← Chapters

အခန်း (၃၇၉-၃၈၀)

Vol. 24 Ch. 379-380

အခန်း (၃၇၉-၃၈၀)

Vol. 24 Ch. 379-380

၃၇၉ ။ ရှောင်ပိုင်၏ လက်စားချေမှု

ဒုတိယသခင်လေးနဉ်က နဉ်ထောင်စူးကို ပွေ့ချီပြီး ထွက်သွားရန် ပြင်လိုက်သောအခါ ယွဲ့ကော်ကုန်းက "ကိစ္စဆွေးနွေးနေတုန်း မင်းက ဘယ်သွားမလို့လဲ" ဟု လှမ်းမေးလိုက်သည်။

ဒုတိယသခင်လေးနဉ်က "ဒီကိစ္စကို ကျွန်တော့်သဘောအတိုင်း လုပ်မှာမို့လို့လား" ဟု ပြန်မေးလိုက်သည်။

ယွဲ့ကော်ကုန်း "..."

ဒုတိယသခင်လေးနဉ်က နဉ်ထောင်စူးကို ပွေ့ချီလျက် ထွက်သွားလေတော့သည်။

ဘယ်လို ဆိုးသွမ်းတဲ့ သားသမီးမျိုးပါလိမ့်။ ယွဲ့ကော်ကုန်းမှာ ရင်ဘတ်အောင့်သွားလေသည်။ တော်သေးတာပေါ့၊ ဒီကောင် အိမ်မှာ အမြဲမနေလို့။ မဟုတ်ရင် သူ အသက်တိုမှာ သေချာသည်။

"ယာ..." နဉ်ထောင်စူးက အော်လိုက်သည်။

"ဒုတိယဦးလေးက သမီးကို အပြင်ခေါ်သွားပေးမယ်နော်" ဒုတိယသခင်လေးနဉ်က နဉ်ထောင်စူး၏ ပါးလေးကို ဆွဲညှစ်ရင်း ပြောလိုက်သည်။

နဉ်ထောင်စူးက "အာ..." ဟု နောက်တစ်ခွန်း ထပ်အော်လိုက်ပြီး လက်ထဲမှ ပြောင်းဖူးချောင်းကို အားရပါးရ ဆက်ကိုက်နေလေသည်။ ကိုက်၍မရသော်လည်း နဉ်ထောင်စူးက လက်လျှော့ခြင်းမရှိပေ။

ဒုတိယသားဖြစ်သူက မြေးမလေးကို ပွေ့ချီသွားသည်ကို ကြည့်ပြီးမှ ယွဲ့ကော်ကုန်းသည် ပြန်ထိုင်လိုက်ကာ အကြီးဆုံးသခင်လေးနဉ်ကို မေးလိုက်သည်။

"မင်း တကယ် ဘာအစီအစဉ်ရှိတာလဲ"

အကြီးဆုံးသခင်လေးနဉ်သည် ခုနက ဒုတိယသခင်လေးနဉ် ထိုင်သွားသော ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး "ကျွန်တော် မစဉ်းစားရသေးဘူး" ဟု ပြောလိုက်သည်။

ယွဲ့ကော်ကုန်း၏ မျက်နှာပေါ်တွင် 'ငါ မယုံ ဘူး' ဟူသော စာလုံးသုံးလုံး အထင်းသား ပေါ်လာလေသည်။

"ရှောင်ယောင်းနဲ့ ထောင်စူးအတွက် အရေးကြီးတဲ့ကိစ္စမို့ သေသေချာချာ စဉ်းစားရမယ်" ဟု အကြီးဆုံးသခင်လေးနဉ်က တိုးတိုးလေး ပြောလိုက်သည်။

"မင်းက ရှောင်ယောင်းနဲ့ လိုကျစ်ကွေ့ကို..."

"ကျွန်တော်ကတော့ ရှောင်ယောင်းကို လိုကျစ်ကွေ့နဲ့ ဘာပတ်သက်မှုမှ မရှိစေချင်တော့ဘူး။ ဒါပေမဲ့ ကိစ္စတွေက ကျွန်တော့်သဘောဆန္ဒအတိုင်း ဖြစ်လာတာ မဟုတ်ဘူးလေ"

"ဒါဆို ရှောင်ယောင်းကို လိုကျစ်ကွေ့ လာမယ်ဆိုတာ အသိပေးလိုက်မှာလား"

အကြီးဆုံးသခင်လေးနဉ်က ပြောင်းဖူးချောင်းတစ်ချောင်းကို လက်ထဲတွင် ကိုင်လိုက်ပြီး "ရှောင်ယောင်းရဲ့ သဘောထားကို ခဏလောက် မေ့ထားလိုက်ပါဦး၊ အရင်ဆုံး လိုကျစ်ကွေ့ရဲ့ သဘောထားကို အတိအကျ သိအောင်လုပ်တာကမှ အရေးကြီးဆုံးပဲ" ဟု ပြောလိုက်သည်။

ယွဲ့ကော်ကုန်းမှာ စိတ်ရှုပ်လွန်းသဖြင့် ခေါင်းကို ကုတ်နေမိသည်။

"အရင်ဆုံး ရှောင်ယောင်းကို တောင်ပေါ် လွှတ်လိုက်မယ်"

အကြီးဆုံးသခင်လေးနဉ်က လက်ထဲမှ ပြောင်းဖူးချောင်းကို ပန်းကန်ထဲသို့ ပြန်ပစ်ထည့်လိုက်ပြီး "ဒီကိစ္စကို အရင်ဆုံး အလတ်ကောင်ကို ဖြေရှင်းခိုင်းလိုက်၊ ကျွန်တော် စောင့်ကြည့်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။

ယွဲ့ကော်ကုန်း၏ မျက်ခွံများ လှုပ်ခါသွားပြီး "မင်းက အလတ်ကောင် လိုကျစ်ကွေ့ကို တန်းပြီး သတ်ပစ်လိုက်မှာကို မကြောက်ဘူးလား" ဟု မေးလိုက်သည်။

"မသတ်ပါဘူး" အကြီးဆုံးသခင်လေးနဉ်သည်လည်း မတ်တတ်ရပ်ကာ ထွက်ခွာသွားလေသည်။

"မသတ်ဘူးဆိုတာ မင်းဘယ်လိုသိလဲ" ယွဲ့ကော်ကုန်းသည် စာကြည့်ဆောင်တံခါးဝတွင် ရပ်လျက် အကြီးဆုံးသခင်လေးနဉ်ကို လှမ်းအော်မေးလိုက်သည်။ "အလတ်ကောင်က ဘယ်လိုလူလဲဆိုတာ မင်းမသိဘူးလား"

အကြီးဆုံးသခင်လေးနဉ်က ခေါင်းပင်လှည့်မကြည့်ဘဲ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။

"ငါမေးနေတာကို မင်း ပြန်မဖြေဘူးလား" ဟု ယွဲ့ကော်ကုန်းက အော်ဟစ်လိုက်သည်။

ဝင်းထဲမှ ကိုယ်ရံတော်လေးများသည် ငုံးလေးများကဲ့သို့ ငြိမ်သက်နေကြသည်။ ဤအိမ်တော်တွင် ယွဲ့ကော်ကုန်းသည် တတိယသခင်လေးကိုသာ အော်ဟစ်ဆူပူနိုင်စွမ်းရှိလေသည်။

.....

"တောင်ပေါ်သွားရမယ် ဟုတ်လား"

အပြင်ထွက်ပြီး မနက်စာစားကာ ပြန်လာသော နဉ်ရှောင်ယောင်းသည် အိမ်တော်သို့ ရောက်သည်နှင့် အစ်ကိုကြီးက တောင်ပေါ်တက်ပြီး နတ်သမားတော်နှင့် သွားတွေ့မလားဟု မေးသည်ကို ကြားလိုက်ရသည်။

"သွားချင်လား" အကြီးဆုံးသခင်လေးနဉ်က ပြုံး၍ မေးလိုက်သည်။

"သွားမယ်... သွားမယ်" နဉ်ရှောင်ယောင်းက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ အလည်သွားရမည်ဆိုလျှင် သူက သေချာပေါက် ပျော်တာပေါ့။

"ဆရာကြီးကျီတို့ ဖုန်းကျိုးကို ရောက်နေတာ ကြာပြီဆိုပေမယ့် ဘယ်မှသိပ်မသွားဖြစ်သေးဘူးလေ။ ဒီတစ်ခါ မင်း သူတို့ကိုပါ ခေါ်သွားလိုက်၊ မင်းရဲ့ တတိယမရီးက ကိုယ်ဝန်နဲ့ဆိုတော့ လမ်းမှာ ဂရုစိုက်ပေးနော်"

"ကောင်းပြီလေ၊ ပြဿနာမရှိပါဘူး" နဉ်ရှောင်ယောင်းက ချက်ချင်း သဘောတူလိုက်သည်။

"ဒါဆို မနက်ဖြန် သွားကြမလား" အကြီးဆုံးသခင်လေးနဉ်က မေးလိုက်သည်။

"အင်း" နဉ်ရှောင်ယောင်းက ခေါင်းညိတ်လိုက်သည်။ နေရာတောင် မရွေးသည့်သူက အချိန်ကို ပို၍ပင် ရွေးနေမည် မဟုတ်ပေ။

....

တစ်ချိန်တည်းတွင် ဒုတိယသခင်လေးနဉ်သည် အခန်းထဲတွင် ထိုင်လျက် သူ့ရှေ့တွင် မတ်တတ်ရပ်နေသော နဉ်ရှောင်လော့ကို ကြည့်ကာ "ငါပြောတာတွေ အကုန်မှတ်မိလား" ဟု မေးလိုက်သည်။

နဉ်ရှောင်လော့က ခေါင်းညိတ်လိုက်သည်။ နဉ်ရှောင်ယောင်းကို ကောင်းကောင်း စောင့်ရှောက်ဖို့၊ မျက်ခြည်မပြတ် ကြည့်ထားဖို့၊ သူတို့ညီမလေးကို လိုကျစ်ကွေ့ဆိုတဲ့ ခွေးကောင်ကြောင့် နောက်တစ်ကြိမ် ထပ်မနာကျင်စေဖို့... သူ့အစ်ကိုလတ် မှာလိုက်တာတွေက အချုပ်အားဖြင့် ဒီသဘောပါပဲ။ နဉ်ရှောင်ယောင်းဆိုတဲ့ ကောင်မလေးက သူ့ရဲ့ စောင့်ရှောက်မှုကို လုံးဝ မလိုအပ်ဘူးလို့ ထင်မိပေမယ့် တတိယသခင်လေးနဉ်မှာ ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်ရသည်။ အစ်ကိုလတ်ရှေ့မှာ ဘယ်ကိစ္စမဆို သူက ခေါင်းညိတ်ရုံအပြင် တခြားရွေးချယ်စရာမှ မရှိဘဲ။

"ကောင်းပြီ၊ မင်း သွားတော့" ဒုတိယသခင်လေးနဉ်က မောင်းထုတ်လိုက်သည်။

"ဒါနဲ့ အစ်ကိုတို့ လိုကျစ်ကွေ့ကို ဘယ်လို ကိုင်တွယ်ကြမလို့လဲ" နဉ်ရှောင်လော့က မေးလိုက်သည်။

ဒုတိယသခင်လေးနဉ်က "ငါကတော့ သတ်ပစ်ချင်တာ၊ ဒါပေမဲ့ အစ်ကိုကြီးမှာ တခြားအစီအစဉ် ရှိပုံရတယ်။ မင်းမှာကော အကြံရှိလို့လား" ဟု မေးလိုက်သည်။

"ကျွန်တော့်မှာ အကြံမရှိပါဘူး" နဉ်ရှောင်လော့က ပြောလိုက်သည်။ "မရှိဘူး... တကယ် မရှိပါဘူး"

"ဒါဆို မင်းက ဘာလို့ ဒီမှာ ရပ်နေသေးတာလဲ၊ ပြောစရာ ကျန်သေးလို့လား"

နဉ်ရှောင်လော့မှာ အလျင်အမြန် ထွက်ပြေးလေတော့သည်။ သူ ပြောစရာ မရှိတော့ပါဘူး၊ တကယ် မရှိတော့တာပါ!

......

နောက်တစ်နေ့ မနက်စောစောတွင် နဉ်ရှောင်ယောင်းတို့အဖွဲ့ ခရီးထွက်ကြလေသည်။

ကျီကျယ်၏ ရင်ခွင်ထဲတွင် ကပ်နေသော နဉ်ထောင်စူးကို ကြက်သွန်မြိတ် နုတ်သကဲ့သို့ ဆွဲထုတ်လိုက်ပြီး နဉ်ရှောင်ယောင်းက သခင်မကြီးလီကို ပြောလိုက်သည်။

"အမေ... သမီးနဲ့ တကယ် လိုက်မလည်ဘူးလား"

"သမီး တုန်ဖူတို့နဲ့ပဲ သွားလိုက်ပါ"

သခင်မကြီးလီက နဉ်ရှောင်ယောင်းကို ကြည့်ကာ ကြင်နာစွာ ပြုံးပြလိုက်သည်။ လိုကျစ်ကွေ့ လာတော့မည်ဖြစ်ရာ သူက ဘယ်လိုလုပ် ခရီးထွက်နိုင်မှာလဲ။

"ကောင်းပါပြီလေ"

နဉ်ရှောင်ယောင်း နှမြောမိသော်လည်း မိခင်အရင်းကိုတော့ အတင်းအကျပ် ပြန်ပေးဆွဲပြီး ခရီးထွက်ခိုင်းလို့ မဖြစ်ဘူးလေ။

ဒုတိယသခင်လေးနဉ်က မြင်းပေါ်ရောက်နေသော နဉ်ရှောင်လော့ကို လက်ပြလိုက်ရာ နဉ်ရှောင်လော့က လူအုပ်ကြီးကို "ကျွန်တော်တို့ သွားတော့မယ်နော်" ဟု အလျင်အမြန် နှုတ်ဆက်လိုက်သည်။

နဉ်ရှောင်ယောင်းတို့အဖွဲ့သည် ဖုန်းချန်မြို့မှ ထွက်ခွာပြီး မြို့နောက်ဘက်ရှိ တောင်တန်းကြီးဆီသို့ ဦးတည်သွားကြလေသည်။

.....

လဝက်ခန့် ကြာပြီးနောက် လိုညီအစ်ကိုများသည် အနောက်တောင် ခရိုင် ၉ ခုအတွင်းသို့ ဝင်ရောက်လာကြပြီး ဖုန်းချန်မြို့သို့ ရောက်ရှိချိန်တွင် ထိုနှစ်၏ နွေဦးပေါက်ရာသီသို့ ရောက်ရှိနေပြီဖြစ်သည်။

ဒုတိယသခင်လေးနဉ်သည် အိမ်တွင် ဓားသွေးနေသည်မှာ ရက်အတော်ကြာပြီဖြစ်သည်။ လိုညီအစ်ကိုများ လာရောက်တွေ့ဆုံခွင့်တောင်းကြောင်း တံခါးစောင့် လာပြောသည်ကို ကြားသောအခါ ဒုတိယသခင်လေးနဉ်၏ လက်များ ရပ်တန့်သွားသည်။

တံခါးစောင့်မှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ ဒုတိယသခင်လေးက ပုံမှန်အချိန် ငြိမ်ငြိမ်လေး ရပ်နေရင်တောင် ကြောက်ဖို့ကောင်းတာ၊ အခုလို ဓားသွေးနေတဲ့ပုံစံက ပိုလို့တောင် ကြောက်ဖို့ကောင်းနေသေးတယ်။

"သူတို့ကို ဧည့်ခန်းမဆောင်ကို ခေါ်သွားလိုက်"

ဒုတိယသခင်လေးနဉ်က ပြောင်လက်တောက်ပနေအောင် သွေးထားသော ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး "ငါ လာခဲ့မယ်" ဟု ပြောလိုက်သည်။

တံခါးစောင့်သည် အမိန့်ကို နာခံပြီး အသက်လုပြေးသကဲ့သို့ ထွက်သွားလေသည်။

ချူးရှီက ဘေးမှနေ၍ စိတ်မချစွာဖြင့် "အစ်ကိုကြီး ပြောထားတယ်လေ၊ လိုကျစ်ကွေ့ရဲ့ အသက်ကို ချမ်းသာပေးရမယ်လို့။ အဲဒါကို မမေ့နဲ့နော်" ဟု ပြောလိုက်သည်။

ဒုတိယသခင်လေးနဉ်က 'အင်း' ဟု တစ်လုံးတည်းပြောပြီး ဓားကိုကိုင်ကာ ထွက်သွားလေသည်။

ချူးရှီ "..."

သူ ဘာလို့ လုံးဝ စိတ်မချနိုင်ရတာပါလိမ့်။

....

လိုညီအစ်ကိုများသည် တံခါးစောင့်၏ လမ်းပြမှုဖြင့် ယွဲ့ကော်ကုန်းအိမ်တော်၏ ဧည့်ခန်းမဆောင်သို့ ရောက်ရှိလာကြသည်။ အနောက်တောင် ခရိုင် ၉ ခု၏ အကြီးဆုံး မိသားစုဖြစ်သည့်အားလျော်စွာ ယွဲ့ကော်ကုန်းအိမ်တော်၏ ဧည့်ခန်းမဆောင်သည် ခမ်းနားထည်ဝါလှပေသည်။

လိုကျစ်ကွေ့၏ လက်သီးများသည် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ ယွဲ့ကော်ကုန်းအိမ်တော် တံခါးဝသို့ ဝင်ရောက်ကတည်းက သူ့လက်များမှာ ထိုအတိုင်းပင် ရှိနေခဲ့သည်။

ဒုတိယသခင်လေးနဉ်သည် မျက်နှာသေဖြင့် ဧည့်ခန်းမဆောင်ထဲသို့ ဝင်လာပြီး ခန်းမထဲရှိ လူနှစ်ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

အပြင်ဘက်ရှိ ယွဲ့ကော်ကုန်းအိမ်တော်မှ လူများသည် ဧည့်သည်လာတွေ့သူမှာ ဒုတိယသခင်လေး ဖြစ်နေသည်ကို တွေ့သောအခါ ကြောင်အမ်းသွားကြသည်။ နဉ်ရှောင်ယောင်းနှင့် လိုကျစ်ကွေ့၏ကိစ္စကို ဆွေမျိုးရင်းချာများသာ သိကြပြီး အစေခံများ မသိကြပေ။ ယခု ဒုတိယသခင်လေးနဉ်ကို မြင်သောအခါ အားလုံးက ငါတို့ မြို့စားအိမ်တော်နဲ့ လိုညီအစ်ကိုတွေ ရန်ငြိုးရှိနေကြတာလားဟု တွေးမိလိုက်ကြသည်။

"ကျွန်တော်က နဉ်ရှောင်ရှောင်းပါ"

ဒုတိယသခင်လေးနဉ်က လိုကျစ်ကွေ့နှင့် အကြီးဆုံးသခင်လေးလိုကို ကြည့်ကာ ပြောလိုက်သည်။

လိုကျင်းက ဒုတိယသခင်လေးနဉ်ကို ဂါရဝပြုရန် ပြင်လိုက်သည်။

ဒုတိယသခင်လေးနဉ်က လက်ကာပြလိုက်ပြီး "မလိုပါဘူး၊ ကျွန်တော်တို့ ယွဲ့ကော်ကုန်းအိမ်တော်နဲ့ ခင်ဗျားတို့ လိုမိသားစုကြားမှာ ဘာခင်မင်ရင်းနှီးမှုမှ မရှိပါဘူး။ အကြီးဆုံးသခင်လေးအနေနဲ့ ကျွန်တော့်ကို ဒီလောက်ထိ ယဉ်ကျေးပြနေစရာ မလိုပါဘူး" ဟု ပြောလိုက်သည်။

လိုကျင်းက ပြုံးလျက် "ယဉ်ကျေးမှုအရ လုပ်သင့်တာ လုပ်ရမှာပေါ့" ဟု ပြောလိုက်သည်။

ဒုတိယသခင်လေးနဉ်သည် အကြီးဆုံးသခင်လေးလို၏ စကားကြောင့် အကြီးဆုံးသခင်လေးလိုအား လက်သီးဆုပ်ကာ အရိုအသေ ပြန်ပေးလိုက်သည်။ ဒုတိယသခင်လေးနဉ်သည် ကျေးဇူးနှင့် အာဃာတကို ရှင်းလင်းပြတ်သားစွာ ခွဲခြားတတ်သူဖြစ်သည်။ သူနှင့် အကြီးဆုံးသခင်လေးလိုကြားတွင် ရန်ငြိုးမရှိပေ။ ဤပုဂ္ဂိုလ်သည် တိုင်းပြည်အတွက် စစ်တိုက်ခဲ့ပြီး နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့သူဖြစ်ရာ လေးစားထိုက်ပေသည်။

"စစ်သေနာပတိချုပ်လိုက ဘာကိစ္စရှိလို့လဲ"

အကြီးဆုံးသခင်လေးလိုကို နှုတ်ဆက်ပြီးနောက် ဒုတိယသခင်လေးနဉ်က လိုကျစ်ကွေ့ဘက်သို့ လှည့်ကာ "မင်းရဲ့ ထီးနန်းကို မလုတော့ဘူးလား" ဟု မေးလိုက်သည်။

လိုကျစ်ကွေ့က "ရှောင်ယောင်း ဘယ်မှာလဲ" ဟု မေးလိုက်သည်။

ဒုတိယသခင်လေးနဉ်သည် တစ်နေ့ကျလျှင် သူ့ကို စကားပြန်မပြောနိုင်အောင် လုပ်မည့်သူ ပေါ်လာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ဒီကောင် မျက်နှာပြောင်လှချည်လား။ ရောက်လာတာနဲ့ ရှောင်ယောင်းကို မေးနေတယ်ပေါ့။

"ကျွန်တော် ရှောင်ယောင်းကို တွေ့ချင်တယ်" လိုကျစ်ကွေ့က ပြောလိုက်သည်။

ဒုတိယသခင်လေးနဉ်၏ ဓားကိုင်ထားသောလက်မှာ တင်းကျပ်သွားပြီး "ငါ့ညီမလေးရဲ့ နာမည်ရင်းကို မင်းဘယ်လိုလုပ် သိတာလဲ" ဟု မေးလိုက်သည်။

လိုကျစ်ကွေ့ မျက်မှောင်ကြုတ်လိုက်သည်။

"စစ်သေနာပတိချုပ် ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး" ဒုတိယသခင်လေးနဉ်က ပြောလိုက်သည်။ "ငါ့ညီမလေးက နောက်ဆိုရင် ယောကျ်ားယူရဦးမှာ၊ သူ့ဂုဏ်သိက္ခာကျအောင် ဒီလိုလုပ်တာ လူကြီးလူကောင်း ပီသရာမကျဘူး"

"သူက..."

"သူက ငါ့ညီမလေး"

ဒုတိယသခင်လေးနဉ်က လိုကျစ်ကွေ့ စကားမဆုံးခင် ဖြတ်ပြောလိုက်သည်။

"စစ်သေနာပတိချုပ်နဲ့ တစ်ခါမှ မရင်းနှီးဖူးဘဲနဲ့ စစ်သေနာပတိချုပ်က သူ့ကို ဘာကိစ္စ မေးနေတာလဲ"

"သူ ကျွန်တော့်ကို မတွေ့ချင်ဘူးလား"

လိုကျစ်ကွေ့က ဒုတိယသခင်လေးနဉ်၏ စကားကို လုံးဝ လျစ်လျူရှုကာ နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်ပြန်သည်။

ဒုတိယသခင်လေးနဉ် ဓားထုတ်ချင်လာသည်။ ဒီလို အရှက်မရှိတဲ့ကောင်နဲ့ ဘာစကား ပြောနေစရာ လိုသေးလဲ။

"ကျွန်တော် သူ့ကို တစ်ခေါက်လောက်ပဲ တွေ့ချင်တာပါ"

ဒုတိယသခင်လေးနဉ်၏ မျက်နှာထားမှာ သရဲတစ္ဆေကိုပင် ခြောက်လှန့်နိုင်လောက်အောင် ကြောက်စရာ ကောင်းနေပြီဖြစ်သော်လည်း လိုကျစ်ကွေ့ကတော့ တစ်လုံးချင်း ပြောနေဆဲပင်။

"သူ စစ်တိုက်ရင်း ဦးနှောက်ပျက်သွားတာလား" ဒုတိယသခင်လေးနဉ်က အကြီးဆုံးသခင်လေးလိုကို မေးလိုက်သည်။

လိုကျင်းသည်လည်း သူ့ညီ ယွဲ့ကော်ကုန်းအိမ်တော်သို့ ရောက်သောအခါ ဤကဲ့သို့ ပြုမူလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဒါ ရန်လာရှာတာ မဟုတ်ဘူးလား။

"ဒုတိယအစ်ကို" လိုကျစ်ကွေ့က ခေါ်လိုက်သည်။

ဒုတိယသခင်လေးနဉ်သည် ထိုအခေါ်အဝေါ်ကြောင့် ဒေါသထွက်သွားသည်။ ဘယ်သူက မင်းရဲ့ ဒုတိယအစ်ကိုလဲ။ ဆက်လက်သည်းခံ ဟန်ဆောင်ချင်စိတ်မရှိတော့သော ဒုတိယသခင်လေးနဉ်သည် ဓားကို ဆွဲထုတ်လိုက်ပြီး စကားတစ်ခွန်းမျှ မပြောဘဲ ခုတ်ပိုင်းလိုက်လေသည်။

"အလတ်ကောင်!" အပြင်ဘက်မှ အကြီးဆုံးသခင်လေးနဉ်၏ အသံ ထွက်ပေါ်လာသည်။

ဒုတိယသခင်လေးနဉ်၏ ဓားသည် လိုကျစ်ကွေ့၏ ခေါင်းပေါ်တွင် ရပ်တန့်သွားသည်။ ဓားဖြင့် မခုတ်တော့ဘဲ ဒုတိယသခင်လေးနဉ်က ခြေထောက်ဖြင့် လိုကျစ်ကွေ့ကို ကန်ချလိုက်သည်။

လိုကျစ်ကွေ့က မရှောင်တိမ်းပေ။ ဒုတိယသခင်လေးနဉ်၏ ကန်ချက်ကို အပြည့်အဝ ခံယူလိုက်ကာ မြေကြီးပေါ်သို့ လဲကျသွားပြီးမှ ကိုယ့်ဘာသာ ပြန်ထလာသည်။

အကြီးဆုံးသခင်လေးနဉ်သည် ဧည့်ခန်းမဆောင်ထဲသို့ ဝင်လာသည်။

ဒုတိယသခင်လေးနဉ်က "ဒီကောင်စုတ်က ညီမလေးရဲ့ ဂုဏ်သိက္ခာကျအောင် လုပ်ချင်နေတာ၊ ကျွန်တော် သူ့ကို လွှတ်ပေးထားရမှာလား" ဟု ပြောလိုက်သည်။

အကြီးဆုံးသခင်လေးနဉ်၏အမူအရာ တည်သွားသည်။

"ကျွန်တော် ရှောင်ယောင်းကို တွေ့ချင်တယ်" လိုကျစ်ကွေ့က အကြီးဆုံးသခင်လေးနဉ်ကို ပြောလိုက်သည်။

လိုကျစ်ကွေ့သည် သိပ်မပြောင်းလဲသွားသော်လည်း သူ့တစ်ကိုယ်လုံးတွင် ညှိုးငယ်မှုများ ဖုံးလွှမ်းနေပြီး လူပုံစံကလည်း ပိန်ချုံးနေသည်။ အကြီးဆုံးသခင်လေးနဉ်က လိုကျစ်ကွေ့ကို အကဲခတ်ကြည့်လိုက်ပြီး "စစ်သေနာပတိချုပ်... ကျွန်တော်တို့ ယွဲ့ကော်ကုန်းအိမ်တော်မှာ ခင်ဗျားရှာနေတဲ့ ရှောင်ယောင်းဆိုတာ မရှိပါဘူး။ ကျေးဇူးပြုပြီး ပြန်ပါတော့" ဟု ပြောလိုက်သည်။

လိုကျစ်ကွေ့က "ကျွန်တော် သူ့ကို တစ်ခေါက်လောက်ပဲ တွေ့ချင်တာပါ" ဟု ပြောလိုက်သည်။

"အပြင်ယောကျ်ားတစ်ယောက်က သူများအိမ်က မိန်းမပျိုလေးကို ဘယ်လိုလုပ် တွေ့လို့ရမှာလဲ" အကြီးဆုံးသခင်လေးနဉ်က ပြောလိုက်သည်။ "စစ်သေနာပတိချုပ်က ကျွန်တော်တို့ နဉ်မိသားစုကို စော်ကားချင်တာလား"

"အကြီးဆုံးသခင်လေးနဉ်..."

လိုကျင်းက ဤအချိန်တွင် ဝင်ပြောမှ ဖြစ်တော့မည်။ ယွဲ့ကော်ကုန်းအိမ်တော်က သူတို့ကို ရိုက်နှက်ဆဲဆိုခြင်းထက် ပိုမိုရက်စက်နေသည်။ ဤမိသားစုက ရှောင်ယောင်းသည် သူတို့ရှာနေသူဖြစ်ကြောင်း လုံးဝ ဝန်မခံပေ။

"အကြီးဆုံးသခင်လေးလို..." အကြီးဆုံးသခင်လေးနဉ်က လိုကျင်းကို အလွန်လေးစားစွာဖြင့် ဂါရဝပြုလိုက်သည်။

လိုကျင်းက "ရှောင်ယောင်းက ကျွန်တော့်အသက်ကို ကယ်ခဲ့တာပါ။ အကြီးဆုံးသခင်လေး... ရှောင်ယောင်းက ချန်ယင်းကို မတွေ့ချင်ဘူးဆိုရင်တောင် ကျွန်တော့်ကိုတော့ ပေးတွေ့လို့ ရမလား" ဟု ပြောလိုက်သည်။

အကြီးဆုံးသခင်လေးနဉ်က ခေါင်းခါလိုက်ပြီး "အကြီးဆုံးသခင်လေးလို... ခင်ဗျား ကျေးဇူးရှင် မှားရှာမိပြီ ထင်တယ်။ ရှောင်ယောင်းက အိမ်ကနေ တစ်ခါမှ မခွာဖူးဘူး၊ သူက ဘယ်လိုလုပ် ဝံပုလွေဖြူတောင်ကြားအထိ လာပြီး ခင်ဗျားကို ကယ်နိုင်မှာလဲ" ဟု ပြောလိုက်သည်။

လိုကျင်းသည် အခက်တွေ့စွာဖြင့် လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။

"ကျွန်တော် အမှားလုပ်မိခဲ့ပါတယ်" လိုကျစ်ကွေ့က ပြောလိုက်သည်။ "ကျွန်တော် ရှောင်ယောင်းကို တစ်ခေါက်လောက်ပဲ တွေ့ချင်တာပါ။ ပြီးရင် ခင်ဗျားတို့ သဘောအတိုင်း စီရင်နိုင်ပါတယ်"

"စစ်သေနာပတိချုပ်လိုက စကားအချိုတွေ ပြောတတ်တာပဲ" အကြီးဆုံးသခင်လေးနဉ်က ပြောလိုက်သည်။ "ဒါပေမဲ့ ခင်ဗျား လူမှားနေပြီ"

"ခင်ဗျား ထိုက်ဟွာနန်းတော်မှာ ကျွန်တော့်ကို ပြောခဲ့တယ်လေ" လိုကျစ်ကွေ့က အကြီးဆုံးသခင်လေးနဉ်ကို ကြည့်ကာ ပြောလိုက်သည်။

"အို..." အကြီးဆုံးသခင်လေးနဉ်က မျက်ခုံးပင့်လိုက်သည်။ "ကျွန်တော် ဘာပြောခဲ့လို့လဲ"

"ရှောင်ယောင်းက ခင်ဗျားတို့ ယွဲ့ကော်ကုန်းအိမ်တော်ရဲ့ စတုတ္ထသခင်မလေးပါလို့ ပြောခဲ့တယ်လေ"

"ကျွန်တော် အဲဒီလိုစကားမျိုး တစ်ခါမှ မပြောဖူးပါဘူး" အကြီးဆုံးသခင်လေးနဉ်က ခေါင်းခါပြီး ငြင်းလိုက်သည်။ မျက်နှာပြောင်တိုက်သည့်နေရာတွင် အကြီးဆုံးသခင်လေးနဉ်က လိုကျစ်ကွေ့ကို ဘယ်လိုလုပ် ရှုံးနိမ့်မှာလဲ။

"လာကြစမ်း... ဧည့်သည်ကို ပြန်ပို့ကြ" ဒုတိယသခင်လေးနဉ်က စိတ်မရှည်တော့ဘဲ အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။ "မြန်မြန်လုပ်"

တံခါးစောင့်မှာ အလျင်အမြန် ပြေးဝင်လာသော်လည်း စကားတော့ မပြောရဲပေ။

"ကျေးဇူးပြုပြီး..." အကြီးဆုံးသခင်လေးနဉ်က တံခါးဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

လိုကျစ်ကွေ့ အပြင်ထွက်သွားလေသည်။

လိုကျင်း ကြောင်သွားသည်။ သူ့ညီလေးက ဒီလောက်နဲ့ပဲ လက်လျှော့လိုက်ပြီလား။

လိုညီအစ်ကိုများ ဧည့်ခန်းမဆောင်မှ ထွက်သွားသောအခါ ဒုတိယသခင်လေးနဉ်က "ဒီကောင်စုတ် ဘာကစားကွက် ခင်းနေတာလဲ" ဟု မေးလိုက်သည်။

အကြီးဆုံးသခင်လေးနဉ်က "လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားလိုက်" ဟု ပြောလိုက်သည်။

"သတ်ပစ်လိုက်ရင် ပြီးတာပဲကို" ဒုတိယသခင်လေးနဉ်က ရေရွတ်လိုက်ပြီး အပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။ ခုနက သူ လိုကျစ်ကွေ့ကို တစ်ချက်ပဲ ကန်လိုက်ရတာ၊ အခုပြန်စဉ်းစားကြည့်မှ တော်တော်ရှုံးသွားသလို ခံစားရတယ်။

....

"ရှောင်ယောင်း အိမ်မှာ မရှိဘူး"

လိုကျစ်ကွေ့သည် ယွဲ့ကော်ကုန်းအိမ်တော် တံခါးဝမှ ထွက်လာပြီးနောက် လိုကျင်းကို တိုးတိုးလေး ပြောလိုက်သည်။

"ဘာ..." လိုကျင်းက မေးလိုက်သည်။ "မင်း ဘယ်လိုသိလဲ"

"သူ အိမ်မှာသာ ရှိရင် ကျွန်တော်ပြောတာကို သူ ကြားမှာပဲ" လိုကျစ်ကွေ့က ပြောလိုက်သည်။

"ဒါဆိုရင် သူ မင်းကို မတွေ့ချင်တာ ဖြစ်မယ်" အမှန်တရားက နာကျင်ရသော်လည်း လိုကျင်း ထိုသို့ ပြောလိုက်ရသည်။

လိုကျစ်ကွေ့၏မျက်နှာ ညှိုးငယ်သွားသည်။

လိုကျင်းက "အခု မင်း ဘာဆက်လုပ်မလဲ" ဟု မေးလိုက်သည်။

"ဝုတ်!"

ရှောင်ပိုင်သည် လမ်းတစ်ဖက်ခြမ်းမှ အော်ဟစ်ကာ ပြေးထွက်လာပြီး လိုကျစ်ကွေ့ကို ပါးစပ်ဖြင့် အားကုန် ကိုက်ချလိုက်လေသည်။ မနေ့က သူရယ်၊ လောင်တရယ်၊ ယိုကွမ့်ရယ် သုံးကောင်သား ရှောင်ယောင်းရဲ့အဖေနဲ့ အစ်ကိုနှစ်ယောက် ပြောစကားတွေကို ကြားပြီးကတည်းက ရှောင်ပိုင် ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်သည်။ သူတို့ရဲ့ ရှောင်ယောင်းကို အနိုင်ကျင့်တဲ့ လိုကျစ်ကွေ့ဆိုတဲ့ လူဆိုးကောင်ကို ကိုက်သတ်ပစ်မယ်လို့။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၈၀ ။ အလယ်လမ်းကို သွားချင်သော နဉ်ထောင်စူး

လိုကျစ်ကွေ့နောက်မှ လိုက်ပါလာသော ကိုယ်ရံတော်များသည် သခင်ဖြစ်သူ အကိုက်ခံလိုက်ရသည်ကို မြင်သောအခါ အလျင်အမြန် ပြေးတက်လာကြပြီး ရှောင်ပိုင်ကို ရိုက်နှက်ရန် ပြင်ကြလေသည်။

ပါးစပ်ထဲတွင် သွေးများရှိနေပြီး အသားတစ်ဖတ်ပါ ပါလာသကဲ့သို့ ခံစားလိုက်ရသဖြင့် လိုကျစ်ကွေ့ကို မနည်းမနော ကိုက်လိုက်မိမှန်း ရှောင်ပိုင် သိလိုက်သည်။ ထို့ကြောင့် ရှောင်ပိုင်သည် ချက်ချင်းလှည့်ပြေးလေတော့၏။ ရှောင်ယောင်းကို သွားရှာပြီး ရှောင်ယောင်းအတွက် လက်စားချေပေးမည်ဟု တေးမှတ်ထားလေသည်။

လိုကျစ်ကွေ့သည် လူအုပ်ကို တွန်းဖယ်လိုက်ပြီး ရှောင်ပိုင်နောက်သို့ ပြေးလိုက်သွားလေသည်။

"ဝုတ်..." ရှောင်ပိုင် အံ့အားသင့်သွားသည်။ အသားတောင် အကိုက်ခံလိုက်ရတာကို လိုကျစ်ကွေ့က ပြေးနိုင်သေးတာလား။ (မင်းက မင်းရဲ့ရှောင်ယောင်း ဘယ်မှာရှိလဲဆိုတာကို ဖွင့်ပြောလိုက်မိပြီလေ...)

လူအုပ်ကြီးက လိုက်ဖမ်းရန် ပြင်ကြသော်လည်း လိုကျင်းက လက်ကာပြပြီး တားဆီးလိုက်သည်။ ဤအဖြူရောင် ခွေးကြီးကို သူ မှတ်မိသည်။ ဒါ ရှောင်ယောင်းရဲ့ ခွေးပဲ။ (သူက ခွေးမဟုတ်ပါဘူး၊ နှင်းဝံပုလွေပါဆိုမှ... ╮(╯_╰)╭)

"စစ်သေနာပတိချုပ် ဒဏ်ရာရသွားပြီလေ" ကိုယ်ရံတော်ခေါင်းဆောင်က စိတ်မချစွာဖြင့် အကြီးဆုံးသခင်လေးလိုကို ပြောလိုက်သည်။

"သူက လူကြီးဖြစ်နေပြီပဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သိပါတယ်၊ သွားကြစို့" လိုကျင်းက လှည့်ထွက်သွားလေသည်။

လူများသည် လိုကျစ်ကွေ့နောက်သို့ လိုက်သွားချင်သော်လည်း အကြီးဆုံးသခင်လေးလို၏ စကားကို မလွန်ဆန်ရဲသဖြင့် လိုကျင်း၏နောက်သို့သာ တစ်လှမ်းလျှောက် သုံးခါပြန်ကြည့်ဖြင့် လိုက်ပါသွားကြရလေတော့သည်။

....

အိမ်တော်တံခါးအတွင်း၌ ဒုတိယသခင်လေးနဉ်က အကြီးဆုံးသခင်လေးနဉ်ကို ကြည့်ကာ မေးလိုက်သည်။

"အစ်ကိုကြီးက အဲဒီကောင်စုတ်နဲ့ ရှောင်ယောင်းကို အဆင်ပြေအောင် လုပ်ပေးချင်နေတာမလား"

"ဘာ..." အကြီးဆုံးသခင်လေးနဉ်က ပြန်မေးလိုက်သည်။

"ကျွန်တော့်ကို ဟန်ဆောင်မနေနဲ့" ဒုတိယသခင်လေးနဉ်က မျက်နှာမည်းကြီးဖြင့် ပြောလိုက်သည်။ "ကျွန်တော် ဓားနဲ့ခုတ်မလို့လုပ်တာကို အစ်ကိုကြီး ဘာလို့ တားခဲ့လဲဆိုတာ အခုမှ သဘောပေါက်တော့တယ်။ အစ်ကိုကြီးက အစကတည်းက ဒီလိုလုပ်ဖို့ စီစဉ်ထားတာမလား"

အကြီးဆုံးသခင်လေးနဉ်သည် လှည့်ထွက်ရန် ပြင်လိုက်သည်။

ဒုတိယသခင်လေးနဉ်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အစ်ကိုကြီး၏လမ်းကို ပိတ်ရပ်ကာ အေးစက်စွာ ပြောလိုက်သည်။

"ကျွန်တော် သဘောမတူဘူး"

အကြီးဆုံးသခင်လေးနဉ်သည် ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။

"ငါလည်း သဘောမတူဘူး၊ အဖေနဲ့အမေလည်း သဘောမတူဘူး။ ဒါပေမဲ့ ငါတို့သဘောမတူရုံနဲ့ ပြီးသွားရောလား။ ဒီကိစ္စက ရှောင်ယောင်း ဘယ်လိုစဉ်းစားလဲဆိုတာပေါ်မှာပဲ မူတည်တယ်"

"ဒါကြောင့် အစ်ကိုကြီးက ရှောင်ယောင်းကို တောင်ပေါ် လိမ်လွှတ်လိုက်တာလား" ဒုတိယသခင်လေးနဉ်က မေးလိုက်သည်။

ဒုတိယသခင်လေးနဉ်၏ စကားလုံးများက နားထောင်ရဆိုးသော်လည်း အကြီးဆုံးသခင်လေးနဉ်ကမူ ယဉ်ပါးနေပြီဖြစ်၍ လက်ကိုနောက်ပစ်ကာ ပြောလိုက်လေသည်။

"ဒီကိစ္စမှာ ငါတို့ရော၊ အဖေနဲ့အမေရော ဝင်မပါတာ အကောင်းဆုံးပဲ။ ရှောင်ယောင်း သူ့ဘာသာသူ ဆုံးဖြတ်ပါစေ"

"အစ်ကိုကြီးက အငယ်ကောင်ကို ထည့်ပေးလိုက်တယ်လေ... ဪ... ဟုတ်သားပဲ" ဒုတိယသခင်လေးနဉ်က ပြောလိုက်သည်။ "အဲဒီအူကြောင်ကြောင်ကောင်က ရှိနေလည်း မရှိသလိုပါပဲလေ"

"ရှောင်ယောင်း ဘာမှမဖြစ်စေရပါဘူး" အကြီးဆုံးသခင်လေးနဉ်သည် ဒုတိယသခင်လေးနဉ်၏ လက်မောင်းကို ပုတ်ကာ ပြောလိုက်လေသည်။ "ငါတို့လုပ်နိုင်တာက သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားပေးဖို့ပဲ"

"တောင်နက်ကြီးထဲမှာ တောအုပ်ကလည်း ထူထူနဲ့၊ သူတို့နှစ်ယောက် တွေ့မယ်လို့ အစ်ကိုကြီး သေချာလို့လား" ဒုတိယသခင်လေးနဉ်က မေးလိုက်သည်။

"ဒါကတော့ သူတို့နှစ်ယောက်ကြားမှာ ရေစက်ပါမပါ ပေါ်မှာပဲ မူတည်တော့တယ်"

အကြီးဆုံးသခင်လေးနဉ်သည် ပြုံးလိုက်ပြီး အနောက်ဘက်ဆောင်သို့ လျှောက်သွားလေသည်။ သူက ညီမလေး၏ ဆုံးဖြတ်ချက်ကို လေးစားမည်ဖြစ်သော်လည်း လိုကျစ်ကွေ့ကို ဒီအတိုင်း လွှတ်ပေးထားမည်ဟု မဆိုလိုပေ။

ဒုတိယသခင်လေးနဉ်သည် ခြေထောက်တစ်ဖက်ကို မြှောက်ကာ အိမ်ရှေ့ဝင်းထဲရှိ ကြာပန်းစိုက်ထားသော စဥ့်အိုးကြီးကို ကန်ချလိုက်လေသည်။

ယွဲ့ကော်ကုန်းအိမ်တော်မှ လူများသည် ကြောက်လန့်တကြား ဖြစ်ကုန်ကြ၏။ သူတို့၏ ဒုတိယသခင်လေးသည် လူစားတော့မည့်ပုံ ပေါက်နေပေသည်။

.....

"သခင်ကြီး"

ကိုယ်ရံတော်ခေါင်းဆောင်သည် လမ်းမပေါ်တွင် လိုကျင်းနောက်မှ လိုက်ပါလာရင်း စစ်သေနာပတိချုပ်အတွက် စိတ်မချနိုင်ဖြစ်လာသဖြင့် လိုကျင်းကို သတိထား၍ မေးလိုက်သည်။

"ကျွန်တော် လူခေါ်ပြီး စစ်သေနာပတိချုပ်ကို သွားရှာလိုက်ရမလား"

"မလိုပါဘူး" လိုကျင်းက ပြောလိုက်သည်။ "ငါတို့ မြို့ထဲမှာပဲ သူ့ကို စောင့်ကြမယ်"

"ဒါဆို ဘယ်လောက်ကြာကြာ စောင့်ရမလဲ"

"သူက သေချင်နေတာမှ မဟုတ်တာ၊ ဆယ်ရက် လဝက်လောက်နေရင် ပြန်လာမှာပါ" လိုကျင်းက ပြောလိုက်သည်။

ကိုယ်ရံတော်များမှာ... ဆယ်ရက် လဝက်လောက် စောင့်ခိုင်းပြီး စစ်သေနာပတိချုပ် သေချင်နေတာ မဟုတ်ဘူးလို့ ပြောရက်တယ်ပေါ့။ ဒါ အစ်ကိုအရင်း ဟုတ်ရဲ့လား။ ဟုတ်ပါတယ်နော်။

လိုကျင်း၏ စိတ်ထဲတွင် မည်သို့ အတိုင်းအတာမရှိဘဲ နေပါ့မလဲ။ သူက လိုကျစ်ကွေ့နှင့်အတူ လိုက်လာခဲ့ခြင်းမှာ သူသာပါလာလျှင် နဉ်မိသားစုအနေဖြင့် သူ့ညီလေးအပေါ် သိပ်လွန်လွန်ကဲကဲ လုပ်မည်မဟုတ်ကြောင်း သိထားသောကြောင့်ဖြစ်သည်။ အမှန်တကယ်လည်း နဉ်မိသားစုမှ သခင်လေးနှစ်ယောက်၏ စကားများမှာ နားထောင်ရဆိုးသော်လည်း ကျိန်ဆဲခြင်းမျိုး မရှိခဲ့ပေ။ လူသတ်ကောင်ဟု နာမည်ကြီးသော နဉ်ရှောင်ရှောင်းပင်လျှင် ဓားကိုသာ ထုတ်လိုက်ရပြီး သူ့ညီလေးကို တကယ်မခုတ်ခဲ့ပေ။

ထိုအဖြူရောင်ခွေးကြီး (ဝံပုလွေပါလို့ ပြောနေတယ်လေ!) သည် လူကိုကိုက်ပြီးနောက် ယွဲ့ကော်ကုန်းအိမ်တော်ထဲသို့ ဝင်မပြေးဘဲ အပြင်သို့ ထွက်ပြေးသွားခြင်းက ရှောင်ယောင်း အိမ်တော်ထဲတွင် မရှိကြောင်း ဖော်ပြနေသည်။ အကြီးဆုံးသခင်လေးနဉ်က ဧည့်သည်ကို အတင်းပြန်လွှတ်ခြင်းမှာလည်း ရည်ရွယ်ချက်ရှိပေလိမ့်မည်။ ထိုရည်ရွယ်ချက်မှာ မည်သူမျှ ကြားဝင်မစွက်ဖက်ဘဲ ယွဲ့ကော်ကုန်းဇနီးမောင်နှံကိုပင် ဖယ်ထုတ်ထားကာ ရှောင်ယောင်း၏ ဆန္ဒသဘောထားကိုသာ ကြည့်လိုခြင်း ဖြစ်လောက်၏။

အကြီးဆုံးသခင်လေးလိုသည် လမ်းဘေးတွင် ပန်းကိတ်မုန့်ရောင်းနေသော ဈေးသည်ကို တွေ့သောအခါ ရပ်တန့်၍ ဝယ်လိုက်လေသည်။ ကိုယ်တိုင် တစ်ဖဲ့ ဖဲ့စားကြည့်ပြီး ကျန်တာကို ကိုယ်ရံတော်များကို ဝေပေးလိုက်သည်။ ပန်းကိတ်မုန့်ကို ကိုက်စားရင်း အကြီးဆုံးသခင်လေးလို ဆက်လက်လျှောက်လှမ်းလာခဲ့၏။ ကိစ္စရပ်များက ဤအခြေအနေသို့ ရောက်လာပြီဖြစ်ရာ သူ ဘာမှ လုပ်ပေးနိုင်စွမ်း မရှိတော့ပေ။ သူ့ညီလေးမှာ ကံပါမပါဆိုသည်ကို ကံတရားကသာ ဆုံးဖြတ်ပေတော့မည်။

.....

စစ်မြင်းရှောင်ဟုန်သည် ဤအချိန်တွင် လိုကျစ်ကွေ့ကို မီလာပြီး သခင်ဖြစ်သူကို အော်ဟစ်နှုတ်ဆက်လိုက်၏။

လိုကျစ်ကွေ့သည် မြင်းပေါ်သို့ ခုန်တက်လိုက်သည်။

ရှောင်ပိုင်သည် အနောက်မှ မြင်းခွာသံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ လိုကျစ်ကွေ့ မြင်းစီးလာသည်ကို မြင်လိုက်ရသည်။ ရှောင်ပိုင်သည် 'ဝုတ်' ခနဲ အော်ဟစ်လိုက်ပြီး ရှေ့သို့ အမောတကော ပြေးလေတော့၏။ ရှောင်ယောင်း ယွဲ့ကော်ကုန်းအိမ်တော်မှာ မရှိဘူးဆိုတာ ဒီလူဆိုးကောင် သိသွားပြီလား။ ဘယ်သူက ရှောင်ယောင်းကို သစ္စာဖောက်ပြီး သတင်းပေးလိုက်တာလဲ။

လိုကျစ်ကွေ့သည် ရှောင်ပိုင်နောက်သို့ လိုက်ကာ ဖုန်းကျိုးမြို့ပြင်မှ ထွက်လာပြီး တောင်ပေါ်သို့ တက်လာခဲ့သည်။ ရှောင်ပိုင် တောအုပ်အထပ်ထပ်ထဲသို့ ဝင်ရောက်သွားပြီးနောက် လိုကျစ်ကွေ့သည် ရှောင်ပိုင်၏ ခြေရာကို မျက်ခြည်ပြတ်သွားလေသည်။

ရှောင်ဟုန်သည် နှာမှုတ်လိုက်၏။ အခု ဘယ်လိုလုပ်ကြမလဲ။

လိုကျစ်ကွေ့သည် ကိုယ်နှင့်မကွာ ဒဏ်ရာလိမ်းဆေး ယူဆောင်လာလေ့ရှိရာ မိမိ၏ဒဏ်ရာကို ရိုးရှင်းစွာ ဆေးထည့်ပြီးနောက် အဝတ်စဖြင့် စည်းနှောင်လိုက်သည်။ ထို့နောက် မတ်တတ်ရပ်ကာ ရှောင်ဟုန်ကို ပြောလိုက်သည်။

"မင်း ဒီမှာပဲ စောင့်နေ"

ရှောင်ဟုန်သည် လိုကျစ်ကွေ့ကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။

လိုကျစ်ကွေ့သည် ရှောင်ဟုန်၏ခေါင်းကို ပုတ်ပေးလိုက်ပြီး တောအုပ်နက်ထဲသို့ လျှောက်ဝင်သွားတော့၏။ ရှောင်ပိုင် တောထဲသို့ ဝင်ပြေးသွားသည်ဖြစ်ရာ နဉ်ရှောင်ယောင်း ဤတောတောင်များထဲတွင် ရှိနေမည်ဟု လိုကျစ်ကွေ့ အခိုင်အမာ ယုံကြည်ထားလေသည်။

....

နှစ်ရက်အကြာတွင် နဉ်ရှောင်ယောင်းသည် ခြေတံရှည်အိမ်ပေါ်၌ ထိုင်လျက် စိတ်ပျက်လက်ပျက် ပြောလိုက်လေသည်။

"နတ်ဆေးသမားတော်ကြီး မရှိဘူးတဲ့လား"

နဉ်ရှောင်လော့သည် နဉ်ရှောင်ယောင်း စိတ်ပျက်သွားသည်ကို မကြည့်ရက်သဖြင့် ရွာခေါင်းဆောင်ကို မေးလိုက်သည်။

"နတ်ဆေးသမားတော်ကြီးကို ရှာပြီး ပြန်ခေါ်လို့ ရမလား"

ခေါင်းဆောင်ဦးလေးက တောင်းပန်သည့်လေသံဖြင့် "တတိယသခင်လေး... နတ်ဆေးသမားတော်ကြီးက သူ့တပည့်တွေကို ခေါ်ပြီး ဘယ်သွားတယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး" ဟု ပြောလိုက်သည်။

"ဒါဆို နောက်တစ်ခေါက်မှပဲ လာရတော့မှာပေါ့"

နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်ပြီး ဝါးကျည်တောက်ထမင်း တစ်ချောင်းကို ယူလိုက်ကာ ပြောလိုက်သည်။

"ရှောင်လော့လော့... နင် တကယ် မစားဘူးလား"

နဉ်ရှောင်လော့က စိတ်မရှည်စွာဖြင့် "ငါက နင့်ရဲ့ တတိယအစ်ကိုပါဟ" ဟု ပြောလိုက်သည်။

"သိပါတယ်... ရှောင်လော့လော့ နင် တကယ် မစားဘူးလားလို့" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

နဉ်ရှောင်လော့ ဒီကောင်မလေးနဲ့ စကားမပြောချင်တော့ပေ။

"ဦးလေးကြီးရော... ထိုင်စားပါဦးလား" နဉ်ရှောင်ယောင်းက ရွာခေါင်းဆောင်ကို ဖိတ်ခေါ်လိုက်သည်။

ရွာခေါင်းဆောင်က ဝါးကျည်တောက်ထမင်းကို စိတ်မဝင်စားပေ။ ယခုအချိန်တွင် ရွာခေါင်းဆောင်၏ အာရုံသည် နဉ်ထောင်စူးအပေါ်တွင်သာ ရောက်နေသည်။ ရွာခေါင်းဆောင်ဦးလေးသည် ဘဝတစ်ဝက်ကျိုးအောင် နေလာခဲ့သော်လည်း သွားရည်များ မြစ်တစ်စင်းသဖွယ် စီးကျနေသော ကလေးမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"သူ ဗိုက်ဆာနေတာလား" ခေါင်းဆောင်က နဉ်ထောင်စူးကို ကြည့်ပြီး နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

နဉ်ရှောင်ယောင်းက ရှေ့မှ ပန်းကန်လွတ်ကို ကြည့်လိုက်သည်။

ခေါင်းဆောင်ကလည်း ပန်းကန်လွတ်ကို လိုက်ကြည့်လိုက်သည်။ ထို့နောက်မှ သူ သတိရသွားသည်။ ခုနလေးတင် ဒီကလေးမ ကြက်ဥပေါင်းတစ်ပန်းကန်လုံး ကုန်အောင် စားထားတာပဲ။ ကြက်ဥသုံးလုံးတောင် ထည့်ထားတဲ့ ကြက်ဥပေါင်းလေ။ ဒီကလေးမလေး ပါးစပ်က ပလပ်ပလပ်နဲ့ စားလိုက်တာ အကုန်ပြောင်သွားတာပဲ။ အခုထိ မဝသေးဘူးလား။

"အာ..." နဉ်ထောင်စူးက နဉ်ရှောင်ယောင်းကို အော်ခေါ်လိုက်သည်။

"နင့်ဗိုက်ပေါက်ပြီး သေသွားအောင် လုပ်ချင်နေတာလား" နဉ်ရှောင်ယောင်းက မေးလိုက်သည်။

"အာ... အာ..." နဉ်ထောင်စူးက ဆက်အော်နေသည်။

"နင် အခု ငါ့ကို အမေလို့ ခေါ်ရင်တောင် ငါ ကျွေးမှာ မဟုတ်ဘူး" နဉ်ရှောင်ယောင်းက ဝါးကျည်တောက်ထမင်းကို တစ်လုပ်စားလိုက်သည်။

နဉ်ထောင်စူးက လက်လှမ်းပြီး လုလေသည်။

နဉ်ရှောင်ယောင်းက နဉ်ထောင်စူးကို ကြမ်းပြင်ပေါ် ချပေးလိုက်သည်။ ဒီကလေးက ဘယ်လိုဖြစ်လို့ ဒီလောက် အငမ်းမရ ဖြစ်နေရတာလဲ။

နဉ်ရှောင်ယောင်းနှင့် စကားမပြောချင်သော နဉ်ရှောင်လော့သည် မနေသာတော့ဘဲ ရောက်လာပြီး နဉ်ထောင်စူးကို ပွေ့ချီလိုက်ကာ နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"နင်က ဘယ်လိုအမေမျိုးလဲ။ သူ့ကို တစ်လုပ်လောက် ကျွေးလိုက်ရင် နင့်အသားတွေ ပဲ့ပါသွားမှာမို့လို့လား"

နဉ်ရှောင်ယောင်း မျက်လုံးလှန်ကြည့်လိုက်သည်။

"အာ..." နဉ်ထောင်စူးက နဉ်ရှောင်လော့ကို အော်လိုက်သည်။ သမီးကို မုန့်ကျွေးပါဦးလို့။

"ကလေးက အရမ်းငယ်သေးတယ်"

တတိယသခင်လေးနဉ်က ကလေးမလေးကို ဝါးကျည်တောက်ထမင်း ခွံ့ကျွေးတော့မည့်အပြုအမူကို မြင်သောအခါ ရွာခေါင်းဆောင်က အလျင်အမြန် ဝင်ပြောလိုက်သည်။

"ကောက်ညှင်းက အစာကြေခဲတယ်၊ မကျွေးနဲ့"

နဉ်ထောင်စူး သွားရည်များ ကျလာပြန်သည်။

နဉ်ရှောင်လော့သည် တူမလေး၏ သွားရည်များကို သုတ်ပေးလိုက်ပြီး ခေါင်းဆောင်ကို ပြောလိုက်သည်။

"ဒါဆို ကြက်ဥပေါင်း တစ်ပန်းကန်လောက် ထပ်လုပ်ပေးပါဦး"

ခေါင်းဆောင်လည်း ကြက်ဥပေါင်း ထပ်လုပ်ခိုင်းရန် ထွက်သွားရလေတော့သည်။

"မနက်ဖြန်ကျရင် ငါတို့ လွတ်လွတ်လပ်လပ် လှုပ်ရှားကြမယ်" နဉ်ရှောင်ယောင်းက နဉ်ရှောင်လော့ကို ပြောလိုက်သည်။

နဉ်ရှောင်လော့က "လွတ်လွတ်လပ်လပ် လှုပ်ရှားတယ်ဆိုတာ ဘာလဲ" ဟု မေးလိုက်သည်။

"ကိုယ့်ဘာသာ လျှောက်လည်မယ်လို့ ပြောတာ"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"ရှောင်လော့လော့က အစ်ကိုကြီးကျီကို အဖော်ပြုပြီး လျှောက်လည်ပေးလိုက်လေ။ သူက ကျန်းမာရေးကောင်းသွားပြီဆိုပေမယ့် စိတ်ထဲမှာ မပျော်မရွှင်ဖြစ်နေတုန်းပဲ။ အစ်ကိုကြီးကျီ ပျော်အောင် နင်လုပ်ပေးရမယ်"

နဉ်ရှောင်လော့ သံသယဝင်သွားပြီး "ငါ့ယောက်ဖက မပျော်မရွှင် ဖြစ်နေလို့လား။ ငါလည်း မသိပါလား" ဟု ပြောလိုက်သည်။

နဉ်ရှောင်ယောင်းက သူ့ခေါင်းသူ လက်ညှိုးထိုးပြလိုက်သည်။ ဒီမေးခွန်းကို သူဖြေဖို့ လိုသေးလို့လား။

"နင်..." နဉ်ရှောင်လော့ ဒေါသထွက်သွားသည်။ "နင်ကမှ ဦးနှောက်မရှိတဲ့ကောင်"

"ဟုတ်ပါပြီ... ဟုတ်ပါပြီ" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ငါတို့နှစ်ယောက်လုံး ဦးနှောက်မရှိကြဘူး၊ ဟုတ်ပြီလား"

"ဒါ နင့်ရင်ထဲကစကား မဟုတ်မှန်း ငါသိတယ်" တတိယသခင်လေးနဉ်က သူ့ညီမကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

နဉ်ရှောင်ယောင်း "ဟီး..."

တတိယသခင်လေးနဉ် "..."

သူ သိသားပဲ။

"အာ!"

ထိုအချိန်တွင် နဉ်ထောင်စူးက ဝါးကျည်တောက်ခွံအလွတ်ဖြင့် နဉ်ရှောင်ယောင်း၏ ခေါင်းကို ပစ်ပေါက်လိုက်သည်။

နဉ်ရှောင်ယောင်း "..."

"လိမ္မာလိုက်တဲ့ သမီးလေး" တတိယသခင်လေးနဉ်က နဉ်ထောင်စူးကို နမ်းလိုက်သည်။ တစ်အိမ်လုံးမှာ ဒီတူမလေးတစ်ယောက်ပဲ သူ့ဘက်ပါတာကိုး။

"နင် တော်တယ်" နဉ်ရှောင်ယောင်းက နဉ်ထောင်စူးကို လက်ညှိုးထိုးကာ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ မနက်ဖြန်ကျရင် သူစားပြမယ်၊ ဒီဝတုတ်မလေးကို ထိုင်ကြည့်ခိုင်းထားမယ်။

"ဒါနဲ့ မနက်ဖြန် နင် ဘယ်သွားမလို့လဲ" နဉ်ရှောင်လော့က မေးလိုက်သည်။

"လျှောက်သွားကြည့်မလို့" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "တောင်ပေါ်မှာ ဆေးဖက်ဝင်အပင်တွေ အများကြီး ရှိတယ်လေ၊ လိုက်ကြည့်ချင်လို့"

ဆေးပညာနှင့်ပတ်သက်လာလျှင် နဉ်ရှောင်လော့ ဝင်မပြောတော့ပေ။ ပထမအချက်က သူ ဆေးပညာနားမလည်။ ဒုတိယအချက်က သူ့ညီမက သူ့ကို ဦးနှောက်မရှိဘူးလို့ ပြောတာကို ထပ်မခံချင်တော့။

"နေပါဦး... မင်းက ဘာဖြစ်နေတာလဲ"

ဝါးကျည်တောက်ထမင်း စားပြီးနောက် နဉ်ရှောင်ယောင်းသည် သူ့ခြေရင်းတွင် အိပ်နေသော လောင်တကို ဆွဲမလိုက်ပြီး မေးလိုက်သည်။

"မင်း နေမကောင်းတာလည်း မဟုတ်ဘဲနဲ့၊ မင်းမိန်းမကို လွမ်းနေတာလား"

လောင်တက နဉ်ရှောင်ယောင်းကို မော့ကြည့်လိုက်ပြီး ခေါင်းပြန်ငိုက်သွားသည်။ လိုကျစ်ကွေ့ ရောက်လာပြီလေ။ ဒါပေမဲ့ ဒီကိစ္စကို သူ ရှောင်ယောင်းကို ပြောပြလို့ မဖြစ်ဘူး။ ရှောင်ယောင်း ဝမ်းနည်းသွားမှာကို သူ မလိုလားဘူး။

"ဟေး... ဟေး... မင်း ဒီလိုပဲ နေတော့မှာလား" နဉ်ရှောင်ယောင်းက အော်လိုက်သည်။

လောင်တသည် နဉ်ရှောင်ယောင်းလက်ထဲမှ ရုန်းထွက်ပြီး လှည့်မကြည့်တမ်း ထွက်ပြေးသွားလေသည်။

"သူ ဘာဖြစ်သွားတာလဲ" နဉ်ရှောင်ယောင်းက နဉ်ရှောင်လော့ကို မေးလိုက်သည်။

နဉ်ရှောင်လော့က နဉ်ထောင်စူးကို ကြက်ဥပေါင်း ခွံ့ကျွေးရင်း အလုပ်ရှုပ်နေသဖြင့် ခေါင်းမမော့ဘဲ "ငါ ဘယ်သိမလဲ" ဟု ပြောလိုက်သည်။

"တစ်ခုခုဖြစ်နေတာများလား" နဉ်ရှောင်ယောင်းက မေးစေ့ကို ပွတ်ရင်း ရေရွတ်လိုက်သည်။

နဉ်ရှောင်လော့ လန့်သွားပြီး "ဘာဖြစ်လို့လဲ။ နင်က ထမင်းမစားဘဲ ဘာတွေ လျှောက်တွေးပြီး ပူပန်နေတာလဲ"

နဉ်ရှောင်ယောင်း စဉ်းစားကြည့်တော့လည်း ဟုတ်သားပဲ။ အနောက်တောင် ခရိုင် ၉ ခုက အေးချမ်းနေတာပဲလေ။

"တတိယမရီးကို သွားကြည့်လိုက်ဦးမယ်" နဉ်ရှောင်ယောင်းက မတ်တတ်ရပ်လိုက်ပြီး "နင် ဝတုတ်မလေးနဲ့ ဆက်ကစားလိုက်ဦး" ဟု ပြောကာ ထွက်သွားလေသည်။

နဉ်ရှောင်လော့က လည်ပင်းဆန့်ကာ နဉ်ရှောင်ယောင်း ပြေးထွက်သွားသည်ကို ကြည့်ပြီးမှ နဉ်ထောင်စူး၏ နှာခေါင်းလေးကို ဆွဲညှစ်ကာ ပြောလိုက်သည်။

"နောက်ကျရင် သမီးက အဲဒီအဖေလို မဖြစ်စေနဲ့နော်၊ သမီးက နဉ်မိသားစုရဲ့ သခင်မလေးလေ"

နဉ်ထောင်စူးက 'အာ... အာ... အာ' ဟု အော်ဟစ်နေသည်။ ကြက်ဥပေါင်းက စားလို့ ကောင်းလိုက်တာ!

....

နောက်တစ်နေ့တွင် ရာသီဥတုက သိပ်မကောင်းလှပေ။ နဉ်ရှောင်ယောင်းသည် နဉ်ထောင်စူးကို ခေါ်ကာ မနက်စောစောစီးစီး ပျောက်ချင်းမလှ ပျောက်သွားလေသည်။ နဉ်ရှောင်လော့က ကျီကျယ်နှင့်အတူ အမဲလိုက်ထွက်သွားပြီး ကျီကျိုက ကိုယ်ဝန်ဆောင် ကျီယွဲ့ရုံကို စောင့်ရှောက်ရန် စခန်းတွင် ကျန်ရစ်ခဲ့သည်။

နဉ်ရှောင်ယောင်းသည် နဉ်ထောင်စူးကို ပိတ်စဖြင့် ပတ်ကာ ရင်ခွင်ထဲတွင် ထည့်ပြီး ချည်ထားလိုက်၏။ ထို့နောက် တောထဲတွင် လျှောက်သွားနေလေသည်။ ဤအချိန်သည် နွေဦးပေါက်ရာသီဖြစ်၍ တောင်ပေါ်တွင် တောသစ်သီးများစွာ ပေါက်ရောက်နေသည်။ နဉ်ရှောင်ယောင်းသည် လမ်းလျှောက်ရင်း တွေ့သမျှ ခူးစားလာခဲ့ရာ သွားကျိန်းလောက်အောင် ချဉ်သော အသီးတစ်မျိုးကို တွေ့လိုက်ရသည်။ နဉ်ရှောင်ယောင်းသည် အကျင့်ပုတ်စွာဖြင့် ထိုအသီးတစ်လုံးကို ခူးပြီး နဉ်ထောင်စူး၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

နဉ်ထောင်စူးသည် တစ်ကိုက် ကိုက်လိုက်သည်နှင့် မျက်နှာတစ်ခုလုံး ရှုံမဲ့သွားသော်လည်း အစားအသောက်ကို အလွန်မြတ်နိုးသော ကလေးဖြစ်သည့်အားလျော်စွာ အလွန်ချဉ်သော ထိုအသီးကို လက်မလျှော့ဘဲ ဆက်လက်ကိုက်စားနေလေသည်။

နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ သူ့သမီးရဲ့ ဒီလိုစိတ်ဓာတ်မျိုးကိုတော့ သူလည်း လက်ဖျားခါပါတယ်လေ။

လမ်းသုံးခွဆုံသို့ ရောက်သောအခါ နဉ်ရှောင်ယောင်းသည် စဉ်းစားမနေဘဲ မြောက်ဘက်သို့ ခြေလှမ်းပြင်လိုက်သည်။

"အာ!" နဉ်ထောင်စူးက အော်လိုက်သည်။

နဉ်ရှောင်ယောင်း ရပ်လိုက်ပြီး နဉ်ထောင်စူးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

"ဘယ်ဘက်ကို မသွားချင်ဘူးလား"

"အာ..."

"ကောင်းပြီလေ၊ ညာဘက်သွားမယ်"

"အာ... အာ... အာ..." နဉ်ထောင်စူးက ထပ်အော်ပြန်သည်။

ထို့ကြောင့် နဉ်ရှောင်ယောင်း အလယ်လမ်းကို ရွေးလိုက်လေသည်။ ထိုအခါမှ နဉ်ထောင်စူး အသံတိတ်သွားပြီး မျက်နှာရှုံမဲ့လျက် လက်ထဲမှ အသီးကို ဆက်စားနေလေတော့သည်။

နဉ်ရှောင်ယောင်း တွေးလိုက်မိသည်။ ဒီဝတုတ်မလေးက အလယ်လမ်းကို သွားဖို့ ဇွတ်အတင်း လုပ်နေတာဆိုတော့ ဒီလမ်းရှေ့မှာ စားစရာကောင်းကောင်းများ ရှိနေလို့လား။

***

All Chapters