← Chapters

အခန်း (၃၂၆)

Vol. 32 Ch. 326

အခန်း (၃၂၆)

Vol. 32 Ch. 326

အခန်း။ ၃၂၆

"နောက်ထပ် ရက်နှစ်ဆယ်ကြာရင် အသတ်ခံရမှာကို ဒီအတိုင်းထိုင်စောင့်နေမယ့်အစား ငါ့နည်းလမ်းကို စမ်းကြည့်ကြရအောင်။ ငါတို့ကံကောင်းရင် လွတ်မြောက်နိုင်မှာပါ"

စောစောသေသည်ဖြစ်စေ နောက်မှသေသည်ဖြစ်စေ သေရမှာချင်း အတူတူဆိုလျှင် တစ်ခုခုကို ကြိုးစားကြည့်ခြင်းကသာ အသက်ရှင်သန်ခွင့် အခွင့်အရေးကို ပေးနိုင်ပေလိမ့်မည်။

ရွာသားများ၏ စိတ်နှလုံးမှာ စတင်တုန်လှုပ်လာကြသည်။

"ဒါဆို ပြောပြပါဦး... ငါတို့ ဘယ်လိုထွက်ပြေးရမလဲ။ ငါတို့ကို တစ်နေ့မှာ နာရီအနည်းငယ်ပဲ ဂူအပြင်ထွက်ခွင့်ပေးတာ။ အပြင်ထွက်တဲ့အချိန်တိုင်းလည်း အမြဲစောင့်ကြည့်ခံနေရတာပဲကို"

ရွာသားများက စိုးရိမ်တကြီး မေးမြန်းကြသည်။

"လူတိုင်းကို ဂူအပြင်ရောက်အောင်ထုတ်ဖို့ ငါ့မှာ နည်းလမ်းရှိပါတယ်။ ငါ့ဆီမှာ ဆေးတစ်မျိုးရှိတယ်။ အဲဒါကို စားလိုက်ရင် လူက သေသွားသလိုမျိုး ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ ၁၂ နာရီကြာပြီးရင် ဆေးအရှိန်ပြယ်သွားမှာပါ"

ယွင်ရှန်းသည် ဆေးမြက်တစ်မျိုးကို ထုတ်ပြလိုက်သည်။

ဤဆေးမြက်မှာ သူမ ဝူရွှမ်ဝူကျိ ခန်းမ၏ ဆေးပညာဌာနတွင် တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိပ်သီးဟု ခေါ်ကာ သာမန်ပဲစေ့များနှင့် မခြားနားလှပေ။ တစ်ခါက အသိပညာနည်းပါးသော တောင်သူအချို့သည် ၎င်းကို အစားအစာအဖြစ် စိုက်ပျိုးခဲ့ဖူးသည်။ ၎င်းကို စားသုံးမိပါက တစ်ကိုယ်လုံး လေဖြတ်သွားကာ နှလုံးခုန်ရပ်တန့်သွားပြီး အသက်ရှူခြင်းပင် လုံးဝ ရပ်ဆိုင်းသွားစေနိုင်သည်။

"အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောရရင် လျှိုကျိနဲ့ ငါက တကယ်တော့ ကောင်းကင်အမဲလိုက်အဖွဲ့လို့ခေါ်တဲ့ အမဲလိုက်အဖွဲ့က မုဆိုးစစ်သည်တွေပါ။ မင်းတို့ကို ကယ်တင်ဖို့ ဒီကိုလာခဲ့တာ။ ငါတို့ကို အပြည့်အဝ ယုံကြည်နိုင်ပါတယ်။ ငါ့မှာ ဒီအဆိပ်သီး အရေအတွက် အကန့်အသတ်ပဲ ရှိတာမို့လို့ ဂူထဲမှာရှိတဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေကို အရင်ပေးမယ်။ အဲဒါကို စားပြီးတာနဲ့ လျှို့ဝှက်လူသားတွေက မင်းတို့ကို သေပြီလို့ ထင်ပြီး အပြင်ကို သယ်ထုတ်သွားကြလိမ့်မယ်။ အဲဒီအချိန်ကျမှ ကျန်တဲ့လူတွေကို အပြင်ထုတ်ဖို့ ငါ့မှာ တခြားနည်းလမ်းတွေ ရှိပါသေးတယ်"

ယွင်ရှန်းက အဆိပ်သီးများကို ထုတ်ပေးလိုက်သည်။

သူတို့သည် ရောဂါကြောင့် သေဆုံးသွားသည်ဟု ထင်မှတ်စေမည်ဖြစ်ရာ ဖမ်းဆီးထားသူများသည် ထိုအလောင်းများကို မိစ္ဆာသားရဲများအား တိတ်တဆိတ် ကျွေးပစ်လိမ့်မည်မဟုတ်ပေ။ အလောင်းများကို တောရိုင်းထဲသို့ စွန့်ပစ်လိုက်သည်နှင့် ၁၂ နာရီအကြာတွင် သူတို့ ပြန်လည်နိုးထလာကြမည်ဖြစ်ရာ ထိုအချိန်တွင် ဆေးစားထားသူများမှာ လွတ်မြောက်နိုင်ကြမည်ဖြစ်သည်။

ရွာသားများသည် စကားတစ်ခွန်းမျှမဆိုဘဲ နားထောင်နေကြသည်။ ခဏအကြာတွင် လူလေးစားခံရသော ရွာသားတစ်ဦးက ရှေ့ထွက်၍ ပြောလိုက်သည်။

"ထပ်ပြီး သံသယမဝင်ကြပါနဲ့တော့။ ဒီမုဆိုးစစ်သည်လေးရဲ့ ကျေးဇူးကြောင့်သာမဟုတ်ရင် ငါတို့ထဲက အများစုဟာ အခုအချိန်မှာ အသက်ရှင်နေကြမှာ မဟုတ်ဘူး"

ရွာသားများသည် အချင်းချင်း စတင်ဆွေးနွေးကြတော့သည်။ သူတို့အားလုံးမှာ ကျေးဇူးသိတတ်ပြီး အငြိုးအတေးကို ခွဲခြားတတ်သော ရိုးသားသည့် တောင်သူများသာ ဖြစ်ကြသည်။ ယွင်ရှန်း ရောက်ရှိလာခြင်းက သူတို့အတွက် သန့်ရှင်းသောရေနှင့် အစားအစာများသာမက မျှော်လင့်ချက်ကိုပါ ယူဆောင်လာပေးခဲ့သည်။

မကြာမီမှာပင် ရွာသားများသည် မိမိတို့အစီအစဉ်ဖြင့် လူစုတစ်စုကို ရွေးချယ်လိုက်ကြသည်။

လူပေါင်းတစ်ရာခန့် ရွေးချယ်ခြင်းခံရပြီးနောက် ယွင်ရှန်းသည် သူတို့အား အဆိပ်သီးများကို ဝေငှပေးခဲ့သည်။

ညတစ်ည ကုန်လွန်သွားခဲ့ပြီ။ အရုဏ်တက်ချိန်တွင် လျှို့ဝှက်လူသားတစ်စုသည် လူသစ်များထပ်မံခေါ်ယူရန် ဂူအတွင်းသို့ ဝင်လာကြသော်လည်း ဂူအတွင်းရှိ လူသုံးပုံတစ်ပုံခန့်မှာ အသက်မဲ့နေဟန်ဖြင့် ဟိုတစ်စ ဒီတစ်စ လဲလျောင်းနေကြသည်ကိုသာ တွေ့လိုက်ရတော့သည်။

သေသေချာချာ စစ်ဆေးကြည့်သောအခါ ထိုသူများအားလုံးမှာ အသက်ရှူရပ်နေသည့်အပြင် နှလုံးခုန်သံပင် မရှိတော့ချေ။

ထိတ်လန့်သွားသော လျှို့ဝှက်လူသားများသည် အဖွဲ့အတွင်းရှိ ဆေးပညာကျွမ်းကျင်သော မှော်ဆေးဝါးပညာရှင်အချို့ကို အမြန်ဆင့်ခေါ်လိုက်ကြသည်။ အကြိမ်ကြိမ် စစ်ဆေးပြီးနောက်တွင်မူ ထိုပညာရှင်များမှာလည်း ခေါင်းကိုသာ တရစပ် ခါယမ်းနေကြတော့သည်။

"ဒါတွေက ဘာဖြစ်တာလဲ။ ဒီလူတွေ ဘယ်လိုလုပ်ပြီး တစ်ညတည်းနဲ့ အကုန်သေကုန်ရတာလဲ"

တာဝန်ခံဖြစ်သူ လျှို့ဝှက်လူသား ဝင်လာပြီးနောက် ဒေါသတကြီးဖြင့် ဆတ်ဆတ်ခါဖြစ်နေတော့သည်။

သူတို့၏သခင်ထံမှ သတင်းစကားမှာလည်း ဟောက်ချင်းနယ်စပ်ဒေသမှာ မကြာသေးမီကပင် မငြိမ်မသက်ဖြစ်နေပြီး အမှောင်မင်းသား၏ သူလျှိုများမှာလည်း အနီးနားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမြန်လုပ်ရန် တိုက်တွန်းထားသည်။

အမိခံရခြင်းမှ ကာကွယ်ရန် သူတို့သည် မိုင်းတူးခြင်းလုပ်ငန်းကို အရှိန်မြှင့်တင်ရမည်

ဖြစ်သော်လည်း ယခုကဲ့သို့ အရေးကြီးသောအချိန်တွင် လူအမြောက်အမြား သေဆုံးသွားခြင်းက ထိုခေါင်းဆောင်ကို ရူးသွပ်မတတ် ဖြစ်စေတော့သည်။

"ဂူထဲမှာ လူတွေ အရမ်းပြည့်ကျပ်နေပြီး လေဝင်လေထွက် မကောင်းတာ ကြာလှပြီလေ။ ဒါကြောင့် ကူးစက်ရောဂါတစ်ခုခု ဖြစ်ပွားတာ ဖြစ်နိုင်ပါတယ်"

ထိုမှော်ဆေးဝါးပညာရှင်များသည် ရှေးဟောင်းဆေးပညာနှင့် ပတ်သက်၍ ဗဟုသုတမရှိသည့်အပြင် အဆိပ်သီး၏ အာနိသင်ကိုလည်း လုံးဝမသိကြသဖြင့် ဤသေဆုံးမှုများကို ကူးစက်ရောဂါကြောင့်ဟုသာ ယုံကြည်နေကြသည်။

ခေါင်းဆောင်ဖြစ်သူသည် ဂူအတွင်းရှိ ကျန်ရှိသောလူများကို ကြည့်လိုက်ရာ သူတို့မှာလည်း အားအင်ကုန်ခမ်းကာ နွမ်းလျနေဟန်ရှိသည်။ ဤကူးစက်ရောဂါကို ဆက်လက်မပြန့်ပွားစေနိုင်တော့ပေ။ ကျန်ရှိသော ကျန်းမာသည့် ရွာသားနှစ်ရာကျော်မှာ ခရမ်းရွှေမိုင်းကို တူးဖော်ရန် သူ၏ နောက်ဆုံးလက်ကျန်အင်အား ဖြစ်သည်။

ခဏမျှ စဉ်းစားပြီးနောက် ခေါင်းဆောင်မှာ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

"အသုံးမကျတဲ့ကောင်တွေ။ မင်းတို့အားလုံး အသုံးမကျဘူး။ ဘာရပ်ကြည့်နေကြတာလဲ။ အလောင်းတွေကို ဒီမှာထားပြီး ရောဂါတွေ ထပ်ပြန့်အောင် လုပ်နေကြတာလား။ အကုန်လုံးကို အပြင်ကို သယ်ထုတ်သွားကြ။ ကျန်တဲ့ ရွာသားတွေကိုတော့ ဟိုးအပြင်က လေဟာပြင်နေရာမှာ စုရုံးပြီး တိရစ္ဆာန်ခြံထဲကလူတွေနဲ့အတူ ရောပြီး ပိတ်လှောင်ထားလိုက်"

ယွင်ရှန်းသည် လူအုပ်ကြားတွင် ရှိနေသည်။ ခေါင်းဆောင်ဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ သူမ၏မျက်နှာတွင် အောင်နိုင်သူ၏ အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။

ကောင်းပြီ... လူအားလုံးကို တစ်နေရာတည်းမှာ စုပြီး ပိတ်လှောင်ခံရဖို့က ငါအလိုချင်ဆုံး အခြေအနေပဲ။

လျှို့ဝှက်လူသားများသည် ရွာသားများကို မောင်းထုတ်ကာ အလောင်းများကို မပင့်ခိုင်းပြီး အပြင်သို့ သယ်ထုတ်ခိုင်းကြသည်။ အလောင်းများကို ကူညီသယ်ဆောင်ပေးနေစဉ်အတွင်း ယွင်ရှန်းသည် စောစောက သူမကို ကာကွယ်ပေးခဲ့သော လျှို့ဝှက်လူသားများကို တစ်ချက် လှမ်းမြင်လိုက်ရသည်။ သူမ၏ ထင်ယောင်ထင်မှား ဖြစ်နေခြင်းလားမသိသော်လည်း ထိုသူများက သူမကိုကြည့်ကာ ထူးဆန်းစွာ မျက်စိမှိတ်ပြနေသည်ကို တွေ့လိုက်ရသည်။

ဤအခြေအနေက ယွင်ရှန်းကို အကြောင်းပြချက်မရှိဘဲ အနည်းငယ် အပြစ်ရှိသလို ခံစားရစေသည်။

ယွင်ရှန်း ကြိုတင်တွက်ဆထားသည့်အတိုင်းပင် ထိုအလောင်းများမှတစ်ဆင့် မိစ္ဆာသားရဲများကိုပါ ရောဂါကူးစက်မည်ကို စိုးရိမ်သဖြင့် လျှို့ဝှက်လူသားများသည် ရွာသားများကို ထိုအလောင်းများကို ဝေးဝေးသို့ သွားရောက်စွန့်ပစ်ရန် အမိန့်ပေးလိုက်ကြသည်။

အလောင်းများကို စွန့်ပစ်ပြီးနောက် ယွင်ရှန်းနှင့် ကျန်ရှိသော ရွာသားနှစ်ရာကျော်ကို တိရစ္ဆာန်ခြံများရှိရာ အနီးအနားသို့ မောင်းထုတ်သွားကြသည်။ ထိုသို့ဖြင့် ဖမ်းဆီးခံထားရသော ရွာသားအားလုံးနီးပါးမှာ တစ်နေရာတည်း၌ အတူတကွ ပိတ်လှောင်ခြင်း ခံလိုက်ရတော့သည်။

"အမေ... အမေပါလား"

လျှိုကျိသည် ရင်းနှီးသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။

ပျောက်ဆုံးနေသော ခင်ပွန်းဖြစ်သူနှင့် သားဖြစ်သူ လျှိုကျိတို့ကို မြင်လိုက်ရသောအခါ လျှိုကျိ၏မိခင်မှာလည်း ဝမ်းသာလွန်း၍ မျက်ရည်များ ဝဲလာတော့သည်။ သူတို့မိသားစု သုံးဦးမှာ ယခုဘဝတွင် ဤကဲ့သို့ ပြန်လည်ဆုံစည်းရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

"လျှိုကျိ... ဦးလေးနဲ့ အဒေါ်၊ အခုလောလောဆယ် စိတ်လှုပ်ရှားမနေကြပါနဲ့ဦး"

ယွင်ရှန်းက ပျော်ရွှင်နေသော လျှိုကျိတို့ မိသားစုကို အသာအယာ ဖျောင်းဖျလိုက်သည်။

ထို့နောက် သူမသည် အဆိပ်သီးထုပ်ကို လျှိုကျိ၏မိခင်ထံသို့ ကမ်းပေးလိုက်တော့သည်။

"အဒေါ်... အဒေါ်က အဲဒီလျှို့ဝှက်လူသားတွေအတွက် အစားအသောက် တာဝန်ယူထားရတာဆိုတော့ ဒီပဲစေ့တွေကို သူတို့ပုံမှန်စားနေကျ ပဲစေ့တွေထဲမှာ ရောနှောပေးပါဦး"

လျှိုကျိနှင့် သူ၏ဖခင်တို့သည် ယွင်ရှန်း၏ အထောက်အထားအစစ်အမှန်ကို လျှိုကျိမိခင်အား အကြမ်းဖျင်း ပြောပြထားပြီးဖြစ်သည်။

"နတ်ဆေးဆရာမလေး... သူတို့ကို အဆိပ်ခတ်ဖို့ ကြံနေတာလား"

လျှိုကျိဖခင်မှာ အံ့အားသင့်သွားသော်လည်း၊ ယွင်ရှန်း၏ စွမ်းအင်များ ပြည့်နှက်နေသော မျက်လုံးများကို ကြည့်လိုက်သည့်အခါ သူမ၏ အကြံအစည်ကို ချက်ချင်းပင် နားလည်သွားတော့သည်။

ကူးစက်ရောဂါအသွင်ဆောင်ခြင်းမှသည် တိရစ္ဆာန်ခြံသို့ အုပ်စုပြောင်းရွှေ့ခြင်းနှင့် ယခု အဆိပ်ခတ်ရန် ပြင်ဆင်ခြင်းအထိ အားလုံးမှာ ယွင်ရှန်း ကြိုတင်တွက်ဆထားသည့်အတိုင်းပင် ဖြစ်သည်။

ရုတ်တရက် လူတစ်ရာခန့် သေဆုံးသွားခြင်းမှာ သာမန်ကိစ္စမဟုတ်သော်လည်း လျှို့ဝှက်လူသားများ၏ ခေါင်းဆောင်ငယ်က ထိုအလောင်းများကို တောရိုင်းထဲသို့ စွန့်ပစ်ရန် သူ၏လက်အောက်ငယ်သားများကို အမိန့်ပေးခဲ့သည်။ ထိုလက်အောက်ငယ်သားများထဲတွင် ယီပိုင်မင်းနှင့် ချန်ပိုင်တို့လည်း ပါဝင်နေသည်။

တောထဲတွင် စွန့်ပစ်ထားသော အလောင်းများကို ကြည့်ရင်း ချန်ပိုင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"နတ်ဆေးဆရာမလေးက ဘာတွေ ကစားနေတာလဲ"

"ဒီလူတွေ မသေသေးဘူး"

လျှို့ဝှက်အဖွဲ့နှင့် ပါလာသော မှော်ဆေးဝါးပညာရှင်များပင် သတိမပြုမိသော်လည်း ယီပိုင်မင်းကမူ ချက်ချင်းပင် ရိပ်မိလိုက်သည်။

"မသေဘူး ဟုတ်လား။ မင်းပြောချင်တာက ဒါတွေအားလုံးဟာ သူမရဲ့ လက်ချက်ပေါ့လေ"

ယီပိုင်မင်း၏ စကားကြောင့် ချန်ပိုင်မှာ အလွန်ပင် အံ့အားသင့်သွားရသည်။ နတ်ဆေးဆရာမလေးမှာ တကယ့်ကို သတ္တိခဲပင်။ လျှို့ဝှက်လူသားများ၏ မျက်စိအောက်တွင်ပင် လူတစ်ရာကို ဗြောင်ကျကျ ခိုးထုတ်သွားရဲသည်။

"ဒီနည်းလမ်းကလွဲရင် လူတွေကို ဒီထက် ပိုမြန်မြန်နဲ့ ထိထိရောက်ရောက် ကယ်နိုင်မယ့် တခြားနည်းလမ်း ရှိဦးမလား"

ဤရွာသားအားလုံးမှာ ကျိုးနိုင်ငံ၏ နိုင်ငံသားများဖြစ်ရာ ဖြစ်နိုင်လျှင် ယီပိုင်မင်းကိုယ်တိုင်လည်း သူတို့ကို ကယ်တင်ချင်သည်။

ပထမတစ်ချက်ကြည့်လျှင် ဤလူများမှာ သေဆုံးနေသယောင် ရှိသော်လည်း တကယ်သာ သေဆုံးသွားခဲ့လျှင် တစ်ညတာ ကုန်လွန်ပြီးနောက် သူတို့၏ ခန္ဓာကိုယ်နှင့် အရေပြားများမှာ မတောင့်တင်းကြသေးပေ။

တောကြောင်လေး... မင်းကတော့ တကယ့်ကို အကွက်ကောင်း ရွှေ့လိုက်တာပဲ။

ဤသည်မှာ ဆေးဆရာတစ်ဦး၏ စွမ်းအားက အသက်ကို ကယ်တင်နိုင်သလို သေခြင်းတရားကိုပါ စီမံခန့်ခွဲနိုင်သော စွမ်းအားပင်။ ယီပိုင်မင်း တစ်ယောက် ပထမဦးဆုံးအကြိမ်အဖြစ် အသက်ဆိုသည့်အပေါ် အထူးတလည် လေးစားသမှု ဖြစ်ပေါ်လာမိပြီး ထိုခံစားချက်ကို ဖြစ်ပေါ်စေသူမှာ သူမ ဖြစ်နေလိမ့်မည်ဟုလည်း သူ မမျှော်လင့်ထားခဲ့မိပေ။

အလောင်းများကို တောထဲသို့ စွန့်ပစ်ပြီး မကြာမီမှာပင် ညမှောင်လာသည်နှင့်တစ်ပြိုင်နက် ကျူံးရန်သည် အမဲလိုက်စစ်သည်တော် ဒါဇင်ပေါင်းများစွာနှင့်အတူ ရောက်ရှိလာခဲ့သည်။ သူတို့သည် ပြန့်ကျဲနေသော အလောင်းများကို တွေ့သည်နှင့် ယွင်ရှန်း သင်ကြားပေးခဲ့သည့် နည်းလမ်းအတိုင်း လူများကို ချက်ချင်း ကယ်တင်ကာ တိတ်တဆိတ် ရွှေ့ပြောင်းပေးခဲ့ကြတော့သည်။

All Chapters