ဓားချက်တခု လက်ဝါးချက်နှင့် လွတ်မြောက်ရေး နည်းလမ်း(၂)
Vol. 6 Ch. 55
နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၅၅)
မူရင်းစာရေးဆရာ -
ဘာသာပြန် - Author Aven
Team - True Immortal Team
တန်ရော်ဝေက ပိုင်ချူးရန်နှင့် သူမ၏ လက်ထဲမှ ဓားအား တလှည့်စီ စိုက်ကြည့်မိသည်။ ထို့နောက်တွင် မေးခွန်းမေးလိုက်သည်။
"ဆရာ ဒီတိုက်ကွက်က…"
"ဒီတိုက်ကွက်လား…"
ပိုင်ချူးရန်က ခေါင်းညိမ့်၍ ပြန်မေးသည်။
"ဘာထပ်လိုချင်သေးလို့လဲ…"
တန်ရော်ဝေက နားမလည်နိုင်စွာဖြင့် ပြောလာသည်။
"ဆရာက တပည့်ကို တွန်းအားပေး လေ့ကျင့်ခိုင်းပြီးတော့ အဆင့်တက်အောင် လုပ်တာ မဟုတ်လား… ဒါအကုန်လုံးက ဒီဓားချက်အတွက်ပဲပေါ့…"
"ဒါဆိုရင် ဒီဓားချက်ကို သေချာမြင်ရဲ့လား… တားဆီးလို့ ရတယ်ထင်တာလား…"
ပိုင်ချူးရန်က တပည့်ဖြစ်သူအား မေးခွန်းထုတ်နေသည်။
တန်ရော်ဝေက ခဏကြာ စဉ်းစားကာ နှုတ်ဆိတ်သွားတော့သည်။
"ဒီတိုက်ကွက်ကို သာမန် ဓားချက်လို့ ထင်မနေနဲ့… မူလချီနဲ့ ဆွဲအားကို ဟန်ချက်ညှိပြီးတော့ ဓားပျံစွမ်းအားကို မြင့်လိုက်တာက ဒီတိုက်ကွက်ရဲ့ အနှစ်သာရပဲ… ဒီတိုက်ကွက်ကို သုံးဖို့ အနိမ့်ဆုံး လိုအပ်ချက်က အခြေတည်အဆင့် ရောက်ဖို့ပဲ…"
ပိုင်ချူးရန်က စကားခဏရပ်ကာ လက်ဝါးပြင်အား စိုက်ကြည့်၍ ဆက်ပြောသည်။
"ဆရာပြောတာတော့ သာမန် အခြေအနေအတွက်ပဲ… ဒီတိုက်ကွက်ကို ကျွမ်းကျင်ရင် အဆင့်တူထဲမှာ ဓားချက်ကို တားနိုင်မှာ မဟုတ်ဘူး… ဒါပေမယ့် တဖက်သူမှာ အထူးနည်းလမ်း မရှိတာကိုပြောတာ…"
"ဒါပေမယ့် ဒီဓားချက် တခုတည်းနဲ့ တိုက်ခိုက်ရမှာလား…"
တန်ရော်ဝေက ပါးစပ် အဟောင်းသားဖြင့် ပြောလာသည်။
"ရန်သူကို တကွက်တည်းနဲ့ သတ်နိုင်တာကို ဘယ်လိုလှည့်ကွက်တွေ သုံးချင်သေးတာလဲ…"
ပိုင်ချူးရန်က တပည့်ဖြစ်သူအား ရှင်းပြပေးသည်။
"ရော်ဝေ အသွင်အပြင်ထက် အဓိကကို စဉ်းစားရမယ် ပြီးတော့ တိုက်ပွဲအခြေအနေပေါ့… ကျင့်ကြံသူတွေ တိုက်ပွဲမှာ အရေးအကြီးဆုံးဆိုတာ မရှိနေဘူး… ကျင့်ကြံမှုမြင့်ရင် ဘာတိုက်ကွက်မှ မသုံးဘဲလက်သီးချက် တခုတည်းနဲ့တောင် တောင်တန်းနဲ့ ကောင်းကင်ကို ဖျက်ဆီးပစ်နိုင်တယ်… ဒါပေမယ့် သိမ်မွေ့တိုက် တိုက်ကွက်တွေက ကျင့်ကြံမှု အားနည်းတာကို ကာထားပေးနိုင်တယ်… ထူးဆန်းတဲ့ မန္တန်တွေ ဆန်းပြားတဲ့ လှည့်ကွက်နဲ့ ဆန်းကြယ်တဲ့ အစီအရင်တွေက ကျင့်ကြံမှုနဲ့ တိုက်ကွက် လိုအပ်ချက်ကို ရေတို ဖြေရှင်းနိုင်တယ်… ဒီအရာတွေကို လေ့လာပြီးတော့ အသင့်တော်ဆုံး နည်းလမ်းကိုသိရင် တိုက်ခိုက်ရေးစွမ်းရည် မြှင့်နိုင်ပြီ…"
"ဒီဓားချက်က တပည့်အတွက် အသင့်တော်ဆုံး နည်းလမ်းလား…"
တန်ရော်ဝေက ထပ်မေးလာသေးသည်။
"ဒါတင် မကဘူးလေ… လက်ဝါးချက်နဲ့ လွတ်မြောက်ရေးနည်းလမ်း တခုလည်း သင်ပေးဦးမယ်… ဒါတွေ တတ်ထားရင် အခြေတည်အဆင့် ကျင့်ကြံသူတွေထဲမှာ အားကောင်းတဲ့အဆင့် ရောက်နေပြီလို့ ပြောလို့ရပြီ…"
ပိုင်ချူးရန်က ခေါင်းညိမ့်၍ အဖြေပေးနေသည်။
"အခုလက်တလောတော့ ဒါက ငါ့တပည့်အတွက်အသင့်တော်ဆုံးပဲ… နောက်ကျရင် ကိုယ်တိုင် စဉ်းစားပြီးတော့ တိုက်ခိုက်ရေး နည်းလမ်း ဖန်တီးရမယ်…"
ထို့နောက်တွင် ပိုင်ချူးရန်က တပည့်ဖြစ်သူ တန်ရော်ဝေအား လက်ဝါးချက် နည်းလမ်းနှင့် မြေကမ္ဘာ လွတ်မြောက်ရေး နည်းလမ်းအား ပေးလိုက်သည်။
ထိုလွတ်မြောက်ရေး နည်းလမ်းမှာ သာမန်မဟုတ်ပေ။ ပိုင်ချူးရန်မှ အားနည်းချက်များအား ပြင်ဆင်ကာ မွမ်းမံထားပြီး ဖြစ်၏ ။ သာမန် မြေကမ္ဘာ လွတ်မြောက်နည်းလမ်းများမှာ ပျော့ပျောင်းသည့် မြေပြင်၌သာ အလုပ်လုပ်သည်။ သို့သော်လည်း ပိုင်ချူးရန်၏ နည်းလမ်းမှာ မြေအောက်ဖြစ်နေလျှင်ပင် အလုပ်လုပ်၏ ။
ကျောက်ဆောက်၊ သဲ၊ သတ္တု၊ ရွှေ၊သံ သို့မဟုတ် ချော်ရည်ဖြစ်နေလျှင်ပင် အလယ်ဗဟိုသို့ ဦးတည်မှုမပြုပါက ဖြတ်သန်းသွားနိုင်သည်။
တနည်းအားဖြင့် ထိုလွတ်မြောက်ရေး နည်းလမ်း အသုံးပြုသူမှာ မိခင် မြေကမ္ဘာအတွင်း၌ လွတ်ခပ်စွာ လှုပ်ရှားနိုင်သည်။
ဓားချက်ကဲ့သို့ပင် လက်ဝါးချက်သည်လည်း ရိုးရှင်းလှသည်။ ရန်သူ ရင်ဘတ်အား အရှိန်အပြည့်ဖြင့် ရိုက်ခတ်ရုံသာ ဖြစ်သည်။
လက်ဝါးချက်၏ စွမ်းအားမှာကား ပြင်းထန်လှသည်။ ပိုက်ချူးရန်မှ အခြေတည်အဆင့် စွမ်းအားဖြင့် လူပုံသဏ္ဍာန် မီးတောင်ကျောက်အား ရိုက်ကာ သရုပ်ဖော်ပြသည်။ လက်ဝါးချက်ဖြင့် ထိမိချိန်၌ ထိုမီးတောင်ကျောက်ပင် အမှုန့်ဖြစ်သွားရသည်။
အကြောဂ်းပြချက်များ ရှိနေခြင်းကြောင့် တန်ရော်ဝေ၏ ခန္ဓာပြောင်းလဲခြင်း အတတ်၌ အောင်မြင်မှု မြင့်မားသည်။ ထိုအတတ်၏ အားဖြည့်မှုကြောင့် တန်ရော်ဝေ၏ လက်ဝါးချက်မှာ ဓားချက်ထက်ပင် အားသာသေးသည်။
အလြေတည်အဆင့် တက်လှမ်းပြီး ဖြစ်သည့်အတွက် တန်ရော်ဝေအနေဖြင့် မူလချီ ရရှိရုံသာမက စိတ်ဝိညာဉ် သိစိတ်သည်လည်း တိုးတက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ပိုင်ချူးရန် အနေဖြင့် သင်ကြားမည့် အရာများအား စိတ်အတွင်းသို့ တိုက်ရိုက် ပေးပို့နိုင်သည်။ တိုက်ကွက် နှစ်ခုအား သရုပ်ဖော်ပြီးချိန်၌ ချူးရန်က လေ့ကျင့်ရေး နည်းလမ်းအား တန်ရော်ဝေ၏ စိတ်အတွင်းသို့ ပေးပို့သည်။ ထို့နောက်တွင် တပည့်ဖြစ်သူအား ရှင်းပြပေးသည်။
"နောက်ထပ် သင်ပေးမယ့် ကျင့်ကြံရေး နည်းလမ်းက တာအိုဝိညာဉ်နဲ့ ဓားစည်းတံဆိပ်ပဲ…"
"ဒါက ဘာကြီးလဲ…"
တန်ရော်ဝေက သိလိုစိတ် ပြင်းပျနေသည်။
"တာအို ဆိုတာက ကျင့်ကြံသူတွေ လေ့လာတဲ့ လမ်းကြောင်းပေါ့… ဒီလောကမှာ တာအို အမျိုးအစား သုံးထောင်ရှိတယ်… ကျင့်ကြံသူ တယောက်က လေ့လာဖို့ တာအို တခု ဒါမှမဟုတ် တခုထက်ပိုပြီး ရွေးနိုင်တယ်… တာအိုကို လေ့လာရင်းကနေ အဆင့်တခု ရောက်ရင် ကျင့်ကြံသူရဲ့ အဆင့်အတန်းနဲ့ အနေအထားကိုလိုက်ပြီး စိတ်ထဲမှာ တာအိုဝိညာဉ် ပေါ်လာလိမ့်မယ်… ချီမင်ဓားဂိုဏ်းက ကျင့်ကြံသူတွေမှာတော့ ဓားတာအို ဝိညာဉ် ဖြစ်လာတာ များတယ်… ပုံစံပြောရရင်တော့ ကိုယ့်ပုံစံ အသေးစားကိုမှ ဓားရှည်ကိုင်ထားတာ… တာအို ဝိညာဉ်ပေါ်လာရင် ကျင့်ကြံသူက ကောင်းကင်ဉပဒေသအရ သိမ်မွေ့တဲ့ ဓားတိုက်ကွက် မဟုတ်ရင်လည်း ဓားပျံနည်းလမ်းတခုကို နားလည်သွားလိမ့်မယ်… တခြားတာအိုတွေမှာလည်း အသေးစိတ်တွေတော့ မတူနိုင်ဘူး ဒါပေမယ့် အခြေခံတော့ တူကြတယ်…"