← Chapters

ဝံပုလွေအုပ်ကြီး တိုက်ခိုက်ခြင်း

Vol. 23 Ch. 367

ဝံပုလွေအုပ်ကြီး တိုက်ခိုက်ခြင်း

Vol. 23 Ch. 367

"ငါ ရှင်းပြနိုင်ပါတယ်" နဉ်ရှောင်ယောင်း ခေါင်းငုံ့ပြီး ထောင်ဇီ၊ သူ့သားကြီး၊ အဖေဝံပုလွေတို့ကို ကြည့်ကာ တောင်းပန်လိုက်သည်။ "ရှောင်ပိုင်ကို ဒီလိုဖြစ်အောင် လုပ်ခဲ့မိတာ တောင်းပန်ပါတယ်"

"ကျေးဇူးတင်ပါတယ်" ထောင်ဇီကတော့ နဉ်ရှောင်ယောင်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။ "ရှောင်ပိုင်ကို ပြုစုပျိုးထောင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"

"ငါ မှားသွားပါတယ်" နဉ်ရှောင်ယောင်း ငိုချင်လာသည်။ သူ တမင်လုပ်တာ မဟုတ်ပါဘူး။

ထောင်ဇီ နဉ်ရှောင်ယောင်းအနား တိုးကပ်လာပြီး နှာခေါင်းဖြင့် နဉ်ရှောင်ယောင်း၏ မျက်နှာကို ပွတ်သပ်ပေးလိုက်သည်။ ဘေးနားရှိ ဝံပုလွေဖြူကြီးကို ပြောလိုက်သည်။ "ဒါ ငါပြောတဲ့ ရှောင်ယောင်းလေ။ သူက ငါ့ကို ကယ်တင်ပေးခဲ့တယ်။ ရှောင်ပိုင်ကိုလည်း ကယ်တင်ပေးခဲ့တယ်"

ဝံပုလွေဖြူကြီး နဉ်ရှောင်ယောင်းကို ကြည့်ပြီး "ငါ့နာမည် ဝေ ပါ" ဟု မိတ်ဆက်လိုက်သည်။

"ငါ့နာမည် နဉ်ရှောင်ယောင်းပါ" နဉ်ရှောင်ယောင်း လက်ပြနှုတ်ဆက်လိုက်သည်။

"ငါ့နာမည် ယိုကွမ့်"

"လောင်တ"

"အားမင်"

တိရစ္ဆာန်လေးများလည်း မိတ်ဆက်လိုက်ကြသည်။

"ငါ့နာမည် ဝူ ပါ" ရှောင်ပိုင်၏ အစ်ကိုကြီးက မိတ်ဆက်လိုက်သည်။

နဉ်ရှောင်ယောင်း မြေကြီးပေါ် ဝပ်နေသော ရှောင်ပိုင်ကို ကြည့်လိုက်သည်။ ဝေ... ဝူ... နာမည်တွေနဲ့ လိုက်ဖက်ပါပေတယ်။

"သတ္တိနည်းနည်း နည်းနေတာကလွဲရင် ကျန်တာ အဆင်ပြေပါတယ်" ဝေ က ရှောင်ပိုင်ကို ရိုက်ပြီး လှိမ့်လိုက်သည်။ "ရက်နည်းနည်း လေ့ကျင့်ပေးလိုက်ရင် ကောင်းသွားမှာပါ"

"အင်း" ထောင်ဇီ ထောက်ခံလိုက်သည်။

နဉ်ရှောင်ယောင်းနှင့် တိရစ္ဆာန်လေးများ ရှောင်ပိုင်ကို သနားကရုဏာသက်စွာ ကြည့်လိုက်ကြသည်။ ရှောင်ပိုင်တော့ ဒုက္ခရောက်ပြီ။

"ရှောင်ယောင်း" ရှောင်ပိုင် မြေကြီးပေါ်မှ ထလာပြီး နဉ်ရှောင်ယောင်းဆီ ပြေးလာသည်။

ဝူ က လက်သည်းဖြင့် ရိုက်ချလိုက်ရာ ရှောင်ပိုင် ပြန်လဲကျသွားသည်။

နဉ်ရှောင်ယောင်းတို့ ဟိုဘက်လှည့်ကြည့်လိုက်ကြသည်။ မမြင်ချင်ယောင် ဆောင်နေလိုက်ကြသည်။ သနားပေမယ့် ဝင်မပါရဲကြဘူး။

ရှောင်ပိုင် ငိုမဲ့မဲ့ ဖြစ်သွားသည်။ "နင်တို့ ဒီလိုမလုပ်ကြပါနဲ့"

"ရှောင်ယောင်း... ဒီကို ဘယ်လိုရောက်လာတာလဲ" ထောင်ဇီ နဉ်ရှောင်ယောင်းရှေ့တွင် ထိုင်ပြီး မေးလိုက်သည်။

"ရှေ့က အမဲလိုက်စခန်းထဲက လူတစ်ယောက်ကို လာကယ်တာ" နဉ်ရှောင်ယောင်း အရေးကြီးကိစ္စ ပြောပြလိုက်သည်။ "ထောင်ဇီ... အဲ့ဒီစခန်းထဲမှာ လိုကျင်းဆိုတဲ့လူရှိတယ်လို့ ကြားဖူးလား"

ထောင်ဇီ ခေါင်းခါပြလိုက်ပြီး ဝေ ကို ကြည့်လိုက်သည်။

ဝေ က သူ့နောက်လိုက်တွေကို မေးလိုက်သည်။ "မင်းတို့ သိကြလား"

ဝံပုလွေတွေ အကုန်လုံး ခေါင်းခါလိုက်ကြသည်။

"သူက ကျွန်" နဉ်ရှောင်ယောင်း ရှင်းပြသည်။ "မျက်နှာပျက်စီးနေတယ်။ လျှာဖြတ်ခံထားရတယ်။ ညာဘက်လက်နဲ့ ဘယ်ဘက်ခြေထောက် ကျိုးနေတယ်"

ဝေ ခေါင်းစောင်းလိုက်ပြီး မေးလိုက်သည်။ "ယုံနင်လူမျိုးလား"

"ဟုတ်တယ်" ယိုကွမ့် ဖြေလိုက်သည်။

"အဲ့ဒီလိုလူမျိုး ရှိတယ်" ဝေ ပြောပြသည်။ "၁၀ ရက်၊ ၁၅ ရက်လောက်ကြာမှ တစ်ခါ အပြင်ထွက်ခွင့်ရတယ်။ ငါတို့ သူ့ကို မြင်ဖူးတယ်။ သူ့မျက်နှာက ဟိုင်းနားထက်တောင် ရုပ်ဆိုးသေးတယ်"

"သူ့မျက်နှာက ဖျက်ဆီးခံထားရလို့ပါ" နဉ်ရှောင်ယောင်း ကာကွယ်ပြောလိုက်သည်။ "လိုကျင်းက အရင်တုန်းက အရမ်းချောတာ"

"အပြင်ထွက်ခွင့်ရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ" လောင်တ အဓိကအချက်ကို မေးလိုက်သည်။ "သူက ပုံမှန်ဆိုရင် အပြင်မထွက်ရဘူးလား"

"သူ့ကို မြေအောက်ခန်းထဲမှာ ဖမ်းထားတာ" ဝေ ပြောပြသည်။ "သူ့ကို ကယ်ချင်ရင် မြေအောက်ခန်းထဲ ဆင်းရလိမ့်မယ်"

"အန္တရာယ်များတယ်" ထောင်ဇီ သတိပေးလိုက်သည်။

နဉ်ရှောင်ယောင်း လက်ဖြန့်ပြီး နှင်းပွင့်လေးတွေကို ခံလိုက်သည်။ "ဒီလိုရာသီဥတုမျိုးမှာ မြောက်ပိုင်းသားတွေက လိုကျင်းကို အပြင်ထွက်ခွင့်ပေးမှာ မဟုတ်ဘူး"

"သူ အသက်ရှင်နေတာက သေတာထက် ပိုဆိုးတယ်" ဝေ ပြောလိုက်သည်။ "ရှောင်ယောင်း... ငါ သွားပြီး ကိုက်သတ်ပေးရမလား"

နဉ်ရှောင်ယောင်း: "..." မလုပ်ပါနဲ့။

"အထဲမှာ မြောက်ပိုင်းသားတွေ အများကြီးရှိလား" လောင်တ မေးလိုက်သည်။

"အများကြီးပဲ" ဝေ ဖြေလိုက်သည်။ "ဒါပေမဲ့ ငါ့ဝံပုလွေအုပ်လောက် မများပါဘူး"

"ဝေ က ဒီဒေသရဲ့ ဝံပုလွေဘုရင်လေ" ထောင်ဇီ ဂုဏ်ယူစွာ ပြောပြသည်။

ခင်ပွန်းသည်က ဝံပုလွေဘုရင်ဖြစ်ပါလျက်နဲ့ ထောင်ဇီက ဘာလို့ မြို့တော်နားက တောအုပ်ထဲမှာ သွားမွေးရတာလဲ။ နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။ ခါးလောက်ရှိတဲ့ ဝေ ကို ကြည့်လိုက်ပြီး မမေးတော့ဘူးလို့ ဆုံးဖြတ်လိုက်သည်။

"ငါ ကူညီပေးရမလား" ဝေ မေးလိုက်ပြန်သည်။

"ငါ သူ့ကို အသက်ရှင်စေချင်တာ" နဉ်ရှောင်ယောင်း လက်သီးဆုပ်လိုက်သည်။ "မကိုက်သတ်လို့ မရဘူးလား"

ဝေ နှင့် ထောင်ဇီ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဝံပုလွေတွေက ကျေးဇူးသိတတ်ကြသည်။ ဝေ က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "ကောင်းပြီလေ။ ဒါဆို ပွဲကြီးပွဲကောင်း လုပ်ကြတာပေါ့"

"ပွဲကြီးပွဲကောင်း?"

"ငါ ဝံပုလွေအုပ်ကိုခေါ်ပြီး စခန်းကို ဝင်တိုက်ခိုင်းမယ်။ ရှောင်ယောင်း... နင်က အခွင့်ကောင်းယူပြီး မြေအောက်ခန်းထဲဆင်း လူကယ်ပေါ့" ဝေ အစီအစဉ်ဆွဲလိုက်သည်။ "ဝူ က မြေအောက်ခန်း ဘယ်မှာရှိလဲ သိတယ်။ သူ လမ်းပြပေးလိမ့်မယ်"

"အထဲက မြောက်ပိုင်းသားတွေကို အကုန်ကိုက်သတ်မလို့လား" အားမင် မေးလိုက်သည်။

"အကုန်လုံးတော့ မဖြစ်နိုင်ဘူး" ဝေ က လက်တွေ့ကျကျ တွေးတတ်သည်။

နဉ်ရှောင်ယောင်း စိတ်အေးသွားသည်။ အကုန်ကိုက်သတ်ရင် အရမ်းရက်စက်ရာကျနေဦးမယ်။

"နင် ဘယ်လိုလုပ်မလဲ" ဝေ မေးလိုက်သည်။

"နင်တို့ ဘာလို့ ဒီရောက်နေတာလဲ" နဉ်ရှောင်ယောင်း ပြန်မေးလိုက်သည်။ ဝံပုလွေတွင်းက တောင်နံရံပေါ်မှာတော့ မရှိလောက်ပါဘူး။

ဝေ တိတ်ဆိတ်သွားသည်။ ကြည့်ရတာ ရှက်နေပုံရသည်။ "ဘာဖြစ်တာလဲ" နဉ်ရှောင်ယောင်း ထောင်ဇီကို မေးလိုက်သည်။

"နှင်းကျနေပြီဆိုတော့ ဝံပုလွေလေးတွေ အသက်ရှင်ဖို့ အသားလိုတယ်လေ။ ဒါကြောင့် ဒီည စခန်းကို သွားတိုက်မလို့" ထောင်ဇီ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။

"နင် လာတာ အချိန်ကိုက်ပဲ" ဝေ နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

နဉ်ရှောင်ယောင်းလည်း အချိန်ကိုက်ပဲလို့ ထင်မိသည်။ "နင်တို့ လူသားတွေကို ဖမ်းစားမလို့လား"

"လူသားအသားက သိုးသား၊ နွားသားလောက် မကောင်းပါဘူး" ဝေ ကဲ့ရဲ့သလို ပြောလိုက်သည်။

နဉ်ရှောင်ယောင်း စကားမပြောရဲတော့ပေ။

"ဒီည ငါတို့နဲ့ လိုက်ခဲ့မလား" ထောင်ဇီ ဖိတ်ခေါ်လိုက်သည်။

"ကောင်းပြီ" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

"လူတွေ လာနေပြီ" ကင်းစောင့်နေသော ဝံပုလွေတစ်ကောင် အော်ဟစ်သတိပေးလိုက်သည်။

"နေဝင်ရင် ဒီနေရာမှာ ပြန်တွေ့ကြမယ်" ဝေ နဉ်ရှောင်ယောင်းနှင့် ချိန်းဆိုလိုက်ပြီး နဉ်ရှောင်ယောင်းဆီ ပြေးသွားနေသော ရှောင်ပိုင်ကို ကိုက်ချီကာ ဝံပုလွေအုပ်ကို ဦးဆောင်ပြီး ထွက်ခွာသွားလေသည်။

"ရှောင်ယောင်း... အွန်း..." ရှောင်ပိုင် သနားစဖွယ် အော်ဟစ်ကျန်ရစ်ခဲ့သည်။

"ညကျမှ တွေ့မယ်။ မိဘစကား နားထောင်နော်" နဉ်ရှောင်ယောင်း လှမ်းအော်လိုက်သည်။ မိသားစုပြန်ဆုံစည်းနေတာကို သူမက ဘာအကြောင်းပြချက်နဲ့ ခေါ်ထားရမှာလဲ။

....

ယင်းဖုန်းတို့ မြင်းစီးပြီး ရောက်လာကြသည်။ နှင်းတွေဖုံးနေပေမယ့် ဝံပုလွေခြေရာတွေကို မြင်နေရသေးသဖြင့် သတိထားနေကြသည်။ မြင်းပေါ်ကဆင်းပြီး နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ "ဝံပုလွေတွေ ရောက်လာသေးလား"

"ရှောင်ပိုင်ရဲ့ မိဘတွေ ရောက်လာတာ" နဉ်ရှောင်ယောင်း သက်ပြင်းချပြီး ပြောပြသည်။ "သူတို့ ရှောင်ပိုင်ကို ခေါ်သွားကြပြီ"

ယင်းဖုန်းတို့ အံ့ဩသွားကြသည်။ မြို့တော်နားက ကောက်ရတဲ့ ဝံပုလွေလေးရဲ့မိဘတွေက နယ်စပ်မှာ ရှိနေတာလား။ ဆန်းကြယ်လိုက်တာ။

"ရှောင်ပိုင်ရဲ့အဖေက ဒီဒေသရဲ့ ဝံပုလွေဘုရင်လေ။ ဒီလောက်ကြီးတယ်" နဉ်ရှောင်ယောင်း ဝေ ၏ အရွယ်အစားကို လက်ဖြင့် ပြလိုက်သည်။ "ငါ သူနဲ့ သဘောတူညီမှု ရခဲ့တယ်။ ဒီည သူတို့ဝံပုလွေအုပ်က စခန်းကို ဝင်လုယက်မယ်။ ငါတို့က မြေအောက်ခန်းထဲဝင်ပြီး လူကယ်ကြမယ်"

"အစ်မကြီးက ဝံပုလွေနဲ့ စကားပြောခဲ့တာလား" ယင်းယွီ မေးလိုက်သည်။

"အင်း" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

နဂါးအစောင့်တပ်သားများ ဘာပြောရမှန်း မသိတော့ပေ။ သူတို့အစ်မကြီးက ဝံပုလွေနဲ့တောင် စကားပြောတတ်နေပြီလား။

"မှောင်တဲ့အထိ စောင့်ကြတာပေါ့" နဉ်ရှောင်ယောင်း လက်ခါပြလိုက်သည်။ "ထမင်းချက်ဖို့ နေရာရှာကြရအောင်။ ငါ ဗိုက်ဆာနေပြီ"

ယင်းဖုန်းတို့ ဘာမှမပြောနိုင်တော့ဘဲ နဉ်ရှောင်ယောင်းနောက် လိုက်ပါသွားကြသည်။

"တကယ်ကြီးလား" ယင်းလေ အစ်ကိုဖြစ်သူကို တိုးတိုးလေး မေးလိုက်သည်။

"ညကျရင် ဝံပုလွေတွေ တကယ်ရောက်လာရင် ငါတို့လည်း လိုက်ဝင်ကြတာပေါ့" ယင်းဖုန်း ဖြေလိုက်သည်။

ယင်းလေ ခေါင်းညိတ်လိုက်သည်။ ရိုးရှင်းပါတယ်။ ဘာစဉ်းစားနေစရာ လိုလို့လဲ။

.....

နေဝင်ပြီးနောက် နှင်းမုန်တိုင်း တိုက်ခတ်နေဆဲ။ ဝံပုလွေဖြူတောင်ကြားထဲမှ ဝံပုလွေအူသံ ထွက်ပေါ်လာသည်။ လေက ဝံပုလွေအူသံကို သယ်ဆောင်သွားပြီး တောင်ကြားတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ကြက်သီးထစရာ ကောင်းလှသည်။

"ဘုရားရေ... ဝံပုလွေတွေ အများကြီးပဲ" နဂါးအစောင့်တပ်သားတစ်ဦး လန့်ဖျပ်သွားသည်။ ဝံပုလွေတွေက သူတို့ကို မစားဘူးဆိုတာ သိပေမယ့် ဓားရိုးကို လက်တင်မိသွားသည်။

ယင်းဖုန်းတို့ ၄ ယောက်လည်း ထိုနည်းတူစွာပင်။

"ရှောင်ယောင်း... အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်" ဝေ နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"အင်း" နဉ်ရှောင်ယောင်း လက်ကမ်းပေးလိုက်သည်။

ဝေ နဉ်ရှောင်ယောင်းလက်ကို ကြည့်ပြီး နားမလည်ဟန်ပြသည်။

ဪ... ဟုတ်သားပဲ။ နဉ်ရှောင်ယောင်း သတိရသွားသည်။ ဒါ ရှောင်ပိုင် မဟုတ်ဘူးလေ။ ဝံပုလွေဘုရင်က လူတွေလို လက်ဆွဲနှုတ်ဆက်တတ်ပါ့မလား။ ရှက်ရှက်နဲ့ လက်ပြန်ရုတ်လိုက်ပြီး "ဝေ... နင်တို့လည်း ဂရုစိုက်နော်။ မြောက်ပိုင်းသားတွေကလည်း ကြမ်းတယ်" ဟု ပြောလိုက်သည်။

"ငါ သိပါတယ်။ ငါတို့ လုပ်နေကျပါ" ဝေ ပြောလိုက်သည်။

နဉ်ရှောင်ယောင်း ခံစားလိုက်ရသည်။ မြောက်ပိုင်းသားတွေလည်း မလွယ်ပါလား။

"ရှောင်ယောင်း... ငါ နင်တို့ကို အနောက်ဘက်ကနေ ပတ်ခေါ်သွားမယ်" ဝူ ရှေ့ထွက်လာပြီး ပြောလိုက်သည်။

"ရှောင်ပိုင်ရော" နဉ်ရှောင်ယောင်း မေးလိုက်သည်။

"သူ အသိုက်ထဲမှာ ရှိတယ်။ ဒီကောင်လေးက သတ္တိမရှိလို့ ငါတို့နဲ့ မလိုက်နိုင်ဘူး" ဝေ ဖြေလိုက်သည်။

နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်သည်။ ရှောင်ပိုင်အကြောင်း ဆက်မပြောတာ ကောင်းမယ်။ ဝေ နဲ့ ထောင်ဇီကို အားနာစရာကောင်းတယ်။

....

တောင်ကြားဝတွင် ဝံပုလွေအူသံများ ကြားလိုက်ရသဖြင့် စခန်းထဲမှလူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

"ငါ ထင်သားပဲ" စခန်းတာဝန်ခံ ဒေါသတကြီး ပြောလိုက်သည်။ "နှင်းကျတာနဲ့ ဒီကောင်တွေ ရောက်လာတော့တာပဲ။ ယောက်ျားလေးတွေ အဆင်သင့်ပြင်ထားကြ။ ဒီကောင်တွေကို သတ်ပစ်မယ်"

စခန်းထဲတွင် စစ်ဗုံသံများ ထွက်ပေါ်လာသည်။

လူသားတွေ တန်းစီနေချိန်မှာ ဝံပုလွေအုပ်ကြီး စခန်းခြံစည်းရိုးအပြင်ဘက်သို့ ရောက်ရှိလာသည်။ အမည်းရောင် အကောင်ကြီးတွေ အများကြီးမို့ တောင်ကြားတစ်ခုလုံး ပြည့်နေသလိုပင်။

နဉ်ရှောင်ယောင်းတို့အဖွဲ့ ဝေ နောက်လိုက်ပြီး စခန်းအနောက်ဘက် ခြံစည်းရိုးနား ရောက်လာသည်။ ဒီနေရာမှာ လူတူးထားတဲ့ မြောင်းနက်ကြီးရှိနေလို့ ဝံပုလွေတွေ မခုန်ကျော်နိုင်ဘူး။ ဒါကြောင့် အစောင့်မရှိဘူး။

"ရှောင်ယောင်း... နင်တို့ တက်နိုင်ပါ့မလား။ ငါ့အမေက နင် တော်တယ်လို့ ပြောတယ်" ဝူ မေးလိုက်သည်။

"အေးဆေးပါ" နဉ်ရှောင်ယောင်း ဝူ ကို ပွေ့ချီလိုက်ပြီး မြောင်းနက်ကြီးကို ခုန်ကျော်လိုက်သည်။

ဝူ လူသားတစ်ယောက်နဲ့ ဒီလောက်နီးကပ်စွာ မနေဖူးသဖြင့် ကြက်သီးထသွားသည်။ ခြံစည်းရိုးထဲရောက်မှ စိတ်သက်သာရာရသွားပြီး "ရှောင်ယောင်း... နင် ပျံတတ်တာလား" ဟု အံ့ဩတကြီး မေးလိုက်သည်။

ယင်းဖုန်းတို့လည်း ခြံစည်းရိုးကျော်ဝင်လာကြသည်။

ဝူ ကြောင်သွားသည်။ "နင်တို့အားလုံး ပျံတတ်ကြတာလား"

"ငါတို့ လူသားတွေမှာ အတောင်ပံမှ မပါတာ။ ဘယ်လိုလုပ် ပျံတတ်မှာလဲ။ ဒါ သိုင်းပညာလို့ ခေါ်တယ်" နဉ်ရှောင်ယောင်း ဝူ ၏ ခေါင်းကို ပုတ်လိုက်သည်။ "မြေအောက်ခန်း ဘယ်မှာလဲ သွားကြစို့"

"သွားမယ်" ဝူ စိတ်အားထက်သန်စွာဖြင့် ရှေ့က ဦးဆောင်ပြေးထွက်သွားသည်။

ရှေ့ဘက်မှ ဝံပုလွေအူသံရှည်ကြီး ထွက်ပေါ်လာသည်။ ထို့နောက် ဝံပုလွေအုပ်ကြီး အူသံများ၊ လူသားများ၏ အော်ဟစ်သံများ ဆူညံသွားသည်။

"တိုက်ပွဲစပြီ" ဝူ ပြောလိုက်သည်။

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ အသံကြားတာနဲ့ သိသာနေတာပဲ။

"ဒီမှာ ဘာလို့ လူမတွေ့ရတာလဲ" ယင်းဖုန်း မေးလိုက်သည်။

"သူတို့က မိန်းမတွေ၊ ကလေးတွေနဲ့ လူအိုတွေကို မြေအောက်ခန်းထဲ ဖှက်ထားကြတာ" ဝူ ပြောပြသည်။ "သတ္တိမရှိတဲ့ လူသားတွေ"

ယင်းယွီ မေးလိုက်သည်။ "အစ်မကြီး... ဒီဝံပုလွေက အစ်မကြီးနဲ့ စကားပြောနေတာလား"

နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။ ဘာသာပြန်ပေးလို့ မရဘူးလေ။

ဝူ က နဉ်ရှောင်ယောင်းတို့ကို စခန်းအလယ်ပိုင်းသို့ ခေါ်ဆောင်သွားသည်။ သစ်သားအိမ်အိုတန်းလေးရှေ့တွင် ရပ်လိုက်ပြီး ပြောသည်။ "အစေခံတွေက အိမ်ထဲမှာနေကြတယ်။ ကျွန်တွေကတော့ အိမ်နောက်က မြေအောက်ခန်းထဲမှာ နေကြတယ်"

နဉ်ရှောင်ယောင်း ယင်းဖုန်းကို ကြည့်လိုက်သည်။ လူတွေ့ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားလာသည်။ လိုကျင်း ဘယ်လိုအခြေအနေရှိနေလဲ မသိဘူး။

***

All Chapters