အခန်း (၃၇၅-၃၇၆)
Vol. 24 Ch. 375-376
၃၇၅ ။ နဉ်ရှောင်ယောင်း အိမ်ပြန်ခြင်း
နဉ်ရှောင်ယောင်းတို့အဖွဲ့သည် အနားယူလိုက်၊ ခရီးဆက်လိုက်နှင့် ၅ လနီးပါးကြာမှ ကျန်းနန်မှ ဖုန်းကျိုးသို့ ရောက်ရှိလာကြသည်။ အချိန်ကြာမြင့်ပြီဖြစ်သဖြင့် တိုင်းပြည်အခြေအနေကို သိပ်မသိရတော့ပေ။ တစ်ခါတစ်ရံ မြို့လေးများတွင် ရပ်နားစဉ် လူတွေပြောသံကြားရတာကတော့ စစ်သေနာပတိချုပ်လို ဘာလုပ်နေတယ်၊ အနက်ရောင်နှင်းခဲမြင်းတပ် ဘယ်ရောက်နေပြီဆိုတာလောက်ပါပဲ။ တိုင်းပြည်အခြေအနေက လိုကျစ်ကွေ့နဲ့ ဆက်စပ်နေတာကိုး။
"ယွဲ့ပြည်နယ်မြို့စားအိမ်တော်ကို ဒီအတိုင်း သွားကြမှာလား" ဖုန်းကျိုးမြို့ထဲ ရောက်တော့ ယင်းယွီက မေးလိုက်သည်။ "လက်ဆောင်တွေ ဘာတွေ ပြင်ဆင်သွားသင့်လား"
"ဘာလက်ဆောင် ပေးရမှာလဲ" နဉ်ရှောင်ယောင်း ပြန်မေးလိုက်သည်။
"လက်ဆောင်တစ်ခုခုပေါ့"
နဉ်ရှောင်ယောင်းမှာ ပိုက်ဆံရှိသဖြင့် လက်ဆောင်ဝယ်ဖို့ မနှမြောပါဘူး။ "ဘာဝယ်ရမလဲ ပြောလေ"
အနောက်တောင်ဘက် ၉ ခရိုင်က နယ်စပ်ဒေသဖြစ်သော်လည်း စစ်ပွဲတွေ မဖြစ်ပွားသေးပေ။ ဖုန်းကျိုးမြို့က ယွဲ့ပြည်နယ်မြို့စားအိမ်တော်တည်ရှိရာမြို့ဖြစ်ပြီး အနောက်တောင်ဘက် ၉ ခရိုင်ရဲ့ အစည်ကားဆုံးမြို့လည်း ဖြစ်တယ်။ လမ်းမပေါ်မှာ ဆိုင်တွေ၊ လူတွေ၊ လှည်းတွေနဲ့ စည်ကားနေပါတယ်။ မြို့တော်လောက်တော့ မခမ်းနားပေ။
"ယွဲ့ပြည်နယ်မြို့စားအိမ်တော်က ဘာမှမလိုလောက်ဘူး" ယင်းလေက ပြောလိုက်သည်။ "ဘာပေးရမလဲ စဉ်းစားရခက်လိုက်တာ"
အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အဖြေရှာမရ ဖြစ်နေကြသည်။
"ဟူး..." နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ "ပိုက်ဆံပဲ ပေးလိုက်တော့မယ်" ဘာလိုချင်မှန်း မသိရင် ပိုက်ဆံပေးတာ အကောင်းဆုံးပဲ။ ကိုယ်လိုချင်တာ ကိုယ်ဝယ်လို့ရတာပေါ့။
ရှဲ့သော်ယင်းက "မကောင်းပါဘူး" ဟု ကန့်ကွက်လိုက်သည်။ ရိုးသားမှုမရှိသလို ဖြစ်နေလိမ့်မယ်။
"ဒါဆို ဘာပေးရမှာလဲ" နဉ်ရှောင်ယောင်း မေးလိုက်ပြန်သည်။
ရှဲ့သော်ယင်း ဘာမှပြန်မပြောနိုင်တော့ပေ။ ယွဲ့ပြည်နယ်မြို့စားအိမ်တော်လို အိမ်တော်မျိုးကို လက်ဆောင်ပေးမယ်ဆိုရင် တန်ဖိုးကြီးပြီး အဓိပ္ပာယ်ရှိတဲ့ပစ္စည်းမျိုး ဖြစ်သင့်တယ်။ ဒါပေမဲ့ နဉ်ရှောင်ယောင်းဆီမှာ အဲ့လိုပစ္စည်းမျိုး ဘယ်ရှိမလဲ။
"သွားကြစို့" နဉ်ရှောင်ယောင်း ရှေ့ဆက်လျှောက်သွားသည်။ "ပိုက်ဆံပဲ ပေးလိုက်တော့မယ်"
"ယွဲ့ပြည်နယ်မြို့စားအိမ်တော် ဘယ်နားမှာလဲ သိလို့လား" ရှဲ့သော်ယင်း မေးလိုက်သည်။
နဉ်ရှောင်ယောင်း ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်သည်။
အားမင်က သူတို့ထက်အရင် ဖုန်းကျိုးမြို့ထဲ ရောက်နေပြီး နဉ်ရှောင်ယောင်းခေါင်းပေါ်မှာ ပျံဝဲနေသည်။
"အားမင်က လမ်းသိတယ်။ သွားကြစို့" နဉ်ရှောင်ယောင်း ရှေ့ဆက်လျှောက်သွားသည်။
.....
ယွဲ့ပြည်နယ်မြို့စားအိမ်တော် တံခါးမကြီးက ပိတ်ထားတတ်ပေမယ့် ဒီနေ့တော့ ဖွင့်ထားသည်။ တံခါးဝနဲ့ လှေကားထစ်တွေပေါ်မှာ စစ်သည်တွေ အပြည့်ရှိနေသည်။
"မင်းတို့ ဘယ်သူတွေလဲ" နဉ်ရှောင်ယောင်းတို့ ရောက်လာတာနဲ့ စစ်သည်တစ်ဦးက အော်ဟစ်မေးမြန်းလိုက်သည်။
ယင်းဖုန်းက "ကျွန်တော်တို့က..."
"တတိယသခင်လေး?" နဉ်ရှောင်ယောင်းနားမှာ ရပ်နေတဲ့ စစ်သည်တစ်ဦးက ဖြတ်မေးလိုက်သည်။
"ဟင်" နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။ သူမက ပန်းပွင့်ပုံဂါဝန် ဝတ်ထားတာတောင် ယောကျာ်းလေးနဲ့ တူနေတုန်းပဲလား။
စစ်သည်တွေ နဉ်ရှောင်ယောင်းကို ဝိုင်းကြည့်နေကြသည်။ တတိယသခင်လေးက ဘယ်လောက်ဆိုးဆိုး ပန်းပွင့်ပုံဂါဝန်ဝတ်ပြီး အပြင်ထွက်လောက်တဲ့အထိတော့ မမိုက်မဲပါဘူး။ ဒါဆို ဒီလူက ဘယ်သူလဲ။
ဘေးတံခါးပွင့်လာပြီး နဉ်ရှောင်လော့ ထွက်လာသည်။ အဖြူရောင်ဝတ်စုံဝတ်ထားပြီး ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးကို တွဲထားသည်။
နဉ်ရှောင်ယောင်းတို့ အံ့ဩသွားကြသည်။ ဒီနှစ်ယောက် ဘယ်တုန်းက ညားသွားကြတာလဲ။
"အဲ့ဒါ မိန်းကလေးကျီ မဟုတ်ဘူးလား" ယင်းယွီ နဉ်ရှောင်ယောင်းကို တိုးတိုးလေး မေးလိုက်သည်။ "ငါ မှားမြင်တာလား"
"မှန်တယ်... သူပဲ" နဉ်ရှောင်ယောင်း အတည်ပြုလိုက်သည်။ "ငါတို့ အတူတူ အရိုက်ခံဖူးတယ်။ ပြာဖြစ်သွားရင်တောင် မှတ်မိနေမှာ။ ဘုရားရေ... ဗိုက်ကြီးနေပါလား"
"ဘယ်တုန်းက ညားသွားကြတာလဲ" ယင်းယွီ ရေရွတ်လိုက်သည်။
နဉ်ရှောင်လော့နဲ့ ကျီယွဲ့ရုံတို့လည်း နဉ်ရှောင်ယောင်းတို့ကိုမြင်တော့ ကြောင်သွားကြသည်။ သေပြီလို့ သတင်းကြားထားတဲ့လူတွေက အရှင်လတ်လတ်ကြီး ရောက်လာတာကိုး။
"မိန်းကလေးကျီ... ရှောင်လော့" နဉ်ရှောင်ယောင်း လက်ပြနှုတ်ဆက်လိုက်သည်။
နဉ်ရှောင်လော့ မျက်နှာပျက်သွားပြီး အိမ်ထဲ ပြေးဝင်သွားသည်။
ကျီယွဲ့ရုံကတော့ တုန်လှုပ်နေပြီး စကားမပြောနိုင် ဖြစ်နေသည်။
စစ်သည်တွေ ကြောင်သွားကြသည်။ ရန်သူလား၊ မိတ်ဆွေလား မခွဲခြားတတ်တော့ဘူး။
"ဘယ်လိုလုပ်ကြမလဲ" နဉ်ရှောင်ယောင်း ယင်းဖုန်းကို မေးလိုက်သည်။
"ဝင်သွားကြမယ်" ယင်းဖုန်း ပြောလိုက်သည်။
"အိုကေ" နဉ်ရှောင်ယောင်း လှေကားထစ်ပေါ် တက်လိုက်သည်။
"ရပ်လိုက်" စစ်သည်တစ်ဦး တားလိုက်သည်။
"ဝင်ခွင့်ပေးလိုက်" ကျီယွဲ့ရုံ အသံထွက်လာသည်။ "အရှင်... ရှင်တို့... မြန်မြန်ဝင်လာကြ"
စစ်သည်တွေ လမ်းဖယ်ပေးလိုက်ကြသည်။
နဉ်ရှောင်ယောင်း ကျီယွဲ့ရုံအနား ပြေးသွားပြီး "နင်နဲ့ ရှောင်လော့ ဘယ်လိုဖြစ်ပြီး ညားသွားကြတာလဲ" ဟု စပ်စုလိုက်သည်။
ကျီယွဲ့ရုံ နဉ်ရှောင်ယောင်းလက်ကို ဆွဲပြီး "ရှင် ဘယ်လိုဖြစ်တာလဲ" ဟု မေးလိုက်သည်။
နဉ်ရှောင်ယောင်း လန့်သွားသည်။
"ရှင်..." ကျီယွဲ့ရုံ နဉ်ရှောင်ယောင်းရဲ့ ခေါင်းနဲ့ နဖူးကို စမ်းသပ်ကြည့်လိုက်သည်။ နွေးထွေးနေတာ သေချာတော့မှ "အရှင်မင်းကြီး မသေသေးဘူးပဲ" ဟု ပြောလိုက်သည်။
"ဗိုက်ကြီးနေပြီလား" နဉ်ရှောင်ယောင်း ကျီယွဲ့ရုံရဲ့ဗိုက်ကို ကြည့်ပြီး မေးလိုက်သည်။
"အိမ်ထဲဝင်ပြီး ပြောကြရအောင်" ကျီယွဲ့ရုံ နဉ်ရှောင်ယောင်းကို ဆွဲခေါ်သွားသည်။ ဒီလူနဲ့ စကားပြောရတာ ပင်ပန်းလိုက်တာ။ ယင်းဖုန်းနဲ့ပြောတာ ပိုကောင်းမယ်။
နဉ်ရှောင်လော့ အိမ်တော်ထဲ ပြေးဝင်သွားပြီး ဧည့်ခန်းမဆောင်ထဲ ရောက်တော့ "ရှောင်ယောင်း လာနေပြီ" ဟု အော်ဟစ်လိုက်သည်။
....
ဧည့်ခန်းမဆောင်ထဲတွင် ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် ဇနီးမောင်နှံ၊ အကြီးဆုံးခင်လေးနဉ် ဇနီးမောင်နှံ၊ ဒုတိယသခင်လေး၏ဇနီးသည်တို့ ရှိနေကြသည်။ နဉ်ရှောင်လော့ အော်သံကြားတော့ အကြီးဆုံးခင်လေးနဉ်က "ဘာပြောလိုက်တာလဲ" ဟု မေးလိုက်သည်။
"ရှောင်ယောင်း" နဉ်ရှောင်လော့ အပြင်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။ "ရှောင်ယောင်းကို တွေ့လိုက်တယ်။ ယင်းဖုန်းတို့ကိုလည်း တွေ့တယ်။ သူတို့ အသက်ရှင်နေကြသေးတယ်"
"ဘာ" သခင်မကြီးလီ ထိုင်ရာမှ ထရပ်လိုက်သည်။ "တကယ်လား"
"တကယ်ပါ အမေ" နဉ်ရှောင်လော့ အတည်ပြုလိုက်သည်။
....
နဉ်ရှောင်ယောင်းနဲ့ ကျီယွဲ့ရုံ ရောက်လာတော့ ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်နဲ့ မိသားစုဝင်တွေ ခြံဝင်းထဲ ထွက်စောင့်နေကြသည်။
နဉ်ရှောင်ယောင်းကို မြင်လိုက်တာနဲ့ သခင်မကြီးလီ သမီးအရင်းမှန်း သိလိုက်သည်။
"ရှောင်ယောင်း... လာပါဦး" အကြီးဆုံးခင်လေးနဉ် လက်ပြခေါ်လိုက်သည်။
"ဟုတ်ကဲ့" နဉ်ရှောင်ယောင်း အကြီးဆုံးခင်လေးနဉ်အနား ရောက်သွားသည်။
ပိန်သွားပေမယ့် ကျန်းမာနေပုံရသည်။ အကြီးဆုံးခင်လေးနဉ် နဉ်ရှောင်ယောင်း၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "ပန်းပွင့်ပုံဂါဝန် ဝတ်ထားပြီး ဆံပင်ကို သေချာမပြင်ထားဘူးလား"
နဉ်ရှောင်ယောင်း ဆံပင်ကို စမ်းသပ်ကြည့်လိုက်သည်။ "ဆံပင်စည်းနည်း မသိလို့ပါ"
"ကိစ္စမရှိပါဘူး။ ခဏနေရင် မရီးကြီး ပြင်ပေးလိမ့်မယ်" အကြီးဆုံးခင်လေးနဉ် ဘေးနားက အမျိုးသမီးကို မိတ်ဆက်ပေးလိုက်သည်။
အမျိုးသမီးက ပြုံးပြီး "ညီမလေး" ဟု ခေါ်လိုက်သည်။
နဉ်ရှောင်ယောင်းလည်း "မရီးကြီး" ဟု ပြန်ခေါ်လိုက်သည်။
နဉ်ရှောင်ယောင်း အကြီးဆုံးခင်လေးနဉ်ကို မေးလိုက်သည်။ "အစ်ကိုကြီး... ဆွေမျိုးတော်စပ်သွားပြီလို့ ပြောလို့ရမလား"
အကြီးဆုံးခင်လေးနဉ် နဉ်ရှောင်ယောင်း၏ခေါင်းကို ခေါက်လိုက်ပြီး "လိုက်ခဲ့" ဟု ပြောကာ မိဘတွေဆီ ခေါ်သွားပေးသည်။
"ဒါ အဖေ၊ ဒါ အမေ" အကြီးဆုံးခင်လေးနဉ် မိတ်ဆက်ပေးလိုက်သည်။
"အဖေ... အမေ" နဉ်ရှောင်ယောင်း သွားဖြူဖြူလေးတွေ ပေါ်အောင် ပြုံးပြီး ခေါ်လိုက်သည်။
ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် စိတ်လှုပ်ရှားနေပေမယ့် ဖခင်ပီသစွာ တည်ငြိမ်ဟန်ဆောင်နေသည်။ သခင်မကြီးလီကတော့ နဉ်ရှောင်ယောင်းကို ဖက်ပြီး ငိုကြွေးတော့သည်။ မွေးတုန်းက တစ်ခါပဲ တွေ့ဖူးတဲ့ သမီးလေးကို ၁၀ နှစ်ကျော်မှ ပြန်တွေ့ရတာကိုး။
နဉ်ရှောင်ယောင်း စိတ်မကောင်းဖြစ်သွားသည်။ နဉ်ယွီက သူ့ဘဝတစ်လျှောက်လုံး သူ့မိဘအရင်းကို မသိခဲ့ရဘူး။ ဒီအမျိုးသမီးကလည်း နဉ်ယွီက သူ့သမီးမှန်း မသိခဲ့ရှာဘူး။
"မငိုပါနဲ့တော့" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် ပြောလိုက်သည်။ "သမီးလေး ပြန်ရောက်လာတာ ဝမ်းသာစရာပဲ။ ဘာလို့ ငိုနေတာလဲ"
သခင်မကြီးလီ မျက်ရည်သုတ်လိုက်ပြီး နဉ်ရှောင်ယောင်းကို အိမ်ထဲခေါ်သွားဖို့ ပြင်လိုက်သည်။
နဉ်ရှောင်ယောင်းကတော့ ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်ကို စိုက်ကြည့်နေသည်။ အဖေက မပြုံးဘူး။ ဝမ်းမသာဘူးလား။
ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် သမီးလေးကို ကြည့်လိုက်သည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေက အမေနဲ့ တူလိုက်တာ။ ဒါပေမဲ့ ပိန်လွန်းတယ်။ နောက်ကျရင် ဝဝဖြိုးဖြိုးဖြစ်အောင် ကျွေးရမယ်။ သူ့သမီးက ဖြူဖြူဝဝလေး ဖြစ်နေမှ လှတာ။
"သမီးလေး ပြန်ရောက်လာတာတောင် မျက်နှာကြီး တည်ထားတုန်းလား" သခင်မကြီးလီ ခင်ပွန်းသည်ကို အပြစ်တင်လိုက်သည်။
ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်: "..." ငါ့သမီးပဲလေ။
"အဖေက မပြုံးဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။
သခင်မကြီးလီ မျက်စောင်းထိုးလိုက်သည်။
အကြီးဆုံးခင်လေးနဉ် ဝင်ပြောပေးသည်။ "အဖေက..."
အဖေက မပြုံးတတ်ဘူးလို့ ပြောမလို့ လုပ်တုန်း ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် ပြုံးလိုက်တာ တွေ့လိုက်ရသည်။
"အဖေ" နဉ်ရှောင်ယောင်း စိတ်အေးသွားသည်။ အဖေက ဝမ်းသာနေတာပဲ။
"လိမ္မာတယ်" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် နဉ်ရှောင်ယောင်း၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ သမီးမိန်းကလေးဆိုတာ ချစ်စရာကောင်းလိုက်တာ။ အသံလေးကလည်း ချိုလိုက်တာ။ ပိန်တာကလွဲရင် အပြစ်ပြောစရာ မရှိဘူး။
နဉ်ရှောင်လော့ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ညီမလေး ပြန်ရောက်လာတာ ဝမ်းသာပေမယ့် သူ့နေရာ ပျောက်သွားတော့မယ်ဆိုတာ ကြိုသိလိုက်ပြီ။
ယင်းဖုန်းတို့ ရှေ့ထွက်လာပြီး ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်ကို အရိုအသေပြုကြသည်။
"မင်းတို့ အရိုအသေပြုစရာ မလိုပါဘူး" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် တားလိုက်သည်။
နဉ်ရှောင်ယောင်းကတော့ အရိုအသေမပြုရသေးဘူးဆိုတာ သတိရသွားသည်။ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတုန်း သခင်မကြီးလီက အိမ်ထဲ အတင်းဆွဲခေါ်သွားသည်။ "သမီးလေး... လမ်းမှာ ဘာတွေကြုံခဲ့ရလဲ ပြောပြပါဦး"
နဉ်ရှောင်ယောင်း ပါသွားသည်။ ရှဲ့သော်ယင်းကတော့ ကလေးပွေ့လျက် ခြံဝင်းထဲမှာ ကျန်ရစ်ခဲ့သည်။ အမေလုပ်တဲ့သူက သမီးကို မေ့သွားပြန်ပြီ။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၇၆ ။ အကြီးဆုံးခင်လေးနဉ်က မေးလိုက်တယ်... ထောင်စူးက လိုကျစ်ကွေ့သမီးလား
နဉ်ရှောင်ယောင်း ဧည့်ခန်းမဆောင်ထဲတွင် မိသားစုဝင်များကို သူမသေဆုံးသည်ဟု ကြေညာပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြနေသည်။ သွေးထွက်သံယိုဖြစ်ရပ်များ မပါဝင်ဘဲ စွန့်စားခန်းဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်လို ပြောပြနေခြင်းဖြစ်သည်။
"ရှဲ့ဝမ်ယွမ်ဆီက ပညာရလိုက်တာ" နဉ်ရှောင်ယောင်း ဂုဏ်ယူစွာ ပြောပြသည်။ "တိုင်းပြည်မငြိမ်မသက်ဖြစ်နေတာက သူ့ကို ပုန်ကန်မှုစွပ်စွဲချက်ကနေ လွတ်မြောက်စေတယ်ဆိုတော့ သမီးလည်း သူပုန်တွေနဲ့ မြောက်ပိုင်းသားတွေကို ရန်တိုက်ပေးလိုက်တာပေါ့။ ဒါဆိုရင် သမီးက မြို့တော်ကို ကယ်တင်လိုက်နိုင်ပြီလေ။ ဟားဟား... သမီး တော်တယ်မလား"
သခင်မကြီးလီ မျက်ရည်သုတ်လိုက်ပြီး "တော်ပါတယ်... ရှောင်ယောင်းက အတော်ဆုံးပဲ" ဟု ချီးကျူးလိုက်သည်။
ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်နှင့် အကြီးဆုံးခင်လေးနဉ် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အန္တရာယ်များတဲ့ အစီအစဉ်ကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နိုင်ခဲ့တဲ့ သမီး (ညီမ) ကို အထင်ကြီးသွားကြသည်။
"ပြီးတော့ရော... ဘယ်တွေ ဆက်သွားခဲ့လဲ" သခင်မကြီးလီ မေးလိုက်သည်။
နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။ လိုကျင်းကို ကယ်ခဲ့တဲ့ကိစ္စက လျှို့ဝှက်ချက်မို့လို့ ထည့်မပြောတာ ကောင်းမယ်။ ဒါကြောင့် ဝံပုလွေဖြူတောင်ကြားကို သွားခဲ့တဲ့အကြောင်းကို ချန်လှပ်ထားလိုက်ပြီး "လျှောက်လည်နေတာပါပဲ" ဟု ဖြေလိုက်သည်။ စကားပြောရင်းမှ သမီးလေးကို သတိရသွားသည်။
နဉ်ရှောင်ယောင်း အပြင်ဘက်သို့ ပြေးထွက်သွားသည်။ မိသားစုဝင်များ လန့်သွားကြသည်။ ဘာဖြစ်တာလဲ။
"ရှောင်ယောင်း" သခင်မကြီးလီ ထလိုက်ပြီး လိုက်သွားမည်ပြုသည်။
"ဖြည်းဖြည်းသွားပါကွာ" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် ဇနီးသည်ကို တွဲကူပေးလိုက်သည်။ ချော်လဲမှာ စိုးရိမ်လို့ပင်။
နဉ်ရှောင်ယောင်း လေပွေတစ်လုံးလို ပြန်ဝင်လာသည်။ လက်ထဲတွင် လက်ချောင်းလေး စုပ်နေသော နဉ်ထောင်စူးကို ပွေ့ချီထားသည်။ "ကြည့်ပါဦး... ဒါ သမီးရဲ့သမီးလေး"
ဧည့်ခန်းမဆောင်ထဲတွင် တိတ်ဆိတ်သွားသည်။
"အဲ..." နဉ်ထောင်စူး နဉ်ရှောင်ယောင်းကို မော့ကြည့်လိုက်သည်။
"နင် မွေးထားတာလား" နဉ်ရှောင်လော့ အော်ဟစ်လိုက်သည်။ "နင် အိမ်ထောင်ကျသွားပြီလား" နဉ်ရှောင်လော့ ဝမ်းနည်းသွားသည်။ သူတောင် အခုမှ မိန်းမရပြီး ကလေးရတော့မှာ။ ညီမလေးရဲ့ သမီးက ဒီလောက်တောင် ကြီးနေပြီလား။ အသက်ကြီးသူကို ဦးစားပေးရမယ်ဆိုတာ နားမလည်ကြဘူးလား။
"ငါ မွေးထားတာ" နဉ်ရှောင်ယောင်း မျက်နှာပျက်သွားသော်လည်း ချက်ချင်း ပြန်ပြုံးလိုက်သည်။ "ဒါပေမဲ့ အိမ်ထောင်မကျသေးဘူး"
ဧည့်ခန်းမဆောင်ထဲ တိတ်ဆိတ်သွားပြန်သည်။ နဉ်ရှောင်လော့ ထပ်အော်လိုက်သည်။ "ဘာပြောလိုက်တာလဲ။ ဒါဆို ကလေးအဖေက ဘယ်သူလဲ"
နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်သည်။ "သူက ငါ့ကို မလိုချင်တော့ဘူးဆိုတော့ ငါ့သမီးကိုလည်း မလိုချင်တော့ဘူးပေါ့"
ဧည့်ခန်းမဆောင်ထဲတွင် တိတ်ဆိတ်မှုက ပိုကြာရှည်သွားသည်။ ဝမ်းသာစရာကနေ ဒေါသထွက်စရာအဖြစ် ပြောင်းလဲသွားတာ မြန်လွန်းလို့ ဘယ်သူမှ စိတ်မထိန်းနိုင်ကြသေးဘူး။
"အဲ..." နဉ်ထောင်စူး အကြီးဆုံးခင်လေးနဉ်ကို လက်ကမ်းပေးလိုက်သည်။
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ "အစ်ကိုကြီး... ဒီကောင်မလေးက ချောတဲ့ယောကျာ်းလေးတွေဆို ချီခိုင်းတတ်တယ်"
အကြီးဆုံးခင်လေးနဉ် မတ်တတ်ထရပ်လိုက်သည်။ ဒေါသကို မြိုသိပ်လိုက်ပြီး နဉ်ရှောင်ယောင်းအနား ရောက်လာကာ နဉ်ထောင်စူးကို လှမ်းချီလိုက်သည်။ "တူမလေးက ဘယ်နှလ ရှိပြီလဲ"
"၅ လ ရှိပြီ" နဉ်ရှောင်ယောင်း ပြုံးဖြဲဖြဲ ဖြေလိုက်သည်။
အကြီးဆုံးခင်လေးနဉ် နဉ်ထောင်စူးကို မြှောက်လိုက်သည်။ နဉ်ထောင်စူးက ဦးလေးဖြစ်သူ၏ ပါးကို နမ်းလိုက်ရာ တံတွေးတွေ ပေကျံသွားသည်။
အကြီးဆုံးခင်လေးနဉ် ရယ်မောလိုက်ပြီး ဇနီးသည်ချန်ရှီကို ပြောလိုက်သည်။ "မင်းနဲ့ ညီမလေးချူး ကြည့်ကြပါဦး" ပြီးမှ နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ "ရှောင်ယောင်း... သူ့နာမည် ဘယ်လိုခေါ်လဲ"
"ထောင်စူး" နဉ်ရှောင်ယောင်း ဖြေလိုက်သည်။ "နဉ်ထောင်စူး"
အကြီးဆုံးခင်လေးနဉ် နှုတ်ခမ်းတွန့်သွားသည်။ "စားစရာနာမည်လား"
"ဟုတ်တယ်... ဟုတ်တယ်" နဉ်ရှောင်ယောင်း အားတက်သရော ပြောလိုက်သည်။ "မက်မွန်မုန့်က စားကောင်းတယ်လေ"
"အဲ..." နဉ်ထောင်စူး ဦးလေးဖြစ်သူကို အသံပြုလိုက်သည်။
"ချစ်စရာလေး" အကြီးဆုံးခင်လေးနဉ် ရယ်မောလိုက်ပြီး နဉ်ထောင်စူးကို နမ်းလိုက်သည်။ "မင်းက ငါနဲ့ မင်းအမေ ပြောနေတာ နားလည်လို့လား"
နဉ်ထောင်စူး ရယ်မောလိုက်သည်။ အမေနဲ့တူလိုက်တာ။ မျက်လုံးတွေ မှိတ်သွားတဲ့အထိ ရယ်တတ်တယ်။
"သားကြီး" သခင်မကြီးလီ သတိဝင်လာပြီး အကြီးဆုံးခင်လေးနဉ်ကို လှမ်းခေါ်လိုက်သည်။ "မြေးမလေးကို အမေ့ဆီ ပေးပါဦး"
အကြီးဆုံးခင်လေးနဉ် လှည့်မကြည့်ရသေးခင် ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် စားပွဲကို ရိုက်လိုက်သည်။ အသံအကျယ်ကြီး ထွက်လာလို့ နဉ်ထောင်စူး လန့်သွားသည်။ ဒါပေမဲ့ မငိုဘဲ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အဘိုးဖြစ်သူကို ကြည့်နေသည်။
"ဘယ်ကောင်လဲ" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ရှောင်ယောင်း... အဲ့ဒီလူ ဘယ်သူလဲ ပြောစမ်း။ အဖေ သွားသတ်ပေးမယ်"
"ဟင်" နဉ်ရှောင်ယောင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ချန်ရှီနဲ့ ချူးရှီတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ လက်မထပ်ဘဲ ကလေးမွေးပြီး အစွန့်ပစ်ခံရတဲ့ မိန်းကလေးတစ်ယောက်ကို မိသားစုက လက်ခံပေးဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်နဲ့ သခင်မကြီး၊ အစ်ကိုကြီးတို့က အပြစ်မတင်တဲ့အပြင် ဂရုစိုက်နေကြတာ အံ့ဩစရာပါပဲ။
"ပြောစမ်း" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် ထပ်မေးလိုက်သည်။ "ဘယ်ကောင်လဲ။ အဖေ အရေခွံခွာပေးမယ်"
"အဖေကလည်း" နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ "သူ့ကို သတ်ချင်ရင် သမီးဘာသာ သတ်လို့ရပါတယ်။ အဖေ့ကို ဒုက္ခပေးစရာ မလိုပါဘူး"
ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်: "..." ဟုတ်သားပဲ။ သမီးလေးက သိုင်းပညာတော်တယ်လို့ သားတွေ ပြောဖူးတာ သတိရသွားသည်။
"ကိစ္စမရှိပါဘူး" နဉ်ရှောင်ယောင်း ဆက်ပြောသည်။ "သမီးက သမီးရဲ့သမီးလေးကို ကျွေးမွေးနိုင်ပါတယ်"
"အဖေက သမီးတို့သားအမိနှစ်ယောက်လုံးကို ကျွေးထားနိုင်တယ်" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် မျက်နှာမည်းမှောင်သွားသည်။ ငါမကျွေးနိုင်မှာ စိုးရိမ်နေတာလား။
"အိမ်ပြန်ရောက်ပြီဆိုတော့ စိတ်အေးလက်အေး နေလိုက်ပါတော့" အကြီးဆုံးခင်လေးနဉ် တူမလေးရဲ့ပါးစပ်က တံတွေးတွေကို သုတ်ပေးရင်း ပြောလိုက်သည်။ "ဖုန်းကျိုးက နယ်စပ်ဖြစ်ပေမယ့် နေချင်စရာကောင်းတဲ့ မြို့လေးပါ။ ညီမလေး သဘောကျမှာပါ"
နဉ်ရှောင်ယောင်း ကြောင်သွားသည်။ သူမက ခဏလာလည်တာလေ။ အကြာကြီးနေဖို့ စိတ်ကူးမရှိပါဘူး။
"လိမ္မာတယ်" အကြီးဆုံးခင်လေးနဉ် ပြောလိုက်သည်။ "သွားချင်ရင်တောင် တိုင်းပြည်အေးချမ်းသွားမှ သွားပါ"
"ဒါဆို သာ့ဖုန်းတို့ ဘယ်လိုလုပ်မလဲ" နဉ်ရှောင်ယောင်း မေးလိုက်သည်။ သူမက အိမ်မှာ အလကားနေနေရင် ယင်းဖုန်းတို့က ဘယ်လိုလုပ်မလဲ။
"လျှောက်လည်ချင်နေတုန်းလား" အကြီးဆုံးခင်လေးနဉ် ပြုံးပြီး မေးလိုက်သည်။ "ရှောင်ယောင်း... သာ့ဖုန်းတို့ကို စစ်တပ်ထဲ ဝင်ခိုင်းလိုက်ပါလား"
နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။ သူမလည်း ယင်းဖုန်းတို့ကို စစ်တပ်ထဲ ဝင်စေချင်တာ ကြာပါပြီ။ သူမဘေးနားမှာ ကိုယ်ရံတော်အဖြစ် တစ်သက်လုံးနေသွားရမှာ နှမြောစရာလေ။ အစ်ကိုကြီး အကြံပေးမှတော့ သဘောတူလိုက်တာ ကောင်းမယ်။
"ခဏနေရင် ငါ သွားမေးကြည့်လိုက်မယ်" အကြီးဆုံးခင်လေးနဉ် ပြောလိုက်သည်။ "သူတို့ သဘောတူရင် ညီမလေး သဘောတူမလား"
"သူတို့ သဘောမတူရင်တောင် ကျွန်မ သဘောတူတယ်" နဉ်ရှောင်ယောင်း လေးလေးနက်နက် ပြောလိုက်သည်။ "ကျွန်မနောက်လိုက်နေရတာ အနာဂတ်မရှိဘူးလေ"
အကြီးဆုံးခင်လေးနဉ် နဉ်ရှောင်ယောင်း၏ ခေါင်းကို ပုတ်လိုက်သည်။
"အဖေရော သဘောတူလား" နဉ်ရှောင်ယောင်း ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်ကို မေးလိုက်သည်။ အကြီးကဲသဘောထားကိုလည်း မေးရမယ်လေ။
"သမီးအစ်ကိုကြီး သဘောပါပဲ" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် ပြောလိုက်သည်။ "ရှောင်ယောင်း... အဲ့ဒီကောင် ဘယ်သူလဲဆိုတာ ပြောပြပါလား"
"အဖေ" အကြီးဆုံးခင်လေးနဉ် ဖြတ်ပြောလိုက်သည်။ "ရှောင်ယောင်း မပြောချင်ရင်လည်း ထားလိုက်ပါတော့။ အဲ့ဒီလူ မရှိဘူးလို့ပဲ သဘောထားလိုက်ပါ။ ထောင်စူးက နဉ်မျိုးနွယ်ပဲ"
ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် ရင်နာသွားသည်။ သူ့သမီးလေးကို စွန့်ပစ်ရက်တဲ့ကောင်ကို တွေ့ရင် အပိုင်းပိုင်းဖြတ်ပစ်မယ်။
"သမီးအမှားလည်း ပါပါတယ်" နဉ်ရှောင်ယောင်း ဝန်ခံလိုက်သည်။ "သမီးက ကိုယ့်ကိုယ်ကိုယ် နတ်သမီးလေးလို့ ထင်နေတာ"
အကြီးဆုံးခင်လေးနဉ် မျက်နှာပျက်သွားသော်လည်း ဘာမှမပြောပေ။
ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်ကတော့ ပိုဒေါသထွက်လာသည်။ သူ့သမီးလေး မကောင်းဘူးလို့ ပြောရက်တယ်ပေါ့။
"သမီးက မနူးညံ့ဘူးလေ" နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်သည်။ "ဂရုမစိုက်တတ်ဘူး။ အပ်ချုပ်မတတ်ဘူး။ ဆံပင်တောင် သေချာမစည်းတတ်ဘူး။ ဆင်းရဲတယ်။ စာမတတ်ဘူး..."
"ငါ့ညီမလေးက ဧကရာဇ်လုပ်ဖူးတဲ့လူလေ" အကြီးဆုံးခင်လေးနဉ် ရယ်မောလိုက်သည်။ "ဘယ်မိန်းကလေးက ထီးနန်းစိုးစံဖူးလို့လဲ။ ရှဲ့ဝမ်ယွမ်ကို ဖြုတ်ချနိုင်ခဲ့တာလေ။ အဲ့ဒီအရာတွေ မလိုပါဘူး"
နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။ ဟုတ်သားပဲ။ သူမက တော်တော်မိုက်တာပဲ။
အကြီးဆုံးခင်လေးနဉ်စကားကြောင့် ချန်ရှီနဲ့ ချူးရှီတို့ အံ့ဩသွားကြသည်။ ဟုတ်သားပဲ။ ဒီညီမလေးက ထီးနန်းစိုးစံဖူးတဲ့ ဧကရာဇ်လေ။ ဒီလိုမိန်းကလေးမျိုးကို သာမန်စည်းကမ်းတွေနဲ့ ဘယ်တိုင်းတာလို့ ရမလဲ။
"အင်း" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ "အိမ်မှာပဲ နေတော့မယ်။ ဆေးခန်းဖွင့်မယ်။ လူနာကုမယ်"
"ကောင်းပြီ" အကြီးဆုံးခင်လေးနဉ် သဘောတူလိုက်သည်။ သူ့မျက်စိအောက်မှာရှိနေရင် ဘယ်သူမှ အနိုင်ကျင့်လို့ မရတော့ဘူး။
"ကျေးဇူးပါ အစ်ကိုကြီး" နဉ်ရှောင်ယောင်း ပြုံးလိုက်သည်။
"အဟမ်း" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် ချောင်းဟန့်လိုက်သည်။
"ကျေးဇူးပါ အဖေ" နဉ်ရှောင်ယောင်း မျက်လုံးမှိတ်ပြလိုက်သည်။
ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် သက်ပြင်းချလိုက်သည်။ စကားပြောချင်ပေမယ့် သားကြီးက ခေါင်းခါပြနေလို့ မပြောတော့ဘူး။
သခင်မကြီးလီက ဝင်ပြောသည်။ "သားကြီး... မြေးမလေးကို အမေ ချီပါရစေဦး"
ချန်ရှီနဲ့ ချူးရှီတို့: "..." မြေးမလေး (အပြင်မြေး) ဆိုတာကို (အပြင်) ဖြုတ်လိုက်ပြီပေါ့။
"ငါ ယင်းဖုန်းတို့နဲ့ စကားသွားပြောလိုက်ဦးမယ်" အကြီးဆုံးခင်လေးနဉ် နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "အမေ့နားမှာ နေခဲ့နော်"
"ဟုတ်ကဲ့" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"အဖေ... တုန်ဖူ... လာသွားကြမယ်" အကြီးဆုံးခင်လေးနဉ် ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်နဲ့ နဉ်ရှောင်လော့ကို ခေါ်လိုက်သည်။
....
သားအဖသုံးယောက် ထွက်သွားကြသည်။ ကျီယွဲ့ရုံကတော့ တံခါးဝမှာ ငေးနေတုန်းပဲ။ လက်ကို တစ်ယောက်ယောက် လာဆွဲတာ ခံစားလိုက်ရလို့ လှည့်ကြည့်လိုက်တော့ နဉ်ရှောင်ယောင်း ပြုံးပြနေတာ တွေ့လိုက်ရသည်။ ကျီယွဲ့ရုံ နဉ်ရှောင်ယောင်းရဲ့ပါးကို ဆွဲလိုက်ပြီး "နင့်အတွက် ငါ ဘယ်လောက် ငိုခဲ့ရလဲ သိလား။ လူဆိုးမ" ဟု ပြောလိုက်သည်။
"ဟီးဟီး" နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။ "နင်နဲ့ ရှောင်လော့ ဘယ်လိုညားသွားကြတာလဲ"
ကျီယွဲ့ရုံ တိုးတိုးလေး မေးလိုက်သည်။ "ဒီမှာ ပြောမလို့လား"
ဇာတ်လမ်းရှိတယ်ပေါ့။ နဉ်ရှောင်ယောင်း နားလည်သလို ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... သီးသန့်ပြောကြတာပေါ့"
"ရှောင်ယောင်း" သခင်မကြီးလီ လှမ်းခေါ်လိုက်သည်။
"လာပြီ" နဉ်ရှောင်ယောင်း သခင်မကြီးလီအနား ပြေးသွားပြီး မေးလိုက်သည်။ "အမေ... ဖုန်းကျိုးမှာ စားလို့ကောင်းတာ ဘာရှိလဲ"
ကျီယွဲ့ရုံ: "..." ဒီကောင်မလေး မပြောင်းလဲသေးပါလား။
....
ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်ရဲ့ စာကြည့်တိုက်ထဲမှာ ယင်းဖုန်းတို့ ၄ ယောက် ထိုင်နေကြသည်။ ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်၊ အကြီးဆုံးခင်လေးနဉ်၊ နဉ်ရှောင်လော့တို့နဲ့ မျက်နှာချင်းဆိုင်ပေါ့။
ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်က ယင်းဖုန်းတို့ကို ကျေးဇူးတင်စကား ပြောလိုက်သည်။ "ရှောင်ယောင်းကို လမ်းခရီးတစ်လျှောက် စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"
ယင်းဖုန်းတို့ ထရပ်ဖို့ ပြင်လိုက်ကြသည်။
"ထိုင်ပါ" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် လက်ကာပြလိုက်သည်။ "ယွဲ့ပြည်နယ်မြို့စားအိမ်တော်မှာ စည်းကမ်းတွေ သိပ်မကြီးပါဘူး"
ယင်းဖုန်းတို့ ပြန်ထိုင်လိုက်ကြသည်။
အကြီးဆုံးခင်လေးနဉ် မေးလိုက်သည်။ "သာ့ဖုန်း... ထောင်စူးက လိုကျစ်ကွေ့သမီးလား"
ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင်နဲ့ နဉ်ရှောင်လော့: "..."
ယင်းဖုန်းတို့: "..."
"မင်းတို့မျက်နှာတွေ ကြည့်ရတာ" အကြီးဆုံးခင်လေးနဉ် ပြောလိုက်သည်။ "ထောင်စူးက လိုကျစ်ကွေ့သမီး သေချာနေပြီပဲ"
"သူတို့မျက်နှာက ဘာဖြစ်လို့လဲ" နဉ်ရှောင်လော့ ယင်းဖုန်းတို့ကို စိုက်ကြည့်နေပေမယ့် ဘာမှမတွေ့ရပေ။
အကြီးဆုံးခင်လေးနဉ် သူ့ညီကို စကားမပြောချင်တော့ပေ။
***