သခင်လေး" သူပုန်ဝတ်စုံဝတ်ထားသော စစ်သည်တစ်ဦး စစ်တဲမကြီးဘက်မှ ပြေးလာပြီး ရှန့်ထျန်းကောမြင်းရှေ့တွင် ရပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းကြီးက သခင်လေးကို မြောက်ပိုင်းသားစစ်စခန်းကို သွားတိုက်ခိုင်းပါတယ်"

ရှန့်ထျန်းကော ခေါင်းညိတ်ပြီး မြင်းလှည့်ထွက်သွားသည်။

နဉ်ရှောင်ယောင်း မေးလိုက်သည်။ "သူက ရှန့်နုံရဲ့ လူလား"

"စစ်ဗျူဟာမှူးရဲ့ လူပါ" ရှန့်ထျန်းကော ဖြေလိုက်သည်။

နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်ပြီး စစ်တဲမကြီးဘက် ပြန်ပြေးသွားသော စစ်သည်ကို လှမ်းကြည့်လိုက်သည်။ သူမ စိတ်ထဲ တစ်မျိုးကြီး ခံစားလိုက်ရသည်။ ဒီစစ်သည်က ထမင်းမစားရသေးလို့လား။ အသံက ခြင်ညည်းသံလောက်ပဲ ရှိတာ။ သူများကြားမှာ စိုးလို့လား။

***

All Chapters