တာအို ဝိညာဉ်နှင့် ဓားစည်းတံဆိပ်
Vol. 6 Ch. 56
နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၅၆)
မူရင်းစာရေးဆရာ -
ဘာသာပြန် - Author Aven
Team - True Immortal Team
ပိုင်ချူးရန်က လက်ချောင်းများ လှုပ်ခါက ဆက်လက်ရှင်းပြသည်။
"ဓားစည်းတံဆိပ်ဆိုတာ ကိုင်လို့ရတဲ့ စည်းတံဆိပ် အမျိုးအစားထဲကပဲ… ပြောရရင်တော့ ဒါက မင့်ဆရာရဲ့ အကျွမ်းကျင်ဆုံးလို့ ဝံ့ကြွားနိုင်တဲ့ အရည်အချင်းတခုပေါ့… လက်ရှိ ပြည်နယ် ကိုးခုမှာ စည်းတံဆိပ်နဲ့ ပက်သက်ရင် ငါ့ထက်သာတဲ့သူ မရှိဘူးဆိုတာ အာမခံနိုင်တယ်…"
ထိုသို့ ပြောနေချိန်တွင် ပိုင်ချူးရန်က ခေါင်းမော့ ရင်ကော့ထား၏ ။
တန်ရော်ဝေက မယုံနိုင်ဘဲ ဖြစ်နေသည်။ ထို့ကြောင့် မျက်တောင် ပုတ်ခတ်မှုအား အကြိမ်ရေမြင့်လိုက်မိသည်။
"ဒါဆိုရင် တပည့်က ဘာလို့ ဒီအကြောင်း မကြားဖူးတာပါလိမ့်…"
"ဘာလို့ ဆိုတော့ ဒီနေ့ခေတ် လူငယ်တွေက စိတ်မရှည်ကြလို့ စည်းတံဆိပ် ပညာကို မလေ့လာကြတော့ဘူး… မန္တန် အတတ်ပဲ လေ့ကျင့်ကြတော့တာ…"
ပိုင်ချူးရန်၏ လေသံ၌ ကြေကွဲမှု ပါဝင်နေသည်။
"ဘိုးဘေးတွေ ဖန်တီးထားတဲ့ စည်းတံဆိပ်ပညာက တာအိုနဲ့ အကိုက်ညီဆုံးဆိုတာကို မသိကြတော့ဘူးလေ… ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်တုံး…"
"အို…"
နှစ်များစွာ အနီးကပ်နေလာပြီး ဖြစ်သည့်အတွက် တန်ရော်ဝေက ဆရာဖြစ်သူ၏ စကားမှ အဓိက ဆိုလိုရင်းအား နားလည်မိလိုက်သည်။
"ရှင်းရှင်းပြောရရင် ဒီပညာရပ်က ကျင့်ကြံမှုအဆင့် မကန့်သတ်ထားပေမယ့် လေ့လာဖို့ ခက်တယ်… ဒါပေမယ့် စွမ်းအားမှာတော့ မန္တန်နဲ့ အတူတူပဲ… အကုန်လုံးက မန္တန်အတတ်ပဲ လေ့လာကြတော့တာ ဆရာက စည်းတံဆိပ်လေ့လာတယ်… အဲ့တာကြောင့်မို့ ဒီပညာရပ်ထဲ အကောင်းဆုံး ဖြစ်တာ… မှန်တယ် မဟုတ်လား…"
"တော်ပြီ ရပ်တော့… ရင်ဘတ်ပြားတဲ့အပြင် မနာခံတတ်နေသေးဘူးကိုး…"
ပိုင်ချူးရန်က မှတ်ချက်ပြုသည်။
"ဘယ်လိုတောင် ပြောရက်တာတုံး…"
တန်ရော်ဝေက တန်ပြန် စကားစစ်ထိုးလာ၏ ။
ဆရာတပည့် နှစ်ဦးသားက စကားနာထိုးနေကြရာမှ စကားလမ်းကြောင်း ပြောင်းပစ်ကြသည်။
"ပြောရရင် စည်းတံဆိပ်ပညာရပ်က လေ့လာဖို့ ခက်တယ်… ဆရာအနေနဲ့တော့ ငါ့တပည့်ကို ဆက်လေ့လာစေချင်တာေပါ့… လေ့လာဖို့ ခက်တယ်ဆိုတာက ထူးခြားချက် ရှိနေတာပဲ…"
ပိုင်ချူးရန်က ပြောနေသည်။
"ရော်ဝေ မင်းက ဆရာ့ရည်ရွယ်ချက်ကို နားမလည်နေသေးဘူး… မင်းက ရင်ဘတ်ပြားပြီးတော့ လျှာစောင်းထက်တဲ့အပြင် ဆရာ့စကား နားမထောင်ပေမယ့် ငါ့ရဲ့ တပည့်ဖြစ်နေတုံးပဲ… ငါက ဘာလို့ ဘေးဖြစ်အောင် လုပ်မလဲ…"
"ဟမ်…"
ထိုစကားကြောင့် တန်ရော်ဝေက ရယ်မိသွား၏ ။ သို့သော်လည်း စကားမပြန်ပေ။
"နှုဝ်ဆိတ်နေတယ်ဆိုကတည်းက လက်ခံတယ်လို့ သိတာပေါ့…"
ပိုင်ချူးရန်က ခြေထောက်ပုတ်လိုက်ကာ…
"ဒါဆိုရင် တာအိုဝိညာဉ် လေ့ကျင့်မဲ့ နည်းလမ်းနဲ့ စည်းတံဆိပ်ပညာ လေ့လာဖို့ ပညာမျိုးစေ့ ပေးမယ်…"
"ပညာမျိုးစေ့က ဘာများလဲ…'
တန်ရော်ဝေက မေးလာသည်။
"စည်းတံဆိပ် ပညာကို လေ့လာဖို့ စွမ်းအင်အမျိုးအစား တခုစီက မျိုးစေ့အဖြစ် ရှိနေရမယ်လေ… ဘယ်စွမ်းအင်ကို အခြေပြုတယ်ဆိုတာကနေ ဘယ်လောက်စွမ်းအားရှိတဲ့ စည်းတံဆိပ် လုပ်နိုင်သလဲဆိုတာ ပေါ်လာလိမ့်မယ်…"
ပိုင်ချူးရန်က တပည့်ဖြစ်သူအား ရှင်းပြနေသည်။
"ဒီအချက်ကြောင့်လည်း အကုန်လုံးက စည်းတံဆိပ် ပညာရပ်ကို ခက်ခဲတယ်ထင်တာ… အင်အား မရှိရင် အဆင့်မြင့် စွမ်းအင်မျိုးစေ့ မရှိနိုင်ဘူး မဟုတ်လား… ဒါပေမယ့် အင်အားရှိရင်လည်း စည်းတံဆိပ် လေ့ကျင့်တာက အမျိုးအစားတူ မန္တန်ကို လေ့ကျင့်တာလောက်တော့ မမြန်ဘူး… အဲ့တာကြောင့်လည်း လူတွေက စည်းတံဆိပ်အတတ်ကို အားနည်းတယ် ထင်ကြတာ… ဒါပေမယ့် ဆရာတို့မှာ အဲ့ပြဿနာ မရှိနေဘူး ငါ့တပည့်က အဆင့်နိမ့်နေပေမယ့် ဆရာ့မှာ အဆင့်မြင့် စွမ်းအင် ရှိထားတယ်…"
ပိုင်ချူးရန်က ပြောပြောဆိုဆိုဖြင့် လက်ဝါးဖြန့်လိုက်ရာ လက်ချောင်းထိပ်မှ ဓားအလင်းတခု ထွက်လာသည်။
"ဆရာ ဓားစည်းတံဆိပ်ကို စပြီး လေ့ကျင့်တုန်းက အရင်ခေတ်ရဲ့ ဓားအင်မော်တယ် တယောက် အလောင်းကနေ ဓားအလင်း ယူထားတာပေါ့… ဒါပေမယ့်လည်း အဲ့တာကို ဆရာပဲ သုံးလိုက်ပြီးပြီ… ဒီနေ့တော့ ဆရာရဲ့ ကိုယ်ပိုင် စွမ်းအင်မျိုးစေ့ပေးမယ်…"
စကားအဆုံး၌ တန်ရော်ဝေက နားလည်စွာဖြင့် လက်ဝါးဖြန့်လိုက်သည်။
ပိုင်ချူးရန်က လက်ချောင်းနှစ်ခုဖြင့် တပည့်ဖြစ်သူ၏ လက်ဖဝါးအား တို့ထိလိုက်ရာ ဓားအလင်း ဖြစ်တည်လာပြီး လက်ဝါးထက်၌ မြဲနေသည်။
"ဒီစွမ်းအင် မျိုးစေ့က ချီမင်ဓားဂိုဏ်း တည်ထောင်ကတည်းက နှစ်သုံးထောင်ကြာတဲ့အထိ ကြိုးပမ်းနေသေးတဲ့ ဒုတိယမျိုးဆက် တပည့် ပိုင်ချူးရန်ရဲ့ စွမ်းအင်…"
ပိုင်ချူးရန်က စကားခဏရပ်ကာ ပြုံးလိုက်၏ ။
"အရည်အသွေးက လုံလောက်တာထက်ကို ပိုတာပေါ့…"
………
ထိုသို့ဖြင့် အခြေတည်အဆင့် တက်လှမ်းပြီးသည့် တန်ရော်ဝေက ပိုင်ချူးရန်၏ လမ်းညွှန်မှုဖြင့် ခက်ခဲကြမ်းတမ်းသည့် လေ့ကျင့်မှု စတင်ပြီ ဖြစ်သည်။
အခြေခံ လေ့ကျင့်ခန်းများကို သင်ကြား လေ့လာရသည်က မြန်ဆန်မည် ဖြစ်၏ ။ သို့သော်လည်း တာအို ဝိညာဉ်နှင့် ဓားစည်းတံဆိပ်တို့အား ကျင့်ကြံရန်မှာ အချိန်များစွာ လိုအပ်သည်။ ထို့ကြောင့် ပိုင်ချူးရန်က စိတ်လောသည့် ခံစားမှုမျိုး ရှိမနေပေ။