← Chapters

အခန်း (၃၇၁-၃၇၂)

Vol. 24 Ch. 371-372

အခန်း (၃၇၁-၃၇၂)

Vol. 24 Ch. 371-372

၃၇၁ ။ ကမ္ဘာကြီး၏ မေ့လျော့ခြင်းကို စောင့်ဆိုင်းနေသော စစ်သေနာပတိချုပ်

လက်ရှိအချိန်တွင် အလယ်ပိုင်းဒေသတစ်ခွင်၌ စစ်မီးများ ပြန့်နှံ့နေပြီဖြစ်ရာ၊ အိမ်တော်ထိန်းအိုကြီးသည် လိုကျင်း အိမ်တော်သို့ပြန်ရောက်လာသည့်နေ့မှာပင် စစ်တပ်အတွင်းသို့ သတင်းပို့ရန် လူလွှတ်ခဲ့သော်လည်း သုံးလကြာမြင့်ပြီးနောက် လိုကျင်းသည် ထိုင်နိုင်ကာ စကားခက်ခဲစွာ ပြောဆိုနိုင်သည့်တိုင်အောင် တိုင်းပြည်လုပွဲတွင် စစ်တပ်ကို ဦးဆောင်နေသော လိုကျစ်ကွေ့ထံသို့ ထိုသတင်း ရောက်မလာခဲ့ပေ။

သတင်းကောင်း မရရှိသော်လည်း သတင်းဆိုးများကမူ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့သည်။ လိုကျစ်ကွေ့က လူကယ်ရန်အတွက် ဝံပုလွေဖြူတောင်ကြား တောကစားကွင်းသို့ လျှို့ဝှက်စေလွှတ်လိုက်သော အဖွဲ့အတော်များများသည် အစပိုင်းတွင် သတင်းအစအန ပျောက်ဆုံးသွားခဲ့ပြီး၊ လပေါင်းများစွာ ကြာပြီးနောက်တွင်မူ ထိုအဖွဲ့များအားလုံး တစ်ဖွဲ့မကျန် ချေမှုန်းခံလိုက်ရကြောင်း သတင်းများက လိုကျစ်ကွေ့၏ နားထဲသို့ အစဉ်လိုက် ရောက်ရှိလာခဲ့လေသည်။

"စစ်သေနာပတိချုပ်..." ကိုယ်ရံတော်ခေါင်းဆောင်သည် လိုကျစ်ကွေ့အတွက် ပန်းကန်ခွက်ယောက်များ သိမ်းဆည်းရန် စစ်တပ်တဲအတွင်းသို့ ဝင်လာစဉ် မိမိ၏သခင်ရှေ့ရှိ ထမင်းနှင့်ဟင်းများမှာ တစ်လုပ်မျှပင် မထိရသေးသည်ကို တွေ့လိုက်ရသဖြင့် စိုးရိမ်တကြီး ဖြစ်သွားရသည်။ လိုကျစ်ကွေ့သည် ဤရက်ပိုင်းအတွင်း အစားအသောက် လုံးဝမဝင်ဘဲ ဖြစ်နေခဲ့ရာ၊ သူ့သခင်မှာ အစားဖြတ်၍ နတ်ဝိဇ္ဇာ ကျင့်ကြံနေသလားဟုပင် ထင်မှတ်ရသည်။ "အနည်းဆုံးတော့ နည်းနည်းလောက် စားပေးပါဦး" ဟု ကိုယ်ရံတော်ခေါင်းဆောင်က တောင်းပန်တိုးလျှိုးလိုက်သည်။

လိုကျစ်ကွေ့၏ စိတ်အာရုံမှာ အစားအသောက်ပေါ်တွင်မရှိဘဲ ကိုယ်ရံတော်ခေါင်းဆောင်၏ စကားကိုကြားမှသာ စားပွဲပေါ်ရှိ အစားအစာများကို တစ်ချက်ကြည့်လိုက်ကာ "ငါမထိရသေးဘူး၊ သိမ်းသွားပြီး မင်းတို့ပဲ စားလိုက်ကြတော့" ဟု ဆို၏။

ကိုယ်ရံတော်ခေါင်းဆောင်က "တော်ဝင်သမားတော်ကောင်းကို လာကြည့်ခိုင်းလိုက်ရမလား" ဟု မေးမြန်းသည်။

လိုကျစ်ကွေ့က ခေါင်းခါပြကာ "စုန့်ကျင်းနဲ့ ဖန်းထန်ကို ငါ့ဆီလာဖို့ ခေါ်လိုက်ပါ" ဟု အမိန့်ပေးလိုက်လေသည်။

ကိုယ်ရံတော်ခေါင်းဆောင်သည် ဆက်၍ မတိုက်တွန်းရဲတော့ဘဲ အစားအသောက်များကို သိမ်းဆည်းကာ၊ တဲအပြင်တွင် စောင့်နေသော စစ်သည်တစ်ဦးကို စုန့်ကျင်းနှင့် ဖန်းထန်အား သွားခေါ်ရန် ခိုင်းစေလိုက်သည်။

စုန့်ကျင်းနှင့် ဖန်းထန်တို့မှာ ချက်ချင်းဆိုသလို ရောက်ရှိလာကြသည်။ တဲအပြင်၌ မျက်နှာပျက်လျက် ရပ်နေသော ကိုယ်ရံတော်ခေါင်းဆောင်ကို မြင်သည်နှင့် ဖန်းထန်က ချက်ချင်းပင် အသံတိုးတိုးဖြင့် "စစ်သေနာပတိချုပ်က ဘာမှ ထပ်မစားပြန်ဘူးလား" ဟု မေးလိုက်သည်။

ကိုယ်ရံတော်ခေါင်းဆောင်က ခေါင်းညိတ်ပြ၏။

"အစားလည်း မဝင်ဘူး၊ သမားတော်ကောင်းကိုလည်း အကြည့်မခံဘူး" ဟု ဆိုကာ ဖန်းထန်က စုန့်ကျင်းဘက်သို့ လှည့်၍ စိုးရိမ်တကြီး ပြောလိုက်သည်။ "စစ်သေနာပတိချုပ် ဘာဖြစ်နေတာလဲ"

စုန့်ကျင်းက ခေါင်းခါပြကာ တဲအတွင်းသို့ လှမ်း၍ "စစ်သေနာပတိချုပ်၊ လက်အောက်ခံ စုန့်ကျင်း ရောက်ရှိပါတယ်" ဟု ဆိုသည်။

"စစ်သေနာပတိချုပ်၊ လက်အောက်ခံ ဖန်းထန် ရောက်ရှိပါတယ်" ဟု ဖန်းထန်ကလည်း အသံကျယ်ကျယ်ဖြင့် အမြန်ပြောလိုက်သည်။

"ဝင်ခဲ့ကြ" ဟု လိုကျစ်ကွေ့၏အသံမှာ တဲအတွင်းမှ ထွက်ပေါ်လာသည်။

စစ်သူကြီးနှစ်ဦး တဲအတွင်းသို့ ဝင်သွားသောအခါ လိုကျစ်ကွေ့သည် စားပွဲနောက်တွင် ထိုင်နေသည်ကို တွေ့ရသည်။ စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးအိမ်မှာ လိုကျစ်ကွေ့၏ ရှေ့နားတစ်ဝိုက်ကိုသာ လင်းထိန်စေနိုင်သော်လည်း သူထိုင်နေသော နေရာတစ်ခုလုံးကိုမူ လင်းထိန်အောင် မစွမ်းဆောင်နိုင်ပေ။

"စစ်သေနာပတိချုပ်၊ ဘာလို့ ထပ်ပြီး အစားမစားတာလဲ" ဟု ဖန်းထန်က ဦးညွှတ်ပြီးနောက် မေးလိုက်သည်။

"မင်းတို့နှစ်ယောက်ကို ခိုင်းစရာကိစ္စတစ်ခုရှိတယ်" လိုကျစ်ကွေ့က စုန့်ကျင်းနှင့် ဖန်းထန်ကို အနားသို့ လာရန် လက်ဟန်ပြလိုက်ကာ "နယ်စပ်အပြင်ဘက်ကို တစ်ခေါက် သွားပေးကြပါ၊ ငါ့ရဲ့ အစ်ကိုကြီး လိုကျင်းက အခု ဝံပုလွေဖြူတောင်ကြားက မိုဒူးရဲ့ တောကစားကွင်းထဲမှာ ရှိနေတယ်" ဟု ဆိုသည်။

စုန့်ကျင်းနှင့် ဖန်းထန်တို့မှာ ဆွံ့အမှင်သက်သွားကြလေသည်။

"ဒီကိစ္စကို ငါကိုယ်တိုင် လုပ်သင့်တာပါ" ဟု လိုကျစ်ကွေ့က ဆက်ပြောသည်။ "ဒါပေမဲ့ အခု ငါက တပ်ကနေ ထွက်သွားလို့ မရဘူး။ ငါ အရင်က လူငါးအဖွဲ့ လွှတ်ခဲ့ပေမဲ့ အကုန်ကျရှုံးခဲ့တယ်။ ဒီတစ်ခါတော့ မင်းတို့ကိုပဲ အပ်နှံရတော့မယ်"

"သ... သခင်ကြီးက မသေဘူးလား" ဟု ဖန်းထန်က ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလိုက်သည်။

"မသေဘူး၊ ဒါပေမဲ့ မျက်နှာကို မိုဒူးက ဖျက်ဆီးထားတယ်၊ ညာလက်နဲ့ ဘယ်ခြေကလည်း မသန်တော့ဘူး၊ လျှာလည်း အဖြတ်ခံထားရတယ်" လိုကျစ်ကွေ့က တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။ "သူ့လိုလူမျိုးကို ရှာရတာ မခက်ပေမဲ့ ဝံပုလွေဖြူတောင်ကြားထဲကို ဘယ်လို ခိုးဝင်မလဲဆိုတာက ပြဿနာပဲ။ ငါ့အစ်ကိုကြီးအတွက်နဲ့ မင်းတို့အသက်ကို ရင်းပြီး မလုပ်ကြပါနဲ့၊ တကယ်လို့ ဝင်လို့မရဘူးဆိုရင် နယ်စပ်ထဲကိုပဲ ပြန်လာခဲ့ကြ"

စုန့်ကျင်းနှင့် ဖန်းထန်တို့မှာ ခဏမျှ ကြောင်အသွားပြန်သည်။ ဖန်းထန်က ရုတ်တရက် ဒေါသထွက်ကာ "တောက်... ကျွန်တော် အဲ့ဒီ မိုဒူးကို သတ်ပစ်မယ်!" ဟု အော်ဟစ်လိုက်သည်။

"ဒါက တစ်နေ့နေ့တော့ ဖြစ်လာမှာပါ" ဟု လိုကျစ်ကွေ့က အေးစက်စွာ ဆိုသည်။ "လမ်းခရီးမှာ ဂရုစိုက်ကြဦး"

ဖန်းထန်မှာ ဒေါသထွက်နေသဖြင့် လိုကျစ်ကွေ့အား လိုကျင်းကို သေချာပေါက် ကယ်ထုတ်ခဲ့မည်ဖြစ်ကြောင်း ရင်ဘတ်ကို ပုတ်ကာ အာမခံရန် ပြင်လိုက်သော်လည်း စုန့်ကျင်းက ဖန်းထန် စကားမပြောမီ လက်နှစ်ဖက်ယှက်ကာ "လက်အောက်ခံ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်" ဟု လိုကျစ်ကွေ့ကို ဆိုလိုက်သည်။

"ငါ မင်းတို့ကို စစ်သည်ငါးရာ ပေးမယ်" လိုကျစ်ကွေ့က ဆက်ပြောသည်။ "တောင်ကြားထဲ ဝင်တဲ့အခါ လူများရင် မကောင်းဘူး၊ လူဘယ်လောက် ခေါ်သွားမလဲဆိုတာ မင်းတို့ဘာသာ ဆုံးဖြတ်ကြ။ ပြီးတော့ ဒီကိစ္စကို အပြင်မှာ မဟကြနဲ့ဦး"

စုန့်ကျင်းနှင့် ဖန်းထန်တို့ အမိန့်နာခံကာ ထွက်ခွာရန် ပြင်လိုက်သော်လည်း လိုကျစ်ကွေ့ကို တစ်ချက်ကြည့်ပြီးနောက် စုန့်ကျင်းက မနေနိုင်ဘဲ "စစ်သေနာပတိချုပ် ကိုယ်ရောစိတ်ရော ကျန်းမာပါစေ" ဟု ပြောလိုက်မိသည်။

လိုကျစ်ကွေ့၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာကာ ခေါင်းညိတ်ပြလိုက်သည်။

ဖန်းထန်က နောက်သို့ သုံးလှမ်းဆုတ်ကာ လှည့်ထွက်သွား၏။ စုန့်ကျင်းမှာ တဲတံခါးဝသို့ ရောက်သောအခါ လိုကျစ်ကွေ့ကို တစ်ချက် ပြန်ကြည့်လိုက်သည်။ စစ်သေနာပတိချုပ်မှာ အမှောင်ရိပ်ထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေလေသည်။ စုန့်ကျင်း၏ စိတ်ထဲတွင် လိုကျစ်ကွေ့သည် ထိုနေရာ၌ ထိုင်နေရင်းဖြင့် ဤကမ္ဘာကြီးက သူ့ကို မေ့လျော့သွားရန် စောင့်ဆိုင်းနေသကဲ့သို့ ခံစားလိုက်ရသည်။

"သွားရအောင်လေ" ဖန်းထန်က တဲလိုက်ကာကို လှန်ကာ ရပ်နေသော စုန့်ကျင်းကို တိုက်တွန်းလိုက်သည်။

စုန့်ကျင်းက ခေါင်းခါယမ်းကာ မိမိ၏ ထူးဆန်းသော အတွေးများကို မေ့ပျောက်လိုက်ပြီး ဖန်းထန်၏ နောက်သို့ လိုက်ပါကာ တဲပြင်သို့ ထွက်လာခဲ့လေသည်။

"ခဏနေရင် စစ်သေနာပတိချုပ်ဆီ ထမင်းထပ်ပို့လိုက်ဦး" ဟု ဖန်းထန်က တဲပြင်ရောက်သည်နှင့် ကိုယ်ရံတော်ခေါင်းဆောင်ကို မှာကြားလိုက်သည်။ "သူမစားရင် ခဏခဏသာ ပို့ပေး၊ သူစားချင်တဲ့ အချိန်ရှိလာမှာပါ"

ကိုယ်ရံတော်ခေါင်းဆောင်က မျက်နှာပျက်ပျက်ဖြင့်ပင် အသံပြုလိုက်သည်။ စစ်သူကြီးဖန်း ပြောတာကတော့ လွယ်တာပေါ့၊ မစားမချင်း အမြဲပို့နေရအောင် စစ်သေနာပတိချုပ်က စိတ်မတိုတတ်ဘူး ထင်နေတာလား။

"ငါတော့ စစ်သေနာပတိချုပ် တစ်ခုခု မှားနေသလိုပဲလို့ ခံစားနေရတယ်" ဖန်းထန်က စုန့်ကျင်း၏ နောက်မှ လိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။ "စုန့်ကျင်း၊ မင်းရော မခံစားမိဘူးလား" လိုကျစ်ကွေ့သည် ယခုအခါ တိုက်ပွဲတိုင်းတွင် အောင်ပွဲခံနေပြီး ချင်းရွှမ်း၊ ဟုကော်ကုန်းတို့နှင့် ရှိနေချိန်တွင်လည်း ပြုံးပြုံးရွှင်ရွှင်ရှိနေတတ်သော်လည်း ဖန်းထန်ကမူ သူ့သခင်မှာ တစ်ခုခု ထူးခြားနေသည်ဟု ခံစားနေရခြင်း ဖြစ်သည်။

စုန့်ကျင်းက "စစ်သေနာပတိချုပ်အတွက် စိတ်ပူမနေနဲ့၊ ငါတို့ ဝံပုလွေဖြူတောင်ကြားကိစ္စကိုပဲ အာရုံစိုက်တာ ပိုကောင်းမယ်"

ဖန်းထန်က မိမိနဖူးကို ရိုက်လိုက်ကာ ဘာမှ ဆက်မပြောတော့ပေ။

ထိုညမှာပင် စုန့်ကျင်းနှင့် ဖန်းထန်တို့သည် စစ်တပ်မှ ထူးချွန်သော စစ်သည်ငါးရာကို ခေါ်ဆောင်ကာ ညတွင်းချင်းပင် မြောက်ဘက်သို့ ချီတက်သွားကြလေသည်။

....

နောက်တစ်နေ့ရောက်သောအခါ အနက်ရောင်နှင်းခဲမြင်းတပ်သည် တောင်ဘက်သို့ ဆက်လက် ချီတက်ခဲ့သည်။

အဖွဲ့ငယ်နှင့် စစ်တပ်ကြီးမှာ မြောက်ဘက်နှင့် တောင်ဘက်သို့ တစ်ဖက်စီ ခွဲထွက်သွားကြရာ၊ စုန့်ကျင်းနှင့် ဖန်းထန်တို့ ဝူရှဲ့မြို့သို့ ပြန်ရောက်ပြီး နယ်စပ်မှ ထွက်ခွာရန် ပြင်ချိန်တွင်မူ အနက်ရောင်နှင်းခဲမြင်းတပ်သည် ကျန်းနန်ဒေသ၌ မူလကျန်းနန်ဘုရင်ခံဖြစ်ပြီး ယခုအခါ မိမိကိုယ်ကိုယ် ဘုရင်အဖြစ် ကြေညာထားသော ချန်ကျန့်ဖန့်၏ စစ်တပ်နှင့် ချွင်းကျန်းမြစ် တစ်ဖက်တစ်ချက်တွင် ရင်ဆိုင်နေရပြီ ဖြစ်သည်။

"သခင်ကြီး ပြန်ရောက်လာပြီ ဟုတ်လား" ဝူရှဲ့မြို့၏ တောင်ဘက်တံခါးဝတွင် ဖန်းထန်က မြို့စောင့်စစ်သူကြီးကို အော်မေးလိုက်သည်။ "ဟေ့ကောင်လေး လျှောက်ပြောနေတာဆိုရင် ငါတို့ သူငယ်ချင်းအဖြစ်ကနေ ပြတ်စဲပြီနော်!"

မြို့စောင့်စစ်သူကြီးက ဖန်းထန်ကို တစ်ချက် စောင်းကြည့်ကာ "ဒီလိုကိစ္စမျိုးကို ငါက နောက်စရာလား၊ မင်း ဦးနှောက်ရော ရှိရဲ့လား"

"အိမ်တော်ကို သွားကြည့်ရအောင်" စုန့်ကျင်းက မြင်းကို အပြင်းနှင်၍ မြို့ထဲသို့ ဝင်သွားသည်။

"မင်း လိမ်နေတာဆိုရင်တော့" ဖန်းထန်က ထွက်မသွားမီ မြို့စောင့်စစ်သူကြီးကို လက်ညှိုးထိုးကာ "ငါတို့ မပြီးသေးဘူးလို့ မှတ်လိုက်!"

"မင်းတို့က ဘာပြန်လုပ်ဖို့ လာတာလဲ" ဟု မြို့စောင့်စစ်သူကြီးက မေးလိုက်သော်လည်း ဖန်းထန်က လက်ဝှေ့ယမ်းပြကာ စုန့်ကျင်း၏နောက်သို့ လိုက်ပါသွားလေသည်။

စုန့်ကျင်း၏အတွေးတွင်မူ လိုကျစ်ကွေ့သည် သူနှင့် ဖန်းထန်ကိုသာ စေလွှတ်ခဲ့သည် မဟုတ်ဘဲ အခြားအဖွဲ့များလည်း ရှိနေနိုင်ပြီး၊ သခင်ကြီး လိုကျင်းမှာ ထိုအဖွဲ့များထဲမှ တစ်ဖွဲ့က ကယ်တင်လာခြင်း ဖြစ်လိမ့်မည်ဟု ယူဆထားသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဖန်းထန်မှာမူ စဉ်းစား၍ မရနိုင်ဘဲ စုန့်ကျင်း၏ ဘေးမှနေ၍ ထိုစကားကိုသာ တတွတ်တွတ် ရွတ်နေမိသည်။

"ပါးစပ်ပိတ်ထားစမ်း!" စုန့်ကျင်းက ဖန်းထန်ကို ဟောက်လိုက်သည်။ "အိမ်တော်ရောက်ရင် သိရမယ့်ကိစ္စကို ဘာလို့ ဒီလောက် စကားများနေတာလဲ"

"မင်းက ဘာလို့ ဒေါသထွက်နေတာလဲ" ဖန်းထန်က မကျေမနပ် ပြောလိုက်သည်။ "စုန့်ကျင်း၊ မင်း အကျင့်က ပိုပိုဆိုးလာပြီ၊ ဒါ ဘယ်သူက အလိုလိုက်ထားတာလဲ"

စုန့်ကျင်းက အေးစက်စွာ ရယ်လိုက်သည်။ ဤကဲ့သို့သော လူအနှင့် တွေ့နေရလျှင် မည်သူမဆို စိတ်တိုမိမည်သာ ဖြစ်သည်။

အဖွဲ့သားများမှာ လိုအိမ်တော်သို့ မြင်းကို အရှိန်ဖြင့် နှင်လာကြရာ အိမ်တော်သို့ ရောက်သည်နှင့် အိမ်တော်ထိန်းအိုကြီးမှာ အိမ်ထဲမှ ဆီးကြိုထွက်လာလေသည်။

"သခင်ကြီး ပြန်ရောက်ပြီဆိုတာ ဟုတ်လား" ဖန်းထန်က အိမ်တော်ထိန်းကို မြင်သည်နှင့် ချက်ချင်း မေးလိုက်သည်။

အိမ်တော်ထိန်းအိုကြီးက "ဟုတ်ပါတယ်၊ အဘိုးကြီးက စစ်သေနာပတိချုပ်ဆီကို သတင်းကောင်းပို့ဖို့ လူလွှတ်ထားတာ အများကြီးပဲ၊ ဒါပေမဲ့ ဘာသတင်းမှ ပြန်မလာသေးဘူး။ စစ်သူကြီးတို့နှစ်ယောက်က စစ်သေနာပတိချုပ်ရဲ့ အမိန့်နဲ့ ပြန်လာကြတာလား" ဟု မေးမြန်းသည်။

စုန့်ကျင်းက "သခင်ကြီးကို သွားတွေ့လို့ ရမလား" ဟု မေးလိုက်သည်။

အိမ်တော်ထိန်းအိုကြီးက စုန့်ကျင်းနှင့် ဖန်းထန်တို့ကို လိုကျင်းရှိရာသို့ အမြန်ခေါ်ဆောင်သွားလေသည်။

....

လိုကျင်းသည် ယခုအခါ သူ၏နဂိုအိပ်ခန်းဆောင်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ စုန့်ကျင်းနှင့် ဖန်းထန်တို့ အခန်းရှေ့သို့ ရောက်သောအခါ အခန်းအတွင်းမှ ကြည်လင်ပြတ်သားသော စာဖတ်သံလေးကို ကြားလိုက်ရသည်။

"ဒါ သခင်လေး လိုနန် စာဖတ်နေတာပါ" ဟု အိမ်တော်ထိန်းအိုကြီးက ဝမ်းသာအားရ ပြောပြသည်။ "သခင်လေးရဲ့ကျန်းမာရေးက ကောင်းသွားပြီ၊ ဆေးမသောက်ရတာ အခုဆို တော်တော်ကြာနေပြီ"

ဤသည်မှာလည်း စုန့်ကျင်းနှင့် ဖန်းထန်တို့အတွက် အံ့သြဝမ်းသာစရာ ကိစ္စတစ်ခု ဖြစ်နေပြန်သည်။

"သခင်ကြီး..." အိမ်တော်ထိန်းက အခန်းတံခါးဝတွင် ရပ်၍ အစီရင်ခံလိုက်သည်။ "စစ်သူကြီး စုန့်ကျင်းနဲ့ ဖန်းထန်တို့ ရောက်လာကြပါတယ်"

"ဝင်ခဲ့ကြပါ" ဟု အခန်းထဲမှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ အားအင် သိပ်မရှိသော်လည်း စကားလုံးများမှာမူ အလွန်ရှင်းလင်းလှသည်။

ဖန်းထန်မှာ ထပ်မံ အံ့သြသွားကာ စုန့်ကျင်းဘက်သို့ အမြန်လှည့်ကြည့်လိုက်သည်။ သခင်ကြီးရဲ့ လျှာကို မိုဒူး ဖြတ်ပစ်လိုက်တယ်ဆို၊ အခုက ဘယ်လိုလုပ် စကားပြောနိုင်တာလဲ။

စုန့်ကျင်းမှာမူ အမူအရာမပျက်ဘဲ "ဟုတ်ကဲ့" ဟု ထူးကာ အိပ်ခန်းထဲသို့ လှမ်းဝင်သွားလေသည်။

လိုနန်သည် ကုတင်ဘေးတွင် ရပ်နေပြီး လက်ထဲတွင်လည်း စောစောက ဖတ်နေသော စာအုပ်ကို ကိုင်ထားဆဲ ဖြစ်သည်။ စုန့်ကျင်းနှင့် ဖန်းထန် ဝင်လာသည်ကို မြင်သောအခါ ကလေးငယ်က ပြုံးပြလိုက်သည်။ လိုနန်မှာ ငယ်စဉ်ကတည်းက ဖျားနာနေခဲ့သဖြင့် အပြင်သို့ မထွက်ရရုံမက စစ်တပ်မှ စစ်သူကြီးများနှင့်လည်း အကျွမ်းတဝင် မရှိလှပေ။

"သခင်လေး" ဟု စုန့်ကျင်းက လိုနန်အား အလေးပြုလိုက်သော်လည်း ဖန်းထန်မှာမူ လုံးဝ မှင်သက်နေကာ ဘာလုပ်ရမည်မှန်း မသိဘဲ ဖြစ်နေရှာသည်။

လိုကျင်းမှာ ကုတင်ပေါ်တွင် မှီထိုင်နေပြီး မျက်နှာတွင် သွေးရောင်သိပ်မရှိသော်လည်း ချောမောသော မျက်နှာနှင့် အနည်းငယ် ပြုံးယောင်သန်းနေသော နှုတ်ခမ်းတို့မှာ ဖျက်ဆီးခံထားရသော မျက်နှာမျိုး လုံးဝ မဟုတ်ပေ။

"စုန့်ကျင်း" ဟု လိုကျင်းက စုန့်ကျင်းကို လှမ်းခေါ်လိုက်ကာ ဖန်းထန်ကိုလည်း ကြည့်၍ "မင်းက ဖန်းထန်လား" ဟု မေးလိုက်သည်။

ဖန်းထန်မှာ မျက်လုံးကို အတင်းပွတ်ကာ သခင်ကြီးကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ကုတင်ဘေးသို့ ပြေးသွားကာ "တကယ်ကြီး သခင်ကြီးပဲ!" ဟု အော်လိုက်သည်။

စုန့်ကျင်းလည်း ကုတင်ဘေးသို့ လျှောက်သွားကာ လိုကျင်းကို ကြည့်ရင်း အံ့သြနေမိဆဲဖြစ်သည်။

"ချန်ယင်း (လိုကျစ်ကွေ့) ရော နေကောင်းရဲ့လား" ဟု လိုကျင်းက မေးသည်။

"စစ်သေနာပတိချုပ်က... သူ နေကောင်းပါတယ်" ဖန်းထန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "သခင်ကြီးက ဘာမှမဖြစ်ဘူးလား။ စစ်သေနာပတိချုပ် ပြောတာကတော့ သခင်ကြီး ဒဏ်ရာ အပြင်းအထန်ရထားတယ်၊ မျက်နှာလည်း အပျက်ခံထားရတယ်၊ ပြီးတော့..."

စုန့်ကျင်းက ဖန်းထန်ကို တစ်ချက်ထိုးလိုက်ကာ ဘေးနားရှိ လိုနန်ကိုကြည့်ရန် သတိပေးလိုက်သည်။

လိုနန်မှာ ထိတ်လန့်သွားသော အမူအရာဖြင့် "မျက်နှာက ဖျက်ဆီးခံထားရတာလား" ဟု ဖန်းထန်ကို မေးလိုက်သည်။

"သား ခဏ အပြင်ထွက်နေဦး" ဟု လိုကျင်းက သားဖြစ်သူကို ပြောလိုက်သည်။ "ဖေဖေ ဒီစစ်သူကြီးကြီးနှစ်ယောက်နဲ့ စကားပြောစရာရှိလို့၊ ခဏနေမှ ပြန်လာခဲ့နော်"

လိုနန်က ခေါင်းညိတ်ကာ လိမ္မာစွာ ထွက်သွားလေသည်။

"သခင်ကြီး" ဟု လိုနန် ထွက်သွားပြီးနောက်မှ စုန့်ကျင်းက လိုကျင်းအား ဆိုသည်။ "စစ်သေနာပတိချုပ်က ကျွန်တော်တို့ကို ဝံပုလွေဖြူတောင်ကြားထဲ ဝင်ပြီး သခင်ကြီးကို ကယ်ဖို့ အမိန့်ပေးခဲ့တာပါ။ အရင်က လွှတ်ခဲ့တဲ့ ငါးဖွဲ့စလုံးလည်း ချေမှုန်းခံလိုက်ရတယ်။ သခင်ကြီးကို ဘယ်သူက ကယ်ခဲ့တာလဲ"

"ဘယ်သူက စစ်သေနာပတိချုပ်ကို သတင်းပေးတာလဲ" ဖန်းထန်က ဝင်ပြောလိုက်သည်။ "စစ်သေနာပတိချုပ်က ကျွန်တော်တို့ကို သခင်ကြီးအကြောင်း ပြောပြတုန်းက ကျွန်တော်တောင် လန့်သွားတာ။ သခင်ကြီးရဲ့ မျက်နှာကို ဖျက်ဆီးခံထားရတယ်၊ လျှာကိုလည်း မိုဒူးက ဖြတ်ပစ်လိုက်တယ်၊ ခြေလက်တွေလည်း မသန်တော့ဘူးဆိုပြီး ပြောတာ၊ အခုတော့ ဒီကောင်က လျှောက်ပြောနေတာ ဖြစ်နေပြီ"

"ငါ့ကို ကယ်တဲ့သူတွေက ငါ့ဒဏ်ရာတွေကို ကုပေးခဲ့တာပါ" ဟု လိုကျင်းက စုန့်ကျင်းနှင့် ဖန်းထန်တို့ကို ထိုင်ရန် နေရာပေးရင်း တိုးတိုးလေး ပြောပြလိုက်သည်။

စုန့်ကျင်းနှင့် ဖန်းထန်တို့မှာ ထပ်မံ မှင်သက်သွားပြန်သည်။

"ငါကိုယ်တိုင်လည်း ဒါက မဖြစ်နိုင်ဘူးလို့ ထင်တာ။ အရင်တုန်းက နှစ်တွေက အိပ်မက်ဆိုးကြီး တစ်ခု ဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ် အခု ငါက အိမ်မက်လှလှလေးတစ်ခုထဲ ရောက်နေတာ ဖြစ်ချင်ဖြစ်မယ်" ဟု လိုကျင်းက ဆိုသည်။

"ဒါ... ဒါဆို သခင်ကြီးကို ဘယ်သူ ကယ်ခဲ့တာလဲ" ဖန်းထန်က ရင်တထိတ်ထိတ်ဖြင့် ထစ်ထစ်ငေါ့ငေါ့ မေးလိုက်သည်။

"အဲ့ဒီအချိန်တုန်းက ငါက တစ်နေ့လုံး မိန်းမောနေခဲ့တာ" လိုကျင်းက "သူတို့ရဲ့ ရုပ်ရည်ကို သေချာ မမြင်လိုက်ရဘူး" ဟု ဆိုသည်။

"သူတို့ နာမည်တွေရော ချန်မထားခဲ့ဘူးလား" ဟု စုန့်ကျင်းက မေးသည်။

လိုကျင်းက ခေါင်းခါပြ၏။

"ဒါဆို သူတို့ ဘယ်ကို သွားကြတာလဲ" ဟု ဖန်းထန်က ထပ်မေးပြန်သည်။

"သူတို့ ငါ့ကို လိုအိမ်တော်ကို ပြန်ပို့ပြီးတာနဲ့ ထွက်သွားကြတာ။ အဲ့ဒီအချိန်တုန်းက အိမ်တော်ကလူတွေကလည်း ငါ့ကိုပဲ အာရုံစိုက်နေကြလို့ သူတို့နာမည်ကို ဘယ်သူမှ မမေးမိလိုက်ကြဘူး" ဟု လိုကျင်းက ခါးသက်သက် ပြုံးရင်း ဆိုသည်။ "သူတို့ တောင်ဘက်တံခါးကနေ မြင်းစီးပြီး ထွက်သွားကြတယ်လို့ပဲ အိမ်တော်ကလူတွေ သိထားကြတယ်"

"ဒါဆို အဲ့ဒီလူတွေက ဘယ်နှစ်ယောက်လောက် ရှိမလဲ" စုန့်ကျင်းက "သခင်ကြီး သူတို့အပေါ် နည်းနည်းလေးတောင် အမှတ်မရဘူးလား" ဟု ထပ်မေးသည်။

"ငါ့ကို ကယ်တဲ့သူက ရှောင်ယောင်း လို့ ခေါ်ပုံရတယ်" ဟု လိုကျင်းက ပြောလိုက်သည်။ "ဒါပေမဲ့ အိမ်တော်ထိန်းက လူလွှတ်ပြီး စုံစမ်းကြည့်တော့လည်း ဒီနာမည်နဲ့ နတ်သမားတော် ရှိတယ်လို့ မကြားမိဘူးတဲ့"

ရှောင်ယောင်း?

ရှောင်ယောင်း။

နဉ်ရှောင်ယောင်း... စုန့်ကျင်းနှင့် ဖန်းထန်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ပြတ်သွားသောလျှာကို ပြန်ပေါက်စေနိုင်ခြင်း၊ မီးလောင်ထားသော မျက်နှာကို ကုသပေးနိုင်ခြင်း၊ ကျိုးသွားသော အရိုးအကြောများကို ပြန်ဆက်ပေးနိုင်ခြင်းတို့မှာ ဤလောကတွင် နဉ်ရှောင်ယောင်း တစ်ယောက်တည်းသာ တတ်စွမ်းနိုင်သော အရာများပင် ဖြစ်လေတော့သည်။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၇၂ ။ မိန်းကလေးနဉ်နဲ့တူတဲ့ ဝက်ပုတ်လေး

"ငါ့ကို ကယ်တဲ့သူတွေကို မင်းတို့ သိနေတာလား" စုန့်ကျင်းနှင့် ဖန်းထန်တို့၏ မျက်နှာပျက်သွားသည်ကို မြင်သည်နှင့် လိုကျင်းက ချက်ချင်း မေးလိုက်သည်။

ဖန်းထန်မှာ ယခုအချိန်တွင် စကားမပြောရဲတော့ပေ။ အရှင်သခင်ချင်း မတူညီသဖြင့် ရန်ငြိုးမထားသင့်သော်လည်း ဧကရာဇ်အပေါ်တွင်မူ ဖန်းထန်မှာ မျက်နှာမပြဝံ့အောင် ဖြစ်နေရသည်။

စုန့်ကျင်းက ခေါင်းခါပြကာ "လူကို မမြင်ရတော့ ဒီကျေးဇူးရှင်က ဘယ်သူလဲဆိုတာ ကျွန်တော်တို့လည်း မသိနိုင်ပါဘူး" ဟု ဆိုသည်။

လိုကျင်းမှာ နောက်တစ်ကြိမ် စိတ်ပျက်သွားရပြန်သည်။

"သခင်ကြီး ဘာမှမဖြစ်တော့ဘူးဆိုတော့ ကျွန်တော်တို့လည်း ဝံပုလွေဖြူတောင်ကြားကို သွားစရာ မလိုတော့ဘူးပေါ့" စုန့်ကျင်းက လိုကျင်းကို အတင်းပြုံးပြရင်း ဆိုသည်။ "ကျွန်တော်နဲ့ ဖန်းထန် အခုပဲ စစ်သေနာပတိချုပ်ဆီသွားပြီး သခင်ကြီး ဘေးကင်းကင်း ပြန်ရောက်လာတဲ့ သတင်းကောင်းကို သွားပြောလိုက်ပါဦးမယ်"

"တိုက်ပွဲတွေကရော ဘယ်လိုနေလဲ" ဤမေးခွန်းကိုမူ လိုကျင်း သေချာပေါက် မေးရမည် ဖြစ်သည်။

စုန့်ကျင်းက အရေးကြီးသော စစ်ရေးကိစ္စများကိုသာ ရွေးချယ်ပြောပြလိုက်ပြီး လိုကျစ်ကွေ့၏ စိတ်နေစိတ်ထားမှာ ပို၍ တိတ်ဆိတ်လာကာ အစားအသောက်ပျက်နေသည့် အကြောင်းကိုမူ မပြောရဲပေ။

ညီဖြစ်သူမှာ မကြာမီ တစ်ပြည်လုံးကို သိမ်းပိုက်နိုင်တော့မည် ဖြစ်ကြောင်း ကြားရသောအခါ လိုကျင်း၏ မျက်နှာပေါ်တွင် အပြုံးအချို့ ပေါ်လာသည်။

"သခင်ကြီး စိတ်ချပါ" ဖန်းထန်က လိုကျင်းအား ကတိပေးလိုက်သည်။ "စစ်သေနာပတိချုပ် တိုင်းပြည်ကို ရပြီဆိုတာနဲ့ ကျွန်တော်တို့ နယ်စပ်အပြင် ထွက်ပြီး မိုဒူးကို သွားရှာမယ်၊ အဲ့ဒီခွေးကောင်ကို သေချာပေါက် သတ်ပစ်မယ်"

လိုကျင်းမှာ ဖန်းထန်၏ စကားကို ထူးထူးခြားခြား တုံ့ပြန်ခြင်း မရှိဘဲ "ပင်ပန်းရချည်ရဲ့" ဟုသာ ဆိုသည်။

ဝံပုလွေဖြူတောင်ကြား အမဲလိုက်ကွင်းတွင် နှစ်ပေါင်းများစွာ နှိပ်စက်ညှင်းပန်းခံခဲ့ရစဉ်က လိုကျင်းသည် မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် မစဉ်းစားခဲ့သည် မဟုတ်ပေ။ သို့သော် ပထမအချက်မှာ မိုဒူးက သူ့ကို မသေစေရန် အမိန့်တင်းကြပ်စွာ ထုတ်ထားခြင်းကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်မှာမူ လိုကျင်း၏ စိတ်ထဲတွင် အမြဲတမ်း စိုးရိမ်ပူပန်မှုများ ရှိနေသောကြောင့် ဖြစ်သည်။ သူတို့ သားအဖနှစ်ယောက်စလုံး မရှိတော့လျှင် ကျန်ရစ်ခဲ့သော ညီငယ် လိုကျစ်ကွေ့ တစ်ယောက်တည်း လိုမိသားစု၏ ဂုဏ်သိက္ခာကို ထိန်းကျောင်းနိုင်ပါ့မလား။ ထို့ပြင် သူ၏ ဇနီးနှင့် သားငယ်လည်း ရှိသေးသည်။ ထိုစိုးရိမ်မှု နှစ်ခုကြောင့်ပင် လိုကျင်းမှာ ခက်ခဲပင်ပန်းစွာ အသက်ဆက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အသက်ရှင်လျက် ပြန်ရောက်လာရုံသာမက သာမန်လူတစ်ယောက်၏ ရုပ်ရည်ဖြင့်ပါ ပြန်ရောက်လာသဖြင့် လိုကျင်းမှာ ကလဲ့စားချေလိုစိတ် သိပ်မရှိတော့ပေ။ ဤသည်မှာ သူရဲဘောကြောင်ခြင်း သို့မဟုတ် သတ္တိနည်းခြင်းကြောင့် မဟုတ်ဘဲ သေခြင်းနှင့် ရှင်ခြင်းကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသူတစ်ဦးအဖို့ သေခြင်းကိုရော ရှင်ခြင်းကိုပါ ပေါ့ပါးစွာ မြင်နိုင်စွမ်း ရှိသွားသောကြောင့် ဖြစ်သည်။

...

စုန့်ကျင်းက ဖန်းထန်ကို ဆွဲ၍ ထွက်လာခဲ့သည်။ နှစ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့သမျှကို သူက လိုကျင်းအား ပြောပြနေရန် မလိုဘဲ အိမ်တော်ရှိ လူများက ပြောပြကြလိမ့်မည်။ စုန့်ကျင်း အကြောက်ဆုံးမှာ လိုကျင်းက ဧကရာဇ်နဉ်အကြောင်း မေးမြန်းလာမည်ကို ဖြစ်သည်။ ဤကိစ္စကို လိုကျစ်ကွေ့ကိုယ်တိုင်သာ အစ်ကိုဖြစ်သူကို ပြောပြသင့်ပြီး၊ ပြောသင့်မပြောသင့်မှာလည်း စစ်သေနာပတိချုပ်၏ အလိုအတိုင်းသာ ဖြစ်သည်။

ဖန်းထန်မှာ အပြင်သို့ ရောက်သည်နှင့် စုန့်ကျင်းက ဆွဲထားသော လက်ကို ခါထုတ်ကာ "အဲ့ဒါ အရှင်မင်းကြီး ဟုတ်တယ်မလား။ အရှင်မင်းကြီးပဲမလား" ဟု တိုးတိုးလေး မေးလိုက်သည်။

စုန့်ကျင်းက "စစ်တပ်ဆီ ပြန်ကြစို့" ဟုသာ ဆိုသည်။

"ဒါကို ဘယ်လိုလုပ်ကြမလဲ" ဖန်းထန်မှာ ပျာယာခတ်သွားသည်။

စုန့်ကျင်းမှာ တံခါးဝ၌ ခဏမျှ မှင်သက်ရပ်နေပြီးနောက် "အရှင်မင်းကြီး တကယ် မသေတာဆိုရင်တော့ ငါ တကယ် ဝမ်းသာပါတယ်" ဟု ခပ်တိုးတိုး ဆိုလိုက်သည်။

ဖန်းထန်က စုန့်ကျင်းကို ကြည့်နေ၏။

စုန့်ကျင်းက ခြံဝင်းပြင်သို့ လျှောက်ထွက်သွားသည်။

ဖန်းထန်က စုန့်ကျင်းနောက်သို့ အပြေးလိုက်ရင်း "မင်းပြောပုံက ငါကပဲ ဝမ်းမသာတဲ့အတိုင်းပဲ၊ ငါက အဲ့ဒီလောက် အသိတရား မရှိတဲ့လူလား!" ဟု ဒေါသတကြီး ပြောလိုက်သည်။

စုန့်ကျင်းက "အသိတရားမဲ့တဲ့ ကိစ္စတွေကို လုပ်ခဲ့ပြီးပြီပဲ၊ နောက်ဆို အဲ့လိုစကားမျိုး မပြောနဲ့တော့၊ ကြားရတာ ဟာသတစ်ခုလိုပဲ" ဟု ဆိုသည်။

စုန့်ကျင်း၏ စကားကြောင့် ဖန်းထန်မှာ တစ်ခွန်းမျှ ပြန်မပြောနိုင်တော့ပေ။

"စစ်တပ်ကို ပြန်ရောက်ရင် ဒါကို ဘယ်လိုလုပ်မလဲဆိုတာ စစ်သေနာပတိချုပ် ကိုယ်တိုင် ဆုံးဖြတ်ပါလိမ့်မယ်" ဟု စုန့်ကျင်းက ဆက်ပြောသည်။ "အရှင်မင်းကြီးက မျက်နှာမပြဘူးဆိုကတည်းက ဒီတိုင်းပြည်အာဏာကို စိတ်မဝင်စားတော့ဘူးဆိုတာ ရှင်းနေတာပဲ"

ဖန်းထန်မှာ ခေါင်းငိုက်စိုက်ကျသွားသည်။ အရှင်မင်းကြီးနှင့် ထပ်တွေ့ရလျှင် သူ ဘယ်လိုလုပ်ရမလဲ။ သူသည် အရှင်မင်းကြီးကို မျက်နှာပြဝံ့စရာ မရှိတော့ပေ။

စုန့်ကျင်းနှင့် ဖန်းထန်တို့မှာ အိမ်သို့ပင် မဝင်တော့ဘဲ လိုအိမ်တော်မှ ထွက်သည်နှင့် ဝူရှဲ့မြို့ပြင်သို့ ထွက်ကာ စစ်တပ်ရှိရာသို့ အပြေးနှင်ခဲ့ကြသည်။

....

"ဒါကို ကြည့်ရင် ဖေ့ယင်က ငါတို့ကို လိမ်ခဲ့တာပဲ" မြို့ပြင်ရောက်သောအခါ ဖန်းထန်က ထိုကိစ္စကို သတိရကာ စုန့်ကျင်းကို ဒေါသတကြီး ပြောသည်။ "သူကပဲ အရှင်မင်းကြီး သေပြီလို့ အသေအချာ ပြောခဲ့တာ!"

စုန့်ကျင်းက ဖန်းထန်ကို ကြည့်ပင်မကြည့်ဘဲ "အရှင်မင်းကြီးက သူ့ကိုပါ လိမ်ခဲ့တာဆိုရင်ရော" ဟု ဆိုလိုက်သည်။

ဖန်းထန်မှာ... ဤလူနှင့် စကားပြောတိုင်း သူသည် အလွန်အသကဲ့သို့ ခံစားရသည်။

....

စုန့်ကျင်းနှင့် ဖန်းထန်တို့ လမ်းခရီးတွင် ရှိနေစဉ်မှာပင် လိုကျစ်ကွေ့၏ စစ်တပ်ကြီးသည် ချွင်းကျန်းမြစ်ကို ဖြတ်ကျော်ကာ ချန်ကျန့်ဖန့်ကို ကွပ်မျက်ပြီး ကျန်းနန်ဒေသ တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

လိုကျစ်ကွေ့သည် ချွင်းကျန်းမြစ်ကမ်းနားတွင် မြင်းကို ရပ်တန့်ကာ လေထဲတွင် လွင့်ပျံနေသော စစ်အလံများနှင့် တဟုန်းဟုန်း စီးဆင်းနေသော မြစ်ရေကို ကြည့်နေစဉ် သူနှင့် မနီးမဝေးရှိ ကျန်းနန်မြို့ငယ်လေးတစ်မြို့မှ လူနေအိမ်တစ်ခုအတွင်းမှ ကလေးငယ်တစ်ဦး၏ ငိုသံ ထွက်ပေါ်လာသည်။

"မွေးပြီ!" ယင်းယွီက ခြံထဲတွင် အော်ဟစ်လိုက်သည်။

ခြံထဲရှိ နဂါးအစောင့်တပ်သားလေးများ အားလုံး၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာကြသည်။

"အရှင်မင်းကြီးက တစ်ချက်တောင် အော်မငိုဘူးနော်" ယင်းလေက စိုးရိမ်တကြီး ပြောသည်။ "သူ တစ်ခုခုဖြစ်မှာကို ငါ တကယ် ကြောက်နေတာ!" စိတ်လှုပ်ရှားမှုကြောင့် ယင်းလေမှာ နဉ်ရှောင်ယောင်းအား အရှင်မင်းကြီးဟု အကျင့်ပါကာ ခေါ်လိုက်ပြန်သည်။

ထိုစဉ် အခန်းတံခါး ပွင့်လာပြီး ဝမ်းဆွဲသည်က ကလေးကို ပွေ့ချီကာ ထွက်လာသည်။

လှေကားထစ်အောက်တွင် တောင့်တောင့်ကြီး ရပ်နေသော ယင်းဖုန်းက ချက်ချင်း ဆီးကြိုလိုက်သော်လည်း သူ စကားမပြောရသေးမီ ယင်းတျန့်က "သားလေးလား သမီးလေးလား" ဟု အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

"သမီးလေးပါ" သက်ကြီးရွယ်အို ဝမ်းဆွဲသည်မှာ အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေပုံရပြီး "သခင်မက သမီးလေး မွေးပါတယ်!" ဟု ဆိုသည်။

ယင်းဖုန်းတို့ တစ်သိုက် ဝမ်းဆွဲသည်ကို ဝိုင်းအုံကြည့်ကြကာ ကလေးမလေးကို ခေါင်းပြူ၍ ကြည့်ကြသည်။

ကလေးငယ်မှာ ပါးဖောင်းဖောင်းလေး ရှိပြီး မျက်လုံးများ မှိတ်ထားသော်လည်း မျက်လုံးပုံစံအရ မျက်လုံးကြီးမည့် ပုံပေါ်သည်။ နှုတ်ခမ်းလေးမှာလည်း စူထွက်နေကာ နဉ်ရှောင်ယောင်း၏ မျိုးစေ့မှန်း သိသာလှသည်။

ဝမ်းဆွဲသည်က "အဘွား ဝမ်းဆွဲပေးခဲ့တဲ့ ကလေးတွေထဲမှာ ဒီကလေးလောက် လှတဲ့သူ တစ်ခါမှ မမြင်ဖူးဘူး" ဟု ဆိုသည်။

ကလေးငယ်မှာ အခုမှ မွေးသဖြင့် အရေပြားမှာ အနည်းငယ် တွန့်နေပြီး အသားအရောင်မှာလည်း နီရဲနေတတ်သော်လည်း နဉ်ရှောင်ယောင်း မွေးသော သမီးလေးမှာမူ အရေပြား အနည်းငယ် တွန့်နေသော်လည်း အသားမှာ နို့ကဲ့သို့ ဖြူဖွေးနေသည်။

လူပျိုသိုက်ကြီးက မိမိရင်ခွင်ထဲမှ ကလေးကို ဝိုင်းကြည့်နေသည်ကို ဝမ်းဆွဲသည်မှာ ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။ အခန်းထဲမှ သခင်မလေးက ခင်ပွန်းသည် မရှိတော့ကြောင်း ပြောထားသော်လည်း ဤကိုယ်ရံတော်များကို ကြည့်ခြင်းအားဖြင့် သခင်မလေးနှင့် သမီးငယ်လေး၏ ဘဝမှာ ခက်ခဲလိမ့်မည် မဟုတ်ကြောင်း ဝမ်းဆွဲသည်က တွေးမိသည်။ သို့သော် ကလေးမလေးကို ကြည့်ကာ နဉ်ရှောင်ယောင်းအတွက်လည်း ဝမ်းဆွဲသည်က ပူပန်မိသည်။ သမီးမွေးလျှင် မိသားစုပိုင်ဆိုင်မှုတွေကို ဘယ်လို ထိန်းသိမ်းမလဲ။

"မြောင်... မြောင်... မြောင်..."

"ဝူး... ဝူး... ဝူး..."

လောင်တာ့နှင့် ရှောင်ပိုင်တို့က လူအုပ်အပြင်ဘက်မှ အော်ဟစ်နေကြသည်။ သူတို့လည်း ကလေးလေးကို ကြည့်ချင်သည်လေ။ ယိုကွမ့်မှာ အခန်းထဲတွင် အစောကတည်းက ပုန်းနေသဖြင့် ကလေးကို တွေ့ပြီးလောက်ပြီ၊ သိမ်းငှက်လေး အားမင်မှာလည်း အပေါ်မှ ဝဲပျံနေသဖြင့် ကလေးပုံစံကို မြင်ပြီးလောက်ပြီ၊ သူတို့နှစ်ကောင်ပဲ မမြင်ရသေးတာ!

ဝမ်းဆွဲသည်က ကလေးငယ်ကို ယင်းဖုန်းရှေ့သို့ ကမ်းပေးလိုက်သည်။

ယင်းဖုန်းမှာ နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ ဤမျှ သေးငယ်သော ကလေးငယ်ကို သူ ဘယ်လို ချီရမည်နည်း။ အားမစိုက်ဘဲ ထိလိုက်လျှင်ပင် ကလေး နာသွားမည်လားဟု သူ စိုးရိမ်မိသည်။

ဝမ်းဆွဲသည်က မိမိကို ဝိုင်းထားသော လူငယ်များကို ကြည့်လိုက်သည်။

နဂါးအစောင့်တပ်သားလေးများ အားလုံး ပြိုင်တူ နောက်ဆုတ်သွားကြသည်။ သူတို့ မချီရဲကြပေ။

ဝမ်းဆွဲသည်က ရယ်မောရင်း ကလေးကို အခန်းထဲသို့ ပြန်ခေါ်သွားလေသည်။

....

နဉ်ရှောင်ယောင်းမှာ ကလေးမွေးစဉ်က သေမတတ် နာကျင်ခဲ့သော်လည်း ယခု နာကျင်မှု ပျောက်သွားပြီ ဖြစ်သည်။ သို့သော် သူမတွင် အားအင် မရှိတော့ပေ။ ကုတင်ပေါ်တွင် လှဲလျောင်းရင်း ကုတင်ဘေးရှိ ရှဲ့သခင်မလေး ၅ကို ညည်းညူလိုက်သည်။ "ကလေးမွေးရတာ ဒီလောက် နာမယ်လို့ ငါ မထင်ထားဘူး!" ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ သူမ၏ စွမ်းအားများ မသုံးနိုင်တော့ရုံသာမက ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း သိသိသာသာ ကျဆင်းသွားကာ သာမန်လူသားထက်ပင် ညံ့ဖျင်းသွားရသည်။

ရှဲ့သော်ယင်းက ပြုံးလိုက်မိသည်။ အစပိုင်းတွင် အရှင်မင်းကြီးမှာ မိန်းကလေးဖြစ်ကြောင်း သိရသောအခါ သူမ သေမတတ် လန့်သွားခဲ့သည်။ ထို့နောက် မိမိ ဆယ်စုနှစ်တစ်ခုကျော် လက်ထပ်ချင်ခဲ့သော၊ အချစ်ခံချင်ခဲ့သောသူမှာ မိန်းကလေးတစ်ဦး ဖြစ်နေသည်ကို တွေးမိကာ ရှဲ့သော်ယင်းမှာ ဒေါသထွက်ခဲ့သော်လည်း မည်သို့ တုံ့ပြန်ရမည်ကို မဆုံးဖြတ်ရသေးမီမှာပင် နဉ်ရှောင်ယောင်းက သူမ၏ ဗိုက်ကို ပုတ်ပြကာ "ငါ့မှာ ကလေးရှိနေပြီ" ဟု ပြောလိုက်ပြန်သည်။ ထိုအချိန်မှစ၍ ရှဲ့သော်ယင်းမှာ သူမ ဘာလုပ်ခဲ့သည်ကိုပင် မမှတ်မိတော့ပေ။

"အယ်..." နဉ်ရှောင်ယောင်းက ရှဲ့သော်ယင်း၏ ဗိုက်ကို လှမ်းကြည့်ကာ "မရယ်နဲ့၊ နင်လည်း ဒုက္ခရောက်မယ့်နေ့ လာဦးမှာ" ဟု ဆိုလိုက်သည်။

ရှဲ့သော်ယင်းမှာ ချက်ချင်းပင် မျက်နှာနီမြန်းသွားရသည်။

"ဟင်း..." နဉ်ရှောင်ယောင်းက သက်ပြင်းချကာ "ဟေ့... ငါ ပြောဖူးတယ်မလား၊ အရှက်အကြောက်ကြီးတဲ့ ပုံစံက နင်နဲ့ မလိုက်ဘူးလို့။ ငါ ခုနက သေမတတ် နာထားတာကို ထောက်ထားပြီး အဲ့လိုပုံစံ မလုပ်စမ်းပါနဲ့ဦး"

ရှဲ့သော်ယင်းက မျက်နှာထား တင်းလိုက်ကာ "နင် ဘယ်လိုလုပ် စကားပြောဖို့ အားရှိနေသေးတာလဲ"

"အဲ့ဒါကတော့..." နဉ်ရှောင်ယောင်း စကားပြောရန် ပြင်စဉ် ဝမ်းဆွဲသည်က သမီးလေးကို ပွေ့ချီကာ ဝင်လာသည်ကို မြင်သောအခါ "အဘွား... ခုနက ကျွန်မ သေချာ မကြည့်လိုက်ရလို့၊ ကျွန်မ သမီးလေးက သန်သန်မာမာ ရှိရဲ့လား" ဟု လှမ်းမေးလိုက်သည်။

ဝမ်းဆွဲသည်...

ရှဲ့ယင်း...သော်

ကိုယ့်သမီးကို သန်သန်မာမာရှိလားလို့ မေးတဲ့သူ ရှိသေးတာလား။

"ကျွန်မကို ထပ်ပြပါဦး" ဟု နဉ်ရှောင်ယောင်းက အော်သည်။

ဝမ်းဆွဲသည်က သတိပြန်ဝင်လာကာ ကလေးငယ်ကို နဉ်ရှောင်ယောင်း၏ ရှေ့သို့ ပြလိုက်ပြီး "သခင်မလေး ကြည့်ပါဦး၊ သမီးလေးက အရမ်းလှတာပဲ" ဟု ဆိုသည်။

နဉ်ရှောင်ယောင်းက သူမ၏ သမီးလေး ခေါင်းကို ကိုင်ကြည့်ကာ၊ ပါးကို ဆွဲကြည့်သည်၊ ထို့နောက် ဗိုက်ကို ဖိကြည့်ကာ၊ ခြေထောက်ကို ပုတ်ကြည့်ပြီး "အင်း... ငါ့သမီးက တော်တော် သန်တာပဲ၊ ကြီးအောင် မွေးလို့ ရမှာပါ" ဟု ဆိုသည်။

ဝမ်းဆွဲသည်မှာ နဉ်ရှောင်ယောင်းက ကလေး၏ ပါးစပ်ကို ဖြဲကာ သွားရှိမရှိ ကြည့်နေသည်ကို မြင်သောအခါ အပြုံးများ ပျောက်ကွယ်သွားရသည်။ ဒါ ကလေးကို ကြည့်နေတာလား၊ တိရစ္ဆာန်ကို ကြည့်နေတာလား။

"ကောင်းတယ်" နဉ်ရှောင်ယောင်းက အလွန် စိတ်ကျေနပ်သွားကာ ဝမ်းဆွဲသည်ကို ပြုံးပြရင်း "ကျွန်မသမီးက တော်တော် သန်တာပဲ!" ဟု ဆိုလိုက်သည်။

ဝမ်းဆွဲသည်က ရှဲ့သော်ယင်းကို ကြည့်လိုက်သည်။ ဤစကားကို သူမ ဘယ်လို ပြန်ပြောရမည်နည်း။

ရှဲ့သော်ယင်းက ဝမ်းဆွဲသည်ကို အပြင်သို့ ခေါ်ထုတ်သွားကာ အသင့်ပြင်ထားသော ဆုလာဘ်ထုတ်ကို ကမ်းပေးလိုက်ပြီး "ကျွန်မရဲ့ အစ်မက တူမလေးကို သန်သန်မာမာ ရှိစေချင်တာပါ၊ ဒါမှ နောင်ကျရင် မိသားစုပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းနိုင်မှာလေ" ဟု ပြုံး၍ ရှင်းပြလိုက်သည်။

ဝမ်းဆွဲသည်လည်း နဉ်ရှောင်ယောင်းကို နားလည်သွားသည်။ ဟုတ်သားပဲ၊ နုနုနယ်နယ် သမီးလေး မွေးထားရင် ဖခင်နဲ့ မောင်နှမ မရှိတဲ့ ဤကလေးမလေးက ပိုင်ဆိုင်မှုတွေကို ဘယ်လို ထိန်းသိမ်းမလဲ။

"ကိစ္စရှိရင် အဘွားကို ထပ်ခေါ်ပါ့မယ်" ဟု ရှဲ့သော်ယင်းက ဦးညွှတ် နှုတ်ဆက်လိုက်သည်။

ဆုလာဘ်ထုတ်မှာ တော်တော်လေး လေးသဖြင့် ဆုငွေ အတော်များမည်ကို သိနိုင်ရာ ဝမ်းဆွဲသည်မှာ ဝမ်းသာအားရဖြင့် "ကျေးဇူးတင်ပါတယ် သခင်မလေး၊ ကိစ္စရှိရင် အချိန်မရွေး လာခေါ်ပါ" ဟု ဆိုသည်။

ရှဲ့သော်ယင်းက ယင်းဖုန်းကို ဝမ်းဆွဲသည်အား အိမ်ပြန်ပို့ခိုင်းလိုက်သည်။

.....

ယင်းဖုန်းက ဝမ်းဆွဲသည်ကို တံခါးဝအထိ ပို့ဆောင်ပေးကာ "အဘွား... ဂရုစိုက် သွားပါဦး" ဟု ခပ်တိုးတိုး ပြောလိုက်သည်။

ဝမ်းဆွဲသည် ထွက်ခွာရန် ပြင်စဉ် သူမ၏ မြေးငယ်လေး ပြေးလာကာ "အနက်ရောင်နှင်းခဲမြင်းတပ်တွေ လာနေပြီ၊ စစ်သေနာပတိချုပ်လိုကိုပါ တွေ့ခဲ့တယ်" ဟု ပြောလိုက်သည်။

"အို... ဒီကလေးမလေး" ဝမ်းဆွဲသည်က မြေးဖြစ်သူကို ရိုက်နှက်ကာ "စစ်တိုက်နေတာကို မင်းက ဘာလို့ သွားကြည့်ရတာလဲ။ ဒီကလေးကတော့!"

ကလေးငယ်မှာ အရိုက်ခံရသဖြင့် ခေါင်းကို အုပ်ကာ ပြေးထွက်သွား၏။ ဝမ်းဆွဲသည်လည်း ယင်းဖုန်းကို နှုတ်ဆက်ကာ သူမ၏ မြေးနောက်သို့ လိုက်သွားလေသည်။

ယင်းဖုန်းမှာ လမ်းမပေါ်မှ မြင်းခွာသံများကို ကြားလိုက်ရသဖြင့် အိမ်ထဲသို့ အမြန်ဝင်ကာ တံခါးကို ပိတ်လိုက်သည်။

"လိုကျစ်ကွေ့ လာနေတာလား" ယင်းယွီက တံခါးဝတွင် ရပ်ကာ တိုးတိုးလေး မေးသည်။

"သူ့ကို ဂရုမစိုက်နဲ့" ယင်းဖုန်းက တံခါးဂျက်ကို ချလိုက်ကာ "သူ ဒီမှာ အကြာကြီး နေမှာ မဟုတ်ဘူး၊ အလွန်ဆုံး လမ်းကြုံ ဖြတ်သွားရုံပဲ ရှိမှာပါ" ဟု ဆိုသည်။

"ကျန်းနန်ကိုလည်း သူ သိမ်းနိုင်သွားပြီပေါ့" ယင်းယွီက သက်ပြင်းချကာ "ဒီလူက တကယ်ပဲ ဧကရာဇ် ဖြစ်မယ့် ကံပါလာတာလား"

ယင်းဖုန်းက နောက်ဖေးဘက်သို့ လျှောက်သွားရင်း "ဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ" ဟု ဆိုလိုက်သည်။

လိုကျစ်ကွေ့သည် ကျောက်ပြားလမ်းမပေါ်တွင် မြင်းကို နှေးကွေးစွာ စီးနင်းလာစဉ် လမ်းကြားတစ်ခုအတွင်းမှ ကလေးငယ်တစ်ဦး၏ ငိုသံကို ခပ်သဲ့သဲ့ကြားလိုက်ရသဖြင့် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ မြင်းကို ရပ်တန့်လိုက်မိသည်။

....

"နင် သူ့ပါးကို မညှစ်နဲ့လေ!" ရှဲ့သော်ယင်းက နဉ်ရှောင်ယောင်း၏ လက်ထဲမှ ကလေးငယ်ကို လုယူလိုက်ကာ "ဒါ နင့်ရဲ့ သမီးအရင်းနော်!" ဟု ဒေါသတကြီး ပြောလိုက်သည်။

နဉ်ရှောင်ယောင်းက နှုတ်ခမ်းစူလိုက်သည်။ ငါ အားမသုံးပါဘူးနော်။

"ကလေးလေး မငိုနဲ့တော့နော်" ရှဲ့သော်ယင်းက အော်ငိုနေသော ကလေးငယ်ကို ချော့မြှူလိုက်သည်။ "မေမေက ဆိုးတယ်၊ ဒေါ်လေးက သူ့ကို ရိုက်ပေးမယ်နော်!"

***

All Chapters