← Chapters

ဝံပုလွေဖြူတောင်ကြားတွင် ပြန်ဆုံစည်းခြင်း

Vol. 23 Ch. 366

ဝံပုလွေဖြူတောင်ကြားတွင် ပြန်ဆုံစည်းခြင်း

Vol. 23 Ch. 366

မင်းသား ၃ နှင့် မင်းသား ၅ တို့ တောင်ဘက်မြို့တံခါးဝတွင် မြှားထိပြီး သေဆုံးသွားကြသည်။ နေ့စဉ်ရက်ဆက် လူသေအလောင်းများ မြင်နေရသော မြို့စောင့်တပ်သားများသည် မင်းသားများ သေဆုံးသည်ကိုပင် ထူးဆန်းသည်ဟု မထင်ကြတော့ပေ။ မင်းသားများ သေဆုံးသွားပြီးနောက်ပိုင်းမှ စီးနင်းလာသော မြင်းများကိုပါ မြှားများဖြင့် ပစ်သတ်လိုက်ကြသည်။

အိမ်တော်သို့ ပြန်ရောက်နေပြီဖြစ်သော အကြီးအကဲလီသည် သတင်းကြားလိုက်ရသောအခါ မျက်လုံးမှိတ်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ပြီးမှ သူ့ရှေ့တွင် ရောက်နေသော တပည့်များကို ကြည့်ပြီး ပြောလိုက်သည်။ "မင်းတို့ သခင်ကောင်း ရှာကြတော့"

"ဆရာ" တပည့်များ အံ့ဩတကြီး အော်ခေါ်လိုက်ကြသည်။

အကြီးအကဲလီ လက်ကာပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "သွားကြတော့"

.....

ညရောက်သောအခါ အိမ်တော်ထိန်းက စာကြည့်တိုက်တံခါးကို ခေါက်ပြီး ဝင်လာသည်။ "သခင်ကြီး... နန်းတော်ထဲက သတင်းရထားပါတယ်။ အနက်ရောင်နှင်းခဲ မြင်းတပ်က လူစုနေကြပါပြီတဲ့။ စစ်သူကြီးချန်ကတော့ သူတို့ မြို့ထဲက ထွက်ခွာသွားကြတော့မယ်လို့ ပြောပါတယ်"

စာကြည့်တိုက်ထဲမှ အကြီးအကဲလီ၏ အသံထွက်ပေါ်လာသည်။ "အင်း"

အိမ်တော်ထိန်းသည် စာကြည့်တိုက်ထဲမှ ဖယောင်းတိုင်မီးရောင်ကို မော့ကြည့်လိုက်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားလေသည်။

....

လိုကျစ်ကွေ့သည် ပန်းခြံထဲတွင် ရပ်လျက် လက်ထဲမှ ကျောက်စိမ်းပြားလေးကို ကိုင်ကြည့်နေသည်။ ယင်းလေကို ပေးခိုင်းလိုက်သော ကျောက်စိမ်းပြားလေးဖြစ်သည်။ ပန်းခင်းထဲတွင် ပြန်ကောက်ရခဲ့သော ကျောက်စိမ်းပြားလေး။ မိန်းကလေးနဉ်က သူ့ကို စွန့်ပစ်ခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။

"စစ်သေနာပတိချုပ် ပန်းခြံထဲမှာ ရှိနေတုန်းပဲလား" စစ်သူကြီးများ ခြံဝင်းတံခါးဝတွင် ရပ်လျက် ချောင်းကြည့်နေကြသည်။ ဘယ်သူမှ ဝင်မသွားရဲကြပေ။

"ဖူဝမ်နဲ့ မင်းသား ၄ တို့ ထွက်ပြေးသွားကြပြီ" ဖန်းထန် ပြောလိုက်သည်။ "မင်းသား ၃ နဲ့ ၅ ကတော့ ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်လက်ချက်နဲ့ သေကုန်ပြီ။ စုန့်ကျင်း... စစ်သေနာပတိချုပ်က ဘာမှမပြောတော့ဘူးလား"

စုန့်ကျင်း အချိန်အတော်ကြာ တွေးတောနေပြီးမှ စစ်သူကြီးများကို အပြင်မှာ စောင့်ခိုင်းထားပြီး သူတစ်ယောက်တည်း ဝင်သွားလိုက်သည်။

ခြေသံကြားတော့ လိုကျစ်ကွေ့ ကျောက်စိမ်းပြားလေးကို လက်သီးဆုပ်ထားလိုက်သည်။

"စစ်သေနာပတိချုပ်" စုန့်ကျင်း လိုကျစ်ကွေ့အနောက်တွင် ရပ်လိုက်ပြီး မေးလိုက်သည်။ "ကျွန်တော်တို့ ဆက်နေမလား၊ ထွက်သွားမလား။ စစ်သေနာပတိချုပ် ဆုံးဖြတ်ပေးပါဦး"

"အရှင်မင်းကြီးတောင် မရှိတော့တာ ငါတို့က ဘာဆက်လုပ်ရမှာလဲ" လိုကျစ်ကွေ့ ပြန်ဖြေလိုက်သည်။

လိုကျစ်ကွေ့ စကားပြန်ပြောသည်ကို ကြားလိုက်ရတော့ စုန့်ကျင်း ဝမ်းသာသွားသည်။ စကားပြောတယ်ဆိုတာ စိတ်သက်သာရာ ရသွားပြီဆိုတဲ့ သဘောပဲ။

"ငါ သေလို့ရမလား" လိုကျစ်ကွေ့ လှည့်ကြည့်ပြီး မေးလိုက်သည်။

ဝမ်းသာနေသော စုန့်ကျင်း ကြောင်သွားသည်။ ဒူးထောက်ချလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ "စစ်သေနာပတိချုပ်... ဘာစကား ပြောလိုက်တာလဲ"

"ငါ သေလို့မရဘူး" လိုကျစ်ကွေ့ ခြံဝင်းတံခါးဝဆီ လျှောက်လှမ်းသွားသည်။ "ငါ့ဘဝက ငါ့သဘောအတိုင်း နေလို့မရဘူး"

လိုကျစ်ကွေ့၏အသံက အေးစက်တည်ငြိမ်နေသော်လည်း စုန့်ကျင်းကတော့ ဝမ်းနည်းသံများ ပါဝင်နေသည်ကို ခံစားမိလိုက်သည်။

"ဒီညချင်း ထွက်ခွာကြမယ်" လိုကျစ်ကွေ့ လှည့်မကြည့်ဘဲ အမိန့်ပေးလိုက်သည်။

ကျောက်စိမ်းပြားလေးက လက်ထဲတွင် နွေးထွေးနေသော်လည်း လိုကျစ်ကွေ့၏ ရင်ထဲတွင်တော့ အေးစက်ခြောက်ကပ်နေသည်။ စစ်သူကြီးများက "စစ်သေနာပတိချုပ်" ဟု ခေါ်ဆိုကာ ဝိုင်းရံထားကြသော်လည်း လိုကျစ်ကွေ့ကတော့ အထီးကျန်ဆန်နေသည်။

အကြီးအကဲလီသည် မိုးလင်းသည်အထိ စာကြည့်တိုက်ထဲတွင် ထိုင်နေသည်။ နောက်ဆုံးတွင် စာရွက်ဖြူပေါ်တွင် "တိုင်းပြည်ဖရိုဖရဲ" ဟူသော စာလုံးလေးလုံးကို ရေးချလိုက်သည်။

....

မနက်ခင်းရောက်သောအခါ အမတ်ကတော် ဝင်လာသည်။ စာရွက်ပေါ်မှ စာလုံးများကိုကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "အရှင်မင်းကြီးသာရှိနေရင် တိုင်းပြည်က ဒီလိုဖြစ်လာမှာ မဟုတ်ဘူး"

အကြီးအကဲလီ ဘာမှပြန်မပြောဘဲ စာရွက်ကိုလိပ်ပြီး မီးရှို့လိုက်သည်။

စာရွက်ပြာကျသွားသည်ကို ကြည့်ပြီး အမတ်ကတော် ပြောလိုက်ပြန်သည်။ "မနေ့က လိုကျစ်ကွေ့ ထိုက်ဟွာနန်းဆောင်ထဲမှာ အကြာကြီး ထိုင်နေခဲ့တယ်လို့ ကြားတယ်"

"သူက ထိုင်ရဲသေးတယ်လား" အကြီးအကဲလီ ဒေါသထွက်သွားသည်။

"သူ့မှာလည်း အခက်အခဲ ရှိကောင်းရှိမှာပေါ့" အမတ်ကတော် ဝင်ပြောသည်။

"ဟုတ်တယ်" အကြီးအကဲလီ အေးစက်စွာ ပြောလိုက်သည်။ "သူ့ကို အားကိုးနေရတဲ့လူတွေ အများကြီး ရှိတယ်လေ။ သူသာ ဧကရာဇ်ဖြစ်ရင် သူ့နောက်လိုက်တွေ၊ သူ့တူတွေ၊ သူ့သားစဉ်မြေးဆက်တွေ ကောင်းစားကြမှာ။ ဒါပေမဲ့ အဲ့ဒီလူအုပ်ကြီးထဲမှာ အရှင်မင်းကြီးအတွက် နေရာမရှိခဲ့ဘူး"

အမတ်ကတော် ခင်ပွန်းသည်၏ကျောပြင်ကို ပွတ်သပ်ပေးလိုက်သည်။ "ဘယ်လို ဆက်လုပ်ကြမလဲ"

"စောင့်ကြည့်ရမှာပေါ့" အကြီးအကဲလီ ပြောလိုက်သည်။ "နောက်ဆုံးကျ ဒီတိုင်းပြည်က ဘယ်သူ့လက်ထဲ ရောက်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့"

အမတ်ကတော် သက်ပြင်းချလိုက်ပြန်သည်။

"အရှင်မင်းကြီးနဲ့ ယင်းဖုန်းတို့အတွက် စက္ကူပိုက်ဆံ၊ အမွှေးတိုင်တွေ များများ ပြင်ဆင်ထားလိုက်ပါ" အကြီးအကဲလီ မီးကိုငြှိမ်းသတ်လိုက်ပြီး တိုးတိုးလေး မှာကြားလိုက်သည်။ "၇ ရက်ပြည့်ရင် သူတို့အတွက် ရည်စူးပြီး မီးရှို့ပူဇော်ပေးရမယ်"

အမတ်ကတော် ခေါင်းညိတ်လိုက်သည်။ မီးစာကုန်သွားသော မီးတိုင်မှ မီးခိုးငွေ့တန်းလေး ထွက်ပေါ်လာသည်ကို မြင်သောအခါ "မီးခိုးလို လွင့်ပါးပျောက်ကွယ်ခြင်း" ဆိုတဲ့ စကားလုံးကို သတိရသွားသည်။

ယုံနင်မင်းဆက်သည် မီးခိုးငွေ့လို လွင့်ပါးပျောက်ကွယ်သွားလေပြီ။

.....

တစ်လခန့် ကြာသောအခါ တိုင်းပြည်အနှံ့ စစ်ပွဲများ ဖြစ်ပွားလာသည်။

နောက်ထပ် တစ်လခန့် ကြာသောအခါ နယ်စပ်ဒေသတွင် နှင်းများကျဆင်းနေသည်။ နဉ်ရှောင်ယောင်းသည် ပါးစပ်ထဲမှ နှင်းများကို ထွေးထုတ်လိုက်ပြီး ယင်းဖုန်းတို့ကို ပြောလိုက်သည်။ "ရှေ့က ဝံပုလွေဖြူတောင်ကြား ဖြစ်လောက်တယ်"

ယင်းဖုန်းတို့ လှမ်းကြည့်လိုက်သော်လည်း နှင်းများမှလွဲ၍ ဘာမှမမြင်ရပေ။

"လိုကျင်းက ဝံပုလွေဖြူတောင်ကြားထဲက အမဲလိုက်စခန်းမှာရှိနေတာ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အခုပဲ သွားမလား။ ကင်းသွားထောက်ဦးမလား"

ယင်းယွီ မေးလိုက်သည်။ "မိုဒူးရဲ့ အမဲလိုက်စခန်းဆိုတော့ အစောင့်တွေ ရှိမှာပေါ့"

"ရှိမှာပေါ့ဟ" နဉ်ရှောင်ယောင်း သကြားလုံးတစ်လုံး ပါးစပ်ထဲပစ်ထည့်ရင်း ပြောလိုက်သည်။ "အစောင့်မရှိဘဲ နေမလား"

ယင်းယွီ ကိုယ့်အမေးကိုယ် ပြန်စဉ်းစားပြီး ရယ်မောလိုက်သည်။ "ကျွန်တော် သွားကြည့်လိုက်မယ်"

"ငါပဲ သွားလိုက်မယ်" နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။ "နင်တို့ ဘယ်သူမှ ငါ့လောက် မမြန်ဘူး"

အားလုံး: "..." ဝန်မခံချင်ပေမယ့် ဒါ အမှန်တရားပါပဲ။

"ငါ အရင်သွားနှင့်မယ်။ ခဏလေးနဲ့ ပြန်လာခဲ့မယ်" နဉ်ရှောင်ယောင်း မြင်းမစီးဘဲ ခြေလျင်ပြေးထွက်သွားသည်။

နှင်းတောထဲ လှိမ့်နေသော ရှောင်ပိုင်သည် နဉ်ရှောင်ယောင်း ထွက်သွားသည်ကိုမြင်တော့ အော်ဟစ်လိုက်ပြီး ဘောင်းဘီစကို ကိုက်ဆွဲထားလိုက်သည်။

နဉ်ရှောင်ယောင်း ရှောင်ပိုင်ကို ပွေ့ချီလိုက်ပြီး "သာ့ဖုန်းတို့နဲ့ နေခဲ့လို့ မရဘူးလား" ဟု မေးလိုက်သည်။

"သူက ငါ့ကို စားတော့မှာ" ရှောင်ပိုင် ယင်းလေကို လက်ညှိုးထိုးပြပြီး တိုင်တောလိုက်သည်။

နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်ပြီး ရှောင်ပိုင်ကို ပွေ့ချီကာ ထွက်ခွာသွားသည်။ ယင်းလေခေါင်းပေါ် ရှူးပေါက်ချပြီးကတည်းက ယင်းလေက သူ့ကိုကင်စားမယ်လို့ ကြိမ်းဝါးနေတာ အခုထိ အသက်ရှင်နေသေးတာ ကံကောင်းလို့ပဲ။

သိမ်းငှက်လေး အားမင် ကောင်းကင်ပေါ် ပျံတက်ပြီး လမ်းပြပေးသည်။

နဂါးအစောင့်တပ်သားများ ကြည့်နေကြသည်။ အရှင်မင်းကြီးက ရှောင်ပိုင်ကို ပွေ့ချီ၊ ခေါင်းပေါ်မှာ ကြွက်ဖြူလေးတင်၊ ပခုံးပေါ်မှာ ကြောင်နက်ကြီးတင်ပြီး ပြေးထွက်သွားတာကို ကြည့်ပြီး ပြုံးမိကြသည်။

"ငါ့သိုင်းပညာက မိန်းကလေးတစ်ယောက်လောက်တောင် မကောင်းပါလား" ယင်းလေ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

ယင်းဖုန်း ယင်းလေ၏ခေါင်းကို ရိုက်လိုက်သည်။ မင်းတို့က မိန်းကလေးတစ်ယောက်လောက် မတော်ဘူးဆိုတာ ထုတ်ပြောနေစရာ လိုလို့လား။

ယင်းလေ အရိုက်ခံရတာ မြင်တော့ တခြားနဂါးအစောင့်တပ်သားများ သဘောကျပြီး ရယ်မောကြသည်။ နန်းတော်ထဲမှာ မနေရတော့ စိတ်လွတ်လပ်ပေါ့ပါးသွားသလို ခံစားရသည်။

"ငါတို့ ဒီမှာပဲ စောင့်နေကြမလား" ယင်းယွီ မေးလိုက်သည်။

"မြင်းပေါ်တက်ကြ" ယင်းဖုန်း အမိန့်ပေးလိုက်သည်။ "လိုက်သွားမယ်" အရှင်မင်းကြီးကို မမှီရင်တောင် အနောက်ကနေ လိုက်သွားရမယ်လေ။ အရှင်မင်းကြီးတစ်ယောက်တည်း လွှတ်ထားလို့ ဖြစ်ပါ့မလား။

နှင်းမုန်တိုင်း တိုက်ခတ်လာသဖြင့် ယင်းဖုန်းတို့ မျက်လုံးဖွင့်လို့မရအောင် ဖြစ်နေသည်။

.....

နဉ်ရှောင်ယောင်းကတော့ နှင်းမုန်တိုင်းကို ဂရုမစိုက်ပေ။ အားမင်ကို တခြားပခုံးတစ်ဖက် ပြောင်းတင်လိုက်ပြီး ဝံပုလွေဖြူတောင်ကြားရှေ့ ရောက်သည်အထိ တာစူပြေးလိုက်သည်။ တောင်ကြားဝတွင် လူမတွေ့သဖြင့် အထဲဝင်သွားလိုက်သည်။

"ကျယ်လိုက်တာ" ယိုကွမ့် အင်္ကျီကော်လာကြားမှ ခေါင်းပြူထွက်ကြည့်ပြီး ပြောလိုက်သည်။

ဝံပုလွေဖြူတောင်ကြားက အလွန်ကျယ်ဝန်းသည်။ အဆုံးမမြင်ရအောင် ဖြူဖွေးနေသည်။

"ရှေ့မှာ လူရှိတယ်" နဉ်ရှောင်ယောင်း နားစွင့်ကြည့်လိုက်သည်။ "ငါတို့နဲ့တော့ ဝေးသေးတယ်"

"ဒီမှာ ဝံပုလွေမှ မရှိတာ" လောင်တ မေးလိုက်သည်။ "ဘာလို့ ဝံပုလွေဖြူတောင်ကြားလို့ ခေါ်တာလဲ"

"ငါ ဘယ်သိမလဲ" နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်သည်။ ငါလည်း ပထမဆုံးရောက်ဖူးတာပဲလေ။

တောင်ကြားနံရံပေါ်မှ ဝံပုလွေအူသံများ ကြားလိုက်ရသည်။

နဉ်ရှောင်ယောင်း: "..."

ယိုကွမ့် ပြောလိုက်သည်။ "လောင်တ... ဝံပုလွေရှိလို့ ဝံပုလွေဖြူတောင်ကြားလို့ ခေါ်တာပေါ့"

လောင်တ: "..." ငါက စပ်စုကြည့်ရုံပါ။ ဝံပုလွေတွေကို မတွေ့ချင်ပါဘူး။

မီးခိုးရောင်ဝံပုလွေအချို့ တောင်နံရံပေါ်မှ ခုန်ဆင်းလာပြီး နဉ်ရှောင်ယောင်းတို့ကို ကြောင်ကြည့်နေကြသည်။

"မင်္ဂလာပါ" နဉ်ရှောင်ယောင်း လက်ပြနှုတ်ဆက်လိုက်သည်။

"ဒီကောင်မလေး ကြည့်ရတာ တုံးမယ့်ပုံပဲ" ဝံပုလွေတစ်ကောင်က ပြောလိုက်သည်။ "ကိုက်သတ်ပြီး စားလိုက်ရင် ကောင်းမလား"

နဉ်ရှောင်ယောင်း: "..." ဒီလောက်တောင် ရက်စက်ရလား။

"ကြည့်ရတာ တုံးမယ့်ပုံပဲ" ဘယ်ဘက်မျက်လုံးကန်းနေသော ဝံပုလွေတစ်ကောင်က နဉ်ရှောင်ယောင်းကို အကဲခတ်ပြီး သုံးသပ်လိုက်သည်။

"နင်တို့တစ်ဆွေလုံး တုံးတာ" နဉ်ရှောင်ယောင်း ဒေါသထွက်သွားသည်။

ဝံပုလွေများ လန့်ဖျပ်သွားကြသည်။ ဒီကောင်မလေးက သူတို့စကား နားလည်တာလား။

ဝံပုလွေဖြူ ၃ ကောင်နှင့် မီးခိုးရောင်ဝံပုလွေ ၁၀ ကောင်ကျော် တောင်နံရံပေါ်မှ ခုန်ဆင်းလာပြီး နဉ်ရှောင်ယောင်းကို ဝိုင်းထားလိုက်ကြသည်။

"ငါတို့ ပြေးလို့လွတ်ပါ့မလား" လောင်တ မေးလိုက်သည်။

နဉ်ရှောင်ယောင်း ရှေ့ဆုံးက ဝံပုလွေဖြူကြီးကို ကြည့်ပြီး ပြောလိုက်သည်။ "ငါ ဒီဝံပုလွေကို မြင်ဖူးသလိုပဲ"

"နင် နယ်စပ်ရောက်ဖူးလို့လား" လောင်တ နဉ်ရှောင်ယောင်းကို ရိုက်လိုက်သည်။ ဒီကောင်မလေး ဘယ်တော့မှ ဉာဏ်ကောင်းလာမှာလဲ။

"အွန်း" ရှောင်ပိုင် နဉ်ရှောင်ယောင်းရင်ခွင်ထဲ မျက်နှာအပ်လိုက်သည်။ "ရှောင်ယောင်း... ငါ ကြောက်တယ်"

နဉ်ရှောင်ယောင်း စိတ်ပျက်သွားသည်။ နင်လည်း ဝံပုလွေဖြူပဲလေ။

"ရှောင်ယောင်း?" ဝံပုလွေဖြူကြီး လှမ်းခေါ်လိုက်သည်။

"ထောင်ဇီ?" နဉ်ရှောင်ယောင်း ပြန်ခေါ်လိုက်သည်။

ဝံပုလွေဖြူကြီး နဉ်ရှောင်ယောင်းအနား ပြေးလာပြီး ဝမ်းသာအားရ ပြောလိုက်သည်။ "တကယ်ပဲ ရှောင်ယောင်းပါလား"

"ဟူး..." နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ ဝံပုလွေအုပ်နဲ့ တိုက်ခိုက်စရာ မလိုတော့ဘူး။

"လောင်တ?" ထောင်ဇီ လောင်တကို ကြည့်လိုက်သည်။

"မြောင်" လောင်တ နှုတ်ဆက်လိုက်သည်။

ထောင်ဇီ နဉ်ရှောင်ယောင်းပွေ့ထားသော ရှောင်ပိုင်ကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "ရှောင်ယောင်း... ဒါ ငါ့သားလား"

"ဟုတ်တယ်... ဟုတ်တယ်" နဉ်ရှောင်ယောင်း ရှောင်ပိုင်ကို ချပေးလိုက်သည်။ "ရှောင်ပိုင်... ကြည့်စမ်း။ ဒါ နင့်အမေလေ"

ရှောင်ပိုင် မြေကြီးပေါ် ဝပ်လျက် ခေါင်းကိုဝှက်ထားသည်။ တင်ပါးထောင်ထားပြီး လက်သည်းတွေနဲ့ မျက်နှာအုပ်ထားကာ ဝံပုလွေဖြူကြီးကို ချောင်းကြည့်နေသည်။

"ဒါက ငါ့ရဲ့ နောက်ထပ်သားတစ်ကောင်လား" အနောက်က ဝံပုလွေဖြူတစ်ကောင် ရောက်လာပြီး မေးလိုက်သည်။

"ဒါက ညီလေးလား" နောက်ထပ် ဝံပုလွေဖြူအသေးတစ်ကောင် ရောက်လာပြီး မေးလိုက်သည်။ "ဘာလို့ တုန်နေတာလဲ"

လောင်တ နဉ်ရှောင်ယောင်းကို တိုးတိုးလေး မေးလိုက်သည်။ "နင် သူ့သားကို ဒီလိုအဖြစ်မျိုးရောက်အောင် လုပ်ထားတာ ထောင်ဇီက နင့်ကို ကိုက်သတ်မလား မသိဘူး"

နဉ်ရှောင်ယောင်း: (⊙_⊙;) တမင်လုပ်တာ မဟုတ်ဘူးလို့ ပြောရင် ထောင်ဇီ ယုံပါ့မလား။

"ရှောင်ပိုင်?" ထောင်ဇီ ရှောင်ပိုင်၏ ခေါင်းကို ပုတ်လိုက်သည်။ "နာမည်က ရှောင်ပိုင်လား"

ရှောင်ပိုင် တိုးတိုးလေး ထူးလိုက်သည်။

"သူက ဝလိုက်တာ" ရှောင်ပိုင်၏ အစ်ကိုဖြစ်သူက တင်ပါးကို ပုတ်လိုက်ရာ ရှောင်ပိုင် လဲကျသွားသည်။

"ငါတို့ ပြေးရင် ကောင်းမလား" ယိုကွမ့် အကြံပြုလိုက်သည်။ ထောင်ဇီက ရှောင်ယောင်းကို ကိုက်သတ်တော့မှာ သေချာတယ်။

***

All Chapters