← Chapters

အခန်း (၃၈၁-၃၈၂)

Vol. 24 Ch. 381-382

အခန်း (၃၈၁-၃၈၂)

Vol. 24 Ch. 381-382

၃၈၁ ။ ချောက်ကမ်းပါးထိပ်မှ ပြုတ်ကျလာသော စစ်သေနာပတိချုပ်လို

တောင်ပေါ်လမ်းများသည် တောင်တန်းအသွင်အပြင်ပေါ် မူတည်ပြီး ပြောင်းလဲနေကာ ကျဉ်းမြောင်းပြီး ကြမ်းတမ်းလှသည်။ နဉ်ရှောင်ယောင်းသည် ငှက်ပျောရွက်နှစ်ရွက်ကို ခူးလိုက်သည်။ ကြီးသောအရွက်ကို သူကဆောင်းလိုက်ပြီး သေးသောအရွက်ကို နဉ်ထောင်စူး၏ ခေါင်းပေါ်သို့ တင်ပေးလိုက်သည်။

"အာ..." နဉ်ထောင်စူးက နဉ်ရှောင်ယောင်းကို အော်လိုက်သည်။

နဉ်ရှောင်ယောင်းက သူ့သမီးကို ကြည့်လိုက်ပြီး "ဘုရားရေ... အဲဒီလောက်ချဉ်တဲ့အသီးကိုတောင် နင်က ကိုက်စားနိုင်သေးတာလား" ဟု ပြောလိုက်သည်။

"အာ..." နဉ်ထောင်စူးက အော်ပြန်သည်။

"ရော့... နောက်တစ်လုံး စားလိုက်ဦး" နဉ်ရှောင်ယောင်းက အကျင့်ပုတ်စွာဖြင့် နောက်ထပ်တောသစ်သီးတစ်လုံးကို သူ့သမီးလက်ထဲ ထည့်ပေးလိုက်ပြန်သည်။ အချဉ်ဓာတ်က ဗီတာမင်ဓာတ် ကြွယ်ဝတာကို ပြတာပဲ။ ဒီဝတုတ်မလေးက အချဉ်ကြိုက်မှတော့ များများစားထားပေါ့။

"အမေကောင်း မဟုတ်ဘူးလားဟင်" နဉ်ရှောင်ယောင်းက နဉ်ထောင်စူးကို မေးလိုက်သည်။

နဉ်ထောင်စူး တစ်ကိုက်ကိုက်လိုက်ပြန်သည်။ မျက်နှာလေး ရှုံမဲ့သွားသော်လည်း ပါးစပ်ထဲမှ အသီးကို ထွေးမထုတ်ပစ်ပေ။

နဉ်ရှောင်ယောင်း၏ ရှေ့တွင် စမ်းချောင်းငယ်တစ်ခု ပေါ်လာသည်။ လွန်ခဲ့သော နာရီဝက်ခန့်ကတည်းက ရေစီးသံကို သူ ကြားနေခဲ့ရခြင်း ဖြစ်သည်။ ယခု စမ်းချောင်းကို တွေ့သောအခါ နဉ်ရှောင်ယောင်းက နဉ်ထောင်စူးကို "နင်လည်း ရေစီးသံကို ကြားတယ်မလား" ဟု မေးလိုက်သည်။ စွမ်းအားဆိုတာ မျိုးရိုးလိုက်တတ်ပေမယ့် အားနည်းမလား အားကောင်းမလားဆိုတာကတော့ ကံတရားပါပဲ။ အခု နဉ်ထောင်စူးက အရမ်းငယ်သေးတဲ့အတွက် သူ့သမီးက သူ့စွမ်းအားကို အမွေဆက်ခံရရှိထားလား၊ ရတယ်ဆိုရင် ဘယ်စွမ်းအားမျိုးလဲဆိုတာ နဉ်ရှောင်ယောင်း မသိနိုင်သေးပေ။

"ယာ..." နဉ်ထောင်စူးက လက်ညှိုးထိုးပြလိုက်သည်။

"နင် ဘယ်တော့မှ လူစကား ပြောမှာလဲ" နဉ်ရှောင်ယောင်းက မေးလိုက်သည်။

နဉ်ထောင်စူး "အာ..."

"ကံဆိုးတဲ့ ကလေး" နဉ်ရှောင်ယောင်း ရေရွတ်လိုက်သည်။

မိုးခြိမ်းသံ ကြားလိုက်ရသည်။

"ဟင်..." နဉ်ထောင်စူး မော့ကြည့်လိုက်သည်။

"မိုးရွာတော့မယ်" နဉ်ရှောင်ယောင်းလည်း မော့ကြည့်လိုက်သည်။

မိုးခြိမ်းသံ အကြိမ်ကြိမ် ကြားရသော်လည်း ကောင်းကင်ကြီးကတော့ မူလအတိုင်းပင်။

"မိုးခြိမ်းရုံပဲ ရှိတာ၊ မိုးမှ မရွာတာ" နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ "ရွာရဲရင် ရွာချလိုက်လေ"

မိုးများ သည်းထန်စွာ ရွာသွန်းလာပြီး ကောင်းကင်ကြီး တစ်ခဏအတွင်း မည်းမှောင်သွားလေသည်။

နဉ်ရှောင်ယောင်း "..."

"အာ..." နဉ်ထောင်စူးက နဉ်ရှောင်ယောင်းကို အော်လိုက်သည်။

"ကံကောင်းလို့ ငါ ကြိုသိနေတာ" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ငါတို့ မိုးမကြောက်ဘူး၊ ငါတို့မှာ ငှက်ပျောရွက် ရှိတယ်လေ... ဟီးဟီး"

လေပြင်းတစ်ချက် တိုက်ခတ်သွားရာ နဉ်ရှောင်ယောင်းခေါင်းပေါ်မှ ငှက်ပျောရွက် လွင့်ပါသွားလေသည်။

"ဒီလောက်ထိ လုပ်ဖို့ လိုလို့လား" နဉ်ရှောင်ယောင်း စိတ်ဆိုးသွားသည်။ ဘုရားသခင်က သူ့ကို တမင်သက်သက် ဒုက္ခပေးနေတာလား။

"အာ..." နဉ်ထောင်စူးက စမ်းချောင်း၏ အောက်ဘက်ပိုင်းကို လက်ညှိုးထိုးပြလိုက်သည်။

နဉ်ရှောင်ယောင်းသည် နဉ်ထောင်စူးကို ပွေ့ချီကာ အထက်ဘက်သို့ ဆန်တက်သွားလိုက်သည်။ သူက ဘာကိစ္စ ဒီဝတုတ်မလေးပြောသမျှ နားထောင်နေရမှာလဲ။

မိုးသည် အကြာကြီး ရွာသွန်းနေလေသည်။ နဉ်ရှောင်ယောင်းသည် ဂူတစ်ခုရှာတွေ့ပြီး နဉ်ထောင်စူးကို ပွေ့ချီလျက် မိုးခိုနေလိုက်သည်။ သားအမိနှစ်ယောက် ရောက်နေသောနေရာသည် တောင်ကြားချိုင့်ဝှမ်းတစ်ခုဖြစ်ပြီး ဘေးနှစ်ဖက်တွင် မတ်စောက်သော ကျောက်ကမ်းပါးများ ရှိလေသည်။ ချိုင့်ဝှမ်းထဲတွင် နက်ရှိုင်းသော ရေကန်တစ်ခုရှိပြီး ထိုရေကန်သည် တောင်ပေါ်စမ်းချောင်း၏ မြစ်ဖျားခံရာနေရာ ဖြစ်သည်။

"ဒီနေရာက တော်တော်ကောင်းသားပဲ" နဉ်ရှောင်ယောင်းက နဉ်ထောင်စူးကို ပြောလိုက်သည်။ "ဘာလို့လဲ သိလား"

နဉ်ထောင်စူးက မျက်နှာရှုံမဲ့လျက် အသီးကိုသာ စိတ်ပါလက်ပါ ကိုက်စားနေပြီး ခေါင်းမမော့လာပေ။

"ဘာလို့လဲဆိုတော့ ရေကန်က အတော်နက်လို့လေ။ တစ်ယောက်ယောက် ကျောက်ကမ်းပါးပေါ်က ပြုတ်ကျလာရင်တောင် ခေါင်းနဲ့ မကျသရွေ့ အဲဒီကံဆိုးသူမောင်ရှင် မသေနိုင်ဖို့ အခွင့်အလမ်း တစ်ဝက်လောက် ရှိတယ်"

နဉ်ရှောင်ယောင်းက နဉ်ထောင်စူး၏ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ငါတို့ကတော့ အားယားနေရင်တောင် ချောက်ကမ်းပါးပေါ်ကနေ မခုန်ချရဘူးနော်၊ အသက်ဆိုတာ တန်ဖိုးရှိတယ်။ ဝတုတ်မလေး... ငါပြောတာ မှတ်မိလား"

နဉ်ထောင်စူးသည် အချဉ်သီးကိုသာ မနားတမ်း ကိုက်စားနေသည်။

"ကောင်းပါပြီလေ" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "အစားသရဲတွေကတော့ သာမန်အားဖြင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းမကြံကြပါဘူး။ ဘာလို့လဲဆိုတော့ သေသွားရင် စားစရာကောင်းကောင်းတွေ မစားရတော့ဘူးလေ"

"အာ..." ဒီတစ်ခါတော့ နဉ်ထောင်စူးက နဉ်ရှောင်ယောင်းကို ပြန်ထူးလေသည်။

"ဟူး..."

နဉ်ရှောင်ယောင်းသည် ဂူအပြင်ဘက်မှ မိုးသည်းထန်စွာ ရွာသွန်းနေသည်ကို ကြည့်ပြီး "မိုးရွာမယ်ဆိုတာ သိရက်သားနဲ့ ငါက ဘာကိစ္စ နင့်ကိုခေါ်ပြီး တောင်ပေါ်တက်လာမိပါလိမ့်။ တော်တော်အတာပဲ။ ဒါက ချောက်ကမ်းပါးပေါ်က ခုန်ချပြီး သေမင်းဆီ သွားတာနဲ့ ဘာကွာလို့လဲ" ဟု ပြောလိုက်သည်။

ရုတ်တရက် လူတစ်ယောက်သည် ကြယ်ကြွေသကဲ့သို့ နဉ်ရှောင်ယောင်း၏ မျက်စိရှေ့မှ ဖြတ်ကာ ချိုင့်ဝှမ်းထဲရှိ ရေကန်ထဲသို့ 'ဗွမ်း' ခနဲ ပြုတ်ကျသွားလေသည်။

"ဘုရားရေ..." နဉ်ရှောင်ယောင်း အာမေဋိတ်ပြုလိုက်သည်။ "ဝတုတ်မလေးရေ... တကယ်ကြီး ချောက်ကမ်းပါးပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့လူ ရှိတယ်ဟ"

"ယာ..." နဉ်ထောင်စူးလည်း နဉ်ရှောင်ယောင်းနှင့်အတူ ဂူအပြင်ဘက်မှ ရေကန်ကို လှမ်းကြည့်လိုက်သည်။

နဉ်ရှောင်ယောင်း ထခုန်လိုက်ပြီး နဉ်ထောင်စူးကို ဘေးနားရှိ ကျောက်တုံးပေါ်တွင် တင်ပေးလိုက်သည်။ ထို့နောက် ဂူထဲမှ ပြေးထွက်သွားပြီး ရေကန်ထဲသို့ ခုန်ဆင်းကာ မျက်နှာမှောက်လျက် အသက်ရှူနေသေးသော လူတစ်ယောက်ကို ဆွဲဆယ်လိုက်သည်။ ထို့နောက် ဂူထဲသို့ ပြန်ပြေးဝင်လာခဲ့၏။ အစမှအဆုံးထိ ဆယ်စက္ကန့်ကျော်သာ ကြာမြင့်လေသည်။

"အာ... အာ... အာ..." နဉ်ထောင်စူးက အော်လိုက်သည်။

နဉ်ရှောင်ယောင်းသည် မျက်နှာပေါ်မှ ရေများကို သုတ်လိုက်ပြီး "ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့လူတွေကို အမုန်းဆုံးပဲ" ဟု ရေရွတ်လိုက်သည်။ ကမ္ဘာပျက်ကပ်တုန်းက အသက်ရှင်ဖို့ ခက်ခဲလိုက်တာ။ အခုက စစ်ပွဲကာလဆိုပေမယ့် ဖုတ်ကောင်တွေ ထကြွသောင်းကျန်းတဲ့အဆင့်ထိ မရောက်သေးဘူးလေ။ ဒါကို ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်တဲ့လား။ တော်တော်အသုံးမကျတဲ့လူပဲ။

နဉ်ထောင်စူးသည် အမေဖြစ်သူ ပစ်ချထားသော လူကို ကြည့်နေလေသည်။

"ကြည့်ရအောင်... သေချင်နေတဲ့သူက ဘယ်လိုရုပ်မျိုးလဲဆိုတာ" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

နဉ်ထောင်စူး "အာ..."

မှောက်နေသောလူကို ပက်လက်လှန်လိုက်ပြီး မျက်နှာကို မြင်လိုက်ရသောအခါ နဉ်ရှောင်ယောင်း ကြောင်အမ်းသွားလေသည်။

လိုကျစ်ကွေ့မှာ သတိမေ့မြောနေပြီး မျက်မှောင်ကြုတ်ထားကာ နာကျင်ခံစားနေရပုံ ပေါက်နေသည်။

သရဲတစ္ဆေ မြင်လိုက်ရသလိုပါပဲ။ ဒီလူက ဧကရာဇ်မင်း လုပ်ရတော့မှာ မဟုတ်ဘူးလား။ ဧကရာဇ် လုပ်ရတော့မယ့်လူက အနောက်တောင်ဘက်က တောင်နက်ကြီးထဲ လာပြီး ချောက်ကမ်းပါးပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ပေါ့လေ။ တိုင်းပြည်သိမ်းမယ့်အစီအစဉ် ပျက်သွားလို့များလား။ ဒီသတင်းလည်း မကြားမိပါဘူး။

"အာ... အာ... အာ..." နဉ်ထောင်စူးက နဉ်ရှောင်ယောင်းကို အော်လိုက်သည်။

နဉ်ရှောင်ယောင်း မျက်နှာကို လက်ဖြင့် နောက်တစ်ကြိမ် သပ်ချလိုက်ပြီး နဉ်ထောင်စူးကို ပြောလိုက်သည်။

"ကဲ... ဒီလူရဲ့မျက်နှာကို သေချာကြည့်ထား။ ဒီလူက နင့်အဖေပဲ။ သေချာကြည့်ထားနော်။ ကြီးလာမှ နင့်အဖေကို ပေးမတွေ့ရပါဘူးဆိုပြီး ငါ့ကို လာအပြစ်မတင်နဲ့"

နဉ်ထောင်စူးက နဉ်ရှောင်ယောင်းအနောက်မှ အသီးများကို ကြည့်နေသည်။ နောက်ထပ် အသီးတစ်လုံးလောက် ပေးပါဦးလို့!

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို စစ်ဆေးကြည့်လိုက်သည်။ ကိုယ်ပူချိန်တက်နေပြီး ခြေထောက်တွင် တိရစ္ဆာန်ကိုက်ခံထားရသော ဒဏ်ရာရှိသည်။ ဒဏ်ရာကို ဆေးထည့်ထားပြီးဖြစ်၍ ရောင်ရမ်းခြင်းမရှိသော်လည်း မိုးမိထားသဖြင့် ဒဏ်ရာဝ၊ ဒဏ်ရာနားတစ်ဝိုက် အနည်းငယ် နီရဲနေသည်။ ထပ်မံ ကုသပေးရဦးမည်။

"ဝတုတ်မလေး... ကြည့်လို့ ဝပြီလား" နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ ဒဏ်ရာကို ကုသပေးနေရင်း နဉ်ထောင်စူးကို မေးလိုက်သည်။ "ဝရင် သွားကြမယ်"

"အာ..." နဉ်ထောင်စူးက အော်လိုက်သည်။

"အိုကေ... ကြည့်လို့ ဝပြီပေါ့" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ဒါဆို သွားကြစို့"

"မင်း ဘယ်သွားမလို့လဲ"

ဘေးနားမှ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် နဉ်ရှောင်ယောင်း၏လက်များ တောင့်တင်းသွားလေသည်။

လိုကျစ်ကွေ့ မျက်လုံးပွင့်လာပြီး သူ့ရှေ့တွင် ထိုင်နေသောလူကို စူးစိုက်ကြည့်နေသည်။

နဉ်ရှောင်ယောင်း ခေါင်းလှည့်ကြည့်လိုက်သည်။

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း၏လက်ကိုဆွဲရန် လှမ်းလိုက်သည်။

နဉ်ရှောင်ယောင်းက ရှောင်လိုက်ပြီး လိုကျစ်ကွေ့ကို ပြုံးပြကာ "မင်္ဂလာပါ စစ်သေနာပတိချုပ်... နှုတ်ဆက်ပါတယ် စစ်သေနာပတိချုပ်" ဟု ပြောလိုက်သည်။

နဉ်ရှောင်ယောင်းက နဉ်ထောင်စူးကို ပွေ့ချီရန် ပြင်လိုက်စဉ် လိုကျစ်ကွေ့က ရုတ်တရက် ထလာပြီး နဉ်ရှောင်ယောင်းကို ဖက်ထားလိုက်ကာ "ရှောင်ယောင်း!" ဟု အော်ဟစ်လိုက်သည်။

နဉ်ရှောင်ယောင်းက "စစ်သေနာပတိချုပ်... ဒီလိုလုပ်တာ မကောင်းပါဘူး" ဟု ပြောလိုက်သည်။

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ဖက်ထားရင်း လွှတ်မပေးရဲပေ။ နဉ်ရှောင်ယောင်း၏ စွမ်းရည်ကို သူ သိသည်။ အခုသာ လွှတ်ပေးလိုက်ရင် နောက်တစ်ခါ ပြန်ရှာတွေ့ဖို့ ခက်ခဲသွားလိမ့်မည်။

နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့၏ လက်ကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။

"ကိုယ် မှားသွားပါတယ်"

နဉ်ရှောင်ယောင်း မလှုပ်ရှားခင် လိုကျစ်ကွေ့က အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။ "ဒီတစ်ခါ ကိုယ် အမှားကြီး မှားမိခဲ့တယ်"

"ကိစ္စမရှိပါဘူး" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ရှင့်ကို ခွင့်လွှတ်ပါတယ်"

လိုကျစ်ကွေ့ ဝမ်းသာသွားသည်။

"စစ်သေနာပတိချုပ်... ကျွန်မတို့ လမ်းခွဲကြရအောင်" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

လိုကျစ်ကွေ့၏ နှလုံးသား အောက်ဆုံးထိ ပြန်ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏လက်ကို ဖယ်ရှားလိုက်ပြီး စဉ်းစားကာ မေးလိုက်သည်။

"ရှင် ဘာလို့ ချောက်ကမ်းပါးပေါ်က ခုန်ချပြီး သေချင်ရတာလဲ"

လိုကျစ်ကွေ့ "..."

မိုးရွာပြီး လမ်းချော်လို့ တောင်စောင်းကနေ လျှောကျလာတာပါ။ တောင်စောင်းအဆုံးက ချောက်ကမ်းပါးဖြစ်နေလို့ မတော်တဆ ပြုတ်ကျလာတာပါ။

"ပြိုင်ဘက်နဲ့ တွေ့လို့လား" နဉ်ရှောင်ယောင်းက မေးလိုက်သည်။ "ဘယ်သူလဲ... အဲဒီလောက်တောင် စွမ်းလား"

လိုကျစ်ကွေ့ ဘယ်လိုဖြေရမလဲ မစဉ်းစားတတ်တော့ပေ။

"ဘုရားရေ..." နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ရှင် မိုဒူးကို ရှုံးခဲ့တာတော့ မဟုတ်ပါဘူးနော်။ ယုံနင်တိုင်းပြည် ကျဆုံးသွားပြီလား"

လိုကျစ်ကွေ့က "အခု ကိုယ့်မှာ ဘာမှမရှိတော့ဘူး၊ ကိုယ့်ဆီ ပြန်လာလို့ ရမလား" ဟု ဖြေချင်မိသော်လည်း နဉ်ရှောင်ယောင်းကို ထပ်မလိမ်ချင်တော့ပေ။ ခေါင်းခါလိုက်ပြီး "တိုင်းပြည် မကျဆုံးပါဘူး" ဟု ပြောလိုက်သည်။

"ဒါဆို ရှင်က ဘာလို့ ချောက်ကမ်းပါးပေါ်က ခုန်ချရတာလဲ"

"ကိုယ်..."

"ထားလိုက်ပါတော့" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ရှင် ခုန်ချချင်တာ မချချင်တာ ကျွန်မနဲ့မှ မဆိုင်တာ။ စစ်သေနာပတိချုပ်... ကျွန်မ မမေးခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ"

"မင်း..." လိုကျစ်ကွေ့က ပြောလိုက်သည်။ "ကိုယ့်ဆီ ပြန်မလာနိုင်တော့ဘူးလား"

နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ သူ ပြန်မလာချင်တော့။

လိုကျစ်ကွေ့မှာ ပြင်းထန်သော ရိုက်ချက်ဖြင့် အထုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

နဉ်ရှောင်ယောင်းသည် နဉ်ထောင်စူးကို ပွေ့ချီပြီး ထွက်သွားရန် ပြင်လိုက်သည်။

"မိဖုရားခေါင်ကြီးက မင်းကို သတ်မယ်လုပ်တုန်းက"

နဉ်ရှောင်ယောင်း ဂူအပြင်သို့ ထွက်တော့မည်ကို မြင်လိုက်ရသောအခါ လိုကျစ်ကွေ့ ရုတ်တရက် ဒေါသတကြီး ပြောလိုက်သည်။

"မင်း သူ့ကို လွှတ်ပေးခဲ့တယ်။ မယ်တော်ကြီးက မင်းကို သတ်မယ်လုပ်တုန်းကလည်း မင်း လွှတ်ပေးခဲ့တယ်။ ရှန့်ထျန်းကော ရှဲ့ဝမ်ယွမ်ကို ကယ်ထုတ်သွားတုန်းကလည်း မင်း သူနဲ့ သူငယ်ချင်း ဆက်လုပ်ခဲ့တယ်"

နဉ်ရှောင်ယောင်း နားမလည်နိုင်ဖြစ်ကာ လှည့်ကြည့်ပြီး "ရှင် ဘာပြောချင်တာလဲ" ဟု မေးလိုက်သည်။

"ကိုယ်က တစ်ရက်ပဲ နောက်ကျခဲ့တာလေ"

လိုကျစ်ကွေ့မှာ ယခုအချိန်တွင် ဒေါသအလွန်ထွက်နေပုံရသည်။

"ကိုယ် တစ်ရက်ပဲ နောက်ကျခဲ့တာကို ခွင့်မလွှတ်နိုင်ဘူးလား။ ဟုတ်တယ်... ကိုယ် တွေဝေခဲ့တယ်။ မင်း ဘာမှမဖြစ်လောက်ဘူး၊ ကိုယ်ရောက်တဲ့အထိ စောင့်နိုင်မှာပါလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ် နောင်တရပါတယ်။ ကိုယ် စစ်တပ်နဲ့ မြို့တော်ကို လာခဲ့ပါတယ်။ ကိုယ် တစ်ရက်ပဲ နောက်ကျခဲ့တာပါ... တစ်ရက်တည်းပါ!"

နဉ်ထောင်စူးသည် လိုကျစ်ကွေ့၏ အော်ဟစ်သံကြောင့် လန့်သွားပြီး ခေါင်းလေးကို နဉ်ရှောင်ယောင်း၏ လည်ပင်းကြားထဲတွင် ဝှက်ထားလိုက်သည်။

"မင်း ဘာလို့ မြို့ထဲပြန်ဝင်ပြီး ကိုယ့်ကို မရှာတာလဲ" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ "ရှောင်ယောင်း... မင်း ကိုယ့်ကို ရိုက်နိုင်တယ်၊ ဆဲနိုင်တယ်၊ ဒါပေမဲ့ ဒီလိုမျိုး နှိပ်စက်လို့ မရဘူး။ ကိုယ့်အပြစ်က ခွင့်လွှတ်လို့ မရနိုင်လောက်အောင် ကြီးမားနေလို့လား"

နဉ်ရှောင်ယောင်း မျက်နှာတည်သွားသည်။ ပါးပေါ်မှ အဆီလေးများ ပျောက်သွားသောအခါ နဉ်ရှောင်ယောင်း၏ မျက်လုံးများက ပို၍ ကြီးမားနေသယောင် ထင်ရသည်။

"ကျွန်မ မိဖုရားခေါင်ကြီးကို ခွင့်လွှတ်တယ်၊ မယ်တော်ကြီးကို မသတ်ဘူးဆိုတာက သူတို့က ကျွန်မအတွက် အရေးမပါလို့လေ။ သူငယ်ချင်း ဖြစ်နိုင်ရင် အကောင်းဆုံးပေါ့။ သူငယ်ချင်း မဖြစ်နိုင်ရင်လည်း သူစိမ်းလို နေလို့ရတယ်။ ရန်သူဖြစ်လာရင်လည်း ကျွန်မ သူတို့ကို မကြောက်ဘူး။ သခင်လေးက ရှဲ့ဝမ်ယွမ်ကို လွှတ်ပေးလိုက်ပေမယ့် ကျွန်မ သူနဲ့ သူငယ်ချင်း ဆက်လုပ်နိုင်တာက ဒီကိစ္စကို သူပိုင်တာမှ မဟုတ်တာ။ ကျွန်မက သူ့ကို သူငယ်ချင်းအဖြစ် ခင်ချင်လို့လေ"

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ငေးကြည့်နေမိသည်။

"ဒါပေမဲ့ ရှင်က မတူဘူး" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ကျွန်မက ရှင်နဲ့ တစ်သက်လုံး အတူနေသွားဖို့ စဉ်းစားထားတာ။ ရှင်လည်း အတူတူပဲလို့ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့..."

"ကိုယ် မင်းနဲ့ တစ်သက်လုံး အတူနေချင်တာပါ" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း၏ စကားကို ဖြတ်ပြောလိုက်သည်။

"ဒါပေမဲ့ ရှင် ရောက်မလာခဲ့ဘူးလေ" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ကျွန်မကတော့ ဘာမှမဖြစ်ပါဘူး၊ ဘယ်သူမှ ကျွန်မကို မသတ်နိုင်ဘူး။ ဒါပေမဲ့ မြို့တော်ထဲက လူတွေကျတော့ရော"

"ကိုယ် တစ်ရက်ပဲ နောက်ကျခဲ့တာပါ" လိုကျစ်ကွေ့က သူ့အတွက် သူ ကြိုးစားပြောဆိုရမည်ဟု ယူဆလိုက်သည်။ "မင်း မြို့ထဲက မထွက်ရင်တောင် မြို့တော်ထဲက လူတွေ ဘာမှဖြစ်မှာ မဟုတ်ပါဘူး"

"ဘာ..." နဉ်ရှောင်ယောင်း၏ မျက်နှာ ရှည်သွားသည်။ "ရှင့်သဘောက ကျွန်မက သေလမ်းရှာခဲ့တယ် ပေါ့လေ။ ဟုတ်လား။ ရှင်က ဒီလောက် စိတ်ပြောင်းလွယ်တဲ့လူမှန်း ကျွန်မ ဘယ်လိုလုပ် သိမှာလဲ"

လိုကျစ်ကွေ့ "..."

"အခု ဒါတွေ ပြောနေလို့လည်း အလကားပါပဲ" နဉ်ရှောင်ယောင်း ထွက်သွားချင်နေပြီ ဖြစ်သည်။ "ကျွန်မ နေကောင်းပါတယ်။ ရှင်လည်း ဂရုစိုက်ပါ"

"ရှောင်ယောင်း..."

လိုကျစ်ကွေ့သည် မြေကြီးပေါ်မှ မနည်းအားယူ ထရပ်လိုက်ပြီး နဉ်ရှောင်ယောင်းရှေ့သို့ ခြေတစ်ဖက်ထော့နဲ့ထော့နဲ့ လျှောက်လာကာ တုန်ရီသောအသံဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်... ကိုယ် သေသင့်ပါတယ်။ ကိုယ် တွေဝေခဲ့တယ်။ မြို့တော်ထဲက လူတွေကို မငဲ့ကွက်ခဲ့ဘူး။ မင်းကို အန္တရာယ်ထဲ ပစ်ထားခဲ့တယ်။ ကိုယ် အရမ်း နောင်တရပါတယ်။ နေ့တိုင်း နောင်တရနေမိတယ်။ ကိုယ် အသက်ရှည်ရှည်နေရမှာ မဟုတ်ဘူးလို့ ထင်တယ်။ ကိုယ် သေရမှာ ကြောက်တယ်။ သေသွားရင် မင်းကို ရှာမတွေ့တော့မှာ၊ ရှာတွေ့ရင်တောင် မင်းက ကိုယ့်ကို မတွေ့ချင်တော့မှာ ကြောက်တယ်"

နဉ်ရှောင်ယောင်း ခေါင်းငုံ့ထားလိုက်သည်။ မျက်နှာပေါ်မှအမူအရာကို လိုကျစ်ကွေ့ မမြင်စေချင်။

"ကိုယ့်ကို နောက်တစ်ကြိမ် ပြန်ချစ်လို့ မရဘူးလား" လိုကျစ်ကွေ့က မေးလိုက်သည်။ "ကိုယ်တို့ ပြန်စကြရအောင်။ ကိုယ် အရှက်မရှိဘူးလို့ပဲ သဘောထားလိုက်ပါ။ ကိုယ် မင်းကို တွယ်ကပ်ထားမယ်။ ရှောင်ယောင်း... ကိုယ့်ကို ဒီလို မလုပ်ပါနဲ့... နော်"

နဉ်ရှောင်ယောင်းသည် ခြေဖျားဖြင့် မြေကြီးပေါ်တွင် စက်ဝိုင်းပုံ ဝိုင်းနေပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"ရှင်ပြောတာ အမှန်တွေဆိုတာ ကျွန်မ ဘယ်လိုလုပ် သိနိုင်မှာလဲ"

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၈၂ ။ မင်္ဂလာပါ ငါ့ရဲ့သမီးလေး

"ကိုယ် ဘယ်လိုလုပ်ရင် မင်း ကိုယ့်ကို ပြန်ယုံမှာလဲ" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

နဉ်ရှောင်ယောင်း နှုတ်ခမ်းကို စူထားလိုက်သည်။

"ကိုယ့်အစ်ကိုကြီးကို ကယ်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း၏ လက်ကို ပြန်ဆွဲထားလိုက်ပြီး "ဧကရာဇ်အဖြစ် ကိုယ့်အစ်ကိုကြီးပဲ လုပ်ပါစေတော့။ နောက်ဆိုရင် မင်းဘယ်သွားသွား ကိုယ်လိုက်ခဲ့မယ်" ဟု ပြောလိုက်သည်။

နဉ်ရှောင်ယောင်း ခေါင်းကို ဆတ်ခနဲ မော့လိုက်သည်။ ဒီလောက်ထိ ကြိုးစားခဲ့ပြီးမှ၊ ခံစားချက်တွေတောင် ထိခိုက်ခဲ့ရပြီးမှ အခုကျမှ ဧကရာဇ် မလုပ်တော့ဘူးတဲ့လား။ သူ့ကို နောက်နေတာလား။

"ရှောင်ယောင်း" လိုကျစ်ကွေ့က တိုးတိုးလေး ခေါ်လိုက်သည်။

နဉ်ရှောင်ယောင်း ကြောင်အမ်းနေတုန်းမှာပင် နဉ်ထောင်စူးက လိုကျစ်ကွေ့ကို ကြည့်ပြီး 'အာ... အာ' ဟု အော်လိုက်သည်။ သူ့အမေနှင့် တစ်ပုံစံတည်းတူသော ဗာဒံစေ့ပုံသဏ္ဌာန် မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ရှေ့မှလူကို စိတ်ဝင်တစား ကြည့်နေလေသည်။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကိုသာ အာရုံစိုက်နေသဖြင့် နဉ်ထောင်စူးကို သတိမထားမိပေ။ ယခု နဉ်ထောင်စူး အော်လိုက်မှသာ နဉ်ရှောင်ယောင်း၏လက်ထဲမှ ကလေးမလေးကို ငုံ့ကြည့်မိလိုက်သည်။

"အာ..." နဉ်ထောင်စူးက လိုကျစ်ကွေ့ကို ကြည့်ပြီး အော်လိုက်ပြန်သည်။ အကျင့်ပါနေသော လက်လေးများကို ဆန့်ထုတ်ကာ လိုကျစ်ကွေ့ကို ချီခိုင်းနေလေသည်။

နဉ်ရှောင်ယောင်းက သူ့သမီးလက်ကို ရိုက်ချလိုက်သည်။ နင့်ရှေ့ကလူက ဘယ်လိုလူမှန်းသိလို့ သူများကို ချီခိုင်းနေတာလဲ။

"ယာ..." နဉ်ထောင်စူးက နဉ်ရှောင်ယောင်းကို အော်လိုက်သည်။

"မအော်နဲ့တော့" နဉ်ရှောင်ယောင်း စိတ်ညစ်နေသဖြင့် နဉ်ထောင်စူးကို ဟောက်လိုက်သည်။

နဉ်ထောင်စူးက သူ့အမေကို မကြောက်ပေ။ သူ့အမေ စိတ်ဆိုးပြေအောင် လက်ထဲမှ အချဉ်သီးကို နဉ်ရှောင်ယောင်း ပါးစပ်ထဲသို့ အတင်းထိုးထည့်ပေးလေသည်။

နဉ်ရှောင်ယောင်း ခေါင်းလွှဲလိုက်သည်။ သွားကျိလောက်အောင် ချဉ်တဲ့အသီးကို စားရအောင် သူ ရူးနေလို့လား။

လိုကျစ်ကွေ့သည် နဉ်ထောင်စူးကို အကဲခတ်ကြည့်လိုက်သည်။ ငါးလ ခြောက်လလောက် ရှိမည့် ကလေးမလေး။ မျက်နှာက ပီပီပြင်ပြင် မဖြစ်သေးသော်လည်း ဒီရုပ်ရည်က... လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ကြည့်ကာ မေးလိုက်သည်။

"သူက ဘယ်သူလဲ"

နဉ်ရှောင်ယောင်း ဘာမှမပြော။ ဒီကလေးက ဘယ်သူလဲဆိုတာ ရှင်နဲ့ မဆိုင်ဘူးဆိုသည့် ပုံစံမျိုးဖြင့် နေနေသည်။

"နဉ်ရှောင်လော့ရဲ့ မိန်းမက ကိုယ်ဝန်ဆောင်ထားတုန်း ရှိသေးတာ" လိုကျစ်ကွေ့က ပြောလိုက်သည်။ "ဒီကလေးက အများဆုံးရှိမှ ခြောက်လပဲ ရှိဦးမယ်။ ဒါ နဉ်ရှောင်လော့ရဲ့ ကလေး မဖြစ်နိုင်ဘူး"

နဉ်ရှောင်ယောင်း... ဒီလူက မလာခင် ရန်သူ့အခြေအနေကို စုံစမ်းလာသေးတာလား။

"သူက ဘယ်သူလဲ" လိုကျစ်ကွေ့က မေးလိုက်သည်။

"ကျွန်မအစ်ကို ကလေးပေါ့" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"အာ..." နဉ်ထောင်စူးက အော်လိုက်သည်။

"မအော်နဲ့ဆို" နဉ်ရှောင်ယောင်းက သူ့သမီးခေါင်းကို ပုတ်လိုက်သည်။

"ဒီကလေးက မင်းနဲ့ တူတယ်" လိုကျစ်ကွေ့က ပြောလိုက်သည်။

"ရှင် မြန်မြန် ပြန်တော့" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ဒီလောက် အပင်ပန်းခံထားပြီးမှ ဧကရာဇ် မလုပ်တော့ဘူးလား။ ရှင် လူတွေကို ကစားနေတာလား။ ရှင့်လက်အောက်ငယ်သားတွေက ဘယ်လိုလုပ်မလဲ"

"ကိုယ့်အစ်ကိုကြီး ရှိတယ်လေ" လိုကျစ်ကွေ့က ပြောလိုက်သည်။ "အနက်ရောင်နှင်းခဲမြင်းတပ်က အစကတည်းက သူ့တပ်ဖွဲ့ပဲလေ"

"ရှင် ရှင့်အစ်ကိုနဲ့ တိုင်ပင်ပြီးပြီလား"

"ကိုယ့်အစ်ကိုကြီးလည်း လာတယ်၊ ကိုယ်တို့ အစ်ကိုကြီးဆီ သွားပြောကြမယ်လေ"

"တော်ပါ" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ "ဒါက ရှင်တို့ ညီအစ်ကိုကိစ္စလေ၊ ကျွန်မကို လာမဆွဲထည့်နဲ့"

"မင်းကို တွေ့ပြီဆိုမှတော့ ကိုယ် ဘယ်လိုလုပ် လက်လွှတ်နိုင်မှာလဲ"

လိုကျစ်ကွေ့သည် ဂူဝတွင် ပိတ်ရပ်လိုက်ပြီး နဉ်ရှောင်ယောင်း၏လမ်းကို ပိတ်လိုက်သည်။

"ရှင်က ကျွန်မကို ဖိအားပေးတော့မလို့လား" နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။

လိုကျစ်ကွေ့ မလှုပ်မယှက် ရပ်နေသည်။ ကိုယ့်မိန်းမ ကိုယ်ပြန်ရဖို့အတွက် မျက်နှာလိုသေးလို့လား။ "ဒါ ကိုယ့်သမီးမလား" လိုကျစ်ကွေ့က နဉ်ထောင်စူးကို လက်ညှိုးထိုးပြီး မေးလိုက်သည်။

"မဟုတ်ဘူး" နဉ်ရှောင်ယောင်းက ပြတ်ပြတ်သားသား ငြင်းလိုက်ပြီး လိုကျစ်ကွေ့ကို တွန်းဖယ်ကာ ထွက်သွားရန် ပြင်လိုက်သည်။

ကောင်းကင်ယံမှ မိုးခြိမ်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မြေကြီးပင် တုန်ခါသွားသလို ခံစားလိုက်ရသည်။

နဉ်ထောင်စူးသည် နားကွဲမတတ် မိုးခြိမ်းသံကြောင့် ကြောက်လန့်သွားပြီး နဉ်ရှောင်ယောင်း၏ ရင်ခွင်ထဲသို့ မျက်နှာဝှက်ကာ ငိုမဲ့မဲ့ ဖြစ်လာလေသည်။

"မိုးခြိမ်းတာပါ" နဉ်ရှောင်ယောင်းက နဉ်ထောင်စူးကို ချော့လိုက်သည်။ "သဘာဝဖြစ်စဉ်ပါ၊ ကြောက်စရာ မလိုပါဘူး။ ငါတို့ မကြောက်ဘူးနော်"

နဉ်ရှောင်ယောင်း ပြောပြီးသည်နှင့် တပြိုင်နက် ကောင်းကင်ယံမှ မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ကျောက်ကမ်းပါးပေါ်မှ ကျောက်တုံးကြီးအချို့ ပြုတ်ကျကာ ရေကန်ထဲသို့ ကျရောက်ပြီး ရေများ ဗွမ်းခနဲ လွင့်စင်သွားလေသည်။

နဉ်ထောင်စူးသည် လုံးဝ ကြောက်လန့်သွားပြီး 'ဝါး' ခနဲ ထငိုလေတော့သည်။

နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ ဒီကလေးက တကယ်ပဲ သူ့နဲ့ မတူဘူး။ မိုးခြိမ်းတာလေးများ ဘာကြောက်စရာ လိုလို့လဲ။

"လိမ္မာတယ်... မငိုနဲ့တော့နော်" လိုကျစ်ကွေ့က မကြည့်ရက်တော့သဖြင့် နဉ်ထောင်စူးကို ပွေ့ချီရန် လက်လှမ်းလိုက်သည်။

နဉ်ထောင်စူးသည် သူ့ရှေ့သို့ လက်တစ်စုံ ရောက်လာသည်ကို မြင်သောအခါ လိုကျစ်ကွေ့၏ မျက်နှာကို မော့ကြည့်လိုက်ပြီး နဉ်ရှောင်ယောင်း၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ လိုကျစ်ကွေ့ထံသို့ လိုက်သွားရန် ပြင်လိုက်သည်။

သားအဖနှစ်ယောက်၏ လက်များ ထိမိခါနီးအချိန်တွင် နဉ်ရှောင်ယောင်းသည် ဂူအပြင်ဘက်မှ လှုပ်ရှားသံတစ်ခုကို ကြားလိုက်ရသဖြင့် လိုကျစ်ကွေ့ကို လှမ်းဆွဲလိုက်သည်။

သို့သော် လိုကျစ်ကွေ့ကမူ ထိုအချိန်တွင် နဉ်ရှောင်ယောင်းနှင့် နဉ်ထောင်စူးကို တစ်ပြိုင်နက် ဖက်ထားလိုက်သည်။

နဉ်ရှောင်ယောင်းသည် လူ့ခန္ဓာကိုယ်ထဲသို့ သံထည်ပစ္စည်း စိုက်ဝင်သွားသော အသံကို ကြားလိုက်ရသည်။ အသံက အလွန်လေးလံပြီး ကောင်းကင်ပြိုကျသကဲ့သို့ ခံစားလိုက်ရသည်။

လိုကျစ်ကွေ့၏ ခန္ဓာကိုယ်သည် အောက်သို့ ယိုင်ကျသွားသော်လည်း နဉ်ရှောင်ယောင်းနှင့် နဉ်ထောင်စူးကို ဖိမိမည်စိုး၍ လက်တစ်ဖက်ဖြင့် ဂူနံရံကို ထောက်ထားလိုက်သည်။

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို သူမနောက်ကျောဘက်သို့ ပို့လိုက်ပြီး ဂူအပြင်ဘက်မှ ဝင်လာသော ဓားချက်ကို လက်ဗလာဖြင့် ဖမ်းဆုပ်လိုက်သည်။

"ရှောင်ယောင်း..." လိုကျစ်ကွေ့က အော်လိုက်သည်။

နဉ်ရှောင်ယောင်းသည် နဉ်ထောင်စူးကို လိုကျစ်ကွေ့၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်ပြီး "ဒီလူတွေက ရှင့်လူတွေ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။

လိုကျစ်ကွေ့သည် ဂူနံရံကိုမှီလျက် တဖြည်းဖြည်း လျှောကျသွားသော်လည်း နဉ်ထောင်စူးကိုတော့ သေချာဖက်ထားဆဲပင်။

နဉ်ရှောင်ယောင်း၏ ဓားဖမ်းထားသောလက်တွင် သွေးများ ရဲရဲတောက်နေပြီး လက်ခလယ်မှ လက်ကောက်ဝတ်အထိ ပြတ်ရှသွားကာ အရိုးဖြူဖြူကိုပင် မြင်နေရသည်။

လိုကျစ်ကွေ့ စကားပြောချင်သော်လည်း သွေးထွက်လွန်မှုကြောင့် ခေါင်းမူးဝေလာပြီး အသံထွက်၍ မရတော့ပေ။

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ ပခုံးကို အမြန်ပုတ်လိုက်ပြီး ဂူအပြင်ဘက်သို့ ပြေးထွက်သွားလိုက်သည်။ လူဆယ်ယောက်ကျော် ရောက်လာသဖြင့် ဂူကျဉ်းကျဉ်းလေးထဲတွင် တိုက်ခိုက်ရန် မလွယ်ကူပေ။

ရောက်လာသော လူဆယ်ယောက်ကျော်သည် လုပ်ကြံသတ်ဖြတ်သူများ ဝတ်ဆင်လေ့ရှိသော အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်မထားဘဲ သာမန်အရပ်ဝတ်များကိုသာ ဝတ်ဆင်ထားကြသည်။ မျက်နှာများကိုလည်း ဖုံးကွယ်မထားကြပေ။ နဉ်ရှောင်ယောင်း တစ်ယောက်တည်း ပြေးထွက်လာသည်ကို မြင်သောအခါ သူတို့က နဉ်ရှောင်ယောင်းကို အရေးမစိုက်ကြပေ။ ကျောက်တုံးများ ပြုတ်ကျနေသည့်ကြားမှ လိုကျစ်ကွေ့ကို လုပ်ကြံရာတွင် အောင်မြင်ခဲ့ပြီဖြစ်၍ ယခု လိုကျစ်ကွေ့ မလှုပ်ရှားနိုင်တော့ဘဲ မိန်းကလေးတစ်ယောက်သာ ကျန်ရှိတော့သဖြင့် သူတို့၏ တာဝန်ကျေပွန်ပြီဟု ယူဆထားကြသည်။

"နင်တို့ကို ဘယ်သူလွှတ်လိုက်တာလဲ" နဉ်ရှောင်ယောင်းသည် မိုးထဲရေထဲတွင် ရပ်လျက် မေးလိုက်သည်။

လုပ်ကြံသူများသည် စကားမပြောဘဲ တညီတညွတ်တည်း ပြေးဝင်လာကာ နဉ်ရှောင်ယောင်းကို ဝိုင်းထားလိုက်ကြသည်။

နဉ်ရှောင်ယောင်းသည် ဂူဝမှ ထွက်လာကတည်းက ကျောက်တုံးတစ်တုံးကို ကောက်ကိုင်ထားပြီးဖြစ်သည်။ လူများ ပြေးဝင်လာသည်ကို မြင်သောအခါ နဉ်ရှောင်ယောင်း စတင်တိုက်ခိုက်လေတော့သည်။

တိုက်ပွဲက ခဏလေးအတွင်း ပြီးဆုံးသွားသည်။ သာမန်လူသားများနှင့် ဆင့်ကဲပြောင်းလဲထားသော လူသားတို့၏ တိုက်ပွဲတွင် သာမန်လူသားများ ရှုံးနိမ့်ရသည်မှာ ဓမ္မတာပင်။

နဉ်ရှောင်ယောင်းသည် သူ့လက်နက်ဖြစ်သော ကျောက်တုံးကို မြှောက်ကာ လုပ်ကြံသူတစ်ယောက်၏ ရှေ့တွင် ထိုင်ချလိုက်ပြီး "မြောက်ပိုင်း ဟူလူမျိုးလား" ဟု မေးလိုက်သည်။

ထိုလုပ်ကြံသူမှာ နဉ်ရှောင်ယောင်း၏ ရိုက်ချက်ကြောင့် ခြေထောက်ဒဏ်ရာရနေသည်။ မြေကြီးပေါ်တွင် လဲကျနေသော်လည်း သွေးစာချုပ်ရှိသူပီပီ နဉ်ရှောင်ယောင်း မေးသည်ကို ပြန်မဖြေဘဲ ပါးစပ်ပိတ်နေလေသည်။

"နင်မပြောလည်း ငါသိတယ်" နဉ်ရှောင်ယောင်းက မျက်နှာသစ်လိုက်ပြီး "နင့်ရုပ်ကို ကြည့်တာနဲ့ မြောက်ပိုင်း ဟူလူမျိုးမှန်း သိသာတယ်" ဟု ပြောလိုက်သည်။

လုပ်ကြံသူက နဉ်ရှောင်ယောင်း၏ လက်ကို စိုက်ကြည့်နေသည်။ ခုနက သူ့အဖော်၏ ဓားချက်ကြောင့် ဒီမိန်းကလေး လက်ပြတ်ရှသွားပြီး သွေးထွက်နေတာကို သူ သေချာမြင်လိုက်ရသည်။ အခုပြန်ကြည့်တော့ လက်ပေါ်မှာ ဒဏ်ရာတစ်ချက်မှ မရှိတော့ဘူး။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

"မိုဒူးက နင်တို့ကို လွှတ်လိုက်တာမလား" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "သူက ရှဲ့ဝမ်ယွမ်ကြောင့် ဒုက္ခမရောက်သေးဘူးလား"

လုပ်ကြံသူက နဉ်ရှောင်ယောင်းကို ပြူးကြည့်နေပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပေါ်လာကာ "မိစ္ဆာမ" ဟု အော်ဟစ်လိုက်သည်။

နဉ်ရှောင်ယောင်းက ကျောက်တုံးဖြင့် ထိုလုပ်ကြံသူကို ရိုက်ပြီး သတိမေ့စေလိုက်သည်။ မိစ္ဆာမလို့ ခေါ်တဲ့လူတွေကို သူ အမုန်းဆုံးပဲ။ နဉ်ရှောင်ယောင်း မတ်တတ်ရပ်လိုက်ပြီး မြေကြီးပေါ်တွင် လဲကျနေသော လုပ်ကြံသူများကို လိုက်ကြည့်လိုက်သည်။ မြောက်ပိုင်း ဟူလူမျိုးနှင့် ယုံနင်လူမျိုး တစ်ဝက်စီ ပါဝင်နေသည်။

"ရှဲ့ဝမ်ယွမ်ရဲ့ လူလား" နဉ်ရှောင်ယောင်းက ယုံနင်လူမျိုးတစ်ယောက်ကို မေးလိုက်သည်။

ထိုလူသည် ခုနက မြောက်ပိုင်း ဟူလူမျိုးထက် ပိုဆိုးရွားစွာ ခံစားနေရသည်။ ခြေထောက်နှစ်ဖက်လုံး ဒဏ်ရာရထားပြီး ခေါင်းလည်း ကွဲနေသည်။ နဉ်ရှောင်ယောင်းက ရှဲ့ဝမ်ယွမ်အကြောင်း မေးလိုက်သောအခါ ထိုလူ၏ ခန္ဓာကိုယ် တုန်လှုပ်သွားလေသည်။

"ရပြီ... နင် ပြောစရာ မလိုတော့ဘူး" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "နင် တုန်သွားတာကို ငါမြင်လိုက်တယ်။ ဒါဆို နင်က ရှဲ့ဝမ်ယွမ်ရဲ့ လူပဲပေါ့"

ထိုလူသည် ငြင်းချင်သော်လည်း ပါးစပ်ဟ၍ မရတော့ပေ။

ရှဲ့ဝမ်ယွမ် အသက်ရှင်နေသေးတယ်ပေါ့။ နဉ်ရှောင်ယောင်း စိတ်ညစ်သွားသည်။ လူဆိုးက တကယ်ပဲ အသက်ရှည်တာလား။

"ရှောင်ယောင်း..." လိုကျစ်ကွေ့က ဂူထဲမှ လှမ်းခေါ်လိုက်သည်။

နဉ်ရှောင်ယောင်း ဂူထဲသို့ ပြန်ဝင်လာပြီး "မိုဒူးနဲ့ ရှဲ့ဝမ်ယွမ်ရဲ့ လူတွေပဲ။ ရှင် သူတို့ရဲ့ ပစ်မှတ် ဖြစ်သွားပြီ" ဟု ပြောလိုက်သည်။

လိုကျစ်ကွေ့ မျက်မှောင်ကြုတ်လိုက်သည်။

"ရှင့်ဒဏ်ရာကို ပြစမ်း" နဉ်ရှောင်ယောင်းက ရှေ့တိုးလာပြီး လိုကျစ်ကွေ့၏ ဒဏ်ရာကို ကြည့်ရန် ပြင်လိုက်သည်။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း သူ့အင်္ကျီကို လှန်ပြီး ကျောကုန်းကို ကြည့်သည်အား ငြိမ်ငြိမ်လေး ခံယူနေသည်။ စိတ်ထဲတွင် ကျေနပ်နေမိသည်။ နဉ်ရှောင်ယောင်းက သူ့ကို ဂရုစိုက်နေသေးသည်မှာ သူ့အပေါ် သံယောဇဉ်ရှိနေသေးကြောင်း ပြသနေသည် မဟုတ်လား။

နဉ်ရှောင်ယောင်းသည် ဒဏ်ရာကို ကြည့်လိုက်သည်။ ဒဏ်ရာက အလွန်နက်ပြီး သွေးတိတ်သွားသော်လည်း အသားများ ကွဲအက်နေကာ ကြွက်သားများကိုပင် မြင်နေရသည်။ ဒါက အသက်အန္တရာယ် ရှိနိုင်သော ဒဏ်ရာဖြစ်သည်။ "ကျွန်မ ရှောင်နိုင်ရဲ့သားနဲ့ ရှင်က ဘာကိစ္စ ဝင်ခံလိုက်တာလဲ"

လိုကျစ်ကွေ့က ပြုံးလိုက်သော်လည်း စကားမပြောပေ။

"ရှင် သေလုနီးပါး ဖြစ်သွားပြီလေ" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "သေသွားရင် ဘယ်လိုလုပ် ဧကရာဇ် လုပ်တော့မှာလဲ"

"ကိုယ် မလုပ်တော့ဘူးလို့ ပြောပြီးပြီပဲ" လိုကျစ်ကွေ့က ပြောလိုက်သည်။ "ကိုယ် မင်းနဲ့အတူ လျှောက်လည်မယ်"

"ဘယ်... ဘယ်သူက လျှောက်လည်မယ် ပြောလို့လဲ" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ကျွန်မအစ်ကိုကြီးက ကျွန်မကို ဖုန်းချန်မြို့မှာ ဆေးခန်းဖွင့်ပေးမယ် ပြောထားတယ်။ ကျွန်မဆေးပညာနဲ့ဆိုရင် ပိုက်ဆံအများကြီး ရှာနိုင်မယ်တဲ့"

"ဒါဆိုရင် ကိုယ် မင်းဆီမှာ အလုပ်လာလုပ်ပေးမယ်" လိုကျစ်ကွေ့က ပြောလိုက်သည်။ "လစာမလိုဘူး၊ ထမင်းကျွေး နေရာပေးရင် ရပြီ"

နဉ်ရှောင်ယောင်း သူ့ရှေ့ကလူကို သတ်ပစ်ချင်သွားသည်။ ဓားခုတ်ခံထားရတာတောင် ဒီလူက စနောက်နေနိုင်သေးတယ်။

"မိုဒူးက အလယ်ပိုင်းလွင်ပြင်ကို မဝင်နိုင်ဘူး" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ဆက်ပြောလိုက်သည်။ "ဒီလိုဆိုရင် ရှဲ့ဝမ်ယွမ်က သူ့အတွက် အသုံးမဝင်တော့ဘူး။ လူမျိုးမတူတဲ့အတွက် မိုဒူးက ရှဲ့ဝမ်ယွမ်ကို အသက်ရှင်ခွင့် ပေးထားမှာ မဟုတ်ဘူး"

"အဲဒီကိစ္စ ကျွန်မ စိတ်မဝင်စားဘူး" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ငါနဲ့မှ မဆိုင်တာ"

"ကိုယ်နဲ့လည်း မဆိုင်တော့ပါဘူး" လိုကျစ်ကွေ့က ချက်ချင်း ဝင်ပြောလိုက်သည်။

"ကောင်းကောင်းပြောလို့ မရတော့ဘူးလား" နဉ်ရှောင်ယောင်း ဒေါသထွက်သွားသည်။ "ရှင်ကသာ အဲဒီလို တွေးမယ်ဆိုရင် ရှင့်ဆရာစကားကိုတောင် နားထောင်ခဲ့မှာလား။ ကျွန်မကို အရူးမှတ်နေလား။ လာချော့မနေနဲ့"

လိုကျစ်ကွေ့သည် ကိုယ်ကိုလှည့်ပြီး နဉ်ရှောင်ယောင်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

နဉ်ရှောင်ယောင်းက မျက်နှာတည်ဖြင့် "မှောက်လိုက်... ကျွန်မ ရှင့်ဒဏ်ရာကို ကုပေးမယ်။ တောင်ပေါ်က ဆင်းပြီးရင် ရှင် ရှင့်အစ်ကိုနဲ့အတူ ပြန်လိုက်သွားတော့။ လုပ်စရာရှိတာ သွားလုပ်ချေ" ဟု ပြောလိုက်သည်။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး "မလိုပါဘူး... မသေရင် ပြီးတာပဲ။ ကိုယ့်ဒဏ်ရာကို ကုပေးရင် မင်း ပင်ပန်းသွားလိမ့်မယ်" ဟု ပြောလိုက်သည်။

နဉ်ရှောင်ယောင်း အံ့သြသွားသည်။

"တိရစ္ဆာန်လေးတွေနဲ့ စကားပြောတတ်တယ်၊ ဒဏ်ရာတွေ ကုတတ်တယ်"

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း ကြောင်နေချိန်တွင် နဉ်ရှောင်ယောင်း၏မျက်နှာကို ကိုင်လိုက်ပြီး ပြောလိုက်သည်။

"ကိုယ့်အစ်ကိုကြီး ဒုက္ခိတဖြစ်နေတာကိုတောင် မင်း ကုပေးနိုင်ခဲ့တယ်။ ရှောင်ယောင်း... မင်းက သာမန်လူမဟုတ်ဘူးဆိုတာ ငါသိပါတယ်။ အဲဒီတုန်းက မင်း မသေနိုင်ဘူးဆိုတာ ကိုယ် ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ကိုယ် မှားသွားတယ်ဆိုတာ ကိုယ်သိပါတယ်။ အဲဒါက မင်းသေနိုင် မသေနိုင်ဆိုတဲ့ကိစ္စ မဟုတ်ဘူး။ ရန်သူတွေ မြို့ကိုဝိုင်းထားတဲ့အချိန်မှာ ကိုယ် ဘယ်ရောက်နေလဲဆိုတဲ့ကိစ္စပဲ"

နဉ်ရှောင်ယောင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ တကယ်တော့ သူမ ဘာကို စိတ်ဆိုးနေမှန်း ကိုယ်တိုင်လည်း မသိပေ။ သူမ စိတ်ဆိုးနေမိတာတော့ အမှန်ပင်။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ဖက်လိုက်သည်။ ကြားထဲတွင် ရောက်နေသော နဉ်ထောင်စူးကို မဖိမိအောင် သတိထားလိုက်သည်။ "မင်း အသက်ရှင်နေသေးတယ်ဆိုတာ သိရမှ ကိုယ့်ဘဝက နေပျော်သွားတော့တယ်။ မင်း မသေတာ တကယ် ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ် ရှောင်ယောင်း"

နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။ သူ နားမလည်။ သူ အသက်ရှင်တာကို လိုကျစ်ကွေ့က ဘာလို့ ကျေးဇူးတင်နေရတာလဲ။

"အာ..." နဉ်ထောင်စူးက လက်လှမ်းပြီး လိုကျစ်ကွေ့၏ မျက်နှာကို ကိုင်လိုက်သည်။

လိုကျစ်ကွေ့သည် သားအမိနှစ်ယောက်လုံးကို ရင်ခွင်ထဲ ထည့်လိုက်သည်။ နဉ်ရှောင်ယောင်း ဝန်မခံသော်လည်း ဒါ သူ့သမီးမှန်း သူ သိသည်။ သူ့သမီးပဲ ဖြစ်ရမည်။

"မင်္ဂလာပါ ငါ့ရဲ့သမီးလေး"

လိုကျစ်ကွေ့သည် နဉ်ထောင်စူး၏ ပါးဖောင်းဖောင်းလေးကို နမ်းလိုက်ပြီး နဉ်ရှောင်ယောင်း၏ လည်ပင်းကြားတွင် မျက်နှာအပ်ထားလိုက်သည်။ ခဏအကြာတွင် နဉ်ရှောင်ယောင်း၏ ပခုံးစွန်းတွင် မျက်ရည်များ ရွှဲစိုသွားလေသည်။

***

All Chapters