အခန်း (၃၇၃-၃၇၄)
Vol. 24 Ch. 373-374
၃၇၃ ။ ထူးဆန်းသော သမီးလေးမွေးဖွားခြင်း
"စစ်သေနာပတိချုပ်... ဘာဖြစ်လို့လဲ" စစ်သူကြီးတစ်ဦး လှမ်းမေးလိုက်သည်။
လိုကျစ်ကွေ့ သတိဝင်လာပြီး ခေါင်းခါပြကာ "ဘာမှမဖြစ်ပါဘူး" ဟု ပြောပြီး မြင်းကို ဆက်နှင်လိုက်သည်။
....
လမ်းကြားလေးထဲက အိမ်တစ်အိမ်မှာတော့ ပါးဖောင်းဖောင်းလေးနဲ့ ကလေးငယ်လေးက ငိုရာကနေ အိပ်ပျော်သွားသည်။ နှာခေါင်းဝမှာ နှပ်ပူဖောင်းလေးတစ်လုံး ချိတ်နေသည်။
နဉ်ရှောင်ယောင်းလည်း သမ်းဝေလိုက်ပြီး "ငါ အိပ်တော့မယ်" ဟု ပြောကာ မျက်လုံးမှိတ်သွားသည်။
ရှဲ့သော်ယင်း သူ့ရင်ခွင်ထဲက ကလေးနဲ့ ကုတင်ပေါ်က အမေကို တစ်လှည့်စီကြည့်ပြီး ရယ်ချင်မိသွားသည်။ တကယ့်ကို သားအမိတွေပါလား။ ကလေးကို နဉ်ရှောင်ယောင်းဘေးနား ချပေးလိုက်ပြီး သပ်ရပ်နေတဲ့ အခန်းကို တစ်ချက်ဝေ့ကြည့်ကာ ခေါင်းအုံးဘေးနား မုန့်ဘူးလေးတစ်ဘူး ချပေးခဲ့လိုက်သည်။
...
အိမ်အပြင်ဘက်မှာ ယင်းဖုန်းက လှေကားထစ်အောက်မှာ ရပ်ပြီး ခြံဝင်းထဲက ညှိုးနွမ်းစပြုနေတဲ့ ပန်းပင်တွေကို ငေးကြည့်နေသည်။ ဆောင်းဦးရာသီ ရောက်တော့မယ်။
ရှဲ့သော်ယင်း ယင်းဖုန်းအနား ရောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ "စောစောက ရှောင်ယောင်း ပြောတယ်... မြင်းခွာသံ ကြားရတယ်တဲ့။ လိုကျစ်ကွေ့ မြို့ထဲ ရောက်နေပြီတဲ့"
ယင်းဖုန်း ပြုံးလိုက်သည်။ "သူ့နားက တကယ် ကောင်းတာပဲ"
"ဘယ်လိုလုပ်မလဲ" ရှဲ့သော်ယင်း စိုးရိမ်တကြီး မေးလိုက်သည်။ "လိုကျစ်ကွေ့က သူ့အစ်ကို အသက်ရှင်နေတယ်ဆိုတာ သိရင် ရှောင်ယောင်း မသေသေးဘူးဆိုတာ ရိပ်မိသွားမှာ"
ယင်းဖုန်းတို့ အန်းယွမ်က မထွက်ခင်ကတည်းက ဒီကိစ္စကို စဉ်းစားမိကြသည်။ လိုကျင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေကို လိုကျစ်ကွေ့ သိထားတာပဲ။ အခု လိုကျင်းက အားနည်းနေတာကလွဲရင် ပုံမှန်လူလို ဖြစ်နေပြီ။ ဒီလောက်တော်တဲ့ သမားတော်က ဘယ်သူဖြစ်နိုင်မလဲ။ နဉ်ရှောင်ယောင်းကလွဲလို့ ဘယ်သူမှ မရှိနိုင်ဘူး။
ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းမရှိဘူး။ လိုကျင်းကို ပြန်သတ်ပြီး အလောင်းဖျောက်ဖို့လည်း မဖြစ်နိုင်ဘူး။ နဉ်ရှောင်ယောင်းကတော့ ဂရုမစိုက်ပါဘူး။ သိရင်လည်း သိပါစေပေါ့။ လိုကျစ်ကွေ့က သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးတဲ့။ ဒါပေမဲ့ ဒီကိစ္စက ယင်းဖုန်းတို့ရင်ထဲမှာ ကျောက်တုံးကြီးတစ်ခုလို ဖိစီးနေတယ်။ လိုကျစ်ကွေ့ ဘာလုပ်မလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူးလေ။
"ရှောင်ယောင်း မီးတွင်းကထွက်တာနဲ့ ငါတို့ ထွက်သွားကြမယ်" ယင်းဖုန်း ပြောလိုက်သည်။ "အနက်ရောင်နှင်းခဲ မြင်းတပ်က အရပ်သားအိမ်တွေကို ရှာဖွေမှာ မဟုတ်ပါဘူး။ ငါတို့ အိမ်ထဲမှာ ငြိမ်ငြိမ်နေရင် ဘာမှမဖြစ်ပါဘူး"
ရှဲ့သော်ယင်း ခေါင်းညိတ်လိုက်သည်။ ဒီနည်းလမ်းပဲ ရှိတော့တာပေါ့။
"အရမ်း စိတ်မပူပါနဲ့" ယင်းဖုန်း ရှဲ့သော်ယင်းလက်ကို ဆုပ်ကိုင်လိုက်သည်။ "အခုက စစ်တိုက်နေတဲ့အချိန်ဆိုတော့ လိုကျစ်ကွေ့ ဒီမှာ အကြာကြီးနေမှာ မဟုတ်ပါဘူး"
"ကျွန်မ စိတ်မပူပါဘူး" ရှဲ့သော်ယင်း ပြုံးလိုက်သည်။ ယင်းဖုန်း ရှိနေရင် ဘာမှ ပူစရာမလိုဘူး။
.....
စာကလေးတစ်ကောင် နဉ်ရှောင်ယောင်းအခန်းပြတင်းပေါက်မှာ လာနားသည်။ ပြတင်းပေါက် ပိတ်ထားသဖြင့် ဖွင့်လို့မရပေ။ အော်ဟစ်ခေါ်လိုက်သည်။ "ရှောင်ယောင်း... နဉ်ရှောင်ယောင်း အထဲမှာ ရှိလား။ နဉ်ရှောင်ယောင်း"
လောင်တနဲ့ ရှောင်ပိုင် ကုတင်အောက်မှာ ပုန်းနေကြသည်။ အပြင်က အသံကြားတော့ ပြတင်းပေါက်နား ပြေးသွားကြသည်။ လောင်တက ပြတင်းပေါက်ကို ကြည့်ပြီး မေးလိုက်သည်။ "ရှောင်ယောင်း အိပ်နေတယ်။ ဘာကိစ္စ ရှိလို့လဲ"
"နန်းတော်ထဲက အဘိုးစာကလေးနဲ့ အဘိုးဟွေ့တို့က သတင်းပါးလိုက်လို့" စာကလေးက ပြောလိုက်သည်။
နဉ်ရှောင်ယောင်း မျက်လုံးပွင့်လာသည်။ နန်းတော်ထဲက သတင်းလား။ ကုတင်ပေါ်ကဆင်းပြီး ပြတင်းပေါက် ဖွင့်လိုက်သည်။ "နဉ်ရှောင်ယောင်းက ငါပဲ"
စာကလေး လန့်သွားပြီး ပျံတက်သွားသည်။ ပြတင်းပေါက်ရှေ့ နှစ်ပတ်လောက် ဝဲပြီးမှ ပြန်နားလိုက်သည်။ "ရှောင်ယောင်း... မင်္ဂလာပါ။ ငါ့နာမည်က ချွေးမောင် ပါ"
ဒီစာကလေးက အမွှေးစိမ်းတစ်ပင်မှ မပါဘဲ ဘာလို့ ချွေးမောင် (အစိမ်းရောင်အမွှေး) လို့ နာမည်ပေးထားလဲ မသိပေမယ့် နဉ်ရှောင်ယောင်း ပြန်နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ ချွေးမောင်"
"အဘိုးစာကလေးနဲ့ အဘိုးဟွေ့က ဘာသတင်းပေးခိုင်းလိုက်တာလဲ" လောင်တ စိတ်မရှည်တော့ပေ။
"အဘိုးစာကလေးနဲ့ အဘိုးဟွေ့က နဉ်ရှောင်လော့နဲ့ လိုကျစ်ကွေ့ စကားပြောနေတာကို ကြားခဲ့တယ်တဲ့" ချွေးမောင် ပြောပြသည်။
ရှောင်ပိုင် ခေါင်းပြူထွက်လာပြီး မေးလိုက်သည်။ "နဉ်ရှောင်လော့ဆိုတာ ဘယ်သူလဲ"
"ယွဲ့ပြည်နယ်မြို့စားအိမ်တော်က သခင်လေးလေ။ ငါ့အစ်ကိုကြီး" နဉ်ရှောင်ယောင်း ဖြေလိုက်သည်။
"ရှောင်ယောင်းရဲ့ မျိုးရိုးအကြောင်း ပြောနေကြတာ" ချွေးမောင် ဆက်ပြောသည်။
....
ချွေးမောင် ရှင်းပြတာ နာရီဝက်လောက် ကြာသွားသည်။
ရှောင်ပိုင် အော်ဟစ်လိုက်သည်။ "ဘုရားရေ... ရှောင်ယောင်းက ယွဲ့ပြည်နယ်မြို့စားအိမ်တော်က သခင်မလေးလား"
နဉ်ရှောင်ယောင်း ကြောင်သွားသည်။ ကမ္ဘာကြီးက ရူးသွပ်နေပြီလား။
"ရှောင်ယောင်း" ချွေးမောင် ဆက်ပြောသည်။ "အဘိုးစာကလေး၊ အဘိုးဟွေ့နဲ့ သာ့ရှန်တို့က နင့်ကို လွမ်းနေကြတယ်တဲ့"
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ သူမလည်း သူငယ်ချင်းတွေကို လွမ်းပါတယ်။ သမီးလေးနဲ့ မုန့်ဘူးကိုပွေ့ပြီး ပြတင်းပေါက်နား သွားလိုက်သည်။ ချွေးမောင်ကို မုန့်ကျွေးရင်း သမီးလေးကို ပြလိုက်သည်။ "ချွေးမောင်... ငါ့ကို ကူညီပေးပါဦး။ မြို့တော်ကို သတင်းပြန်ပို့ပေးပါ။ ငါ နေကောင်းတယ်။ ယင်းဖုန်းတို့လည်း နေကောင်းကြတယ်။ ငါ သမီးလေးတောင် မွေးထားတယ်လို့ ပြောပြပေးပါ"
ချွေးမောင် မုန့်စားရင်း ကလေးကို ကြည့်လိုက်သည်။ "ဒီကလေးက ဝလိုက်တာ"
"အင်း... သူက သန်မာတယ်။ အသက်ရှည်ရှည် နေရမှာ" နဉ်ရှောင်ယောင်း ဂုဏ်ယူစွာ ပြောလိုက်သည်။
လောင်တနဲ့ ယိုကွမ့် ပြတင်းပေါက်ဘောင်ပေါ် ခုန်တက်လိုက်ကြသည်။ ရှောင်ပိုင်က မတ်တတ်ရပ်ပြီး လက်သည်းနဲ့ ပြတင်းပေါက်ဘောင်ကို ကိုင်ထားသည်။ ကလေးလေး အိပ်ပျော်နေတာကို ဝိုင်းကြည့်နေကြသည်။
"ရှောင်ယောင်း... ကလေးနာမည် ဘယ်လိုပေးမလဲ" လောင်တ မေးလိုက်သည်။
နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။ ဟုတ်သားပဲ။ ဘာနာမည်ပေးရင် ကောင်းမလဲ။
"ဖောင့်ဖောင့် (ဝက်ပုတ်)" ယိုကွမ့် အကြံပြုလိုက်သည်။
"မိန်းကလေးကို ဖောင့်ဖောင့်လို့ပေးရင် ကောင်းပါ့မလား" လောင်တ ပြောလိုက်သည်။ "တာ့ဟွမ်ရဲ့ သားနာမည်က ဖောင့်ဖောင့် မဟုတ်ဘူးလား"
နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။ သူမသမီးက ခွေးနာမည်နဲ့ တူလို့ မဖြစ်ဘူးလေ။
"တကယ်တော့ အဖေက နာမည်ပေးရမှာ" ရှောင်ပိုင် ဝင်ပြောသည်။ "ငါ့အမေ ပြောဖူးတယ်"
လောင်တ ရှောင်ပိုင်ကို ရိုက်လိုက်သည်။ "စကားမများနဲ့"
"ရန်မဖြစ်ကြနဲ့" နဉ်ရှောင်ယောင်း ဝင်တားလိုက်သည်။ "ငါ စဉ်းစားလို့ ရပြီ။ ဒီကလေးနာမည်က ထောင်စူး (မက်မွန်မုန့်)"
တိရစ္ဆာန်လေးများ မုန့်ဘူးထဲက မက်မွန်မုန့်ကို ကြည့်လိုက်ကြသည်။ မုန့်မြင်ပြီး နာမည်ပေးလိုက်တာလား။
"ဦးနှောက်လေး နည်းနည်းလောက် သုံးပါဦးလား" လောင်တ မေးလိုက်သည်။
"နင်တို့ မကြိုက်ဘူးလား" နဉ်ရှောင်ယောင်း စဉ်းစားလိုက်ပြန်သည်။ "ဒါဆို... ထမင်းဆုပ်?"
လောင်တ အမြီးနှံ့လိုက်ပြီး "ထောင်စူးပဲ ကောင်းပါတယ်" ဟု ပြောလိုက်သည်။
ဒီလိုနဲ့ ကလေးမလေး အိပ်ပျော်နေတုန်းမှာပဲ သူမရဲ့ အမေအရင်းက နာမည်ပေးလိုက်လေသည်။
"နဉ်ထောင်စူး" နဉ်ရှောင်ယောင်း သမီးလေးကိုကြည့်ပြီး ရယ်မောလိုက်သည်။ "နာမည်ကောင်းလေးပဲ"
ချွေးမောင် ဗိုက်ဝသွားပြီး နှုတ်ဆက်ထွက်ခွာသွားသည်။ "ရှောင်ယောင်း... နောက်ဆက်ပြီး ဘယ်သွားမလဲ။ ဒီမှာပဲ နေမှာလား။ အဘိုးစာကလေးတို့ လာလည်ကြလိမ့်မယ်"
"မနေတော့ဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဖုန်းကျိုးကို သွားမလို့။ ငါ့မိသားစုကို သွားတွေ့မလို့။ မသိရင်တော့ ထားလိုက်ပါတော့။ သိရပြီဆိုတော့ မိဘတွေ၊ အစ်ကိုကြီးနဲ့ မောင်လေးကို သွားတွေ့သင့်တယ် မဟုတ်လား"
"ဖုန်းကျိုး ယွဲ့ပြည်နယ်မြို့စားအိမ်တော်" လောင်တ ချွေးမောင်ကို မှာကြားလိုက်သည်။ "အဘိုးစာကလေးတို့ကို ပြောလိုက်ဦး။ ငါ့ကြောင်ညီနောင်တွေကိုလည်း ပြောပြလိုက်ဦးနော်"
"ကောင်းပြီ" ချွေးမောင် ပျံထွက်သွားသည်။
နဉ်ရှောင်ယောင်း ချွေးမောင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီး လောင်တတို့ကို ပြောလိုက်သည်။ "ငါတို့ မနက်ဖြန် ထွက်ခွာကြမယ်"
လောင်တ စဉ်းစားလိုက်သည်။ လိုကျစ်ကွေ့ ဒီမြို့ထဲ ရောက်နေတယ်ဆိုတာ နဉ်ရှောင်ယောင်းကို မပြောပြတော့ဘူးလို့ ဆုံးဖြတ်လိုက်သည်။ "ကောင်းပြီ။ မနက်ဖြန် ထွက်ကြမယ်"
.....
ညရောက်သောအခါ နဉ်ရှောင်ယောင်း ကြက်ပေါင်းရည် တစ်အိုးလုံး ကုန်အောင် သောက်လိုက်သည်။ အခန်းထဲက ထွက်လာပြီး ယင်းဖုန်းတို့ကို သူမရဲ့ ဆုံးဖြတ်ချက်ကို ပြောပြလိုက်သည်။
"မီးတွင်းထဲက မထွက်ရသေးဘူးလေ" ရှဲ့သော်ယင်း စိုးရိမ်တကြီး ပြောလိုက်သည်။ "မနက်ဖြန် ဖုန်းကျိုးကို သွားမယ် ဟုတ်လား။ အသက်မရှင်ချင်တော့ဘူးလား"
"ငါ နင်တို့ကို ပြောစရာရှိတယ်" နဉ်ရှောင်ယောင်း အသံနှိမ့်ပြီး သူမရဲ့ မျိုးရိုးအကြောင်း ပြောပြလိုက်သည်။
ယင်းဖုန်းတို့: "..."
"တကယ်လား" ရှဲ့သော်ယင်း မယုံကြည်နိုင် ဖြစ်နေသည်။
"တကယ်ပါ" နဉ်ရှောင်ယောင်း အတည်ပြုလိုက်သည်။ "သတင်းက စိတ်ချရတယ်"
"ဒါကြောင့် သခင်လေးနဉ်က ရှောင်ယောင်းနဲ့ တူနေတာကိုး" ယင်းယွီ အာမေဋိတ်သံ ထွက်သွားသည်။
"ဟုတ်တယ်" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အမတ်ချုပ်ကြီးရှဲ့ရဲ့ ယုတ်မာမှုကို လျှော့တွက်မိသွားတယ်။ ငါက မင်းမျိုးမင်းနွယ် မဟုတ်ဘူးဆိုတာ မစဉ်းစားမိခဲ့ဘူး"
နဂါးအစောင့်တပ်သားများ ခေါင်းညိတ်လိုက်ကြသည်။ အမတ်ချုပ်ကြီးရှဲ့လောက် ယုတ်မာတဲ့လူ မရှိဘူး။
"မီးတွင်းထဲက ထွက်ပြီးမှ သွားကြရအောင်" ယင်းဖုန်း နဉ်ရှောင်ယောင်းကို ညှိနှိုင်းလိုက်သည်။ "ဒါမှ မင်းရော ကလေးပါ ကျန်းမာမှာ"
"မလိုပါဘူး" နဉ်ရှောင်ယောင်း ငြင်းလိုက်သည်။ "ငါ့လိုလူက မီးတွင်းထဲ နေစရာမလိုဘူး။ နတ်သမားတော်လေ"
ယင်းဖုန်း ဘာပြောရမှန်း မသိတော့ပေ။
"ဪ... ဟုတ်သားပဲ။ ငါ့သမီးနာမည်က ထောင်စူးတဲ့။ နဉ်ထောင်စူး" နဉ်ရှောင်ယောင်း ကြေညာလိုက်သည်။ "နာမည်ကောင်းလေး မဟုတ်ဘူးလား"
"ဖူး..." ယင်းလေ ရေသောက်နေရင်း သီးသွားသည်။
"မကောင်းဘူးလား" ယင်းလေ အဖြစ်ကိုမြင်တော့ နဉ်ရှောင်ယောင်း စိတ်ပျက်သွားသည်။
ယင်းဖုန်းတို့ ကြောင်နက်ကြီးနဲ့ ဝံပုလွေဖြူကို ကြည့်လိုက်ကြသည်။ တစ်ကောင်က လောင်တ၊ တစ်ကောင်က ရှောင်ပိုင်။ အရှင်မင်းကြီး နာမည်ပေးတာကို မျှော်လင့်ချက် မထားတာ ကောင်းမယ်။
"နာမည်ပြောင်ပဲ မဟုတ်လား" တပ်သားတစ်ဦး မေးလိုက်သည်။
"နာမည်ရင်းရော ပေးရဦးမှာလား" နဉ်ရှောင်ယောင်း ကြောင်သွားသည်။
"နဉ်ထောင်စူးပဲ ထားလိုက်ပါတော့" ယင်းဖုန်း ဆုံးဖြတ်လိုက်သည်။
ရှဲ့သော်ယင်း ဝင်ပြောသည်။ "ကျွန်မအမှားပါ။ ရှောင်ယောင်းကို မက်မွန်မုန့် သွားပေးမိတာ"
အားလုံး ရယ်မောလိုက်ကြသည်။ မက်မွန်မုန့်ပေးလို့ နဉ်ထောင်စူး ဖြစ်သွားတာ။ ပဲစိမ်းမုန့်ပေးရင် နဉ်လွီတုန် ဖြစ်သွားမလား။ အသားပေါက်စီပေးရင် နဉ်ပေါင်းဇီ ဖြစ်သွားမလား။
"တကယ် အဆင်ပြေရဲ့လား" ယင်းဖုန်း နဉ်ရှောင်ယောင်းကို စိုးရိမ်တကြီး မေးလိုက်သည်။
"ပြေပါတယ်" နဉ်ရှောင်ယောင်း ခုန်ဆွခုန်ဆွ လုပ်ပြလိုက်သည်။ "ကလေးမွေးပြီးတာနဲ့ ငါ ပုံမှန်ပြန်ဖြစ်သွားပြီ"
"သမားတော်က ကိုယ့်ရောဂါကိုယ် မကုနိုင်ဘူးတဲ့" ရှဲ့သော်ယင်း သတိပေးလိုက်သည်။
"အဲ့ဒါ သာမန်သမားတော်တွေလေ။ ငါက နတ်သမားတော်" နဉ်ရှောင်ယောင်း လက်ခါပြလိုက်သည်။ "မနက်ဖြန် ဖုန်းကျိုးကို သွားမယ်။ ငါ မြေပုံသွားကြည့်လိုက်ဦးမယ်"
နဉ်ရှောင်ယောင်း ပြေးထွက်သွားသည်။ ပေါ့ပါးသွက်လက်နေပုံကို ကြည့်ပြီး အားလုံး စိတ်အေးသွားကြသည်။
"မြေပုံကြည့်မယ်?" ယင်းလေ မေးလိုက်သည်။ "လမ်းမသိမှာ စိုးလို့လား"
"စားစရာကောင်းတဲ့နေရာ ရှာမလို့ပါ" ယင်းဖုန်း မတ်တတ်ထရပ်လိုက်ပြီး "အထုပ်အပိုးတွေ ပြင်ထားကြ။ လိုကျစ်ကွေ့စစ်တပ် ထွက်သွားတာနဲ့ ငါတို့လည်း ထွက်ကြမယ်" ဟု ပြောလိုက်သည်။
လိုကျစ်ကွေ့အကြောင်း ပြောလိုက်တော့ အားလုံး မျက်နှာပျက်သွားကြသည်။ ဘယ်သူမှ လိုကျစ်ကွေ့နဲ့ မတွေ့ချင်ကြဘူး။
ယင်းယွီ ရေသောက်လိုက်ပြီး "ဖုန်းကျိုးရောက်ရင် ယွဲ့ပြည်နယ်မြို့စားအိမ်တော်က ရှောင်ယောင်းကို လက်မခံရင် ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်သည်။
"ဒါဆို ထွက်သွားကြတာပေါ့" ယင်းဖုန်း အေးစက်စွာ ပြောလိုက်သည်။ "ကမ္ဘာကြီးက ကျယ်ပါတယ်။ ငါတို့ နေစရာမရှိဘဲ နေမလား"
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၇၄ ။ မင်းရဲ့ တောင်ဂူထဲကိုပဲ ပြန်သွားလိုက်ပါတော့
ဒုတိယနေ့ မိုးမလင်းမီအချိန်၌ အပြင်သို့ သတင်းသွားစုံစမ်းသော ယင်းယွီနှင့် ယင်းလေတို့သည် ခြံဝင်းအတွင်းသို့ ပြန်ရောက်လာကြ၏။ လက်ဖက်ရည်ကြမ်း တစ်ငုံသောက်ပြီးနောက် ယင်းယွီက ယင်းဖုန်းကို ပြောလိုက်သည်။
"လိုကျစ်ကွေ့က စစ်သည်အင်အားနဲ့ ထွက်ခွာသွားပြီ၊ အခု မြို့နယ်ထဲမှာ စစ်တပ်ကို ဦးစီးနေတာက ချင်းရွှမ်းပဲ။"
ယင်းဖုန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"သူက ရေတပ်စစ်သူကြီး မဟုတ်ဘူးလား။"
"ကျန်းနန်ရေတပ်က အခု ချွန်းကျန်းမြစ်ပေါ်မှာ ရှိနေတာလေ" ဟု မထိုင်ဘဲ မတ်တတ်ရပ်လျက်ပင် ယင်းလေက ဝင်ပြောလိုက်သည်။ "ရှန့်နုံက ချွန်းကျန်းမြစ်အထက်ပိုင်းက နေရာသေးသေးလေးတစ်ခုမှာ ပုန်းနေတယ်လို့ သိရတယ်။ လိုကျစ်ကွေ့က ဒီတစ်ခေါက်တော့ တကယ်ကို အားထည့်ထားတာပဲ၊ အဲ့ဒီသူပုန်ခေါင်းဆောင်ကို အပြတ်ရှင်းဖို့ ဆုံးဖြတ်ထားပုံရတယ်။"
"အနက်ရောင်နှင်းခဲမြင်းတပ်နဲ့ ကျန်းနန်ရေတပ်က ကုန်းကြောင်းရော ရေကြောင်းပါ နှစ်ဖက်ညှပ်ပြီး ရှန့်နုံကို တိုက်ခိုက်မှာ" ဟု ယင်းယွီက ဆိုသည်။ "ရှန့်နုံ ဘယ်လောက်ပဲ ပြေးနိုင်ပါစေ၊ ဒီတစ်ခါတော့ သေဖို့ပဲ ရှိတော့တယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ လေအာ့ ကြားခဲ့တာကတော့ ရှန့်ထျန်းကောကို မြို့နယ်ထဲမှာ ချန်ထားရစ်ခဲ့တယ်တဲ့။ ကြည့်ရတာ လိုကျစ်ကွေ့က လူသားဆန်မှု နည်းနည်းတော့ ရှိသေးသားပဲ၊ ရှန့်ထျန်းကောကို သူ့အဖေ ရှန့်နုံနဲ့ ဓားချင်းမယှက်စေချင်ဘူး ထင်တယ်။"
ယင်းဖုန်းသည် ခဏမျှ တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် ဘေးနားရှိ စားပွဲကို လက်ချောင်းဖြင့် တောက်လိုက်ကာ ခပ်တိုးတိုး ပြောလိုက်၏ -
"ဒါတွေက ငါတို့နဲ့ မဆိုင်ဘူး။"
"ဒါဆို ကျွန်တော်တို့ အခုပဲ ထွက်သွားကြမလား" ဟု ယင်းယွီက မေးသည်။
ယင်းဖုန်းသည် မတ်တတ်ရပ်လိုက်၏။ မထွက်သွားဘဲ ဤနေရာမှာ ဆက်နေပါက အနက်ရောင်နှင်းခဲမြင်းတပ်သားများ၏ ဖော်ထုတ်ခြင်းကို ခံရမယ် မဟုတ်လား။
....
နဉ်ရှောင်ယောင်းတို့ တစ်ဖွဲ့လုံး ခိုလှုံနေသော ကျန်းနန်မြို့နယ်လေးမှ ထွက်ခွာပြီး အနောက်တောင်ဘက်သို့ ဦးတည်သွားချိန်တွင် လိုကျစ်ကွေ့သည် မြင်းစီးလျက် စစ်ချီရာ လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လမ်းသွားလမ်းလာများသည် ချီတက်လာသော စစ်တပ်ကြီးနှင့် တိုးမိသောအခါ လမ်းဘေးဝဲယာသို့ အသီးသီး ရှောင်ဖယ်ပေးကြရလေသည်။ စစ်မီးတောက်လောင်နေချိန်တွင် အရပ်သားပြည်သူများသည် တတ်နိုင်သမျှ အိမ်ပြင်မထွက်ရန် ကြိုးစားကြသော်လည်း ငြိမ်းချမ်းသည့်အချိန်ဖြစ်စေ၊ စစ်မက်ဖြစ်ပွားသည့်အချိန်ဖြစ်စေ ဝမ်းစာရှာဖွေရန်အတွက်မူ အပြင်သို့ ထွက်ကြရစမြဲပင်။
အဘွားအိုတစ်ဦးသည် အပြာရောင်ပန်းပွင့်ပါသော အဝတ်ဖြင့် ဖုံးအုပ်ထားသည့် ဝါးခြင်းတောင်းကို ကိုင်ဆောင်ကာ လမ်းဘေး၌ ရပ်စောင့်နေ၏။ သူမသည် စစ်တပ်ကြီး ဖြတ်သန်းသွားပြီးမှ ရှေ့ကမြို့နယ်သို့ သွား၍ ဈေးရောင်းလိုခြင်းဖြစ်သည်။
လိုကျစ်ကွေ့သည် မွှေးရနံ့တစ်ခုကို ရရှိသဖြင့် အဘွားအို၏ ဘေးနားတွင် မြင်းကို ရပ်လိုက်သည်။ သူမ ချိတ်ထားသော ခြင်းတောင်းကို တစ်ချက်ကြည့်ကာ မေးလိုက်၏။
"အဘွား ဘာတွေ ရောင်းနေတာလဲ။"
အဘွားအိုသည် ကြောက်လန့်တကြား ခေါင်းမဖော်ဝံ့ဘဲ ခြင်သံလောက်သာရှိသော အသံဖြင့် ဖြေလိုက်သည်။
"ပန်းကိတ်မုန့်ရယ်... ပြီးတော့... ပြီးတော့ ပန်းပျားရည်သကြားလုံး ပါ။"
ပန်းပျားရည်သကြားလုံး...။
လိုကျစ်ကွေ့၏အကြည့်သည် ဝါးခြင်းတောင်းပေါ်၌ အချိန်အတော်ကြာ ရပ်တန့်နေသဖြင့် ကြောက်လန့်နေသော အဘွားအိုမှာ မတ်တတ်ပင် မရပ်နိုင်တော့လုနီးပါး ဖြစ်သွား၏။ ထိုအခါမှ လိုကျစ်ကွေ့က ပြောလိုက်သည် -
"ခင်ဗျားရဲ့ ပန်းပျားရည်သကြားလုံးတွေကို ကျွန်တော့်ကို ရောင်းလိုက်ပါ။"
အဘွားအိုမှာ အံ့အားသင့်သွားရ၏။ ဤမျှ အေးစက်လှသော စစ်သူကြီးသည် အချိုကြိုက်တတ်သူ ဖြစ်လိမ့်မည်ဟု သူမ မထင်ထားမိပေ။
မကြာမီ ပန်းရနံ့ သင်းပျံ့နေသော သကြားလုံးထုပ်သည် လိုကျစ်ကွေ့၏ လက်ထဲသို့ ရောက်ရှိလာလေသည်။ သူသည် မြင်းကို ဆက်လက်စီးနင်းရင်း သကြားလုံးတစ်လုံးကို ပါးစပ်ထဲသို့ ထည့်လိုက်၏။ လိုကျစ်ကွေ့သည် ခေါင်းကို အနည်းငယ် ခါလိုက်မိသည်။ ဤအရသာက ထိုစဉ်က မြို့တော်၏ လမ်းမများပေါ်တွင် စားခဲ့ဖူးသော အရသာနှင့် မတူဘဲ တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားရ၏။
.....
ရထားလုံးအတွင်း၌ ထိုင်နေသော နဉ်ရှောင်ယောင်းသည်လည်း ထိုအချိန်တွင် ပန်းပျားရည်သကြားလုံး တစ်လုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး သဘောကျစွာ မျက်မှောင်ကျုံ့လိုက်ကာ အတူပါလာသော ရှဲ့သော်ယင်းကို ပြောလိုက်သည်။
"အရမ်းစားလို့ကောင်းတာပဲ! မြို့တော်မှာ စားခဲ့တာထက်တောင် ပိုကောင်းသေးတယ်!"
ရှဲ့သော်ယင်းက နှုတ်ခမ်းမဲ့လိုက်၏။ ဒီငနဲမအတွက်မူ စားလို့ရသည့်အရာမှန်သမျှ ဘာကများ မကောင်းဘဲရှိပါ့မလဲ
လိုကျစ်ကွေ့သည် သကြားအရသာက မမှန်ဟု ခံစားရသော်လည်း လွှင့်ပစ်ရန် နှမြောသဖြင့် မြင်းလည်ပင်းတွင် ချိတ်ထားသော သားရေအိတ်ထဲသို့ ထည့်ထားလိုက်လေသည်။
ကိုယ်ရံတော်စစ်သည်များက လိုကျစ်ကွေ့၏ အပြုအမူကို မြင်သော်လည်း မည်သူမျှ စကားမဆိုဝံ့ကြပေ။ သူတို့၏ စစ်သေနာပတိချုပ်ကြီးသည် မုန့်များ ဝယ်ရသည်ကို နှစ်သက်သော်လည်း ကိုယ်တိုင်မူ များများစားစား မစားတတ်ပေ။ မုန့်များ ပျက်စီးသွားလျှင် သို့မဟုတ် အရည်ပျော်သွားလျှင် လွှင့်ပစ်လိုက်ပြီး အသစ်ထပ်ဝယ်လေ့ရှိသည်။ စစ်သေနာပတိချုပ်၏ ဝါသနာမှာ ဘာကြောင့်ဖြစ်လာမှန်း မည်သူမျှ မသိကြချေ။
"စစ်သေနာပတိချုပ်!" ဟု နောက်ဘက်မှ လှမ်းခေါ်သံ ကြားလိုက်ရသဖြင့် လိုကျစ်ကွေ့ လှည့်ကြည့်လိုက်ရာ သူ၏စီနီယာအစ်ကို၊ ဆရာကြီးဟွေးဟူ၏ တပည့်ကြီး ဖြစ်သူ ကျောက်ဖေးရန်သည် မြင်းစီးလျက် သူရှိရာသို့ အပြေးလာနေသည်ကို တွေ့လိုက်ရ၏။
"စစ်သေနာပတိချုပ်" ဟု ကျောက်ဖေးရန်က လိုကျစ်ကွေ့၏ ရှေ့သို့ ရောက်သောအခါ နှုတ်ဆက်လိုက်ပြီး ပြောလိုက်သည်။ "ဆရာက မင်းဆီကို စာတစ်စောင် ပေးလိုက်တယ်။"
လိုကျစ်ကွေ့သည် စီနီယာအစ်ကိုကို ခေါ်ဆောင်ကာ လမ်းမပေါ်မှ ဖယ်ခွာပြီး ချွန်းကျန်းမြစ်ကမ်းနားသို့ သွားလိုက်ကြသည်။ လိုကျစ်ကွေ့သည် စာအိတ်ကို ဖောက်၍ ဖတ်ကြည့်လိုက်၏။
ကျောက်ဖေးရန်က တိုးတိုးလေး ပြောလိုက်သည်။
"ဒီစာကို ဆရာက တစ်ညလုံး ရေးထားတာပါ။ ဆရာပြောတာကတော့ အခုအချိန်မှာ အခွင့်ကောင်းကို လက်လွတ်မခံဘဲ တောင်ပိုင်းဒေသက မြို့တွေကို သိမ်းပိုက်ဖို့ အရေးကြီးတယ်၊ ရှန့်နုံကို သတ်ဖို့က အခုလောလောဆယ် မလောသင့်ဘူးတဲ့။ သူပုန်တွေက အရင်က လူဦးရေ သန်းချီရှိခဲ့ပေမဲ့ အခုတော့ အကြွင်းအကျန် စစ်သည်အနည်းငယ်ပဲ ရှိတော့တာမို့ အဲ့ဒီလောက်အထိ အာရုံစိုက်နေဖို့ မတန်ဘူးလို့ ပြောတယ်။"
ဆရာကြီးဟွေးဟူ၏ စာထဲတွင် ပါဝင်သော အကြောင်းအရာမှာ ကျောက်ဖေးရန် ပြောသည်နှင့် ဆင်တူသော်လည်း သုံးနှုန်းထားသော စကားလုံးများမှာ ပို၍ လေးနက်လှသည်။ စာ၏ နောက်ဆုံးတွင် ဆရာကြီးဟွေးဟူက လိုကျစ်ကွေ့ကို မေးထားသည်မှာ 'တိုင်းပြည်နဲ့ သူပုန်အကြွင်းအကျန်တွေ ဘယ်သူဟာက ပိုအရေးကြီးလဲ' ဟူ၍ ဖြစ်သည်။
လိုကျစ်ကွေ့သည် စာဖတ်ပြီးနောက် စာရွက်ကို လုံးချေ၍ လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်၏။
ဆရာဖြစ်သူ၏ ကိုယ်တိုင်ရေးစာကို ရိုသေစွာ ကိုင်တွယ်သင့်သော်လည်း လိုကျစ်ကွေ့၏အပြုအမူကို မြင်သောအခါ သူ၏ ဂျူနီယာညီလေးသည် ဆရာ့အပေါ် မကျေမနပ်ဖြစ်နေပြီဟု ကျောက်ဖေးရန် နားလည်လိုက်သည်။
"ချန်ယင်း" ဟု ကျောက်ဖေးရန်က ဆိုသည်။ "ဆရာက မင်းအတွက်ပဲ စေတနာထားတာပါ။"
လိုကျစ်ကွေ့သည် လက်ကို မြှောက်လိုက်ပြီး စာရွက်လုံးကို ချွန်းကျန်းမြစ်ထဲသို့ ပစ်ချလိုက်၏။ စာရွက်သည် ရေစိုသွားပြီးနောက် မြစ်ရေထဲသို့ မြန်မြန်ဆန်ဆန်ပင် နစ်မြုပ်သွားလေသည်။ လှိုင်းတစ်ခု ပုတ်လိုက်သောအခါ ဆရာကြီးဟွေးဟူ၏ ထိုစာသည် ဤလောကထဲမှ ပျောက်ကွယ်သွားတော့၏။
"မင်း..." ဟု ကျောက်ဖေးရန် စကားပြောရန် ပြင်လိုက်သော်လည်း...
"စစ်တပ်ကိစ္စတွေကိုတောင် ဆရာက ဝင်စွက်ဖက်ချင်နေတာလား" ဟု လိုကျစ်ကွေ့က ကျောက်ဖေးရန်ကို စကားပြောခွင့် မပေးဘဲ အေးစက်သောအသံဖြင့် မေးလိုက်သည်။
ကျောက်ဖေးရန်မှာ မှင်တက်သွားရ၏။
"ဒီတိုင်းပြည်ကို ဆရာကပဲ အုပ်ချုပ်ချင်နေပုံရတယ်" ဟု လိုကျစ်ကွေ့က ပြုံးလျက် ဆိုသည်။ "ဒါဆိုရင် ငါ တိုင်းပြည်ကို သိမ်းပိုက်ပြီးတဲ့အခါ ဆရာ့ကို နဂါးပလ္လင်ပေါ် တက်ဖို့ ဖိတ်ခေါ်ရမှာပေါ့၊ ဟုတ်လား။"
ကျောက်ဖေးရန်သည် လိုကျစ်ကွေ့၏ စကားကြောင့် လန့်သွားရ၏။ ဤစကားမှာ အလွန်ပင် ထိခိုက်စေပြီး သူတို့၏ဆရာကို သေလမ်းသို့ တွန်းပို့နေသကဲ့သို့ ခံစားရပေသည်။
"ငါ လီဝူချီ၊ အကြီးအကဲလီကို ဖိတ်ဖို့ လူလွှတ်လိုက်ပြီ" ဟု လိုကျစ်ကွေ့က ဆက်ပြောသည်။ "ဆရာ့အတွက်ကတော့... တောင်တောတွေကပဲ သူနဲ့ ပိုပြီး သင့်တော်မယ်လို့ ငါ ထင်တယ်။"
ကျောက်ဖေးရန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည် -
"မင်း ဆရာ့ကို မောင်းထုတ်မလို့လား။"
"မောင်းထုတ်တာ မဟုတ်ပါဘူး။ သူ့ကို စိတ်ပင်ပန်း လူပင်ပန်း မဖြစ်စေချင်ရုံပါ။ ဟုတ်ပြီ၊ တကယ်လို့ ဆရာက ဒီတိုင်းပြည်ကို လိုချင်တယ်ဆိုရင် ငါ့ကို တိုက်ရိုက် ပြောလို့ရပါတယ်။"
"ကျောက်ဖေးရန်...မင်း ဆရာ့အပေါ် တစ်ခုခု နားလည်မှုလွဲနေတာလား။"
"စစ်တပ်အသုံးချတာကအစ သူ့စကား နားထောင်ရမယ်ဆိုရင် ငါ ဘယ်လိုမျိုး တွေးသင့်သလဲ" ဟု လိုကျစ်ကွေ့က ပြန်မေးလိုက်သည်။
"ဆရာက အဲ့ဒီလို မဟုတ်..." ကျောက်ဖေးရန် စကားလုံး ဆွံ့အသွားရ၏။
"ဆရာက နောက်တန်းမှာ ရှိနေတာလေ" ဟု လိုကျစ်ကွေ့က ပြုံးလျက် ဆိုသည်။ "ငါ ရှေ့တန်းတပ်မှာ လုပ်သမျှကို တစ်ရက်အတွင်း သူ သိနိုင်တယ်၊ ပြီးတော့ စီနီယာအစ်ကို ငါ့နောက်ကို မြင်းစီးပြီး လိုက်လာနိုင်အောင် အချိန်ပေးနိုင်သေးတယ်... ကောင်းတယ်၊ အရမ်းကောင်းတယ်။"
"ကျောက်ဖေးရန်၊ မင်းပြောတဲ့စကားရဲ့ အဓိပ္ပာယ်က ဘာလဲ။"
"စီနီယာအစ်ကိုလည်း ဆရာနဲ့အတူ တောင်တောထဲကိုပဲ ပြန်လိုက်သွားပါတော့" ဟု လိုကျစ်ကွေ့က အေးစက်စွာ ပြောလိုက်သည်။
ကျောက်ဖေးရန်မှာ ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားရ၏။ ဆရာကြီးဟွေးဟူ၏ တပည့်တစ်ဦးအနေဖြင့် သူနှင့် သူ၏ ညီအစ်ကိုများသည် ဆရာကြီး အာဏာမရှိချိန်တွင် မျက်နှာပန်း မလှခဲ့ကြပေ။ လိုကျစ်ကွေ့ စစ်အင်အားစုပြီး တိုင်းပြည်ကို သိမ်းပိုက်သည့် အချိန်ကျမှသာ သူတို့တစ်သိုက်မှာ အရာရှိဖြစ်ရန် အခွင့်အလမ်း ရရှိခဲ့ကြခြင်းဖြစ်သည်။ ယခုမူ ဤဂျူနီယာညီလေးက ဆရာ့ကိုသာမက သူတို့ကိုပါ မောင်းထုတ်တော့မှာလား။
"ငါ ဧကရာဇ်ကိုတောင် ပုန်ကန်နိုင်သေးတာပဲ" ဟု လိုကျစ်ကွေ့က သူ၏ စီနီယာအစ်ကိုကို ကြည့်ကာ ပြောလိုက်သည်။ "ဒါဆိုရင် ဒီလောကမှာ ငါ မပုန်ကန်ဝံ့တဲ့သူ မရှိဘူး။ စီနီယာအစ်ကို ဆရာ့ကို စကားတစ်ခွန်း ပါးပေးလိုက်ပါ၊ ငါ့ကို ဖိအားမပေးဖို့ ပြောလိုက်ပါ။"
လိုကျစ်ကွေ့သည် စကားပြောပြီးနောက် လှည့်ထွက်သွားလေတော့သည်။ ကျောက်ဖေးရန်မှာမူ ချွန်းကျန်းမြစ်ကမ်းနားတွင် ကျောက်ရုပ်ကဲ့သို့ မှင်တက်ကာ ကျန်ရစ်ခဲ့၏။
....
ထိုနေ့ ညနေတွင် ဆရာကြီးဟွေးဟူသည် မိမိရှေ့၌ ရပ်နေသော တပည့်များကို ကြည့်ကာ ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
"သူက မင်းတို့ အားလုံးကိုပါ ပြန်လွှတ်လိုက်တာလား။"
လိုကျစ်ကွေ့၏ စစ်တပ်အတွင်းမှ နှင်ထုတ်ခံရသော တပည့်အချို့မှာ ဗျစ်ဗျစ်တောက် မကျေမနပ် ပြောဆိုချင်ကြသော်လည်း သူတို့ကို လိုက်လံပို့ဆောင်လာသော စစ်သည်များမှာ တံခါးအပြင်ဘက်တွင် စောင့်နေသည်ကို သတိရသဖြင့် မည်သူမျှ စကားမဆိုဝံ့ကြပေ။
"ဆရာ" ဟု ကျောက်ဖေးရန်သည် စာကြည့်ခန်းအတွင်းသို့ ပြေးဝင်လာကာ တုန်ရင်သောအသံဖြင့် ပြောလိုက်သည်။ "လီဝူချီ ရောက်လာပါပြီ။"
ဆရာကြီးဟွေးဟူ၏ စားပွဲပေါ်ရှိ လက်များမှာ အကြောများ ထောင်ထွက်လာသည်အထိ ဆုပ်ကိုင်ထားမိ၏။ လီဝူချီက ယနေ့တွင်ပင် ရောက်ရှိလာခဲ့ပြီ။ သူ၏ တပည့်ကောင်းလေးသည် သူ့ကို တောင်တောထဲသို့ နှင်ထုတ်ရန်အတွက် ယနေ့မှ စဉ်းစားခဲ့ခြင်းမဟုတ်ဘဲ ကြိုတင်စီစဉ်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"ဆရာ၊ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ" ဟု တပည့်တစ်ဦးက မေးသည်။
ဆရာကြီးဟွေးဟူတွင် ပညာရပ်များစွာရှိသော်လည်း ယခုအချိန်၌ ထိုပညာများက သူ့ကို မကူညီနိုင်တော့ပေ။
မကြာမီ အကြီးအကဲလီသည် စာကြည့်ခန်းတံခါးဝသို့ ရောက်ရှိလာ၏။ တံခါးကို ခေါက်ကာ ဆရာကြီးဟွေးဟူ၏ ခွင့်ပြုချက်ကိုပင် မစောင့်ဘဲ အခန်းထဲသို့ ဝင်လာပြီး ဆရာကြီးကို ကြည့်ကာ ပြောလိုက်သည် -
"မတွေ့တာ ကြာပြီနော်။"
ဆရာကြီးဟွေးဟူသည် မတ်တတ်ရပ်လိုက်ပြီး ခါးသီးစွာ ပြုံးလျက် အကြီးအကဲလီကို နှုတ်ဆက်လိုက်သည်။
"တကယ်ကို မတွေ့တာ ကြာပါပြီ။"
အကြီးအကဲလီ၏မျက်နှာမှာ အမြဲတမ်းလိုလို အပြုံးမရှိဘဲ တည်တင်းနေတတ်သည်။ သူက အခန်းထဲရှိ ကျောက်ဖေးရန်တို့ကို တစ်ချက်ဝှေ့ကြည့်ကာ ပြောလိုက်သည်။
"ဒါက အကုန်လုံး အနှင်ထုတ်ခံလိုက်ရတာလား။"
ကျောက်ဖေးရန်တို့တစ်သိုက်မှာ... ဒီလူ စကားပြောတာ ဒီလောက်အထိ အနာဆားဖြူးရဖို့ လိုလို့လားဟု တွေးမိကြ၏။
"မင်း လုပ်ဆောင်ခဲ့တာတွေက လိုကျစ်ကွေ့အတွက်တော့ အမှားမရှိပါဘူး" ဟု အကြီးအကဲလီက ဆရာကြီးဟွေးဟူကို တိုက်ရိုက်ပင် ပြောလိုက်သည်။ "ဒါပေမဲ့ စစ်သေနာပတိချုပ်လိုက အခုတော့ မင်းကို တကယ်ပဲ ငြီးငွေ့နေပြီ။"
ဆရာကြီးဟွေးဟူသည် တံခါးအပြင်ဘက်ရှိ စစ်သည်များကို ကြည့်လိုက်ရာ ဆောင်းဦးည၏ အအေးဓာတ်အောက်တွင် စစ်သည်တို့၏ ဓားဖျားများမှာ အေးစက်စက် အလင်းရောင်များ တောက်ပနေသည်ကို တွေ့လိုက်ရ၏။
အကြီးအကဲလီသည်လည်း နောက်လှည့်ကြည့်ပြီးမှ ဆရာကြီးဟွေးဟူကို ပြန်ကြည့်ကာ မေးလိုက်သည်။
"မင်းက ဒီညတွင်းချင်းပဲ နေရပ်ပြန်မလား၊ ဒါမှမဟုတ် ကျန်းနန်မှာ တစ်ညလောက် ထပ်အိပ်ဦးမလား။"
ဆရာကြီးဟွေးဟူက ပြောလိုက်သည်။
"အမတ်ကြီးက ငါ့ကို အဲ့ဒီလောက်တောင် အလောတကြီး ထွက်သွားစေချင်တာလား။"
"ငါ မဟုတ်ဘူး" ဟု အကြီးအကဲလီက အေးစက်စက် ပြောလိုက်သည်။ "မင်းရဲ့ တပည့်ငယ်လေးက မင်းကို အမြန်ဆုံး နေရပ်ပြန်ဖို့ ခိုင်းလိုက်တာ။"
စာကြည့်ခန်းအတွင်းရှိ လေထုမှာ ရေခဲမှတ်သို့ ကျဆင်းသွားသကဲ့သို့ အေးစက်သွားရ၏။
အကြီးအကဲလီသည် သူတစ်ပါး၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်တတ်သူ မဟုတ်ပေ။ မိမိရှေ့ရှိ လူများ၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေသော်လည်း သူကမူ ဘာမှမမြင်သကဲ့သို့ ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးဟွေးဟူက ဧကရာဇ်ရဲ့ ဆရာပဲလေ။ လက်ထဲမှာ အာဏာမရှိပေမဲ့ ဒီလိုမျိုး နာမည်ကျော်ကြားခဲ့တာကလည်း မင်းရဲ့ဘဝမှာ အောင်မြင်မှုတစ်ခုလို့ပဲ သတ်မှတ်ရမှာပေါ့။"
ဤစကားမှာ အလွန်ပင် အရှက်ရစေသော စကား ဖြစ်၏။ စာပေများစွာ ဖတ်ရှုခဲ့သော်လည်း ဘဝ၏ အချိန်အတော်များများကို တောင်တောထဲတွင် ပုန်းအောင်းနေခဲ့ရပြီး တစ်ဘဝလုံး၏ တစ်ခုတည်းသော အောင်မြင်မှုမှာ မိမိကို ရန်သူကဲ့သို့ သတ်မှတ်သွားသော တပည့်တစ်ဦးကို သင်ကြားပေးခဲ့ခြင်းသာ ဖြစ်နေသည် မဟုတ်လား။
"လူတွေ လာကြစမ်း" ဟု အကြီးအကဲလီသည် ဆရာကြီးဟွေးဟူ၏ စကားကိုပင် မစောင့်ဘဲ အပြင်သို့ လှမ်းခေါ်လိုက်သည်။ "ဆရာကြီးအတွက် အထုပ်အပိုးတွေ ပြင်ဆင်ပေးလိုက်ကြ။"
စစ်သည်များက အပြင်ဘက်မှ ကျယ်လောင်စွာ ထူးလိုက်ကြ၏။
"မင်းက သစ္စာရှိတဲ့ အမတ်တစ်ယောက်ပဲ" ဟု ဆရာကြီးဟွေးဟူက အကြီးအကဲလီကို ကြည့်ကာ ပြောလိုက်သည်။ "အရင်မင်းဆက်က ဧကရာဇ်လေးက မင်းအပေါ် ကျေးဇူးရှိခဲ့တာလေ၊ အခုတော့ မင်းက ချန်ယင်းအပေါ် သစ္စာခံတော့မှာလား။"
"ဒါဆို မင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။ ငါက လိုကျစ်ကွေ့ကို သတ်ရမှာလား" ဟု အကြီးအကဲလီက မေးလိုက်သည်။ "သူက မင်းကို လက်မခံတာနဲ့ မင်းက အရင်မင်းဆက်ရဲ့ အမှုထမ်းဟောင်းတွေကို သွေးထိုးပေးပြီး သူ့ကို သတ်ခိုင်းချင်နေတာလား။"
"မင်း..." ဟု ဆရာကြီးဟွေးဟူသည် ဤမျှ ကြီးမားသော အပြစ်ကို ဘယ်လိုလုပ် ခံယူနိုင်ပါ့မလဲ။ ဤအပြစ်ကသာ သူ့ခေါင်းပေါ် ရောက်လာပါက သူသည် တောင်တောထဲသို့ ပြန်ရုံသာမကဘဲ အသက်ပါ ပေးရပေလိမ့်မည်။
"မင်းနဲ့ ငါ ဘာလို့ စာဖတ်ခဲ့ကြတာလဲ" ဟု အကြီးအကဲလီက မေးလိုက်သည်။
"သစ္စာတရားနဲ့ ကျိုးကြောင်းဆီလျော်မှုကို သိဖို့၊ မင်းနဲ့ ပြည်သူအတွက် အကျိုးပြုဖို့ပဲပေါ့" ဟု ဆရာကြီးဟွေးဟူက ဖြေလိုက်၏။
"မိမိကိုယ်ကိုယ် ပြုပြင်ပြီး တိုင်းပြည်ကို အုပ်ချုပ်ဖို့ပေါ့။ မင်းပြောတာ မမှားဘူး။ ငါ ထပ်မေးမယ်၊ မင်း တိုင်းပြည်ကို အုပ်ချုပ်တာက ဘယ်သူ့အတွက်လဲ။"
ဆရာကြီးဟွေးဟူက "ပြည်သူပြည်သားတွေ အတွက်ပေါ့" ဟု ဖြေသည်။
"ကောင်းပြီ" ဟု အကြီးအကဲလီက ဆိုသည်။ "ဒါဆိုရင် မင်းရဲ့ တပည့်ကို မြို့တော်ကို မသွားဖို့ တားဆီးတုန်းက မင်းက ပြည်သူတွေအတွက် စဉ်းစားခဲ့တာလား။"
ဆရာကြီးဟွေးဟူက "သေချာတာပေါ့" ဟု ဆိုသည်။
"ဒါဆို မြို့တော်က ပြည်သူတွေကော ပြည်သူတွေ မဟုတ်ဘူးလား" ဟု အကြီးအကဲလီက မေးလိုက်၏။
ဆရာကြီးဟွေးဟူက "အဲ့ဒီတုန်းက တစ်ပြည်လုံးက နယ်စားပယ်စားတွေ ဘယ်သူမှ မြို့တော်ကို မသွားကြတာပဲ၊ မင်းက ဘာလို့ ငါ့တစ်ယောက်တည်းကိုပဲ အပြစ်တင်နေတာလဲ"
"တစ်ကမ္ဘာလုံးက လူသတ်နေကြလို့ မင်း လူသတ်တာကလည်း အမှားမရှိဘူးလို့ ပြောချင်တာလား" အကြီးအကဲလီသည် ဆရာကြီးဟွေးဟူကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ကာ - "နဂါးနဲ့အတူ ပျံသန်းပြီး အာဏာအရှိဆုံး အမတ်ဖြစ်ချင်တဲ့ မင်းရဲ့ အိပ်မက်တွေ... မင်းရဲ့ တောင်ထဲကိုပဲ ပြန်သွားလိုက်ပါတော့။ မင်းက ရှဲ့ဝမ်ယွမ် မဟုတ်ဘူး၊ မင်းမှာ ဧကရာဇ်ကို ဖျားယောင်းနိုင်တဲ့ သမီးမျိုးလည်း မရှိဘူး!"
"ဆရာ!"
အခန်းထဲရှိ ကျောက်ဖေးရန်တို့တစ်သိုက်မှာ လန့်တကြား အော်ဟစ်လိုက်ကြ၏။
ဆရာကြီးဟွေးဟူ၏ ခန္ဓာကိုယ်မှာ ရှေ့သို့ ယိုင်လဲသွားပြီး ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားလေတော့သည်။
"မနက်ဖြန် နေမထွက်ခင်" ဟု အကြီးအကဲလီက အေးစက်စွာ အမိန့်ပေးလိုက်သည်။ "မင်းတို့ ဒီစခန်းကနေ ထွက်သွားကြ၊ မဟုတ်ရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့။"
***