← Chapters

အခန်း (၆၇၃-၆၇၄)

Vol. 68 Ch. 673-674

အခန်း (၆၇၃-၆၇၄)

Vol. 68 Ch. 673-674

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၇၃ + ၆၇၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 18053

“တုပိုင်က လျောင်တုန်းစစ်မြေပြင်မှာ လေဆင်နှာမောင်းနဲ့ နှင်းထုပြိုကျမှု ဖြစ်စေပြီး ဂျာချင်စစ်သည် တစ်သောင်းကျော်ကို မြှုပ်နှံပစ်ခဲ့တာလား”

နင်တောက်ရွှမ် သုံးသပ်လိုက်သည်။ “ဒါကို အံ့ဖွယ်အမှုလို့ ခေါ်လို့ရတယ်။ ဒါက စစ်မြေပြင်မှာသုံးတဲ့ အံ့ဖွယ်သိုင်းပညာ... နဂါးနိုင်လက်ဝါး ၁၈ ကွက်လို့ လူသိများတဲ့ ရွှေဧကရာဇ်ထယ်မူဂျင်ရဲ့ နဂါးသတ်နည်းစနစ် ပဲ”

နင်တောက်ရွှမ်သည် ဖြစ်ပျက်ခဲ့သည်များကို လွယ်ကူစွာ ကောက်ချက်ချလိုက်နိုင်သည်။

“သူ့ကို အရှင်ထားလို့ မဖြစ်ဘူး” နင်တောက်ရွှမ် အမိန့်ပေးလိုက်သည်။ “လူလွှတ်ပြီး သတ်လိုက်”

“ဟုတ်ကဲ့ပါ” အနက်ရောင်ဝတ်စုံနှင့် လူက ခယလိုက်သည်။

နင်တောက်ရွှမ်သည် တုပိုင်ကို သတ်ရန် ယခင်က တစ်ကြိမ်တစ်ခါမျှ ဆုံးဖြတ်ချက် မချခဲ့ဖူးပေ။ အကြောင်းမှာ သူ၏ မြင့်မြတ်သော ရွှေဂုဏ်သိက္ခာကို မဖျက်ဆီးလိုသောကြောင့် လွှတ်ထားပေးခဲ့ခြင်း ဖြစ်သည်။

စည်းမျဉ်းအချို့ကို လိုက်နာရမည် မဟုတ်ပါလား။ ဥပမာအားဖြင့် တုပိုင်သည် သေဒဏ်မှ လွတ်မြောက်သွားခဲ့လျှင် ပေမင်ဓားဂိုဏ်း အနေဖြင့် သူ့ကို ထပ်မံ သတ်ဖြတ်ခွင့် မရှိတော့ပေ။

နောက်ဥပမာ တစ်ခုအနေဖြင့် ဂိုဏ်းမှ အကြီးအကဲများသည် သူ့ကို သတ်ရန် မဟာဆရာသခင် နှစ်ပါးကို စေလွှတ်ခဲ့သော်လည်း နီရှန် ဝင်ရောက်ကယ်တင်ခဲ့သည့် ကိစ္စတွင် နင်တောက်ရွှမ် မျက်စိတစ်ဖက်မှိတ်ထားပေးခဲ့သည်။

သို့သော် အခြေအနေများသည် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ အထူးသဖြင့် တုပိုင်သည် ကမ္ဘာ့အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားပြီးနောက် ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခြင်းပင်။ ဤအရာအားလုံးသည် ပေမင်ဘိုးဘေးကြီး၏ ဟောကိန်းများနှင့် အလွန် ကိုက်ညီနေသောကြောင့် သူ ဆက်လက် သည်းခံနေ၍ မရတော့ပေ။

လွန်ခဲ့သော အကြိမ်က တုပိုင်သည် ပေမင်ဓားဂိုဏ်းရှိ နတ်မိစ္ဆာစမ်းသပ်ကွင်းသို့ ဝင်ရောက်ခဲ့စဉ်က သူ၏ မြင့်မြတ်သော မျက်နှာဖုံးကို လုံးဝ ဆွဲခွာသွားခဲ့ပြီ ဖြစ်ရာ မည်သည့် စည်းမျဉ်းကိုမှ လိုက်နာနေရန် မလိုတော့ပေ။

အမှန်စင်စစ် သူ၏ ပေမင်ဂိုဏ်းချုပ် သက်တမ်းတစ်လျှောက် သမိုင်းဝင် ဂုဏ်သတင်းကား သိပ်ကောင်းတော့မည် မဟုတ်ပေ။ သို့သော် ဤသည်မှာလည်း မတတ်နိုင်သော ကိစ္စပင်ဖြစ်၏။

**--**--**--**--**--**--**--**

နာရီဝက် ကြာမြင့်ပြီးနောက်။

ရွက်သင်္ဘောအမြန်တစ်စင်း မြောက်ဘက်သို့ ဦးတည် ထွက်ခွာသွားသည်။ သင်္ဘောပေါ်တွင် မဟာဆရာသခင်အဆင့် ရှိသော အားကောင်းသည့် သိုင်းပညာရှင် လေးဦး ပါဝင်ပြီး သူတို့၏ ပစ်မှတ်မှာ ရှန်ဟိုင်ကွမ် ဖြစ်ကာ တုပိုင်ကို အပြစ်ပေးရန် ဖြစ်လေသည်။

ရှန်ဟိုင်ကွမ်သည် မြို့တော်နှင့် မိုင် ၈၀၀ ခန့် ကွာဝေးသည်။ တုပိုင်နှင့် မင်းသမီးနင်းရွှဲ့တို့သည် လမ်းတစ်လျှောက်လုံး ဒုန်းစိုင်း နှင်လာကြ၏။ တုပိုင်သည် တောရိုင်းမြင်းဘုရင်ကို စီးနင်း၍ မင်းသမီးနင်းရွှဲ့သည် ဧရာမဝံပုလွေကြီးကို စီးနင်းလိုက်ပါလာသည်။

လေးနာရီ ကြာမြင့်ပြီးနောက် သူတို့နှစ်ဦး မြို့တော်ထဲသို့ ဝင်ရောက်လာကြသည်။

“အရှင်မင်းမြတ်... တောင့်ခံထားပါ... ကျေးဇူးပြုပြီး တောင့်ခံထားပေးပါ”

တုပိုင် စိတ်ထဲမှ ဆုတောင်းနေမိသည်။

“ဒုန်း ဒုန်း ဒုန်း”

သူတို့နှစ်ဦး လုံးဝ ရပ်တန့်ခြင်း မရှိဘဲ မြို့တံခါးကို တိုက်ရိုက် ဖြတ်ကျော် ဝင်ရောက်လာကြသည်။ မြို့တံခါးဝတွင် တုပိုင်ကို ကြိုဆိုနေသော စစ်သူကြီးမှာ ကြောင်အမ်းသွားပြီးနောက် မြို့တော်ထဲသို့ အနောက်မှ လိုက်ပါလာတော့သည်။

သို့သော် မြို့တော်သည် ဖရိုဖရဲ ဖြစ်နေလေ၏။ လမ်းများပေါ်၌ ပြည်သူများဖြင့် ပြည့်နှက်နေပြီး ထိတ်လန့်တုန်လှုပ်မှုများနှင့် မငြိမ်မသက်မှုများဖြင့် ပြည့်နှက်နေသည်။

လျောင်တုန်း စစ်ရှုံးမှုကြောင့် မြို့တော်မှ လူအများအပြား ထွက်ပြေးသွားကြပြီ ဖြစ်သော်လည်း သွားစရာ နေရာမရှိ ၊ စားစရာ အစာမရှိ၍ မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့သူများလည်း အများအပြား ရှိနေသေးသည်။ အိမ်ထဲတွင် နေရသည်မှာ မသက်မသာ ဖြစ်သောကြောင့် နောက်ဆုံးရ သတင်းများကို စုံစမ်းရန် နေ့စဉ် လမ်းပေါ်ထွက်ပြီး စုဝေးနေကြခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်တွင် မြို့တော်တစ်ခုလုံး ကောလာဟလများဖြင့် ပြည့်နှက်နေသည်။

ရှန်ဟိုင်ကွမ် ကျဆုံးသွားပြီ။ ဂျာချင်အင်ပါယာ၏ စစ်တပ်ကြီးက မြို့တော်ဆီသို့ ဦးတည် ချီတက်လာနေပြီ။ ဂျာချင်အင်ပါယာ၏ ဧကရာဇ်က မြို့တော်ရှိ လူဦးရေ တစ်ဝက်ကို သတ်ဖြတ်ပြီး ကျန်တစ်ဝက်ကို ဂျာချင်များ၏ ကျွန်အဖြစ် ခိုင်းစေရန် ဆုံးဖြတ်ထားသည်။

အတိုချုပ် ဆိုရသော် ကောလာဟလများက ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာပြီး ပြည်သူလူထု၏ စိတ်နှလုံးသည်လည်း ပို၍ ပို၍ ကြောက်ရွံ့လာကြသည်။ ထို့ကြောင့် လမ်းများပေါ်တွင် မငြိမ်မသက် ဖြစ်နေသော လူအုပ်ကြီးဖြင့် ပြည့်နှက်နေပြီး သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့ခြင်းနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

စစ်သူကြီး အသံကုန် အော်ဟစ်လိုက်သည်။ “လမ်းပေါ်က လူတွေ အကုန် ဖယ်ကြ... မဟာနယ်စားမင်းတုပိုင်က အရှင်မင်းမြတ်ကို တွေ့ဖို့ အရေးပေါ် စစ်ဘက်ဆိုင်ရာ ကိစ္စနဲ့ လာတာ... အခုချက်ချင်း လမ်းဖယ်ပေးကြ”

ထို့နောက် သူသည် လက်အောက်ငယ်သားများကို လမ်းပေါ်ရှိ လူအုပ်ကြီးအား ရှင်းလင်းပြီး တုပိုင်အတွက် နန်းတော်သို့ သွားရာလမ်း ဖောက်ပေးရန် တိုက်ရိုက် အမိန့်ပေးလိုက်သည်။

သို့သော် မြို့တော်စောင့်တပ်သားများ အားလုံးသည် တပ်သားသစ်များ ဖြစ်ကြပြီး သူတို့ကိုယ်တိုင်လည်း ကြောက်လန့်နေကြကာ အသက်လုပြေးရန်သာ စဉ်းစားနေကြသဖြင့် အမိန့်ကို လေးလေးနက်နက် မလိုက်နာကြပေ။

ရုတ်တရက် မြို့တော်ရှိ လူအချို့က အော်ဟစ်မေးမြန်းလိုက်ကြသည်။ “မဟာနယ်စားမင်းတုပိုင်... ကျွန်တော်တို့ ထွက်ပြေးဖို့ လိုသလား... ကျွန်တော်တို့ ထွက်ပြေးရတော့မလား”

“မဟာနယ်စားမင်းတုပိုင်... ရှန်ဟိုင်ကွမ် ကျသွားပြီလား”

“မဟာနယ်စားမင်းတုပိုင်... မြို့တော်က အဆုံးသတ်သွားပြီလား... တာ့နင်အင်ပါယာကြီး ပျက်သုဉ်းတော့မှာလား”

လူအုပ်ကြီးသည် လူစုခွဲမသွားသည့်အပြင် တုပိုင်ကိုပင် ဝိုင်းရံလာကြသည်။ လူတိုင်း၏ မျက်လုံးများသည် စိတ်ဆိုးနေသော ကလေးတစ်ယောက်လို ဖြစ်နေသည့် တုပိုင်ကို ကြည့်နေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။

မဟာနယ်စားမင်းတုပိုင်သည် သူတို့ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ဖူးသောကြောင့် တုပိုင် အနေဖြင့် တတိယအကြိမ် ကယ်တင်နိုင်ဦးမည်လောဟု လူအများက တွေးတောနေကြသည်။ တုပိုင်သည် သူတို့၏ ကယ်တင်ရှင် ဖြစ်နေဆဲပင်လော။

တုပိုင်သည် မြင်းကို ရပ်တန့်လိုက်ပြီး မြို့တော်မှ ထူထပ်သော လူအုပ်ကြီးကို ကြည့်လိုက်သည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ကြွေးကြော်လိုက်သည်။

“ငါ တုပိုင်”

ရုတ်တရက် လူအုပ်ကြီး ငြိမ်သက်သွားသည်။

“ရှန်ဟိုင်ကွမ် မကျသေးဘူး” တုပိုင် အတိအလင်း ဆိုလိုက်သည်။ “ငါ့ရဲ့ စစ်တပ်က ရှန်ဟိုင်ကွမ်ကို ကာကွယ်စောင့်ရှောက်ထားတယ်”

လူအုပ်ကြီးသည် တုပိုင်ကို ဝိုင်းထားဆဲပင်။

သူတို့၏ ထိတ်လန့်တုန်လှုပ်မှုနှင့် စိုးရိမ်ပူပန်နေသော မျက်လုံးများကို ကြည့်ရင်း တုပိုင် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

“ရှန်ဟိုင်ကွမ် မကျစေရဘူး... မြို့တော်လည်း မကျစေရဘူး... တာ့နင်အင်ပါယာလည်း ပျက်သုဉ်းမှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ ငါ ဒီမှာ ရှိနေလို့ပဲ”

“ငါ တုပိုင် ရှိနေသရွေ့... မြို့တော် မကျစေရဘူး... တာ့နင်အင်ပါယာ မပျက်သုဉ်းစေရဘူး”

“ဒါက မြို့တော်က သန်းပေါင်းများစွာသော သက်ကြီးဝါကြီးတွေကို သက်သေထားပြီး ငါ တုပိုင် ပေးတဲ့ ကတိပဲ”

“ငါ တုပိုင် ရှိနေသရွေ့... မြို့တော် မကျစေရဘူး... တာ့နင်အင်ပါယာ မပျက်သုဉ်းစေရဘူး”

အရည်အချင်းပြည့်မီသော စစ်သူကြီးတစ်ဦးသည် ဤကဲ့သို့ ကြွားလုံးထုတ်သည့် စကားမျိုး မပြောသင့်ပေ။ သို့သော် ဤစိုးရိမ်ပူပန်နေသော ပြည်သူများကို ကြည့်ရင်း တုပိုင် အော်ဟစ် ပြောဆိုလိုက်မိခြင်း ဖြစ်သည်။

စကားသံများ ထွက်ပေါ်လာသည်နှင့် မရေမတွက်နိုင်သော လူများ၏ မျက်လုံးများ တောက်ပလာကြသည်။

“မဟာနယ်စားမင်းတုပိုင်... သက်တော်ရာကျော် ရှည်ပါစေ”

“တာ့နင်အင်ပါယာ မပျက်သုဉ်းစေရဘူး” လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ထအော်လိုက်သည်။

ထို့နောက်ချက်ချင်းပင် လူများစွာက လိုက်ပါ ဟစ်ကြွေးကြတော့သည်။ လူအုပ်ကြီးသည် လမ်း၏ ဘေးနှစ်ဖက်သို့ အလိုအလျောက် လူစုခွဲလိုက်ကြပြီး တုပိုင်ကို လမ်းဖယ်ပေးလိုက်ကြသည်။ တုပိုင်နှင့် မင်းသမီးနင်းရွှဲ့တို့သည် နန်းတော်သို့ ဒုန်းစိုင်း နှင်သွားကြလေသည်။

နန်းတော်ရှေ့တွင် မြင်းပေါ်မှ ဆင်းပြီးနောက် တုပိုင်နှင့် မင်းသမီးနင်းရွှဲ့တို့သည် သတင်းပို့ရန်ပင် အချိန်မရဘဲ နန်းတော်ထဲသို့ ပြေးဝင်သွားကြသည်။

“အရှင်မင်းမြတ်... တောင့်ခံထားပါ... ကျွန်တော်မျိုး ရောက်ပါပြီ”

“ခမည်းတော်... သမီးတော် ရောက်ပါပြီ”

တုပိုင်နှင့် မင်းသမီးနင်းရွှဲ့တို့သည် ယန်ရှန်းနန်းဆောင် တံခါးဝသို့ တိုက်ရိုက် ပြေးဝင်သွားကြသည်။ အတွင်းဘက်၌ ဧကရီနှင့် အိမ်ရှေ့စံမင်းသားတို့သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြသည်။ ဧကရာဇ်၏ မျက်လုံးများ ပွင့်နေသော်လည်း သူ၏ နောက်ဆုံးထွက်သက်ကို ထိန်းထားရန် အားအင်ကုန်ခမ်းနေသကဲ့သို့ပင်။

မဟာဆရာသခင် နင်ဇောင်ဝူသည် ဧကရာဇ်၏ ခန္ဓာကိုယ်ထဲသို့ ရွှမ်းချီအတွင်းအားများကို အသည်းအသန် ပို့လွှတ်နေသည်။

တုပိုင်နှင့် မင်းသမီးနင်းရွှဲ့တို့ ပြေးဝင်လာပြီး ကုတင်ရှေ့တွင် တိုက်ရိုက် ဒူးထောက်လိုက်ကြသည်။

“အရှင်မင်းမြတ်... ကျွန်တော်မျိုး ရောက်ပါပြီ... ကျွန်တော်မျိုးနဲ့ နင်းရွှဲ့ ရောက်ပါပြီ” တုပိုင်သည် ဧကရာဇ်၏ လက်ကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။

ပိန်လှီနေသော ဧကရာဇ်၏ မျက်လုံးများ တောက်ပလာပြီး တုပိုင်နှင့် နင်းရွှဲ့ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ အချိန်အတော်ကြာမှ ဧကရာဇ်သည် အားယူကာ မေးလိုက်သည်။

“ကိုယ်တော် ဘယ်လောက်ကြာကြာ မေ့မြောနေခဲ့တာလဲ... တုပိုင်... မင်း ဘာလို့ ဒီလောက်တောင် ကြီးပြင်းလာရတာလဲ”

မင်းသမီးနင်းရွှဲ့သည်လည်း ဧကရာဇ်၏ လက်ကို ဆုပ်ကိုင်ကာ ပြုံးလျက် ဖြေသိမ့်လိုက်သည်။

“ခမည်းတော်... တုပိုင်က ကြီးပြင်းလာပြီး ယောကျ်ားကောင်းတစ်ယောက် ဖြစ်လာပြီ... သမီး ဗိုက်ထဲမှာတောင် အသက်လေးတစ်ခု ရှိနေလောက်ပြီ... နောက်ထပ် ၁၀ လလောက်ဆို ခမည်းတော် အဘိုး ဖြစ်တော့မှာ... မြေးလေးကို တွေ့ဖို့ ခမည်းတော် စောင့်ရမယ်နော်”

“မြေးမလေးဆိုရင် ပိုကောင်းတာပေါ့” ဧကရာဇ်သည် ပြုံးလျက် ညည်းတွားသည်။

ထို့နောက် သူသည် သူ၏ အချစ်ဆုံး သမီးတော်ကို လေးလေးနက်နက် ကြည့်ကာ ဆိုလိုက်သည်။ “သမီးက သိပ်ပျော်ရွှင်နေပုံပဲ... ခမည်းတော် သိပ်ကျေနပ်ပြီး ဝမ်းသာပါတယ်... မိန်းကလေးတစ်ယောက်ရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုက ကိုယ်ချစ်တဲ့ ယောကျ်ားတစ်ယောက်ကို ရှာတွေ့ခြင်းပါပဲ”

ထို့နောက် ဧကရာဇ်သည် အမိန့်ပေးသည်။ “ကျန်တဲ့လူတွေ အကုန် ထွက်သွားပေးကြပါ... တုပိုင် ကျန်နေခဲ့စေ”

ဧကရီ ၊ အိမ်ရှေ့စံ ၊ မင်းသမီးနင်းရွှဲ့နှင့် မဟာဆရာသခင် နင်ဇောင်ဝူတို့သည် မလိုလားစွာဖြင့် အခန်းထဲမှ ထွက်ခွာသွားကြပြီး တံခါးကို ပိတ်ပေးလိုက်ကြသည်။

အခန်းထဲတွင် တုပိုင်နှင့် ဧကရာဇ်တို့သာ ကျန်ရစ်ခဲ့သည်။

“မူဝါဒသစ်က ဘယ်လိုလဲ” ဧကရာဇ်သည် မေးမြန်းလိုက်သည်။

“အရမ်းကောင်းပါတယ်” တုပိုင် ပြန်ဖြေသည်။ “ထုံထိုက်းနေတဲ့ လယ်သမားတွေကို ပြန်လည် လန်းဆန်းလာစေနိုင်သလို ကုန်ထုတ်လုပ်မှု စွမ်းအားကိုလည်း အမြင့်ဆုံး လွတ်လပ်ခွင့် ပေးနိုင်ပါတယ်”

“ရှန်ဟိုင်ကွမ်ကို ထိန်းထားနိုင်မလား” ဧကရာဇ်သည် ထပ်မေးသည်။ သူ၏ အချိန်များ ကုန်ဆုံးနေပြီဖြစ်ရာ စကားလုံးတိုင်းသည် တန်ဖိုးရှိလှသည်။

တုပိုင်သည် အာမခံလိုက်သည်။ “ရှန်ဟိုင်ကွမ်ကို ထိန်းထားနိုင်ပါတယ်... မြို့တော်လည်း ကျဆုံးမှာ မဟုတ်သလို တာ့နင်အင်ပါယာလည်း ပျက်သုဉ်းမှာ မဟုတ်ပါဘူး”

တုပိုင် ပြတ်သားစွာ ပြောလိုက်သည်။ ဤသည်မှာ ကတိတစ်ခုဖြစ်၏။ မြို့တော်က မရေမတွက်နိုင်သော ပြည်သူများကို သူ ကတိပေးခဲ့သလို ယခုအခါ ဧကရာဇ်ကိုပါ ကတိပေးလိုက်ခြင်း ဖြစ်သည်။

“ကောင်းတယ်... ကောင်းတယ်” ဧကရာဇ် ရေရွတ်လိုက်သည်။

ထို့နောက် ဧကရာဇ်သည် သူ၏ နောက်ဆုံး အားအင်များကို စုစည်းပြီး မှာကြားလေသည်။ “နောက်ဆက်တွဲ ကိုယ်တော် ပြောမယ့်စကားကို သေချာ နားထောင်”

တုပိုင် ခေါင်းညိတ်လိုက်သည်။ “အကယ်၍ အိမ်ရှေ့စံကို ကူညီနိုင်မယ်ဆိုရင် မင်း ကူညီပေးပါ... အကယ်၍ မကူညီနိုင်ဘူးဆိုရင် မင်းပဲ သူ့နေရာကို ယူလိုက်ပါ”

တုပိုင် မျက်ရည်များ ကျလာပြီး ခေါင်းကို အသည်းအသန် ခါရမ်းလိုက်မိသည်။

တုပိုင်၏ ရှေ့တွင် ဧကရာဇ်သည် မည်သည့်အခါမျှ လိမ်ညာခြင်း မရှိခဲ့ပေ။ လျူပန်း မသေဆုံးခင်ကလည်း ကျူးကော့လျန်ကို အုပ်ထိန်းရန် မှာကြားခဲ့ပြီး အကယ်၍ ဆက်ခံသူက အရည်အချင်း မရှိလျှင် ကျူးကော့လျန် ကိုယ်တိုင် အုပ်ချုပ်ရန် ပြောခဲ့ဖူးသည်။ လျူပန်း ပြောခဲ့သည်မှာ သူ့စိတ်ရင်းနှင့် ဆန့်ကျင်နေသည်က သိသာသော်လည်း ဧကရာဇ်ထျန်ယွင်ကား ထိုသို့ မဟုတ်ပေ။

“တိုင်းပြည်က အရေးကြီးတယ်... သန်းပေါင်းများစွာသော ပြည်သူတွေက အရေးကြီးတယ်” ဧကရာဇ်သည် တုပိုင်၏ လက်ကို ထပ်မံ ဆုပ်ကိုင်လိုက်သည်။

တုပိုင် မထိန်းနိုင်တော့ဘဲ ဦးခေါင်းနှင့် ကြမ်းပြင်ကို ဆောင့်ကာ ငိုကြွေးသစ္စာဆိုလိုက်မိသည်။

“အရှင်မင်းမြတ်က ကျွန်တော်မျိုးအပေါ် ထားတဲ့ မေတ္တာတရားက တောင်လို မြင့်မားပါတယ်... သားအဖသံယောဇဉ်လိုပါပဲ... ကျွန်တော်မျိုး တာ့နင်အင်ပါယာကို ဘယ်တော့မှ အာဏာမလုပါဘူးလို့ ကောင်းကင်နဲ့ မြေကြီးကို တိုင်တည်ပြီး သစ္စာဆိုပါတယ်”

“အလိုက်သိတဲ့ ကလေး” ဧကရာဇ်သည် တုပိုင်၏ လက်ကို ညှစ်ပြီး ဖြေသိမ့်သည်။ “တိုင်းပြည်က အရေးအကြီးဆုံးပဲ... သန်းပေါင်းများစွာသော ပြည်သူတွေက အရေးအကြီးဆုံးပဲ”

“တိုင်းပြည်က အရေးကြီးတယ်... သန်းပေါင်းများစွာသော ပြည်သူတွေက အရေးကြီးတယ်”

“ငါ့မြေးလေး... ငါ့မြေးမလေး”

ဧကရာဇ်သည် တစ်ယောက်တည်း ရေရွတ်နေပြီး သူ၏ အသံသည် တဖြည်းဖြည်း တိုးဝင်သွားသည်။ မျက်လုံးထဲမှ အလင်းရောင်များ မှေးမှိန်သွားပြီး တုပိုင်ကို ဆုပ်ကိုင်ထားသော လက်သည်လည်း ပို၍ ပို၍ အားနည်းသွားလေသည်။

“တိုင်းပြည်က အရေးကြီးတယ်... သန်းပေါင်းများစွာသော ပြည်သူတွေက အရေးကြီးတယ်”

ရုတ်တရက် ဧကရာဇ်သည် လက်ကို လွှတ်လိုက်ပြီး ရေရွတ်နေသံများ ရပ်တန့်သွားသည်။ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်လေ၏။ အသက်စွမ်းအင် ကုန်သွားသည့် သစ်ပင်နှယ် ဧကရာဇ် နတ်ရွာစံသွား၏။

တာ့နင်အင်ပါယာ ထျန်ယွင် ၂၄ နှစ် ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဧကရာဇ်ထျန်ယွင်သည် သက်တော် ၅၂ နှစ်၌ နတ်ရွာစံလေသည်။

တုပိုင်၏ မျက်ရည်များ အဆက်မပြတ် စီးကျလာသည်။

ဧကရာဇ်နှင့် အတူနေခဲ့ဖူးသော မြင်ကွင်းတိုင်း ၊ ဧကရာဇ်၏ နူးညံ့သော စကားသံများနှင့် ဧကရာဇ်၏ ကြင်နာသော မျက်ဝန်းများ သူ၏ စိတ်ထဲတွင် အဆက်မပြတ် ပေါ်လာသည်။ ဧကရာဇ်ထျန်ယွင်သည် တုပိုင်အား မကောင်းသော စကားတစ်ခွန်းမျှ မပြောခဲ့ဖူးပေ ၊ သံသယဝင်သော စကားတစ်ခွန်းမျှ မပြောခဲ့ဖူးပေ ၊ လိမ်ညာသော စကားတစ်ခွန်းမျှ မပြောခဲ့ဖူးပေ။

ဧကရာဇ် နတ်ရွာစံသွားသည့် အခိုက်အတန့်တွင် တုပိုင်၏ မျက်ရည်များ ရပ်တန့်သွားသည်။ ဧကရာဇ်၏ ပိန်လှီပြီး ငြိမ်းချမ်းနေသော မျက်နှာကို ကြည့်လိုက်သည်။

တုပိုင် တစ်လုံးချင်း ကတိပြုလိုက်သည်။

“အရှင်မင်းမြတ်... ရှန်ဟိုင်ကွမ် မကျစေရဘူး... မြို့တော် မကျစေရဘူး... တာ့နင်အင်ပါယာ မပျက်သုဉ်းစေရဘူးလို့ ကျွန်တော်မျိုး သစ္စာဆိုပါတယ်”

ထို့နောက် သူသည် ဧကရာဇ်၏ လက်ကို ရင်ဘတ်ပေါ်သို့ ဖြည်းညှင်းစွာ တင်ပေးလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် နင်းရွှဲ့ ၊ ဧကရီနှင့် အိမ်ရှေ့စံတို့ကို တွေ့လိုက်ရသည်။

“အရှင်မင်းမြတ်”

သုံးဦးစလုံး မငိုကြပေ။

မင်းသမီးနင်းရွှဲ့သည် ပထမဆုံးအကြိမ် ပါးစပ်ကို အုပ်လိုက်ပြီး မေ့လဲလုနီးပါး ဖြစ်နေသော ဧကရီကို တွဲထိန်းပေးလိုက်သည်။ အိမ်ရှေ့စံမှာမူ ယိုင်နဲ့သွားသော်လည်း တည်ငြိမ်အောင် ထိန်းရပ်လိုက်သည်။

ဧကရီ၏ ခြောက်သွေ့နေသော မျက်လုံးများမှ မျက်ရည်များ ထပ်မံ စီးကျလာသည်။ သူမ မျက်လုံးများကို အားပြု၍ သုတ်လိုက်ပြီး နင်းရွှဲ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ငါ မငိုဘူး... ငါ မငိုဘူး... မင်းခမည်းတော် စိတ်သက်သာရာ ရသွားပါပြီ... စိတ်သက်သာရာ ရသွားပါပြီ”

“သူ ဧကရာဇ် ဖြစ်လာပြီးကတည်းက ကောင်းကောင်း မနေခဲ့ရဘူး... အခု သူ လွတ်လပ်သွားပြီ”

ဧကရီသည် မိမိကိုယ်ကိုယ် ထပ်ခါထပ်ခါ နှစ်သိမ့်နေလေသည်။ သူတို့သုံးဦးသည် ယန်ရှန်းနန်းဆောင်ထဲသို့ ဧကရာဇ်၏ ရုပ်အလောင်းကို ပြင်ဆင်ရန် ဝင်ရောက်သွားကြသည်။

တုပိုင်၏ စိတ်များ ဗလာ ဖြစ်နေပြီး နန်းတော်ထဲတွင် ရည်ရွယ်ချက်မဲ့ လျှောက်သွားနေမိသည်။ လျှောက်ရင်း လျှောက်ရင်းနှင့် ဘိုးဘေး လီလျန်တင်း၏ ခြံဝင်းရှေ့သို့ ရောက်လာသည်။

ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်ရာ ပျက်စီးယိုယွင်းနေသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ တစ်စုံတစ်ယောက်က လျစ်လျူရှုထားခြင်းကြောင့် မဟုတ်ဘဲ လီလျန်တင်းသည် လျောင်တုန်းမှ ပြန်လာပြီးနောက် တံခါးကို အသေပိတ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

အိမ်တံခါးကို တွန်းဖွင့်လိုက်သည်။

ရုတ်တရက် ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေသော အနီရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။

သူကား ဘိုးဘေး လီလျန်တင်းပင် ဖြစ်၏။

တုပိုင် ရှေ့တိုးသွားပြီး နှာခေါင်းအောက်သို့ လက်ညှိုးဖြင့် စမ်းသပ်ကြည့်လိုက်သည်။ အသက်ရှူသံ မရှိတော့ပေ။ ခန္ဓာကိုယ်က ပူနွေးနေဆဲ ဖြစ်ရာ သူ သေဆုံးသွားသည်မှာ မကြာသေးပေ။

လျောင်တုန်းမှ ပြန်ရောက်ကတည်းက သူ့တွင် သေချင်စိတ် ပေါက်နေခဲ့သည်။ သို့သော် ဧကရာဇ် အသက်ရှင်နေသေးသရွေ့ သူ မသေနိုင်ပေ။ သူသည် ဧကရာဇ်ကို နောက်ဆုံးအချိန်အထိ ကာကွယ်ပေးချင်ခဲ့သည်။

ယခု ဧကရာဇ် နတ်ရွာစံသွားပြီ။ ရလဒ်အနေဖြင့် လီလျန်တင်းလည်း လိုက်ပါ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သူ၏ ရုပ်အလောင်းရှေ့တွင် စာရွက်တစ်ရွက် ရှိပြီး သွေးဖြင့် ရေးသားထားသော စာတစ်ကြောင်းကို တွေ့လိုက်ရသည်။

“တုပိုင် သားလေး... အဘိုး မှားသွားတယ်... မင်းကို နှုတ်ဆက်ခဲ့ပါတယ်ကွာ”

“ငါ့မှာ အပြစ်ရှိတယ်... ဘိုးဘွားတွေကို သွားတွေ့ဖို့ မျက်နှာမရှိဘူး... ရှေးလူကြီးတွေကို သွားတွေ့ဖို့ မျက်နှာမရှိဘူး... ငါ့အလောင်းကို မီးရှို့ပြီး ပြာတွေကို အိမ်သာတွင်းထဲ ဖြန့်ခင်းလိုက်ကြ... ငါ့ကို နှစ်ထောင်ပေါင်းများစွာ နံစော်နေပါစေတော့”

“တုပိုင် သားလေး... ငါ့အစား လီယွမ်ကို သတ်ပေးပါ... အဲဒီ တိရစ္ဆာန်ကောင်ကို သတ်ပေးပါ”

ဘိုးဘေး လီလျန်တင်း၏ မျက်လုံးများသည် ပွင့်နေဆဲ ဖြစ်သော်လည်း သူ၏ မျက်လုံးများ နီရဲနေပြီး သွေးကြောများဖြင့် ပြည့်နှက်ကာ ကန်းနေပြီ ဖြစ်ကြောင်း တုပိုင် တွေ့ရှိလိုက်သည်။

ငို၍ မျက်လုံးကန်းသွားခြင်း မဟုတ်ဘဲ သူ့မျက်လုံးထဲသို့ သွေးများ တိုက်ရိုက် ပို့လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် မျက်လုံးကန်းအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မျက်ကန်းဖြစ်ခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။

တုပိုင်သည် လီလျန်တင်း၏ မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်ပေးလိုက်ပြီး တိုးတိုးလေး ကတိပေးလိုက်သည်။

“အဘိုး... ကျွန်တော်နားလည်ပါတယ်။ အဘိုးကို ကျွန်တော် အပြစ်မတင်ပါဘူး... ကျွန်တော် အဘိုးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီး လီယွမ် ဆိုတဲ့ တိရစ္ဆာန်ကောင်ကို သတ်ပေးပါ့မယ်... ရှန်ဟိုင်ကွမ်ကို ကာကွယ်မယ်... မြို့တော်ကို ကာကွယ်မယ်... တာ့နင်အင်ပါယာ ပျက်သုဉ်းမှာ မဟုတ်ပါဘူး... အဘိုးကို အရှင်မင်းမြတ်ရဲ့ ဘေးမှာ မြှုပ်နှံပေးပါ့မယ်... မြေအောက်ရောက်သွားရင်တောင် အရှင်မင်းမြတ်ကို ဆက်ပြီး ကာကွယ်ပေးနိုင်အောင်လို့ပါ”

ထို့နောက် တုပိုင်သည် လီလျန်တင်းကို ဦးညွှတ် ဂါရဝပြုလိုက်သည်။ “အဘိုး... ကောင်းကောင်း သွားပါတော့”

နန်းတော်အတွင်း၌ အရာအားလုံး ဖြူလွလွ ဖြစ်နေသည်။

ဝန်ကြီးများ ၊ မိန်းမစိုးများ ၊ ကိုယ်ရံတော်များနှင့် အပျိုတော်များ အားလုံးသည် အဖြူရောင် ဝတ်စုံများ ဝတ်ဆင်ထားကြသည်။

“ကျွန်တော်မျိုးတို့ ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်... အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ”

ဧကရာဇ်ဟောင်း ထျန်ယွင်၏ ခေါင်းတလားရှေ့တွင် စစ်ဘက်အရပ်ဘက် အရာရှိများသည် အိမ်ရှေ့စံမင်းသား၏ ရှေ့၌ ညီညာစွာ ဒူးထောက်လိုက်ကြပြီး သက်တော်ရာကျော် ရှည်ပါစေကြောင်း ကြွေးကြော်လိုက်ကြသည်။

အိမ်ရှေ့စံမင်းသားသည် တာ့နင်အင်ပါယာ၏ ဧကရာဇ်သစ် ဖြစ်လာလေသည်။

ဧကရာဇ်ဟောင်းကို ဂူသွင်းသဂြိုဟ်ပြီးနောက် နန်းတက်ပွဲ အခမ်းအနား ကျင်းပမည် ဖြစ်ပြီး ထိုအချိန်ကျမှ ခုနှစ်သက္ကရာဇ် အမည်ကို သတ်မှတ်မည် ဖြစ်သည်။

ဧကရာဇ်သစ်သည် ပထမဆုံး အမိန့်တော်ပြန်တမ်းကို ထုတ်ပြန်လိုက်သည်။

“ကောင်းကင်အလိုအရ ဧကရာဇ်မင်းမြတ် အမိန့်တော်... တုပိုင်ကို ကျန့်ရှီးနယ်စားမင်းအဖြစ် ခန့်အပ်ပြီး လျောင်တုန်း ဘုရင်ခံ ရာထူးကိုပါ ယာယီ ပူးတွဲ တာဝန်ထမ်းဆောင်စေ”

လက်ရှိအချိန်၌ တုပိုင်သည် လက်ရှိ တာ့နင်အင်ပါယာ၏ အမြင့်ဆုံးသော နယ်စားပယ်ရာ အဆင့်အတန်းသို့ ရောက်ရှိလာပြီး ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် တစ်တန်းတည်း ဖြစ်လာခဲ့သည်။ ထို့အပြင် ကျန့်ရှီးနှင့် လျောင်တုန်း နယ်စပ်မြို့ နှစ်ခုလုံး၏ ဘုရင်ခံအဖြစ် ပူးတွဲ တာဝန်ယူရသည်။

အမှန်စင်စစ် လျောင်တုန်းဘုရင်ခံ ရာထူးကို တုပိုင် ကြာကြာ လုပ်မည် မဟုတ်ပေ။ မြောက်ပိုင်း တိုက်ပွဲ ပြီးသည်နှင့် ဘုရင်ခံ ရာထူးမှ ချက်ချင်း နှုတ်ထွက်မည် ဖြစ်သည်။

လျောင်တုန်းဘုရင်ခံ နေရာတွင် အစားထိုးရန်အတွက် တုပိုင်သည် သူ့ဇနီးသည် မင်းသမီးနင်းရွှဲ့ကို စဉ်းစားထားပြီး ဖြစ်သည်။ ဤအရာသည် ဓလေ့ထုံးတမ်းများနှင့် မကိုက်ညီသော်လည်း ယခုအချိန်တွင် မည်သည့် ဓလေ့ထုံးတမ်းကိုမှ မလိုအပ်တော့ပေ။

ထို့နောက် ဧကရာဇ်သစ်သည် ဒုတိယမြောက် အမိန့်တော်ကို ထုတ်ပြန်လိုက်သည်။ ယင်းမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း ဖြစ်သည်။

လျောင်တုန်း စစ်ရှုံးမှုအတွက် တာဝန်ရှိသူမှာ သူဖြစ်ကြောင်း လောကအနှံ့သို့ ကြေညာလိုက်ခြင်း ဖြစ်သည်။ မိမိကိုယ်မိမိ သေဒဏ်သင့်သော အပြစ်ကြီး ၁၀ ခုကို စာရင်းပြုစုထားသည်။ အရေးကြီးဆုံး အချက်မှာ သစ္စာဖောက် လီယွမ်ကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

တုပိုင်၏ ရှေ့မှောက် ၊ ရာပေါင်းများစွာသော စစ်ဘက်အရပ်ဘက် အရာရှိများ၏ ရှေ့မှောက်တွင် ဧကရာဇ်သစ်သည် စာလုံးရေ ထောင်ပေါင်းများစွာ ပါဝင်သော ဤအမိန့်တော်ပြန်တမ်းကို ကိုယ်တိုင် ဖတ်ကြားခဲ့ပြီး မနက်ဖြန်တွင် ကမ္ဘာလောကသို့ တရားဝင် ထုတ်ပြန် ကြေညာမည် ဖြစ်သည်။

စာကြည့်ခန်းထဲတွင် ဧကရာဇ်သစ်နှင့် တုပိုင်တို့သာ ရှိသည်။

“တုပိုင်... ဂျာချင်အင်ပါယာက မင်းတို့ထက် အင်အား ၁၀ ဆလောက် များတယ်... ပြီးတော့ ကိုယ်တော့် အမှားကြောင့် လီယွမ် ပုန်ကန်သွားပြီး အမြောက် ၂၀၀ လုံး ဂျာချင်လက်ထဲ ရောက်သွားခဲ့တယ်... ရှန်ဟိုင်ကွမ်ကို ထိန်းထားနိုင်ပါ့မလား” ဧကရာဇ်သစ်သည် စိုးရိမ်တကြီး မေးလိုက်သည်။

“ထိန်းထားနိုင်ပါတယ်” တုပိုင်သည် အာမခံလိုက်သည်။

ဧကရာဇ်သစ် ကြောင်အမ်းသွားလေ၏။ သူ့အနေဖြင့် တုပိုင်က အကောင်းဆုံး ကြိုးစားပါ့မယ်လို့ ပြောလိမ့်မယ် ထင်ထားသော်လည်း တိုက်ရိုက်ကြီး ထိန်းထားနိုင်ပါတယ်ဟု ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တုပိုင် မည်သို့ လုပ်ဆောင်မည်ကို သူ တကယ် မသိပေ။ ဆယ်ဆပိုများသော ရန်သူကို မည်သို့ အနိုင်တိုက်မည်နည်း။

ထို့အပြင် လီယွမ်၏ ဂျာချင်အင်ပါယာကို အနိုင်ယူခဲ့မှုသည် အတုအယောင်သာ ဖြစ်ပြီး လှည့်ကွက်တစ်ခုသာ ဖြစ်ကြောင်း ဧကရာဇ်သစ် သိထားပြီး ဖြစ်သည်။ ဂျာချင်အင်ပါယာ၏ တိုက်ခိုက်နိုင်စွမ်းသည် အလွန် မြင့်မားပြီး လီရူဟိုင်၏ တာ့ယန်တိုင်းပြည်ထက် များစွာ သာလွန်သည်။

တုပိုင်က စစ်သည် လေးသောင်းကို အားကိုးပြီး ဂျာချင်အင်ပါယာ၏ သိန်းချီသော စစ်တပ်ကို အနိုင်တိုက်မည် ဆိုသည်မှာ တကယ်ကို ခက်ခဲလှသည်။

“အကယ်၍ မထိန်းနိုင်ရင်ရော” ဧကရာဇ်သစ် မေးပြန်သည်။ “အကယ်၍ မထိန်းနိုင်ရင် မထိန်းနဲ့တော့... မင်းက နင်းရွှဲ့ ၊ မယ်တော်နဲ့ ငါ့သားကို ခေါ်ပြီး အနောက်တောင်ဘက်ကို သွားလိုက်... ငါ ဧကရာဇ်သစ် အလှည့်ကျမှ သေရမယ့်ကံပဲ... တိုင်းပြည်လည်း မရှိတော့ဘူးပေါ့”

“ကျွန်တော်မျိုး ထိန်းထားနိုင်ပါတယ်” တုပိုင် ငြင်းလိုက်သည်။

ထို့နောက် တုပိုင် ဆက်ပြောသည်။ “ကျွန်တော်မျိုး အရင် ပြန်ခွင့်ပြုပါဦး... ဧကရာဇ်ဟောင်းရဲ့ ဝိညာဉ်ကို စောင့်ရှောက်ရဦးမှာမို့ပါ”

တုပိုင် တိုက်ရိုက် ထွက်ခွာသွားသည်။

ဧကရာဇ်သစ်သည် နောက်မှနေ၍ ဝမ်းနည်းပက်လက်နှင့် ဒေါသတကြီး အော်ဟစ်ကျန်ရစ်သည်။ “တုပိုင်... ငါ အမှန်အတိုင်း ပြောနေတာကွ”

“ကျွန်တော်မျိုးလည်း အမှန်အတိုင်း ပြောတာပါ” တုပိုင်သည် တုံ့ပြန်လိုက်သည်။

ထိုညတွင် တုပိုင်သည် နာရေးခန်းမဆောင်တွင် ဒူးထောက်ကာ ဧကရာဇ်၏ ဝိညာဉ်ကို နာရီအနည်းငယ်ကြာ စောင့်ရှောက်ပေးခဲ့ပြီးနောက် လီလျန်တင်း၏ ဝိညာဉ်ကို နာရီအနည်းငယ်ကြာ စောင့်ရှောက်ပေးခဲ့သည်။

မိုးလင်းသောအခါ တုပိုင်သည် ဧကရာဇ်သစ် ၊ မင်းသမီးနင်းရွှဲ့နှင့် မယ်တော်ကြီးတို့ကို တရားဝင် နှုတ်ဆက်လိုက်သည်။

ဂျာချင်အင်ပါယာသည် စစ်သည် သိန်းပေါင်းများစွာကို စုဆောင်းနေပြီ ဖြစ်ပြီး ရှန်ဟိုင်ကွမ်တိုက်ပွဲကြီး ဖြစ်ပွားတော့မည် ဖြစ်သည်။ ဤတိုက်ပွဲသည် တာ့နင်အင်ပါယာ၏ ကံကြမ္မာကို အမှန်တကယ် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်သည်။

တုပိုင်သည် ဧကရာဇ်ဟောင်းနှင့် လီလျန်တင်းတို့ကို နောက်ဆုံးအကြိမ် လိုက်ပို့ရန် မြို့တော်တွင် နေချင်သော်လည်း စစ်ရေးကိစ္စသည် အမြင့်ဆုံး ဖြစ်ပြီး တိုင်းပြည်သည် အမြင့်ဆုံး ဖြစ်သည်။

နေထွက်လာသောအခါ တုပိုင်သည် မြင်းစီးပြီး မြို့တော်မှ ထွက်ခွာကာ မကြာမီ ရောက်လာတော့မည့် ကံကြမ္မာ အဆုံးအဖြတ် တိုက်ပွဲအတွက် ပြင်ဆင်ရန် ရှန်ဟိုင်ကွမ်သို့ ပြန်သွားလေသည်။

နန်းတော်မှ ထွက်လာသောအခါ နန်းတော်အပြင်ဘက်တွင် ဒူးထောက်နေကြသော လူအုပ်ကြီးကို သူ တွေ့လိုက်ရသည်။ လူသောင်းပေါင်းများစွာ ရှိပြီး ပြည်သူအများအပြား ပိုမို ရောက်ရှိလာကြသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၇၃ + ၆၇၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 18053

All Chapters