← Chapters

အခန်း (၃၂၁)

Vol. 32 Ch. 321

အခန်း (၃၂၁)

Vol. 32 Ch. 321

အခန်း။ ၃၂၁

"အားလုံး သေချာနားထောင်ကြ အခုအချိန်ကစပြီး ငါတို့အားလုံး စည်းလုံးညီညွတ်ရမယ်။ မင်းတို့သာ ငါ့စကားကို နားထောင်မယ်ဆိုရင် ငါမင်းတို့ကို မိသားစုတွေနဲ့ ပြန်ဆုံနိုင်အောင် အသက်ရှင်လျက် ခေါ်ထုတ်သွားမယ်လို့ အာမခံတယ်။ ဒါပေမဲ့... မင်းတို့ထဲက တစ်ယောက်ယောက်ကသာ သစ္စာဖောက်ပြီး အမိန့်ကို ဖီဆန်မယ်ဆိုရင်တော့ အဲဒီနံရံမှာ ချိတ်ထားတဲ့ အလောင်းတွေထက် ပိုပြီး ရုပ်ပျက်ဆင်းပျက် သေစေရမယ်လို့ ငါအာမခံတယ်"

ယွင်ရှန်းသည် အသက်အရွယ်အားဖြင့် ငယ်ရွယ်သော်လည်း ယခုအချိန်တွင် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး လူအများအား ရိုသေစေသည်။ အသိပညာနည်းပါးပြီး အားကိုးရာမဲ့နေသော ရွာသားများအတွက်မူ ဤကဲ့သို့ ပြတ်သားသော အာဏာရှိသည့် ခေါင်းဆောင်တစ်ဦးမှာ မဖြစ်မနေ လိုအပ်သည်။

ယွင်ရှန်း၏ လုပ်ဆောင်ချက်များသည် ဂူအတွင်းရှိ ရွာသားတိုင်း၏ စိတ်နှလုံးအတွင်းထိ ထိတ်လန့်မှုကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ထိုထိတ်လန့်မှုနှင့်အတူ အသက်ရှင်သန်လိုသည့် ပြင်းပြသော ဆန္ဒမှာလည်း ဒွန်တွဲ၍ ပေါ်ပေါက်လာခဲ့သည်။ ယွင်ရှန်း၏ မှော်စွမ်းအားနှင့် သူမ၏ စကားလုံးတိုင်းမှာ ခြောက်သွေ့နေသော ရွာသားများ၏ စိတ်ဓာတ်များအပေါ်သို့ ကျရောက်လာသည့် မိုးရေပမာ ဖြစ်နေပြီး သူတို့ကို မျှော်လင့်ချက်အလင်းရောင် တစ်ဖန်ပြန်၍ ရရှိစေခဲ့သည်။

မည်သူမျှ နောက်ထပ် အသံမထွက်ရဲကြတော့ပေ။ သူတို့သည် လျှိုကျိဖခင်၏ ညွှန်ကြားချက်အတိုင်း တန်းစီကြပြီး မိသားစုဝင်များ၊ သူငယ်ချင်းများကို တွဲကူလျက် ဆေးဖက်ဝင်အပင်များနှင့် အစားအစာများကို လာရောက်ထုတ်ယူကြတော့သည်။

တစ်ညတာအတွင်းမှာပင် ဂူအတွင်းရှိ စည်းစနစ်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ဤအချက်ကို အပြင်ဘက်ရှိ လျှို့ဝှက်လူသားများမှာ လုံးဝပင် မသိရှိကြချေ။

ယွင်ရှန်းတို့ မိုင်းတွင်းသို့ အဖမ်းခံရပြီးနောက် တစ်ရက်နှင့် တစ်ည ကုန်လွန်သွားခဲ့သည်။

"တပ်မှူး... ကျိုးရွာက လူတွေ အဖမ်းခံလိုက်ရပါပြီ။ သူတို့နောက်ကို လိုက်သွားတဲ့ ကျွန်တော်တို့လူတွေက ညွှန်ကြားထားတဲ့အတိုင်း မြွေကို မလှန့်မိအောင် သတိထားပြီး စောင့်ကြည့်ခဲ့ကြပါတယ်။ ဖမ်းသွားတဲ့သူတွေက မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်စုဖြစ်ပြီး သူတို့ရဲ့ အထောက်အထားကိုတော့ မသိရသေးပါဘူး။ သူတို့ဆီမှာ ပျံသန်းနိုင်တဲ့ မိစ္ဆာသားရဲတွေ အများကြီးရှိပြီး တောင်ဘက်က နန်ယမြို့နဲ့ နီးတဲ့ ထန်ယွမ်နိုင်ငံဘက်ကို ပျံသွားကြတာပါ"

ယွင်ရှန်းတို့ အဖမ်းခံရသည့်ညမှာပင် ကျိုးရွာအနီး၌ ချုံခိုနေသော အမဲလိုက်အဖွဲ့ဝင်များက နန်ယမြို့ရှိ တည်းခိုခန်းသို့ သတင်းချက်ချင်း ပေးပို့ခဲ့သည်။ ယန်ချန်းလန်နှင့် အခြားသူများမှာလည်း ထိုနေရာတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ကြသည်မှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်သည်။

"ငါ့ရဲ့ လင်းနို့တွေကလည်း အဲဒီမိစ္ဆာသားရဲတွေနောက်ကို လိုက်ပြီး မိုင်းတွင်းဧရိယာကို ရှာတွေ့ထားပြီးပြီ။ ငါ့သခင်မလေးရဲ့ ထက်မြက်မှုနဲ့ဆိုရင်တော့ အကြီးအကျယ် ပြဿနာမရှိနိုင်ဘူးလို့ ထင်တာပဲ။ ဒါပေမဲ့ ပြောပါဦး... ယန်လေးရာ ငါတို့ အခု ဘာလုပ်ကြမလဲ"

ဘေးကင်းစေရန်အတွက် ယွင်ရှန်းက ကျုံးရန်အား သူမနောက်သို့ တိုက်ရိုက်မလိုက်ရန် အမိန့်ပေးထားခဲ့သည်။ ကျုံးရန်သည် ယန်ချန်းလန်ထက် မျိုးဆက်အတော်များများ ကြီးသူဖြစ်ရာ ယန်ချန်းလန်ကို ယန်လေးဟု ခေါ်ဝေါ်လိုက်ခြင်းကြောင့် ယန်ချန်းလန်မှာ အနည်းငယ် အနေရခက်သွားမိသည်။

"ကျွန်တော် ဝေယွမ်နယ်စားမင်းးရဲ့ တပ်စခန်းဆီ သွားကြည့်ဖို့ စီစဉ်ထားတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်မှာ လူအင်အား နည်းနေတာကိုး။ အကယ်၍ စစ်တပ်ဆီက အကူအညီရမယ်ဆိုရင် ရွာသားတွေကို ကယ်တင်နိုင်ဖို့ အခွင့်အလမ်း ပိုများလာမယ်လို့ ယုံကြည်တယ်"

ယန်ချန်းလန်သည် ဒေသခံ တပ်စခန်းအပေါ် မျှော်လင့်ချက် ရှိနေဆဲပင်။

သူသည် ဝေယွမ်နယ်စားမင်းး၏ တပ်စခန်းသို့ ချက်ချင်းသွားရောက်ခဲ့သော်လည်း ဂိတ်ဝတွင်ပင် ပြတ်ပြတ်သားသား ငြင်းပယ်ခြင်း ခံလိုက်ရသည်။

"မင်းတို့ရဲ့ စစ်သူကြီးနဲ့ တွေ့ချင်တယ်။ ငါက ယန်ချန်းလန်ပါ။ လွန်ခဲ့တဲ့ နှစ်တွေက မင်းတို့ စစ်သူကြီးနဲ့အတူ စစ်ဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ"

ယန်ချန်းလန်က သူ၏ အထောက်အထားကို ထပ်မံအတည်ပြုပြောကြားလိုက်သည်။

နှုတ်သီးကောင်းလျှာရှည်လှသော ကင်းစောင့်စစ်သားနှစ်ဦးက ယန်ချန်းလန်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ တစ်ယောက်က မျက်လုံးကို အပေါ်လှန်ကာ သလိပ်တစ်ချက် ဟတ်ထုတ်ပြီးနောက် မြေပြင်ပေါ်သို့ ထွေးချလိုက်ရင်း..

"ယန်ချန်းလန် ဟုတ်လား မင်းလို လူနုံလူအကတောင် ကျိုးနိုင်ငံရဲ့ နံပါတ်တစ် စစ်သူကြီး၊ ယန်အိမ်တော်ရဲ့ စစ်သူကြီးငယ် အသွင်ဆောင်ချင်သေးတာလား ကိုယ့်မျက်နှာကိုယ် ကိုယ့်ဆီးနဲ့ကိုယ် ပြန်ကြည့်လိုက်ပါဦး။ အကယ်၍ မင်းသာ ယန်ချန်းလန်ဆိုရင် ငါလည်း ကျိုးနိုင်ငံရဲ့ စစ်

နတ်ဘုရား ယန်ပါးဟိုပေါ့ကွ"

ယန်ချန်းလန်မှာ ဒေါသကြောင့် သွေးများ ဦးခေါင်းသို့ ဆောင့်တက်လာသလို ခံစားလိုက်ရသည်။ အကယ်၍ သူသာ စစ်တပ်မှ ထွက်လာခဲ့သူ မဟုတ်ပါက ဤကဲ့သို့သော စစ်သားမျိုးကို စစ်ဥပဒေဖြင့် ထိုနေရာတွင်ပင် သေချာပေါက် အပြစ်ပေးမိပေလိမ့်မည်။

သူသည် ရင်ထဲမှ ဒေါသအဟုန်ကို အတတ်နိုင်ဆုံး ဖိနှိပ်လိုက်ကာ..

"ညီလေး... မင်းယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါ့မှာ မင်းတို့ စစ်သူကြီးကို အစီရင်ခံဖို့ တကယ် အရေးကြီးတဲ့ကိစ္စ ရှိလို့ပါ။ အဲဒါက အနီးနားက ရွာတွေမှာ လူတွေ ပျောက်ဆုံးနေတဲ့ ကိစ္စပဲ"

ထိုစကားကို ကြားလိုက်ရသောအခါ ကင်းစောင့်နှစ်ဦး၏ မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် သံသယအရိပ်အယောင်များ ယှက်သန်းသွားသည်။ တစ်ဦးက "ဒီမှာ ခဏစောင့်။ ငါ အထဲဝင်ပြီး စစ်သူကြီးကို အကြောင်းကြားပေးမယ်" ဟု ပြောကာ တပ်စခန်းအတွင်းသို့ အပြေးအလွှား ဝင်သွားတော့သည်။

စခန်းအတွင်းရှိ ဇိမ်ခံပစ္စည်းများဖြင့် အလှဆင်ထားသော ရွှေရောင်အမိုးပါသည့် ပင်မစစ်တဲကြီးအတွင်းတွင်..

"စစ်သူကြီး... အပြင်မှာ လူတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်။ သူ့ကိုယ်သူ ယန်ချန်းလန်လို့ ပြောနေပြီး အနီးနားရွာတွေက လူပျောက်နေတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှိတယ်လို့ ဆိုပါတယ်"

"ယန်ချန်းလန် ဟုတ်လား ရယ်စရာပဲ။ ယန်ချန်းလန်ဆိုတာ ဒုက္ခိတတစ်ယောက်ပဲ။ သူက ဘယ်လိုလုပ်ပြီး နန်ယမြို့ကို ရောက်လာနိုင်မှာလဲ။ သူက တခြားတစ်နေရာက လိမ်လည်လှည့်ဖြားတဲ့သူ ဒါမှမဟုတ် ငါတို့စခန်းထဲကို ခိုးဝင်ဖို့ ကြိုးစားတဲ့ ရန်သူ့သူလျှိုပဲ ဖြစ်ရမယ်။ တစ်ယောက် ငါ့အမိန့်အတိုင်း လုပ်စမ်း။ အဲဒီသူခိုးကို စစ်တုတ်နဲ့ ရိုက်ပြီး ဒီကနေ မောင်းထုတ်လိုက်"

ဝေယွမ်နယ်စားမင်းး၏ တူဖြစ်သူ နီရန်ယီက လက်ကို ခါယမ်းကာ အမိန့်ပေးလိုက်သည်။ ကင်းစောင့်မှာလည်း ခေါင်းငုံ့အရိုအသေပြုကာ အမိန့်ကို နာခံရန် အမြန်ထွက်သွားတော့သည်။

"စစ်သူကြီးနီ... ရှင်က ယန်ချန်းလန်ကို ဒီအတိုင်းပဲ လွှတ်လိုက်တာလား။ သူသာ ဇွတ်အတင်း ဝင်လာမှာကို မကြောက်ဘူးလား"

စစ်တဲအတွင်း၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိုင်နေကြသည်။

သူတို့သည် အဖိုးတန်အဝတ်အထည်များကို ဝတ်ဆင်ထားပြီး မြင့်မြတ်သောအရှိန်အဝါများ ထွက်ပေါ်နေသည်။ သေချာကြည့်လိုက်လျှင် သူတို့မှာ ဒီဟုန်မြို့မှ မောင်နှမနှစ်ဦးဖြစ်သော ရွှမ်ဝူကျိနှင့် ရွှမ်မိန်မိန်းတို့ပင် ဖြစ်ကြသည်။

"မင်းတို့ကလည်း ငါ့ကို မြှောက်ပင့်နေပြန်ပါပြီ။ ယန်ချန်းလန်ဆိုတာ ရာထူးပြုတ်သွားတဲ့ သာမန်စစ်ပညာရှင် တစ်ယောက်ပဲလေ။ ငါတို့ရဲ့ ချမ်းသာကြွယ်ဝမယ့် လမ်းကြောင်းကိုသာ သူ လာပိတ်ရဲရင် ဒီနယ်စပ်ဒေသကို ခြေချခဲ့မိတာကို နောင်တရသွားအောင် ငါလုပ်ပြလိုက်မှာပေါ့"

နီရန်ယီက လောဘဇောများဖြင့် မျက်လုံးများ ဝင်းလက်လျက် ပြောလိုက်သည်။ သူ၏ရှေ့တွင်မူ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေပြီး ပုလဲကျောက်များကဲ့သို့ တဖိတ်ဖိတ်တောက်နေသည့် သတ္တုရိုင်းတုံးကြီး နှစ်တုံး ရှိနေတော့သည်။

သတ္တုရိုင်းတစ်တုံးလျှင် ပေါင်ငါးဆယ်ခန့် လေးလံပြီး အကယ်၍ ၎င်းတို့ကို ဝူကျိခရမ်းရွှေဒင်္ဂါးများအဖြစ် သွန်းလုပ်လိုက်ပါက တန်ဖိုးမှာ ရွှေဒင်္ဂါး တစ်သိန်းထက်မက သေချာပေါက် ကျော်လွန်ပေလိမ့်မည်။

နီရန်ယီ သည် အဆင့် ၄ ရှိသော စစ်ဗိုလ်ချုပ်တစ်ဦးသာ ဖြစ်သည်။ သူ၏ဦးလေး ဝေယွမ်နယ်စားမင်းး၏ အကာအကွယ်ရှိနေသည့်တိုင်အောင် နှစ်စဉ် စစ်ရိက္ခာများမှ ခိုးယူရရှိသော ငွေကြေးမှာ ရွှေဒင်္ဂါး သောင်းဂဏန်းမျှသာ ရှိသည်။

ထိုပမာဏမှာ ဒီဟုန်မြို့နှင့် လျှို့ဝှက်လူသားများ ပေးအပ်မည့် ဆုလာဘ်များနှင့် ယှဉ်လျှင် ဘာမျှမဟုတ်တော့ပေ။ ဆင်းရဲနွမ်းပါးသော ရွာသားအချို့၏ ကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးရုံမျှဖြင့် နီရန်ယီသည် ကံထူးကာ အလွန်အမင်း ချမ်းသာကြွယ်ဝလာတော့မည်ပင်။

"စိတ်ချပါ... ရွာသားတွေ ပျောက်ဆုံးနေတဲ့ ကိစ္စကို ဖုံးကွယ်ဖို့ ကျွန်တော် နည်းလမ်းရှာပါ့မယ်။ ဒါပေမဲ့ ခင်ဗျားတို့ဘက်ကလည်း လုပ်ငန်းတွေကို အရှိန်မြှင့်ဖို့ လိုလိမ့်မယ်။ မဟုတ်ရင် တခြားအင်အားစုတွေက ဒါကို ရိပ်မိသွားပြီး လိုချင်တပ်မက်လာကြရင် ဖုံးကွယ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး"

နီရန်ယီက တဟားဟား ရယ်မောရင်း ပြောလိုက်သည်။

"စစ်သူကြီးနီက တကယ့်ကို အခြေအနေကို နားလည်တတ်သူပဲ။ အကယ်၍ ဒီတစ်ခါ ခရမ်းရွှေကြော တူးဖော်မှုသာ အောင်မြင်သွားရင် ဒီဟုန်မြို့ရော၊ မင်းသားကပါ စစ်သူကြီးအပေါ် မတရား ဆက်ဆံမှာ မဟုတ်ပါဘူး"

ရွှမ်ဝူကျိသည် နီရန်ယီ၏ စရိုက်ကို စိတ်ထဲမှ ကဲ့ရဲ့နေသော်လည်း မျက်နှာတွင်မူ မြှောက်ပင့်သော အမူအရာများ ပြည့်နှက်နေသည်။ မောင်နှမနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ယှက်သန်းနေတော့သည်။

ယွင်ရှန်းနှင့် အခြားသူများ ဂူအတွင်းသို့ ရောက်ရှိလာချိန်မှစ၍ ရွာသားများ၏ ဘဝမှာ တိတ်တဆိတ် စတင်ပြောင်းလဲလာခဲ့သည်။

လျှို့ဝှက်လူသားအုပ်စုသည် နေ့စဉ် သုံးသုတ်ခွဲ၍ ဂူအတွင်းသို့ ဝင်လာကာ မိုင်းလုပ်သားများကို ခရမ်းရွှေရိုင်းများ တူးဖော်ရန် ခေါ်ဆောင်သွားကြသည်။ ယွင်ရှန်း၏ စီစဉ်မှုအရ လျှိုကျိ၏ဖခင်သည် မိုင်းလုပ်သားများကို အုပ်စုများခွဲ၍ စနစ်တကျ တူးဖော်စေခဲ့သည်။

ယွင်ရှန်းသည် ဂူအတွင်း ရက်အနည်းငယ်ကြာ နေထိုင်ခဲ့သည်။ ရေကို သန့်စင်ခြင်းနှင့် လူနာများကို အချိန်မီ သီးခြားခွဲထုတ် ကုသပေးခြင်းတို့ကြောင့် ဂူအတွင်း၌ ရောဂါကြောင့် ထပ်မံသေဆုံးသူ မရှိတော့သည့်အပြင် ရောဂါကူးစက်မှု အသစ်များလည်း သိသိသာသာ လျော့နည်းသွားခဲ့သည်။

လျှိုကျိဖခင်၏ ပူးပေါင်းညှိနှိုင်းမှုကြောင့် ခရမ်းရွှေမိုင်းသို့ တက်သွားသူတိုင်းမှာ သန်မာသောသူများ ဖြစ်ကြသဖြင့် နေ့စဉ် တူးဖော်ရရှိမှု ပမာဏမှာ တိုးတက်လာရာ လျှို့ဝှက်လူသားများကို ကျေနပ်အားရစေခဲ့သည်။ ဂူအတွင်းသို့ ပေးပို့သော ရေနှင့် အစားအစာများ၏ အရေအတွက်နှင့် အရည်အသွေးမှာလည်း ယခင်ကထက် ပိုမိုကောင်းမွန်လာခဲ့သည်။

ထိုလျှို့ဝှက်လူသားများသည် အထဲတွင် ဘာတွေဖြစ်ပျက်နေသည်ကို အတိအကျ မသိကြသော်လည်း ဤကဲ့သို့သော တိုးတက်မှုများအပေါ် သိသိသာသာ ကျေနပ်နေကြသည်။

ထိုနေ့တွင် ယွင်ရှန်းသည် အခြေအနေများကို စူးစမ်းရန်အတွက် ခရမ်းရွှေမိုင်း ဧရိယာအတွင်းသို့ မည်သို့ဝင်ရောက်ရမည်ကို စဉ်းစားနေခဲ့သည်။

"မင်းတို့အုပ်စု... ငါ့နောက်ကို လိုက်ခဲ့။ မိုင်းထဲကို တက်ရမယ့် အလှည့်ရောက်ပြီ"

လျှို့ဝှက်လူသားအချို့ ဝင်လာပြီး ဂူအတွင်းမှ လူအယောက် ၂၀ ကို ရွေးချယ်လိုက်ကြသည်။

"အကိုကြီး... သူတို့အစား ကျွန်မတို့ သွားလို့ရမလားဟင်။ ဒီမှာရှိတဲ့သူက ကျွန်မရဲ့ ဦးလေးပါ။ သူက မကြာသေးခင်ကမှ နေမကောင်းဖြစ်နေလို့ပါ"

ယွင်ရှန်းသည် ဟွမ်ချွဲတို့နှင့် တစ်ချက်ကြည့်လိုက်ကာ လျှို့ဝှက်လူသားများ လူရွေးနေစဉ်မှာပင် ရှေ့သို့ တိုးထွက်ကာ ပြောလိုက်တော့သည်။

All Chapters