နှင်းမုန်တိုင်းကြားမှ နွေးထွေးမှု
Vol. 23 Ch. 368
"ဟိုအိမ်နောက်မှာ" နဉ်ရှောင်ယောင်း လက်ညှိုးထိုးပြလိုက်သည်။
ယင်းဖုန်း နဉ်ရှောင်ယောင်းကို အနောက်မှာထားပြီး ကာကွယ်ပေးလိုက်သည်။ နဉ်ရှောင်ယောင်းက ယင်းဖုန်းအနောက်မှ ခေါင်းပြူထွက်ကြည့်လိုက်ရာ သစ်သားအိမ်တံခါးတစ်ချပ် ဟသွားပြီး ညစ်ပတ်နေသော အမျိုးသမီးတစ်ဦးက သူတို့ကို ကြောင်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"တွေ့သွားပြီ" နဉ်ရှောင်ယောင်း အာမေဋိတ်သံ ထွက်သွားသည်။
နဂါးအစောင့်တပ်သားတစ်ဦး လေးတင်လိုက်သည်။
အမျိုးသမီးက တံခါးကို အမြန်ပြန်ပိတ်လိုက်သည်။
"ယင်းယွီ... တပ်သားတချို့ခေါ်ပြီး ဒီမှာနေခဲ့" ယင်းဖုန်း အမိန့်ပေးလိုက်သည်။ "အထဲကလူ အော်ရင် သတ်ပစ်လိုက်"
"အမိန့်အတိုင်းပါ" ယင်းယွီ နေရာယူလိုက်သည်။
နဉ်ရှောင်ယောင်းကတော့ အိမ်ထဲကလူတွေ မအော်ဖို့ပဲ ဆုတောင်းနေမိသည်။ ဝူ နောက်လိုက်ပြီး အိမ်အနောက်ဘက်သို့ ပြေးသွားလိုက်သည်။
နှင်းတွေကြားထဲမှာ သစ်သားတိုင်လေးတစ်တိုင် ထောင်နေသည်။ ဝူ က အဲ့ဒီနားမှာ ရပ်လိုက်ပြီး "ဒီနေရာပဲ" ဟု ပြောလိုက်သည်။
နဉ်ရှောင်ယောင်း နှင်းတွေကို ယက်ထုတ်လိုက်တော့ ကျောက်ပြားကြီးတစ်ချပ် ပေါ်လာသည်။
"ဖွင့်ဖို့ ခလုတ်ရှိမယ်ထင်တယ်" ယင်းလေ ဘေးနားမှာ ထိုင်ပြီး ရှာဖွေနေသည်။
နဉ်ရှောင်ယောင်းကတော့ စိတ်မရှည်တော့ပေ။ ကျောက်ပြားကို လက်နဲ့ကိုင်ပြီး မ,တင်ကာ ဘေးကို လှိမ့်ချလိုက်သည်။
နဂါးအစောင့်တပ်သားများ: "..." အရှင်မင်းကြီးရဲ့ ခွန်အားကို မြင်ရတိုင်း အံ့ဩနေရတုန်းပဲ။
ကျောက်ပြားဖယ်လိုက်တော့ တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။ အထဲမှာ မှောင်မည်းနေပြီး အေးစက်စက် လေငွေ့တွေ ထွက်နေသည်။
"ဒါ လူနေတဲ့နေရာ ဟုတ်ရဲ့လား" တပ်သားတစ်ဦး ရေရွတ်လိုက်သည်။
နဉ်ရှောင်ယောင်း နားစွင့်ကြည့်လိုက်သည်။ "အထဲမှာ လူတစ်ယောက်တည်းရှိတယ်"
"ကျွန်တော် ဆင်းသွားလိုက်မယ်" ယင်းဖုန်း အောက်ဆင်းရန် ပြင်လိုက်သည်။
"ငါပဲ သွားလိုက်မယ်" နဉ်ရှောင်ယောင်းက လှေကားကိုမသုံးဘဲ တွင်းထဲ ခုန်ဆင်းသွားသည်။
ဝူက နှင်းပြင်ပေါ် ဝပ်နေလိုက်သည်။ ရှောင်ယောင်း လူကယ်လာရင် ပြန်ခေါ်သွားပေးရဦးမယ်။
တွင်းထဲတွင် အနံ့အသက်ဆိုးရွားနေသော်လည်း ဖုတ်ကောင်အနံ့နဲ့ ယဉ်ပါးနေတဲ့ နဉ်ရှောင်ယောင်းအတွက်တော့ ဘာမှမဖြစ်ပေ။ ညာဘက်ထောင့်စွန်းတွင် လူတစ်ယောက် ကွေးကွေးလေး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ အရပ်ရှည်သော်လည်း ပိန်ချုံးနေသည်။ နဉ်ရှောင်ယောင်း ခြေသံကျယ်ကျယ်ပေးလိုက်သော်လည်း လှုပ်မလာပေ။
နားလေးနေတာလား။
နဉ်ရှောင်ယောင်း အနားသွားပြီး ဆံပင်တွေကို ဖယ်ကြည့်လိုက်သည်။ မျက်နှာတစ်ခုလုံး မီးလောင်ဒဏ်ရာတွေနဲ့ ပြည့်နေသည်။ အသားအရေတွေက မည်းနက်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။ နှာခေါင်း၊ ပါးစပ်တွေ ပုံပျက်ပန်းပျက်ဖြစ်နေပြီး နှုတ်ခမ်းမရှိတော့သဖြင့် သွားတွေ ပေါ်နေသည်။ ဖုတ်ကောင်ထက်တောင် ရုပ်ဆိုးနေသေးသည်။
ထိုလူ လှုပ်ရှားလာသော်လည်း အသံမထွက်နိုင်ပေ။
"အစ်ကိုကြီး လိုကျင်း" နဉ်ရှောင်ယောင်း ခေါ်လိုက်သည်။
လိုကျင်းဆိုတဲ့နာမည်ကြားတော့ ထိုလူ တုန်လှုပ်သွားသည်။
"ငါက ယုံနင်လူမျိုးပါ။ လာကယ်တာပါ" နဉ်ရှောင်ယောင်းက ယူလာသော စောင်ဖြင့် လိုကျင်းကို ပတ်ပေးလိုက်သည်။
လိုကျင်း စောင်ထဲတွင် လှုပ်ရှားနေသည်။ စကားပြောချင်သော်လည်း အားမရှိသဖြင့် အသံမထွက်နိုင်ရှာပေ။
နဉ်ရှောင်ယောင်းက ကိုယ်ဝန်ရှိနေသဖြင့် စွမ်းအားကျဆင်းနေသည်။ လိုကျင်း၏မျက်နှာကို ကုသပေးလိုက်သော်လည်း ဒဏ်ရာများ ချက်ချင်း မပျောက်ကင်းသွားပေ။
"ကိစ္စမရှိပါဘူး" နဉ်ရှောင်ယောင်း လိုကျင်းကို ပွေ့ချီလိုက်သည်။ "လူတိုင်း ဘဝမှာ အခက်အခဲတွေ ကြုံရတာပဲလေ။ စိတ်မပူပါနဲ့။ ငါ ရှိနေသရွေ့ ဘာမှမဖြစ်စေရဘူး"
လိုကျင်း နဉ်ရှောင်ယောင်း၏ပခုံးပေါ်တွင် ငြိမ်သက်နေသည်။
နှလုံးခုန်သံကြားနေရသဖြင့် နဉ်ရှောင်ယောင်း စိတ်အေးသွားသည်။ အသက်ပြင်းပြင်းရှူပြီး တွင်းဝဆီ ခုန်တက်လိုက်သည်။
ယင်းဖုန်းတို့ စောင့်နေကြသည်။ နဉ်ရှောင်ယောင်း စောင်ပတ်ထားသော လူတစ်ယောက်ကို ထမ်းပြီး တက်လာသည်ကို မြင်သောအခါ ဝိုင်းကူကြသည်။
"ဒါ လိုကျင်းလား" တပ်သားတစ်ဦး မေးလိုက်သည်။
"အသက်ရှင်သေးရဲ့လား" နောက်တစ်ဦးက မေးလိုက်သည်။
"အင်း" နဉ်ရှောင်ယောင်း ခေါင်းညိတ်ပြလိုက်သည်။ "မြန်မြန် သွားကြစို့"
သူတို့အဖွဲ့ ခြံစည်းရိုးဘက် ပြန်ပြေးကြသည်။ သစ်သားအိမ်တန်းရှေ့ရောက်တော့ အစောင့်ကင်းလှည့်နေသော မြောက်ပိုင်းသားတစ်ဖွဲ့နှင့် ပက်ပင်းတိုးမိကြသည်။
"မင်းတို့ ဘယ်သူတွေလဲ" ခေါင်းဆောင်အစောင့်က အော်ဟစ်မေးမြန်းလိုက်သည်။
ဝူ မာန်ဖီလိုက်သည်။
နှင်းတွေကြားထဲမှာဆိုတော့ ဝံပုလွေဖြူကို သတိမထားမိကြပေ။ နဉ်ရှောင်ယောင်းတို့ကိုပဲ အာရုံစိုက်နေကြသည်။
"ဝံပုလွေ... ဝံပုလွေ ဝင်လာတယ်" အစောင့်တစ်ဦး အော်ဟစ်ပြီး ထွက်ပြေးသွားသည်။
နဉ်ရှောင်ယောင်းတို့ မြောက်ပိုင်းစကား နားမလည်ပေမယ့် လူသွားခေါ်တယ်ဆိုတာ ရိပ်မိလိုက်သည်။
ဝူက ထွက်ပြေးသွားသော အစောင့်နောက် လိုက်သွားသည်။
ယင်းဖုန်းတို့လည်း လက်နက်ထုတ်ပြီး တိုက်ခိုက်ကြသည်။
နဉ်ရှောင်ယောင်းက လိုကျင်းကို ထမ်းထားရလို့ မတိုက်ခိုက်နိုင်ပေ။ ဒါပေမဲ့ အဝေးက မီးရောင်တွေ မြင်လိုက်ရတော့ ငြိမ်နေလို့ မဖြစ်တော့မှန်း သိလိုက်သည်။
"သွားတော့" ယင်းဖုန်းလည်း မီးရောင်တွေ မြင်လိုက်သဖြင့် နဉ်ရှောင်ယောင်းကို အော်ပြောလိုက်သည်။
"ကူထမ်းပေးဦး" နဉ်ရှောင်ယောင်း လိုကျင်းကို ဘေးနားက တပ်သားတစ်ဦးဆီ လွှဲပေးလိုက်သည်။
တပ်သားက လိုကျင်းကို လှမ်းဖမ်းလိုက်သည်။ လှည့်ကြည့်လိုက်တော့ အရှင်မင်းကြီးက သစ်သားအိမ်ကို စူးစမ်းနေတာ တွေ့လိုက်ရသည်။
"ရှောင်ကြ" တပ်သားက အော်ဟစ်သတိပေးလိုက်သည်။
အိမ်ထဲမှာ လူမရှိတာ သေချာတော့ နဉ်ရှောင်ယောင်း သစ်သားအိမ်ကို မ,ပြီး မြောက်ပိုင်းသားတွေဆီ ပစ်ပေါက်လိုက်သည်။
ဝူ လန့်သွားပြီး ကိုက်ထားတဲ့လူကို လွှတ်ကာ ယင်းဖုန်းတို့ဘက် ပြန်ပြေးလာသည်။
မြောက်ပိုင်းသားတွေကတော့ ဝူလောက် မမြန်ဆန်ကြဘူး။ သစ်သားအိမ် ပိမိသွားကြသည်။
"မြန်မြန်... မြန်မြန်... ပြေးကြ" နဉ်ရှောင်ယောင်း အော်ဟစ်လိုက်သည်။
အားလုံး ခြံစည်းရိုးဘက် ပြေးကြသည်။
....
မြောက်ပိုင်းသား အကူအဖွဲ့ ရောက်လာတော့ သစ်သားအိမ်အပျက်အစီးပုံကိုပဲ တွေ့လိုက်ရသည်။
"မြေအောက်ခန်းကို သွားကြည့်ကြ" ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။
နဉ်ရှောင်ယောင်း လိုကျင်းကို ပြန်ထမ်းပြီး ခြံစည်းရိုးကို ကျော်တက်လိုက်သည်။
ဝူကိုတော့ ယင်းဖုန်းက ပင့်တင်ပေးလိုက်သည်။
ခြံစည်းရိုးဟိုဘက်ရောက်တော့ မြောက်ပိုင်းသားတွေ အော်ဟစ်သံ ကြားလိုက်ရသည်။ ကျွန် လွတ်သွားပြီတဲ့။
"ယုံနင်သားတွေ အနောက်ဘက်က ဝင်လာတာလား" တာဝန်ခံက သတင်းကြားပြီး လန့်သွားသည်။
"ယုံနင်သားတွေ မဟုတ်ရင် ဘယ်သူက ယုံနင်ကျွန်ကို လာကယ်မှာလဲ" မြောက်ပိုင်းသားတစ်ဦး ဒေါသတကြီး ပြောလိုက်သည်။ "ဒီကျွန် လွတ်သွားရင် ဝံပုလွေဘုရင်က ငါတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
အရှေ့မှာ ဝံပုလွေ၊ အနောက်မှာ ယုံနင်သားတွေ။ တာဝန်ခံ ခေါင်းမီးတောက်နေပြီ။
"လိုက်ဖမ်းကြ" တာဝန်ခံ စိတ်ထိန်းပြီး အမိန့်ပေးလိုက်သည်။
မြောက်ပိုင်းသားတစ်ဦးက လက်ညှိုးထိုးပြလိုက်သည်။ "ကြည့်ပါဦး"
အရှေ့ဘက်မှာ လူနဲ့ ဝံပုလွေ တိုက်ခိုက်နေကြတာ ကလေးစစ်သည်တွေပါ ပါဝင်နေရတဲ့အထိ ပြင်းထန်နေပြီ။ လူခွဲပြီး လိုက်ဖမ်းခိုင်းရင် ကျန်တဲ့လူတွေ ဝံပုလွေစာ ဖြစ်ကုန်တော့မှာပေါ့။
တာဝန်ခံ စကားမပြောနိုင်တော့ပေ။
"လူတစ်ဖွဲ့ လျော့သွားပြီ" အသက်ကြီးတဲ့ မြောက်ပိုင်းသားတစ်ဦးက ပြောလိုက်သည်။ "နောက်ထပ်တစ်ဖွဲ့ ထပ်လွှတ်လိုက်ရင် မီပါ့မလား။ မီရင်ရော နိုင်ပါ့မလား။ သေခါနီး ကျွန်တစ်ယောက်အတွက်နဲ့ တန်ပါ့မလား"
အဖြေက ရှင်းနေသည်။ မတန်ပါဘူး။
"ဒီကျွန်က ဖျားပြီး သေသွားပြီလို့ ပြောလိုက်ကြမလား" မြောက်ပိုင်းသားတစ်ဦး အကြံပြုလိုက်သည်။
"မင်း ရူးနေလား" တာဝန်ခံ ဒေါသထွက်သွားသည်။ "ဝံပုလွေဘုရင်ကို လိမ်ရဲတယ်လား"
အကြံပေးတဲ့လူက အကန်ခံလိုက်ရပေမယ့် မလှုပ်မယှက်ဘဲ ပြန်ပြောလိုက်သည်။ "ဒါဆို ဘယ်လိုလုပ်မလဲ" ပြောပြီး ဓားကိုင်ကာ ဝံပုလွေနှစ်ကောင်ဆီ ပြေးထွက်သွားသည်။
ကျန်တဲ့လူတွေ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။
"ကျွန်တစ်ယောက်အတွက်နဲ့ မိန်းမတွေ၊ ကလေးတွေ၊ လူအိုတွေကို ဝံပုလွေစာ ကျွေးပစ်လိုက်ရမလား" နောက်ထပ် မြောက်ပိုင်းသားတစ်ဦး ပြောလိုက်သည်။
"အခု ဝံပုလွေဘုရင်က စခန်းထဲမှာမှ မရှိတာ"
တာဝန်ခံ ဆုံးဖြတ်ချက်ချလိုက်သည်။ "ကျွန်က ဖျားပြီး သေသွားတယ်။ အလောင်းကို ဝံပုလွေ စားသွားတယ်လို့ ပြောလိုက်မယ်"
အားလုံး သဘောတူလိုက်ကြသည်။
"ဝံပုလွေ... နောက်ထပ် ဝံပုလွေတွေ ရောက်လာပြန်ပြီ" ခြံစည်းရိုးဘက်မှ အော်ဟစ်သံ ကြားလိုက်ရပြန်သည်။
ဝံပုလွေအုပ်ကြီး ရောက်ရှိလာသည်။ အမှောင်ထဲတွင် ဝံပုလွေမျက်လုံးများ စိမ်းဖန့်ဖန့် အရောင်တောက်နေပြီး နှင်းပြင်ကြီးတစ်ခုလုံး ပြည့်နှက်နေသည်။
တာဝန်ခံ ခြံစည်းရိုးဘက် ပြေးသွားသည်။ ကျွန်ကိစ္စ မစဉ်းစားနိုင်တော့ဘူး။ ဝံပုလွေတွေ ဝင်မလာနိုင်အောင် တားဖို့က အရေးကြီးဆုံးပဲ။
"ဝံပုလွေတွေ ဝင်လာပြီ"
အော်ဟစ်သံနှင့်အတူ ဝံပုလွေတစ်ကောင် ခြံစည်းရိုးကို ဖောက်ဝင်လာသည်။ အနောက်မှ ထောင်သောင်းချီသော ဝံပုလွေများ လိုက်ပါလာကြသည်။
"လူတွေကို ဂရုမစိုက်နဲ့" ဝေ က အနောက်မှ အမိန့်ပေးလိုက်သည်။ "နွားတွေ၊ သိုးတွေက ငါတို့ရဲ့ သားကောင်တွေပဲ"
ဝံပုလွေအုပ်ကြီး တိရစ္ဆာန်ခြံဘက်သို့ ပြေးသွားကြသည်။ ဒီနေရာကို ရင်းနှီးနေပုံရသည်။ ပထမဆုံးအကြိမ်လာတာ မဟုတ်လောက်ဘူး။
"ဝံပုလွေဖြူ" ခြံစည်းရိုးပေါ်မှ မြောက်ပိုင်းသားတစ်ဦး ဝေ ကို လက်ညှိုးထိုးပြပြီး အော်ဟစ်လိုက်သည်။ "ဝံပုလွေဖြူကြီး"
"သတ်... အဲ့ဒီဝံပုလွေဖြူကို သတ်ပစ်" တာဝန်ခံ အော်ဟစ်အမိန့်ပေးလိုက်သည်။
နဉ်ရှောင်ယောင်းတို့အဖွဲ့ တောင်ကြားဝရောက်မှ အမောဖြေကြသည်။
ဝူ က နဉ်ရှောင်ယောင်းအနား ရောက်လာပြီး "ငါတို့ အသိုက်ကို အရင်သွားကြစို့" ဟု ပြောလိုက်သည်။
နဉ်ရှောင်ယောင်း တောင်ကြားထဲ လှမ်းကြည့်လိုက်သည်။ လူနဲ့ ဝံပုလွေ တိုက်ပွဲသံတွေက သနားစရာ ကောင်းလိုက်တာ။
"လင်းတတွေ" ယင်းယွီ ကောင်းကင်ကို မော့ကြည့်ပြီး ပြောလိုက်သည်။
"သူတို့ သွေးနံ့ရနေပြီ" ဝူ လည်း မော့ကြည့်လိုက်သည်။ "ရှောင်ယောင်း... မြန်မြန်သွားကြစို့။ စခန်းကလူတွေ လိုက်လာလိမ့်မယ်"
"သွားကြစို့" ယင်းဖုန်း ပြောလိုက်သည်။ "ဒါက မြောက်ပိုင်းသားတွေနဲ့ ဝံပုလွေတွေရဲ့ ကိစ္စပဲ။ ငါတို့ ဝင်မပါတာ ကောင်းမယ်"
နဉ်ရှောင်ယောင်း ခြေဆောင့်လိုက်ပြီး "သွားမယ်" ဟု ပြောလိုက်သည်။
ဝူ ဦးဆောင်ပြီး ထွက်ခွာသွားသည်။
ယင်းလေ အနောက်မှ တိုးတိုးလေး မေးလိုက်သည်။ "ငါတို့ ဝံပုလွေတွင်းကို သွားကြမှာလား"
ယင်းဖုန်း လှည့်ကြည့်ပြီး မျက်စောင်းထိုးလိုက်သည်။
ယင်းလေ ပါးစပ်ပိတ်သွားသည်။ ဝံပုလွေတွင်းဆိုလည်း ဝံပုလွေတွင်းပေါ့။ အရှင်မင်းကြီးက ဒီက ဝံပုလွေတွေနဲ့ ရင်းနှီးနေပုံရတာပဲ။ ပြီးတော့... ယင်းလေ အင်္ကျီကော်လာကို ဆွဲလိုက်သည်။ အရှင်မင်းကြီးက ဝံပုလွေနဲ့ တကယ် စကားပြောတတ်တာလား။
နဉ်ရှောင်ယောင်း လိုကျင်း၏မျက်နှာကို ကိုင်ကြည့်လိုက်သည်။ လက်ချောင်းလေးတွေကြားက အစိမ်းရောင်အလင်းတန်းလေးတွေ လိုကျင်းရဲ့ အရေပြားထဲ စီးဝင်သွားသည်။
နှင်းမုန်တိုင်း တိုက်ခတ်နေသည်။ နှင်းတွေက ဒူးလောက် နစ်နေသည်။ ဒါပေမဲ့ လိုကျင်း ခန္ဓာကိုယ်ထဲမှာ နွေးထွေးမှုကို ခံစားလိုက်ရသည်။ နှစ်ပေါင်းများစွာ မခံစားခဲ့ရတဲ့ နွေးထွေးမှုမျိုးပေါ့။
***