← Chapters

စစ်သေနာပတိချုပ်က မေးလိုက်တယ်... အရှင်မင်းကြီး နေကောင်းလားတဲ့

Vol. 23 Ch. 362

စစ်သေနာပတိချုပ်က မေးလိုက်တယ်... အရှင်မင်းကြီး နေကောင်းလားတဲ့

Vol. 23 Ch. 362

"မြို့ထဲပြန်ရောက်ရင် အရှင်မင်းကြီး သေပြီလို့ ပြောရမယ်" မြို့ရိုးအောက်တွင် ရပ်နေရင်း ဖေ့ယင်က အာ့ယာနှင့် ရှောင်ချိုးကို တိုးတိုးလေး မှာကြားလိုက်သည်။

အာ့ယာ ခေါင်းညိတ်လိုက်သည်။ ရှောင်ချိုးကတော့ နှုတ်ခမ်းစူပြီး "အမေ မသေပါဘူး" ဟု ရေရွတ်လိုက်သည်။

"အဲ့လိုပြောမှ အရှင်မင်းကြီး လုံခြုံမှာပေါ့" ဖေ့ယင် ရှောင်ချိုးကို ကြည့်ပြီး ရှင်းပြသည်။ "အရှင်မင်းကြီးကို သတ်ချင်တဲ့လူတွေ အများကြီး ရှိတယ်လေ။ ရှောင်ချိုး... အစ်ကိုကြီးကို တာ့ယောင်းက အရှင်မင်းကြီးပါလို့ မပြောရဘူးဆိုတာ နားလည်တယ်မလား"

ရှောင်ချိုး ဖေ့ယင်ကို မော့ကြည့်လိုက်သည်။ ပတ်တီးဖယ်လိုက်တော့ လှပသော မျက်နှာလေး ပြန်ပေါ်လာသည်။

"ရှောင်ချိုး" ဖေ့ယင် ရှောင်ချိုး၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"အင်း" ရှောင်ချိုး ခေါင်းညိတ်လိုက်သည်။ သူက အရှင်မင်းကြီး အသတ်ခံရမှာကို မလိုလားပါဘူး။

"အရှင်မင်းကြီး ထွက်သွားရင် ကျွန်မအစ်ကိုကြီး ဘယ်လိုလုပ်မလဲ" အာ့ယာ မေးလိုက်သည်။

"အစ်ကိုကြီးက သူ့ကိုယ်သူ ဂရုစိုက်တတ်ပါတယ်" ဖေ့ယင် အာ့ယာကို ပြုံးပြလိုက်သည်။

အာ့ယာ ခေါင်းညိတ်လိုက်သည်။ ဖေ့ယင်ရှေ့ရောက်ရင် နဉ်ရှောင်ယောင်းလောက် မလွတ်လပ်သလို ခံစားရသည်။

မြို့ရိုးပေါ်မှ ခြင်းတောင်းချပေးသည်။ အရင်ဆုံး အာ့ယာနှင့် ရှောင်ချိုးကို ဆွဲတင်လိုက်သည်။ ပြီးမှ စစ်သည်အချို့ကို ချပေးသည်။ ဖေ့ယင်နှင့် စစ်သည်များသည် မြင်းကို ကြိုးဖြင့်တုပ်ပြီး အပေါ်ဆွဲတင်ခိုင်းသည်။ ပြီးမှ သူတို့ ခြင်းတောင်းဖြင့် လိုက်ပါသွားကြသည်။

အကြီးအကဲလီနှင့် အမတ်များ မြို့ရိုးပေါ်တွင် စောင့်နေကြသည်။ ဖေ့ယင် ရောက်လာသည်နှင့် အကြီးအကဲလီ မေးလိုက်သည်။ "အရှင်မင်းကြီးရော"

ဖေ့ယင် ဒူးထောက်ချလိုက်သည်။ မျက်ရည်များ စီးကျလာပြီး ပြောလိုက်သည်။ "အရှင်မင်းကြီး စစ်မြေပြင်မှာ နတ်ရွာစံသွားပါပြီ"

အာ့ယာကလည်း နဉ်ရှောင်ယောင်းသင်ပေးထားသည့်အတိုင်း ရှောင်ချိုးကိုဖက်ပြီး အော်ဟစ်ငိုကြွေးလိုက်သည်။ မျက်ရည်မထွက်သော်လည်း အသံကတော့ ကျယ်လောင်လှသည်။

အကြီးအကဲလီ မျှော်လင့်ချက် ကုန်ဆုံးသွားသည်။

"မင်း ဘာလို့ ပြန်လာသေးလဲ" အမတ်တစ်ဦး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အရှင်မင်းကြီး သေသွားတာ မင်း အသက်ရှင်ရက် ပြန်လာရဲသေးတယ်ပေါ့" နောက်ထပ် အမတ်တစ်ဦးလည်း ဆဲရေးလိုက်သည်။

ဆဲဆိုသံများကြားတွင် ဖေ့ယင် တိတ်ဆိတ်စွာ ဒူးထောက်နေသည်။

အကြီးအကဲလီ သက်ပြင်းချလိုက်ပြီး ပြောသည်။ "တော်ပါတော့... သူ့ကို ဆဲနေလို့ ဘာထူးမှာလဲ"

မြို့ရိုးပေါ်တွင် ငိုသံများသာ ကျန်ရစ်သည်။

ဖူဝမ် နန်းတော်မှ ရောက်လာသည်။ မြို့ရိုးပေါ်မှ ငိုသံများကြားလိုက်ရသောအခါ မြင်းပေါ်မှ မဆင်းနိုင်တော့ဘဲ ကြောင်ငေးနေသည်။ ဒီလောက် ငိုနေကြမှတော့ အရှင်မင်းကြီး တကယ် နတ်ရွာစံသွားပြီပေါ့။

"ထပါတော့" အကြီးအကဲလီ ဖေ့ယင်ကို လက်ကာပြလိုက်သည်။

ဖေ့ယင် မတ်တတ်ထရပ်လိုက်ပြီး မြို့ပြင်ကို လှမ်းကြည့်လိုက်သည်။ မီးရောင်များ တောက်ပနေပြီး နှစ်ဖက်စစ်သည်များ ရောနှောတိုက်ခိုက်နေကြသည်။ အနိုင်အရှုံးမပေါ်မချင်း ရပ်တန့်မည့်ပုံ မပေါ်ပေ။

"လူသေတွေ အများကြီးပဲ" အာ့ယာ ခြေဖျားထောက်ကြည့်ပြီး ပြောလိုက်သည်။ မြို့ရိုးပေါ်မှ အမတ်ကြီးများထက်စာရင် အာ့ယာက အတွေ့အကြုံ ပိုရှိနေပြီ။

"သူပုန်တွေနဲ့ မြောက်ပိုင်းသားတွေ ဘာလို့ တိုက်ခိုက်ကြတာလဲ" အကြီးအကဲလီ မေးလိုက်သည်။

အာ့ယာ ဖေ့ယင်ကို ကြည့်လိုက်သည်။ ဘယ်လိုဖြေရမလဲ။ အရှင်မင်းကြီးက သူပုန်အဖွဲ့ထဲဝင်ပြီး သွေးထိုးလိုက်လို့လား။

"သူပုန်တွေ တံဆိပ်တုံး ရသွားလို့ပါ" ဖေ့ယင် ဖြေလိုက်သည်။ "မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေ တံဆိပ်တုံးလုနေကြတာ"

အာ့ယာ စိတ်အေးသွားသည်။ ဒီအကြောင်းပြချက်က ကောင်းတယ်။

တံဆိပ်တုံး သူပုန်လက်ထဲ ရောက်သွားပြီဆိုတာ ကြားလိုက်ရတော့ အမတ်တွေ အသက်ရှူကျပ်ကုန်ကြသည်။ တံဆိပ်တုံးပါ ပါသွားပြီလား။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ" အမတ်တစ်ဦး မေးလိုက်သည်။

"စောင့်ကြည့်ရမှာပေါ့" ဖေ့ယင် ပြောလိုက်သည်။ "မနက်ဖြန်ကျရင် မြောက်ပိုင်းသားတွေ ရှုံးမလား၊ သူပုန်တွေ ရှုံးမလား သိရမှာပေါ့"

"ဘာကွာခြားလို့လဲ" အကြီးအကဲလီ မေးလိုက်သည်။

"မြောက်ပိုင်းသားတွေရဲ့ ရိက္ခာစခန်း မီးလောင်သွားပြီ" ဖေ့ယင် ရှင်းပြသည်။ "သူတို့နိုင်ရင်တောင် အလယ်ပိုင်းဒေသမှာ အကြာကြီး မနေနိုင်တော့ဘူး"

"သူပုန်တွေ နိုင်ရင်ရော"

"သူပုန်အချင်းချင်းလည်း တိုက်ခိုက်နေကြတယ်" ဖေ့ယင် ဆက်ပြောသည်။ "မြောက်ပိုင်းသားတွေကို နိုင်ရင်တောင် အင်အားချည့်နဲ့သွားပြီး အချင်းချင်း တိုက်ခိုက်နေကြဦးမှာမို့ မြို့တော်ကို လာမတိုက်နိုင်တော့ပါဘူး"

အားလုံး ကြောင်သွားကြသည်။ ဒါဆိုရင် မြို့တော်လွတ်မြောက်သွားပြီပေါ့။

"မြောက်ပိုင်းစစ်စခန်း မီးလောင်တာတော့ ငါတို့ မြင်ပါတယ်" အကြီးအကဲလီ ဖေ့ယင်အနား တိုးကပ်သွားပြီး မေးလိုက်သည်။ "သူပုန်အချင်းချင်း တိုက်ခိုက်နေတယ်ဆိုတာ မင်း ဘယ်လိုသိလဲ"

"အမတ်ချုပ်ကြီး... ကျွန်တော်မျိုး ဒီရက်ပိုင်း ဘယ်မှာနေခဲ့လဲ သိလား" ဖေ့ယင် ခါးသက်သက် ပြုံးလိုက်သည်။

အကြီးအကဲလီ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်သည်။

"သူပုန်စခန်းထဲမှာ အမျိုးသမီးစစ်စခန်းနဲ့ ကလေးစစ်သည်တွေ ရှိတယ်" ဖေ့ယင် ဆက်ရှင်းပြသည်။ "ဒါကြောင့် ကျွန်တော်မျိုး အာ့ယာနဲ့ ရှောင်ချိုးကိုခေါ်ပြီး သူတို့ကြားထဲ ရောနှောနေနိုင်ခဲ့တာပါ"

"အရှင်မင်းကြီးသာ မြို့ပြင်မထွက်ခဲ့ရင်..."

"ပါးစပ်ပိတ်ထား" အကြီးအကဲလီ တပည့်ဖြစ်သူကို ဟန့်တားလိုက်သည်။

ဖေ့ယင် စိတ်ထဲ လှောင်ပြောင်လိုက်သည်။ အရှင်မင်းကြီးသာ မရှိရင် အခုချိန်ဆို မြို့တော်က သူပုန်တွေနဲ့ မြောက်ပိုင်းသားတွေလက်ထဲ ရောက်နေလောက်ပြီ။

အနောက်မှ ခြေသံများ ကြားလိုက်ရသည်။ ဖေ့ယင် လှည့်ကြည့်လိုက်တော့ ချန်လု ရောက်လာသည်ကို တွေ့လိုက်ရသည်။

ဖေ့ယင် ချန်လုကို ခေါင်းညိတ်ပြလိုက်သည်။ "အစ်ကိုကြီးချန်... နောက်ဆိုရင် မြို့တော်လုံခြုံရေးအတွက် ငါတို့ ညီအစ်ကိုတွေ ပူးပေါင်းဆောင်ရွက်ရတော့မယ်"

ချန်လု ခေါင်းညိတ်လိုက်ပြီး "အရှင်မင်းကြီးရော" ဟု မေးလိုက်သည်။

"အရှင်မင်းကြီး နတ်ရွာစံသွားပါပြီ" ဖေ့ယင် တစ်လုံးချင်း ထပ်ပြောလိုက်သည်။

ချန်လု ရင်ဘတ်ဖိလိုက်သည်။ စစ်သူကြီးချန်အတွက်လည်း ဖေ့ယင်စကားက မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလို ဖြစ်သွားသည်။

ဖေ့ယင် မြို့ပြင်ကို လှမ်းကြည့်လိုက်သည်။ တိုက်ပွဲက ဆက်ဖြစ်နေဆဲ။ မိုးကတော့ လင်းစပြုနေပြီ။

တစ်ညလုံး တိုက်ခိုက်ပြီးနောက် သူပုန်များနှင့် မြောက်ပိုင်းသားများ မရပ်တန့်ကြသေးပေ။

"ရောနှောနေကြပြီ" ဖေ့ယင်ဘေးတွင် ရပ်နေသော ချန်လု သက်ပြင်းချလိုက်သည်။ "အနိုင်အရှုံးမပေါ်မချင်း သူတို့ ရပ်မှာ မဟုတ်တော့ဘူး"

"သတ်ကြပါစေ" ဖေ့ယင်သည် ယမန်နေ့ညက မြို့ထဲပြန်ရောက်ကတည်းက မြို့ရိုးပေါ်က မဆင်းသေးပေ။ အာ့ယာနှင့် ရှောင်ချိုးကိုသာ ဟုကော်ကုန်းအိမ်တော်သို့ ပြန်ပို့ခိုင်းလိုက်သည်။

"ဒုတိယသခင်လေး" ဟုကော်ကုန်းအိမ်တော်မှ အိမ်တော်ထိန်းကြီးက တပ်မှူးတစ်ယောက်နှင့်အတူ ရောက်လာသည်။

ချန်လု အိမ်တော်ထိန်းကြီးကို မြင်တော့ ပြောလိုက်သည်။ "ဒုသခင်လေးဖေ့... အိမ်ပြန်ပြီး ကြည့်လိုက်ပါဦး။ သခင်မကြီးနဲ့ ဇနီးသည်တို့ ဒီရက်ပိုင်း စိတ်ဆင်းရဲနေရရှာမှာ"

ဖေ့ယင် စကားမပြောရသေးခင် မလှမ်းမကမ်းမှ စစ်သည်လေးတစ်ဦး အော်ဟစ်လိုက်သည်။ "ဟိုဘက်က စစ်တပ်လာနေပြီ"

ဖေ့ယင်နှင့် ချန်လု လှည့်ကြည့်လိုက်ကြသည်။ မိုးကုပ်စက်ဝိုင်းဆီတွင် မြင်းတပ်တစ်တပ် ပေါ်လာသည်။

"အနက်ရောင်နှင်းခဲ မြင်းတပ်" ချန်လု အာမေဋိတ်သံ ထွက်သွားသည်။

ဖေ့ယင် မျက်နှာထား တင်းမာသွားသည်။ အရှင်မင်းကြီးက လိုကျစ်ကွေ့ လာမှာမဟုတ်ဘူးလို့ ပြောခဲ့တာလေ။ အခု ဘယ်လိုလုပ် ရောက်လာတာလဲ။

"အနက်ရောင်နှင်းခဲ မြင်းတပ်ပဲ" ချန်လု တည်ငြိမ်သွားသည်။ "ယုံနင်မှာ မြောက်ဘက်ကနေ မြင်းတပ်အလုံးအရင်းနဲ့ လာနိုင်တာ လိုကျစ်ကွေ့ရဲ့ အနက်ရောင်နှင်းခဲ မြင်းတပ်ပဲ ရှိတယ်"

ဖေ့ယင် မြို့ရိုးပေါ်မှ စစ်သည်များကို အော်ဟစ်လိုက်သည်။ "မလောကြနဲ့။ အရင် ကြည့်ကြရအောင်"

...

"စစ်သေနာပတိချုပ်" လိုကျစ်ကွေ့ရှေ့တွင် ဆက်သားတစ်ဦး ဒူးထောက်ပြီး သတင်းပို့သည်။ "စစ်သူကြီးဖန်း သတင်းပို့ခိုင်းလိုက်ပါတယ်။ ရှေ့မှာ မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေ တိုက်ခိုက်နေကြပါတယ်။ တစ်ညလုံး တိုက်ခိုက်ခဲ့ပုံရပါတယ်။ နှစ်ဖက်စလုံး အထိနာနေကြပါတယ်။ မြို့တော်အောက်မှာ အလောင်းတွေ တောင်လိုပုံနေပါပြီ"

လိုကျစ်ကွေ့ဘေးမှ စစ်သူကြီးများ တီးတိုးဆွေးနွေးနေကြသည်။ မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေ ဘာလို့ တိုက်ခိုက်နေကြလဲ နားမလည်နိုင် ဖြစ်နေကြသည်။

"မြို့တော် အခြေအနေ ဘယ်လိုလဲ" လိုကျစ်ကွေ့ မေးလိုက်သည်။

"မြို့တံခါး ပိတ်ထားပါတယ်" ဆက်သား ဖြေလိုက်သည်။ "ဘာမှမဖြစ်ဘူး ထင်ပါတယ်"

လိုကျစ်ကွေ့ လက်သီးဆုပ်ထားရာမှ ဖြည်းဖြည်းချင်း ဖြေလျော့လိုက်သည်။ မြို့တော် ဘာမှမဖြစ်ဘူးဆိုတာ ကောင်းပါတယ်။ မိန်းကလေးနဉ် မြို့ထဲမှာ ဘေးကင်းကင်း ရှိနေမယ်ဆိုတဲ့ သဘောပေါ့။

"စစ်သေနာပတိချုပ်... ဘယ်လိုလုပ်ကြမလဲ" စုန့်ကျင်း မေးလိုက်သည်။

"ဝင်တိုက်မယ်" လိုကျစ်ကွေ့ အေးစက်စွာ အမိန့်ပေးလိုက်သည်။ "မြောက်ပိုင်းသားပဲဖြစ်ဖြစ်၊ သူပုန်ပဲဖြစ်ဖြစ်... အကုန်သတ်"

မြင်းတပ်ရဲ့ အားသာချက်က မြန်ဆန်မှုပဲ။ ရန်သူတွေကို အရင်သတ်ပြီးမှ ဘာဖြစ်လဲဆိုတာ စဉ်းစားကြတာပေါ့။

"အမိန့်တော်အတိုင်းပါ" စစ်သူကြီးများ ပြိုင်တူ ဖြေကြားလိုက်ကြသည်။

....

"စစ်သူကြီး" မြို့ရိုးပေါ်သို့ စစ်သည်တစ်ဦး ပြေးတက်လာပြီး ဖေ့ယင်နှင့် ချန်လုကို သတင်းပို့သည်။ "တောင်ဘက်က သတင်းရောက်လာပါတယ်။ အကျဉ်းသားချေမှုန်းရေးတပ်ဖွဲ့က အနောက်တောင်ဘက်ကနေ ဝင်လာပြီး သူပုန်တွေနဲ့ တိုက်ခိုက်နေပါပြီတဲ့"

"ယွဲ့ပြည်နယ်မြို့စားအိမ်တော်က စစ်ကူလာတာလား" ချန်လု အံ့ဩသွားပြန်သည်။

ဖေ့ယင် မြို့ရိုးအုတ်ခဲကို လက်သည်းဖြင့် ကုတ်လိုက်ရာ သွေးထွက်မတတ် ဖြစ်သွားသည်။ အရှင်မင်းကြီးက မနေ့ညကမှ ထွက်သွားတာ။ လိုကျစ်ကွေ့နဲ့ ယွဲ့ပြည်နယ်မြို့စားအိမ်တော်က ဒီမနက် ရောက်လာကြတယ်။ အရှင်မင်းကြီးသာ တစ်ညလောက် နောက်ကျပြီးမှ ထွက်သွားရင်... ဖေ့ယင် လက်ကို ပြန်ရုပ်လိုက်သည်။ အရှင်မင်းကြီး မသွားရင်ရော ဘာထူးမှာလဲ။ တစ်သက်လုံး ယောကျာ်းလေးလို ဟန်ဆောင်နေရမှာလား။

"ဒုသခင်လေးဖေ့" ချန်လု ဖေ့ယင်ကို ခေါ်လိုက်သည်။

"မြို့ထဲမှာ စစ်သည် ၂၀၀၀ ချန်ထားခဲ့မယ်" ဖေ့ယင် ပြောလိုက်သည်။ "ကျန်တဲ့စစ်သည်တွေကို တစ်ဝက်စီ ခွဲယူကြမယ်။ အစ်ကိုကြီးချန်က တောင်ဘက်တံခါးက ထွက်။ ကျွန်တော်က မြောက်ဘက်တံခါးက ထွက်မယ်။ အခုအချိန်က မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေကို ညှပ်တိုက်ရမယ့် အချိန်ကောင်းပဲ"

"နှမြောစရာပဲ... အရှင်မင်းကြီးသာ ရှိနေရင်..." ချန်လု သက်ပြင်းချလိုက်သည်။

"အခု ဒါတွေပြောရမယ့်အချိန် မဟုတ်ဘူး" ဖေ့ယင် ဓားရိုးကို ကိုင်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေကို အရင်ရှင်းပစ်လိုက်ရအောင်"

ချန်လု ခေါင်းညိတ်ပြီး ကိုယ်ရံတော်များကိုခေါ်ကာ လူစုရန် ဆင်းသွားလေသည်။

"ဒုသခင်လေးဖေ့" စစ်သည်တစ်ဦး အော်ပြောလိုက်သည်။ "အနက်ရောင်နှင်းခဲ မြင်းတပ် ရန်သူ့စခန်းထဲ ဝင်တိုက်နေပြီ"

ဖေ့ယင် မြို့ပြင်ကို လှမ်းကြည့်လိုက်သည်။ ငွေရောင်သံချပ်ကာ၊ အနက်ရောင်ဝတ်ရုံများနှင့် အနက်ရောင်နှင်းခဲ မြင်းတပ်သည် ရေစီးကြောင်းကြီးကဲ့သို့ မြောက်ပိုင်းသားများနှင့် သူပုန်များကြား တိုးဝင်သွားသည်။

"မြို့ကို ကောင်းကောင်းစောင့်ပါ" ဖေ့ယင် မှာကြားပြီး ကိုယ်ရံတော်များကိုခေါ်ကာ မြို့ရိုးပေါ်မှ ဆင်းသွားလေသည်။

ဖေ့ယင် မြို့ပြင်ထွက်သွားပြီးနောက်မှ အကြီးအကဲလီနှင့် အမတ်များ ရောက်လာကြသည်။ မြို့ရိုးပေါ် တက်ကြည့်လိုက်သောအခါ နေရာတိုင်းတွင် အနက်ရောင်နှင်းခဲ မြင်းတပ်ကို တွေ့လိုက်ရသည်။

"အရှင်မင်းကြီးသာ မြို့ပြင်မထွက်ခဲ့ရင် အခုချိန် ဘာမှဖြစ်မှာ မဟုတ်ဘူး" အမတ်တစ်ဦး တီးတိုးရေရွတ်လိုက်သည်။

အကြီးအကဲလီ ထိုအမတ်ကို ပါးရိုက်လိုက်ပြီး "ကျေးဇူးကန်းတဲ့ကောင်" ဟု ဆဲရေးလိုက်သည်။

အမတ်လေး ကြောင်သွားသည်။

"အရှင်မင်းကြီးသာ မြို့ပြင်မထွက်ခဲ့ရင် မြို့တော် အခုချိန်ထိ ကျန်နေဦးမယ် ထင်လို့လား" အကြီးအကဲလီ အော်ဟစ်လိုက်သည်။ "မင်း အခု အသက်ရှင်နေတာ အရှင်မင်းကြီး ကျေးဇူးကြောင့်ကွ"

အမတ်လေး မျက်နှာရဲတက်သွားပြီး ခေါင်းငုံ့သွားသည်။

"လိုကျစ်ကွေ့" အကြီးအကဲလီ မြို့ပြင်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ "အန်းယွမ်က ဖုန်းကျိုးထက် မြို့တော်နဲ့ ပိုနီးတယ်။ သူက အကျဉ်းသားချေမှုန်းရေးတပ်ဖွဲ့နဲ့ တစ်ရက်တည်း ရောက်လာတယ်ဆိုတော့ အနက်ရောင်နှင်းခဲ မြင်းတပ်က အမြန်ဆုံး မလာခဲ့ဘူးဆိုတဲ့ သဘောပဲ"

"လမ်းမှာ ကြန့်ကြာနေလို့လား" အမတ်တစ်ဦး ခန့်မှန်းလိုက်သည်။

အကြီးအကဲလီ အေးစက်စွာ ပြုံးလိုက်သည်။ အရှင်မင်းကြီးက လိုကျစ်ကွေ့ လာမှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ အကြောင်းမဲ့ ပြောတာတော့ မဟုတ်လောက်ဘူး။ လိုကျစ်ကွေ့သာ သစ္စာရှိရင် အရှင်မင်းကြီး အဲ့လိုပြောမှာ မဟုတ်ဘူး။

"စစ်သေနာပတိချုပ်" ဖန်းထန်သည် ဖေ့ယင်၏ လက်အောက်ငယ်သားများဖြစ်သော လက်ထောက်စစ်သူကြီးဝမ်တို့ကိုခေါ်ပြီး လိုကျစ်ကွေ့ မြင်းရှေ့ ရောက်လာသည်။ "သူတို့က ဖေ့ယင်ရဲ့ လူတွေပါ"

လိုကျစ်ကွေ့ လက်ထောက်စစ်သူကြီးဝမ်ကို ကြည့်ပြီး မေးလိုက်သည်။

"အရှင်မင်းကြီး နေကောင်းလား"

***

All Chapters