← Chapters

ဝမ်းနည်းမှု၌ နစ်မြောခြင်း

Vol. 6 Ch. 51

ဝမ်းနည်းမှု၌ နစ်မြောခြင်း

Vol. 6 Ch. 51

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၅၁)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

နှစ်ရက် ကြာပြီးချိန်တွင် ဖြစ်သည်။ ပိုင်ချူးရန်အနေဖြင့် တပည့်ဖြစ်သူ တန်ရော်ဝေအသုံးပြုရန် အခြေတည်ဆေးလုံး အမြောက်အများ ဖော်စပ်ပြီး ဖြစ်၏ ။ ထိုဆေးလုံးများမှာ ပိုင်ချူးရန် အနေဖြင့် အတိတ်ကာလတွင် သောက်သုံးခဲ့သည့် ဆေးလုံးများနှင့် အချိုးအဆ အပါအဝင် အရောင်အဆင်းလည်း တထပ်တည်းကျနေသည်။

သတင်းကြားပြီးချိန်၌ ဂိုဏ်းခေါင်းဆောင်အပါအဝင် အကြီးအကဲများက ကြယ်ခုနှစ်ခု တောင်ထွဋ်သို့ ရောက်လာကြသည်။

ဂိုဏ်းရှိ ရာထူးကြီးများ၏ စောင့်ကြည့်မှုတွင် တန်ရော်ဝေက ပူပန်မှုများဖြင့် လေ့ကျင့်ရေးအခန်းသို့ ဝင်သွားသည်။ ထို့နောက်တွင် အခြေတည်အဆင့်သို့ တက်လှမ်းရန် စတင်ကျင့်ကြံ၏ ။ ထိုအချိန်၌ ပိုင်ချူးရန်က တပည့်ဖြစ်သူနှင့် အလောင်းအစား ပြုထားသည့်အတွက် ရလဒ်သိရရန် အပြင်တွင် လမ်းလျှောက်ကာ စောင့်စားနေသည်။

ပိုင်ချူးရန်မှာ ‌သောကဖြင့် လမ်းလျှောက်နေသည့် မြင်ကွင်းကြောင့် ဂိုဏ်းမှ အကြီးအကဲများပင် တီတိုးဆွေးနွေးမိကြသည်။

"ကြည့်ဦး ဘိုးဘေးငယ် ဒီလိုဖြစ်တာကို မမြင်ရတာ တော်ဝောာ်ကြာပြီ… ဘိုးဘေး ပုံစံက မိန်းမ ကလေးမွေးတာကို စောင့်နေသလိုပဲ ကြည့်ရသလောက်တော့ ငါတို့ အစီအစဉ် အောင်မြင်တယ်… အနည်းဆုံးတော့ သူ ရော်ဝေကို စပြီးဂရုစိုက်လာပြီပဲ…"

"ဒါက အစ်ကိုကြီးပြောသလို ဂရုစိုက်တာမျိုးတော့ ဟုတ်မနေဘူးနော်…"

အကြီးအကဲ ခြောက်မှ ဝင်ပြောလာသည်။

"ဘာဖြစ်ဖြစ်… ထားပါတော့…"

အကြီးအကဲ ခုနှစ်က ပိုင်ချူးရန်အား စကားစလိုက်သည်။

"ဘိုးဘေးငယ် ဟိုလျှောက်ဒီလျှောက် လုပ်မနေပါနဲ့တော့… အခြေတည် အဆင့်လေးပဲကို ပူစရာတော့ မလိုပါဘူး… နောက်ပြီး ဘိုးဘေးငယ် အလောင်းအစားရှုံးရင်တောင် ကြီးကြီးမားမား ဆုံးရှုံးမှာမ မဟုတ်တာ…"

"ကဲ အခုငါ စိတ်မကြည်နေသေးဘူး…"

ပိုင်ချူးရန်က မျက်နှာသေဖြင့် ပြန်ပြောသည်။

"ဆရာတယောက် အနေနဲ့တော့ ငါ့တပည့် ရော်ဝေကို အဆင့်တက်ပြီး မသေမျိုးလမ်းစဉ်ပေါ် ရောက်စေချင်တာပေါ့… ဒါပေမယ့် တဖက်မှာကျတော့ ငါ့စိတ်ကူးထားတာ ရှိနေသေးတယ်… မင်းတို့ပဲ စဉ်းစားကြည့်ကြ ငါ့ကို အဖော်ပြုမယ့် သူတယောက် ရှိနေသေးရင် ငါတယောက်ပဲ အခြေတည်အဆင့် မတက်နိုင်တာ မဟုတ်တော့ဘူးလေ… ဘယ်လောက်တောင် ကောင်းလိုက်မလဲ…"

"လူသားတွေက အပေါင်းအဖော် မိတ်ဆွေ လိုချင်တာ သဘာဝပါပဲလေ…"

ကျူးယွမ်ကျီက နားလည်ကြောင်း ‌ပြောလာသည်။

"ရော်ဝေတော့ ဒီစကားကြားရင် ပျော်မယ်မထင်ဘူး…"

အကြီးအကဲခြောက်က မှတ်ချက်ပေးသည်။

တန်ရော်ဝေ၏ တံခါးပိတ်ကျင့်ကြံမှုမှာ သုံးရက်တိုင် ကြာမြင့်သည်။ ပိုင်ချူးရန်သည်လည်း အပြင်တွင် သုံးရက်ကြာ စောင့်စားနေ၏ ။

ထိုကာလ၌ ချူးရန်က အကြီးအကဲများအား ဂိုဏ်းအား စီမံမှုပြုလုပ်ရန် ပြန်လွှတ်ခဲ့သည်။ သို့သော်လည်း အကြီးအကဲများက စိတ်ဝိညာဉ် စစ်ဆေးမှုဖြင့် စောင့်ကြည့်နေကြ၏ ။ ကြယ်ခုနှစ်ခု တောင်ထွဋ်၌ ကီစွမ်းအင်များ စုဝေးလာချိန်၌ အဆင့်တက်မှု နောက်ဆုံး အနေအထားရောက်ပြီဟု သိလိုက်ကာ အကြီးအကဲများက စိတ်ဝိညာဉ်ဖြင့် စူးစမ်းကြသည်။ နောက်ဆုံးတွင် တန်ရော်ဝေ၏ အခန်းတံခါး ပွင့်လာသည်ကို သိလိုက်ရသည်။

မိန်းကလေးငယ်က တံခါးဖွင့်ကာ အပြင်သို့ ထွက်လာသည်။ ထိုမြင်ကွင်းပေါ်လာချိန်၌ ပိုင်ချူးရန်က မေးခွန်းထုတ်လိုက်တော့သည်။

"ရော်ဝေ ဘယ်လိုလဲ… အဆင့်တက်ခဲ့လား…"

တန်ရော်ဝေက ဆရာဖြစ်သူအား စိုက်ကြည့်၍ ရုတ်တရက် ပြုံးလိုက်သည်။ ထို့နောက် လက်မြောက်ကာ မြေပြင်အား ရိုက်ပုတ်သည်။

တန်ရော်ဝေ၏ ခန္ဓာကိုယ်မှ မြေဆွဲအားများ ထွက်ပေါ်လာကာ ခြံဝန်းရှိ မြေပြင်တွင် လက်ဖဝါးရာ ထင်ကျန်သွားသည်။

ပိုင်ချူးရန်က မြေပြင်ထက်မှ လက်ဝါးရာအား ကြောင်ငေးကြည့်နေမိသည်။ ထိုလက်ဝါးရာ၌ မြေဓာတ် မူလချီများ ရှိနေသည်ကို မြင်ရ၏ ။ ထိုသို့ ဖြစ်ရခြင်းမှ အခြေတည်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းပြီးကြောင်း ဖော်ပြနေခြင်းဖြစ်ပေသည်။

………

"ဂလု… ဂလု… ဂလု…"

ပိုင်ချူးရန်က ခြံဝန်းရှိ အဆောက်အဦး၏ လှေကားတွင် ထိုင်ကာ ဝိုင်ကရားတခုအား မော့နေသည်။ ထို့နောက်တွင် ခေါင်းငိုက်စိုက်ကျကာ မျက်ရည်များဖြင့် ရေရွတ်မိသည်။

"သေစမ်းကွာ… အခြေတည် အဆင့်ရောက်ဖို့ ခြောက်နှစ်ပဲ ကြာတာတဲ့လား…"

ကျူးယွမ်ကျီက သူ၏ ခြံဝန်းမှ ဒါဇင်ချီသည့် ဝိုင်ကရားများအား ကြည့်ကာ ‌ပြောလာသည်။

"ဘိုးဘေးငယ် လျော့သောက်ပါဦး…"

"ပါးစပ်ပိတ်ထားစမ်း… ငါဘယ်လောက် နာကျင်ခံစားနေရတယ်ဆိုတာကို မင်းနားမလည်ဘူး မဟုတ်လား… မင်းက ကာယကိုယ် ပေါင်းစပ်ခြင်းအဆင့်လေ…"

ပိုင်ချူးရန်က ဝိုင်ကရားအား နံရံသို့ ပစ်ပေါက်လိုက်၏ ။ ကျန်လက်တဖက်ဖြင့် ရင်ဘတ်အား ကာထားကာ ဆက်ပြောပြန်သည်။

"ငါဒီလိုနေ့ ရောက်လာမယ်ဆိုတာ မျှော်လင့်ထားပြီးသား ဒါပေမယ့် ဒီလောက်မြန်မယ် မထင်မိဘူး…ငါ့ဆရာက ငါ့ထက် ကျင့်ကြံမှုမြင့်တယ်… ဒါကတော့ သေချာပေါက် ဖြစ်သင့်တယ်… ငါ့ရဲ့ စီနီယာ အစ်ကိုအစ်မတွေကလည်း ကျင့်ကြံမှုမြင့်တယ်လား… ငါအရည်အချင်းနိမ့်နေတာ ဖြစ်မယ်… လွန်ခဲ့တဲ့ နှစ်သုံးထောင်လုံးမှာ ဒီလိုနေ့ရောက်လာမှာကို ကြောက်နေခဲ့ရတာ… နောက်ဆုံးမှာ ငါ့တပည့်က ငါ့ထက် ကျင့်ကြံမှု မြင့်သွားမှာလားပေါ့…"

ပိုင်ချူးရန်က အဖိုးတန် ဆေးပင်များဖြင့် ဖော်စပ်ထားသည့် အင်မော်တယ်ဝိုင် ကရားတခုအား ဆွဲယူကာ စကားစပြန်သည်။

"အားယိုး ဝိုင်ခါးခါးတွေ လည်ချောင်းထဲ ဝင်လာသလိုပဲ ငါ့ရင်ထဲလည်း နာကျင်နေရပြီ…

ပိုင်ချူးရန်က ပြောပြောဆိုဆိုဖြင့် စိတ်ဝိညာဉ် ကျောက်တုံး ထောင်ချီတန်သည့် ဝိုင်ကရားအား တကျိုက်တည်း မော့လိုက်တော့သည်။

All Chapters