← Chapters

အခန်း (၃၈၃-၃၈၄)

Vol. 24 Ch. 383-384

အခန်း (၃၈၃-၃၈၄)

Vol. 24 Ch. 383-384

၃၈၃ ။ ထောင်စူးရဲ့ နာမည်က နဉ်မျိုးရိုးပါ

နဉ်ရှောင်လော့သည် ခြေတံရှည်အိမ်၏ ဝရန်တာတွင် ထိုင်လျက် အပြင်ဘက်မှ မိုးရွာနေသည်ကို ငေးကြည့်နေသည်မှာ တစ်နာရီခန့်ပင် ရှိနေပြီဖြစ်သည်။

ကျီကျယ်က နောက်ဆုံးတွင် မနေနိုင်တော့ဘဲ သူ့ညီမကို မေးလိုက်သည်။

"သူ ဘယ်လောက်ကြာကြာ ဆက်ထိုင်နေဦးမှာလဲ"

ကျီယွဲ့ရုံက ပါးစပ်ထဲမှ ချဉ်ပေါင်သီးကို မျိုချလိုက်ပြီး အပြင်သို့ လှမ်းအော်လိုက်သည်။

"ရှင် ဒီအတိုင်း ဆက်ထိုင်နေဦးမှာလား။ ဘာကိစ္စရှိလဲ ပြောပြလေ"

နဉ်ရှောင်လော့က "ယွဲ့ရုံရေ... ငါ သေရတော့မယ်" ဟု ပြောလိုက်သည်။

"ရှင် ဘာလို့ သေရမှာလဲ"

နဉ်ရှောင်လော့က အခန်းထဲသို့ ဝင်လာပြီး "ငါ့အစ်ကိုက ငါ့ကို ရိုက်သတ်လိမ့်မယ်" ဟု စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

ကျီယွဲ့ရုံ နှုတ်ခမ်းမဲ့လိုက်ပြီး ရယ်ချင်နေသော်လည်း အောင့်ထားလိုက်သည်။ သူသာ ရယ်လိုက်ပါက သူ့ယောက်ျား ငိုချသွားမည်မှာ သေချာသည်။

"မဖြစ်လောက်ပါဘူး" အကြီးဆုံးသခင်လေးကျီက အတော်ကြာ စဉ်းစားပြီးမှ ထိုကဲ့သို့ နှစ်သိမ့်စကား ပြောလိုက်သည်။

တတိယသခင်လေးနဉ်က ငိုမဲ့မဲ့မျက်နှာဖြင့် "လိုကျစ်ကွေ့ ဒဏ်ရာရထားတာလေ။ ရှောင်ယောင်းက သူ့ကို ထမ်းခေါ်လာတာ။ ရှောင်ယောင်းက ထောင်စူးကိုခေါ်ပြီး တစ်ယောက်တည်း ထွက်သွားတာလေ။ တကယ် ကျွန်တော်နဲ့ မဆိုင်ပါဘူး" ဟု ပြောလိုက်သည်။

အကြီးဆုံးသခင်လေးကျီက "အေးလေ... အဲဒီအတိုင်း ပြန်ပြောလိုက်ရင် ပြီးတာပဲကို" ဟု ပြောလိုက်သည်။

နဉ်ရှောင်လော့က "အစ်ကိုကြီးက နားထောင်ပေးမှာ မှန်ပေမယ့် အစ်ကိုလတ်က ကျွန်တော့်စကားကို နားထောင်ပါ့မလား" ဟု ဝမ်းနည်းပက်လက် ပြောလိုက်သည်။

ကျီမောင်နှမနှစ်ယောက်မှာ... ဟုတ်သားပဲ၊ ဒါ ပြဿနာတစ်ခုပဲ။

"အစ်ကိုလတ်က ကျွန်တော့်ကို သေအောင် ရိုက်မှာ"

တတိယသခင်လေးနဉ်က ခေါင်းကိုဖက်လိုက်ပြီး ရုတ်တရက် ကျီယွဲ့ရုံကို "ရှောင်ယောင်းကို လိုကျစ်ကွေ့နဲ့အတူ အရင်ပြန်ခိုင်းလိုက်ပြီး ငါတို့က ဒီမှာ နောက်ထပ် လအနည်းငယ်လောက် ဆက်နေလိုက်ရင် ကောင်းမလား" ဟု မေးလိုက်သည်။

ကျီယွဲ့ရုံ သူ့ယောက်ျား၏ အူကြောင်ကြောင်နိုင်မှုကို ကြည့်မရတော့ဘဲ "အစ်ကိုလတ်က ရှင့်ကို သတ်ချင်နေရင် တောင်ပေါ်တက်ပြီး လာမရှာဘူးလို့ ထင်နေလား" ဟု ပြောလိုက်သည်။

နဉ်ရှောင်လော့ မျှော်လင့်ချက် ကုန်ဆုံးသွားလေသည်။

"ရှောင်လော့လော့" နဉ်ရှောင်ယောင်းက အောက်ထပ်မှ လှမ်းခေါ်လိုက်သည်။

နဉ်ရှောင်လော့က အောက်ထပ်မှ ထိုကောင်မလေးကို အဖက်မလုပ်ချင်ပေ။

"မိုးတိတ်သွားပြီ၊ ငါတို့ အိမ်ပြန်ကြမလား" နဉ်ရှောင်ယောင်းက အော်လိုက်သည်။

နဉ်ရှောင်လော့ ပြတင်းပေါက်အပြင်ဘက်သို့ မော့ကြည့်လိုက်သည်။ ဒီမိုးက ဘာလို့ တိတ်သွားရတာလဲ။

"ဟေး... ဟေး... ရှောင်လော့လော့" နဉ်ရှောင်ယောင်းက ဆက်အော်နေသည်။ "နင် အိပ်ပျော်နေတာလား"

"ငါ့ကို ရှောင်လော့လော့လို့ မခေါ်နဲ့လို့ ပြောထားတယ်လေ။ ငါက နင့်အစ်ကိုဟ" နဉ်ရှောင်လော့က ပြန်အော်လိုက်သည်။

"ရှောင်လော့လော့... ငါတို့ ဘယ်တော့ အိမ်ပြန်ကြမလဲ"

သည်းမခံနိုင်တော့သော တတိယသခင်လေးနဉ်က ဒေါသတကြီး "ငါ အိမ်မပြန်ဘူး" ဟု အော်လိုက်သည်။

"ဘာလို့လဲ" နဉ်ရှောင်ယောင်းက မေးလိုက်သည်။ "နင် ဘာတွေ ရူးနေတာလဲ။ မိန်းမ မီးဖွားခါနီးပြီကို စိတ်ကောက်ပြီး အိမ်က ထွက်ပြေးချင်နေတာလား"

"အေး... ငါ အိမ်က ထွက်ပြေးမလို့။ နင် ဘာပြောချင်သေးလဲ"

"နင့်ခြေထောက်ကို ရိုက်ချိုးပစ်မယ်" နဉ်ရှောင်ယောင်းက ဒေါသတကြီး ပြောလိုက်သည်။

တတိယသခင်လေးနဉ်က သူ့ဘဝကြီး ဆက်ရှင်သန်ဖို့ မဖြစ်နိုင်တော့ဘူးဟု ခံစားလိုက်ရသည်။ အစ်ကိုလတ်က သူ့ကို ရိုက်သတ်လိမ့်မည်။ ညီမဖြစ်သူက သူ့ခြေထောက်ကို ရိုက်ချိုးမည်ဟု ခြိမ်းခြောက်နေသည်။ ပြီးတော့ အစ်ကိုကြီးလည်း ရှိသေးသည်။ ဟွန်း... ထိုလူက ပိုကြောက်ဖို့ကောင်းသည်။ သူ့ကို သေတာထက်ဆိုးသော ဒုက္ခများ ပေးပေလိမ့်မည်။

နဉ်ရှောင်ယောင်းက အိမ်ပေါ်သို့ ဒုန်းဒုန်းဒုန်း ပြေးတက်လာရာ ကျီမောင်နှမနှစ်ယောက် ရှိနေသည်ကို မြင်သောအခါ ခဏမျှ ကြောင်အမ်းသွားပြီး ခေါင်းကိုလက်ဖြင့်အုပ်ကာ ဆောင့်ကြောင့်ထိုင်နေသော နဉ်ရှောင်လော့ကို လက်ညှိုးထိုးပြလျက် "သူ ဘာဖြစ်နေတာလဲ" ဟု မေးလိုက်သည်။

ကျီယွဲ့ရုံက နဉ်ရှောင်ယောင်းကို လက်ယပ်ခေါ်လိုက်သည်။ နဉ်ရှောင်ယောင်း သူ့အနား ရောက်လာမှ တိုးတိုးလေး မေးလိုက်သည်။

"ရှောင်ယောင်း... နင်နဲ့ စစ်သေနာပတိချုပ် ဘယ်လို စီစဉ်ထားလဲ"

နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်ပြီး "မသိဘူး... ငါ မစဉ်းစားရသေးဘူး"

"နင် မစဉ်းစားရသေးဘူး" နဉ်ရှောင်လော့က ကြမ်းပြင်ပေါ်မှ ခုန်ထလိုက်သည်။ "နင် မစဉ်းစားရသေးဘဲနဲ့ သူ့ကို ဘာလို့ ပြန်ခေါ်လာတာလဲ။ အဲဒီလူက နင့်ကို မြို့တော်မှာ သေမင်းနဲ့ ရင်ဆိုင်ဖို့ တစ်ယောက်တည်း ပစ်ထားခဲ့တာ နင် မေ့သွားပြီလား"

နဉ်ရှောင်ယောင်း ခေါင်းငုံ့ထားပြီး ဘာမှ ပြန်မပြောပေ။

"ငါ နင့်ကို ပြောထားမယ်နော်။ ငါ သဘောမတူဘူး" နဉ်ရှောင်လော့က ပြောလိုက်သည်။ "နင်သာ အဲဒီလူကို အိမ်ပြန်ခေါ်သွားရင် အစ်ကိုလတ်က သူ့ကို တန်းသတ်ပစ်မှာ။ နင် ယုံလား"

"သူ အိမ်ရောက်ပြီးပြီလေ" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "အစ်ကိုလတ်က သူ့ကို လက်ခံတွေ့ခဲ့တာပဲဟာ"

"မဖြစ်နိုင်ဘူး" နဉ်ရှောင်လော့က အော်လိုက်သည်။ "အစ်ကိုလတ်ကို တွေ့ပြီးမှ သူ အသက်ရှင်နေသေးတယ် ဟုတ်လား" သူ့အစ်ကိုလတ်က ဘယ်တုန်းက ဒီလောက် သဘောထားကြီးသွားတာလဲ။

"စစ်သေနာပတိချုပ်ကိုယ်တိုင် ပြောတာပဲ" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "သူ အစ်ကိုကြီးနဲ့လည်း တွေ့ခဲ့တယ်တဲ့။ ပြီးတော့ ရှောင်ပိုင် အကိုက်ခံလိုက်ရလို့ ရှောင်ပိုင်နောက်ကို လိုက်ပြီး တောင်ပေါ် တက်လာတာတဲ့။ လုပ်ကြံသူတွေက သူ့နောက်ယောင်ခံလိုက်ပြီး တောင်ပေါ် ရောက်လာပုံရတယ်"

"ရှောင်ပိုင်က အတာပဲ" နဉ်ရှောင်လော့က ပြောလိုက်သည်။

"ရှောင်ပိုင်က အစကတည်းက ဉာဏ်မှ မကောင်းတာ" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

နဉ်ရှောင်လော့ မတရားဘူးဟု ခံစားလိုက်ရသည်။ အစ်ကိုကြီးနှင့် အစ်ကိုလတ်က လိုကျစ်ကွေ့ကို တွေ့တာတောင် မသတ်ခဲ့ဘဲ သူက လိုကျစ်ကွေ့ကို မတားဆီးနိုင်ခဲ့ရုံဖြင့် အသတ်ခံရတော့မယ်တဲ့လား။ ဒါ ဘယ်လို တရားမျှတမှုလဲ။

"ဒါဆို နင် သေချာစဉ်းစားထားမှဖြစ်မယ်" ကျီယွဲ့ရုံက နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "မဟုတ်ရင် အိမ်ပြန်ရောက်တဲ့အခါ အဖေနဲ့အမေ၊ ပြီးတော့ အစ်ကိုကြီးနဲ့ အစ်ကိုလတ်ကို ဘယ်လိုပြောမလဲ"

"ဒါဆို... ဒါဆို ငါတို့ ဒီမှာပဲ နေကြမလား" နဉ်ရှောင်ယောင်းက မေးလိုက်သည်။

ကျီယွဲ့ရုံ ရယ်လိုက်မိသည်။ ဒီကိစ္စကို သူက ဘယ်လိုလုပ် ဆုံးဖြတ်ပေးလို့ ရမှာလဲ။

"ပြန်တာပဲ ကောင်းပါတယ်"

ကျီကျယ်ကတော့ လိုကျစ်ကွေ့ကို ကူညီချင်စိတ် ရှိနေသည်။ အရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ လိုကျစ်ကွေ့က အနောက်တောင်ဘက်အထိ တကူးတက လိုက်လာနိုင်တာကိုကြည့်ရင် လိုသခင်လေးလေးက ရက်စက်တတ်တဲ့လူ မဟုတ်ဘူးဆိုတာ သက်သေပြနေတာပဲ။

နဉ်ရှောင်လော့က နဉ်ရှောင်ယောင်းကို ကြည့်ပြီး ဒေါသတကြီး ပြောလိုက်သည်။

"ငါ ထပ်ပြောမယ်နော်။ ငါ... လုံး... ဝ... သ... ဘော... မ... တူ... ဘူး!"

နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်ပြီး "ငါ အထုတ်သွားသိမ်းလိုက်ဦးမယ်" ဟု ပြောကာ ထွက်ပြေးသွားလေသည်။

နဉ်ရှောင်ယောင်း ထွက်သွားပြီးနောက် ကျီယွဲ့ရုံက "ရှင် သဘောမတူတော့ရော ဘာထူးမှာလဲ" ဟု အေးစက်စက် ပြောလိုက်သည်။

တတိယသခင်လေးနဉ်မှာ ဇနီးသည်၏ စကားကြောင့် ဆွံ့အသွားလေသည်။

"အဖေနဲ့အမေ၊ အစ်ကိုကြီးနဲ့ အစ်ကိုလတ်တောင် သဘောတူထားပြီးမှ ရှင်တစ်ယောက်တည်း သဘောမတူလို့ ဘာလုပ်လို့ရမှာလဲ" ကျီယွဲ့ရုံက မေးလိုက်သည်။

တတိယသခင်လေးနဉ် ဘာမှ ပြန်မပြောနိုင်တော့ပေ။

....

ငါးရက်အကြာတွင် နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို ခေါ်လျက် ယွဲ့ကော်ကုန်းအိမ်တော်သို့ ပြန်ရောက်လာကြသည်။

ယွဲ့ကော်ကုန်းသည် သတင်းကြားကြားချင်း လက်ဖက်ရည်ခွက် လွတ်ကျကွဲသွားပြီး "ဒဏ်ရာရလာတယ် ဟုတ်လား" ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။

"သွားစုံစမ်းစမ်း... အဲဒီလုပ်ကြံသူတွေကို လိုကျစ်ကွေ့ကိုယ်တိုင် စီစဉ်ခိုင်းထားတာလားလို့။ အဲဒီကောင်စုတ် ငါ့သမီးကို ထပ်ပြီး လှည့်စားရဲရင်တော့ ငါ သူ့ကို အသေသတ်မယ်"

ဒုတိယသခင်လေးနဉ်က မျက်ခွံပင် မပင့်ဘဲ "လူကို ရှောင်ယောင်းက ပြန်ခေါ်လာတာလေ၊ အဖေက ဘယ်လိုလုပ် သတ်မှာလဲ" ဟု ပြောလိုက်သည်။

ယွဲ့ကော်ကုန်းမှာ... သူ့အလတ်ကောင် ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။

ဒုတိယသခင်လေးနဉ် မတ်တတ်ရပ်ကာ ထွက်သွားလေသည်။ ဒီကိစ္စ သူ ဝင်မပါတော့။

ယွဲ့ကော်ကုန်းက အကြီးဆုံးသခင်လေးနဉ်ကို ကြည့်ကာ "မင်း ဘယ်လိုသဘောရလဲ" ဟု မေးလိုက်သည်။

အကြီးဆုံးသခင်လေးနဉ်က "အရင်ဆုံး လုပ်ကြံသူတွေကို စစ်ဆေးမေးမြန်းကြည့်တာပေါ့" ဟု ပြောလိုက်သည်။

"ပြီးရင်ရော" ယွဲ့ကော်ကုန်းက မေးလိုက်သည်။

အကြီးဆုံးသခင်လေးနဉ် ပြုံးလိုက်ပြီး သူလည်း ထွက်သွားလေသည်။

ယွဲ့ကော်ကုန်းက "မင်း စကားပြောလို့ မရဘူးလား" ဟု ပြောလိုက်သည်။ ဘယ်လိုသားတွေပါလိမ့်။

....

နဉ်ထောင်စူးက လိုကျစ်ကွေ့အပေါ် အလွန်ကပ်တွယ်နေသည်။ ဒီရက်ပိုင်း လိုကျစ်ကွေ့အနားတွင်သာနေပြီး နဉ်ရှောင်ယောင်းကိုပင် လှည့်မကြည့်တော့ပေ။

နဉ်ရှောင်ယောင်းသည် ကုတင်စွန်းတွင် ထိုင်လျက် သားအဖနှစ်ယောက် စကားပြောနေသည်ကို ကြည့်နေသည်။ လိုကျစ်ကွေ့ ဘာပြောပြော နဉ်ထောင်စူးက 'အာ... အာ' ဟုသာ အော်ဟစ်နေပြီး ထိုသားအဖနှစ်ယောက် ပျော်ရွှင်စွာ ရယ်မောနေကြသည်။

"ထောင်စူးက ကိုယ့်ကို သဘောကျတယ်" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ ရုပ်ချောရင် ဒီဝတုတ်မလေးက သဘောကျတာချည်းပဲ။

"အာ..." နဉ်ထောင်စူးက နဉ်ရှောင်ယောင်းကို အော်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း" နဉ်ရှောင်ယောင်း စိတ်ရှုပ်နေသည်။

နဉ်ထောင်စူးသည် လိုကျစ်ကွေ့၏ ရင်ခွင်ထဲသို့ ပြန်တိုးဝင်သွားသည်။ သူက သူ့ဆီက အစာလုစားတဲ့ အမေကို မချစ်ဘူး။

"ရေနည်းနည်းလောက် ပေးပါလား" လိုကျစ်ကွေ့က ပြောလိုက်သည်။

နဉ်ရှောင်ယောင်း ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။ လိုကျစ်ကွေ့က ရေတစ်ဝက်သောက်ပြီး နဉ်ထောင်စူးက ကျန်တစ်ဝက် သောက်လိုက်သည်။ အလုပ်လုပ်ပေးရသူမှာ ရေတစ်စက်မှ မသောက်ရပေ။

"စတုတ္ထသခင်မလေး..." အစေခံမလေးတစ်ယောက်၏ အသံ အပြင်မှ ထွက်ပေါ်လာသည်။ "သခင်မကြီးက စတုတ္ထသခင်မလေးကို ခေါ်ခိုင်းလိုက်ပါတယ်"

"အမေ့ဆီ သွားလိုက်ဦးမယ်" နဉ်ရှောင်ယောင်း မတ်တတ်ရပ်လိုက်သည်။

"ရှောင်ယောင်း..." လိုကျစ်ကွေ့က ထွက်သွားတော့မည့် နဉ်ရှောင်ယောင်းကို လှမ်းခေါ်လိုက်ပြီး "ပြန်လာရင် ကိုယ့်အတွက် စားစရာလေးတစ်ခုလောက် ယူလာပေးပါလား၊ ဗိုက်ဆာလို့" ဟု ပြောလိုက်သည်။

နဉ်ရှောင်ယောင်း မျက်နှာသေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

နဉ်ရှောင်ယောင်း အခန်းထဲမှ ထွက်သွားသည်ကို ကြည့်ပြီးနောက် လိုကျစ်ကွေ့သည် ခေါင်းငုံ့ကာ နဉ်ထောင်စူးကို တိုးတိုးလေး ပြောလိုက်သည်။

"အဖေက အခု မင်းအမေကို ဒီလိုပဲ ကပ်တွယ်ထားမှရမှာ။ သူ အဖေ့ကို ဂရုစိုက်နေသရွေ့ အဆင်ပြေတယ်"

နဉ်ထောင်စူးက လိုကျစ်ကွေ့ကို ရယ်ပြပြီး လက်ထဲမှ ဘီစကွတ်မုန့်အသေးလေးကို လိုကျစ်ကွေ့ပါးစပ်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

လိုကျစ်ကွေ့သည် သမီးဖြစ်သူ ခွံ့ကျွေးသော မုန့်ကို စားလိုက်ရသဖြင့် ရင်ထဲတွင် ဖော်ပြမတတ်သော ပီတိမျိုး ခံစားလိုက်ရသည်။

"အာ..." နဉ်ထောင်စူးက မုန့်ပုံးထဲမှ နောက်ထပ် ဘီစကွတ်တစ်ခုကို ယူလိုက်ပြီး ပါးစပ်ထဲထည့်ကာ အကြာကြီး စုပ်နေလေသည်။ သွားရည်များကြောင့် ဘီစကွတ်မုန့် ပျော့သွားမှ နဉ်ထောင်စူးက ထိုမုန့်ကို မြှောက်ကာ လိုကျစ်ကွေ့၏ ပါးစပ်ထဲသို့ ထိုးထည့်ပေးလိုက်ပြန်သည်။

လိုကျစ်ကွေ့သည် ပုံမှန်အားဖြင့် သန့်ရှင်းမှုကို အလွန်ဂရုစိုက်တတ်သူ ဖြစ်သော်လည်း ဝတုတ်တုတ်သမီးလေး၏ ရှေ့တွင်တော့ သူ၏သန့်ရှင်းမှု စံနှုန်းများ ပျောက်ကွယ်သွားလေသည်။ ပါးစပ်ဟပြီး ထိုမုန့်ကို စားလိုက်ကာ နဉ်ထောင်စူးကို ရင်ခွင်ထဲ ပွေ့ဖက်ပြီး နမ်းလိုက်သည်။ နဉ်ထောင်စူး တခစ်ခစ် ရယ်မောသံ ကြားလိုက်ရသောအခါ လိုကျစ်ကွေ့လည်း လိုက်ရယ်မိလေသည်။

တံခါးဖွင့်၍ ဝင်လာသော ယွဲ့ကော်ကုန်းသည် ကုတင်ပေါ်မှ သားအဖနှစ်ယောက်ကို မြင်လိုက်ရသောအခါ မျက်နှာချက်ချင်း မည်းမှောင်သွားလေသည်။ သူ့သမီး ကိုယ်ဝန်ဆယ်လ လွယ်ထားပြီး မွေးဖွားတုန်းက ဒီကောင်စုတ် ဘယ်ရောက်နေသလဲ။ အခု မြေးမလေးက ကျန်းမာပြီး ရယ်တတ်ပြုံးတတ် ကစားတတ်လာမှ ဒီကောင်စုတ် ရောက်လာသည်။ အစောပိုင်းက ဘာလုပ်နေသလဲ။

ယွဲ့ကော်ကုန်း ဝင်လာသည်ကို မြင်သောအခါ လိုကျစ်ကွေ့သည် မနည်းအားယူ၍ ထထိုင်လိုက်ပြီး "အဖေ..." ဟု ခေါ်လိုက်သည်။

ယွဲ့ကော်ကုန်း သွေးအန်လုမတတ် ဖြစ်သွားသည်။ ဒီကောင် မျက်နှာပြောင်လှချည်လား။

"အဖေ... ကျွန်တော်..."

"ငါ့မှာ မင်းလောက် အသက်ကြီးတဲ့သား မရှိဘူး" ယွဲ့ကော်ကုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "လိုချန်ယင်း... ငါ မင်းကို ဘာမှမလုပ်ရဲဘူးလို့ မထင်နဲ့နော်"

"ကျွန်တော် မထင်ရဲပါဘူး" လိုကျစ်ကွေ့က ရိုးသားစွာ ပြောလိုက်သည်။ "ကျွန်တော် ရှောင်ယောင်းအပေါ် အမှားလုပ်ခဲ့မိပါတယ်။ အဖေ ကျွန်တော့်ကို သတ်ချင်သတ်၊ ခုတ်ချင်ခုတ်နိုင်ပါတယ်"

"ငါ မင်းကို မသတ်ဘူး၊ မင်းကို အသားလွှာမှာလည်း မဟုတ်ဘူး" ယွဲ့ကော်ကုန်းက ပြောလိုက်သည်။ "ငါ မင်းအစ်ကိုကို လာခေါ်ခိုင်းလိုက်ပြီ။ မင်း မြန်မြန်ထွက်သွားရင် ပြီးတာပဲ"

လိုကျစ်ကွေ့ ခေါင်းငုံ့လိုက်ပြီး ချက်ချင်း ပြန်မော့လာကာ တည်ငြိမ်သောလေသံဖြင့် "ကျွန်တော် ရှောင်ယောင်းကို လက်မလွှတ်နိုင်ပါဘူး" ဟု ပြောလိုက်သည်။

ယွဲ့ကော်ကုန်း စဉ်းစားလိုက်သည်။ ငါ ဒီကောင်စုတ်ကို သတ်ပစ်လိုက်တာပဲ ကောင်းမယ်။

.....

"အဖေက လိုကျစ်ကွေ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး" ပြတင်းပေါက်အပြင်ဘက်တွင် ချန်ရှီက အကြီးဆုံးသခင်လေးနဉ်ကို ပြောလိုက်သည်။ "ယောက်ျား ဝင်သွားလိုက်ပါလား"

"ဒီလူက အခု အရှက်မရှိတော့ဘူး" အကြီးဆုံးသခင်လေးနဉ်က ပြောလိုက်သည်။ "အလတ်ကောင်ကို ဝင်သတ်ခိုင်းမလား၊ ဒါမှမဟုတ်..."

ချန်ရှီသည် အကြာကြီး စောင့်နေသော်လည်း အကြီးဆုံးသခင်လေးနဉ်က ဆက်မပြောသဖြင့် "ဒါမှမဟုတ် ဘာလုပ်မလဲ" ဟု စိတ်မရှည်စွာ မေးလိုက်သည်။

"ရှောင်ယောင်းရဲ့ သဘောထားကို ကြည့်ရမှာပေါ့" အကြီးဆုံးသခင်လေးနဉ်က ပြတင်းပေါက်မှ လှည့်ထွက်သွားလေသည်။

"ဘာ..." ချန်ရှီက ခင်ပွန်းသည်နောက်သို့ လိုက်သွားပြီး "ရှင်ပြောတာ ဘာသဘောလဲ" ဟု မေးလိုက်သည်။ ချန်ရှီနှင့် အကြီးဆုံးသခင်လေးနဉ်သည် ငယ်ချစ်များဖြစ်ကြပြီး ယခုအချိန်ထိ အတူလက်တွဲလာခဲ့ကြရာ ခင်ပွန်းသည်၏ စရိုက်ကို ချန်ရှီ အသိဆုံးဖြစ်သည်။ ဤလူသည် အချိန်မရွေး နေရာမရွေး လူကို တွင်းတူးမြှုပ်နိုင်သူဖြစ်သည်။

"ဘာသဘောမှ မဟုတ်ပါဘူး" အကြီးဆုံးသခင်လေးနဉ်က ပြောလိုက်သည်။ "အစက လိုကျစ်ကွေ့ ရှောင်ယောင်းကို ပစ်ပယ်ခဲ့တဲ့အတွက် ငါ့တစ်သက်လုံး အားထုတ်ပြီး လိုကျစ်ကွေ့နဲ့ လိုမိသားစုကို ဖျက်ဆီးပစ်မယ်လို့ တွေးထားခဲ့တာ"

ချန်ရှီ... သူ့ယောက်ျားမှာ ဒီလောက်ကြီးမားတဲ့ ရည်မှန်းချက် ရှိခဲ့တာလား။

"ဒါပေမဲ့ အခု ရှောင်ယောင်းက အသက်ရှင်နေသေးတယ်လေ။ လိုချန်ယင်းကလည်း အိမ်မှာလာပြီး ဂျစ်တိုက်နေတယ်" အကြီးဆုံးသခင်လေးနဉ်က ပြောလိုက်သည်။ "မိန်းမရေ... ငါ့ရဲ့ နောက်ကျန်တဲ့ဘဝမှာ သိပ်ပင်ပန်းခံစရာ မလိုတော့ဘူးလို့ ထင်တယ်"

ဒီစကားကို ဇနီးသည်ဖြစ်သူက ဘယ်လို ပြန်ပြောရမလဲ။

.....

"လိုကျစ်ကွေ့..."

အခန်းထဲမှ ယွဲ့ကော်ကုန်း၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ "မင်း ငါ့ကို လာပြီး ဂျစ်တိုက်မနေနဲ့!"

...

ချန်ရှီ နှုတ်ခမ်းတွန့်လိုက်သည်။ ဒီလောက် အသံကျယ်ကျယ် အော်နေမယ့်အစား လက်ပါလိုက်ပါတော့လား။

"အခန်းပြန်ကြစို့" အကြီးဆုံးသခင်လေးနဉ်က ချန်ရှီကို ဆွဲခေါ်လိုက်သည်။

ချန်ရှီ ရုတ်တရက် ပြုံးလိုက်မိသည်။ အကြီးဆုံးသခင်လေးနဉ်နှင့် ပခုံးချင်းယှဉ်လျက် လျှောက်သွားရင်း "ဒါ ရှင်ကိုယ်တိုင် ပြောတာနော်။ ကျွန်မ မသိလိုက်ဘဲနဲ့ တစ်ခုခု ထလုပ်မနေနဲ့ဦး" ဟု တိုးတိုးလေး ပြောလိုက်သည်။

အကြီးဆုံးသခင်လေးနဉ်က "မလုပ်ပါဘူး" ဟု ပြောလိုက်သည်။

ချန်ရှီ ရှေ့ဆက်လျှောက်သွားစဉ် အကြီးဆုံးသခင်လေးနဉ်က လက်ကိုနောက်ပစ်၍ ချန်ရှီ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ဇနီးမောင်နှံနှစ်ဦး လက်တွဲလျက် လျှောက်သွားကြလေသည်။

...

ယွဲ့ကော်ကုန်းသည် မျက်နှာမည်းကြီးဖြင့် နဉ်ထောင်စူးကို ပွေ့ချီလျက် အခန်းထဲမှ ထွက်လာကာ တံခါးဝတွင် ရပ်လျက် လိုကျစ်ကွေ့ကို ဒေါသတကြီး လှမ်းအော်လိုက်သည်။

"ထောင်စူးက နဉ်မျိုးရိုး... နဉ်မျိုးရိုးကွ! မင်း အိပ်မက်မမက်နဲ့!"

"အာ..." နဉ်ထောင်စူးက အော်လိုက်ပြီး ပါးဖောင်းဖောင်းလေးများ လိပ်တက်သွားသည်အထိ ရယ်မောလိုက်လေသည်။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၈၄ ။ ဧကရာဇ်လည်း ဖြစ်ခဲ့ပြီ၊ အခု ဧကရီမိဖုရားခေါင်ကြီး လုပ်မယ် (ဇာတ်သိမ်း)

ယွဲ့ကော်ကုန်းအိမ်တော်မှ လူများက မနှစ်သက်သော်လည်း လိုကျစ်ကွေ့သည် မျက်နှာပြောင်တိုက်၍ ယွဲ့ကော်ကုန်းအိမ်တော်တွင် လဝက်ခန့် ကပ်နေလေသည်။ ထိုအတောအတွင်း အကြီးဆုံးသခင်လေးလို တစ်ခေါက် လာလည်ပြီး သူ့ညီလေး၏ ဒဏ်ရာအကြောင်းကိုသာ တစ်ခွန်းမေးခဲ့ကာ ကျန်သည့်အချိန်များတွင် နဉ်ထောင်စူးကို ပွေ့ချီပြီး နဉ်ရှောင်ယောင်းနှင့် စကားပြောနေခဲ့လေသည်။ သူ့ညီလေးကို လှည့်ပင်မကြည့်ခဲ့ချေ။

လိုကျင်း၏ ကျန်းမာရေးသည် သိပ်မကောင်းလှသေးသော်လည်း မျက်နှာပေါ်တွင် သွေးရောင်လွှမ်းနေပြီဖြစ်သည်။ သူ၏ ချောမောခန့်ညားသော မျက်နှာကြောင့် နဉ်ရှောင်ယောင်းနှင့် နဉ်ထောင်စူးတို့ သားအမိနှစ်ယောက်လုံး ငေးကြည့်နေခဲ့ကြရာ လိုကျစ်ကွေ့၏ မျက်နှာမှာ မင်ရည်ကဲ့သို့ မည်းမှောင်နေလေသည်။

လိုကျင်း သက်ပြင်းချလိုက်မိသည်။ ယခင်က သူတို့အစ်ကိုကြီးသုံးယောက်စလုံး ဤညီငယ်လေးသည် အေးစက်လွန်းလှပြီး ကံဆိုးမိုးမှောင်ကျတတ်တဲ့သူဟူသော နာမည်ဆိုးလည်း ရှိနေသဖြင့် အိမ်ထောင်ပြုနိုင်ပါ့မလားဟု စိုးရိမ်ခဲ့ကြသည်။ ယခု ဤညီငယ်လေးသည် မိန်းကလေးတစ်ယောက်ကို ချစ်မိသွားပြီဖြစ်သော်လည်း ဤကဲ့သို့ အကျင့်စရိုက်မျိုး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ မိန်းကလေးအိမ်တွင် မျက်နှာပြောင်တိုက်၍ ကပ်နေရုံသာမက သဝန်တိုနေသေးသည်။ လိုကျင်းသည် ဤညီလေးကို ညီအစ်ကိုတော်စပ်ကြောင်း အသိအမှတ်မပြုချင်လောက်အောင်ပင် ဖြစ်သွားသည်။

"ထောင်စူး..." လိုကျင်းက နဉ်ထောင်စူးကို ခေါ်လိုက်သည်။

နဉ်ထောင်စူးသည် ဦးလေးကြီး၏မျက်နှာကို အားပါးတရ နမ်းလိုက်ရာ သွားရည်များ ပေကျံသွားလေသည်။ သို့သော် ဝတုတ်မလေးက ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေပြီး လိုကျင်းကို မလွှတ်တမ်း ဖက်ထားလေသည်။

"ဒါ ဘယ်သူသင်ပေးထားတာလဲ" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ သူ့သမီးကို ဒီအကျင့်ဆိုး ဘယ်သူသင်ပေးလိုက်တာလဲ။ အကြီးဆုံးသခင်လေးနဉ်ကို မြင်ရင်လည်း နမ်း၊ ဒုတိယသခင်လေးနဉ်၊ တတိယသခင်လေးကို မြင်ရင်လည်း နမ်း၊ ယွဲ့ကော်ကုန်းကို မြင်ရင်လည်း နမ်း၊ ယင်းဖုန်းတို့ကို မြင်ရင်လည်း နမ်း၊ သူ့သမီးက ဘာကိစ္စ ဒီလူတွေကို လိုက်နမ်းနေရတာလဲ။ သူ့တစ်ယောက်တည်းကို နမ်းရင် မရဘူးလား။

"မသိပါဘူး" နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ "ကျွန်မမှာ ဒီအကျင့်မရှိဘူး။ ဒီဝတုတ်မလေး ဘယ်သူနဲ့တူလဲဆိုတာ သရဲပဲ သိမှာပေါ့"

အမေနဲ့မတူရင် အဖေနဲ့တူမှာပေါ့။ လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ သူ့မှာလည်း ဒီအကျင့်မရှိဘူးလေ။

လိုကျင်းသည် နဉ်ထောင်စူးကို ပွေ့ချီလျက် ထွက်သွားလေသည်။ သူ့ညီလေး၏ အူကြောင်ကြောင်နိုင်မှုကို သည်းမခံနိုင်တော့ပေ။

"ကြည့်ဦး..." လိုကျင်း ထွက်သွားသည်ကို ကြည့်ပြီး နဉ်ရှောင်ယောင်းက သက်ပြင်းချလိုက်သည်။ "အခုဆို အကြီးဆုံးသခင်လေးလိုတောင် ရှင့်ကို ဂရုမစိုက်ချင်တော့ဘူး"

လိုကျစ်ကွေ့က ဂရုမစိုက်ပေ။ မိန်းမ မရမချင်း သူ မပြန်နိုင်။

လိုကျင်းသည် လိုကျစ်ကွေ့ကို တစ်ခေါက်သာ လာတွေ့ခဲ့သော်လည်း ယွဲ့ကော်ကုန်းအိမ်တော်သို့ မကြာခဏ လာရောက်ပြီး နဉ်ထောင်စူးကို ခေါ်ထုတ်သွားကာ ကျီကျယ်နှင့်အတူ အနောက်တောင်ဒေသ၏ ရှုခင်းများကို လိုက်လံကြည့်ရှုလေ့ရှိသည်။

....

"သူတို့ညီအစ်ကိုတွေက တိုင်းပြည်ကို သိမ်းဖို့ ကြိုးစားနေတာမဟုတ်ဘူးလား"

အချိန်ကြာလာသည်နှင့်အမျှ သခင်မကြီးလီ စိတ်ပူလာပြီး ယွဲ့ကော်ကုန်းကို နေ့တိုင်း ပြောလေသည်။

"ရှင်က လိုကျစ်ကွေ့ကို အိမ်မှာ အမြဲတမ်း ပေးနေထားတော့မှာလား"

ယွဲ့ကော်ကုန်းလည်း စိတ်ပျက်နေပြီဖြစ်သည်။

"မောင်းထုတ်လို့လည်း မရဘူး။ လိုကောင်စုတ်မှာက ဒဏ်ရာနဲ့။ ငါလည်း သူ့ကို ရိုက်မထုတ်ရဲဘူး။ တော်ကြာ ရိုက်သတ်မိသွားရင် ဘယ်လိုလုပ်မလဲ"

သခင်မကြီးလီက "အလတ်ကောင်က သည်းမခံနိုင်တော့ဘူး။ ဒီကိစ္စ ကြာလာရင် အလတ်ကောင် လိုကျစ်ကွေ့ကို သတ်ပစ်လိုက်တာ ရှင် ထိုင်ကြည့်နေရလိမ့်မယ်" ဟု ပြောလိုက်သည်။

ယွဲ့ကော်ကုန်းသည် ဒုတိယသခင်လေးနဉ်ကို စဉ်းစားမိပြီး ရုတ်တရက် စိတ်ကျေနပ်သွားသည်။ သူ့သားအလတ်ကောင်ကို ဒုက္ခပေးနိုင်တဲ့သူရှိတာ ရှားတယ်လေ။

ယွဲ့ကော်ကုန်းဇနီးမောင်နှံသာ စိတ်ပူနေခြင်းမဟုတ်။ ယွဲ့ကော်ကုန်းအိမ်တော်တစ်ခုလုံးတွင် အကြီးဆုံးသခင်လေးနဉ်နှင့် နဉ်ရှောင်ယောင်းမှလွဲ၍ ကျန်လူအားလုံးသည် ဒုတိယသခင်လေး ဘယ်အချိန်များမှ လိုကျစ်ကွေ့ကို သတ်မလဲဟု စောင့်ကြည့်နေကြသည်။ ဒုတိယသခင်လေးနဉ်၏ နာမည်ဆိုးက ကြီးမားလွန်းသဖြင့် အိမ်တော်သားများက ဒုတိယသခင်လေး ဘယ်အချိန် လက်ပါမယ်ဆိုတာကို လောင်းကြေးထပ်ချင်နေကြသည်။

သို့သော် လူတိုင်း အံ့အားသင့်သွားစေသည့်အချက်မှာ ဒီတစ်ခါ လက်ပါသူက ဒုတိယသခင်လေးနဉ် မဟုတ်ခြင်းပင်။

လိုကျစ်ကွေ့ ယွဲ့ကော်ကုန်းအိမ်တော်တွင် သောင်တင်နေသည်မှာ တစ်လခန့် ရှိနေပြီဖြစ်ရာ တတိယသခင်လေးနဉ်သည် စစ်သေနာပတိချုပ်လို၏ အိပ်ခန်းပြတင်းပေါက်အပြင်ဘက်တွင် ထင်းပုံတစ်ပုံ စုပုံလိုက်သည်။ ထို့နောက် သူ့ကိုပြုစုသော အစေခံလေးများကို တိုးတိုးလေး မှာကြားလိုက်သည်။

"ခဏနေ လိုကျစ်ကွေ့ မီးခိုးမွှန်ပြီး အပြင်ထွက်လာလိမ့်မယ်။ သူ အပြင်ထွက်လာတာနဲ့ မင်းတို့တွေ သူ့ကို မပြီး အိမ်တော်အပြင်ဘက် လွှတ်ပစ်လိုက်ကြ"

အစေခံလေးများသည် တတိယသခင်လေး၏ အကြံအစည် မအောင်မြင်နိုင်ဟု ထင်မြင်ကြသည်။ အစေခံလေးတစ်ယောက်က မျက်နှာငယ်လေးဖြင့် "တတိယသခင်လေး... ကျွန်တော်တို့ သူ့ကို မနိုင်ဘူး" ဟု ပြောလိုက်သည်။

"သူ့မှာ ဒဏ်ရာရှိတယ်လေ" တတိယသခင်လေးနဉ်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ "လိုကောင်စုတ်က အခုချိန်မှာ လူတွေကို ပြန်မတိုက်ခိုက်နိုင်ပါဘူး။ မင်းတို့ စိတ်ချပါ"

အစေခံလေးများ "..."

ကျွန်တော်တို့ စိတ်မချပါဘူး။

တတိယသခင်လေးနဉ်သည် ထင်းပုံကို မီးရှို့လိုက်သည်။

နွေရာသီရောက်တော့မည်ဖြစ်၍ ရာသီဥတုက ပူပြင်းလှသည်။ မီးတောက်လာသောအခါ လိုကျစ်ကွေ့ မီးခိုးမမွှန်ခင် နဉ်ရှောင်လော့ အရင်ဆုံး ခံစားလိုက်ရသည်။ ရှူသွင်းလိုက်သော လေက ပူလောင်နေသည်။ နှာခေါင်းနှင့် ပါးစပ်ကိုအုပ်ကာ နောက်ဆုတ်လိုက်စဉ် တတိယသခင်လေးနဉ်သည် သူ့အကြံအစည် မကောင်းဘူးဟု ခံစားလိုက်ရသည်။

လေပြည်က မီးပွားများကို သယ်ဆောင်သွားသည်။ နဉ်ရှောင်လော့ နောက်ဆုတ်လိုက်စဉ် ခြေထောက်က တစ်စုံတစ်ခုကို တိုက်မိပြီး 'ဒုန်း' ခနဲ အသံမြည်သွားသည်။ တတိယသခင်လေးနဉ် ငုံ့ကြည့်လိုက်ရာ ဆီပုံးကို တိုက်မိပြီး မှောက်သွားသည်ကို တွေ့လိုက်ရသည်။

တတိယသခင်လေးနဉ် "..."

အစေခံလေးများ "..."

"ငါ ဘာလို့ ဆီပုံး သယ်လာမိတာလဲ" တတိယသခင်လေးနဉ်က မေးလိုက်သည်။

အစေခံလေးများသည် သူတို့သခင်လေးကို ဝိုင်းကြည့်နေကြသည်။ ဒါ သခင်လေးကို မေးရမယ့်မေးခွန်းလေ။ ထင်းရှိပြီးသားကို ဘာလို့ ဆီပုံး သယ်လာရတာလဲ။

ဆီများ မြေကြီးပေါ်သို့ ဖိတ်စင်သွားပြီး မီးပွားများ လေနှင့်အတူ လွင့်ပါလာကာ ဆီများပေါ်သို့ ကျရောက်သွားသည်။ မီးသည် ဆီလမ်းကြောင်းအတိုင်း လိုက်လောင်ပြီး ပန်းခြံတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

"တတိယသခင်လေး... မြန်မြန်ပြေး!"

အစေခံလေးများသည် သူတို့၏တာဝန်ကို ဂရုမစိုက်နိုင်တော့ဘဲ ကြောင်အမ်းနေသော နဉ်ရှောင်လော့ကို မကာ ထွက်ပြေးကြလေသည်။

နဉ်ရှောင်ယောင်းသည် ဝင်းတံခါးဝသို့ ရောက်သည်နှင့် အိမ်မီးလောင်နေသည်ကို မြင်လိုက်ရသည်။

နဉ်ရှောင်ယောင်းနှင့်အတူပါလာသော အကြီးဆုံးသခင်လေးနဉ်က ချက်ချင်းပင် "မြန်မြန်... မီးငြှိမ်းကြ" ဟု အမိန့်ပေးလိုက်သည်။ အမိန့်ပေးပြီးသည်နှင့် "လိုကျစ်ကွေ့ အပြင်ထွက်လာပြီလား" ဟု မေးလိုက်သည်။

အစေခံများ အားလုံး ခေါင်းခါပြကြသည်။

"အာ..."

အသိပြန်ဝင်လာသော နဉ်ရှောင်ယောင်းသည် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

"ငါ့ရဲ့ စစ်သေနာပတိချုပ်ရေ!"

နဉ်ရှောင်ယောင်းသည် မီးထဲသို့ တိုးဝင်သွားလေသည်။

အကြီးဆုံးသခင်လေးနဉ်သည် နဉ်ရှောင်ယောင်း၏ 'ငါ့ရဲ့ စစ်သေနာပတိချုပ်' ဟူသော အာမေဋိတ်သံကို ကြားလိုက်ရသဖြင့် သဘောပေါက်သွားသည်။ ဒီလိုကျစ်ကွေ့က နောက်ဆုံးတော့ သူ့ယောက်ဖ ဖြစ်လာတော့မှာပဲ။

မီးလောင်သောအချိန်တွင် ဓားဒဏ်ရာနှင့် လိုကျစ်ကွေ့သည် ကုတင်ပေါ်၌ အိပ်ပျော်နေသည်။ မီးခိုးမွှန်ပြီး နိုးလာချိန်တွင် အခန်းတစ်ခုလုံး မီးဟုန်းဟုန်းတောက်နေပြီဖြစ်သည်။

"စစ်သေနာပတိချုပ်..." နဉ်ရှောင်ယောင်း အခန်းထဲသို့ ဝင်လာသည်။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို မြင်သောအခါ နဉ်ရှောင်ယောင်းထံသို့ အပြေးသွားလိုက်သည်။

ထိုအချိန်တွင် အမိုးပေါ်မှ 'ကျွီ' ခနဲ အသံမြည်လာသည်။

လိုကျစ်ကွေ့သည် ခေါင်မိုးတန်းကို မော့ကြည့်လိုက်ပြီး "ရှောင်ယောင်း!" ဟု အော်ဟစ်လိုက်သည်။

နဉ်ရှောင်ယောင်း မော့ကြည့်လိုက်ရာ အဓိကတန်းမကြီး မီးလောင်ပြီး အလယ်မှ ကျိုးကျလာသည်ကို တွေ့လိုက်ရသည်။

လိုကျစ်ကွေ့သည် ရှေ့သို့ ပြေးတက်သွားပြီး နဉ်ရှောင်ယောင်းကို ဖက်ကာ နှစ်ယောက်သား မြေကြီးပေါ်သို့ လဲကျသွားပြီး ဘေးသို့ လှိမ့်ရှောင်လိုက်ကြသည်။

မီးလောင်နေသော သစ်သားတန်းကြီးသည် နဉ်ရှောင်ယောင်း ခုနက ရပ်နေသောနေရာသို့ ပြုတ်ကျလာသည်။

နဉ်ရှောင်ယောင်း၏ လက်အောက်တွင် စေးကပ်ကပ် အရည်များ စမ်းမိလိုက်သည်။ လိုကျစ်ကွေ့၏ ကျောကုန်းမှ ဒဏ်ရာ ပြန်ကွဲသွားပြီဖြစ်သည်။

"သွားကြစို့" လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကိုဆွဲကာ ထွက်သွားရန် ပြင်လိုက်သည်။

မီးခိုးများ ဖုံးလွှမ်းနေသော အခန်းထဲတွင် လိုကျစ်ကွေ့က သူ့လက်ကို ဆွဲထားသည်ကို နဉ်ရှောင်ယောင်း မြင်နေရသည်။ လိုကျစ်ကွေ့၏ လက်ဖမိုးပေါ်တွင် အရေပြားတစ်စ ပျောက်ဆုံးနေသည်။

"ငါ ထွက်နိုင်တာပဲဟာ၊ မင်းက ဘာလို့ ဝင်လာတာလဲ" လိုကျစ်ကွေ့သည် မီးခိုးမွှန်၍ ချောင်းဆိုးနေသော်လည်း ပါးစပ်မှ နဉ်ရှောင်ယောင်းကို ဆူပူနေသည်။

ထိုအချိန်တွင် မီးလောင်နေသော အမိုးစွန်းများ ပြိုကျလာသည်။ အုတ်ခဲများ မိုးရွာသလို ကျလာသည်ကို မြင်သောအခါ လိုကျစ်ကွေ့သည် အလိုအလျောက် လက်မောင်းကို မြှောက်ကာ နဉ်ရှောင်ယောင်းကို ရင်ခွင်ထဲ ထည့်၍ ကာကွယ်လိုက်သည်။

"ရှောင်ယောင်း..." ဝင်းထဲမှ အကြီးဆုံးသခင်လေးနဉ်၏ စိုးရိမ်တကြီး အော်သံ ထွက်ပေါ်လာသည်။

နဉ်ရှောင်ယောင်းသည် လက်သီးဖြင့်ထိုးကာ ပြုတ်ကျလာသော သစ်တုံးကို ရိုက်ထုတ်လိုက်ပြီး လိုကျစ်ကွေ့ကို ပွေ့ချီကာ ပြေးထွက်လာခဲ့သည်။

အိမ်ပြိုကျတော့မည်ကို မြင်၍ မီးထဲသို့ ဝင်ကယ်ရန် ပြင်နေသော အကြီးဆုံးသခင်လေးနဉ်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပြောစရာ စကားမဲ့သွားသည်။ အကြီးဆုံးသခင်လေးနဉ်သာမက မီးလာငြှိမ်းသော လူအများလည်း တိတ်ဆိတ်သွားကြသည်။ ယောကျ်ားလေးက မိန်းကလေးကို ပွေ့ချီတာပဲ မြင်ဖူးကြသည်။ မိန်းကလေးက ယောကျ်ားလေးကို ပွေ့ချီတာမျိုး သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

"ဘာမှမဖြစ်ပါဘူး" နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ပြောလိုက်သည်။ "ကျွန်မ ရှိတယ်လေ... မကြောက်နဲ့"

နဉ်ရှောင်ယောင်း စကားဆုံးသည်နှင့် မိုးရွာချလာသည်။

လိုကျစ်ကွေ့ စိတ်ကူးယဉ်နေသလို ခံစားလိုက်ရသည်။ နွေဦးကုန်ဆုံး၍ နွေရာသီကူးပြောင်းတော့မည့်အချိန်၊ မိုးဖွဲဖွဲရွာနေပြီး လူသံများ ဆူညံနေချိန်တွင် နဉ်ရှောင်ယောင်းက ဘာမှမဖြစ်ပါဘူး၊ မကြောက်နဲ့ဟု ပြောနေသည်။ မြို့တော်က ကွပ်မျက်ကွင်းမှာ သူတို့ ပထမဆုံး တွေ့ဆုံခဲ့သလိုပါပဲ။

"စစ်သေနာပတိချုပ်... ရှင် ဘယ်လိုနေသေးလဲ" နဉ်ရှောင်ယောင်းက မေးလိုက်သည်။

လိုကျစ်ကွေ့သည် သစ်ပင်ပန်းမန်ရနံ့ သင်းသင်းလေးကို ရလိုက်သည်။ နဉ်ရှောင်ယောင်းက သူ့ကို ဒဏ်ရာကုပေးနေပြန်ပြီ။

"ဘာမှမဖြစ်လောက်ပါဘူး" လိုကျစ်ကွေ့ ပြန်မဖြေသည်ကို တွေ့ရသဖြင့် နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ စစ်သေနာပတိချုပ် မီးခိုးမွှန်သွားတယ်လို့ မထင်ပါဘူး။

"သံသရာ လည်နေသလိုပဲ" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို တိုးတိုးလေး ပြောလိုက်သည်။

"ဘာ..." နဉ်ရှောင်ယောင်း နားမလည်။ သူတို့မှ မသေသေးတာ၊ ဘယ်သံသရာကို သွားမှာလဲ။

လိုကျစ်ကွေ့သည် မြေကြီးပေါ်သို့ ဆင်းလိုက်ပြီး နဉ်ရှောင်ယောင်းကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။

နဉ်ရှောင်ယောင်း ကြောက်လန့်နေဆဲပင်။ သူသာ တစ်လှမ်းနောက်ကျခဲ့ရင် သူ့ရဲ့ စစ်သေနာပတိချုပ် မီးလောင်ပြီး သေသွားတော့မှာ။

"ကိုယ်နဲ့ လက်ထပ်ပါ" လိုကျစ်ကွေ့က ပြောလိုက်သည်။ "မင်းသွားမယ်ဆိုရင် ကိုယ် မင်းနဲ့အတူ တောင်ပေါ်မြေအောက် လိုက်ပါ့မယ်။ မင်း မသွားဘူးဆိုရင် ကိုယ် တိုင်းပြည်ကို တင်တောင်းလက်ဆောင်အဖြစ်ပေးပြီး မင်းကို ဇနီးအဖြစ် ပေါင်းသင်းပါ့မယ်။ ရှောင်ယောင်း... စိတ်မဆိုးပါနဲ့တော့။ ကိုယ့်ဆီ ပြန်လာပါနော်"

နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။

လိုကျစ်ကွေ့ ခေါင်းငုံ့ပြီး နဉ်ရှောင်ယောင်း၏နှုတ်ခမ်းကို နမ်းလိုက်သည်။

ဝင်းထဲမှ လူများ "..."

သူတို့ မီးငြှိမ်းဖို့ လိုသေးလား။

"မီးငြှိမ်းကြ" အကြီးဆုံးသခင်လေးနဉ်က အမိန့်ပေးလိုက်သည်။ ဒီနှစ်ယောက်အတွက်နဲ့ တစ်အိမ်လုံး မီးလောင်ခံလို့ မဖြစ်ဘူးလေ။

"လူမသတ်နိုင်တဲ့အပြင်" ဝင်းတံခါးအပြင်ဘက်တွင် ဒုတိယသခင်လေးနဉ်က နဉ်ရှောင်ယောင်းကို ဖက်ထားသော လိုကျစ်ကွေ့ကို တစ်ချက်ကြည့်ပြီး တတိယသခင်လေးနဉ်ကို ပြောလိုက်သည်။ "မင်းက သူတို့နှစ်ယောက်ကိုတောင် အောင်သွယ်ပေးလိုက်သေးတယ်"

"မဟုတ်ပါဘူး" တတိယသခင်လေးနဉ် မျက်ရည်ကျလာသည်။ "ကျွန်တော် ဒီလိုဖြစ်ချင်တာ မဟုတ်ပါဘူး"

ဒုတိယသခင်လေးနဉ်သည် သူ့ညီ အူကြောင်ကြောင်ကောင်ကို ကြည့်လိုက်သည်။

"အစ်ကိုလတ်..." တတိယသခင်လေးနဉ်က ဒုတိယသခင်လေးနဉ်၏ ခြေထောက်ကို ဖက်လိုက်ပြီး "ကျွန်တော့်ကို ယုံပါ... ကျွန်တော်က အဲဒီကောင်ကို မောင်းထုတ်ချင်ရုံပါ" ဟု ပြောလိုက်သည်။ မရိုက်ပါနဲ့လို့!

ဒုတိယသခင်လေးနဉ်သည် ကြက်ကလေးကို ဆွဲမသကဲ့သို့ တတိယသခင်လေးနဉ်ကို ဆွဲမလိုက်ပြီး "ငါ မင်းကို မယုံဘူး" ဟု အေးစက်စွာ ပြောလိုက်သည်။

.....

ထိုနေ့တွင် အိမ်ကို မီးရှို့ခဲ့သော တတိယသခင်လေးနဉ်သည် ဒုတိယသခင်လေးနဉ်၏ ပြင်းပြင်းထန်ထန် ဆုံးမမှုကို ခံလိုက်ရသည်။ ညဘက် အခန်းပြန်ရောက်သောအခါ ကျီယွဲ့ရုံကို ဖက်ပြီး ငိုလေသည်။ တတိယသခင်လေးနဉ် နားမလည်နိုင်ပေ။ အိမ်မှာ ဘာကိစ္စဖြစ်ဖြစ် ဘာလို့ နောက်ဆုံးကျရင် သူပဲ ကံဆိုးရတာလဲ။

ကျီယွဲ့ရုံသည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ခင်ပွန်းသည်၏မျက်နှာကိုကြည့်ပြီး ဘာပြောရမလဲ စဉ်းစားမရဖြစ်နေသည်။ မီးရှို့ပြီး လူခြောက်မယ်လုပ်ကာ နောက်ဆုံးတွင် အနောက်ဘက်ဆောင်တစ်ခုလုံး မီးလောင်သွားအောင် လုပ်ခဲ့သည်မှာ သာမန်လူ လုပ်နိုင်သောကိစ္စ မဟုတ်ပေ။

"ငါ ရှောင်ယောင်းနဲ့ လိုကျစ်ကွေ့ကို သဘောမတူဘူး" တတိယသခင်လေးနဉ်က အော်လိုက်သည်။

ကျီယွဲ့ရုံ တတိယသခင်လေးနဉ်နှင့် စကားမပြောချင်တော့ပေ။

....

"သမီး သေချာ စဉ်းစားပြီးပြီလား" ပင်မဆောင်၏ ဧည့်ခန်းမတွင် နဉ်မိသားစု စုံညီထိုင်နေကြစဉ် သခင်မကြီးလီက သမီးဖြစ်သူကို မေးလိုက်သည်။

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ သူမ လိုကျစ်ကွေ့ကို အသေမခံနိုင်ပေ။ ဒီလူ သေသွားမှာကို တွေးလိုက်ရင် သူမ ရင်တုန်သည်။ လက်မလွှတ်နိုင်မှတော့ လက်မလွှတ်လိုက်နဲ့တော့လေ။

လိုကျစ်ကွေ့သည် ယွဲ့ကော်ကုန်းနှင့် သခင်မကြီးလီရှေ့တွင် ဒူးထောက်ပြီး နဉ်ရှောင်ယောင်းကို လက်ထပ်ခွင့်တောင်းလေသည်။

ယွဲ့ကော်ကုန်း နှာမှုတ်လိုက်ပြီး ထထွက်သွားလေသည်။ သူ့သမီးကတော့ လိုမျိုးရိုးကောင်စုတ်ရဲ့ လှည့်စားမှုကို ခံလိုက်ရပြီ။

"မင်းက ဧကရာဇ် လုပ်ရမှာ" အကြီးဆုံးသခင်လေးနဉ်က လိုကျစ်ကွေ့ကို မေးလိုက်သည်။ "ဧကရာဇ်မှာ မိဖုရားတွေ အများကြီး ရှိတာလေ။ မင်းကရော"

လိုကျစ်ကွေ့က လေးနက်စွာဖြင့် "ရှောင်ယောင်းက ဧကရီမိဖုရားခေါင်ကြီး ဖြစ်လာမှာပါ။ ကျွန်တော့်ရဲ့ အနောက်နန်းဆောင်မှာ တခြားမိဖုရား မရှိစေရပါဘူး" ဟု ကတိပေးလိုက်သည်။

"မင်း ကတိမတည်ရင်ရော" ဒုတိယသခင်လေးနဉ်က မေးလိုက်သည်။

"ဒါဆိုရင် အစ်ကိုလတ် ကျွန်တော့်ကို သတ်လိုက်ပါ" လိုကျစ်ကွေ့က ပြောလိုက်သည်။

ဒုတိယသခင်လေးနဉ်က အကြီးဆုံးသခင်လေးနဉ်ကို ကြည့်ကာ "ဒါဆို ဒီကိစ္စ အတည်ပဲလား" ဟု မေးလိုက်သည်။

အကြီးဆုံးသခင်လေးနဉ် မတ်တတ်ရပ်လိုက်ပြီး လိုကျစ်ကွေ့ကို တွဲထူကာ ပခုံးကို ပုတ်ပေးလိုက်သည်။

လိုကျစ်ကွေ့ စိတ်အေးသွားပြီး နဉ်ရှောင်ယောင်းကို လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။

နဉ်ရှောင်ယောင်း ကြောင်အမ်းသွားသည်။ သူ ခေါင်းညိတ်ပြီးပြီပဲ။ ဒီလူက ဘာလို့ အလှပြပြီး မြှူဆွယ်နေသေးတာလဲ။

"နောက်ဆက်တွဲ ဘာအစီအစဉ်ရှိလဲ" အကြီးဆုံးသခင်လေးနဉ်က လိုကျစ်ကွေ့ကို မေးလိုက်သည်။

လိုကျစ်ကွေ့ အပြုံးရပ်သွားပြီး လေးနက်စွာဖြင့် "အစ်ကိုကြီး... ကျွန်တော် မြောက်ပိုင်း ဟူလူမျိုးတွေကို စစ်တိုက်မယ်" ဟု ပြောလိုက်သည်။

အကြီးဆုံးသခင်လေးနဉ် ခေါင်းညိတ်လိုက်သည်။ မြောက်ပိုင်း ဟူလူမျိုးတွေက အလယ်ပိုင်းလွင်ပြင်ကို နှစ်ခါဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် ရှုံးနိမ့်ပြီး ပြန်ဆုတ်ခွာသွားခဲ့ရသည်။ ငွေကြေးနှင့် ရိက္ခာများစွာ အကုန်အကျခံ တိုက်ခိုက်ခဲ့သော်လည်း ဘာမှမရဘဲ စစ်သည်အင်အားများစွာ ဆုံးရှုံးခဲ့ရသည်။ ယခုအချိန်တွင် မြောက်ပိုင်း ဟူလူမျိုးများ အင်အားချိနဲ့နေပြီဖြစ်ရာ သူတို့ နာလန်မထူခင် အပြတ်မရှင်းလျှင် လူမိုက်ဖြစ်သွားပေလိမ့်မည်။

......

သုံးလအကြာတွင် လိုကျစ်ကွေ့သည် ဧကရာဇ်အဖြစ် နန်းတက်ပြီး ဖုန်းကျိုးမှ နဉ်အမျိုးသမီးကို မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်လိုက်သည်။

မြောက်ပိုင်း ဟူလူမျိုးများသည် ဂုဏ်ပြုသံတမန်များ စေလွှတ်ခဲ့ရာ အကြီးမားဆုံး လက်ဆောင်မှာ ရှဲ့ဝမ်ယွမ်၏ခေါင်းဖြစ်သည်။

နဉ်ရှောင်ယောင်းသည် ထိုက်ဟွာနန်းတော်တွင် ထိုင်လျက် ရှေ့မှ လူခေါင်းပြတ်ကို ကြည့်နေသည်။ နောက်ဆုံးအချိန်ထိ တွက်ချက်ကြံစည်ခဲ့သော်လည်း ရှဲ့ဝမ်ယွမ်သည် ကောင်းမွန်သော နိဂုံးမရခဲ့ပေ။ အသုံးမဝင်သော အမှိုက်သဖွယ် မိုဒူး၏ ခေါင်းဖြတ်ခြင်းကို ခံလိုက်ရသည်။ ဧကရာဇ်လည်း ဖြစ်ခဲ့ပြီ၊ အခု ဧကရီမိဖုရားခေါင်ကြီး လုပ်ရတော့မည်။ နဉ်ရှောင်ယောင်းသည် နဉ်ထောင်စူးကို ပွေ့ချီထားသော လိုကျစ်ကွေ့ကို မော့ကြည့်လိုက်သည်။ သူ့မှာ ခင်ပွန်းရှိပြီ၊ သမီးလေးရှိပြီ။ ဒီကမ္ဘာကို ရောက်လာရကျိုး နပ်ပါပြီ။

ဧကရာဇ်ဖြစ်လာသော လိုကျစ်ကွေ့တွင် ပြီးမြောက်အောင်မြင်ရမည့် ရည်မှန်းချက်ကြီးများ ရှိနေသည်။ ဧကရီမိဖုရားခေါင်ကြီးဖြစ်လာသော နဉ်ရှောင်ယောင်းတွင်လည်း လျှောက်လှမ်းရမည့် ဘဝခရီးလမ်း ရှိနေသည်။ သို့သော် သူတို့နှစ်ဦးသည် ဒီတစ်ဘဝလုံး နောက်ထပ် လမ်းခွဲကြတော့မည် မဟုတ်ပေ။ ရှေ့ဆက်ရမည့်ခရီးသည် စာမျက်နှာအသစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

***

All Chapters