← Chapters

ခြုံခိုတိုက်ခိုက်မှု၊ မီးကြီးလောင်ကျွမ်းမှု၊ ပြင်းထန်သောတိုက်ပွဲ

Vol. 23 Ch. 358

ခြုံခိုတိုက်ခိုက်မှု၊ မီးကြီးလောင်ကျွမ်းမှု၊ ပြင်းထန်သောတိုက်ပွဲ

Vol. 23 Ch. 358

မြောက်ပိုင်းသားတွေရဲ့ မြင်းတပ်က အရမ်းကြမ်းတယ်။ အထူးသဖြင့် မြေပြန့်လွင်ပြင်မှာဆိုရင် မြင်းတပ်က စတုရန်းပုံစံချီတက်ပြီး တိုက်ခိုက်လိုက်ရင် ရန်သူတွေက သေရင်သေ မသေရင် ဒဏ်ရာအပြင်းအထန်ရတာပဲ။ သူပုန်တွေဆီမှာ မြင်းတပ်အင်အားနည်းတယ်။ မြောက်ပိုင်းသားတွေနဲ့ ယှဉ်လိုက်ရင် လူအင်အားများတာတစ်ခုပဲ အားသာချက်ရှိတယ်။

"နင့်စစ်တပ်က ဟိုဘက်ကစစ်တပ်လောက် မကောင်းပါလား" မြောက်ပိုင်းမြင်းတပ်သားတစ်ဦးကို ခေါင်းဖြတ်သတ်ပြီးနောက် နဉ်ရှောင်ယောင်းက အဝေးတစ်နေရာကို လက်ညှိုးထိုးပြပြီး ရှန့်ထျန်းကောကို မေးလိုက်သည်။

ရှန့်ထျန်းကော နဉ်ရှောင်ယောင်း လက်ညှိုးထိုးပြရာကို ကြည့်လိုက်သည်။ "အဲ့ဒါ ငါ့ဦးလေးရဲ့ စစ်တပ်လေ"

"ဘာ"

"ငါ့မွေးစားအမေရဲ့ မောင်လေးလေ"

နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်သည်။ "ဪ... ကိုယ့်လူရင်းမို့လို့ကိုး"

"မပေါက်ကရတွေ မပြောပါနဲ့" ရှန့်ထျန်းကော ပြောလိုက်သည်။ "ငါ့စစ်တပ်က ညံ့လို့လား"

"အမှန်အတိုင်းပြောရရင် စိတ်မဆိုးနဲ့နော်" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "နင့်ဆီမှာ ခြေလျင်တပ်သား ၂၀ မှာ မြင်းစီးသူရဲ ၁ ယောက်ပဲ ရှိတယ်။ ဟိုဘက်မှာတော့ မြင်းစီးသူရဲတွေချည်းပဲ"

ရှန့်ထျန်းကော ပြောလိုက်သည်။ "စစ်မြင်းရဖို့ ခက်ခဲလို့ပါ" သူပုန်တွေသာ မြောက်ပိုင်းသားတွေလို မြင်းတပ်ဖွဲ့စည်းနိုင်ရင် အသိဉာဏ်မရှိတဲ့ ဧကရာဇ် နဉ်ယွီကို သတ်တာ ကြာပြီပေါ့။

"ဒါဆို ဘာလို့ နင့်ဦးလေးက မြင်းတပ်တစ်တပ်လုံး ပိုင်ဆိုင်ထားရတာလဲ" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ "ရှန့်နုံက မတရားဘူး။ ပြီးတော့ ဦးလေးက မြင်းတပ်တစ်တပ်လုံးနဲ့ဆိုရင် ရှန့်နုံက သူ့ကို ဘာလို့ မြောက်ပိုင်းစစ်စခန်းကို မလွှတ်တာလဲ။ မြင်းတပ်ဆိုတော့ မနိုင်ရင်တောင် ထွက်ပြေးရတာ ခြေလျင်တပ်ထက် သာတယ်မလား"

ရှန့်ထျန်းကော နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။

"ငါ့စကားကို မှတ်ထား" နဉ်ရှောင်ယောင်း လေးလေးနက်နက် ပြောလိုက်သည်။ "ရှေးကတည်းက အိမ်ရှေ့စံတွေက ကံဆိုးတတ်တယ်။ အဲ့ဒါ သားအရင်းတွေနော်။ နင်က မွေးစားသားပဲ ရှိသေးတာ။ စဉ်းစားကြည့်... မြင်းစီးပြီး မြောက်ပိုင်းစစ်စခန်းသွားတာ မြန်လား၊ ခြေလျင်ပြေးတာ မြန်လား။ ရှန့်နုံက နင့်အပေါ် တကယ်ကောင်းတာပဲ"

နဉ်ရှောင်ယောင်း ပြောသမျှကို နားထောင်ရင်း ရှန့်ထျန်းကော သံသယဝင်လာသည်။ သူက တကယ်ပဲ အနိုင်ကျင့်ခံနေရတာလား။ သူ့မွေးစားအဖေက သူ့ကို သတ်ချင်နေတာလား။

"သွားကြစို့" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ "အသက်ကယ်ဖူးတဲ့ကျေးဇူးဆိုတော့ သွေးထွက်သံယိုဖြစ်လည်း ကျေးဇူးဆပ်ရမှာပေါ့"

ဒီစကားကို ရှန့်ထျန်းကော ပြန်မပြောနိုင်တော့ပေ။

.....

ဖေ့ယင်တို့အဖွဲ့သည် သူပုန်စခန်းအပြင်ဘက်သို့ ရောက်နေပြီဖြစ်သည်။

"ဒုသခင်လေးဖေ့... ရှဲ့ဝမ်ယွမ်က တကယ်ပဲ မြောက်ပိုင်းစစ်စခန်းထဲမှာ ရှိနေတာလား" ယင်းလေ မေးလိုက်သည်။

"ရှဲ့ဝမ်ယွမ်ကို ဂရုမစိုက်နဲ့တော့" ဖေ့ယင် ပြောလိုက်သည်။ "အခုအချိန်မှာ ရှဲ့ဝမ်ယွမ်သေသွားလည်း မြောက်ပိုင်းသားတွေက တပ်ဆုတ်မှာ မဟုတ်ဘူး"

"ရိက္ခာစခန်းကို ရှာကြမယ်" ယင်းဖုန်း ညီနောင်များကို ပြောလိုက်သည်။ "မြောက်ပိုင်းသားတွေရဲ့ ရိက္ခာတွေကို မီးရှို့ပစ်မယ်"

စစ်တပ်ဘယ်လောက်တော်တော် ရိက္ခာမရှိရင် စစ်တိုက်လို့မရတော့ဘူး။

ဖေ့ယင် ယင်းဖုန်းကို ကြည့်လိုက်သည်။ မျက်လုံးထဲတွင် အသိအမှတ်ပြုသော အရိပ်အယောင်များ ပေါ်လာသည်။ ဒီလူက အရှင်မင်းကြီးဘေးမှာ ကိုယ်ရံတော်လုပ်နေရတာ နှမြောစရာပဲ။

.....

"စိတ်မပူပါနဲ့" စစ်စခန်းထဲတွင် နဉ်ရှောင်ယောင်း ရင်ဘတ်ကိုပုတ်ပြီး ရှန့်ထျန်းကောကို ကတိပေးလိုက်သည်။ "ငါ ရှိနေသရွေ့ နင့်ကို ကာကွယ်ပေးပါ့မယ်"

ရှန့်ထျန်းကောက မလိုပါဘူး၊ ငါ မင်းကို ကာကွယ်ပေးမှာပါလို့ ပြောချင်သော်လည်း ဒီမိန်းကလေးရဲ့ စွမ်းရည်ကို ပြန်စဉ်းစားကြည့်ပြီး စကားပြန်မြိုချလိုက်သည်။ သူတောင် ဒီမိန်းကလေးကို မနိုင်တာ။ ဘာကာကွယ်ပေးစရာ လိုဦးမှာလဲ။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။ မကြာမီတွင် နေရာတိုင်းတွင် အလောင်းများ ပြည့်နှက်လာသည်။ လူနင်း၊ မြင်းနင်းခံရသဖြင့် အလောင်းများ ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်ကြသည်။

နဉ်ရှောင်ယောင်း မြို့တော်ဘက် လှမ်းကြည့်လိုက်သည်။ မြို့ရိုးပေါ်တွင် မီးရောင်မှိန်ဖျော့ဖျော့သာရှိသော်လည်း လူအများအပြား ရှိနေသည်။

"ခွေးအချင်းချင်း ကိုက်ကြပါစေ" ဖူဝမ် မြို့ရိုးပေါ်တွင် ရပ်လျက် ကျိန်ဆဲလိုက်သည်။ "အကုန်သေကုန်ကြရင် ကောင်းမယ်"

"ဘယ်သူ ဧကရာဇ်သစ် ဖြစ်လာမလဲ" နဉ်ရှောင်ယောင်း ရှောင်ဟွေ့ ပေါ်တွင် စီးနင်းရင်း တွေးနေသည်။

"သတိထား" ရှန့်ထျန်းကော အာရုံလွင့်နေသော နဉ်ရှောင်ယောင်းကို သတိပေးလိုက်သည်။

နဉ်ရှောင်ယောင်း သတိပြန်ဝင်လာသည်။ သူမ မြောက်ပိုင်းစစ်စခန်းနား ရောက်နေပြီ။ ရောက်ခါနီးပြီဆိုပေမယ့် မြောက်ပိုင်းသားတွေ လာတားတာ မတွေ့ရဘူး။ ဒါ ဖြစ်နိုင်လို့လား။

"ဘာတွေ တွေးနေတာလဲ" ရှန့်ထျန်းကော စိုးရိမ်တကြီး မေးလိုက်သည်။ မြောက်ပိုင်းစစ်စခန်းထဲ ဝင်တိုက်ရတော့မှာကို ဒီမိန်းကလေးက ငေးမောနေသေးတယ်။ ဒီလိုပုံစံနဲ့ မြောက်ပိုင်းစစ်စခန်းထဲ ဘယ်လိုဝင်တိုက်မှာလဲ။

နဉ်ရှောင်ယောင်း အနားတစ်ဝိုက်တွင် လူသားများ၏ နှလုံးခုန်သံ၊ အသက်ရှူသံများကို ကြားလိုက်ရသည်။ မြေပြန့်လွင်ပြင်ကြီးမှာ ကွယ်ဝှက်စရာနေရာ မရှိဘဲနဲ့ ဒီနေရာမှာ လူတွေ ပုန်းနေလို့ ရမလား။

"ရှောင်ယောင်း" ရှေ့မှ ခွေးဟောင်သံ ကြားလိုက်ရသည်။

တာ့ဟွမ် အသံပဲ။ နဉ်ရှောင်ယောင်း ဆက်မတွေးတော့ဘဲ ရှန့်ထျန်းကောကို အော်ပြောလိုက်သည်။ "ထောင်ချောက် ရှိတယ်"

ရှန့်ထျန်းကော၏ စစ်မြင်း အရှိန်ဖြင့် ပြေးနေဆဲဖြစ်သော်လည်း နဉ်ရှောင်ယောင်း ခုန်အုပ်လိုက်သဖြင့် မြင်းပေါ်မှ ပြုတ်ကျသွားသည်။ နှစ်ယောက်သား ဖက်လျက်သား လှိမ့်သွားကြသည်။

နဉ်ရှောင်ယောင်း ရင်ခွင်ထဲ ရောက်နေသဖြင့် ရှန့်ထျန်းကော မျက်နှာရဲတက်လာသည်။ စကားပြောရန် ပြင်လိုက်စဉ် နားထဲတွင် မြှားပျံသံများကို ကြားလိုက်ရသည်။

"မြင်းပေါ်ကဆင်း... ပုန်းကြ" နဉ်ရှောင်ယောင်း အော်ဟစ်လိုက်သည်။ ဒီကမ္ဘာကလူတွေ ပုန်းကြဆိုတဲ့ စကားလုံး နားမလည်မှာစိုးလို့ "မြေကြီးပေါ် ဝပ်နေကြ" လို့ ထပ်အော်လိုက်သည်။

မြင်းတပ်နောက်မှ ခြေလျင်တပ်သားများထဲမှ ဉာဏ်ကောင်းသူများက မြှားပစ်တာ မမြင်ရပေမယ့် နဉ်ရှောင်ယောင်း အော်သံကြားတော့ မြေကြီးပေါ် ဝပ်ချလိုက်ကြသည်။ ဒါကြောင့် အသက်ဘေးမှ လွတ်မြောက်သွားကြသည်။ မြင်းစီးသူရဲများနှင့် တုံ့ပြန်မှုနှေးကွေးသော ခြေလျင်တပ်သားများမှာမူ မြှားမိုးရွာသကဲ့သို့ ကျရောက်မှုကြောင့် အများအပြား သေဆုံးဒဏ်ရာရကုန်ကြသည်။

နဉ်ရှောင်ယောင်း ကြည့်လိုက်တော့ မြောက်ပိုင်းသားတွေ မြေကြီးထဲကနေ ထွက်လာကြတာ တွေ့လိုက်ရတယ်။ သူတို့က မြက်ခြောက်တွေ လွှမ်းခြုံထားပြီး ညဘက်မှာ မြေကြီးပေါ် မှောက်လျက်သား နေနေကြတာမို့ သတိထားမိဖို့ ခက်ခဲတယ်။ ပြောက်ကျားစနစ်နဲ့ခြုံခိုတိုက်နည်းတောင် တတ်နေကြပါလား။ နဉ်ရှောင်ယောင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ မြောက်ပိုင်းသားတွေက မြင်းစီးတာပဲ တော်တာ မဟုတ်ဘူးပဲ။

"တိုက်ကြ" မြောက်ပိုင်းစစ်သူကြီး အမိန့်ပေးလိုက်သည်။

မြောက်ပိုင်းစစ်သည် ၁၀၀၀ ခန့် နဉ်ရှောင်ယောင်းတို့ဆီ ပြေးဝင်လာကြသည်။

ရှန့်ထျန်းကော မြေကြီးပေါ်မှ ထရပ်လိုက်ပြီး ဓားဆွဲထုတ်ကာ "တိုက်ကြ" ဟု ပြန်အမိန့်ပေးလိုက်သည်။

နဉ်ရှောင်ယောင်းလည်း ထရပ်လိုက်သည်။ ရှောင်ဟွေ့ မှာ မြှား ၅ စင်း၊ ၆ စင်းလောက် စိုက်ဝင်နေပြီး နဉ်ရှောင်ယောင်းဘေးနား ရောက်လာကာ ညည်းညူလိုက်သည်။

နဉ်ရှောင်ယောင်း မြှားများကို ဆွဲထုတ်ပေးပြီး ဒဏ်ရာများကို ကုသပေးလိုက်သည်။

"ရှောင်ယောင်း" တာ့ဟွမ် နဉ်ရှောင်ယောင်းအနား ရောက်လာပြီး ပြောလိုက်သည်။ "လောင်တက မြောက်ပိုင်းသားတွေရဲ့ ရိက္ခာစခန်းကို တွေ့ပြီတဲ့။ နင့်ကို မြန်မြန်လာခဲ့ပါတဲ့"

ဒီကြောင်ဝတုတ် ဘယ်လိုလုပ် မြို့တံခါးပိတ်ထားတဲ့ကြားက ထွက်လာလဲဆိုတာ မေးဖို့ အချိန်မရှိတော့ပေ။ နဉ်ရှောင်ယောင်း မြင်းပေါ် ခုန်တက်လိုက်ပြီး တာ့ဟွမ်ကို ပြောလိုက်သည်။ "ရိက္ခာစခန်းကို မီးရှို့ဖို့ သွားကြစို့"

တာ့ဟွမ် မြောက်ပိုင်းစစ်စခန်းဘက်သို့ ပြေးထွက်သွားသည်။

"တာ့ယောင်း... ဘယ်သွားမလို့လဲ" နဉ်ရှောင်ယောင်း မြင်းစီးထွက်သွားသည်ကိုမြင်တော့ ရှန့်ထျန်းကော အော်မေးလိုက်သည်။

"ငါ့ကို စိတ်မပူနဲ့" နဉ်ရှောင်ယောင်း လက်ပြလိုက်သည်။ "ဂရုစိုက်နော်။ မြောက်ပိုင်းသားတွေကိုရော ကိုယ့်လူတွေကိုပါ သတိထား။ ငါ မကြာခင် ပြန်လာခဲ့မယ်"

"ဂရုစိုက်နော်" ရှန့်ထျန်းကော အော်ပြောလိုက်သည်။

နဉ်ရှောင်ယောင်း ဓားဝှေ့လိုက်ရာ ရှေ့တည့်တည့်မှ ပြေးဝင်လာသော မြောက်ပိုင်းစစ်သည်၏ ခေါင်းပြတ်ကျသွားသည်။ ကမ္ဘာပျက်ကပ်တုန်းက ဖုတ်ကောင်ခေါင်းဖြတ်သလိုပဲ။

.......

ဖေ့ယင်တို့အဖွဲ့လည်း မြောက်ပိုင်းစစ်စခန်းထဲ မဝင်နိုင်သေးပေ။ မြောက်ပိုင်းမြင်းတပ်တစ်တပ်က စခန်းအပြင်ဘက်မှာ ပိတ်ဆို့ထားပြီး ဝိုင်းထားလိုက်ကြသည်။

"သူတို့ကို သတ်ပြီးမှ စခန်းထဲ ဝင်ကြမယ်" ဖေ့ယင်၏အဝတ်အစားများ သွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။ လမ်းတစ်လျှောက်လုံး မြောက်ပိုင်းသား ဘယ်နှယောက်လောက် သူ့ဓားချက်အောက်မှာ သေဆုံးသွားခဲ့လဲ မသိတော့ပေ။

မြောက်ပိုင်းစစ်သူကြီးကလည်း ဖေ့ယင်လောက် အသံကျယ်ကျယ် အော်ဟစ်လိုက်သည်။ "ယုံနင်ခွေးတွေကို သတ်ပစ်ကြ"

ဖေ့ယင်၏ဓားချက်သည် မြောက်ပိုင်းစစ်သူကြီးဆီ ကျရောက်သွားသည်။

မြောက်ပိုင်းစစ်သူကြီးက ငွေရောင်တူနှစ်ချောင်းကို ကြက်ခြေခတ်ပုံစံလုပ်ပြီး ခေါင်းပေါ်မြှောက်ကာ ဖေ့ယင်၏ဓားချက်ကို ကာကွယ်လိုက်သည်။

.....

မြို့တော်ရှိ ဟုကော်ကုန်းအိမ်တော်တွင် အဘွားကြီးနှင့် နင်ယန်တို့ ဘုရားခန်းထဲတွင် ဒူးထောက်ပြီး ဆုတောင်းနေကြသည်။

အရှင်မင်းကြီး "သေ" သွားပြီ။ အရှင်မင်းကြီးနဲ့အတူ မြို့ပြင်ထွက်သွားတဲ့ ဖေ့ယင်ဆီကလည်း ဘာသတင်းမှ မကြားရတော့ဘူး။ အဘွားကြီးနဲ့ နင်ယန်ကလွဲရင် ဖေ့ယင် အသက်ရှင်နေသေးတယ်လို့ ဘယ်သူမှ မယုံကြတော့ဘူး။

"ဒုတိယသခင်လေးက ပြန်လာမယ်လို့ ကတိပေးထားတယ်။ သူ့စကားကို ကျွန်မ ယုံတယ်" နင်ယန် မျက်လုံးဖွင့်ပြီး အဘွားကြီးကို ပြောလိုက်သည်။

အဘွားကြီး ဘာမှမပြောပေ။ ကြမ်းပြင်ပေါ် ခေါင်းဆောင့်ပြီး အရိုအသေပြုလိုက်သည်။ သားကြီးက မြို့တော်က ထွက်သွားပြီးကတည်းက သတင်းအစအန မကြားရတော့ဘူး။ သားငယ်ကလည်း အခု သေလားရှင်လား မသိရဘူး။ ဒီအဘွားကြီး လုပ်နိုင်တာက ဘုရားသခင်နဲ့ ဘိုးဘေးတွေကို ဆုတောင်းပေးဖို့ပဲ ရှိတော့တယ်။ သားနှစ်ယောက်လုံး ဘေးကင်းပါစေလို့ပေါ့။

"ဒုတိယသခင်လေး ဘာမှမဖြစ်ပါဘူး" နင်ယန် ဇွဲနပဲကြီးစွာ ပြောဆိုနေသည်။

"ဘာမှမဖြစ်ပါဘူး" အဘွားကြီး နင်ယန်ကို လှည့်ကြည့်လိုက်သည်။ အိုမင်းရင့်ရော်နေသော မျက်နှာပေါ်တွင် တည်ငြိမ်မှုများ ပြည့်နှက်နေသည်။ "ဘုရားသခင်က မျက်ကန်းမှ မဟုတ်တာ"

....

မြို့ပြင်စစ်မြေပြင်တွင် ဖေ့ယင်သည် မြောက်ပိုင်းစစ်သူကြီးကို မြင်းပေါ်မှ ခုတ်ချလိုက်သည်။ စစ်သူကြီး၏မျက်နှာဒဏ်ရာမှ သွေးများ ပန်းထွက်လာပြီး ဖေ့ယင်မျက်နှာကို စင်သွားသည်။

ရန်သူစစ်သူကြီး လဲကျသွားပြီး တစ်ချက်တွန့်လိမ်ကာ ငြိမ်သက်သွားသည်ကို ကြည့်ပြီး ဖေ့ယင် သက်ပြင်းချလိုက်သည်။ သို့သော် ရုတ်တရက် ကျောပြင်အေးစက်သွားသည်။

မြောက်ပိုင်းလှံရှည်ကိုင်စစ်သည်တစ်ဦးသည် လှံရှည်ဖြင့် ဖေ့ယင်၏ ကျောဘက်နှလုံးသားတည့်တည့်ကို ထိုးစိုက်လိုက်သည်။

ယင်းဖုန်း ရောက်လာပြီး ဓားတစ်ချက်တည်းဖြင့် လှံရှည်ကိုင်စစ်သည်၏ ခေါင်းနှင့် ဘယ်ဘက်ပခုံးကို ပိုင်းဖြတ်လိုက်သည်။ စစ်သည် လဲကျသွားသော်လည်း လှံရှည်က ဖေ့ယင်၏ ကျောဘက်တွင် စိုက်ဝင်ကျန်ရစ်ခဲ့သည်။

"ဒုသခင်လေးဖေ့" ဖေ့ယင် မြင်းပေါ်မှ ပြုတ်ကျသွားသည်ကို မြင်သောအခါ ယင်းဖုန်း အပြေးသွားလိုက်သည်။

မြောက်ပိုင်းစစ်သည် ၃ ဦး ယင်းဖုန်းကို လမ်းပိတ်ထားလိုက်သည်။ တစ်ယောက်နဲ့တစ်ယောက် မသိကြပေမယ့် ယင်းဖုန်းက သူတို့အတွက် သေမင်းတမန် ဖြစ်နေသည်။

ဖေ့ယင် မြေကြီးပေါ် ပြုတ်ကျသွားသည်။ လှံရှည်က မြေကြီးနှင့် ဆောင့်မိပြီး လှံသွားက ရင်ဘတ်မှ ဖောက်ထွက်လာသည်။

"ဒုသခင်လေးဖေ့"

လူအများအပြား သူ့ကို ခေါ်နေကြသည်။ အသံတွေက စိုးရိမ်တကြီး ဖြစ်နေပြီး ငိုသံတွေပါ ပါနေသည်။ သူ သေတော့မလိုပါပဲ။ ပါးစပ်မှ သွေးတစ်လုပ် အန်ထွက်လာသည်။ ဖေ့ယင် တွေးလိုက်မိသည်။ ငါ တကယ် သေတော့မှာလား။

နောက်ထပ် မြောက်ပိုင်းစစ်သူကြီးတစ်ဦး မြင်းစီးပြီး ဖေ့ယင်အနား ရောက်လာသည်။ လက်ထဲတွင် လှံရှည်တစ်ချောင်း ကိုင်ဆောင်ထားသည်။

ဖေ့ယင် သွေးထပ်အန်လိုက်သည်။ သူ့ကို သတ်မည့် မြောက်ပိုင်းသားကို ကြည့်ပြီး ရယ်မောလိုက်သည်။ မြောက်ပိုင်းသားလက်ချက်နဲ့ သေရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

"မီး... မီးလောင်နေပြီ" မြောက်ပိုင်းစစ်သည်တစ်ဦး အော်ဟစ်လိုက်သည်။

မြောက်ပိုင်းသားများအားလုံး စစ်စခန်းဘက် လှမ်းကြည့်လိုက်ကြသည်။ ရိက္ခာစခန်းဘက်မှ မီးခိုးလုံးကြီးများ တက်လာသည်။

"သေစမ်း"

ကြောင်ငေးနေသော မြောက်ပိုင်းစစ်သူကြီးသည် အနောက်မှ အော်သံကြားလိုက်ရသည်။ ယောကျာ်းသံလား၊ မိန်းမသံလား မကွဲပြားပေ။ လှည့်မကြည့်နိုင်ခင်မှာပင် ခေါင်းကို လက်သီးဖြင့် ထိုးခံလိုက်ရသည်။

ယင်းဖုန်း လာနေသူ၏မျက်နှာကို မမြင်ရသော်လည်း ကိုယ်လုံးကို ကြည့်ရုံဖြင့် အရှင်မင်းကြီးမှန်း သိလိုက်သည်။ စကားပြောချိန်မရသဖြင့် ယင်းဖုန်း ရှေ့တိုးသွားပြီး သတိမေ့သွားသော မြောက်ပိုင်းစစ်သူကြီး၏ကျောပြင်ကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ဖေ့ယင် သတိရှိနေသေးသည်။ သူ့ကို ပွေ့ဖက်ထားသူကို ကြည့်ပြီး ပါးစပ်လှုပ်ရုံမျှဖြင့် ခေါ်လိုက်သည်။ "အရှင်မင်းကြီး?"

"ဒီလိုဖြစ်နေတာတောင် စကားပြောချင်သေးတယ်" နဉ်ရှောင်ယောင်း လှံရှည်ကို ဆွဲထုတ်ပြီး လွှင့်ပစ်လိုက်သည်။

ဒဏ်ရာမှ သွေးများ ပန်းထွက်လာသည်။

ဖေ့ယင် အေးစက်လာသည်ဟု ခံစားလိုက်ရသည်။ သို့သော် ချက်ချင်းပင် ခန္ဓာကိုယ်ထဲသို့ နွေးထွေးသော စွမ်းအင်များ စီးဝင်လာသည်။

"သတိမမေ့နဲ့။ ငါ့ကို ကြည့်" နဉ်ရှောင်ယောင်းသည် ဖေ့ယင်၏ ကျောဘက်ဒဏ်ရာပေါ် လက်တင်လိုက်ပြီး ပြောလိုက်သည်။ "ဒဏ်ရာသေးသေးလေးပါ။ တုတ်နဲ့ခြစ်မိရုံလေးပါ။ ဒုသခင်လေးဖေ့... ယောကျာ်းကောင်းတစ်ယောက်အနေနဲ့ ဒီလောက်တော့ ခံနိုင်ရည်ရှိရမှာပေါ့"

ဘေးနားတွင် တိုက်ပွဲသံများ ပြန်လည်ဆူညံလာသည်။ ရိက္ခာစခန်း မီးလောင်နေပြီမို့ မြောက်ပိုင်းသားတွေ ရူးသွပ်ကုန်ကြပြီ။ မီးရှို့တဲ့သူကို မဖမ်းနိုင်ရင်တောင် ဒီယုံနင်ခွေးကောင် ၁၀ ယောက်လောက်ကိုတော့ သတ်ပစ်နိုင်ရမှာပေါ့။

"ငါ့ကို စကားပြောလေ။ ဟေး... ဟေး..." နဉ်ရှောင်ယောင်း ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ဖေ့ယင်ကို အော်ဟစ်ပြောဆိုနေသည်။

"အဲ့ဒါ တုတ်မဟုတ်ဘူး" အားယူပြီး ဖေ့ယင် စကားပြောလိုက်သည်။

"ဘာ" နဉ်ရှောင်ယောင်း ဖေ့ယင်ပြောတာ နားမလည်လိုက်ပေ။

"အဲ့ဒါ လှံရှည်။ တုတ်မဟုတ်ဘူး" ဖေ့ယင် ထပ်ပြောလိုက်သည်။

နဉ်ရှောင်ယောင်း: "..." လှံရှည်နဲ့ အထိုးခံရတာက သူရဲကောင်းဆန်တယ်လို့ ပြောချင်တာလား။ ဒီလူ ရူးနေတာလား။

***

All Chapters